အခန်း ၂၇၉
Vol. 28 Ch. 279
အခန်း (၂၇၉)
မိုးကြိုးမုန်တိုင်းနှင့် ဧရာမဆူနာမီ (၁)
ဝူယဲ့ဟောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်လည် ဖြေလိုက်လေသည်...။
"ဪ... သူက ဖန်းချန် ဌာနချုပ် ကို လာတဲ့သူမှန်သမျှဟာ တပ်မှူးအပါအဝင် အကုန်လုံးက သူ့ရဲ့ လက်အောက် ငယ်သားတွေပဲလို့လည်း ပြောခဲ့ပါသေးတယ်..."
ယောင်ယွဲ့ချွမ်သည် အံကို တင်းတင်းကြိတ်လျက် ရေရွတ်လိုက်လေသည် ။
"သူ့ရဲ့ အိပ်မက်ကတော့ တကယ့်ကို လှပလွန်းနေတာပဲ..."
ဝူယဲ့ဟောင်၏ အစီရင်ခံစာကို ကြားပြီးနောက် ဖုကျုံးရှန်းက လှောင်ပြုံးပြုံးလျက် ဆို၏။
"ငါတို့ ခန့်မှန်းထားတာ မှန်ကန်ပုံရတယ်... ကောက်ရှုဝေက မစ္စယောင်ရန်ကို ပြန်မခေါ်ဘဲ လုပ်ကြံဖို့ ကြိုးစားနေတာဟာ ကုမ္ပဏီကို သိမ်းပိုက်ချင်နေလို့ပဲ ဖြစ်ရမယ်..."
ထိုစကားကို ကြားသောအခါ အဆင့်မြင့်အရာရှိ တစ်ဦးက မေးမြန်းလိုက်လေသည်၊
"တပ်မှူးဖု... ကောက်ရှုဝေက သူ့ရဲ့ ရန်သူတွေကို လုပ်ကြံရတာ ဝါသနာပါမှတော့ ၊ ကျွန်တော်တို့ကော သူ့ဆီကို လူလွှတ်ပြီး လုပ်ကြံခိုင်းရင် မကောင်းဘူးလား... သူ့အကွက်နဲ့သူ ပြန်နှက်တာပေါ့..."
ဖုကျုံးရှန်းက ခေါင်းခါပြကာ ပြန်ဖြေ၏ ။
"ဥက္ကဋ္ဌယောင်ဟာ ကောက်ရှုဝေကို ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ပြီး မစ္စယောင်ရန်ရဲ့ လက်အောက်ငယ် သား တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ လေ့ကျင့်ပေးခဲ့တာ... သူ့ရဲ့ ဉာဏ်ရည် ၊ သြဇာအာဏာနဲ့ အရည်အချင်းတွေကို ကြည့်ရင် သူ့ကို လုပ်ကြံဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား..."
"ကောက်ရှုဝေကို မဆိုထားနဲ့ဦး... သူ့ရဲ့ အနက်ရောင်ဝံပုလွေများ အဖွဲ့ကို ရင်ဆိုင်ဖို့တောင်မှ တော်တော် လေး ခက်ခဲလိမ့်မယ်... အကယ်၍ သူ့ကို ဖယ်ရှားချင်တယ်ဆိုရင်တော့ သေချာတဲ့ စီမံကိန်းတစ်ခု လို အပ်လိမ့်မယ်..."
သူ၏ စကားကို အခြားသူများကလည်း သဘောတူ ခေါင်းငြိမ့်ကြလေသည် ။
တိုက်ရိုက် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သဖြင့် ဖုကျုံးရှန်းသည် ကောက်ရှုဝေ၏ စီမံကိန်းများကို ဖော်ထုတ် နိုင်ရန် ဖန်းချန် ဌာနချုပ် ကို တိတ်တဆိတ် စုံစမ်းစစ်ဆေးဖို့သာ ဆုံးဖြတ်လိုက်လေ၏ ။ အခြားသော ကိစ္စရပ်များကိုမူ ယောင်ရန်ကို ပြန်လည် ဖိတ်ခေါ်နိုင်သည့် အချိန်မှသာ ဆုံးဖြတ်ရန်မှာ အကောင်းဆုံး ဖြစ်ပေသည် ။
ထိုသို့ တွေးတောရင်း သူသည် ဝူယဲ့ဟောင်၏ ဘေးတွင် ထိုင်နေသော အနက်ရောင် နှာခေါင်းစည်း တပ်ထားသည့် လူငယ်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည် ။
"ကပ်ပတိန်ဖန်း... ကောက်ရှုဝေရဲ့ စီမံကိန်းတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ကို မင်းကိုပဲ ပေးလိုက် မယ်..."
