← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၀)

မိုးကြိုးမုန်တိုင်းနှင့် ဧရာမဆူနာမီ (၂)

ကမ်းခြေအနီးရှိ ဗီလာများအနက် တစ်ခုအတွင်း၌ ရွှီရူဟန်သည် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မား သော ပြတင်းပေါက်ကြီး၏ ရှေ့တွင် ရပ်နေ၏။ ချဉ်းကပ်လာသော မိုးကြိုးတိမ်တိုက်ကြီးများကို ကြည့် ရင်း သူ၏ မျက်ဝန်းများမှာ မှောင်မှိုင်းသွားလေသည်။

သူသည် လက်အောက်ငယ်သား တစ်ဦးထံမှ မှန်ပြောင်းကို ယူ၍ ပင်လယ်ပြင်ကို အကဲခတ်ကြည့်လိုက် လေ၏။ တိမ်တိုက်များ၏ နောက်ကွယ်​တွင် ရှိနေသောအရာကို မြင်လိုက်ရသောအခါ သူ၏ စိတ်နှလုံး မှာ တုန်လှုပ်သွားတော့သည်။

ကမ်းခြေသို့ ချဉ်းကပ်လာသည်မှာ ဧရာမ မိုးကြိုးတိမ်တိုက်ကြီးများသာမက ၊ ထိုမှောင်မည်းနေသော တိမ်တိုက်ကြီးများ၏ နောက်ကွယ်တွင် မြင့်မားလှသော ရေတံတိုင်းကြီး တစ်ခုလည်း ပါဝင်နေခြင်း ဖြစ်၏။

သူ၏ ခန့်မှန်းခြေ တွက်ချက်မှုအရ ပထမလှိုင်းသည် မုန်တိုင်းနှင့်အတူ ဆယ်မိနစ်မပြည့်မီ အချိန်အတွင်း ကမ်းခြေသို့ ရိုက်ခတ်လာမည် ဖြစ်သည်။

ရွှီရူဟန်သည် အသိပြန်ဝင်လာကာ မှန်ပြောင်းကို လက်အောက်ငယ်သားထံ ပြန်ပေးလျက် အမိန့်ပေး လိုက်လေ၏။

"ပစ္စည်းတွေ သိမ်းကြ... ငါတို့ အခုချက်ချင်း ထွက်ခွာမယ်..."

"ဟုတ်ကဲ့ပါ..."

ရွှီရူဟန်၏ လူများသည် ကောင်းစွာ လေ့ကျင့်ထားသူများ ဖြစ်ကြသဖြင့် မည်သည့်မေးခွန်းမျှ မမေးဘဲ အမိန့်ကို နာခံကြလေသည် ။ သူ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ လျင်မြန်စွာ လှုပ်ရှား ကြလေတော့၏။

သူ၏ အဖွဲ့သားများ ပစ္စည်းသိမ်းနေစဉ်အတွင်း ရွှီရူဟန်သည် ဘေးနားရှိ အခြားဗီလာတစ်ခုသို့ အပြေး အလွှား သွားခဲ့လေသည် ။

ဗီလာကို စောင့်ကြပ်နေသော အစောင့်များကို ဂရုမစိုက်ဘဲ သူသည် ဂိတ်တံခါးကို ဖြတ်ကျော်ကာ ပင်မ ခန်းမအတွင်းသို့ လှမ်းဝင်လိုက်၏။

"မူရှီချန်... ဟွာရှန့်ယန်..."

