အခန်း ၂၇၇
Vol. 28 Ch. 277
အခန်း (၂၇၇)
ရှင် သူတို့ကို သိလို့လား
အခြားသူများ၏ စိုးရိမ်ပူပန်နေသော မျက်နှာများကို ကြည့်ကာ လုံယုက သူ၏ အစီအစဉ်ကို တည်ငြိမ် စွာ ရှင်းပြလိုက်လေသည်...၊
"ကျွန်တော် အဲဒါကို ထည့်သွင်းစဉ်းစားပြီးသားပါ... ကျွန်တော် အဲဒီဒေသကို အရင်သွားပြီး ကင်း ထောက်ကြည့်မယ်... အကယ်၍ ဘေးကင်းတယ်ဆိုရင် ကျွန်တော် ပြန်လာခဲ့မယ်၊ အဲဒီကျမှ အားလုံး အတူတူ ရွှေ့ကြတာပေါ့..."
သူ ထိုသို့ပြောလိုက်သောအခါ ရှီရွှမ်းက မျက်မှောင်ကြုတ်လျက် ပြောလေ၏...၊
"ခေါင်းဆောင်... တစ်ယောက်တည်း သွားဖို့က အရမ်း အန္တရာယ်များလွန်းတယ်..."
ယောင်ရန်က သူ့ကိုကြည့်ကာ ပြောလိုက်လေသည်...၊
"ကျွန်မ အာယုနဲ့ အတူတူ လိုက်သွားမယ်... လူနည်းလေ ပိုပြီး ခိုးဝင်ရလွယ်လေပဲ... အကယ်၍ မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ ရှိနေရင်လည်း မသိမသာ ဆုတ်ခွာနိုင်တာပေါ့..."
သူတို့နှစ်ဦးတည်း မျိုးရိုးဗီဇပြောင်းလဲနေသော ကြွက်များ ရှိနိုင်သည့် နေရာသို့ သွားခြင်းမှာ စွန့်စားရာ ရောက်သော်လည်း ယောင်ရန်၌ သူမ၏ လျှို့ဝှက် နေရာလွတ် စွမ်းအား ရှိပေသည်...။ အကယ်၍ အခြေ အနေများ ဆိုးရွားလာပါက သူမနှင့် လုံယုတို့သည် နေရာလွတ် အတွင်းသို့ ဝင်ရောက် ပုန်းအောင်းနိုင် သော်လည်း ၊ အခြားသူ တစ်ဦးပါဝင်လာပါက ထိုအစီအစဉ်မှာ ရှုပ်ထွေးသွားနိုင်ပေသည်...။
ခဏမျှ စဉ်းစားပြီးနောက် ရှီရွှမ်းက သဘောတူလိုက်လေ၏...။
"ကောင်းပါပြီ..."
အစီအစဉ်များ ဆုံးဖြတ်ပြီးသောအခါ ဟွမ်ချန်က မေးလိုက်လေသည်...၊
"ကပ်ပတိန်... ဘယ်တော့ သွားမှာလဲ..."
လုံယုက ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေလေ၏...၊
"နောက်ထပ် ရက်အနည်းငယ်နေလို့ လေထုထဲက အဆိပ်အတောက်တွေ လျော့သွားတဲ့အခါမှပေါ့... နေ့ခင်းဘက် အပူချိန်က မြင့်နေသေးတာမို့ ညဘက်မှပဲ ထွက်ကြမယ်..."
နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို ဆုံးဖြတ်ပြီးနောက် လူတိုင်း ရိက္ခာများကို စတင် ထုပ်ပိုးကြ လေသည်... နှစ်ရက် ကြာပြီးနောက် နေဝင်ချိန်တွင် ယောင်ရန်နှင့် လုံယုတို့သည် အက်ယူဗွီယာဉ် ဖြင့် ရှမ်းဝူ အပန်းဖြေစခန်း မှ ထွက်ခွာလာခဲ့ကြ၏...
ရှမ်းဝူ အပန်းဖြေစခန်း ၏ ပင်မအဝင်ဝသို့ ချဉ်းကပ်လာစဉ် ယောင်ရန်က ရုတ်တရက် ပြောလိုက် လေသည်...၊
"အာယု... ကားခဏ ရပ်ပေးဦး..."
လုံယုက ဘရိတ်နင်းလိုက်ပြီး မေးလိုက်၏...၊
"ဘာဖြစ်လို့လဲ..."
