အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) ဝံပုလွေကလေး၏ ဒဏ္ဍာရီ
မြက်ခြောက်များဖြင့် ပြုလုပ်ထားသော ဝံပုလွေဂူတစ်ခုရှိလေသည်။
ထိုအထဲတွင် အနှီးပတ်ထားသော ကလေးငယ်တစ်ဦး လဲလျောင်းနေ၏။
ကလေးငယ်လေးမှာ အလွန်တင့်တယ်လှပပြီး နူးညံ့သော မျက်နှာလေးဖြင့် မျက်စိမှိတ်ကာ အိပ်မောကျနေလေသည်။
ဝံပုလွေဂူထဲတွင် ကလေးငယ်တစ်ဦး ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။
"အစ်ကိုလန်... ဘာ... တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ..."
ကျန်းဝေ့ကော်သည် သူမြင်နေရသည့်အရာကို မယုံနိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
အပြင်ဘက်ရှိ ဝံပုလွေများမှာ သွေးအေးပြီး ရက်စက်ကာ အလွန်တရာ ရိုင်းစိုင်းကြပြီး လူတွေကိုပင် စားတတ်ကြသည်။
သို့သော် ဤဝံပုလွေဂူထဲတွင် နို့စို့အရွယ် ကလေးငယ်တစ်ဦး ရှိနေခဲ့၏။
လူစားသည့် ဝံပုလွေတစ်ကောင်က နို့စို့ကလေးကို ချမ်းသာပေးမည်လော။
ဤသည်မှာ လုံးဝကို ယုတ္တိမတန်လွန်းပေ။
ကျန်းဝေ့ကော်သည် ဝံပုလွေအုပ်က ထိုကလေးငယ်ကို မည်သည့်အတွက်ကြောင့် ချမ်းသာပေးခဲ့သည်ကို နားမလည်နိုင်ဖြစ်နေတော့သည်။
လီလန်သည် စကားမပြောဘဲ ဝံပုလွေပေါက်စလေးများ ပုန်းကွယ်နေသည့် ဂူထောင့်တစ်နေရာသို့သာ လှမ်းကြည့်လိုက်လေသည်။
ဝံပုလွေပေါက်စလေးများမှာ ဂူထဲသို့ လူဝင်လာသည်ကို မြင်သည်နှင့် တပြိုင်နက် ကြောက်လန့်တကြား ပုန်းအောင်းသွားကြ၏။
ထိုသို့မဟုတ်လျှင် သူတို့သည်လည်း ကလေးငယ်နှင့်အတူ ဝံပုလွေဂူထဲတွင် အိပ်နေကြမည်မှာ သေချာလှသည်။
"လျူဇီ... ဟိုမှာ ဝံပုလွေပေါက်စလေးတွေရှိတယ်... သွားဖမ်းလိုက်..."
လီလန်က အသံသြသြဖြင့် ပြောလိုက်သည်။
ဝံပုလွေအုပ်ကြီး မျိုးတုံးသွားပြီဖြစ်ရာ ဝံပုလွေပေါက်စလေးများကို ဤဂူထဲတွင်ထားခဲ့ပါက အစောနှင့်အနှောင်း ငတ်သေကြရမည်သာ ဖြစ်သည်။ သူတို့ကို တောင်အောက်သို့ ခေါ်သွားပြီး မာလောင်တလက်ထဲ အပ်လိုက်ခြင်းက ပိုကောင်းမည်ဖြစ်သည်။
"အာ... ဝံပုလွေပေါက်စလေးတွေလည်း ရှိနေတာလား..."
လျူဇီက ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်ရင်း မေးလိုက်သည်။
"ဝံပုလွေဂူရဲ့ အနောက်ဘက်ဆုံးမှာရှိတာ... ဆက်လျှောက်သွားလိုက်ရင် တွေ့ရလိမ့်မယ်..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
ထို့နောက် လျူဇီသည် ဂူအတွင်းပိုင်းသို့ ဝင်သွားခဲ့ပြီး မကြာမီမှာပင် ဝံပုလွေပေါက်စ သုံးကောင်ကို သယ်ဆောင်လာခဲ့လေသည်။
"အစ်ကိုလန်... အစ်ကိုပြောတာ မှန်တယ်... ဂူထဲမှာ ဝံပုလွေပေါက်စလေးတွေ ရှိနေတာပဲ..."
