အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း (၁၂၂) အမွှေးဖြူ ဝံပုလွေဘုရင်
အဖွဲ့ခေါင်းဆောင် လီလန်သည် မိခင်သားရဲကို အမှန်တကယ် ကယ်တင်နေကြောင်း မုဆိုးများက အံ့သြတကြီး အာမေဍိတ်သံများ ပြုလိုက်ကြလေသည်။
"ဟုတ်တာပေါ့... ဟိုတောကြောင်ရိုင်းပေါက်စလေးက အဖွဲ့ခေါင်းဆောင်လီနဲ့ သက်ဆိုင်နေတာကိုး... ဒါ့ကြောင့်လည်း မိခင်တောကြောင်ရိုင်းကို သူ ကယ်တင်ခဲ့တာပေါ့..."
"အိုး... အဖွဲ့ခေါင်းဆောင်လီက တကယ့်လူကောင်းပဲ... တောင်ပေါ်က တောရိုင်းတိရစ္ဆာန်တွေရဲ့ အသက်ကိုတောင် သူက ကယ်တင်ပေးသေးတယ်... သူ့မှာ ဗောဓိသတ္တတစ်ပါးရဲ့ နှလုံးသားမျိုး ရှိနေတာပဲ..."
"မှန်တာပေါ့... တစ်ဖက်မှာတော့ တခြားအဖွဲ့ခေါင်းဆောင်တစ်ယောက်ကို ကြည့်လိုက်ပါဦး..."
စကားပြောနေသော မုဆိုးအိုကြီးသည် ကြိုးတုပ်ခံထားရသော ရှီအာဟူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းကိုသာ ယမ်းလိုက်မိတော့သည်။
မုဆိုးများသည် တောင်ပေါ်နှင့် ရေပေါ်တွင် မှီခိုအသက်မွေးကြသူများဖြစ်၍ သေနတ်၊ ဓားမတို့ဖြင့် အမဲလိုက်ကာ တောယုန်နှင့် တောဝက်သားတို့ကို စားသောက်ကြသူများ ဖြစ်ကြသည်။
သို့သော် သူတို့အားလုံးသည် နှလုံးသားမဲ့သော လူဆိုးလူယုတ်များတော့ မဟုတ်ကြပေ။
တောင်ပေါ်တွင် ကိုယ်ဝန်ဆောင်နေသော အမကောင်နှင့် ကြုံတွေ့ရပါက များသောအားဖြင့် လွှတ်ပေးတတ်ကြစမြဲ ဖြစ်သည်။
မိခင်သားရဲသည် ကိုယ်ဝန်ဆောင်ထားရပြီး ၎င်း၏ ဝမ်းဗိုက်ထဲတွင် အသက်ဝင်နေသော သက်ရှိအသစ်လေးများ ကြီးထွားနေသောကြောင့် ထိုအကောင်ကို သေနတ်ဖြင့်ပစ်ခတ်ခြင်းမှာ လွန်စွာရက်စက်ရာ ကျလွန်းလှပေသည်။
မုဆိုးများသည် မုဆိုးများဖြစ်ကြသော်လည်း သူတို့လည်း လူသားများပင် ဖြစ်ကြလေသည်။
အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းတို့သည် မိသားစုကို ထောက်ပံ့ရန်နှင့် အသက်ရှင်သန်ရန်အတွက် အသက်မွေးဝမ်းကျောင်းပြုခြင်းသာ ဖြစ်သည်။
သို့သော် သူတို့တွင်လည်း သတ်မှတ်ထားသော ကိုယ်ကျင့်တရားစည်းမျဉ်းများရှိကြပြီး ဖမ်းမိသမျှ တောရိုင်းတိရစ္ဆာန်တိုင်းကို သေသည်အထိ ရိုက်နှက်တတ်ကြသည်တော့ မဟုတ်ပေ။ ထိုကဲ့သို့ လုပ်ဆောင်လေ့ မရှိကြချေ။
ရှေးဟောင်းဓလေ့ထုံးစံအရ တောင်ပေါ်တွင် ကိုယ်ဝန်ဆောင်နေသော မိခင်သားရဲတစ်ကောင်နှင့် ဆုံတွေ့ပါက သေနတ်ကို သိမ်းဆည်း၍ လွှတ်ပေးရမည် ဖြစ်သည်။