သူက အော်ခေါ်လိုက်လေသည် ။

ခဏအကြာတွင် မူရှီချန်နှင့် ဟွာရှန့်ယန်တို့သည် သူတို့၏ အခန်းများထဲမှ ထွက်လာကြ၏။ တစ်ဦးက အစီရင်ခံစာ အထပ်လိုက်ကို ကိုင်ဆောင်ထားပြီး ၊ အခြားတစ်ဦးမှာမူ ကာကွယ်ရေးမျက်မှန်နှင့် ခွဲစိတ် ခန်းသုံး လက်အိတ်များကို ဝတ်ဆင်ထားသည် ။ သူတို့နှစ်ဦးစလုံးမှာ ရွှီရူဟန်ကို မည်သည့် အမူအရာမျှ မပြဘဲ စိုက်ကြည့်နေကြလေ၏။

သူတို့ကို မြင်သောအခါ ရွှီရူဟန်က အရေးတကြီး ပြောလိုက်လေသည် ။

"နောက်နှစ်မိနစ်နေရင် ထွက်တော့မယ်... မြန်မြန်ပြင်ကြ..."

သူ၏ အေးစက်သော မျက်ဝန်းများထဲမှ စိုးရိမ်ပူပန်မှုကို သတိပြုမိသဖြင့် ထိုအမျိုးသားနှစ်ဦးသည် မည် သည့်စကားမျှ မဆိုဘဲ ပစ္စည်းများ သိမ်းဆည်းရန် သူတို့၏ အခန်းများသို့ ပြန်ဝင်သွားကြလေသည်။

တိကျသော နှစ်မိနစ်အကြာတွင် သူတို့သုံးဦးသည် စစ်သုံးယာဉ်ပေါ်သို့ တက်လိုက်ကြပြီး သူတို့၏ အဖွဲ့ နှင့်အတူ ဟိုင်ချန်ကမ်းခြေ မှ ထွက်ခွာလာခဲ့ကြလေ၏။

စစ်သုံးယာဉ် လေးဆယ်ကျော် တစ်ပြိုင်နက်တည်း ထွက်ခွာသွားခြင်းမှာ အသက်ရှင်ကျန်ရစ်သူများ၏ အာရုံကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့လေသည် ။ ရွှီရူဟန်၏ မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားသူများ သည် သူတို့၏ ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းကာ ယာဉ်တန်းနောက်သို့ လိုက်ပါကြသော် လည်း ၊ မိုးရွာမည်ကို မျှော်လင့်နေဆဲ ဖြစ်သူများမှာမူ စိတ်အားထက်သန်စွာဖြင့် ကျန်ရစ်နေခဲ့ကြလေ သည် ။

စစ်သုံး အားကစားသုံးယာဉ် အတွင်း၌ မူရှီချန်သည် သူ၏ လက်ပ်တော့ပ် ပေါ်တွင် အချက်အလက်များ ရိုက်နှက်ရန်သာ အာရုံစိုက်နေ၏ ။ သူ၏ ဘေးတွင် ထိုင်နေသော ဟွာရှန့်ယန်မှာမူ စိုးရိမ်မှုများ ပြည့်နှက် နေသော မျက်နှာဖြင့် အနောက်ဘက်ရှိ နိမိတ်မကောင်းသော မိုးကြိုးတိမ်တိုက်ကြီးများကို ငေးကြည့်နေ မိလေသည် ။

စာစီနေသော အသံမှအပ ကားအတွင်း၌ တိတ်ဆိတ်နေပေသည် ။ မူရှီချန် စကားပြောရန် ပြင်လိုက်စဉ် မှာပင် နေရောင်ခြည်မှာ လုံးဝ ကွယ်ပျောက်သွားပြီး ကောင်းကင်ယံမှာ မှောင်အတိ ကျသွားလေတော့ ၏။

ထိုသည်ကို မြင်သောအခါ ရွှီရူဟန်၏ မျက်နှာမှာ မှောင်မှိုင်းသွားလေသည် ။

"မြန်မြန် မောင်း..."

