အခန်း ၁
Vol. 1 Ch. 1
အခန်း (၁) - သဲလွန်စများ
ရှန်ရဲ့ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူသည် စင်္ကြံလမ်းတစ်ခုပေါ်၌ ရပ်နေကြောင်း သတိပြုမိလိုက်လေသည်။
သူသည် ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား လိုက်ကြည့်ခြင်းမျိုး မရှိသကဲ့သို့၊ အကျယ်ကြီး အော်ဟစ်ခြင်းမျိုးလည်း မလုပ်ခဲ့ချေ။
ထိုနေရာတွင်သာ မတ်မတ်ရပ်လျက် သူ၏ ကိုယ်ခန္ဓာ အခြေအနေကို စစ်ဆေးရန် စက္ကန့်သုံးစက္ကန့်ခန့် အချိန်ယူလိုက်၏။
အသက်ရှူနှုန်း ပုံမှန်၊ နှလုံးခုန်နှုန်း အနည်းငယ် မြန်နေသော်လည်း ထိန်းချုပ်နိုင်စွမ်းရှိသည်၊ ခြေလက်အင်္ဂါများ ပုံမှန်၊ ကိုယ်ပိုင်ပစ္စည်းများအနေဖြင့် ဖုန်း၊ ပိုက်ဆံအိတ်၊ သော့တွဲနှင့် အလုပ်မလုပ်တော့သော ဒစ်ဂျစ်တယ် နာရီတစ်လုံးတို့ ပါရှိသည်။
ထို့နောက် ပတ်ဝန်းကျင်ကို စတင် အကဲခတ်လေသည်။
မျက်မှန်းတန်းဆကြည့်ရသလောက် စင်္ကြံလမ်းမှာ မီတာ ၅၀ ခန့် ရှည်လျားပြီး၊ တစ်ဖက်တစ်ချက်စီတွင် သံချေးတက်နေမှု အနည်းနှင့်အများသာ ကွာခြားနေသော ခေတ်ဟောင်း လုံခြုံရေး သံတံခါး စုစုပေါင်း အချပ်နှစ်ဆယ်ကို အချိုးကျ တပ်ဆင်ထားသည်။
အလင်းရောင်အတွက် သုံးမီတာလျှင် မီးချောင်းတစ်ချောင်းကျစီ တပ်ဆင်ထားရာ၊ ၎င်းတို့အနက် လေးချောင်းမှာ ပျက်စီးနေခြင်း သို့မဟုတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခြင်းများကို တွေ့ရ၏။
လေထု၏ ပါဝင်ဖွဲ့စည်းမှုအရ မှိုစော်နံသည့် အနံ့က အဓိကဖြစ်ပြီး ပိုးသတ်ဆေးနံ့နှင့် ညှီစော်စော် ချိုအီအီ အနံ့သဲ့သဲ့တို့ ရောယှက်နေသည်။ သူ မှုခင်းဆေးပညာ သင်တန်းတက်စဉ်က ဤကဲ့သို့ အနံ့မျိုးကို ရဖူးခဲ့၏။ ၎င်းမှာ သွေးများ တိကျသော အခြေအနေ တစ်ခုတွင် ပုပ်သိုးဆွေးမြည့်သွားရာမှ ထွက်ပေါ်လာသည့် အနံ့ပင် ဖြစ်လေသည်။
ကြမ်းပြင်ကို ကျောက်ကြမ်းပြားများ ခင်းထားပြီး၊ ရှေ့ဆယ့်ငါးမီတာခန့် အကွာတွင် အနီရင့်ရောင် အစွန်းအထင်းများက ဖြာထွက်နေသည့် ပုံစံမျိုးဖြင့် ပေကျံနေကာ အစွန်းအနားများမှာ မည်းနက်နေချေပြီ။
သူသည် အဆိုပါ အစွန်းအထင်း၏ ဧရိယာကို မျက်မှန်းတန်း အကဲခတ်လိုက်ပြီး သွေးထွက်လွန်မှု ပမာဏကို စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။