ယောင်ရန်က အဝင်ဝအနီးရှိ ရုံးအဆောက်အအုံလေးကို ညွှန်ပြကာ ဆို၏...၊
"ဟိုမှာ ကြည့်ပါဦး... ကျွန်မတို့ ဒီကိုလာတုန်းက အဲဒီနေရာမှာ ရေသယ်ယာဉ် မရှိဘူးလို့ မှတ်မိနေ တယ်..."
လုံယုက သူမ ညွှန်ပြရာသို့ ကြည့်လိုက်ရာ ရေသယ်ယာဉ် ကို တွေ့သဖြင့် မျက်မှောင်အနည်းငယ် ကြုတ် လိုက်မိလေသည်၊
သူသည် ခေတ္တမျှ အကဲခတ်ပြီးနောက်၊
"သံချေးတက်နေတဲ့ အဆင့်ကို ကြည့်ရတာ ဒီရေသယ်ယာဉ်က အက်ဆစ်မိုး ရွာပြီးမှ ရောက်လာတာ ထင်တယ်..."
ယောင်ရန်က သူ့ဘက်သို့ လှည့်ကာ မေးလိုက်၏...၊
"သွားကြည့်ကြမလား..."
လုံယုက ခဏမျှ စဉ်းစားပြီး ခေါင်းငြိမ့်ပြလေသည်...။
"ကောင်းပြီလေ..."
ထို့နောက် သူသည် အက်စ်ယူဗွီယာဉ် ကို ရုံးအဆောက်အအုံလေးဆီသို့ မောင်းနှင်သွားခဲ့လေ၏။
ဘေးကင်းစေရန်နှင့် ရုတ်တရက် တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် လုံယုက ကားကို အကွာ အဝေး တစ်ခုတွင် ရပ်လိုက်လေသည်။
ကားပေါ်မှ ဆင်းပြီးနောက် သူတို့သည် သေနတ်များကို ထုတ်ယူကာ ရေသယ်ယာဉ် ဆီသို့ သတိဝီရိယ ဖြင့် ချဉ်းကပ်သွားခဲ့ကြလေ၏။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အချက်ပြလိုက်ပြီး ရေသယ် ယာဉ်ကို ဝိုင်းရံရန် မတူညီသော လမ်းကြောင်းများမှ တိတ်ဆိတ်စွာ ခွဲထွက်သွားကြလေသည်။
သေနတ်များကို အရှေ့သို့ ချိန်ရွယ်ထားလျက် သူတို့သည် ရေသယ်ယာဉ် ဆီသို့ သတိကြီးစွာဖြင့် လှမ်း လာခဲ့ကြလေ၏၊ အတွင်း၌ မည်သူမျှ မရှိသည်ကို မြင်သောအခါ လုံယုက လက်ဟန်ဖြင့် အချက်ပြလိုက် ရာ ယောင်ရန်က ခေါင်းငြိမ့်ပြလေသည်။
ယောင်ရန်က အပြင်ဘက်တွင် စောင့်ကြပ်နေစဉ် လုံယုက အဆောက်အအုံ အတွင်းသို့ ဝင်သွားခဲ့လေ၏၊ တစ်ထပ်တည်းရှိသော အဆောက်အအုံဖြစ်သဖြင့် အတွင်းပိုင်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေ သည်။
အတွင်း၌ အမျိုးသားနှစ်ဦး နံရံကိုမှီလျက် လှုပ်ရှားမှုမရှိဘဲ ရှိနေသည်ကို လုံယု တွေ့လိုက်ရလေ၏။ သူ တို့သည် ပိန်ချောင်နေပြီး ညစ်ပေနေကြသည်။ ကွဲအက်နေသော နှုတ်ခမ်းများ ၊ ချိုင့်ဝင်နေသော ပါးပြင် များနှင့် ဝါဖျော့နေသော အရေပြားများကို ကြည့်ခြင်းဖြင့် သူတို့မှာ အာဟာရ အလွန်အမင်း ချို့တဲ့နေပြီး ရက်အနည်းငယ်ခန့် ဘာမျှ မစားရသေးကြောင်း လုံယု သိလိုက်ရလေသည်။
သတိဝီရိယဖြင့် ချဉ်းကပ်သွားပြီးနောက် လုံယုက ထိုလူများအနက် တစ်ဦး၏ ခြေထောက်ကို သူ၏ စစ်ဖိနပ်ဖြင့် အသာတို့ကြည့်လိုက်လေ၏...၊ မည်သည့် တုံ့ပြန်မှုမျှ မရှိသဖြင့် သူသည် သေနတ်ကို ချလိုက်ကာ အနီးကပ် ကြည့်လိုက်လေသည်။
သူတို့၏ မျက်နှာများကို စစ်ဆေးကြည့်လိုက်သောအခါ လုံယုမှာ အံ့အားသင့်မှုကြောင့် မှင်တက်သွား ရလေတော့သည်...။
သူသည် သတိအမြန်ပြန်ဝင်လာကာ သူတို့၏ အသက်ရှူနှုန်းကို စစ်ဆေးကြည့်လိုက်လေသည်။ အသက် ရှူသံ အားနည်းနည်းကို ခံစားလိုက်ရသဖြင့် သူသည် တံခါးဘက်သို့ လှည့်ကာ လှမ်းခေါ်လိုက်လေ၏။
"ရန်ရန်... မြန်မြန် လာပါဦး..."
