အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း (၂၇၈)
အစည်းအဝေး
အခြားရွေးချယ်စရာ မရှိတော့သဖြင့် လုံယုက သဘောတူလိုက်လေ၏...၊
"ကောင်းပြီလေ... အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့..."
ယောင်ရန်သည် မထွက်ခွာမီ ရေသယ်ယာဉ်ထဲက ရေကို စစ်ဆေးကြည့်လိုက်လေ၏...။ ရေတိုင်ကီထဲ တွင် ရေတစ်ဝက်ခန့် ကျန်ရှိနေပေသေးသည်...။ တိုင်ကီအပြင်ဘက်တွင် သံချေးအလွှာပါးလေးသာ ရှိပြီး ရေမှာလည်း ညစ်ညမ်းခြင်း မရှိသည်ကို တွေ့ရသဖြင့် သူမသည် ထိုရေတိုင်ကီကို နေရာလွတ် အတွင်းသို့ သိမ်းဆည်းလိုက်လေ၏။
လင်းယိနှင့် ယွမ်ရီဟွေးတို့၏ အခြေအနေမှာ တည်ငြိမ်လာပြီဖြစ်ရာ ယောင်ရန်သည် သူတို့၏ ပြင်ပ ဒဏ်ရာများကို ကုသပေးရန် အချိန်အများကြီး မယူခဲ့ရပေ။ ထို့နောက် သူတို့နှစ်ဦးသည် လုံယု၏ လျှို့ဝှက် ခိုလှုံရာနေရာ ဆီသို့ ဆက်လက် ထွက်ခွာခဲ့ကြလေသည်။
တစ်ချိန်တည်းမှာပင် ဝေးကွာလှသော ယွီချန်မြို့၌ ယောင်လုံခြုံရေးကုမ္ပဏီ ၏ လက်ယာဂိုဏ်း အဆင့် မြင့်အရာရှိများသည် အစည်းအဝေး ပြုလုပ်နေခဲ့ကြလေ၏။
အဓိကနေရာတွင် ထိုင်နေသော ဖုကျုံးရှန်းသည် ယောင်ယွဲ့ချွမ်ကို မယုံကြည်နိုင်စွာ ကြည့်လျက် မေး လိုက်လေသည်။
"ကပ်ပတိန်ယောင်... ကောက်ရှုဝေရဲ့ လုပ်ကြံမယ့် ပစ်မှတ်က ဥက္ကဋ္ဌယောင်ရဲ့ မြေးအရင်း မစ္စယောင်ရန် ဖြစ်နေတာ သေချာလို့လား..."
ယောင်ယွဲ့ချွမ်က ခေါင်းငြိမ့်ပြကာ ပြန်ဖြေလေ၏...၊
"သေချာပါတယ်... တပ်မှူးဖု... ဥက္ကဋ္ဌယောင်က ကျွန်တော့်ကို ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာဆိုတော့ သူဌေးကတော်ရဲ့ ဓာတ်ပုံတွေကို ကျွန်တော် အရင်က မြင်ဖူးပါတယ်... ဒီအမျိုးသမီး ယောင်ရန်ဟာ သူဌေးကတော်နဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် တူနေတာပါ..."
"လူတွေက တစ်ယောက်နဲ့တစ်ယောက် ဆင်တူနိုင်သလို ကျွန်တော်တို့ရဲ့ နည်းပညာတွေကလည်း ရုပ်ရည်ကို ပြောင်းလဲနိုင်လောက်အောင် တိုးတက်နေပြီဆိုတာ ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နည်းပညာတွေက ဘယ်လောက်ပဲ ဆန်းပြားပါစေ ၊ သဲလွန်စမကျန်ဘဲ ဒီအန်အေကို ပြောင်းလဲနိုင်တဲ့ အဆင့်ကိုတော့ မရောက်သေးပါဘူး..."
သူက စကားပြောရင်း စာရွက်စာတမ်းတစ်ခုကို ဖုကျုံးရှန်းထံ ကမ်းပေးကာ ဆက်ပြောလေသည်...၊
"တပ်မှူးဖု... ဒါက ပရော်ဖက်ဆာရှော ကိုယ်တိုင် စစ်ဆေးထားတဲ့ ဒီအန်အေ စစ်ဆေးချက် ရလဒ်ပါ..."
ထိုစကားကို ကြားသောအခါ ဖုကျုံးရှန်းသည် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးဘက်သို့ လှည့်ကာ မေးလိုက်လေ၏...။
"ပရော်ဖက်ဆာရှော... ဒါ တကယ်ပဲလား..."