စုံစမ်းစစ်ဆေးရေးဌာန၏ ကပ်ပတိန်များအနက် တစ်ဦးဖြစ်သော ဖန်းယွီချီသည် ဤလျှို့ဝှက်တာဝန် အတွက် အသင့်တော်ဆုံး ပုဂ္ဂိုလ်ပင် ဖြစ်သည် ။
အတိတ်ကာလက သူသည် အဖွဲ့သို့ စတင်ဝင်ရောက်သည်နှင့် ယောင်ရန် ရှိနေကြောင်းကို ရှာဖွေတွေ့ရှိ ခဲ့ပြီး လန်ကွမ်းဟွေ့၏ အကြံအစည်များနှင့် ပြစ်မှုများကို ဖော်ထုတ်ပေးခဲ့သူ ဖြစ်၏ ။ ဖန်းယွီချီ၏ ထက်မြက်သော စုံစမ်းစစ်ဆေးနိုင်စွမ်းကို ထည့်သွင်းစဉ်းစားကာ ဖုကျုံးရှန်းသည် သူသည် ကောက်ရှုဝေ ၏ စီမံကိန်းများကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ထားပေသည် ။
ဖန်းယွီချီက ခေါင်းငြိမ့်ပြကာ အမိန့်ကို လက်ခံလိုက်လေသည်...၊
"ဟုတ်ကဲ့ပါ တပ်မှူး..."
ထို့နောက် ဖုကျုံးရှန်းသည် ရှောရှင်းမင်ဘက်သို့ လှည့်ကာ ဆိုပြန်သည် ။
"ပရော်ဖက်ဆာရှော... ကျွန်တော် ပိုမိုများပြားတဲ့ အရင်းအမြစ်တွေကို ခွဲဝေပေးပြီး မင်းရဲ့ သုတေသနမှာ ကူညီဖို့ နောက်ထပ် စွမ်းအားရှင်တွေကို စေလွှတ်ပေးပါမယ်... အသစ်တွေ့ရှိထားတဲ့ စွမ်းအားတွေ အပေါ် သုတေသနကို အရှိန်မြှင့်ပေးပါ... နောက်လမှာ ရလဒ်တွေကို မြင်တွေ့ချင်ပါတယ်..."
ရှောရှင်းမင်က ခေါင်းငြိမ့်ပြကာ၊
"ဟုတ်ကဲ့ပါ တပ်မှူး..."
တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဖုကျုံးရှန်းက ထပ်လောင်း မှာကြားလိုက်လေ၏ ။
"ပြီးတော့ သတိရပါ... စွမ်းအားရှင်တွေကို မထိခိုက်ပါစေနဲ့... သူတို့ဟာ နောင်အနာဂတ်မှာ လူသားတွေ ရှင်သန်နိုင်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာနိုင်လို့ပဲ..."
"စိတ်မပူပါနဲ့... ကျွန်မတို့ သူတို့ဆီကနေ နမူနာယူဖို့အတွက် သွေးအနည်းငယ်ပဲ လိုအပ်တာပါ..."
ရှောရှင်းမင်က ပြုံးလျက် ပြန်ဖြေလေသည် ။
ထိုစကားကြောင့် ဖုကျုံးရှန်း စိတ်သက်သာရာ ရသွားပြီး၊
"ကောင်းပြီ... ဒီအစည်းအဝေးကို ဒီမှာပဲ အဆုံးသတ်ကြစို့... အားလုံးပဲ ကိုယ့်တာဝန်ကိုယ် ပြန်လည် ထမ်းဆောင်ကြလို့ရပါပြီ..."
ကပ်ပတိန်များနှင့် အဆင့်မြင့်အရာရှိများသည် ထရပ်ကာ ဖုကျုံးရှန်းကို အလေးပြုပြီး အစည်းအဝေး ခန်းမအတွင်းမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားခဲ့ကြလေသည် ။
ယောင်ယွဲ့ချွမ်မှာ ထိုင်ခုံတွင် ထိုင်မြဲရှိနေသည်ကို သတိပြုမိသဖြင့် ဖုကျုံးရှန်းက မေးလိုက်လေ၏ ။
"ယွဲ့ချွမ်... မင်း ဘာလို့ မသွားသေးတာလဲ..."
ယောင်ယွဲ့ချွမ်က နှုတ်ခမ်းဆူကာ ညည်းတွားလိုက်လေသည်...။
"ဦးလေးဖုက တခြားသူတွေကို တာဝန်တွေ ပေးပြီးတော့ ၊ ကျွန်တော့်ကျတော့ ဘာလို့ တာဝန်တစ်ခုမှ မပေးတာလဲ..."