သူ၏ အသံထဲမှ အရေးတကြီးဖြစ်မှုကို သတိပြုမိသဖြင့် ယောင်ရန်သည် အဆောက်အအုံအတွင်းသို့ အပြေးအလွှား ဝင်လာခဲ့လေသည်။
"အာယု... ဘာဖြစ်လို့လဲ..."
သူမက စိုးရိမ်တကြီး မေးလိုက်၏...။
လုံယုက အမျိုးသားနှစ်ဦးကို ညွှန်ပြကာ ပြန်ဖြေလေသည်...၊
"မြန်မြန်... သူတို့ကို ကယ်လို့ ရမလားဆိုတာ လာကြည့်ပေးပါဦး..."
ယောင်ရန်သည် ညစ်ပေနေသော မျက်နှာများနှင့် ပိန်ချောင်နေသော ခန္ဓာကိုယ်များကြောင့် ထိုသတိ မေ့နေသော အမျိုးသားနှစ်ဦးကို မမှတ်မိခဲ့ပေ ၊ သို့သော်လည်း လုံယု၏ ညွှန်ကြားချက်အတိုင်း သူတို့၏ အခြေအနေကို အမြန် စစ်ဆေးကြည့်လိုက်လေသည်...။
နှစ်မိနစ် ကြာပြီးနောက် သူမသည် နေရာလွတ် ထဲမှ ရေကန်ရေ နှစ်ခွက်ကို ထုတ်ယူကာ တစ်ခွက်ကို လုံယုအား ကမ်းပေးလိုက်၏။
အမျိုးသားတစ်ဦးကို ညွှန်ပြကာ သူမက ပြောလိုက်လေသည်၊
"ဒါကို သူ့ကို တိုက်လိုက်..."
ထိုသို့ပြောပြီးနောက် သူမသည်လည်း အခြားအမျိုးသားတစ်ဦးကို ရေတိုက်ပေးလိုက်၏။ သူတို့မှာ သတိမေ့နေသော်လည်း ရှင်သန်လိုသော စိတ်ဆန္ဒကြောင့် ရေကို မျိုချလိုက်ကြလေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့သည် ရေတစ်ခွက်စီ ကုန်အောင် သောက်နိုင်ခဲ့ကြ၏။ ယောင်ရန် နှင့် လုံယုတို့သည် သူတို့၏ မျက်နှာပေါ်သို့ သွေးရောင် ပြန်တက်လာသည်ကို စိုက်ကြည့်နေကြ လေသည်။
ထို့နောက် ယောင်ရန်က သူတို့၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏...၊
"သူတို့ ဘယ်လိုနေလဲ..."
သူမ လက်ကို ပြန်ရုပ်သိမ်းလိုက်သောအခါ လုံယုက မေးလိုက်လေသည်။
ယောင်ရန်က အမျိုးသားနှစ်ဦးကို မျက်မှောင်ကြုတ်လျက် ကြည့်ကာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြော လိုက်လေ၏ ။
"ရေကန်ရေ သောက်ပြီးတဲ့နောက်မှာတော့ သူတို့ အခြေအနေက တည်ငြိမ်သွားပြီမို့ လောလောဆယ် ဘေးကင်းသွားပါပြီ... ဒါပေမဲ့ အက်ဆစ်မိုး ရွာနေတုန်း ဒီနေရာမှာ နေခဲ့လို့ သူတို့ရဲ့ အတွင်းအင်္ဂါတွေ အတော်လေး ထိခိုက်သွားတာ... ကျွန်မ သူတို့ အသက်ကို ကယ်နိုင်ပေမဲ့ အရင်လို ပြန်ကောင်းဖို့ကတော့ ခက်လိမ့်မယ်..."