အကယ်၍သာ ၎င်းသည် လူ့သွေးဖြစ်ခဲ့ပါက၊ ထိုမျှ သွေးထွက်လွန်သွားသောသူ အသက်ရှင်နိုင်ရန် ရာခိုင်နှုန်းမှာ သုညပင် ဖြစ်၏။
ထောင့်တစ်နေရာတွင် လူသုံးဦး ဆောင့်ကြောင့်ထိုင်နေကြသည်။
ရှန်ရဲ့၏ အကြည့်များက သူတို့ဆီသို့ ဝေ့ဝဲသွားကာ နှစ်စက္ကန့်မျှ အချိန်ယူလိုက်ပြီးနောက် အောက်ပါ အချက်အလက်များကို စုဆောင်းရရှိလိုက်လေသည်။
အသက် လေးဆယ့်ငါးနှစ် ဝန်းကျင်ရှိ လူလတ်ပိုင်း အမျိုးသား တစ်ဦး။ ဟောင်းနွမ်းနေသော အလုပ်သမား ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖောင်းကားနေသော ပလပ်စတစ် ယက်အိတ် တစ်လုံး ပါရှိသည်။
အနေအထားမှာ နှိုင်းယှဉ်ကြည့်လျှင် သက်သောင့်သက်သာ ရှိနေပြီး သူတို့ သုံးဦးအနက် ရှန်ရဲ့ကို ပထမဆုံး သတိထားမိသူလည်း ဖြစ်သည်။ သူသည် ဤ ယာယီအုပ်စု၏ ခေါင်းဆောင် သို့မဟုတ် အတွေ့အကြုံ အရှိဆုံးသူ ဖြစ်နိုင်ခြေများ၏။
အသက် နှစ်ဆယ့်ငါးနှစ် ဝန်းကျင် လူငယ် တစ်ဦး။ ရှပ်အင်္ကျီ အဖြူနှင့် မျက်မှန်ကို တပ်ဆင်ထားသည်။ လက်ထဲတွင် ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များပင် ဖြူရော်နေလေသည်။
မျက်မှန်မှန်ဘီလူး နောက်ကွယ်ရှိ မျက်လုံးများက ရှန်ရဲ့ကို အကဲခတ်နေသော်လည်း အကြည့်များက ကယောင်ကတမ်း ဖြစ်နေ၏။ ၎င်းသည် အကဲခတ်သူ တစ်ဦး၏ အကြည့်မျိုး မဟုတ်ဘဲ၊ မိမိ၏ ကြောက်ရွံ့မှုကို ဖုံးကွယ်နိုင်ရန် အခြားသူများကို လိုက်လံ အကဲခတ်နေသူ တစ်ဦး၏ အကြည့်မျိုးသာ ဖြစ်သည်။
အသက် နှစ်ဆယ်ကျော် အရွယ် အမျိုးသမီးငယ် တစ်ဦး။ အနွေးထည် ပန်းရောင်ကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ကို ကွေးကွေးလေး ထားကာ ဆောင့်ကြောင့်ထိုင်နေသည်။ သူမ၏ မျက်လုံးများမှာ နီရဲရောင်ရမ်းနေ၏။
သူမ၏ နေရာမှာ ကျန်နှစ်ဦးနှင့် အနည်းငယ် ကွာဝေးပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှု အမြင့်ဆုံး အခြေအနေတွင် ရှိနေသည်။ မကြာမီကမှ ထိတ်လန့်ဖွယ်ရာ ကိစ္စတစ်ခုနှင့် ကြုံတွေ့ထားရသူ ဖြစ်ဟန်တူ၏။ အကယ်၍ ဤနေရာရှိ "အချိန်" သည် တည့်မတ်စွာ စီးဆင်းနေသည် ဆိုပါက၊ သူမသည် အနီးစပ်ဆုံး ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ သို့မဟုတ် အသက်ရှင် ကျန်ရစ်သူ ဖြစ်တန်ကောင်းလေသည်။
"နောက်တစ်ယောက် ရောက်လာပြန်ပြီ။"
လူလတ်ပိုင်း အမျိုးသားက မတ်တပ်ရပ်ပြီး သူ့ဆီသို့ လျှောက်လာသည်။