သူက အမိန့်ပေးလိုက်လေ၏ ။

နောက်ကြည့်မှန်မှတစ်ဆင့် ယာဉ်မောင်းသည် သူ၏ ဘဝတစ်လျှောက်လုံး ခြောက်လှန့်နေမည့် မြင်ကွင်း တစ်ခုကို မြင်လိုက်ရလေသည် ။

ကောင်းကင်ယံမှာ လျင်မြန်စွာ မှောင်မည်းလာပြီး မြင့်မားလှသော ရေတံတိုင်းကြီး တစ်ခုမှာ အရှိန်အ ဟုန်ဖြင့် ချဉ်းကပ်လာနေပေ၏။ ရေတံတိုင်းကြီး၏ အပေါ်ဘက်တွင် လျှပ်စီးတန်းများမှာ ပင့်ကူအိမ် ကဲ့သို့ ဖြာထွက်နေပြီး ၊ မိုးကြိုးတိမ်တိုက်ကြီးများသည်လည်း တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမို နိမ့်ဆင်း လာနေပေသည် ။

အဘယ်အရာ ရောက်ရှိလာတော့မည်ကို သိရှိလိုက်သဖြင့် ယာဉ်မောင်း၏ လက်များမှာ တုန်ရီလာပြီး ခန္ဓာကိုယ်မှာလည်း အေးစက်သွားရလေ​ေ။

၎င်းမှာ ဧရာမ ဆူနာမီ ကြီးပင် ဖြစ်ချေသည်။

သူသည် အံကို တင်းတင်းကြိတ်လျက် စတီယာရင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ လီဗာကို အဆုံးထိ နင်းလိုက်လေသည် ။ ထိုယာဉ်သည် ရောက်ရှိလာတော့မည့် ဧရာမ ဆူနာမီ ဒဏ်မှ လွတ်မြောက်နိုင် ပါ စေကြောင်း စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိလေသည် ။

ရှေ့ဆုံးမှ ကားသည် အရှိန်မြှင့်လိုက်သည်ကို မြင်သောအခါ အနောက်ရှိ ယာဉ်များသည်လည်း တစ်စီးနှင့် တစ်စီး တတ်နိုင်သမျှ ကပ်လျက် လိုက်ပါလာခဲ့ကြလေ၏။

တစ်ချိန်တည်းမှာပင် ကမ်းခြေပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများသည် မြင့်မားလှသော ရေတံတိုင်းကြီး ကို သတိပြုမိသွားကြပြီး ၊ အခြေအနေမှာ အလွန်ပင် ဆိုးရွားနေပြီဖြစ်ကြောင်း နောက်ဆုံး၌ သိရှိသွား ကြတော့သည် ။ သူတို့သည် ခဏမျှ မှင်တက်သွားကြပြီးနောက်တွင်မူ အော်ဟစ်ငိုကြွေးရင်း ထိတ်လန့် တကြား ဖရိုဖရဲ ထွက်ပြေးကြလေတော့သည် ။

ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာတော့၏ ။

လူများသည် တစ်ဦးကိုတစ်ဦး တွန်းတိုက်ကာ နင်းဖြတ်သွားကြသည် ၊ မိသားစုများ ကွဲကွာကုန်ကြပြီး လူအုပ်ကြီးမှာ မှောင်မည်းနေသော ဒီရေလှိုင်းကြီးကဲ့သို့ လမ်းကြောင်းအနှံ့သို့ တိုးဝှေ့ပြေးလွှားနေ ခဲ့ကြလေတော့သည် ။

ကမ်းစပ်အနီးတွင်မူ ခေတ္တမျှကပင် မျှော်လင့်ချက်များ ရှိနေခဲ့သော မိခင်နှင့် သမီးငယ်တို့မှာ သူတို့ အပေါ်သို့ မိုးကွယ်လုမတတ် ရှိနေသော ဧရာမ ရေတံတိုင်းကြီးကို ငေးကြည့်ရင်း မှင်တက်နေကြ၏ ။

ကလေးငယ်သည် ဇဝေဇဝါဖြစ်မှုနှင့် ကြောက်ရွံ့မှုများကြောင့် မိခင်ဖြစ်သူကို တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့လေသည် ။

"မေမေ... ရေတွေ အများကြီးပဲ..."