ဤသည်မှာ ကောင်းမှုကုသိုလ်တစ်ခု ဖြစ်ရုံသာမက မုဆိုးများ၏ အနာဂတ်တိုးတက်မှုအတွက်လည်း ဖြစ်လေသည်။
လူတို့သည် အသက်မွေးဝမ်းကျောင်းပြုရန်အတွက် တောင်တန်းများကို မှီခိုကြရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တောင်ပေါ်ရှိ သယံဇာတများလည်း ကုန်ခန်းသွားမည်သာ ဖြစ်သည်။
မာလောင်တကဲ့သို့သော မုဆိုးများအားလုံးသည် သူတို့၏ ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာခဲ့သော ဘိုးဘေးများ၏ အဆုံးအမများကို မှတ်မိနေကြဆဲ ဖြစ်သည်။
"ဟး... အမတောကြောင်ရိုင်းကို ရှီအာဟူက ပစ်ခတ်ခဲ့တာ... သူမ ဒဏ်ရာတော်တော် ပြင်းထန်နေတယ်... အဖွဲ့ခေါင်းဆောင်လီ သူမကို ကယ်တင်နိုင်ပါ့မလား..."
"ဘယ်သူသိမှာလဲ... အဖွဲ့ခေါင်းဆောင်လီက တိရစ္ဆာန်ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဒဏ်ရာရနေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကုသပေးနိုင်တယ်လို့ ဘယ်သူမှပြောတာ ငါ မကြားဖူးပါဘူး..."
"မြန်မြန်လုပ်ကြ... ဝံပုလွေအုပ်ကြီး တောင်ပေါ်ကို တက်လာတော့မယ်..."
"..."
"ဟိုမှာကြည့်စမ်း... အမတောကြောင်ရိုင်း ပြန်ထနေပြီ..."
ရုတ်တရက် လူအုပ်ထဲမှ မုဆိုးတစ်ယောက်က အော်ဟစ်လိုက်လေသည်။
ဝူဝေကျီ တောအုပ်လေးထဲတွင် ပစ်ခတ်ခံထားရသော မိခင်သားရဲသည် လီလန်၏ ကုသမှုကြောင့် မတ်တပ်ရပ်နိုင်လာခဲ့ပြီ ဖြစ်သည်။
"ဒါက... ဒါက..."
မာလောင်တမှာ အံ့သြမှင်တက်သွားလေတော့သည်။
တစ်ဖက်တွင်မူ လီလန်သည် မိခင်တောကြောင်ရိုင်း မတ်တပ်ရပ်လာသည်ကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားကာ ပြုံးလိုက်လေသည်။
"ဆေးက တကယ်ပဲ အလုပ်ဖြစ်တယ်... ထိရောက်မှုရှိသားပဲ..."
"မြောင်..."
"မြောင် မြောင်..."
မိခင်တောကြောင်ရိုင်း၏ အသက်ဆက်လက်ရှင်သန်နိုင်တော့မည့် အရိပ်အယောင်ကို ခံစားမိသွားသောအခါ တောကြောင်ရိုင်းပေါက်စလေး၏ အော်သံများမှာ များစွာပို၍ ရွှင်လန်းလာတော့သည်။
၎င်းသည် မိခင်သားရဲ၏ ရှေ့ခြေထောက်များကို ၎င်း၏ အမွေးပွခေါင်းလေးဖြင့် ပွတ်သီးပွတ်သပ် လုပ်လိုက်လေသည်။
မိခင်သားရဲသည် ခေါင်းကိုငုံ့ကာ ၎င်း၏ ရင်သွေးငယ်ကို ယုယကြင်နာစွာ ကြည့်ရှုလိုက်ပြီး ဖရိုဖရဲဖြစ်နေသော အမွေးများကို သူမ၏ ပန်းရောင်လျှာလေးဖြင့် သပ်ရပ်သွားအောင် လျှာဖြင့်လျက်ပေးလိုက်လေသည်။
"မင်းတို့ ဒီနေရာကနေ မြန်မြန် ထွက်သွားသင့်တယ်... ဝံပုလွေဘုရင်ကြီးက ပြန်လာတော့မယ်..."
