← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) လီလန်မှ ဝံပုလွေဘုရင်ကို သတ်ဖြတ်ပြီး ဝမ်းဗိုက်ကိုခွဲကာ ရတနာကို ယူဆောင်ခြင်း

လီလန်သည် သတိလစ်နေသော ရှီအာဟူကို လှည့်ကြည့်လိုက်ပြီး ပြတ်တောက်သွားသော ရှီအာဟူ၏ လက်မောင်းကို အကြည့်ဝေ့ကာ စိတ်ထဲတွင် ခေါင်းခါလိုက်၏။

သူနှင့်တန်သော အကျိုးကို ခံစားရခြင်းပင် ဖြစ်သည်။

နောင်တွင် ရှီအာဟူတစ်ယောက် မုဆိုးတစ်ဦး ဖြစ်လာနိုင်ရန် အလွန်ပင် ခဲယဉ်းသွားပြီ ဖြစ်သည်။

ဝမ်ချိုက်လို သစ္စာရှိလှသော ခွေးတစ်ကောင်မှာ ဤမျှဆိုးရွားသော သခင်အတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားရသည်မှာ အလွန်ပင် နှမြောစရာ ကောင်းလှသည်။ တကယ့်ကို မတန်လှပေ။

ဝမ်ချိုက်၏ လည်ချောင်းမှာ ကိုက်ဖောက်ခံလိုက်ရပြီး အတန်ကြာ ရုန်းကန်ပြီးနောက် အသက်ထွက်သွားလေသည်။ လီလန်တွင် အံ့ဖွယ်ကုသရေးဆေးများ ရှိနေလျှင်တောင်မှ ကယ်တင်နိုင်မည် မဟုတ်တော့ပေ။

လီလန်သည် သစ္စာရှိသောခွေးဖြစ်သည့် ဝမ်ချိုက်ကို နောက်ဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။

မိမိတို့၏ အဖော် သေဆုံးသွားသည်ကို ခံစားသိရှိသွားသည့်အလား အဖြူနှင့် အမည်းရောင် အမဲလိုက်ခွေးများမှာလည်း ဒေါသများ တစ်ဖန်ပြန်လည်ထွက်ပေါ်လာကာ ဝံပုလွေလေးကောင်နှင့် အကြိတ်အနယ် တိုက်ခိုက်ကြတော့သည်။ သူတို့၏ ကြမ်းကြုတ်မှုများမှာ ပိုမိုပြင်းထန်လာပြီး တိုက်ပွဲဝင်လေလေ ပိုမိုသန်မာလာလေလေ ဖြစ်၏။

ပိုင်လုံနှင့် ဟေးလုံတို့သည် မီးခိုးရောင်ဝံပုလွေ တစ်ကောင်စီကို အသီးသီး သတ်ဖြတ်နိုင်ခဲ့ကြလေသည်။

ကျန်ရစ်သော မီးခိုးရောင်ဝံပုလွေ နှစ်ကောင်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။ သူတို့သည် အော်ဟစ်ကာ ကစဉ့်ကလျား ထွက်ပြေးသွားကြတော့၏။

"တော်တယ်... အိမ်ပြန်ရောက်ရင် မင်းတို့ကို အသားကျွေးမယ်..."

လီလန်သည် ပိုင်လုံနှင့် ဟေးလုံတို့၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ပိုင်လုံနှင့် ဟေးလုံတို့မှာ ပြင်းထန်စွာ မောဟိုက်နေကြပြီး လျှာများထုတ်ကာ သခင်ဖြစ်သူ၏ အယုအယကို ခံယူနေကြလေသည်။

သူတို့တွင် ဒဏ်ရာအချို့ ရရှိထားသော်လည်း အပေါ်ယံမျှသာဖြစ်ပြီး သိပ်မပြင်းထန်လှပေ။

ပိုင်လုံနှင့် ဟေးလုံတို့က မီးခိုးရောင်ဝံပုလွေ နှစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူတို့၏ အဖော်အတွက် ကလဲ့စားချေပေးနိုင်ခဲ့သည်။

ပိုင်လုံသည် ဝမ်ချိုက်၏ အနီးသို့ လျှောက်သွားကာ ဝမ်ချိုက်၏ ရုပ်အလောင်းကို နှာခေါင်းဖြင့် ပွတ်တိုက်ပြီး တိုးညှင်းစွာ ဟိန်းဟောက်လိုက်၏။

တောယုန်သေဆုံးသည့်အခါ မြေခွေးပင် ဝမ်းနည်းတတ်သေးရာ အမဲလိုက်ခွေးအချင်းချင်းဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။

"စိတ်မပူပါနဲ့... ခဏနေရင် သူ့ကို မြေမြှုပ်ပေးမယ်..."

