အခန်း ၂၇၅
Vol. 28 Ch. 275
အခန်း (၂၇၅)
အက်ဆစ်မိုး (၄)
အင်ဂျင်မှာ နောက်ဆုံးတွင် နိုးလာသောအခါ ယွမ်ရီဟွေးသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ ဝင်း လက်သွားပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။
"အစ်ကို... ကြည့်ပါဦး... အင်ဂျင် ပြန်နိုးလာပြီ..."
လင်းယိ၏ မျက်ဝန်းများမှာလည်း တောက်ပသွားပြီး အလျင်အမြန်ပင် ပြောလိုက်၏။
"ရှမ်းဝူ အပန်းဖြေစခန်းကို အခုချက်ချင်း မောင်းတော့..."
လင်းယိ၏ ညွှန်ကြားချက်ကိုပင် မစောင့်ဘဲ ယွမ်ရီဟွေးသည် လီဗာကို နင်းကာ ရေသယ်ယာဉ် ကို ရှမ်းဝူ အပန်းဖြေစခန်း ဆီသို့ ဦးတည်မောင်းနှင်လိုက်လေသည်။ အက်ဆစ်မိုး မှာ သည်းထန်စွာ ရွာသွန်းနေသ ဖြင့် သူတို့သည် အချိန်နှင့်လု၍ ပြေးလွှားနေကြရခြင်း ဖြစ်ပေသည်။
တိုက်စားတတ်သော မိုးရေများကြောင့် ရေသယ်ယာဉ် ၏ သံထည်အစိတ်အပိုင်းများမှာ လျင်မြန်စွာ သံချေးတက်သွားနိုင်သဖြင့် ၎င်းကို အသုံးမပြုနိုင်မီမှာပင် ရှမ်းဝူ အပန်းဖြေစခန်း သို့ ရောက်ရှိရန် လိုအပ် နေပေသည်။
ပြင်းထန်သော အပူဒဏ်ကြောင့် လမ်းများ ပျက်စီးနေသဖြင့် ယွမ်ရီဟွေးသည် အလွန်မြန်မြန်မမောင်း နှင်နိုင်ခဲ့ပေ။ သူသည် လမ်းပေါ်ရှိ အက်ကြောင်းများနှင့် အတားအဆီးများကို ရှောင်ကွင်းရင်း တတ်နိုင် သမျှ မြန်မြန် မောင်းနှင်ရန် ကြိုးပမ်းခဲ့လေသည်။
တစ်နာရီလျှင် ကီလိုမီတာ လေးဆယ်နှုန်းခန့်ဖြင့်သာ သွားလာနိုင်သဖြင့် ရှမ်းဝူ အပန်းဖြေစခန်း ၏ အဝင်ဝသို့ ရောက်ရှိရန် နှစ်မိနစ်ခွဲခန့် ကြာမြင့်ခဲ့လေသည်။ သို့သော်လည်း လင်းယိနှင့် ယွမ်ရီဟွေးတို့ အတွက်မူ ထိုနှစ်မိနစ်ခွဲမှာ နာရီပေါင်းများစွာ ကဲ့သို့ ခံစားနေရ၏။
အဝင်ဂိတ်တံခါးကို ဖြတ်ကျော်မောင်းနှင်လာပြီးနောက် ယွမ်ရီဟွေးသည် ပတ်ဝန်းကျင်ကို အလျင် အမြန် အကဲခတ်ကြည့်ရာ အဝင်ဝနှင့် မလှမ်းမကမ်းတွင်ရှိသော ရုံးအဆောက်အအုံလေးတစ်ခုကို တွေ့လိုက်ရလေသည်။ သူသည် အချိန်ထပ်မံ မဖြုန်းတော့ဘဲ ထိုအဆောက်အအုံဆီသို့ တိုက်ရိုက် မောင်းနှင်သွားတော့၏။
ယွမ်ရီဟွေးသည် ရေသယ်ယာဉ် ကို အမိုးအောက်တွင် ရပ်လိုက်ပြီးမှ သက်ပြင်းချနိုင်တော့သည်။ သူ သည် အင်ဂျင်ကို သတ်လိုက်ကာ ကျောပိုးအိတ်ကို ဆုပ်ကိုင်၍ ကားပေါ်မှ ဆင်းလာခဲ့လေသည်။
ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် သူသည် ချောင်းဆိုးမိကာ သူ၏ နှာခေါင်းကို အင်္ကျီဖြင့် အမြန်ဖုံး လိုက် ရ၏။ လေထုထဲရှိ စူးရှသော ချဉ်စူးစူးအနံ့မှာ အလွန်ပင် ပြင်းထန်လှသဖြင့် သူ၏ လည်ချောင်း ၊ အဆုတ် နှင့် မျက်လုံးများကိုပင် ကျိန်းစပ်သွားစေခဲ့လေသည်။
သူ၏ ညီဝမ်းကွဲဖြစ်သူမှာလည်း သူ၏ နှာခေါင်းနှင့် ပါးစပ်ကို ဂွမ်းတာဝါဖြင့် ဖုံးအုပ်ထားသည်ကို မြင် သောအခါ ယွမ်ရီဟွေးသည် ရုံးအဆောက်အအုံအတွင်းသို့ အလျင်အမြန် လျှောက်ဝင်လာခဲ့လေ၏။
ထိုရုံးအဆောက်အအုံလေးမှာ တစ်ထပ်သာရှိပြီး အတွင်း၌ မည်သူမျှမရှိဘဲ နံရံလေးဖက်သာ ကျန်ရှိ လေတော့သည်။
ရှုပ်ပွညစ်ပတ်နေသော ကြမ်းပြင်ကို ကြည့်ခြင်းဖြင့် ဤနေရာမှာ အသက်ရှင်ကျန်ရစ်သူများ၏ လုယက် ခြင်းကို ခံထားရကြောင်း ညီအစ်ကိုနှစ်ဦး သိရှိလိုက်ကြ၏။ ဤသို့ဆိုလျှင် လောလောဆယ်တွင် မည်သူ မျှ လာမည်မဟုတ်သဖြင့် အက်ဆစ်မိုးဒဏ်မှ ခိုလှုံရန် ဤနေရာကို အသုံးပြုနိုင်ပေသည်။
သန့်ရှင်းသော နေရာတစ်ခုတွင် ထိုင်ချလိုက်ပြီးနောက် ယွမ်ရီဟွေးက ပြောလေ၏။
"အစ်ကို... ကျွန်တော် အရင် အိပ်လိုက်ဦးမယ်... အစ်ကို အစောင့်ကြည့်ပေးနိုင်မလား..."
လင်းယိသည်လည်း ပင်ပန်းနေပြီ ဖြစ်သော်လည်း အိပ်မပျော်နိုင်သေးပေ။ သူက ခေါင်းငြိမ့်ပြကာ ၊
"အိပ်လိုက်လေ... နောက်မှ ငါ မင်းကို နှိုးလိုက်မယ်..."
သူ၏ အစ်ကိုဖြစ်သူက အာမခံလိုက်သဖြင့် ယွမ်ရီဟွေးသည် သူ၏ ညစ်ပတ်နေသော အင်္ကျီဖြင့် မျက်နှာကို အုပ်ကာ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
ဖုန်ထူနေသော နံရံကို မှီလျက် လင်းယိသည် အပြင်ဘက်သို့ ငေးကြည့်နေမိပြီး အက်ဆစ်မိုးများ မြေကြီး ထဲသို့ စိမ့်ဝင်ကာ မြေဆီလွှာများကို ညစ်ညမ်းစေသည်ကို စောင့်ကြည့်နေ၏။
သူသည် အတန်ကြာအောင် ငေးကြည့်နေပြီးမှ သက်ပြင်းချကာ နောင်တရစွာဖြင့် တိုးတိုးလေး ရေရွတ် လိုက်လေသည်။
"ငါ အဲဒီလယ်သမားတွေဆီကနေ မြေဆီလွှာနဲ့ မျိုးစေ့တွေကို ဝယ်ဖို့ သဘောတူခဲ့သင့်တာ... အခွင့် အရေးဆိုတာ တစ်ခါပဲ လာတတ်တာမျိုးပါလား..."