လီလန်က သူတို့ကို အလျင်စလို တိုက်တွန်းရင်း ပြောလိုက်သည်။
"မြောင်..."
"မြောင်..."
(စာရေးသူလေ တောကြောင်ရိုင်းအော်သံမကြားဖူးလို့ မြောင်ပဲထည့်ရေးလိုက်ပါတယ်နော်)( ꈍᴗꈍ)
လီလန်အား တုံ့ပြန်လိုက်သည့်အလား သားရဲတိရစ္ဆာန်နှစ်ကောင်၏ အသံများ ထွက်ပေါ်လာလေသည်။
အမတောကြောင်ရိုင်းသည် လီလန်၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားပြီး အထီးတောကြောင်ရိုင်းကို ခေါ်ဆောင်လိုက်သည်။
လီလန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ တောကြောင်ရိုင်းပေါက်စလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ချစ်ခင်ကြင်နာစွာဖြင့် ပြောလိုက်လေသည်။
"ဒီနေ့ မင်းအမေကို တွေ့ရတော့ မင်း ပျော်နေပြီမလား..."
"မြောင်..."
"မင်း ပျော်နေရင် ရပါပြီလေ..."
လီလန်ကလည်း ပြုံးလိုက်သည်။
ဤတောကြောင်ရိုင်းပေါက်စလေးသည် သူနှင့်အတူ အချိန်အတန်ကြာ ရှိနေခဲ့ပြီး မိုးပျံနဂါးများနှင့် တောယုန်များကို ဖမ်းဆီးရာတွင် သူ့အား ကူညီပေးခဲ့သည်။ ၎င်းသည် အစားအသောက်ကြီးပြီး လောဘကြီးသော်လည်း အမဲလိုက်ရာတွင် တော်တော်လေး ကျွမ်းကျင်ကာ သူ့ကို အများကြီး ကူညီပေးခဲ့ဖူးသည်။
"မင်းအမေနဲ့ အတူတူ အိမ်ပြန်တော့... တောင်ပေါ်မှာ အန္တရာယ်များတယ်... လျှောက်မသွားနဲ့... ပြီးတော့ ဟိုမကောင်းတဲ့ မုဆိုးတွေကို အထူးသတိထားဦး..."
"မင်း ကြီးလာတဲ့အခါ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး ဒီတောင်ပေါ်က အရှင်သခင်ကြီး ဖြစ်လာနိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်..."
လီလန်သည် ချစ်ခင်မြတ်နိုးစွာ ပြုံးလိုက်ရင်း တောကြောင်ရိုင်းပေါက်စလေး၏ အမွေးပွခေါင်းလေးကို ပုတ်ပေးကာ ပြောလိုက်သည်။
"မြောင်..."
"မြောင် မြောင်..."
တောကြောင်ရိုင်းပေါက်စလေးသည် ကြည်လင်တောက်ပနေသော မျက်လုံးဝိုင်းကြီးများဖြင့် လီလန်အား ကြည့်လိုက်ပြီးနောက် ၎င်း၏ မိခင်ကို လှမ်းကြည့်လိုက်လေသည်။
မိခင်သားရဲမှာမူ စကားမပြောသော်လည်း ၎င်း၏ ရင်သွေးငယ်ကို နူးညံ့သိမ်မွေ့သော မျက်လုံးများဖြင့်သာ ကြည့်ရှုနေတော့သည်။
"မြောင်..."