ဝမ်ချိုက်ကို ဤမြက်ခင်းပြင်တောင်ပေါ်တွင် ပစ်ထားခဲ့ပါက တောရိုင်းတိရစ္ဆာန်များကို အလွယ်တကူ ဆွဲဆောင်နိုင်ပြီး အရိုးပင်မကျန်အောင် စားသောက်ခံရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် တိုက်ပွဲတွင် သေဆုံးရသည်ထက်ပင် ပို၍ ဆိုးရွားသွားပေလိမ့်မည်။

သစ္စာရှိသော ခွေးတစ်ကောင်မှာ သေချာစွာ မြေမြှုပ်သင်္ဂြိုဟ်ခံရမည်သာဖြစ်သည်။ သူ၏ ရုပ်အလောင်းကို တောရိုင်းထဲတွင် ဆွေးမြေ့သွားရန် ပစ်ထားခဲ့မည် မဟုတ်ပေ။

သေနတ်သံများမှာ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့သည်။

ဝံပုလွေများ၏ အူသံများမှာလည်း ဆက်တိုက် ထွက်ပေါ်နေ၏။

လီလန်သည် ဝူဝေကျီ(ရသာငါးပါးသစ်သီး)တောအုပ်ဆီသို့ လှမ်းကြည့်လိုက်ရာ မုဆိုးများနှင့် ဝံပုလွေအုပ်စုကြားရှိ အကြိတ်အနယ် တိုက်ပွဲမှာ ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ပြင်းထန်စွာ ဒဏ်ရာရသွားသော ရှီအာဟူမှလွဲ၍ အခြားသော လူငယ်မုဆိုးများမှာ အသေးစား ဒဏ်ရာများသာ ရရှိကြသည်။ တစ်ဦးမှာ ပေါင်မှ အသားတစ်ဖဲ့ ကိုက်ဖြတ်ခံလိုက်ရပြီး အခြားတစ်ဦးမှာ နားရွက် ကိုက်ဖြတ်ခံလိုက်ရကာ ကျန်မုဆိုးများတွင်လည်း ပြတ်ရှဒဏ်ရာများ ရရှိထားကြသော်လည်း မည်သူမျှ အသက်အန္တရာယ် မစိုးရိမ်ရပေ။

ဝံပုလွေအုပ်စုမှာမူ အသေအပျောက် များပြားခဲ့ပြီး ဝံပုလွေဘုရင်နှင့် ရက်စက်သော ဝံပုလွေ သုံးလေးကောင်ခန့်သာ ကျန်ရှိကာ ရုန်းကန်နေကြရတော့သည်။

"အား..."

"ကယ်ကြပါ... ကျွန်တော့်ကို ကယ်ကြပါဦး..."

ထိုစဉ် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာလေသည်။

လူတိုင်းသည် ထိုအသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။

ကြီးမားလှသော ခန္ဓာကိုယ်ကြီးရှိသည့် အဖြူရောင် ဝံပုလွေဘုရင်သည် လူငယ်မုဆိုးတစ်ဦး၏ အပေါ်မှ အုပ်မိုးကာ သူ၏ အားနည်းသော လည်ချောင်းကို အစွယ်များဖြင့် ကိုက်ဖောက်ထားလေပြီ။

ဝံပုလွေဘုရင်သည် လည်ချောင်းကို ကိုက်ခဲထားပြီး သူ၏ ပါးစပ်ထောင့်မှ တောက်ပသော သွေးနီရဲရဲများ စီးကျနေသဖြင့် ကြမ်းကြုတ်ရက်စက်ကာ သွေးဆာနေသည့်အသွင်ဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

"တာ့မန်ဇီ..."

"မန်ဇီ..."

