အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄) ခွေးတစ်ကောင်နှင့် ဝံပုလွေလေးကောင်တို့၏ တိုက်ပွဲ... သခင်ကို ကာကွယ်ရင်း စစ်မြေပြင်တွင် ကျဆုံးသွားသော သစ္စာရှိခွေး ဝမ်ချိုက်
ကျည်ဆန်သည် ဝံပုလွေ၏ ခေါင်းကို တည့်မတ်စွာ ထိမှန်သွားပြီး သွေးများ ပန်းထွက်သွားလေသည်။
တစ်ချက်တည်းဖြင့်ပင် သေဆုံးသွားတော့၏။
"အဖွဲ့ခေါင်းဆောင်လီ အရမ်းကောင်းတယ်..."
လီလန်က မီးခိုးရောင်ဝံပုလွေတစ်ကောင်ကို ပစ်သတ်လိုက်သည်ကို မြင်သောအခါ မာလောင်တနှင့် အခြားမုဆိုးများက အားပေးလိုက်ကြသည်။
ဤပထမဆုံး ပစ်ခတ်မှုက သူတို့ကို အပြည့်အဝ ယုံကြည်မှု ရရှိစေလေသည်။
"ဝူး..."
မိမိ၏ အဖော်ဖြစ်သူ မုဆိုးလက်ချက်ဖြင့် သေဆုံးသွားသည်ကို မြင်လိုက်ရသော ဝံပုလွေဘုရင်ကြီးသည် ခေါင်းကိုမော့၍ ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများဖြင့် လီလန်အား စိုက်ကြည့်နေတော့သည်။
ဝံပုလွေဘုရင်ကြီး၏ အမိန့်ပေးသံနှင့်အတူ ခုန်အုပ်ရန် အသင့်ဖြစ်နေကြသော ဘေးပတ်ဝန်းကျင်ရှိ ဝံပုလွေများသည် သွားများကို အစွယ်ထုတ်ကာ ဟိန်းဟောက်လိုက်ကြပြီး ဆာလောင်နေသော ကျားများ သားကောင်ကို ခုန်အုပ်သည့်ပမာ မုဆိုးများဆီသို့ ပြေးဝင်လာကြလေသည်။
"သူတို့ လာနေကြပြီ... အားလုံးပဲ သတိထားကြ..."
"ပစ်ကြ... အခုပဲ ပစ်ကြ..."
"သေစမ်း ကံဆိုးလိုက်တာ... ဒီသားရဲက ငါ့ဆီကို ပြေးလာနေတယ်..."
"မင်းအမေ<.@#$.. ငါ့ကိုတောင် ကိုက်ရဲတယ်ပေါ့... မင်းကို သေအောင် ပစ်သတ်ပစ်မယ်..."
"..."
ချက်ချင်းဆိုသလိုပင် သေနတ်သံများ၊ ဝံပုလွေဟိန်းဟောက်သံများနှင့် ခွေးဟောင်သံများ နေရာအနှံ့ ပဲ့တင်ထပ်သွားကာ ဖရိုဖရဲ ဖြစ်သွားတော့၏။
"အစ်ကို... ဟိုသားရဲက ငါတို့ကို ပစ်မှတ်ထားနေပြီ..."
ဤအချိန်တွင် ကြီးမားသော မီးခိုးရောင်ဝံပုလွေ ငါးကောင်သည် လီလုံ၊ လီဟူနှင့် အခြားနှစ်ယောက်ကို ပစ်မှတ်ထားလိုက်ကြသည်။
ဝံပုလွေများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်ကို မြင်သောအခါ လီဟူသည် မျက်နှာဖြူရော်သွားပြီး ဘိုးဘွားစဉ်ဆက် သုံးလာခဲ့သော အမဲလိုက်သေနတ်ဟောင်းကို တင်းကြပ်စွာ ကိုင်ဆုပ်ထားလိုက်သည်။
"ကြောက်နေတာလား... ဘာကိုကြောက်ရမှာလဲ... လီလန် ပြောတာ မှန်တယ်... လုပ်သာလုပ်ပစ်လိုက်... ငါတို့ လုပ်လိုက်ကြရအောင်..."
