အခန်း ၂၆
Vol. 2 Ch. 26
အခန်း (၂၆) - ပြီးပြည့်စုံသော လှောင်အိမ် (အပိုင်း ၁)
ပထမဆုံး နေ့တွင် ရှန်ရဲ့သည် သဘာဝအလျောက် နိုးလာသည်အထိ အိပ်စက်ခဲ့သည်။
လိုက်ကာ အဟဟလေးများမှ တစ်ဆင့် နေရောင်ခြည်များ ဖြာကျလာပြီး ကြမ်းပြင်ပေါ်တွင် ရွှေရောင် မျဉ်းကြောင်းလေး တစ်ကြောင်းကို ရေးဆွဲထား၏။ သူ ကုတင်ပေါ်တွင် လှဲလျက် အဆိုပါ မျဉ်းကြောင်းလေးကို အချိန်အတော်ကြာအောင် ငေးကြည့်နေပြီးနောက်မှ၊ သူ ထပ်ပြီး အသက်လု ထွက်ပြေးစရာ မလိုတော့ဘူး ဆိုသည်ကို ဖြည်းညင်းစွာ သဘောပေါက်သွားလေသည်။ စည်းမျဉ်းများကို သတိထားနေစရာ မလိုတော့၊ ခြေသံများကို နားစွင့်နေစရာ မလိုတော့၊ ညသန်းခေါင်ယံ တံခါးခေါက်သံ ကြားလျှင် အသက်ရှူအောင့် ထားစရာ မလိုတော့ချေ။
သူ လုပ်စရာ လိုအပ်သည်မှာ ဤအတိုင်း လှဲနေရန်သာ ဖြစ်သည်။
ကိုယ်ပွား သည် သူ၏ အနား ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေပြီး အသက်ရှူသံများ ပုံမှန် ထွက်ပေါ်နေ၏။ မနေ့ညက သူတို့ နှစ်ယောက် ညဉ့်နက်သည်အထိ စကားပြောခဲ့ကြသည်။
ကန့်သတ်နယ်မြေ အတွင်းမှ သူတို့၏ အတွေ့အကြုံများ အကြောင်း၊ ပြီးတော့ ဒါတွေ အားလုံးကသာ အစစ်အမှန် ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ ဆိုတဲ့ အကြောင်းတွေ။ နောက်ဆုံးတော့ ကိုယ်ပွား က ပင်ပန်းပြီဟု ဆိုကာ ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ ရှန်ရဲ့လည်း အိပ်ပျော်သွားခဲ့ပြီး အိပ်မက်ဆိုးများ မမက်ခဲ့သလို၊ လန့်နိုးလာခြင်းမျိုးလည်း မရှိခဲ့ချေ။
အမေက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပြီး၊ အိုးခွက်ပန်းကန်သံများမှာ သူတို့ကို မနှိုးချင်သကဲ့သို့ အလွန် တိုးညင်းလှ၏။
ဆီသတ်နံ့လေးများ ပျံ့လွင့်လာပြီး ကြက်သွန်မြိတ်နံ့လေး များနှင့် ရောယှက်နေသည်။
ရှန်ရဲ့ မျက်လုံးများကို မှိတ်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
အရမ်းကို ကြာခဲ့ပြီပဲ။
ဒီအနံ့လေးကို သူ မရခဲ့တာ အရမ်းကို ကြာခဲ့ပြီ။
"နိုးပြီလား" ကိုယ်ပွား ၏ အသံ ထွက်ပေါ်လာ၏။
ရှန်ရဲ့ မျက်လုံးဖွင့်ကြည့်လိုက်ရာ ကိုယ်ပွား က တစ်စောင်းလှဲလျက် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အင်း။"
"ဘယ်အချိန် ရှိပြီလဲ။"
ရှန်ရဲ့ ကုတင်ဘေး စားပွဲခုံပေါ်ရှိ နှိုးစက်နာရီကို တစ်ချက် ကြည့်လိုက်သည်: ၉:၃၀။