မာလောင်တက အလန့်တကြား အော်ဟစ်လိုက်သည်။

ဤအဖြစ်အပျက်မှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် "တာ့မန်ဇီ" ဟုခေါ်သော လူငယ်မုဆိုးကို အဖြူရောင် ဝံပုလွေဘုရင်က တစ်ချက်တည်းဖြင့် ကိုက်ခဲသွားသည်အထိ မည်သူမျှ တုံ့ပြန်ချိန် မရလိုက်ကြပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လီလန်၏ မျက်နှာအမူအရာမှာ လေးနက်သွားတော့သည်။

ဝံပုလွေ၏ ပါးစပ်ထဲတွင် မိနေသော လူငယ်မုဆိုးမှာ ဖြူရော်နေပြီး အသက်ရှူ မြန်ဆန်နေကာ သူ၏ အသက်ဝိညာဉ်မှာ တဖြည်းဖြည်း လွင့်စင်သွားချိန်တွင် အဆုတ်များမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေတော့၏။

သူ အသက်မရှင်နိုင်တော့မည်မှာ သေချာနေပြီ ဖြစ်သည်။

ဝံပုလွေဘုရင်၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် ထိုနေရာရှိ မုဆိုးများစွာမှာ မှင်သက်သွားကြတော့သည်။

မိမိတို့၏ ရဲဘော်ရဲဘက် အသည်းအသန် သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် သူတို့အားလုံးမှာ နှလုံးကွဲမတတ် ဝမ်းနည်းသွားကြသည်။

"ခွေးတိရစ္ဆာန်... ငါ မင်းကို သတ်ပစ်မယ်... တာ့မန်ဇီအတွက် ကလဲ့စားချေရမယ်..."

အဘိုးကြီးမုဆိုးတစ်ဦးသည် သွေးဆာနေသော မျက်လုံးများဖြင့် သူ၏ သေနတ်ကို မြှောက်ကာ ပစ်ခတ်လိုက်သည်။

ကောက်ကျစ်လှသော အဖြူရောင် ဝံပုလွေဘုရင်သည် တာ့မန်ဇီကို ဆွဲယူကာ မတ်မတ်ရပ်စေပြီး ကျည်ဆန်များကို ကာကွယ်ရန် လူသားအကာအကွယ်အဖြစ် အသုံးပြုလိုက်လေသည်။

ကြီးမားလှသော သားရဲကြီးက လူကို အကာအကွယ်ယူထားသည်ကို မြင်လိုက်ရသဖြင့် အဘိုးကြီးမုဆိုးမှာ တည်ငြိမ်သွားပြီး ခလုတ်ကို ဆက်မဆွဲရဲတော့ပေ။

"ခေါင်းဆောင်... ဒီဝံပုလွေဘုရင်က နတ်ဆိုးဖြစ်နေတာပဲ..."

ကျန်းဝေကော်က မျက်လုံးပြူးကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လီလန်မှာလည်း အလွန်အံ့သြသွားလေသည်။ တောင်ပေါ်ရှိ ဝံပုလွေများမှာ သဘာဝအားဖြင့် ကောက်ကျစ်တတ်ကြသော်လည်း အမွှေးဖြူဝံပုလွေဘုရင်ကဲ့သို့ ဉာဏ်ရည်ထက်မြက်သော ဝံပုလွေမျိုးကိုမူ တွေ့ရခဲလှသည်။

"ဒီလောက်ကြီးမားတဲ့ ဝံပုလွေအုပ်စုကြီးကို ဦးဆောင်နိုင်တာ မဆန်းပါဘူး... ဒီဝံပုလွေဘုရင်က အတော်လေး စွမ်းဆောင်နိုင်တာပဲ..."

လီလန်သည် ဝံပုလွေဘုရင်၏ ဝမ်းဗိုက်ထဲတွင် ဖုံးကွယ်ထားသော ရတနာကို တွေးမိလိုက်သည့်အခါ သူ၏ အတွင်းစိတ်၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

လျှို့ဝှက်သေတ္တာမှ ဖော်ပြထားသော အချက်အလက်များအရ ထိုဝံပုလွေဘုရင်အိုကြီး၏ ဝမ်းဗိုက်ထဲတွင် ရွှေလက်စွပ်တစ်ကွင်း ဖုံးကွယ်ထားသည်ဟု ဆိုထားသည်။

"ကယ်ကြပါ... ကယ်ကြပါဦး..."

"ငါ..."

သေမင်း၏ အရိပ်မည်းကြီးသည် တာ့မန်ဇီ၏ ခေါင်းပေါ်တွင် အုပ်မိုးနေလေပြီ။ သူသည် မျှော်လင့်ချက်မဲ့နေသော လက်များကို ဆန့်တန်းကာ အက်ကွဲနေသော အသံဖြင့် မုဆိုးများဆီသို့ လှမ်းတောင်းဆိုလိုက်၏။

"တာ့မန်ဇီ... ငါ့ကို စောင့်နေ... ငါ မင်းကို လာကယ်မယ်..."