လျူဇီက ဝံပုလွေပေါက်စများကို မြှောက်ပြရင်း လီလန်ကို အချက်ပြလိုက်သည်။
လီလန်သည် ဝံပုလွေပေါက်စလေးများကို ကြည့်လိုက်ရာ သူတို့မှာ လစေ့မွေးဖွားထားပြီး နို့စို့အရွယ်သာ ရှိသေးကာ အလွန်ပိန်ချုံးနေကြသည်။
ဝံပုလွေပေါက်စလေးများမှာ သူစိမ်းများကို မြင်တွေ့ရပြီး လီလန်နှင့် သူ၏အပေါင်းအပါများထံမှ သွေးနံ့ကို ရသွားသောအခါ အထိန်းအကွပ်မဲ့စွာ တုန်ယင်လာကြတော့သည်။
"သူတို့ကို တောင်အောက် ခေါ်သွားကြမယ်..."
လီလန်က အသံသြသြဖြင့် ပြောလိုက်သည်။
"အစ်ကိုလန်... ဒါကရော..."
ကျန်းဝေ့ကော်သည် ဝံပုလွေဂူထဲရှိ ကလေးငယ်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းကလည်း မေးစရာလား... သေချာပေါက် ဒီကလေးကိုလည်း တောင်အောက် ခေါ်သွားရမှာပေါ့..."
လီလန်က ကျန်းဝေ့ကော်ကို မျက်စောင်းထိုးရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။
ဤမျှငယ်ရွယ်သော ကလေးငယ်ကို ဝံပုလွေဂူထဲတွင် ထားခဲ့ပါက ငတ်သေလျှင်သေ၊ မသေလျှင် အအေးပတ်သေမည်သာဖြစ်သည်။
အကယ်၍ ငိုသံထွက်လာပါက သားရဲတိရစ္ဆာန်များကို ဆွဲဆောင်မိပြီး အရှင်လတ်လတ် စားသောက်ခံရမည်ဖြစ်သည်။
"မြက်ခင်းပြင်တောင်က ရွာနဲ့ အတော်ဝေးပြီး တောင်ခါးပန်းမှာ ရှိတာလေ... ဝံပုလွေဂူထဲမှာ ဘယ်လိုလုပ် ကလေးတစ်ယောက် ရှိနေရတာလဲ..."
ကျန်းဝေ့ကော်မှာ နားမလည်နိုင်ဖြစ်ကာ ကလေးငယ်ကို ကောက်ချီရန် ငုံ့လိုက်သည်။
လီလန်က ကျန်းဝေ့ကော်သည် ကြမ်းတမ်းပြီး ကလေးကို ထိခိုက်မိမည်စိုးသဖြင့် ပြောလိုက်၏။
"ခဏနေဦး... ငါပဲ လုပ်လိုက်မယ်..."
သူ၏ ညီမလေး မွေးဖွားစဉ်က သူသည် ဖခင်ဖြစ်သူအား ကူညီ၍ ကလေးထိန်းခဲ့ဖူးသဖြင့် ကလေးချီရာတွင် အတွေ့အကြုံရှိပြီး ကလေးမနာကျင်စေရန် မည်သို့ချီရမည်ကို သိထားလေသည်။
လီလန်သည် အမဲလိုက်သေနတ်ကို ကျန်းဝေ့ကော်ထံ ကမ်းပေးလိုက်သည်။ ထို့နောက် အလွန်ညင်သာစွာ လှုပ်ရှား၍ ငုံ့ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ဝံပုလွေဂူထဲမှ ကလေးငယ်ကို ဂရုတစိုက် ပွေ့ချီလိုက်တော့သည်။
ကလေးငယ်လေးမှာ နီရဲသော အသားအရေရှိပြီး လီလန်က ချီထားသည့်တိုင်အောင် မငိုမယိုဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။
"ဝေ့ကော်... ဝံပုလွေသားရေ တစ်ချပ် ယူခဲ့ပေး..."
