အခန်း ၂၇၃
Vol. 28 Ch. 273
အခန်း (၂၇၃)
အက်ဆစ်မိုး (၂)
အဘိုးချွမ်၏ စကားကြောင့် အခြားသော အဘိုးအဘွားများသည်လည်း အချိန်နှင့်လု၍ အလျင်အမြန် ပါဝင်ကူညီခဲ့ကြလေသည် ။
လုံယုနှင့် အခြားသူများသည် မြေအောက်သိုလှောင်ရုံ ထဲသို့ ရိက္ခာများ သယ်ယူပြီးနောက် အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြ၏ ။
ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် အမေဟန်နှင့် အမေစီမာတို့ကို ကူညီရန် မီးဖိုချောင်သို့ သွားကြပြီး ၊ လုံယုနှင့် ကျန်ရှိသူများသည် ယောင်ရန်နှင့် လူကြီးများကို ကူညီရန် နောက်ဖေးခြံသို့ ဦးတည်သွားကြ လေသည် ။
အမေဟန်က နောက်ဆုံးလက်ကျန် အစားအစာများကို ထုပ်ပိုးပြီးစီးသည့် အချိန်တွင်မူ ၊ မိုးတိမ်တောင် ကြီးများသည် ရှမ်းဝူ အပန်းဖြေစခန်း နှင့် ငါးကီလိုမီတာခန့်သာ ဝေးကွာတော့သည် ။
"ဂျိန်း... ဝုန်း..."
နားကွဲမတတ် ပြင်းထန်သော မိုးကြိုးသံကြောင့် ဗီလာတစ်ခုလုံး တုန်ခါသွားကာ လူတိုင်းမှာ စိုးရိမ် တကြီး တောင့်တင််သွားကြလေ၏ ။
အစားအစာများ ထပ်မံပြင်ဆင်ရန် အချိန်မလောက်တော့ကြောင်း သိရှိလိုက်သဖြင့် အမေစီမာက အလျင်အမြန် ပြောလိုက်လေသည် ။
"စားစရာတွေကို မြေအောက်သိုလှောင်ရုံထဲ အရင်ရွှေ့ကြရအောင်..."
တန်ချီချီကလည်း အကြံပြုလိုက်၏ ။
"အန်တီ... ကျွန်မ ဒီမှာနေပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေကို သိမ်းလိုက်မယ်..."
"ကောင်းပြီ..."
ထိုစကားကို ကြားသောအခါ အမေစီမာ ၊ အမေဟန်နှင့် ဟွမ်ကျိဟွေးတို့သည် သဘောတူ ခေါင်းငြိမ့် ပြကာ ထုပ်ပိုးထားသော အစားအစာများကို မြေအောက်သိုလှောင်ရုံ ဆီသို့ အပြေးအလွှား သယ်ယူကြ လေတော့သည် ။
တစ်ချိန်တည်းမှာပင် ယောင်ရန်နှင့် အခြားသူများသည် နောက်ဖေးခြံ၌ မြေကြီးများကို တူးဆွနေကြဆဲ ဖြစ်၏ ။
ယောင်ရန်သည် မြေကြီးများ ထည့်ထားသော အိတ်တစ်အိတ်ကို ချည်နှောင်နေစဉ် ရုတ်တရက် နှာချေ လိုက်မိလေသည် ။
"ဟတ်ချိုး..."
လုံယုသည် သူ၏ အလုပ်ကို ခေတ္တရပ်ကာ သူ၏ ချစ်သူကို စိုးရိမ်တကြီး ကြည့်လိုက်၏ ။
"ရန်ရန်... မင်း အအေးမိနေတာလား..."
အပူချိန်မှာ (၅၀) ဒီဂရီ ဆဲလ်စီးယပ်စ် ခန့်တွင် ရှိနေဆဲဖြစ်သဖြင့် သူမ အအေးမိရန်မှာ မဖြစ်နိုင်သ လောက်ပင် ။
ယောင်ရန်သည် လေထဲမှ အနံ့ကို ရှူရှိုက်ကြည့်လိုက်ရာ ချဉ်စူးစူး အနံ့တစ်ခုကို ရလိုက်လေသည် ။ သူမ ၏ မျက်ဝန်းများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး အော်လိုက်လေ၏ ။
"လာပြီ... အားလုံး မြေအောက်သိုလှောင်ရုံထဲ အမြန်ဝင်ကြတော့..."