တောကြောင်ရိုင်းပေါက်စလေးက အော်ဟစ်လိုက်ပြီးနောက် မိခင်နှင့် ဖခင်တောကြောင်ရိုင်းတို့ကပါ နောက်မှ လိုက်ပါသွားကြသည်။
၎င်းသည် ခြေနှစ်လှမ်းလှမ်းလိုက်တိုင်း သုံးကြိမ်မျှ နောက်ပြန်လှည့်ကြည့်နေခဲ့ပြီး မြက်ခင်းပြင်တောင်ပေါ်ရှိ ဝံပုလွေအသိုက်ကို စွန့်ခွာကာ ဝံပုလွေအုပ်ကြီးရှိရာနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်ထွက်ခွာသွားလေသည်။
"ဟူး..."
"နောက်ဆုံးတော့ သူတို့ ထွက်သွားကြပြီပဲ..."
လီလန်က သက်ပြင်းချလိုက်ကာ စိတ်သက်သာရာရသွားလေသည်။
တောကြောင်ရိုင်းပေါက်စလေးကို ထွက်သွားခွင့်ပြုလိုက်ခြင်းမှာ နောက်ဆုံးရွေးချယ်စရာပင် ဖြစ်သည်။ ၎င်းသာ ထိုနေရာတွင်ရှိနေပါက မိခင်နှင့် ဖခင်တောကြောင်ရိုင်းတို့ကလည်း သေချာပေါက် ထွက်သွားကြမည် မဟုတ်ပေ။
ပြင်းထန်သော သေနတ်ဒဏ်ရာကို ရရှိထားသည့် အမတောကြောင်ရိုင်းသည် ခြေလှမ်းအနည်းငယ်မျှပင် ခက်ခက်ခဲခဲ ပြေးလွှားနိုင်ပြီး သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း သိသိသာသာ လျော့ကျသွားခဲ့လေပြီ။
အကယ်၍ ဝံပုလွေတစ်အုပ်နှင့်သာ ရင်ဆိုင်တွေ့ဆုံခဲ့ရပါက သူတို့အားလုံး အရှင်လတ်လတ် အပိုင်းပိုင်းဆုတ်ဖြဲခံရမည် မဟုတ်ပါလော။
တောကြောင်ရိုင်းများသည် ဝံပုလွေများ၏ အဓိကရန်သူများ ဖြစ်ကြသည်။ အရွယ်အစားတူညီပါက ကြောင်မျိုးရင်းဝင် တိရစ္ဆာန်တစ်ကောင်သည် ခွေးမျိုးရင်းဝင် တိရစ္ဆာန်များကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိပေသည်။
သို့သော်လည်း မိခင်တောကြောင်ရိုင်းမှာ ဒဏ်ရာအလွန်ပြင်းထန်နေသည့်အပြင် ဝံပုလွေအုပ်ထဲတွင်လည်း ဝံပုလွေအရေအတွက်က များပြားလွန်းလှသည်။ ထို့အပြင် သူတို့ကို စူးစိုက်ကြည့်နေသည့် ခေါင်းဆောင်ဝံပုလွေကြီးကလည်း ရှိနေသေးသည်။
အကယ်၍ တိုက်ပွဲအစစ်အမှန်သာ ဖြစ်ပွားလာပါက ဤမိသားစုဝင်သုံးဦးသည် မြက်ခင်းပြင်တောင်ပေါ်တွင် သေချာပေါက် သေဆုံးသွားမည်ဖြစ်ပြီး ဝံပုလွေများ၏ အရှင်လတ်လတ် စားသောက်ခြင်းကို ခံရမည်သာ ဖြစ်လေသည်။
ထို့ကြောင့် တောကြောင်ရိုင်းပေါက်စလေးကို ကာကွယ်ရန်အတွက် လီလန်က မိခင်တောကြောင်ရိုင်းအား ၎င်းကို ခေါ်ဆောင်သွားစေခဲ့ခြင်း ဖြစ်သည်။
"ဒါက ကောင်းမွန်တဲ့ ရေစက်တစ်ခုလို့ သတ်မှတ်နိုင်ပေမယ့် ငါတို့တွေ ထပ်တွေ့ခွင့်ရဦးမလားဆိုတာတော့ ငါလည်း မသိတော့ဘူး..."