မုဆိုးတစ်ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တက်သွားလိုသော်လည်း သူ၏ အဖော်ဖြစ်သူက တားဆီးလိုက်လေသည်။

"ငါ့ကို လွှတ်စမ်း... ငါ မန်ဇီဆီ သွားမယ်... သူတို့က ငါ့ရဲ့ ညီအစ်ကိုတွေကွ..."

"ငါ့ညီ..."

"ကန်းဇီ... စိတ်အေးအေးထားပါ... အခု သူ့ကို ကယ်လို့ မရတော့ဘူး... မင်းကိုယ်မင်း ဒုက္ခရောက်အောင် လုပ်သလိုပဲ ဖြစ်လိမ့်မယ်..."

အဘိုးကြီးမုဆိုးတစ်ဦးက အကြံပေးလိုက်သည်။

အဖြူရောင် ဝံပုလွေဘုရင်သည် မုဆိုးကို သတ်ဖြတ်ရန် တုံ့ဆိုင်းနေပြီး လူလာကယ်မည့် အစာချမည့်အချိန်ကို စောင့်ဆိုင်းကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ပြင်ဆင်နေလေသည်။

ထိုဝံပုလွေဘုရင်အိုကြီးက အလွန်ပင် ကောက်ကျစ်လှပေသည်။

"ဒိုင်း..."

"ဒိုင်း..."

"ဝေကော်၊ လျူဇီ... ငါ့ကို သေနတ်ပေးစမ်း..."

လီလန်သည် ကျန်းဝေကော်နှင့် ကျောက်လျူတို့၏ အမဲလိုက်သေနတ်များကို ဆွဲယူလိုက်သည်။ သေနတ်သုံးလက်နှင့် ကျည်ဆန်လေးတောင့် ရှိလေသည်။

လီလန်သည် ကျည်လေးချက်ကို ဆက်တိုက်ဆိုသလို ပစ်ခတ်လိုက်တော့သည်။

အမွှေးဖြူဝံပုလွေဘုရင်၏ နောက်ကွယ်ရှိ ဒဏ်ရာရနေသော မီးခိုးရောင်ဝံပုလွေများကို သီးသန့်ပစ်မှတ်ထား ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ကောင်မှာ စောစောက ဟေးလုံနှင့် တိုက်ခိုက်ခဲ့သော အမည်းရောင် ဝံပုလွေပင် ဖြစ်သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း..."

သေနတ်လေးချက် ပစ်ခတ်လိုက်ရာ တစ်ချက်စီတိုင်းက အရေးကြီးသောနေရာများကို ထိမှန်သွားပြီး ဝံပုလွေလေးကောင်မှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြတော့သည်။

"ဝူး...ဝေါင်း"

မိမိ၏ အဖော်များ တစ်ကောင်ပြီးတစ်ကောင် သနားစဖွယ် သေဆုံးသွားကြသဖြင့် အမွှေးဖြူဝံပုလွေဘုရင်မှာ အလွန်အမင်း ဒေါသထွက်သွားတော့သည်။ ၎င်းသည် ဖမ်းဆုပ်ထားသော သားကောင်ကြီးကို လွှတ်ချလိုက်ပြီး ဝံပုလွေမျက်လုံးများမှာ သွေးနီရဲနေကာ သွားများကိုဖြဲ၍ လီလန်ထံသို့ ခုန်အုပ်လာလေသည်။

"မင်းတို့ ဘေးဖယ်နေကြ... သူ့ကို ငါ တိုက်ခိုက်မယ်..."

လီလန်သည် ကျန်းဝေကော်နှင့် ကျောက်လျူတို့ကို ဘေးသို့ ပုန်းရှောင်နေရန် ပြောလိုက်သည်။

"ဂီး..."

"ဝုတ်... ဝုတ်... ဝုတ်..."

"ဝုတ်... ဝုတ်... ဝုတ်..."

အဖြူရောင် ဝံပုလွေဘုရင်မှာ မိမိတို့၏ သခင်ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် ပိုင်လုံနှင့် ဟေးလုံတို့သည် ဟိန်းဟောက်ကာ တိုက်ခိုက်မည့် အနေအထားသို့ ပြင်ဆင်လိုက်ကြသည်။

"မင်းတို့နှစ်ကောင်လည်း နောက်ဆုတ်နေကြစမ်း..."