လီလန်က အမိန့်ပေးလိုက်သည်။
ဝံပုလွေဂူကို မြက်ခြောက်များဖြင့် ခင်းကျင်းထားပြီး ဝံပုလွေပေါက်စ သုံးကောင်မှာလည်း ပူးကပ်နေကြသဖြင့် အတန်ငယ် နွေးထွေးနေကာ ကလေးငယ်မှာ မချမ်းအေးခဲ့ပေ။
ဂူအပြင်သို့ ထွက်သွားပါက ဤအင်္ကျီပါးပါးလေးဖြင့်ဆိုလျှင် အအေးပတ်သေဆုံးသွားနိုင်လေသည်။
ကလေးငယ်များမှာ အအေးဒဏ်ကို ခံနိုင်ရည်မရှိကြပေ။ အအေးဓာတ် ဝင်သွားပါက အအေးမိဖျားနာရန် လွယ်ကူလှသည်။
ကျန်းဝေ့ကော်သည် ဂူပြင်သို့ အမြန်ပြေးထွက်သွားပြီး အမွှေးဖြူဝံပုလွေဘုရင်၏ သားရေဖြစ်သော ဝံပုလွေသားရေတစ်ချပ်ကို ယူဆောင်လာခဲ့လေသည်။
လီလန်သည် ကလေးငယ်ကို ဝံပုလွေဘုရင်၏ သားရေဖြင့် ပတ်ရစ်လိုက်ပြီး ကလေး၏ ခေါင်းလေးကိုသာ ဖော်ထားလိုက်သည်။
"တောင်အောက် ဆင်းကြစို့..."
တောင်အောက်သို့ ဆင်းလာရာ လမ်းခရီးတွင် ကျန်းဝေ့ကော်က စွတ်ဖားလှည်းကို ဆွဲရင်း မေးလိုက်သည်။
"အစ်ကိုလန်... ဒီကလေးက ဘယ်လိုဖြစ်ရတာလဲ..."
လီလန်သည် ဝံပုလွေသားရေထဲရှိ ကလေးငယ်ကို တစ်ချက်ကြည့်ကာ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ဝေ့ကော်... အမွှေးဖြူဝံပုလွေဘုရင်ရဲ့ ဗိုက်ထဲက လူလက်ချောင်းကို မင်း မှတ်မိသေးလား..."
"မှတ်မိတယ်... အတော်ကြောက်စရာကောင်းတာ..."
ကျန်းဝေ့ကော်က ထိတ်လန့်နေဆဲဖြစ်သော လေသံဖြင့် ပြောလိုက်သည်။
"အဲဒါက ဒီကလေးရဲ့အမေ ဖြစ်နိုင်တယ်..."
လီလန်က သက်ပြင်းချလိုက်သည်။
ဝံပုလွေဂူထဲတွင် အနှီးပတ်လျက်သား ရှိနေသေးသော ကလေးငယ်ကို မြင်လိုက်ရချိန်တွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို သူ အကြမ်းဖျင်း နားလည်သွားခဲ့လေသည်။
အမွှေးဖြူဝံပုလွေဘုရင်၏ ဗိုက်ထဲရှိ လက်ချောင်းများနှင့် ခြေသလုံးရိုးများ၊ ထို့အပြင် ရွှေလက်စွပ်တို့မှာ အမျိုးသမီးတစ်ဦး၏ အရာများဖြစ်ကြသည်။
ထိုအမျိုးသမီးမှာ ဤကလေးငယ်၏ မိခင်ဖြစ်ရန် ရာခိုင်နှုန်းများလှသည်။
"ဘာ... ဒါ... ဒါက..."
ကျန်းဝေ့ကော်နှင့် လျူဇီတို့ နှစ်ယောက်စလုံးမှာ အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။
"အရင်က ပြောစမှတ်တစ်ခု ရှိခဲ့ဖူးတယ်... တောင်ပေါ်က ဝံပုလွေတွေက လမ်းသွားလမ်းလာတွေကို တိုက်ခိုက်တဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို စားသောက်ကြပေမယ့် ကလေးတွေကိုတော့ ချန်ထားခဲ့ပြီး ဝံပုလွေဂူထဲကို ခေါ်သွားတတ်ကြတယ်တဲ့..."
"ဘာဖြစ်လို့လဲဆိုတော့ ဝံပုလွေအုပ်ထဲမှာ ဝံပုလွေပေါက်စလေးတွေ မွေးခါစ မိခင်ဝံပုလွေမ ရှိနေတတ်လို့ပဲ... သူမမှာ မိခင်မေတ္တာစိတ် ဖြစ်ပေါ်နေပြီး ကလေးတွေကို ဒုက္ခမပေးချင်တော့ဘဲ သူမရဲ့ ဝံပုလွေပေါက်စလေးတွေနဲ့ အဖော်လုပ်ပေးဖို့ ထားချင်လို့တဲ့..."
"အဲ့လိုကလေးကို... တောရိုင်းကလေးလို့ ခေါ်ကြတယ်..."