ကလေးငယ်က တုန်ရီသော အသံဖြင့် ပြောလိုက်သည် ။

မိခင်ဖြစ်သူက သူမ၏ သမီးငယ်ကို တတ်နိုင်သမျှ တင်းတင်းကြပ်ကျပ် ပွေ့ဖက်ထား၏ ။ သူမသည် သမီးငယ်၏ ပိန်ချောင်ကာ ညစ်ပေနေသော ပါးပြင်လေးကို နမ်းလျက် တိုးတိုးလေး ပြောလိုက်လေ သည်။

"သမီးလေး... မေမေ သမီးကို ချစ်..."

သို့သော်လည်း သူမ စကားမဆုံးခင်မှာပင် ဧရာမ လှိုင်းလုံးကြီးမှာ ဝုန်းခနဲ ပြိုကျလာကာ လမ်းကြောင်း ပေါ် ရှိ အရာအားလုံးကို ဝါးမြိုသွားတော့၏ ။ လူအုပ်ကြီးမှာ ချက်ချင်းပင် လွင့်စင်သွားကြပြီး လွတ် မြောက်ရန် မကြိုးစားနိုင်မီမှာပင် ကရုဏာမဲ့သော ရေလှိုင်းကြီးအောက်သို့ နစ်မြုပ်သွားခဲ့ကြလေတော့ သည်။

"ဝုန်း... ဂျိန်း… ဝုန်း..."

လျှပ်စီးများ လက်သွားသဖြင့် အောက်ခြေရှိ ကပ်ဘေးသင့် မြင်ကွင်းမှာ ခဏမျှ လင်းထိန်သွားကာ ထွက် ပြေးနေသူများ၏ ထိတ်လန့်မှုကို ပိုမို ဆိုးရွားစေခဲ့လေသည် ။ လှိုင်းလုံးကြီးများသည် ဟိန်းဟောက် လျက် ဗီလာများ ၊ ငါးဖမ်းလှေများနှင့် ယာဉ်များအားလုံးကို ရိုက်ခွဲပစ်လိုက်လေ၏ ။

မီတာ လေးရာကျော် မြင့်မားသော ပထမလှိုင်းလုံးကြီးသည် လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်စဉ် ၊ ၎င်းနောက်တွင် ပိုမိုကြီးမားသော လှိုင်းလုံးကြီးများကလည်း လိုက်ပါလာနေပေ သည် ။

"ဝုန်း..."

ဒုတိယလှိုင်း ရိုက်ခတ်လာသောအခါ မိုးမှာ စတင် သည်းထန်လာပြီး ၊ ရပ်တန့်ခြင်းမရှိသော မိုးကြိုးသံ များနှင့် လျှပ်စီးတန်းများလည်း ပါဝင်လာခဲ့၏ ။

"ဂျိန်း... ဝုန်း..."

အရှိန်နှင့် မောင်းနှင်နေသော ကားအတွင်း၌ မူရှီချန်၏ မျက်လုံးများမှာ လက်ပ်တော့ပ် မျက်နှာပြင်ပေါ် တွင်သာ ရှိနေ၏ ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက တည်ငြိမ်စွာ ကြေညာလိုက်လေသည်။.

"မိုးကြိုးမုန်တိုင်း ရောက်လာပြီ... နောက်ထပ် သုံးမိနစ်အတွင်းမှာ ပိုမြင့်တဲ့ လှိုင်းလုံး ဆယ်ခုကျော် မြေပြင်ကို ထပ်ပြီး ရိုက်ခတ်လိမ့်မယ်... ငါ့ရဲ့ တွက်ချက်မှုအရ ဟိုင်ချန်ကမ်းခြေဟာ နာရီဝက်အတွင်း မြေပုံပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်..."