ရှောရှင်းမင်က ခေါင်းငြိမ့်ပြကာ ဆိုလေသည်...၊
"ဟုတ်ပါတယ်... တကယ်ပါ... ကျွန်မကိုယ်တိုင် စစ်ဆေးခဲ့တာပါ..."
ရှောရှင်းမင်သည် ဒီအန်အေ လေ့လာမှုတွင် သူတို့၏ ထိပ်တန်းသိပ္ပံပညာရှင်များအနက် တစ်ဦးဖြစ်ပေ ၏။ သူမသည် အသက်ငါးဆယ် ရှိပြီဖြစ်သော်လည်း ထက်မြက်သော ဉာဏ်ရည်နှင့် ပြတ်သားသော ဂုဏ်သိက္ခာကြောင့် လူသိများသူ ဖြစ်သည်။ သူမသည် ဥက္ကဋ္ဌယောင် အယုံကြည်ရဆုံးသော လက် အောက်ငယ်သားနှင့် သူငယ်ချင်းများအနက် တစ်ဦးလည်း ဖြစ်ပေသည်
ရှောရှင်းမင် ကိုယ်တိုင် ဒီအန်အေ စစ်ဆေးခဲ့ခြင်းဖြစ်သဖြင့် ဖုကျုံးရှန်းသည် ထပ်မံ မေးမြန်းခြင်းမရှိ တော့ပေ။ သူသည် အစီရင်ခံစာကို ယူ၍ ဖတ်ရှုလိုက်လေ၏၊ သူ ဖတ်လေလေ သူ၏ မျက်ဝန်းများမှာ ပိုမို တောက်ပလာလေလေ ဖြစ်သည်။
ဤဒီအန်အေ စစ်ဆေးမှုကို အဘိုးယောင်၏ သိမ်းဆည်းထားသော သွေးဆဲလ်များနှင့် ယောင်ရန်၏ ဖမ်းဆီးခြင်းကို ခံထားရစဉ်အတွင်း ယောင်ယွဲ့ချွမ် ခိုးယူလာခဲ့သော ဆံပင်ကို အသုံးပြုကာ စစ်ဆေးခဲ့ ခြင်း ဖြစ်လေ၏။
အစီရင်ခံစာကို ဖတ်နေစဉ် ဖုကျုံးရှန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်ကို မြင်သောအခါ အခြားသော အဆင့်မြင့်အရာရှိများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုကျုံးရှန်းသည် အစီရင်ခံစာကို စားပွဲပေါ်သို့ တင်လိုက်လေသည်။ သူက ယောင်ယွဲ့ချွမ်ဘက်သို့ လှည့်ကာ မေးလိုက်လေ၏..၊
"ကပ်ပတိန်ယောင်... မင်း အဲဒီ အမျိုးသမီးငယ်ကို ဘယ်တော့ ပြန်ခေါ်လာနိုင်မှာလဲ..."
ထိုမေးခွန်းကြောင့် ယောင်ယွဲ့ချွမ်မှာ နေရာတွင်ပင် ဆွံ့အသွားရလေ၏။
သူ၏ တွန့်ဆုတ်မှုနှင့် တောင့်တင်းနေသော အမူအရာကို သတိပြုမိသဖြင့် ဖုကျုံးရှန်းက မျက်လုံးများကို ကျဉ်းမြောင်းလျက် မေးလိုက်လေသည်...၊
"ဘာဖြစ်လို့လဲ... မင်း မစ္စယောင်ရန်အပေါ် တစ်ခုခု လုပ်ခဲ့လို့လား..."
ထိုစကားကြောင့် ယောင်ယွဲ့ချွမ်က ထိတ်လန့်တကြား ပြန်ဖြေလိုက်လေ၏...၊
"တပ်မှူး... အဲဒီလိုမျိုး စွပ်စွဲချက်တွေကို ဒီအတိုင်း လျှောက်မပြောပါနဲ့... ကျွန်တော့်ကို လူတွေရဲ့ တံတွေး ခွက်ထဲ ပက်လက်မျောအောင် လုပ်ချင်နေတာလား..."
ဖုကျုံးရှန်းက ဆိုလေသည်...၊
"တကယ်လို့ မင်း မစ္စယောင်ရန်အပေါ် ဘာမှမလုပ်ခဲ့ဘူးဆိုရင်... ငါက သာမန်ပဲ မေးတာကို ဘာလို့ အဲဒီ လိုမျိုး တုံ့ပြန်နေရတာလဲ..."