"ကိုးနာရီခွဲ။"
ကိုယ်ပွား က ထိုင်လိုက်ပြီး မျက်လုံးများကို ပွတ်သပ်ရင်း: "ဒီလောက် နောက်ကျတဲ့ အထိ ငါ တစ်ခါမှ မအိပ်ဖူးဘူး" ဟု ဆိုလေသည်။
ရှန်ရဲ့လည်း ထိုင်လိုက်၏။
သူတို့ နှစ်ယောက် အဲ့ဒီနေရာမှာပဲ ထိုင်လျက်၊ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသော အသံများကို နားထောင်ရင်း ဘာစကားမျှ မဆိုကြချေ။
ခဏအကြာတွင် အမေ့၏ အသံ ထွက်ပေါ်လာသည်: "နိုးရင်လည်း ထွက်လာပြီး စားကြတော့လေ။ ကုတင်ပေါ်မှာပဲ ကပ်မနေကြနဲ့"
ရှန်ရဲ့ ပြုံးလိုက်လေသည်။
ဒီစကားကို သူ မကြားရတာ ငါးနှစ်တောင် ရှိနေပြီလေ။
မျက်နှာသစ်ပြီးနောက် သူတို့ နှစ်ယောက် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်ကြ၏။
စားပွဲပေါ်တွင် အစားအစာများ အပြည့် ရှိနေသည်။ ဆန်ပြုတ်၊ ပေါက်စီ၊ ချဉ်ဖတ်၊ ကြက်ဥကြော် နှင့် လှီးထားသော သစ်သီး ပန်းကန် တစ်ချပ်။
အမေက သူတို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်လျက် သူတို့ကို ကြည့်ကာ ပြုံးနေသည်။
"စားကြလေ၊ ဘာလို့ ငေးနေကြတာလဲ။"
ရှန်ရဲ့က တူကို ကောက်ကိုင်ပြီး ပေါက်စီ တစ်လုံးကို ယူလိုက်၏။
သူ တစ်လုတ် ကိုက်စားလိုက်သည်။
ဝက်သားနဲ့ ကြက်သွန်မြိတ် အစာသွတ် ပေါက်စီ။ သူ ကလေးဘဝတုန်းက အကြိုက်ဆုံး အရသာလေ။
သူ ခေါင်းငုံ့ကာ ဆက်တိုက် စားနေပြီး အမေ့ကို မော့မကြည့်ရဲချေ။
ကိုယ်ပွား ကတော့ သူ၏ ဘေးတွင် ဖြည်းညင်းစွာ စားသောက်နေပြီး၊ အမေ့ကို ရံဖန်ရံခါ လှမ်းကြည့်နေကာ သူ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အမူအရာ တစ်ခု ရှိနေ၏။ သိချင်စိတ်နှင့် အားကျမှု အနည်းငယ်။
အမေက သတိထားမိသွားပြီး ပြုံးလျက် မေးလိုက်သည်: "သားလေး... မင်းနာမည် ဘယ်လိုခေါ်လဲ။"
ကိုယ်ပွား တစ်ခဏမျှ ကြက်သေသေသွားပြီး ရှန်ရဲ့ကို လှမ်းကြည့်လိုက်၏။
ရှန်ရဲ့က "သူ့ကိုလည်း ရှန်ရဲ့ လို့ပဲ ခေါ်တာ" ဟု ဝင်ပြောလိုက်သည်။
အမေလည်း တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ရယ်မောလိုက်လေသည်: "နာမည်ရော၊ မျိုးရိုးရော အတူတူပဲလား။ တိုက်ဆိုင်လိုက်တာကွယ်။"
ကိုယ်ပွား က ခေါင်းညိတ်ပြသည်: "ဟုတ်တယ်၊ တိုက်ဆိုင်တာပါ။"
အမေက ဘာမှ ထပ်မမေးတော့ဘဲ: "အဲ့ဒါဆိုလည်း နောက်ဆိုရင် မင်းကို ရှောင်ရှန် လို့ ခေါ်ပြီး၊ သူ့ကို တာ့ရှန်လို့ ခေါ်တာပေါ့။ ဒါမှ မရှုပ်မှာ" ဟု ဆိုလေသည်။