သူမ၏ ရှင်းပြချက်ကို ကြားသောအခါ လုံယုက သက်ပြင်းချလိုက်လေသည်။ သူသည် အမျိုးသားနှစ်ဦး ကို ကြည့်ကာ ဆိုလေ၏...၊
"သူတို့ အသက်ရှင်နိုင်တာပဲ ကောင်းလှပါပြီ... သူတို့ တကယ်ကို ကံကောင်းကြတာပဲ..."
သူ၏ မျက်ဝန်းများထဲမှ စိုးရိမ်ပူပန်မှုကို သတိပြုမိသဖြင့် ယောင်ရန်က စူးစမ်းစွာ မေးလိုက်လေသည်...၊
"အာယု... ရှင် သူတို့ကို သိလို့လား..."
လုံယုက မျက်ခုံးပင့်ကာ မေးလိုက်၏...၊
"ရန်ရန်... မင်း သူတို့ကို မှတ်မိဘူးလား..."
ယောင်ရန်က ခေါင်းကလေးကို အနည်းငယ် စောင်းကာ ဝေခွဲမရစွာ မေးလိုက်လေသည်။
"ကျွန်မ သူတို့ကို သိသင့်လို့လား..."
"...."
လုံယုမှာ ခေတ္တမျှ ဆွံ့အသွားပြီးမှ ပြောလိုက်လေ၏...၊
"ဒီလူနှစ်ယောက်က လင်းယိ နဲ့ ယွမ်ရီဟွေး လေ..."
ယောင်ရန်မှာ အံ့အားသင့်သွားကာ အမျိုးသားနှစ်ဦးကို ပိုမို အနီးကပ် လေ့လာကြည့်လိုက်လေသည်။ သူမ၏ မျက်နှာတွင် သံသယများ ဖုံးလွှမ်းသွားပြီးမှ ချောင်းတစ်ချက် အသာဟန့်ကာ၊
"အော်... သူတို့နဲ့ မတွေ့ရတာ ကြာပြီဆိုတော့ ဘယ်လိုပုံစံလဲဆိုတာ မေ့သွားတာ ဖြစ်မှာပါ..."
"...."
လုံယုက သူမ၏ ဆင်ခြေကို မယုံကြည်သော်လည်း သူမ အနေခက်မည်စိုးသဖြင့် စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"သူတို့ကို ဒီနေရာမှာ ထားခဲ့လို့ မရဘူး..."
ခဏအကြာတွင် လုံယုက ဆိုလေ၏...။
"သူတို့ကို ဗီလာကို ပြန်ခေါ်သွားရမလား..."
ယောင်ရန်က ခေါင်းခါပြကာ ရှင်းပြလေသည်...၊
"လောလောဆယ် သူတို့ ဘေးကင်းသွားပြီ ဆိုပေမဲ့လည်း အထူးဂရုစိုက်ဖို့ လိုအပ်တယ်... သူတို့ရဲ့ အတွင်းအင်္ဂါတွေကို ပြန်ပြုပြင်ဖို့အတွက် အနည်းဆုံး တစ်နေ့ကို ရေကန်ရေ တစ်ခွက်စီ သောက်ဖို့ လိုလိမ့်မယ်... မဟုတ်ရင် သူတို့ အများဆုံး သုံးလလောက်ပဲ အသက်ရှင်နိုင်လိမ့်မယ်..."
"ဒါဆို ကိုယ်တို့ ဘာလုပ်သင့်လဲ..."
လုံယုက မေးလိုက်လေ၏..၊
ယောင်ရန်က ခဏမျှ စဉ်းစားပြီးမှ ဆိုလေသည်...၊
"သူတို့ကို ကျွန်မတို့နဲ့အတူ ခေါ်သွားကြတာပေါ့... ကျွန်မ သူတို့ရဲ့ အပြင်ဒဏ်ရာတွေကို ကုသပေးနိုင်သ လို အတွင်းပိုင်း သက်သာလာဖို့အတွက်လည်း ရေကန်ရေ တိုက်ပေးလို့ ရတာပဲလေ... "