ရှန်ရဲ့က သူ၏ ခြေလှမ်းများကို သတိပြုမိလိုက်၏။ သူ၏ ဘယ်ဘက်ခြေထောက် ကျဆင်းမှုက ညာဘက်ထက် ပိုမို ပေါ့ပါးနေသည်။
ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာဟောင်း တစ်ခုခု ရှိနေခြင်း၊ သို့မဟုတ် လတ်တလောမှ ရထားသော ဒဏ်ရာ ရှိနေခြင်း ဖြစ်ရမည်။
သူ၏ အလုပ်သမား ဝတ်စုံ လက်မောင်းများကို ခေါက်တင်ထားပြီး၊ လက်ဖျံပေါ်တွင် နယ်နိမိတ် တိကျသော ခရမ်းပြာရောင် သွေးခြည်ဥ ဒဏ်ရာများကို တွေ့ရသည်။ ၎င်းတို့မှာ ထိခိုက်မိသော ဒဏ်ရာများ မဟုတ်ဘဲ၊ သိုင်းကြိုးကဲ့သို့သော အရာတစ်ခုခုဖြင့် ရစ်ပတ် တင်းကျပ်ခံထားရရာမှ ဖြစ်ပေါ်လာသည့် ဒဏ်ရာများနှင့် ပိုတူနေ၏။
"ဦးနာမည်က လင်းကျန့်ကော်၊ အားလုံးကတော့ ဦးလေးလင်း လို့ပဲ ခေါ်ကြတယ်။"
အမျိုးသားကြီးက အနားသို့ ရောက်လာပြီး ရှန်ရဲ့၏ ပခုံးကို ပုတ်ရန် လက်လှမ်းလိုက်လေသည်။
ရှန့်ရဲ့က ခြေတစ်ဝက်ခန့် နောက်ဆုတ်လိုက်ပြီး တစ်မီတာခွဲခန့် အကွာအဝေးကို လုံခြုံရေး အကွာအဝေး အဖြစ် ထိန်းထားလိုက်သည်။
ဦးလေးလင်း၏ လက်မှာ လေထဲတွင် ရပ်တန့်သွားပြီးနောက် ပြန်ရုပ်သိမ်းလိုက်ကာ ခါးသက်စွာ ပြုံးလိုက်၏။ "သတိကြီးတာ ကောင်းပါတယ်။ ဒါပေမဲ့ အခုချိန်က ဦးကို သတိထားနေရမယ့် အချိန် မဟုတ်ဘူး။ ဒီညကို အရင်ဆုံး အသက်ရှင်အောင် ဖြတ်သန်းနိုင်ဖို့ လိုတယ်။"
"ဒီနေရာက ဘယ်နေရာလဲ" ဟု ရှန်ရဲ့က မေးလိုက်သည်။
"ဦးလည်း မသိဘူး။"
"ခင်ဗျားတို့က ဘယ်သူတွေလဲ။"
"မင်းလိုပဲ၊ ဒီမှာ ပိတ်မိနေတဲ့ သူတွေပေါ့။"
"ငါတို့ ဘယ်လို ပြန်ထွက်ရမှာလဲ။"
ဦးလေးလင်းက ပြန်မဖြေတော့ဘဲ၊ ကိုယ်ကို တစ်စောင်းလှည့်ကာ စင်္ကြံလမ်း၏ အဆုံးဘက်သို့ မေးဆတ်ပြလိုက်လေသည်။
ရှန်ရဲ့က သူညွှန်ပြရာ ဘက်သို့ လှမ်းကြည့်လိုက်၏။
စင်္ကြံလမ်း၏ အဆုံးတွင် အရောင်လွင့်ပြယ်နေသော အနီရင့်ရောင် သစ်သားတံခါး နှစ်ချပ် ရှိပြီး၊ တံခါးဘောင် အထက်တွင် ဒစ်ဂျစ်တယ် နာရီတစ်လုံးကို ချိတ်ဆွဲထားသည်။ အနီရောင် ဂဏန်းများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏ — ၂၀:၄၉။
အဆိုပါ နာရီ၏ အောက်တွင် စာကြောင်းအချို့ ရိုက်နှိပ်ထားသော A4 စာရွက်တစ်ရွက် ရှိနေလေသည်။
သူ ချက်ချင်း လျှောက်မသွားသေးဘဲ စင်္ကြံလမ်း၏ အပြင်အဆင် တစ်ခုလုံးကို အရင်ဆုံး အကဲခတ်လိုက်သည်။
