ဇာတ်လိုက်ဖြစ်သူ ရှန်ရဲ့ တစ်ယောက် လျှို့ဝှက်ဆန်းကြယ်လှတဲ့ သရဲကန့်သတ်နယ်မြေ တစ်ခုထဲကို မတော်တဆ ရောက်သွားခဲ့တယ်။ (ဘယ်လိုရောက်သွားလဲဆိုတာတော့ မမေးနဲ့တော့။ လမ်းဖြတ်ကူးတဲ့ အဘွားအိုကို ကူညီရင်း ကုသိုလ်ကံထူးသွားတာမျိုးလိုလို ဘာလိုလိုနဲ့ပေါ့လေ၊ စာရေးသူလည်း ဆက်ပြီး လိမ်မရေးတတ်တော့လို့ပါ။) အဲ့ဒီ ခြောက်ခြားစရာ အမှောင်ထုထဲမှာ လူတိုင်းဟာ ကိုယ့်အသက်ကိုယ် ကာကွယ်နိုင်ဖို့အတွက် သရဲတွေချမှတ်ထားတဲ့ စည်းမျဉ်းတွေကို အသည်းအသန် လိုက်လံစူးစမ်းနေကြရတယ်။ အားလုံးက ပဟေဠိရဲ့ အဖြေကို ရှာတွေ့သွားပြီး၊ ဒီသေမင်းတမန် ဂိမ်းကြီးကို အတူတူ အဆုံးသတ်ပြီး လွတ်မြောက်ကြတော့မယ်လို့ ထင်မှတ်ထားချိန်မှာပဲ... ဝါရင့်ကစားသမားကြီး ဦးလေးလင်းဟာ ရုတ်တရက် အသတ်ခံလိုက်ရတယ်။ သူ မသေဆုံးခင် နောက်ဆုံးထွက်သက်မှာ ကျွန်တော့်နားနားကို ကပ်ပြီး တီးတိုးလေး ပြောသွားခဲ့တယ်။ "မင်းတို့ သိထားတယ်လို့ ထင်နေတဲ့ စည်းမျဉ်းတွေ အားလုံးက... သရဲတွေ မင်းတို့ကို လှည့်စားထားတဲ့ အလိမ်အညာတွေချည်းပဲကွ..." အဲ့ဒီကျမှ ကျွန်တော် ရုတ်တရက် သဘောပေါက်သွားတယ်။ ဒီကန့်သတ်နယ်မြေထဲက သရဲတွေဟာ စည်းမျဉ်းအစစ်အမှန်တွေကို ဖုံးကွယ်ထားရုံတင်မကဘူး၊ လူတိုင်း သေတွင်းထဲ ကျဆင်းသွားအောင် ယုတ်မာကောက်ကျစ်စွာနဲ့ သွေးဆောင်ဖြားယောင်းနေခဲ့ကြတာကိုး။ ဒီငရဲတွင်းကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက… မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ အခန်းထောင့်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့... အနီရောင် ဝတ်စုံနဲ့ အရိပ်ကြီးတစ်ခုက ကျွန်တော့်ကို စိုက်ကြည့်ရင်း ကြက်သီးထဖွယ် ပြုံးဖြဲဖြဲ လုပ်ပြနေတာကို တွေ့လိုက်ရတယ်။ "ဟက်... တကယ် ယုတ်မာကောက်ကျစ်လွန်းတဲ့ အပြုံးကြီးပဲ..."