ရွှီရူဟန်နှင့် ဟွာရှန့်ယန်တို့သည် မှိန်ဖျဖျ လင်းနေသော ကားအတွင်း၌ တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး ကြည့်လိုက်ကြ၏ ။ မိုးကြိုးတိမ်တိုက်ကြီးများကြောင့် ကောင်းကင်မှာ မှောင်မည်းနေသဖြင့် အနောက် ဘက်မှ ပျက်စီးဆုံးရှုံးမှုများကို မြင်တွေ့ရန် မဖြစ်နိုင်ပေ ။

ရွှီရူဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် နောက်ကြည့်မှန်မှတစ်ဆင့် မူရှီချန်ကို ကြည့် ကာ မေးလိုက်လေသည် ။

"ရှီချန်...ဒီဆူနာမီက ကုန်းတွင်းပိုင်း ဘယ်လောက်အထိ ရောက်မှာလဲ..."

သူက ခက်ထန်စွာ မေးလိုက်လေ၏ ။

မူရှီချန်သည် ခေတ္တမျှ စာစီလိုက်ပြီးနောက် ပြန်ဖြေလေသည်...၊

"အချက်အလက်တွေအရ ဒီဆူနာမီဟာ ဟိုင်ချန်မြို့တစ်ခုလုံးကို ဝါးမြိုသွားပြီး သမုဒ္ဒရာထဲ နစ်မြုပ်သွား စေပါလိမ့်မယ်... နှစ်ရက်အတွင်း ပင်လယ်ရေမျက်နှာပြင်ဟာ မီတာ (၂၀၀) ကျော် မြင့်တက်လာမှာဖြစ် ပြီး ၊ ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ ကုန်းမြေ နယ်နိမိတ်တွေဟာလည်း တဖြည်းဖြည်း ကျုံ့ဝင် သွားပါလိမ့်မယ်..."

သူ၏ အဖြေကြောင့် ရွှီရူဟန်၏ မျက်နှာမှာ မှောင်မှိုင်းသွားလေသည် ။ သူသည် သူ၏ ငယ်သူငယ်ချင်း ကို ကြည့်ကာ မေးလိုက်လေ၏ ။

"ဒါဆို မင်းပြောချင်တာက ငါတို့မှာ ဟိုင်ချန် အခြေစိုက်စခန်း ကို စွန့်ခွာပြီး ရွှေ့ပြောင်းဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူးပေါ့..."

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မူရှီချန်က ခေါင်းငြိမ့်ပြကာ ပြေလိုက်လေသည်...၊

"ဟုတ်တယ်..."

သူ ထိုသို့ပြောလိုက်သောအခါ ကားအတွင်း၌ တိတ်ဆိတ်သွားတော့၏ ။ သူတို့သုံးဦးသည် လူတိုင်း၏ ဘေးကင်းရေးကို သေချာစေရန် နည်းလမ်းများကို အသည်းအသန် ရှာဖွေနေကြစဉ် ၊ ယာဉ်မောင်း၏ ခန္ဓာကိုယ်မှာမူ ချွေးစေးများဖြင့် စိုရွှဲနေခဲ့ပေသည် ။

သူတို့၏ အနောက်တွင်မူ ဧရာမ ဆူနာမီ ၏ ပထမလှိုင်းလုံးကြီးမှာ နီးကပ်လာနေပြီ ဖြစ်၏ ။

ယာဉ်တန်း၏ နောက်ဆုံးရှိ စစ်သုံးယာဉ်များဆီသို့ ရောက်ရှိရန် မီတာ ရာဂဏန်းသာ လိုတော့သည်ကို မြင်သောအခါ ယာဉ်မောင်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး လီဗာကို ပိုမို နင်းလိုက်လေသည် ။

အင်ဂျင်သံမှာ ဝူးခနဲ မြည်ဟည်းသွားပြီး ကားမှာလည်း အရှိန်တက်လာခဲ့သည် ၊ သို့သော်လည်း သည်းထန်သော မိုးနှင့် မှောင်မည်းမှုကြောင့် လမ်းပေါ်ရှိ အတားအဆီးများကို ရှောင်ကွင်းရန်မှာ အလွန်ပင် ခက်ခဲနေပေတော့သည်။

All Chapters