ထိုအကောင်ပေါက်လေးသည် ချစ်စရာကောင်းပြီး အမဲလိုက်ရာတွင်လည်း တော်လှပေသည်။ လီလန်သည် ၎င်းနှင့် မခွဲခွာချင်သော်လည်း သူ လုပ်နိုင်သည့်အရာ ဘာမှမရှိခဲ့ပေ။
သူ၏စိတ်ထဲရှိ အတွေးများကို ဖယ်ရှားလိုက်ပြီးနောက် လီလန်သည် လေငွေ့များကို ရှည်လျားစွာ မှုတ်ထုတ်လိုက်လေသည်။
"နောက်တစ်ဆင့်... ဝံပုလွေဘုရင်ကြီးကို ရှင်းလင်းရမယ့် အချိန်ရောက်ပြီပဲ..."
လီလန်သည် တောင်ခြေသို့ ငုံ့ကြည့်လိုက်ရာ သစ်တောအုပ်၏ ဟာလာဟင်းလင်းပြင်များမှတစ်ဆင့် ဝံပုလွေများ၏ အရိပ်များကို မြင်နေရပြီ ဖြစ်သည်။
လီလန်သည် အိုမင်းနေသော ဝံပုလွေငါးကောင်၏ အလောင်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝံပုလွေအသိုက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
"နည်းနည်းတော့ ထူးဆန်းနေတယ်... ဒီဝံပုလွေအိုကြီးက မသေခင်မှာ ဝံပုလွေအသိုက်ကို စောင့်ကြည့်နေခဲ့တာပဲ..."
ထိုအထဲမှာ ဘာများရှိနေသလဲ။
ထိုအချိန်မှာပင် နားစည်ကွဲမတတ် ကျယ်လောင်လှသော ဝံပုလွေဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာလေသည်။
တောင်ခြေမှနေ၍ ဧရာမ ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
၎င်းမှာ ဖြူစင်တောက်ပနေသော အစင်းအရောင်ရှိပြီး အထီးတောကြောင်ရိုင်းထက်ပင် ပိုမိုကြီးမားကာ တုတ်ခိုင်သော ခြေလက်များနှင့် ကြောက်မက်ဖွယ်ကောင်းသော အစွယ်များရှိသည့် ဧရာမ ဝံပုလွေကြီးတစ်ကောင် ဖြစ်လေသည်။
ဧရာမ ဝံပုလွေကြီး၏ ညာဘက်မျက်လုံးပေါ်တွင် အမာရွတ်တစ်ခု ရှိနေလေသည်။
၎င်းမှာ အမာရွတ်နှင့် ဝံပုလွေကြီးတစ်ကောင်ပင် ဖြစ်သည်။
"ဝံပုလွေဘုရင်ကြီး... အဲဒါ အမွှေးဖြူဝံပုလွေဘုရင်ကြီးပဲ..."
မုဆိုးများထဲမှ တစ်ယောက်က နှင်းလိုဖြူဖွေးနေသော ဧရာမ ဝံပုလွေကြီးကို မှတ်မိသွားပြီး အံ့သြတကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"အမွှေးဖြူဝံပုလွေဘုရင်ကြီး..."
ထိုစကားကို ကြားလိုက်ရသောအခါ လီလန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
"ငါ့အဖေက တစ်ခါတုန်းက တောင်ပေါ်မှာ အမဲလိုက်ရင်း အဲ့အမွှေးဖြူဝံပုလွေဘုရင်ကြီးနဲ့ ဆုံခဲ့ဖူးတယ်... တောင်ပေါ်မှာတင် သေလုနီးပါး ဖြစ်ခဲ့ရတာ..."