ယောင်ယွဲ့ချွမ်က အကူအညီမဲ့ဟန်ဖြင့် မေးလိုက်လေ၏...၊
"တပ်မှူး... ကျွန်တော့်ရဲ့ ညီမလေးက အရင်က ကျွင်းချန်မြို့မှာ နေခဲ့တာကို မှတ်မိသေးတယ် မဟုတ် လား... အခု အဲ့မြို့ကို မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ သိမ်းပိုက်ထားပြီလေ... သူမ အဲ့မြို့မှာ ရှိနေဦးမယ်လို့ ထင်လို့လား..."
ဖုကျုံးရှန်း မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ ယောင်ယွဲ့ချွမ်က ဆက်ပြောလိုက်လေသည်။
"အခု ကျွန်တော်တို့ဆီမှာ ဘာအဆက်အသွယ်မှလည်း မရှိဘူး... သူမကို ကျွန်တော် ဘယ်လို ရှာပြီး ပြန် ခေါ်လာနိုင်မှာလဲ... တပ်မှူး... ကျွန်တော့်ကို အဲဒီလောက်အထိ စွမ်းဆောင်နိုင်တယ်လို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား..."
အခန်းထဲတွင် အခြားသော အဆင့်မြင့်အရာရှိများ ရှိနေသဖြင့် ဖုကျုံးရှန်းသည် မျက်လုံးလှန်ချင်စိတ်ကို အောင့်ထားလိုက်ရလေ၏။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ယောင်ယွဲ့ချွမ်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်၊
"လူလည် အလုပ် မလုပ်ပါနဲ့... မစ္စယောင်ရန်ကို ပြန်ခေါ်လာနိုင်မှာလား ၊ မခေါ်လာနိုင်ဘူးလား..."
ယောင်ယွဲ့ချွမ်က ခေါင်းကို ကုတ်လျက် ရိုးအဟန်ဖြင့် ပြုံးပြလိုက်လေ၏...၊
"ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တုန်းက ကျွန်တော့်ညီမလေးက ကျွန်တော့်အပေါ် နားလည်မှု လွဲသွား တယ်လို့ ထင်ပါတယ်... အကယ်၍ ကျွန်တော် အခု သူမကို သွားရှာမယ်ဆိုရင် သူမက ကျွန်တော်နဲ့အတူ ပြန်လိုက်လာဖို့ ငြင်းကောင်း ငြင်းနိုင်တယ်လေ..."
သူ၏ အခြေအနေကို နားထောင်ပြီးနောက် ဖုကျုံးရှန်းက နှာခေါင်းရှုံ့လိုက်လေ၏...၊
"မင်းကို အားကိုးလို့ မရဘူးဆိုတာ ငါ သိပြီးသားပါ..."
သူက ဝူယဲ့ဟောင်ဘက်သို့ လှည့်ကာ ဆိုလေသည်...၊
"ကပ်ပတိန်ဝူ... မစ္စယောင်ရန်ကို ပြန်ခေါ်လာဖို့ ကိစ္စကို မင်းကိုပဲ လွှဲအပ်လိုက်မယ်..."
ဝူယဲ့ဟောင်က ခေါင်းငြိမ့်ပြကာ နာခံ လိုက်လေ၏...၊
"ဟုတ်ကဲ့ပါ တပ်မှူး..."
ခဏမျှ စဉ်းစားပြီးနောက် ဖုကျုံးရှန်းက မေးလိုက်လေသည်... ၊
"ကပ်ပတိန်ဝူ... ဖန်းချန် ဌာနချုပ် ကို သွားခဲ့တဲ့ ခရီးစဉ်က ဘယ်လိုလဲ... ကောက်ရှုဝေရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တစ်ခုခု ရှာတွေ့ခဲ့လား..."
ဝူယဲ့ဟောင်က ခေါင်းခါပြကာ ပြန်ဖြေလေ၏...၊
"သူ့ရဲ့ တိကျတဲ့ ရည်ရွယ်ချက်ကိုတော့ ကျွန်တော် ရှာမတွေ့ခဲ့ပါဘူး... ဘာလို့လဲဆိုတော့ သူ့လူတွေက ကျွန်တော့်နောက်ကို အမြဲတမ်း လိုက်နေကြလို့ပါ... ဒါပေမဲ့ တစ်ခုတော့ သေချာပါတယ် ၊ သူက ကျွန်တော်တို့ရဲ့ စစ်သည်တွေကို စည်းရုံးပြီး ကုမ္ပဏီကို သိမ်းပိုက်ဖို့ ကြိုးစားနေတာပါပဲ..."