လီလန်က ခွေးနှစ်ကောင်ကို အော်ဟစ်ပြောဆိုလိုက်သည်။

ဝံပုလွေအုပ်နှင့် အကြိတ်အနယ် တိုက်ခိုက်ပြီးနောက် ပိုင်လုံနှင့် ဟေးလုံတို့မှာ ဒဏ်ရာရကာ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ သူတို့သည် အင်အားအပြည့်ရှိနေသော အဖြူရောင် ဝံပုလွေဘုရင်၏ ယှဉ်ပြိုင်ဘက် မဟုတ်ကြပေ။

လီလန်သည် ပိုင်လုံနှင့် ဟေးလုံတို့အား မည်သည့်အန္တရာယ်မှ မကျရောက်စေလိုသဖြင့် ကိစ္စအားလုံးကို သူကိုယ်တိုင် ဖြေရှင်းရန် စီစဉ်လိုက်သည်။

"ဝုတ်..."

"ဝုတ်..."

ပိုင်လုံနှင့် ဟေးလုံတို့သည် အမွှေးဖြူဝံပုလွေဘုရင်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပုံပေါ်ပြီး မရပ်မနား ဟောင်နေကြသော်လည်း တဇွတ်ထိုး ပြေးမဝင်ရဲကြပေ။

"အစ်ကိုလန်... သတိထား..."

"ခေါင်းဆောင်... သတိထား... ဝံပုလွေဘုရင်က ခင်ဗျားဆီ လာနေပြီ..."

အဖြူရောင် ဝံပုလွေဘုရင်က လီလန်ထံသို့ ခုန်အုပ်လာသည်ကို မြင်လိုက်ရသဖြင့် ကျန်းဝေကော်နှင့် လျူဇီတို့က တစ်ပြိုင်နက်တည်း သတိပေး အော်ဟစ်လိုက်ကြသည်။

မာလောင်တနှင့် အခြားသော မုဆိုးများမှာ အမွှေးဖြူဝံပုလွေဘုရင်က လီလန်ကို ပစ်မှတ်ထားနေသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ နှလုံးသားများမှာ လည်ချောင်းဝသို့ ရောက်လာသကဲ့သို့ ခံစားလိုက်ရတော့သည်။

တာ့မန်ဇီမှာ အမွှေးဖြူဝံပုလွေဘုရင်၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ဝံပုလွေ၏ ပါးစပ်ထဲတွင် သေဆုံးသွားခဲ့ရသည်။

ဤအဖွဲ့ခေါင်းဆောင်လီမှာတော့…

"ဟေး... အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျား သတိထားမှရမယ်နော်..."

မာလောင်တက အလန့်တကြား အော်ဟစ်လိုက်သည်။

မုဆိုးတစ်ယောက် ဆုံးရှုံးသွားခဲ့ပြီးဖြစ်ရာ သူသည် လီလန်ကိုလည်း အလားတူ ကံကြမ္မာမျိုး ကြုံတွေ့ရမည်ကို မမြင်တွေ့လိုတော့ပေ။

"မင်းတို့ ဘာစောင့်နေကြတာလဲ... ပစ်လေ..."

"အဖွဲ့ခေါင်းဆောင် လီလန်ကို အကာအကွယ်ပေးကြ..."

မာလောင်စန်းက အော်ဟစ်လိုက်သည်။

"ငါ့ဆီမှာ ကျည်ဆန် ကုန်သွားပြီ..."

"ငါလည်း အတူတူပဲ... ကျည်ဆန် ကုန်သွားပြီ..."

"သေနတ်ပစ်ဖို့ အချိန်မမီတော့ဘူး... ဝံပုလွေဘုရင်က အရမ်းမြန်လွန်းတယ်..."

"..."

ဝံပုလွေဘုရင်က လီလန်ထံသို့ ပြေးဝင်သွားသည်ကို မြင်တွေ့လိုက်ရပြီးနောက် လူငယ်မုဆိုးများအားလုံးမှာ လီလန်ကို ဝံပုလွေဘုရင်က ကိုက်သတ်လိုက်မည့် ရက်စက်သော မြင်ကွင်းကို မကြည့်ရက်တော့သဖြင့် မျက်စိမှိတ်ထားလိုက်ကြတော့သည်။

လီညီအစ်ကိုများဖြစ်ကြသော လီလုံ၊ လီဟူနှင့် သခင်လေးရှန်းတို့သာလျှင် မုဆိုးများ၏ ညည်းတွားသံများကို ကြားပြီးနောက် တစ်ယောက်ကိုတစ်ယောက် ထူးဆန်းစွာ အကဲခတ်ကြည့်လိုက်ကြသည်။