မုဆိုးတစ်ယောက်က ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။
"ဘယ်နှနှစ်တောင်ရှိနေပြီလဲ... အဲ့အမွှေးဖြူဝံပုလွေအိုကြီးက အသက်ရှင်နေတုန်းပဲလား..."
"၁၂ နှစ်လောက်ရှိပြီ... ငါ ငယ်ငယ်လေးကတည်းက အဲ့အမွှေးဖြူဝံပုလွေဘုရင်ကြီးနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ကြားဖူးခဲ့တာ... ငါ့အဘိုး ပြောတာကတော့..."
"ဘာပြောတာလဲ..."
"မြက်ခင်းပြင်တောင်ပေါ်က အမွှေးဖြူဝံပုလွေဘုရင်ကြီးက... ကလေးတွေကို စားဖူးတယ်လို့ ငါ့အဘိုးက ပြောခဲ့တာ..."
"ဘာ..."
"တာ့မန်ဇီ... မင်း လျှောက်မပြောစမ်းနဲ့... တောင်ပေါ်က ဝံပုလွေတွေက လူကို ဘယ်လိုလုပ် စားမှာလဲ... အဲ့တာတွေအကုန်လုံးက မင်းငယ်ငယ်တုန်းက ဆိုးလို့ မင်းရဲ့မိဘတွေက မင်းကို လိမ်ပြီး ခြောက်လှန့်ထားတာတွေပါကွာ..."
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ငါ့အဖေက အဲ့အမွှေးဖြူဝံပုလွေဘုရင်ကြီးကို တကယ် မြင်ခဲ့တာ... လူကိုစားနေတာ သူ မြင်ခဲ့တာတဲ့..."
တာ့မန်ဇီဟုခေါ်သော မုဆိုးလူငယ်လေးသည် ခေါင်းကို အသည်းအသန်ယမ်းရင်း ဖြူရော်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
လီလန်က မျက်မှောင်ကြုတ်သွားလေသည်။ ဤနေရာသို့ လာရာလမ်းတွင် တစ်စုံတစ်ယောက်က သူ၏ ငယ်သူငယ်ချင်းတစ်ယောက်အကြောင်း ပြောနေသည်ကို သူ ကြားခဲ့ရသလိုပင်။ ထိုသူငယ်ချင်းမှာ တောင်ပေါ်တွင် ဝံပုလွေများ၏ စားသောက်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။
"အခုမှ ငါ မှတ်မိတော့တယ်... အဲ့တာက ဦးလေးဝေမင်ပဲ... ဟိုညက ဦးလေးဝေမင် ဒီအကြောင်းကို ပြောခဲ့တာ..."
လီလန်က ရုတ်တရက် ပြန်အမှတ်ရသွားလေသည်။
သူက အလျင်စလို မေးလိုက်လေသည်။
"တာ့မန်ဇီ... အဲ့ကလေးက ဦးလေးဝေမင်တို့ ခေတ်က ကလေးလား... သူ့နာမည်က ကျန်းရှဲ့လား..."
"အဖွဲ့ခေါင်းဆောင်လီ... ဘယ်လို... ဘယ်လိုလုပ်ပြီး သိတာလဲ..."
တာ့မန်ဇီမှာ လွန်စွာအံ့သြသွားပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်ဖြစ်နေတော့သည်။
"ထူးဆန်းလိုက်တာ... ဟိုနေ့က ဦးလေးဝေမင် ပြောပြတဲ့ ဝံပုလွေဘုရင်ကြီးရဲ့ မျက်နှာပေါ်မှာ အမာရွတ်မရှိပါဘူး..."
"ပြီးတော့ ဝံပုလွေတွေက အနှစ်နှစ်ဆယ်လောက်ပဲ အသက်ရှင်နိုင်တာ... သူတို့ အဲဒီလောက်အထိ အသက်မရှည်နိုင်ပါဘူး..."
"ဒါပေမယ့် သူတို့က ဟိုလူသားစားဝံပုလွေတွေရဲ့ မျိုးဆက်တွေလည်း ဖြစ်နိုင်လောက်တယ်..."