ထိုစကားကို ကြားသောအခါ အဆင့်မြင့်အရာရှိ တစ်ဦးက စူးစမ်းစွာ မေးလိုက်လေ၏...၊
"ဘာလို့ အဲဒီလို ထင်ရတာလဲ... မင်းမှာ သက်သေ တစ်ခုခု ရှိလို့လား..."
ဝူယဲ့ဟောင်သည် သူ ပြင်ဆင်လာသော သက်သေများကို ဖုကျုံးရှန်း ၊ ယောင်ယွဲ့ချွမ် ၊ ကျန်းချန် နှင့် အခြားသော အရာရှိများထံ ဝေငှပေးလိုက်လေသည်။
သူတို့ သက်သေများကို စစ်ဆေးနေစဉ် ဝူယဲ့ဟောင်က ဆက်ပြောလေ၏...၊
"ဖန်းချန် ဌာနချုပ် မှာ ကျွန်တော် နေခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကောက်ရှုဝေက သူ့အဖွဲ့ထဲ ဝင်ဖို့ ကျွန်တော့်ကို သုံးကြိမ်တိုင်တိုင် ဖိတ်ခေါ်ခဲ့ပါတယ်..."
"ကျွန်တော်က ငြင်းလိုက်တဲ့အခါ သူက ဘာအမူအရာမှ မပြပေမဲ့ ၊ သူ့ရဲ့ ကိုယ်ရံတော်အဖွဲ့ တစ်ဖွဲ့က ကျွန်တော် သွားလေရာတိုင်းကို လိုက်နေကြတာကို ကျွန်တော် သတိထားမိခဲ့ပါတယ်... အဲဒါကြောင့် လည်း ကျွန်တော် ပိုပြီး စုံစမ်းဖို့ အခွင့်အရေး မရခဲ့တာပါ..."
ထိုသို့ ပြောပြီးနောက် ဝူယဲ့ဟောင်က ခေတ္တမျှ ရပ်နားကာ ဆက်ပြောလေသည်...၊
"ဒါ့အပြင် ကောက်ရှုဝေက ကပ်ပတိန်ယောင်ဟာ သူ့ရဲ့ လက်အောက်ငယ်သား ဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်..."
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ယောင်ယွဲ့ချွမ်သည် ထရပ်ကာ စားပွဲကို သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး ဆဲဆိုတော့၏...၊
"တောက်... သူက သူ့ကိုယ်သူ ဘာများ ထင်နေလို့လဲ... ငါ့ကို သူ့လက်အောက်ငယ်သားလို့ ပြောရဲအောင် သူ ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ..."
ယောင်ယွဲ့ချွမ်က အရေးမပါသော ကိစ္စကိုသာ အာရုံစိုက်နေသည်ကို မြင်သောအခါ ကျန်းချန်က အကူ အညီမဲ့စွာဖြင့် မေးလိုက်လေသည်...၊
"ကပ်ပတိန်ယောင်... ကောက်ရှုဝေက ခင်ဗျားကို သူ့လက်အောက်ငယ်သားလို့ ပြောတာကို ဆဲနေမယ့် အစား ၊ ခင်ဗျားရဲ့ နာမည်ကို အရင်ဆုံး သန့်ရှင်းအောင် မလုပ်သင့်ဘူးလား..."
ယောင်ယွဲ့ချွမ်က သူ့ကို စိုက်ကြည့်ကာ ပြန်ပြောလိုက်၏..၊
"ကပ်ပတိန်ကျန်း... ဒီကိစ္စက ပိုပြီး အရေးကြီးတယ်လေ... ဒါ့အပြင် ဒီအခန်းထဲမှာရှိတဲ့ လူတိုင်းဟာ ကျွန်တော့်ရဲ့ သစ္စာရှိမှုကို သိကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်... အဲဒီကောင်က ကျွန်တော့်အပေါ် ပုပ်ခတ်ရုံနဲ့တင် ကျွန်တော့်နာမည်ကို ရှင်းပြနေဖို့ မလိုပါဘူး..."
ထိုသို့ပြောပြီးနောက် သူက ဝူယဲ့ဟောင်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်...၊
"ကပ်ပတိန်ဝူ... အဲဒီ ကောက်ရှုဝေ ဆိုတဲ့ကောင်က တခြား ဘာတွေ ပြောသေးလဲ... ကျွန်တော့်ကိုကော အထင်သေးတာမျိုးတွေ ပြောသေးလား..."