သခင်လေးရှန်းသည် သေနတ်ကို ကိုင်မြှောက်ထားရင်း ထစ်ငေါ့စွာ ပြောလိုက်သည်။ သူ့ဆီသို့ ပြေးဝင်လာသော ဝံပုလွေအုပ်ကြီးကို မြင်လိုက်ရချိန်တွင် သူ အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။
မူလက ပျောက်ဆုံးသွားသော အမဲလိုက်ခွေးကို ရှာဖွေရန် မာလောင်တနှင့်အတူ တောင်ပေါ်သို့ တက်ရန် သူ၏ဖခင်က အတင်းအကျပ် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
တပ်ဖွဲ့ခေါင်းဆောင်ရှန်းနှင့် မာလောင်တတို့သည် မိတ်ဆွေများဖြစ်ကြပြီး မကြာခဏ အတူတကွ အရက်သောက်လေ့ရှိကြသည်။ မာလောင်တသည် မုဆိုးအဖွဲ့တစ်ဖွဲ့ကဲ့သို့ လူအများအပြားကို စုဆောင်းထားသည်ဟု တွေးကာ သူ၏သားဖြစ်သူအား အတွေ့အကြုံရစေရန် ထိုနေရာသို့ စေလွှတ်ချင်ခဲ့ခြင်း ဖြစ်၏။
ရှန်းဝူသည် အသုံးမကျသည့်လူဖြစ်ပြီး တပ်ဖွဲ့ခေါင်းဆောင်ရှန်းအတွက် အမြဲတမ်း ပြဿနာရှာတတ်သူဖြစ်သည်။ လီလန်နှင့် ဖြစ်ပွားခဲ့သော ကိစ္စရပ်ပြီးကတည်းက ရှန်းဝူကို သူ၏ဖခင်က အကျယ်ချုပ် ချထားခဲ့လေသည်။
မာလောင်တသည် တောင်ပေါ်သို့ သွားရန် ပြင်ဆင်နေကြောင်း ကြားသိရသောအခါ သူသည် စိတ်အားထက်သန်စွာဖြင့် ပြေးလာခဲ့သည်။ အန္တရာယ်မရှိနိုင်ဟု ထင်ထားခဲ့သော်လည်း အမွှေးဖြူဝံပုလွေဘုရင်နှင့် ဝံပုလွေအုပ်ကြီးကို ရင်ဆိုင်တွေ့လိုက်ရတော့သည်။
ရှန်းဝူခမျာ နောင်တများဖြင့် ပြည့်နှက်နေတော့၏။ ဝံပုလွေအစာ အဖြစ်ခံရသည်ထက် အိမ်မှာနေပြီး အဖေ့ရဲ့ ရိုက်နှက်ခံရတာကမှ ပိုကောင်းဦးမယ်... ဟု သူ တွေးလိုက်မိသည်။
"ငြင်းခုံမနေကြနဲ့တော့... ငါတို့ ကျောချင်းကပ်ထားကြမယ်... ဒီသားရဲတွေက ကောက်ကျစ်ပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရတာကို သဘောကျကြတယ်..."
ရှန်းဝူနှင့် ယှဉ်လျှင် လီလုံမှာ အတော်လေး တည်ငြိမ်နေခဲ့သည်။ သူသည် လီဟူနှင့် ရှန်းဝူတို့ကို သူနှင့် ကျောချင်းကပ်ကာ နေရာယူစေခဲ့သည်။ သို့မှသာ သူတို့သည် အရပ်သုံးမျက်နှာမှ ကာကွယ်နိုင်မည်ဖြစ်ပြီး ဝံပုလွေများ တိုက်ခိုက်လာလျှင်တောင်မှ ထိတ်လန့်သွားမည် မဟုတ်ပေ။
လူသုံးယောက်သည် ကာကွယ်ရေးပုံစံတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြပြီး ဝံပုလွေအုပ်ကို ခြောက်လှန့်ရန် သူတို့၏ အမဲလိုက်သေနတ်များကို အသုံးပြုလိုက်ကြသည်။ ဝံပုလွေတစ်ကောင် အနီးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သေနတ်တစ်ချက် ပစ်လိုက်ကြ၏။
သေနတ်ပစ်စွမ်းရည် မတိကျလျှင်တောင်မှ အမဲလိုက်သေနတ် ပါရှိနေခြင်းက ဝံပုလွေများကို တန့်သွားစေပြီး အခွင့်အရေး မရစေရန်နှင့် အချိန်အတန်ကြာ ခပ်ခွာခွာနေစေရန် တားဆီးပေးထားနိုင်ခဲ့သည်။
လီလုံနှင့် လီဟူတို့ကဲ့သို့သော အတွေ့အကြုံနုနယ်သည့် မုဆိုးများနှင့် ယှဉ်လျှင် ဝါရင့်မုဆိုးကြီးများသည် ဝံပုလွေများကို အမဲလိုက်ရာတွင် အတွေ့အကြုံများစွာ ပိုရှိကြလေသည်။
"ဝံပုလွေရဲ့ ကျောက်ကပ်တွေက အပျော့ပြောင်းဆုံးပဲ... အဲဒီနေရာကို ချိန်ကြ..."