အဆုံးရှိ ဘယ်ဘက်ခြမ်းသည် လှေကားဆင်းရာ ဝင်ပေါက်ဖြစ်ပြီး ညာဘက်တွင်တော့ နံရံတစ်ခု ရှိသည်။
ဒစ်ဂျစ်တယ် နာရီ၏ ဝါယာကြိုးသွယ်တန်းမှု — မည်သည့် ဝါယာကြိုးမျှ မရှိချေ။ ထိုအရာသည် ဘက်ထရီဖြင့် အလုပ်လုပ်ခြင်း ဖြစ်မည်၊ သို့မဟုတ်ပါက လျှပ်စစ်စွမ်းအင် လုံးဝ လိုအပ်မည် မဟုတ်ပေ။
ထို့နောက် သူက အဆိုပါ စာရွက် အနီးသို့ လျှောက်သွားလိုက်သည်။
【ယခု အထပ်မှ ကြိုဆိုပါသည်။】
【သင့်၏ နေထိုင်မှု အတွေ့အကြုံ ကောင်းမွန်စေရန် အောက်ပါ စည်းမျဉ်းများကို လိုက်နာပေးပါ။】
【၁။ ညမထွက်ရ အချိန်မှာ နေ့စဉ် ည ၂၂:၀၀ မှ နောက်တစ်နေ့ နံနက် ၆:၀၀ အထိ ဖြစ်သည်။ အိမ်ထဲတွင်သာ နေထိုင်ရန် သေချာစေပါ။】
【၂။ ညမထွက်ရ အချိန်အတွင်း မည်သည့်အသံ ကြားရသည်ဖြစ်စေ တံခါး မဖွင့်ပါနှင့်။】
【၃။ အခန်းတစ်ခန်းလျှင် လူလေးဦးထက် ပိုမနေရပါ။】
【၄။ စင်္ကြံလမ်းထဲတွင် မပြေးပါနှင့်။】
【၅။ ပြတင်းပေါက် အပြင်ဘက်ရှိ လမင်းကို တိုက်ရိုက် မကြည့်ပါနှင့်။】
【၆။ စင်္ကြံလမ်းထဲတွင် အနီရောင်ဝတ်စုံနှင့် လူတစ်ဦးကို တွေ့ပါက ချက်ချင်း အခန်းထဲ ပြန်ဝင်ပြီး၊ မီးပိတ်ကာ ဗီရိုထဲတွင် ပုန်းအောင်း၍ မိုးလင်းသည်အထိ စောင့်ပါ။】
【၇။ အထက်ပါ စည်းမျဉ်းများကို မပျက်မကွက် လိုက်နာပါရန်။】
【ပျော်ရွှင်ဖွယ် နေထိုင်မှုလေး ဖြစ်ပါစေ။】
ရှန်ရဲ့က ဤစာရွက်ကို ဆယ်စက္ကန့်ခန့် စိုက်ကြည့်နေလိုက်သည်။
စာလုံးအရွယ်အစားများ ကွာခြားနေသည်မှာ အမှန်ပင် ဖြစ်၏။ သတ္တမမြောက် အချက်ရှိ စာလုံးအရွယ်အစားမှာ အနည်းငယ် ပိုသေးပြီး၊ မှင်အရောင်ကလည်း အနည်းငယ် ပိုရင့်နေသည်။ နောင်မှ ထပ်ဖြည့်ထားခြင်း သို့မဟုတ် အစားထိုးထားခြင်းမျိုးနှင့် တူနေလေသည်။
စာရွက်၏ အနားစွန်းများမှာ အနည်းငယ် လိပ်တက်နေသဖြင့် ဤနေရာတွင် ကပ်ထားသည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဖြစ်ကြောင်း၊ အနည်းဆုံး ၂၄ နာရီထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း ပြသနေသည်။
စာရွက်၏ မျက်နှာပြင်ပေါ်တွင် သိသာထင်ရှားသော ဖုန်မှုန့်များ မရှိခြင်းက ဤနေရာ၏ ပတ်ဝန်းကျင်မှာ နှိုင်းယှဉ်ကြည့်လျှင် သန့်ရှင်းနေကြောင်း သို့မဟုတ် တစ်စုံတစ်ယောက်က ပုံမှန် လာရောက် သန့်ရှင်းရေး လုပ်ပေးနေကြောင်း ညွှန်ပြနေ၏။
"အတုတွေ။"