ကိုယ်ပွား က ခေါင်းညိတ်ပြသည်: "ဟုတ်ကဲ့။"
စားသောက်ပြီးနောက် အမေက ပန်းကန်သွားဆေးလေသည်။ ရှင်ရဲ့နှင့် ကိုယ်ပွားတို့သည် ဆိုဖာပေါ်တွင် ထိုင်လျက် ရုပ်သံ ဇာတ်လမ်းတွဲ အဟောင်းတစ်ခုကို ကြည့်နေကြ၏။
အရာအားလုံးက ပုံမှန်ပါပဲ။
အရမ်းကို ပုံမှန်ဖြစ်လွန်းနေတာ။
ရှန်ရဲ့ ရုတ်တရက် မေးလိုက်သည်: "တစ်ခုခု ထူးဆန်းနေတယ် လို့ မင်း မထင်ဘူးလား။"
ကိုယ်ပွား က သူ့ကို ကြည့်လိုက်သည်: "ဘာထူးဆန်းလို့လဲ။"
ရှန်ရဲ့က ပြောလေသည်: "ငါ့အမေလေ။ မင်းနဲ့ ပတ်သက်ပြီး သူမ ဘာမေးခွန်းမှ မမေးဘူး။ ငါနဲ့ လုံးဝကို တစ်ပုံစံတည်း တူတဲ့ သူတစ်ယောက် ငါနဲ့ အတူတူ ပြန်ပါလာပြီး ငါ့အိမ်မှာ လာနေတာကိုလေ။ သူမ လုံးဝ မအံ့ဩဘူးလား။"
ကိုယ်ပွား ခဏမျှ စဉ်းစားပြီးနောက် "မင်း ပြန်လာတာကို အရမ်း ဝမ်းသာသွားပြီး မင်းကိုပဲ အာရုံစိုက်နေလို့ အဲ့ဒါကို ထူးဆန်းတယ်လို့ မထင်တာ နေမှာပါ" ဟု ပြန်ဖြေ၏။
ရှန်ရဲ့ ခေါင်းညိတ်ပြလိုက်သည်: "ဖြစ်နိုင်ပါတယ်။"
သို့သော် တစ်ခုခု မှားယွင်းနေသည်ဟု သူ အမြဲတမ်း ခံစားနေရ၏။
မွန်းလွဲပိုင်းတွင် အမေက ဈေးသွားဝယ်မည်ဟု ဆိုကာ သူ့ကို အိမ်မှာ နေခဲ့ရန် ပြောလေသည်။
ရှန်ရဲ့က အတူတူ လိုက်သွားရန် ပြောသော်လည်း၊ အမေက လက်ခါပြလျက်: "မလိုပါဘူး၊ မင်းနဲ့ ရှောင်ရှန် အိမ်မှာပဲ တီဗီ ထိုင်ကြည့်နေကြ။ ခဏနေရင် အမေ ပြန်လာခဲ့မယ်" ဟု ငြင်းဆိုလိုက်၏။
ပြောပြီးသည်နှင့် သူမ အပြင်သို့ ထွက်သွားလေသည်။
ရှန်ရဲ့ ပြတင်းပေါက် အနီးတွင် ရပ်လျက် တိုက်အောက်သို့ ဆင်းသွားသော သူမ၏ ကျောပြင်ကို ငေးကြည့်နေမိ၏။
ကိုယ်ပွား က အနားသို့ လျှောက်လာပြီး သူ၏ ဘေးတွင် ရပ်လိုက်သည်။
"မင်း စိတ်ပူနေတာလား။"
ရှန်ရဲ့ ခေါင်းခါယမ်းပြလိုက်၏: "စိတ်ပူတာ မဟုတ်ဘူး။ အဲ့ဒါက"
သူ ခဏရပ်သွားသည်။
"အရမ်းကို ပုံမှန် ဖြစ်လွန်းနေတာ။ အစစ်အမှန် မဟုတ်လောက်အောင်ကို ပုံမှန် ဖြစ်လွန်းနေတာ။"
ကိုယ်ပွား နှုတ်ဆိတ်နေလိုက်၏။
ခဏအကြာတွင် ရှန်ရဲ့ နောက်ပြန်လှည့်ကာ အမေ့၏ အခန်းထဲသို့ ဝင်သွားလေသည်။
အခန်းက သေးငယ်ပြီး၊ ကုတင်တစ်လုံး၊ ဗီရိုတစ်ခုနှင့် မိတ်ကပ်လိမ်းသည့် စားပွဲတစ်လုံးသာ ရှိသည်။ အရာအားလုံးက သူ မှတ်မိနေသည့် အတိုင်းပင် ဖြစ်၏။ သူ ဗီရိုကို ဖွင့်ကြည့်လိုက်ရာ၊ အတွင်း၌ သူ ရင်းနှီးကျွမ်းဝင်နေသော အဝတ်အစားများကို ချိတ်ဆွဲထားသည်။ သူမ အကြိုက်ဆုံး ပန်းပွင့်ဒီဇိုင်း အပေါ်အင်္ကျီ၊ သူ ဝယ်ပေးထားသော လည်စည်းပုဝါ နှင့် သူမ အမြဲတမ်း နှမြောပြီး မစီးရက်သော သားရေဖိနပ်။