လီလန်က ပုံပြင်တစ်ပုဒ် ပြောပြနေသကဲ့သို့ ညင်သာသော လေချိုသွေးကာ ပြောပြနေခဲ့လေသည်။
သူ ကလေးဘဝတုန်းက ရွာမှ သက်ကြီးရွယ်အိုများထံမှ ဤပုံပြင်ကို ကြားခဲ့ဖူးသည်။ ရွာမှ မုဆိုးတစ်ဦးသည် တောင်ပေါ်သို့ ဝံပုလွေလိုက်ရန် သွားရာတွင် ဝံပုလွေဂူထဲ၌ ဝံပုလွေတစ်ကောင်ကဲ့သို့ အတိအကျ ပြုမူနေသော အသက် ရှစ်နှစ် သို့မဟုတ် ကိုးနှစ်အရွယ် ကလေးတစ်ဦးကို တွေ့ရှိခဲ့ရသည်။
ထိုဝံပုလွေကလေးမှာ အသားစိမ်းကိုစား၍ ရေအေးကို သောက်ကာ ဝံပုလွေတစ်ကောင်ကဲ့သို့ အမဲလိုက်တတ်ပြီး စကားမပြောနိုင်ဘဲ အလွန်အမင်း ရိုင်းစိုင်းလှသည်။
ဝံပုလွေများ ပြုစုပျိုးထောင်ပေးထားသော ကလေးသည် ဝံပုလွေကလေးပင် ဖြစ်သည်တကား။
အကယ်၍ လီလန်သာ ဤဝံပုလွေဂူထဲရှိ ကလေးငယ်ကို အချိန်မီ မတွေ့ခဲ့ပါက၊ သူသည်လည်း ထိုခုနစ်နှစ် ရှစ်နှစ်အရွယ် ဝံပုလွေကလေးကဲ့သို့ ဝံပုလွေဘဝဖြင့် နေထိုင်ကာ အခြားရှုထောင့်မှကြည့်လျှင် ဝံပုလွေတစ်ကောင် ဖြစ်သွားမည်မှာ အမှန်ပင်ဖြစ်သည်။
"ယုတ္တိမတန်ဘူးလို့ မထင်ရဘူးလား..."
လီလန်သည် သူ၏ လက်အောက်ငယ်သား နှစ်ဦးဖြစ်သော ကျန်းဝေ့ကော်နှင့် လျူဇီတို့ကို ကြည့်လိုက်သည်။
ကျန်းဝေ့ကော်က သစ်တုံးတစ်တုံးကဲ့သို့ တောင့်တင်းစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဝံပုလွေတွေက လူကိုစားတာ... သူတို့က ဘယ်လိုလုပ် ကလေးတွေကို ကူညီပြီး ပြုစုပျိုးထောင်ပေးမှာလဲ..."
လီလန်မှာ တိတ်ဆိတ်နေခဲ့သည်။ ဝံပုလွေကလေး၏ ဒဏ္ဍာရီမှာ တကယ့်ကိုပဲ အလွန်ထူးဆန်းနေခဲ့လေသည်။
ကျန်းဝေ့ကော်နှင့် လျူဇီတို့သည် ရွှမ်းရွှေရွာတွင် ကြီးပြင်းလာခဲ့ကြပြီး သူတို့၏ တစ်သက်တာတွင် ကျောက်ဘိုင်တောင်တန်းမှ မထွက်ခွာဖူးကြရာ၊ သူတို့ ဤအရာများကို မသိကြခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်... ကလေးရဲ့ အမေက ကျေးလက်မှာ ဆွေမျိုးတွေဆီ အလည်သွားရင်း ဟိုအမွှေးဖြူဝံပုလွေဘုရင်နဲ့ ကံဆိုးစွာ တွေ့ဆုံမိပြီး စားသောက်ခံလိုက်ရတာ ဖြစ်ဖို့များတယ်... ပြီးတော့ ကလေးကို ဝံပုလွေအုပ်ထဲက ဝံပုလွေမက ဝံပုလွေဂူဆီ ပြန်ခေါ်သွားတာပဲ..."