*နေပါဦး... လီလန်က လေ့ကျင့်ထားတဲ့ ကိုယ်ခံပညာရှင်ဆိုတာ မင်းတို့ကောင်တွေ မသိကြဘူးလား…*

ရှန်းဝူမှာ ထိုမုဆိုးများကြောင့် အလွန်ပင် ဇဝေဇဝါ ဖြစ်သွားရလေသည်။

ဝက်ဝံနက်တောင်တုန်းကဆိုလျှင် လီလန်က တစ်ချက်လေး အသာအယာ ထိလိုက်ရုံဖြင့် သူ၏ လက်မောင်းမှာ အဆစ်လွဲသွားခဲ့ရသည် မဟုတ်ပါလား။

"သေစမ်း... ဒီကောင်က တခြားလူတွေကို အရူးလုပ်ဖို့ တမင်ဟန်ဆောင်နေတာပဲ..."

ရှန်းဝူမှာ မဆဲဘဲ မနေနိုင်တော့ပေ။

လီလုံနှင့် လီဟူတို့မှာလည်း မချိပြုံး ပြုံးနေကြသည်။ အခြားသူများက လီလန်အကြောင်းကို မသိနိုင်ကြသော်လည်း သူတို့ကတော့ သူ၏ စွမ်းအားကို အသေအချာ သိထားကြသည်သာဖြစ်၏။

သူတို့သည် လီလန်၏ လက်ချက်ဖြင့် အကြိမ်ကြိမ် အရှုံးပေါ်ခဲ့ကြပြီး အထူးသဖြင့် လီဟူမှာ လီလန်၏ ပါးရိုက်ခြင်းကို ဆက်တိုက်ခံခဲ့ရကာ သူ၏ မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ဖူးရောင်လာသည်အထိ အရိုက်ခံခဲ့ရဖူးသည်။

တခြားသူများသာ ဝံပုလွေဘုရင်၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သော်လည်း လီလန်ကတော့ ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပေ။

"အား... သူ ဟန်ရေးပြတာကို ထပ်ကြည့်ရဦးမယ်... တကယ် စိတ်အိုက်စရာပဲ..."

လီဟူက မချိပြုံးဖြင့် ပြောလိုက်သည်။

တကယ့်ကိုပင် လီဟူ စကားပြောအပြီး၌…

နှင်းပွင့်ကဲ့သို့ ဖြူဖွေးပြီး ကြီးမားလှသော ဝံပုလွေဘုရင်ကြီးမှာ လီလန်ထံသို့ ပြေးဝင်လာလေပြီ။

ဝံပုလွေဘုရင်သည် သွားများကိုဖြဲကာ သူ၏ တောင့်တင်းသော ခန္ဓာကိုယ်ကြီးဖြင့် အပေါ်သို့ ခုန်တက်ပြီး ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ လီလန်၏ မျက်နှာပေါ်သို့ ခုန်အုပ်လိုက်တော့သည်။

"ကောင်းတယ်..."

လီလန်က လှောင်ပြုံး ပြုံးလိုက်သည်။

သူသည် ခါးမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး နှစ်ဖက်စလုံးဖြင့် ဆုပ်ကိုင်ကာ ရင်ဘတ်ရှေ့တွင် မတ်မတ် ထောင်ထားလိုက်၏။

ချက်ချင်းဆိုသလိုပင် ဒူးများကို အနည်းငယ် ကွေးလိုက်ပြီး သူ၏ ခြေထောက်များမှ ပျော့ပျောင်းမှုအဟုန်ကို အသုံးပြုကာ ရှေ့သို့ လျှောတိုက်ဝင်သွားလေသည်။

ကြားလိုက်ရသည်မှာ ပြဲစုတ်သွားသော အသံတစ်ခုတည်းသာ ဖြစ်တော့သည်။

တောက်ပနေသော ဓားသွား၏ ထိပ်ဖျားမှာ ဝံပုလွေ၏ ဝမ်းဗိုက်ထဲသို့ စိုက်ဝင်သွားပြီး...

“ဖြိ….”

အံ့ဩစရာကောင်းလောက်အောင် ဝံပုလွေ၏ ဝမ်းဗိုက်မှာ အလွန်လွယ်ကူစွာ ခွဲထုတ်ခံလိုက်ရပြီး အသားများမှာလည်း မယုံနိုင်လောက်အောင် ချောမွေ့နေတော့သည်။

All Chapters