လင်းယိသည် ထပ်မံ သက်ပြင်းချလိုက်ပြီး မိုးရွာနေသည်ကို တိတ်ဆိတ်စွာ ဆက်လက် ကြည့်ရှုနေခဲ့ လေသည်။
အက်ဆစ်မိုး သည် သုံးရက်ဆက်တိုက် ရွာသွန်းခဲ့၏။ စတုတ္ထမြောက်နေ့တွင်မူ မိုးသည် ဆယ်မိနစ်ခန့် ခေတ္တရပ်သွားပြီးနောက် ပြန်လည် ရွာသွန်းပြန်သည်။
တစ်ချိန်တည်းမှာပင် မြေအောက်သိုလှောင်ရုံ အတွင်း၌ ယောင်ရန်နှင့် သူမ၏ အဖွဲ့များသည် နေ့စဉ် တိုက်ခိုက်ရေးစွမ်းရည်များကို လေ့ကျင့်နေကြပြီး လူကြီးများကမူ သီးနှံများကို ပြုစုပျိုးထောင်ရင်း ကောင်လေးကို စောင့်ရှောက်နေကြလေသည်။
မြေအောက်သိုလှောင်ရုံ ထဲတွင် ဆယ်ရက် ကြာပြီးနောက် မွန်းလွဲပိုင်းတွင်မူ အက်ဆစ်မိုး မှာ တဖြည်း ဖြည်း လျော့ပါးသွားပြီး ရပ်တန့်သွားခဲ့လေသည်။
မြေအောက်တွင် ပိတ်မိနေသဖြင့် ပျင်းရိနေသော ဟွမ်ချန်သည် အက်ဆစ်မိုး ရပ်သွားပြီလားဆိုသည်ကို နေ့စဉ် စစ်ဆေးနေခဲ့၏။ နေ့လယ်စာ စားပြီးနောက် သူ ထပ်မံ စစ်ဆေးကြည့်ရာ အပြင်ဘက်တွင် တိတ် ဆိတ်နေသည်ကို တွေ့ရသဖြင့် အလွန်ပင် ဝမ်းသာသွားတော့သည်။
သူသည် လေ့ကျင့်ရေးခန်းမသို့ အပြေးအလွှား ပြန်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
"အားလုံးပဲ... အက်ဆစ်မိုး ရပ်သွားပြီဟေ့..."
ထိုစကားကို ကြားသောအခါ လူတိုင်းသည် သူတို့ လုပ်ဆောင်နေသည်များကို ရပ်တန့်လိုက်ကြ၏။
ကျားရှန်းသည် သူမ၏ နဖူးပေါ်မှ ချွေးများကို ဂွမ်းတာဝါလေးဖြင့် သုတ်လိုက်ရင်း မေးလိုက်လေသည်။
"အာချန်... အက်ဆစ်မိုး တကယ် ရပ်သွားတာ သေချာလား..."
ဟွမ်ချန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြကာ ပြန်ဖြေ၏။
"သေချာတာပေါ့... ကျွန်တော် အဲဒီမှာ မိနစ်နှစ်ဆယ်ကျော်လောက် စောင့်ကြည့်ခဲ့တာ ၊ ဘာအသံမှ မကြားရတော့ဘူး..."
သူ၏ အတည်ပြုချက်ကို ကြားသောအခါ ယောင်ရန်သည် လုံယုဘက်သို့ လှည့်၍ တိုးတိုးလေး ဆိုလိုက် လေသည်။
"ရှင် ခန့်မှန်းထားတဲ့အတိုင်းပဲ... မိုးက ဆယ်ရက်အကြာမှာ ရပ်သွားပြီ... ကျွန်မတို့ အပြင်ထွက်ပြီး အခြေ အနေကို သွားကြည့်ကြမလား..."
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ဆို၏။
"အင်း... ဒါပေမဲ့ အပြင်ကို မထွက်ခင် လေထုထဲက ပီအိတ်ချ် ပမာဏ တိုးလာတဲ့အထိ စောင့်ဖို့ လိုအပ် ဦးမယ်..."
သူ၏ အတိတ်ဘဝတွင် အက်ဆစ်မိုး ရွာသွန်းပြီးနောက် လေထု၏ ပီအိတ်ချ် ပမာဏမှာ (၀.၂) အထိ ကျ ဆင်းသွားတတ်ပြီး ထိတွေ့မိပါက အရေပြားနှင့် အသားမျှင်များကို လောင်ကျွမ်းသွားစေနိုင်ကြောင်း သူ သိရှိထားပေသည်။ လေထုထဲရှိ ထိုရေမှုန်ရေမွှားများကို ရှူရှိုက်မိပါက အဆုတ်ကို ပြင်းထန်စွာ ထိခိုက် စေနိုင်ပြီး ရေရှည် ကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်၏။
ယောင်ရန်၌ အသက်ရှူမျက်နှာဖုံးများ ရှိသော်လည်း သူမသည် မလိုအပ်ဘဲ စွန့်စားရန် အလိုမရှိပေ။ ခဏမျှ စဉ်းစားပြီးနောက် သူမသည် သူမ၏ ချစ်သူ၏ အကြံပြုချက်ကို သဘောတူလိုက်လေသည်။
"ဟုတ်ကဲ့..."