သူ လက်ဆန့်ထုတ်ကာ ထိုပန်းပွင့်ဒီဇိုင်း အပေါ်အင်္ကျီလေးကို ထိတွေ့ကြည့်လိုက်၏။
အသားက အရမ်းကို အစစ်အမှန် ဆန်တယ်။ အရမ်းကို နူးညံ့တယ်။
ထို့နောက် သူ မိတ်ကပ်စားပွဲ၏ အံဆွဲကို ဖွင့်ကြည့်လိုက်သည်။
အတွင်း၌ အသေးအမွှား ပစ္စည်းလေးများ ရှိနေသည်။ ဆံထုံးကလစ်များ၊ ရာဘာကြိုးများ၊ ဓာတ်ပုံဟောင်းများ နှင့် အပ်ချုပ်ဘူး တစ်ဘူး။
သူ ထိုဓာတ်ပုံဟောင်းများကို ကောက်ယူကာ ကြည့်လိုက်၏။
သူ ကလေးဘဝတုန်းက ပုံတွေ၊ သူတို့ မိသားစု သုံးယောက် ပုံတွေ၊ ပြီးတော့ သူ့အဖေနဲ့ သူ ရိုက်ထားတဲ့ ပုံတွေ။
အရာအားလုံးက သူ မှတ်မိနေသည့် အတိုင်း လုံးဝကို တစ်ပုံစံတည်းပင်။
သို့သော် သူ အရင်က တစ်ခါမှ မမြင်ဖူးသော ဓာတ်ပုံတစ်ပုံ ရှိနေ၏။
အဆိုပါ ဓာတ်ပုံမှာ အမေ ငယ်စဉ်က ပုံဖြစ်၏၊ သူမသည် သစ်ပင်တစ်ပင် အောက်တွင် ရပ်နေကာ သူမ၏ ဘေးတွင် အခြား လူတစ်ယောက် ရပ်နေသည်။
ထိုလူမှာ အမည်းရောင်ဖြင့် ခြစ်ဖျက်ခံထားရ၏။
ဆုတ်ဖြဲခံထားရတာ မဟုတ်ဘဲ၊ အမည်းရောင် မာကာဖြင့် ခြစ်ဖျက်ထားခြင်း ဖြစ်သဖြင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို လုံးဝ ခွဲခြား၍ မရနိုင်တော့ချေ။
ရှန်ရဲ့သည် အဆိုပါ ဓာတ်ပုံကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိ၏။
ကိုယ်ပွား က အခန်းထဲ ဝင်လာပြီး "မင်း ဘာတွေ့လို့လဲ" ဟု မေးလိုက်သည်။
ရှန်ရဲ့က ထိုဓာတ်ပုံကို သူ့ထံ ကမ်းပေးလိုက်၏။
ကိုယ်ပွား က တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်: "ခြစ်ဖျက်ခံထားရတာလား။"
ရှန်ရဲ့ ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်သူလို့ မင်း ထင်လဲ" ဟု ကိုယ်ပွားက မေးလိုက်၏။
ရှန်ရဲ့ ခေါင်းခါယမ်းပြသည်: "ငါ မသိဘူး။ ဒါပေမဲ့ သူတို့က သေချာပေါက် အရမ်း အရေးကြီးတဲ့ လူတစ်ယောက် ဖြစ်ရမယ်။ ခြစ်ဖျက်ပစ်ဖို့ လိုအပ်လောက်တဲ့ အထိ အရေးကြီးတဲ့ လူပေါ့။"
သူ ဓာတ်ပုံများကို ပြန်သိမ်းလိုက်ပြီး အံဆွဲထဲသို့ ပြန်ထည့်ထားလိုက်၏။
သူတို့ နှစ်ယောက် အခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းသို့ ပြန်လာခဲ့ကြသည်။