ဖုကျုံးရှန်းက ယောင်ယွဲ့ချွမ်ကို မျက်လုံးလှန်ကြည့်ကာ ဆို၏ ။
"မင်းက ပြန်ရောက်ကာစပဲ ရှိသေးတာ ၊ မင်းရဲ့ ဒဏ်ရာတွေကလည်း မသက်သာသေးဘူးလေ... ဒါ့အ ပြင် အခုလောလောဆယ် မင်းနဲ့ သင့်တော်တဲ့ တာဝန်လည်း မရှိသေးဘူး..."
ယောင်ယွဲ့ချွမ်၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို မြင်သောအခါ ဖုကျုံးရှန်းက ဆက်ပြောလိုက်လေ သည် ။
"မင်းလည်း အခုပဲ စွမ်းအားတစ်ခု ရလာတယ် မဟုတ်လား... မင်းမှာ လုပ်စရာ မရှိဘူးဆိုရင်တော့ ပရော်ဖက်ဆာရှောရဲ့ သုတေသနတွေမှာ ကူညီပေးလိုက်ပေါ့..."
ထိုစကားကို ချန်ထားရစ်ကာ သူသည် မှိုင်တွေနေသော ယောင်ယွဲ့ချွမ်ကို လှည့်မကြည့်ဘဲ အစည်းအဝေး ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့လေသည် ။ လုပ်စရာ မရှိတော့သဖြင့် ယောင်ယွဲ့ချွမ်သည်လည်း ဓာတ်ခွဲ ခန်းသို့ သွားကာ သူ၏ သွေးများကို လှူဒါန်းရန်မှအပ အခြားမရှိတော့ပေ ။
ယောင်လုံခြုံရေးကုမ္ပဏီ မှ လူတိုင်းသည် သူတို့၏ တာဝန်သစ်များဖြင့် အလုပ်ရှုပ်နေကြစဉ် ၊ ဟိုင်ချန်မြို့ ရှိ အသက်ရှင်ကျန်ရစ်သူများမှာမူ ပင်လယ်ရေများကို စစ်ထုတ်ရန်အတွက်သာ အာရုံစိုက်နေကြလေ သည် ။
နယ်မြေ၏ ခြောက်ဆယ်ရာခိုင်နှုန်းမှာ ပင်လယ်နှင့် ထိစပ်နေသဖြင့် ဟိုင်ချန်မြို့သည် ရေရှာဖွေနေကြ သော အခြားဒေသမှ အသက်ရှင်ကျန်ရစ်သူများအတွက် ခိုလှုံရာ နေရာတစ်ခု ဖြစ်လာခဲ့လေသည် ။
စစ်ထုတ်ထားသော ပင်လယ်ရေမှာ ခါးသက်စူးရှသော အရသာရှိသော်ငြားလည်း ၊ ရေငတ်၍ သေရခြင်း ထက်မူ ပိုမို ကောင်းမွန်လှပေသည် ။ ရလဒ်အနေဖြင့် နေ့စဉ်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူ အများအ ပြားမှာ ဟိုင်ချန်မြို့သို့ ရောက်ရှိလာကြ၏ ။
ယနေ့တွင် အသက်ရှင်ကျန်ရစ်သူများသည် နေဝင်ပြီးနောက် နိုးထလာကြကာ သူတို့၏ ပုံမှန်အလုပ်ဖြစ် သော ပင်လယ်ရေစစ်ထုတ်ခြင်းကို စတင်ကြလေသည်။ သူတို့သည် စိတ်ဝိညာဉ်မပါသော ရုပ်သေးရုပ် များကဲ့သို့ ထုံထိုင်းလေးလံစွာ အလုပ်လုပ်နေကြစဉ် ၊ ကလေးငယ်တစ်ဦးသည် မိုးကုပ်စက်ဝိုင်းဆီသို့ ငေးကြည့်ရင်း သူမ မိခင်၏ ညစ်ပေနေသော အဝတ်အစားများကို လှမ်းဆွဲလိုက်လေ၏ ။
"မေမေ... ဟိုမှာ မှိုကြီးလား... သမီး တစ်လုပ်လောက် စားလို့ ရမလား..."
ကောင်မလေးက မျှော်လင့်ချက်များ ပြည့်နှက်နေသော အက်ရှရှအသံလေးဖြင့် မေးလိုက်လေသည် ။
သူမ၏ မိခင်မှာမူ ပင်လယ်ရေများကို အိုးလေးတစ်ခုထဲသို့ လောင်းထည့်ကာ အဖုံးပိတ်ပြီး ရေစစ်ထုတ် ရန်အတွက် ဆူပွက်အောင် တည်နေသဖြင့် ကလေးငယ်အား ပြန်မဖြေနိုင်ခဲ့ပေ ။
ကလေးငယ်သည် သူမ၏ မိခင်၏ အဝတ်အစားများကို ထပ်မံဆွဲကာ အက်ရှရှအသံဖြင့် ဆိုပြန်သည် ၊
"မေမေ... မှိုကြီးက ပိုပြီး ကြီးလာပြီ..."