မျက်မှန်တပ်ထားသော လူငယ်က သူ၏ အနားသို့ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိ၊ ဩရှရှ အသံဖြင့် ဆိုလေသည်။ "စည်းမျဉ်းတွေက အတုတွေချည်းပဲ။ ကျွန်တော် ရေတွက်ကြည့်ပြီးပြီ၊ ဒီအပေါ်မှာ စာလုံးအရွယ်အစား ခုနစ်မျိုး ကွဲပြားနေတယ်။ သတ္တမမြောက် စည်းမျဉ်းမှာ ရေးထားတဲ့ 'အထက်ပါ စည်းမျဉ်းများကို မပျက်မကွက် လိုက်နာပါရန်' ဆိုတဲ့ စာကြောင်းက အရှေ့က စာကြောင်းတွေထက် အရွယ်အစား တစ်ဆိုက် သေးနေပြီး၊ မှင်အရောင်ကလည်း ပိုရင့်နေတယ်။"
ရှန်ရဲ့က သူ့ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောချေ။
"ကျွန်တော့် နာမည်က ချန်မင်၊ ယုတ္တိဗေဒ ဘာသာရပ် ဘွဲ့လွန် ကျောင်းသားပါ။"
ကောင်လေးက မျက်မှန်ကို ပင့်တင်လိုက်ရင်း ဆက်ပြောသည်။ "ကျွန်တော် ခွဲခြမ်းစိတ်ဖြာ ကြည့်ပြီးပြီ။ တကယ်လို့ ဒါတွေက တစ္ဆေသရဲတွေရဲ့ စည်းမျဉ်းတွေသာ ဆိုရင်၊ အဲ့ဒီ တစ္ဆေသရဲက လိမ်ညာနေတာပဲ ဖြစ်ရမယ်။ ပြဿနာက ဘယ်အချက်က အတု၊ ဘယ်အချက်က အစစ်လဲ ဆိုတာကို ကျွန်တော်တို့ မသိတာပဲ။"
"ဒီမှာ တစ္ဆေသရဲ ရှိတယ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ။"
ချန်မင် ခဏမျှ ကြက်သေသေသွားပြီးနောက်၊ စင်္ကြံလမ်း၏ အခြားတစ်ဖက် အဆုံးရှိ အနီရင့်ရောင် သွေးကွက်များကို လက်ညှိုးထိုးပြလေသည်။
ရှန်ရဲ့ လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ သေချာ စစ်ဆေးကြည့်လိုက်သည်။
သွေးကွက်များမှာ ခြောက်သွေ့နေပြီး အစွန်းအနားများက မည်းနက်နေကာ အလယ်ဗဟို ဧရိယာတွင် ဒရွတ်တိုက် ဆွဲငင်သွားသော အရာများကို တွေ့ရ၏။
သွေးကွက်ဘေးတွင် စနီကာ ဖိနပ်တစ်ရံ၊ မျက်နှာပြင် ကွဲအက်နေသော ဖုန်းတစ်လုံးနှင့် သေးငယ်သော အသားစ တစ်ခုတို့ ပြန့်ကျဲနေသည်။ သူ မျက်လုံးကို ကျဉ်းကာ သေချာ ကြည့်လိုက်ရာ၊ ၎င်းမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်သော လက်ချောင်းထိပ်လေး ဖြစ်ပြီး၊ ပြတ်ရှရာမှာ အတော်လေး တိကျသပ်ရပ်နေကာ ဆွဲဖြဲခံထားရခြင်းမျိုး မဟုတ်ကြောင်း တွေ့ရသည်။
သူ မတ်တပ်ရပ်လိုက်ပြီး ဦးလေးလင်း ကို ကြည့်ကာ "သူတို့ မနေ့ညက သေသွားတာလား" ဟု မေးလိုက်သည်။
ဦးလေးလင်းက ခေါင်းညိတ်ပြ၏။ "ကောင်မလေး တစ်ယောက်ပါ၊ မင်းတို့ အရွယ်လောက်ပဲ ရှိမယ်။ စည်းမျဉ်းတွေရဲ့ ဟာကွက်ကို သူ ရှာတွေ့သွားပြီ ထင်ပြီး ညသန်းခေါင်ကြီး အပြင်ကို ထွက်ပြေးသွားတာ..."