သူမ၏ သတိပေးချက်ကြောင့် လုံယုနှင့် အခြားသူများသည် မြေကြီးအိတ်များကို ဆုပ်ကိုင်၍ ဗီလာ အတွင်းသို့ အပြေးအလွှား သယ်ဆောင်ကြလေသည် ။ သူတို့သည် လယ်ယာသုံး ကိရိယာများနှင့် ကျန်ရှိသော ရေများကိုလည်း ကောက်ယူကာ ဘေးကင်းရာသို့ ဦးတည်ပြေးခဲ့ကြ၏ ။ အရာအားလုံးကို မြေအောက်သိုလှောင်ရုံ ထဲသို့ မရွှေ့နိုင်ခင်မှာပင် အက်ဆစ်မိုး များ စတင် ရွာသွန်းလာခဲ့လေသည် ။
ရိက္ခာအားလုံးကို သယ်ယူရန် အချိန်မလောက်တော့ကြောင်း သိရှိလိုက်သဖြင့် လုံယုက ပြတ်သားစွာ ဆုံးဖြတ်လိုက်လေ၏ ။
"မြေအောက်သိုလှောင်ရုံထဲကို အခုချက်ချင်း ပြေးကြ..."
လုံယု၏ စကားအဆုံးတွင် ယောင်ရန်သည် သူမနှင့် အနီးဆုံးရှိ အဖွားစီမာကို ဆွဲခေါ်ကာ မြေအောက် သိုလှောင်ရုံ ဆီသို့ အပြေးအလွှား ဦးတည်လေသည် ။ အခြားသူများသည်လည်း သတိဝင်လာကာ အဘိုး အဘွားများကို ကူညီရင်း သယ်နိုင်သမျှ ပစ္စည်းများကို ကိုင်ဆောင်လျက် နောက်မှ လိုက်လာကြ လေ၏ ။
မြေအောက်သိုလှောင်ရုံ ၏ တံခါးဝတွင် ဟွမ်ကျိဟွေးသည် ယောင်ရန်က စီမာအဖွားကို တွဲခေါ်လာ သည်ကို မြင်သောအခါ လှမ်းအော်လိုက်လေသည် ။
"မမယောင်ရန်... မြန်မြန်လုပ်..."
သူတို့ ပြေးနေစဉ်အတွင်း အက်ဆစ်မိုး များမှာ ပိုမို သည်းထန်လာခဲ့၏ ။ မိုးစက်တစ်စက် ယောင်ရန်၏ လက်ပေါ်သို့ ကျရောက်သွားသောအခါ ပူစပ်ပူလောင် နာကျင်မှုကို ခံစားလိုက်ရလေသည် ။ သူမသည် အံကို တင်းတင်းကြိတ်လျက် အဖွားစီမာ လဲမကျစေရန် သတိထားရင်း ခြေလှမ်းများကိုအရှိန်မြှင့်လိုက် လေေ။
ဟွမ်ကျိဟွေးသည် အဖွားစီမာကို လှေကားထစ်များအောက်သို့ ကူညီပို့ဆောင်ပေးပြီး အခြားသူများကို စိုးရိမ်တကြီး လှည့်ကြည့်နေမိလေသည် ။ မိုးမှာ တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမိုသည်းထန်လာသည်ကို မြင်သောအခါ သူမက အော်ဟစ်လိုက်လေသည် ။
"မြန်မြန်ပြေးကြ..."
နောက်ဆုံးလူ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဟွမ်ကျိဟွေးသည် တံခါးကို ဝုန်းခနဲ ပိတ်ချကာ သော့ခတ် လိုက်ပြီး ဖန်ချပ်ကြီး တစ်ချပ်ဖြင့် ဖုံးအုပ်လိုက်ပြီးနောက် လှေကားအောက်သို့ ဆင်းလာခဲ့လေသည် ။
ရိက္ခာများ ပြည့်နှက်နေသော မြေအောက်သိုလှောင်ရုံ အတွင်း၌ လူတိုင်းမှာ အမောတကော ဖြစ်နေကြ လေ၏ ။ ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ဟွမ်ချန်သည် သူ၏ လက်မောင်းကိ လှုပ်ရှားလိုက်စဉ် မျက်နှာ ရှုံ့မဲ့သွားလေသည် ။ သူ၏ ညာဘက်လက်မောင်းပေါ်တွင် အပူလောင်ထားသော အရေပြား ကွက်ကြီး ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏ ။
သူသည် နာကျင်မှုကြောင့် ညည်းညူရင်း အော်ဟစ်လိုက်လေသည် ။
"ဘုရားရေ... အက်ဆစ်မိုးက အရမ်းအဆိပ်ပြင်းတာပဲ... ကျွန်တော့်လက်ကို ကြည့်ပါဦး... မီးလောင်ထား သလို ဖြစ်နေပြီ..."