ပင်ပန်းနွမ်းနယ်ကာ ရေငတ်နေသော ထိုအမျိုးသမီးမှာ ပြန်လည်ဖြေရန်အတွက် အင်အားပင် မရှိသ လောက် ဖြစ်နေသော်လည်း ၊ သူမ၏ သမီးငယ် ညွှန်ပြရာ လမ်းကြောင်းသို့ လှည့်ကြည့်လိုက်လေသည်။
ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းပေါ်တွင် ထူထပ်လှသော တိမ်တိုက်စုကြီးများ မြင့်တက်လာကာ ကောင်းကင်ယံ၌ ဆွဲထားသော ဧရာမ ပေပေါ် ကြီးတစ်ခုအသွင် ပေါင်းစပ်သွားကြ၏ ။
ထိုတိမ်တိုက်ကြီးများ၏ အောက်ခြေမှာ မှောင်အတိ ကျနေပြီး ထိပ်ပိုင်းမှာမူ ပြားချပ်နေပေသည်။ လျှပ်စီးတန်းများမှာ ကောင်းကင်ယံအနှံ့ ပင့်ကူအိမ်ကဲ့သို့ ဖြာထွက်ကာ အောက်ဘက်ရှိ မှောင်မည်းနေ သော ပင်လယ်ပြင်ကို လင်းထိန်သွားစေ၏ ။
ထိုအမျိုးသမီးသည် မိုးကြိုးတိမ်တိုက်ကြီးများကို ငေးကြည့်ရင်း အတန်ကြာအောင် မှင်တက်နေပြီးမှ သူမ၏ မျက်ဝန်းများမှာ တောက်ပလာခဲ့လေသည် ။
သူမသည် သူမ၏ သမီးငယ်၏ အားနည်းလှသော ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်ကာ တုန်ရီသော အသံဖြင့် ပြောလိုက်လေ၏...၊
"သမီးလေး... အဲဒါ မှိုမဟုတ်ဘူး... အဲဒါတွေက မိုးတိမ်တွေလေ... မကြာခင် မိုးရွာတော့မယ်၊ တို့တွေ သောက်ဖို့ ရေရတော့မှာပေါ့..."
အစားအစာအစား မိုးရွာမည့်အကြောင်း ကြားလိုက်ရသဖြင့် ကလေးငယ်၏ မျက်နှာမှာ ညှိုးငယ်သွား သော်လည်း ၊ ရေသောက်ရမည်ဟူသော အတွေးကြောင့် ပြန်လည် ဝမ်းသာသွားခဲ့လေသည် ။
သူမသည် သူမ၏ ကွဲအက်နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ရင်း မေးလိုက်၏...၊
"မေမေ... ဒီတစ်ခါတော့ သမီး ရေတွေ အများကြီး သောက်လို့ ရပြီလား..."
အမျိုးသမီး၏ မျက်ဝန်းများမှာ နီမြန်းလာသော်လည်း စီးကျလာမည့် မျက်ရည်ပင် မကျန်တော့ပေ။ သူမ သည် သမီးငယ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ရတာပေါ့ သမီးလေးရဲ့... မိုးရွာတဲ့အခါ သမီး ကြိုက်သလောက် သောက်စေရမယ်..."
မိခင်၏ ကတိစကားကို ကြားသောအခါ ကလေးငယ်မှာ ပြုံးလိုက်ပြီး မိခင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရောက်ရှိလာတော့မည့် မိုးတိမ်တောင်ကြီးများကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေတော့သည် ။
ထိုမိခင်နှင့် သမီးငယ်ကဲ့သို့ပင် အခြားသော အသက်ရှင်ကျန်ရစ်သူများသည်လည်း သူတို့၏ အလုပ် များကို ရပ်တန့်ကာ ဝေးကွာလှသော မိုးကြိုးတိမ်တိုက်ကြီးများကို မျှော်လင့်ချက် အပြည့်ဖြင့် ငေးကြည့် နေကြလေသည် ။
မိနစ်အနည်းငယ်အတွင်းမှာပင် မှောင်မည်းနေသော တိမ်တိုက်ကြီးများမှာ ပိုမို ကြီးမားလာကာ ကမ်းခြေ နှင့် နီးကပ်လာခဲ့လေ၏ ။
သို့သော်လည်း အသက်ရှင်ကျန်ရစ်သူများက မိုးရွာရန် မျှော်လင့်နေကြသော်ငြားလည်း ၊ ရောက်ရှိလာ တော့မည့် မုန်တိုင်း၏ အစစ်အမှန် အန္တရာယ်ကို နားလည်ထားသူများမှာမူ သူတို့၏ ပစ္စည်းများကို စတင် သိမ်းဆည်းနေကြပြီ ဖြစ်လေသည်။