ဆိုရိုးစကားရှိသည့်အတိုင်း မြွေကို ရိုက်လျှင် ခုနစ်လက်မနေရာကို ရိုက်ရမည်ဖြစ်သည်။
ဤတောင်ပေါ်ရှိ ဝံပုလွေများသည် အရွယ်အစားကြီးမားကာ လျင်မြန်ပြီး ရိုင်းစိုင်းကြသော်လည်း သူတို့တွင်လည်း အားနည်းချက်များ ရှိကြ၏။ အဓိက အချက်မှာ ထိုဝံပုလွေ၏ ခါးနေရာပင် ဖြစ်သည်။
တောင်ပေါ်တွင် ဝံပုလွေများနှင့် ကြုံတွေ့ရပါက မပြေးရန် မှတ်သားထားရမည်။ လူသည် ဝံပုလွေကို ကျော်တက်၍ ပြေးနိုင်မည် မဟုတ်ပေ။
အမဲလိုက်သေနတ် မရှိပါက တောင့်တင်းခိုင်မာသော တုတ်တစ်ချောင်းကို ကောက်ကိုင်ထားပြီး ဝံပုလွေ ခုန်အုပ်လာမည့်အချိန်ကို စောင့်ကာ ၎င်း၏ ကျောက်ကပ်ဆီသို့ အားကုန်လွှဲရိုက်ရမည်ဖြစ်သည်။
ကျောက်ကပ်ဆိုသည်မှာ ဝံပုလွေတစ်ကောင်၏ အသက်အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်သည်။ အကယ်၍ ထိုနေရာကို အထိခံလိုက်ရပါက သေဆုံးသွားမည် သို့မဟုတ် ဒုက္ခိတ ဖြစ်သွားမည်သာတည်း။
ထိုအုပ်စုထဲတွင် ငယ်ရွယ်စဉ်က မုဆိုးအဖွဲ့နှင့်အတူ ဝံပုလွေများကို အမဲလိုက်ရန် တောင်ပေါ်သို့ တက်ဖူးသော ဝါရင့်မုဆိုးအိုကြီးတစ်ဦး ပါဝင်လေသည်။ ဝံပုလွေအုပ်ကြီး တိုက်ခိုက်လာသည်ကို မြင်သောအခါ သူသည် အန္တရာယ်ကို ရင်ဆိုင်ရာတွင် အကြောက်အလန့်မရှိ တည်ငြိမ်နေခဲ့ပြီး ဝံပုလွေများကို အမဲလိုက်ရာတွင် ရရှိခဲ့သော သူ၏ အတွေ့အကြုံများကို လက်ဆင့်ကမ်း ပေးဝေခဲ့သည်။
လူငယ်မုဆိုးများသည် ဝါရင့်မုဆိုးကြီး၏ အကြံပေးချက်ကို နားထောင်ကာ သူတို့၏ သေနတ်များကို ဝံပုလွေ၏ ကျောက်ကပ်များဆီသို့ ချိန်ရွယ်လိုက်ကြ၏။
"ဒိုင်း..."
"ဒိုင်း... ဒိုင်း... ဒိုင်း..."