ကမ္ဘာပျက်ကပ် ကာလတွင် သဘာဝဖြစ်စဉ်များသည် ယခင်ကထက် ပိုမို ပြင်းထန်လာခဲ့ပေသည် ။ သာမန်အခြေအနေတွင် အက်ဆစ်မိုး သည် လူ့ခန္ဓာကိုယ်ကို တိုက်ရိုက် အန္တရာယ် မပြုနိုင်သော်လည်း ၊ ယခုမူ ထိတွေ့မိသည်နှင့် အရေပြားနှင့် အသားမျှင်များကို လောင်ကျွမ်းသွားစေခဲ့ပေ၏ ။
မြေအောက်သိုလှောင်ရုံ မှာ ကျယ်ဝန်းလှပြီး အခန်းခြောက်ခန်း ခွဲထားလေသည် ။ လုံယုက အခန်းသုံး ခန်းကို ရိက္ခာသိုလှောင်ရန် သတ်မှတ်ထားပြီး ကျန်ရှိသော အခန်းများကိုမူ နေထိုင်ရန်အတွက် ပြင်ဆင် ထားခြင်း ဖြစ်လေ၏ ။
လူအချို့ ဒဏ်ရာရထားသည်ကို မြင်သောအခါ ယောင်ရန်သည် စတိုခန်းထဲမှ ဆေးသေတ္တာကို သွားယူ ခဲ့လေသည် ။ ဆေးသေတ္တာနှင့်အတူ ပြန်ရောက်လာသောအခါ သူမသည် နောက်ဆုံးမှ ဝင်လာခဲ့သော ဟွမ်ချန် ဆီသို့ အရင်ဆုံး ချဉ်းကပ်သွားခဲ့လေ၏ ။
သူ၏ ဒဏ်ရာကို စစ်ဆေးပြီးနောက် သူမက ပြောလိုက်လေသည် ။
"သေနေတဲ့ အရေပြားတွေကို ဖယ်ထုတ်ပြီး ပိုးဝင်နေတဲ့ အသားတွေကို ခြစ်ထုတ်ရလိမ့်မယ်..."
သူမ၏ စကားကြောင့် ဟွမ်ချန်မှာ နာကျင်မှုကြောင့် တုန်ရီသွားသော်လည်း အံကို တင်းတင်းကြိတ်ကာ "ဟုတ်ကဲ့..." ဟု ပြောလိုက်လေသည် ။
ကုသမှုမှာ မည်မျှ နာကျင်မည်ကို ယောင်ရန် နားလည်သဖြင့် ၊ သူမသည် ဟွမ်ချန်အား ထုံဆေး ပေးပြီးမှ ကုသမှုကို စတင်လိုက်လေသည် ။
နာရီဝက်ခန့် ကြာပြီးနောက် သူမသည် သူ၏လက်ကို ပတ်တီးစည်းပေးလိုက်ပြီး ၊
"ဒဏ်ရာ အနာဖေးမတက်မချင်း ခြောက်သွေ့အောင် ထားပါ... မနက်ဖြန်ကျရင် ကျွန်မ ပတ်တီးလဲပေး ပြီး ဆေးအသစ် ထည့်ပေးမယ်..."
ထို့နောက် သူမသည် သူ့အား ပဋိဇီဝဆေး ၊ အကိုက်အခဲပျောက်ဆေး နှင့် အရောင်ကျဆေး များကို ကမ်းပေးရင်း မှာကြားလိုက်လေသည် ။
"ပဋိဇီဝဆေးနဲ့ အရောင်ကျဆေးကို တစ်နေ့ နှစ်ကြိမ် သောက်ပါ... အကိုက်အခဲပျောက်ဆေးကိုတော့ နာကျင်မှုကို မခံနိုင်တော့တဲ့အခါမှပဲ သောက်ပါ..."