"သူမ ဘယ်လို သေသွားတာလဲ။"
"အသတ်ခံရတာ... အဲ့ဒီအရာရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာ။"
"ခင်ဗျား ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာလား။"
ဦးလေးလင်းက ခေါင်းခါယမ်းပြလေသည်။
"ဘယ်သူမှ မမြင်လိုက်ရပါဘူး။ မနက်မိုးလင်းလို့ သူ့ကို တွေ့တဲ့အချိန်မှာ ဒီအခြေအနေကို ရောက်နေပြီလေ။"
ရှန်ရဲ့က ကိုယ်ကို ကွေးကွေးလေး ထားလျက် ထိုင်နေသော ကောင်မလေး အနီးသို့ လျှောက်သွားပြီး၊ ဆောင့်ကြောင့်ထိုင်ကာ သူမနှင့် မျက်နှာချင်းဆိုင် အနေအထားမှ ကြည့်လိုက်သည်။
"မင်းနဲ့ သေဆုံးသူက ဘယ်လို ပတ်သက်လဲ။"
ကောင်မလေးက ခေါင်းမော့ကြည့်လာသည်။ နီရဲရောင်ရမ်းနေသော မျက်လုံးများနှင့် တုန်ရီနေသော နှုတ်ခမ်းများဖြင့် "သူက ကျွန်မရဲ့ သူငယ်ချင်းပါ... နာမည်က အားချင်... ကျွန်မတို့ အတူတူ ဒီကို ရောက်လာခဲ့ကြတာ" ဟု ဖြေရှာ၏။
"မနေ့ညက မင်း သူ့အနားမှာ ရှိနေခဲ့တာလား။"
ကောင်မလေးက ခေါင်းညိတ်ပြသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ။"
ကောင်မလေးက သူ့ကို ပြန်ကြည့်နေ၏။ ပြောသင့်၊ မပြောသင့်ကို ဝေခွဲမရဖြစ်နေပုံ ရသည်။
ရှန်ရဲ့က အတင်းအကျပ် မမေးမြန်းဘဲ အေးအေးဆေးဆေးပင် စောင့်ဆိုင်းနေလိုက်၏။ ဤကဲ့သို့သော တိတ်ဆိတ်မှုက မေးခွန်းထုတ်ခြင်းထက် ပို၍ ဖိအားပေးနိုင်စွမ်း ရှိတတ်လေသည်။
"မနေ့ညက..." ကောင်မလေးက နောက်ဆုံးတွင် စကားစလာ၏။ အသံများက တုန်ရီနေပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ "ကျွန်မတို့ အခန်းနံပါတ် ၃ မှာ အိပ်နေခဲ့ကြတာ။ ညသန်းခေါင်ရောက်တော့ အပြင်ဘက်ကနေ လူတစ်ယောက် ကျွန်မကို လှမ်းခေါ်နေတာ ကြားရတယ်... အဲ့ဒါ အားချင် ရဲ့ အသံပဲ။ သူမက ထွက်ပေါက်ကို ရှာတွေ့ပြီမို့၊ တံခါးဖွင့်ပြီး သူမနဲ့ လိုက်ခဲ့ဖို့ ပြောတယ်။ ဒါပေမဲ့ အားချင် က ကျွန်မဘေးမှာတင် အိပ်ပျော်နေတာလေ... အပြင်ဘက်ကနေ ကျွန်မကို လှမ်းခေါ်တဲ့ သူ့အသံကို ကျွန်မ ဘယ်လိုလုပ် ကြားရနိုင်မှာလဲ..."