လီလန် ပစ်သတ်ခဲ့သော ဝံပုလွေအိုများထဲမှ သုံးလေးကောင်ခန့်မှာ ဝံပုလွေမများ ဖြစ်ကြသည်။
ထို့ကြောင့် သူက ထိုသို့ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။
ဤသည်ကို ကြားသောအခါ ကျန်းဝေ့ကော်ကလည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရလေသည်။
ကျောက်ဘိုင်တောင်တန်းကြီးမှာ အလွန်လူသူကင်းမဲ့လှသည်။ ကျေးရွာများမှ မြို့များဆီသို့ သွားသော လမ်းများအားလုံးမှာ စွန့်ပစ်ခံထားရပြီး လမ်းဘေးတစ်ဖက်တစ်ချက်တွင် သစ်တောများနှင့် ခြုံနွယ်ပိတ်ပေါင်းများသာ ရှိသည်။
အကယ်၍ ကလေးချီထားသော အမျိုးသမီးတစ်ဦးသည် ဆွေမျိုးများထံ အလည်သွားရန် မြို့မှ ရွာသို့ ပြန်လာပါက၊ လမ်းဘေးခြုံပုတ်များထဲမှ ဝံပုလွေတစ်ကောင် ရုတ်တရက် ခုန်ထွက်လာနိုင်ပေသည်။
ကလေးချီထားပြီး လက်နက်မပါသလို ခွန်အားလည်းနည်းပါးသော အမျိုးသမီးတစ်ဦးသည် ရက်စက်သော ဝံပုလွေတစ်ကောင်ကို မည်သို့လုပ် ခုခံတိုက်ခိုက်နိုင်မည်နည်း။
"ဪ... ဒီကလေးက အရမ်းသနားစရာကောင်းတာပဲ... ငယ်ငယ်ရွယ်ရွယ်နဲ့ အမေဆုံးရှုံးသွားရတယ်..."
ကျန်းဝေ့ကော်က သက်ပြင်းချလိုက်သည်။
"အစ်ကိုလန်... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ..."
"အစ်ကို... အစ်ကို ဒီကလေးကို မွေးစားမှာလား..."
ကျန်းဝေ့ကော်သည် လီလန်၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို ကြည့်ရင်း မေးလိုက်သည်။
"တောင်အောက် ပြန်ရောက်တဲ့အခါ အနီးအနားက ရွာတွေမှာ မကြာသေးခင်ကမှ ကလေးမွေးထားတဲ့ အမျိုးသမီးတွေ မြို့က ဆွေမျိုးတွေဆီ အလည်သွားရင်း ပျောက်ဆုံးသွားတာ ရှိမရှိ သွားစုံစမ်းကြည့်လိုက်..."
"ဒီကလေးရဲ့ အမေက ဝံပုလွေတွေ စားတာခံလိုက်ရပြီဆိုတော့... သူ့အဖေကတော့ စိုးရိမ်ပူပန်မှုတွေနဲ့ ရူးမတတ် ဖြစ်နေလောက်ပြီ..."
လီလန်က အနှီးထဲရှိ ကလေးငယ်ကို ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။
ကျန်းဝေ့ကော်သည် ဝံပုလွေသားရေများ အပြည့်တင်ထားသော စွတ်ဖားလှည်းကို တောင်အောက်သို့ ဆွဲချလာပြီး၊ လျူဇီက ဝံပုလွေပေါက်စ သုံးကောင်ကို သယ်ဆောင်လာကာ လီလန်ကတော့ အမွှေးဖြူဝံပုလွေဘုရင်၏ သားရေဖြင့် ပတ်ရစ်ထားသော ကလေးငယ်ကို ချီပိုးလာခဲ့သည်။
သူတို့သုံးဦးသည် တစ်ယောက်နောက် တစ်ယောက်လိုက်ကာ သူတို့လာခဲ့သော လမ်းအတိုင်း မြက်ခင်းပြင်တောင်မှ ဆင်းလာခဲ့ကြလေသည်။
တောင်တက်ရသည်မှာ လွယ်ကူသော်လည်း တောင်ဆင်းရသည်မှာ ခက်ခဲလှသည်။ မြက်ခင်းပြင်တောင်ခြေရှိ ရွာသို့ ဘေးကင်းစွာ ရောက်ရှိရန် အချိန်တစ်နာရီ အပြည့် ယူလိုက်ရသည်။
ထိုနေရာမှာ မာလောင်တ၏ အိမ်ပင် ဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီ... နောက်ဆုံးတော့ တောင်အောက်ကို ဘေးကင်းကင်း ပြန်ရောက်လာကြပြီပဲ... အရမ်းလည်း မိုးချုပ်နေပြီဆိုတော့ အစ်ကိုတို့အတွက် စိတ်ပူနေတာ..."
မာလောင်တသည် လီလန်ကို မြင်သောအခါ ဝမ်းသာအားရဖြစ်သွားပြီး စကားဆက်ပြောရန် ပြင်လိုက်လေသည်။
ထိုစဉ် ဖြတ်ခနဲ ကြည့်လိုက်မိရာ လီလန်၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို တွေ့လိုက်ရ၏။
"ဒီကလေးက ဘယ်က ရောက်လာတာလဲ..."