အချို့သော မုဆိုးများသည် အလွန်တော်သော သေနတ်ပစ်သမားများ ဖြစ်ကြသည်။ တစ်ချက်ပစ်လိုက်သည်နှင့် ဝံပုလွေ၏ ကျောက်ကပ်ဆီသို့ တည့်မတ်စွာ သွားလေသည်။ ကျည်ဆန်သည် ဝံပုလွေ၏ ခါးကို ထိမှန်သွားကာ ဝံပုလွေသည် နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး ခါးကိုကော့၍ မြေပြင်ပေါ်တွင် လူးလှိမ့်ရုန်းကန်နေရကာ ထပ်မံ မရွေ့လျားနိုင်တော့ပေ။
ထိုနည်းလမ်း အလုပ်ဖြစ်သည်ကို မြင်လိုက်ရသောအခါ လူငယ်မုဆိုးများသည် အလွန်ဝမ်းမြောက်သွားကြပြီး အားလုံး ကိုယ်တိုင် လက်တွေ့ လုပ်ဆောင်လိုက်ကြသည်။
သူသည် သေနတ်ကို မြှောက်၍ ချိန်ရွယ်ကာ ဝံပုလွေ၏ ကျောက်ကပ်ကို အတိအကျ ပစ်မှတ်ထားလိုက်သည်။
တစ်ခဏအတွင်းမှာပင် အရသာငါးပါးသစ်သီး တောအုပ်ထဲတွင် ဝံပုလွေအသေကောင်များနှင့် ပြည့်နှက်သွားတော့၏။
မြေပြင်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဝံပုလွေအသေကောင် အစိတ်အပိုင်းများ ပြန့်ကျဲနေကာ ကြောက်မက်ဖွယ်ကောင်းပြီး ထိတ်လန့်စရာ မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။
ဤအကြိမ် တိုက်ခိုက်မှုအတွင်း မုဆိုးများသည် အရှေ့မြောက်ပိုင်းဝံပုလွေ တစ်ဝက်ကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ကြသည်။ ဝံပုလွေ နှစ်ဆယ့်လေးကောင်အနက် ဆယ့်ငါးကောင်သာ ကျန်ရစ်တော့သည်တည်း။
သေချာပေါက် မုဆိုးများဘက်တွင်လည်း ဆုံးရှုံးမှုများ မရှိဘဲ မနေခဲ့ပေ။ လူငယ်အချို့မှာ ကြောက်ရွံ့တတ်ကြပြီး ယခုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။ ဝံပုလွေများ ပြေးဝင်လာသောအခါ သူတို့၏ စိတ်များ ဗလာကျင်းသွားပြီး ပြန်လည်တိုက်ခိုက်ရန်ပင် မေ့လျော့သွားခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် မာလောင်တသည် တည်ငြိမ်နေဆဲဖြစ်သည်။ မုဆိုးတစ်ယောက်၏ လည်ပင်းကို ဝံပုလွေတစ်ကောင် ကိုက်တော့မည်ကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် ပစ်ခတ်လိုက်လေသည်။
"ဒိုင်း..."
ပစ်ချက် လွဲချော်သွားသော်လည်း ဝံပုလွေကို ကြောက်လန့်၍ ထွက်ပြေးသွားစေခဲ့ပြီး ထိုမုဆိုး၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။
မာလောင်တသည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူသည် ဤမုဆိုးများကို တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သူဖြစ်ရာ သူတို့တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် သူ ပြဿနာကြီးကြီးမားမား တက်တော့မည် ဖြစ်သည်။
သူတို့မိသားစုတွေကို ဤကိစ္စအတွက် ဘယ်လိုသွားရှင်းပြရမည်နည်း။
မုဆိုးများနှင့် ယှဉ်လျှင် အမဲလိုက်ခွေးများ၏ အခြေအနေမှာ အများကြီး ပိုဆိုးရွားနေသည်။ သူတို့၏ အရေအတွက်မှာ ဝံပုလွေများထက် များစွာနည်းပါးနေပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း နိမ့်ကျနေလေသည်။