"မင်း တံခါး မဖွင့်ခဲ့ဘူးပေါ့။"
"ဟုတ်ကဲ့။"
"ဒါဆို သူ ဘယ်လို သေသွားတာလဲ။"
ကောင်မလေးက ခေါင်းငုံ့သွားပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။
"အဲ့ဒီ အသံကို ကြားပြီးတဲ့နောက်မှာ အားချင် က ရုတ်တရက် နိုးလာတယ်။ သူက ကျွန်မကို ကြည့်ပြီး ဘာတွေ နားထောင်နေတာလဲ လို့ မေးတယ်။ ကျွန်မက အပြင်ဘက်မှာ လူတစ်ယောက်က သူ့အသံကို အတုခိုးပြီး ကျွန်မကို လှမ်းခေါ်နေတယ်လို့ ပြောပြလိုက်တယ်။ အဲ့ဒီမှာ သူက ခဏလောက် ကြက်သေသေသွားပြီး ပြောလိုက်တာက—"
သူမ စကားကို ခဏ ရပ်လိုက်၏။
"သူ ဘာပြောလိုက်လို့လဲ" ဟု ရှန်ရဲ့က မေးသည်။
"သူက 'ဒါဆို ဘာလို့ သွားမကြည့်တာလဲ' တဲ့။"
ရှန်ရဲ့၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားလေသည်။
ကောင်မလေးက ဆက်ပြောပြ၏။ "အဲ့ဒီအချိန်မှာပဲ တစ်ခုခု မှားနေပြီ ဆိုတာကို ကျွန်မ ခံစားလိုက်ရတယ်။ အားချင် က အဲ့ဒီလို လူစားမျိုး မဟုတ်ဘူး၊ သူက ကျွန်မ သေမယ့်လမ်းကို ပို့မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ သူက မျက်တောင်တစ်ချက် မခတ်ဘဲ ကျွန်မကို စိုက်ကြည့်နေတယ်၊ ပြီးတော့ နှုတ်ခမ်းထောင့်တွေကလည်း ပြုံးနေဆဲပဲ။ အဲ့ဒါနဲ့ ကျွန်မလည်း ကုတင်ပေါ်ကနေ လိမ့်ဆင်းပြီး ဗီရိုထဲ ဝင်ပုန်းနေလိုက်တာ မိုးလင်းတဲ့အထိပဲ။ မိုးလင်းလို့ အပြင်လည်း ထွက်လာရော၊ အားချင် က တံခါးဝမှာ လဲကျနေပြီ၊ ပြီးတော့... ပြီးတော့ သေနေပြီလေ။"
"မင်း နာမည် ဘယ်လိုခေါ်လဲ" ဟု ရှန်ရဲ့က မေးလိုက်သည်။
"လျို... လျိုယွီဝေ ပါ။"
"လျိုယွီဝေ၊ မိုးလင်းလို့ မင်းတွေ့လိုက်ရတာက အားချင် ရဲ့ အလောင်း ဆိုတာ မင်း သေချာလား၊ တခြားအရာ တစ်ခုခု မဟုတ်ဘူး ဆိုတာ သေချာလား။"
ကောင်မလေးက အားတက်သရော ခေါင်းညိတ်ပြလေသည်။ "သေချာပါတယ်။ သူက အဲ့ဒီ အပြာရောင် အပေါ်အင်္ကျီကို ဝတ်ထားတယ်၊ ဆံပင်ကို မြင်းမြီးပုံစံ စည်းထားတယ်၊ ပြီးတော့ ကျွန်မ ပေးထားတဲ့ လက်ကောက်လေးကိုလည်း ဝတ်ထားသေးတယ်..."
"အဲ့ဒီ လက်ကောက်က အခုရော ရှိနေသေးလား။"
"ရှိပါတယ်... ကျွန်မ အဲ့ဒီတုန်းက အရမ်း ကြောက်နေခဲ့လို့ အနားကိုတောင် မကပ်ရဲခဲ့ဘူး..."
ရှန်ရဲ့ မတ်တပ်ရပ်လိုက်ပြီး သွေးကွက် ရှိရာဆီသို့ ပြန်လျှောက်သွားလေသည်။
အပြာရောင် အပေါ်အင်္ကျီ၊ မြင်းမြီးပုံစံ ဆံပင်၊ လက်ကောက်။
……….