ဟွမ်ချန်က သူမ၏ စကားကို သေချာစွာ နားထောင်ပြီး ခေါင်းငြိမ့်ပြလေသည် ။
"ဟုတ်ကဲ့..."
ဟွမ်ချန်၏ ဒဏ်ရာကို ကုသပေးပြီးနောက် ယောင်ရန်သည် လုံယုနှင့် အခြားသူများကို ဆက်လက် ကုသ ပေးခဲ့လေသည် ။ အရာအားလုံး ပြီးစီးသွားသောအခါမှ သူမသည် ထိုင်စရာ နေရာတစ်ခု ရှာဖွေကာ သူမ ၏ လက်များကို သန့်ရှင်းရေး လုပ်တော့၏ ။
သူမ၏ ဒဏ်ရာများကို ကုသနေစဉ် လုံယုသည် သူမအနားသို့ လျှောက်လာကာ ဘေးတွင် ဝင်ထိုင်လိုက် လေသည် ။ သူမ၏ လက်ထဲမှ ဇာဂနာနှင့် အရက်ပျံစိမ်ထားသော ဂွမ်းလုံးကို ယူလိုက်ရင်း သူက ပြောလိုက်လေသည်။
"ကိုယ် ကူညီပါရစေ..."
သူ၏ အကူအညီအတွက် ယောင်ရန်က ကျေးဇူးတင်စွာဖြင့် ခေါင်းငြိမ့်ပြကာ သူမ၏ ဒဏ်ရာများကို သန့်စင်စေလိုက်၏ ။
လုံယုက သူမ၏ ဒဏ်ရာများကို ဂရုတစိုက် သန့်စင်ပေးနေသည်ကို ကြည့်ရင်း သူမက အသာအယာ ရယ်မောကာ စနောက်လိုက်လေသည် ။
"အာယု... ဒီအတိုင်းဆိုရင် ရှင့်ရဲ့ ကုသမှုက တစ်နေ့လုံး ကြာသွားတော့မှာပဲ..."
လုံယုက မျက်မှောင်အနည်းငယ် ကြုတ်လျက် ညင်သာသော အမူအရာဖြင့် တိုးတိုးလေး ဆို၏ ။
"အရမ်း နာနေမှာပဲ..."
သူ၏ စိုးရိမ်နေသော မျက်နှာကို မြင်သောအခါ ယောင်ရန်က ပြုံးပြလိုက်လေသည်။
"ရှင်က ပိုပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပါ... ဒါက ဘာမှမဟုတ်ပါဘူး ၊ ကျွန်မ ခံနိုင်ရည် ရှိပါ တယ်..."
လုံယုက သူမ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်မှောင်ကြုတ်မှုမှာ ပိုမို နက်ရှိုင်းလာ၏ ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက မျက်လွှာချလိုက်ပြီး ၊
"ရန်ရန်... မင်း ဘယ်တော့မှ နာကျင်မှု မခံစားရတဲ့ ဘဝမျိုးကိုပဲ ကိုယ် လိုချင်တယ်..."
သူ၏ စကားကြောင့် ယောင်ရန်၏ စိတ်နှလုံးမှာ နူးညံ့သွားရသည် ။ မည်သူမျှ မကြည့်နေကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ၊ သူမသည် သူ၏အနားသို့ တိုးသွားကာ သူ၏ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်လေသည် ။
သူမ နမ်းလိုက်သောအခါ လုံယု၏ မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး ၊ သူ၏ ကြောင်အအ ဖြစ်သွားသော ပုံစံကြောင့် ယောင်ရန်မှာ တိုးတိုးလေး ရယ်မောနေမိတော့၏ ။
ဒဏ်ရာမရထားသော လက်တစ်ဖက်ဖြင့် သူမသည် သူ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက် သည် ။
သူမ၏ နဖူးကို သူ၏ နဖူးနှင့် ထိကပ်လိုက်ရင်း တိုးတိုးလေး ကပ်ပြောလိုက်လေသည် ။
"အာယု... ကျေးဇူးပဲနော်... ဒီဘဝမှာ ရှင့်ကို ရခဲ့တာ ကျွန်မအတွက် တကယ်ကို ကံကောင်းခြင်းပဲ..."