ထိုသူနှစ်ဦး ဆွေးနွေးနေစဉ်မှာပင် ကျားရှန်းနှင့် အခြားသူများသည် ဟွမ်ချန်၏ ပြောကြားချက်ကို အတည်ပြုရန် ထွက်သွားကြလေသည်။
သူတို့နှစ်ဦးတည်း ကျန်ရှိနေသောအခါ လုံယုသည် ယောင်ရန်အနားသို့ တိုးကပ်သွားကာ သူမအား ခေတ္တမျှ နမ်းလိုက်ပြီးနောက် ကလေးဆန်စွာ ဆိုလေသည်။
"ရန်ရန်... ကိုယ် ဗိုက်ဆာတယ်..."
ယောင်ရန်က တိုးတိုးလေး ရယ်မောလိုက်ပြီး သူ၏လက်ကို ဆွဲကာ ပြောလိုက်၏။
"ဒါဆိုရင် စားစရာတစ်ခုခု သွားယူကြတာပေါ့..."
ထိုသို့ပြောပြီးနောက် သူမသည် သူ့ကို ရိက္ခာသိုလှောင်ခန်း ဆီသို့ ခေါ်ဆောင်သွားလေသည်။ လုံယုကမူ နောက်မှ ကပ်လိုက်လာရင်း သက်ပြင်းချကာ တစ်စုံတစ်ခုကို တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ကံမကောင်းစွာဖြင့် ယောင်ရန်မှာ မကြားလိုက်ရပေ။
ငါးရက် ကြာပြီးနောက်တွင်မူ ယောင်ရန်နှင့် လုံယုတို့သည် အပြင်သို့ ထွက်ရန် ဘေးကင်းပြီဟု ဆုံးဖြတ် လိုက်ကြလေ၏။ အခြားသူများ အိပ်ပျော်နေစဉ်မှာပင် သူတို့သည် ကာကွယ်ရေးဝတ်စုံများ နှင့် အသက် ရှူမျက်နှာဖုံးများ ကို ဝတ်ဆင်ကာ မြေအောက်သိုလှောင်ရုံ ထဲမှ တိတ်တဆိတ် ထွက်လာခဲ့ကြလေ သည်။
မြေအောက်သိုလှောင်ရုံ ၏ တံခါးမှာ စတီး (သံမဏိ) ဖြင့် ပြုလုပ်ထားသော်လည်း အပြင်ဘက်တွင်မူ အက်ဆစ်မိုးကြောင့် သံချေးများ တက်နေလေသည်။ လုံယုက အကြိမ်အနည်းငယ် တွန်းထုတ်လိုက်ပြီး နောက်တွင်မူ တံခါးမှာ နောက်ဆုံး၌ ပွင့်သွားခဲ့လေ၏။
တံခါးမှာ ဂျိန်းခနဲ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် လုံယုနှင့် ယောင်ရန်တို့သည် လေထုထဲမှ စူးရှသော အနံ့ ဆိုးကြောင့် အသက်ရှူကျပ်ကာ ချောင်းဆိုးမိကြလေသည်။ လေထုထဲတွင် ချဉ်စူးစူးအနံ့ ၊ မီးလောင်နံ့ နှင့် သံချေးနံ့များ ပြည့်နှက်နေပြီး အသက်ရှူလိုက်တိုင်း သူတို့၏ အဆုတ်များကို နာကျင်စေ၏။
ခဏမျှ အသားကျအောင် လုပ်ပြီးနောက်တွင်မူ သူတို့ အပြင်သို့ လှမ်းထွက်လိုက်ကြလေသည်။ သူတို့ ရှေ့မှ မြင်ကွင်းမှာ ခြောက်ကပ်နေပေသည်၊ မည်းနက်နေသော မြေဆီလွှာများ ၊ ပြိုကျနေသော အဆောက်အအုံများနှင့် မည်သည့် သက်ရှိသဲလွန်စမျှ မရှိသော မြင်ကွင်းပင် ဖြစ်၏။
အခြေအနေမှာ ယောင်ရန်၏ အတိတ်ဘဝ အမှတ်ရမှုများထက်ပင် ပိုမို ဆိုးရွားနေပေသည်။
မြေအောက်သိုလှောင်ရုံ တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် လုံယုသည် ယောင်ရန်၏လက်ကို လှမ်းဆွဲ လိုက်လေ၏။
"သွားကြစို့..." ဟု သူက ညင်သာစွာ ပြောလိုက်လေသည်။
အတွေးများထဲမှ ရုန်းထွက်ကာ ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်၏။
"အင်း..."
သူတို့နှစ်ဦးသည် လက်ချင်းချိတ်လျက် ရှေ့သို့ လှမ်းလာခဲ့ကြပြီး ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးရန် အတွက် ဗီလာဆီသို့ ဦးတည်လိုက်ကြတော့သည်။