ဝံပုလွေများသည် အသားနှင့်သွေးကို စားသုံးကြပြီး တောင်ပေါ်မှ တောရိုင်းတိရစ္ဆာန်များ ဖြစ်ကြသောကြောင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် တိုက်ခိုက်နိုင်စွမ်းသည် ပြောင်းဖူးယာဂုစားသော ဤအမဲလိုက်ခွေးများထက် သဘာဝအားဖြင့် များစွာ ပိုမိုအားကောင်းနေသည်။
ဝံပုလွေအုပ်၏ ပထမအကြိမ် တိုက်ခိုက်မှုတွင် ခွေးခုနစ်ကောင် ရှစ်ကောင်ခန့် သေဆုံးသွားခဲ့ပြီး နှစ်ကောင် သုံးကောင်ခန့်သာ ပြန်လည်တိုက်ခိုက်ရန် ကျန်ရစ်တော့၏။ ဤအမဲလိုက်ခွေးများထဲတွင် လီလန် မွေးမြူထားသော ဟေးလုံနှင့် ပိုင်လုံတို့မှာ တိုက်ခိုက်ရေးတွင် အစွမ်းအထက်ဆုံး ဖြစ်ကြသည်။
ပိုင်လုံတစ်ကောင်တည်းဖြင့် ဝံပုလွေနှစ်ကောင်ကို တစ်ကိုယ်တော် ကာကွယ်ခုခံနိုင်ခဲ့သည်။
အဆင့်မြင့်ခွေးကြီးတစ်ကောင်ဆိုသည်မှာ နောက်ပြောင်စရာ ကိစ္စမဟုတ်ပေ။ ၎င်းသည် အဖွဲ့လိုက် တိုက်ပွဲများကို စတင်ရာတွင် ထူးချွန်ပြီး ကျန်းမာရေးနှင့် ကာကွယ်ရေးတွင် မြင့်မားကာ အရှေ့မြောက်ပိုင်းဝံပုလွေ နှစ်ကောင်ကို တစ်ပြိုင်နက် ရင်ဆိုင်နိုင်လောက်အောင် အလေးချိန်စီးလေသည်။ ၎င်းသည် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးလုံးကို လုပ်ဆောင်နိုင်စွမ်းရှိသဖြင့် ကြီးမားသော အားသာချက်ကို ရရှိစေသည်။
ပိုင်လုံနှင့် ယှဉ်လျှင် ဟေးလုံသည် အုပ်စုထဲတွင် ဒုတိယအကြီးဆုံးဖြစ်သော အမည်းရောင်ဝံပုလွေနှင့် ရင်ဆိုင်နေရသည်။
ဟေးလုံသည် ကြွယ်ဝသော အမဲလိုက်အတွေ့အကြုံရှိသည့် ခွေးအိုကြီးတစ်ကောင် ဖြစ်သည်။ ၎င်းသည် အမည်းရောင်ဝံပုလွေကို ထိပ်တိုက် မရင်ဆိုင်ဘဲ အမည်းရောင်ဝံပုလွေ၏ အရေးကြီးသော နေရာများကို ပစ်မှတ်ထားကာ ကိုက်လိုက် ပြေးလိုက်ဖြင့် ပင်ပန်းနွမ်းနယ်စေမည့် စစ်ပွဲမျိုးကို ဆင်နွှဲနေလေသည်။ ထို့ကြောင့် အမည်းရောင်ဝံပုလွေမှာ သွေးရာများဖြင့် ဖုံးလွှမ်းသွားပြီး တိတ်တဆိတ် အထိနာနေတော့သည်။
ကျန်ရှိနေသော တိရစ္ဆာန်များထဲတွင် တာ့ဟွမ်သည် ရဲစွမ်းသတ္တိ အရှိဆုံးဖြစ်သည်။
ဝံပုလွေအုပ်သည် မုဆိုးကို တိုက်ခိုက်ရာ ထိုသူမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် ကြိုးဖြင့် တုပ်နှောင်ခံထားရသူကိုပင် လုံးဝ မေ့သွားခဲ့လေသည်။
ရက်စက်ကြမ်းကြုတ်သော ဝံပုလွေ လေးငါးကောင်ခန့်သည် ရှီအာဟူကို ပစ်မှတ်ထားလိုက်ကြသည်။
"ကယ်ကြပါဦး... ကယ်ကြပါဦး..."
"တစ်ယောက်ယောက် ငါ့ကို ကယ်ကြပါဦး..."
ဝံပုလွေများ သူ၏ခန္ဓာကိုယ်ကို ဆွဲဖြဲနေကြသည်ကို မြင်သောအခါ ရှီအာဟူသည် အလွန်အမင်း ကြောက်လန့်သွားတော့သည်။ ဝံပုလွေနှစ်ကောင်သည် သူ၏လက်မောင်းကို အစွယ်များဖြင့် ဆွဲဖြဲနေကြသဖြင့် သူ့အား ပြင်းထန်စွာ နာကျင်စေခဲ့သည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သွေးများ ပန်းထွက်နေသည်ကို မြင်လိုက်ရ၏။ သူ၏ ညာဘက်လက်မှာ လက်ကောက်ဝတ်မှစ၍ ဝံပုလွေများ၏ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။
"အား..."
ရှီအာဟူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်နှာတွင် ချွေးများဖြင့် ဖုံးလွှမ်းသွားကာ အရာအားလုံး မှောင်မိုက်သွားပြီး သတိလစ်သွားတော့သည်။
ရှီအာဟူ၏ ကျယ်လောင်သော အော်ဟစ်သံသည် အရှေ့မြောက်ပိုင်း အမဲလိုက်ခွေး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ၎င်းသည် ၎င်းနှင့် လုံးထွေးနေသော ရက်စက်သည့် ဝံပုလွေများကို လျင်မြန်စွာ မောင်းထုတ်လိုက်ပြီး ၎င်း၏သခင် ခန္ဓာကိုယ်အား ဆွဲဖြဲနေသော ဝံပုလွေလေးကောင်ဆီသို့ ပြေးဝင်သွားလေသည်။
ခွေးတစ်ကောင်တည်းဖြင့် ဝံပုလွေလေးကောင်ကို တိုက်ခိုက်ခြင်းပင်။
"ဝုတ်..."
"ဝုတ်... ဝုတ်... ဂီး.."
ဝမ်ချိုက်သည် သူ၏သခင်ရှေ့တွင် ရပ်ကာ အစွယ်များမှ သွေးများ ယိုစီးကျနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေလေးကောင်ကို စိုက်ကြည့်ရင်း ရက်စက်ကြမ်းကြုတ်သည့် မျက်နှာအမူအရာကို ဖော်ပြနေလေသည်။ ၎င်းသည် ပါးစပ်ထဲတွင် သွေးသံရဲရဲ လက်တစ်ဖက်ကို ကိုက်ချီထားသော ၎င်း၏ဘယ်ဘက်ရှိ ဝံပုလွေကို စိုက်ကြည့်နေသည်။ ထိုလက်မှာ ၎င်းသခင်၏ လက်ပင် ဖြစ်သည်။
"ဂီး..."
"ဝုတ်... ဝုတ်... ဝုတ်..."
ဤအရှေ့မြောက်ပိုင်း အမဲလိုက်ခွေးသည် သွားများကို အစွယ်ထုတ်ကာ ဝံပုလွေလေးကောင်ဆီသို့ တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းလောင်းထိုး ပြေးဝင်သွားပြီး သေသည်အထိ တိုက်ခိုက်တော့သည်။ ခွေးဟောင်သံများနှင့် ဝံပုလွေဟိန်းဟောက်သံများ ဆက်လက် ထွက်ပေါ်နေလေသည်။
သို့သော် လက်သီးနှစ်ဆုပ်က လက်လေးဖက်ကို မယှဉ်နိုင်ဆိုသလို အမဲလိုက်ခွေးတစ်ကောင်က ၎င်းထက်ပိုကြီးသော ဆိုက်ဘေးရီးယား ဝံပုလွေလေးကောင်ကို မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
မီးခိုးရောင်ဝံပုလွေတစ်ကောင်သည် အခွင့်အရေးကို အသုံးချကာ ဆိုက်ဘေးရီးယား အမဲလိုက်ခွေး၏ လည်ချောင်းကို ကိုက်ပစ်လိုက်လေသည်။ ဝံပုလွေ၏ ကိုက်အားမှာ အံ့မခန်းပင်။ ဤတစ်ကိုက်တည်းဖြင့် ဝမ်ချိုက်၏ လည်ချောင်းမှာ အပေါက်ဖြစ်သွားတော့သည်။
"အာဝု..."
မသေဆုံးမီ ဝမ်ချိုက်သည် ၎င်း၏သခင်ကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်ပြီး ၎င်း၏ ခွေးမျက်လုံးများထဲတွင် လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်နေလေသည်။ (ငိုးမသား ရှီအာဟူ( ≧Д≦)
"ဝုတ်..."
"ဝုတ်... ဝုတ်... ဝုတ်..."
အမည်းရောင်တစ်ကောင်၊ အဖြူရောင်တစ်ကောင် အရိပ်နှစ်ခုသည် စစ်မြေပြင်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်လာကြပြီး ရက်စက်ကြမ်းကြုတ်သော ဝံပုလွေလေးကောင်ကို ရင်ဆိုင်လိုက်ကြသည်။ လီလန်သည် အခြေအနေကို သတိထားမိလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ နွေးထွေးနေဆဲဖြစ်သော သစ္စာရှိခွေးလေး၏ ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်လေသည်။
"အိုး... နှမြောစရာကောင်းလိုက်တာ..."
"ဒီလိုအမှိုက်ကောင်မျိုးကို ကာကွယ်ရတာ တန်ရဲ့လား..."
"ဝမ်ချိုက်... နောက်ဘဝကျရင် သခင်ကောင်းတစ်ယောက်ကို ရှာဖို့ မှတ်ထားနော်..."
"ဟေးလုံ၊ ပိုင်လုံ... သူတို့ကို သွားကိုက်စမ်း..."