တီဗီတွင် ဇာတ်လမ်းတွဲကို ပြသနေဆဲ ဖြစ်ပြီး နောက်တစ်ပိုင်းသို့ ကူးသွားလေပြီ။
ရှန်ရဲ့ ဝင်ထိုင်လိုက်ပြီး တီဗီ မျက်နှာပြင်ကို စိုက်ကြည့်နေသော်လည်း၊ သူ၏ ခေါင်းထဲတွင်တော့ ထိုဓာတ်ပုံ အကြောင်းကသာ နေရာယူထား၏။
အမည်းရောင်နဲ့ ခြစ်ဖျက်ခံထားရတဲ့ လူက ဘယ်သူလဲ။
ဘာလို့ ခြစ်ဖျက်ပစ်ဖို့ လိုအပ်တာလဲ။
ဒီဓာတ်ပုံ ရှိနေတာကို အမေ သိရဲ့လား။
ဒါမှမဟုတ် ဒီ "အမေ" ကိုယ်တိုင်တောင် မသိတာများလား။
ညနေစောင်းတွင် အမေ ပြန်ရောက်လာ၏။
အိတ်ကြီးအိတ်ငယ်များ ဆွဲလာပြီး မျက်နှာပေါ်တွင်လည်း အပြုံးတွေ ဝေဆာနေသည်။
"ဒီည ဝက်နံရိုး စွပ်ပြုတ် လုပ်ဖို့ ဝက်နံရိုးတွေ ဝယ်လာတယ်။ မင်းက ငါးဟင်း အချိုအစပ် ကြိုက်တော့ ငါးလည်း ဝယ်လာတယ်လေ။"
ရှန်ရဲ့ မတ်တပ်ထရပ်ပြီး သူမ လက်ထဲမှ ပစ္စည်းများကို လှမ်းယူလိုက်၏။
အမေက ဖိနပ်ချွတ်နေရင်းနှင့်ပင်: "အော်... ဒါနဲ့၊ အောက်ထပ်က အဘွားက အမေ့ကို လာနှုတ်ဆက်သေးတယ်။ သားလေး ပြန်ရောက်နေပြီလား လို့ လာမေးတယ်။ အမေလည်း ဟုတ်တယ်လို့ ဖြေလိုက်တာပေါ့။ သူမကလည်း သားလေး ပြန်မလာတာ ကြာပြီဆိုတော့ ပြန်ရောက်လာတာ ကောင်းတာပေါ့ တဲ့" ဟု ပြောလေသည်။
"ဘယ် 'အဘွား' လဲ" ဟု ရှန်ရဲ့က မေးလိုက်၏။
အမေက ဖြေသည်: "ပထမထပ်မှာ နေတဲ့ အဘွားလေ၊ နေ့တိုင်း လသာဆောင်မှာ ပန်းရေလောင်းနေတတ်တဲ့ တစ်ယောက်ပေါ့။ မင်း မသိဘူးလား။"
ရှန်ရဲ့ တစ်ခဏမျှ ကြက်သေသေသွားလေသည်။
ပန်းရေလောင်းနေတတ်တဲ့ အဘွား။
သူ သူမကို အရင်က မြင်ဖူးခဲ့သည်။
သို့သော် ထိုအချိန်က သူမသည် နောက်ခံ မြင်ကွင်းထဲမှ လူတစ်ယောက် သက်သက်သာ ဖြစ်ပြီး၊ သူ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့မိချေ။
သူ မေးလိုက်သည်: "သူမ နာမည် ဘယ်လိုခေါ်လဲ။"
အမေ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါယမ်းပြသည်: "အမေလည်း မသိပါဘူး၊ မမေးဖူးဘူးလေ။ တွေ့ရင် နှုတ်ဆက်ရုံ လောက်ပါပဲ။"
ရှန်ရဲ့ ဘာမှ ထပ်မမေးတော့ချေ။
ထိုညနေက အမေသည် မီးဖိုချောင်ထဲတွင် ဝက်နံရိုး စွပ်ပြုတ် ချက်နေ၏။ ရှန်ရဲ့သည် ဧည့်ခန်းတွင် ထိုင်လျက် မီးဖိုချောင်ထဲမှ အလုပ်ရှုပ်နေသော ပုံရိပ်ကို ငေးကြည့်နေစဉ်၊ သူ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
ဒီမြင်ကွင်းကို သူ အရင်က မြင်ဖူးခဲ့သလိုပဲ။
အရင်က မှတ်ဉာဏ်ထဲက အတိုင်း မြင်ဖူးခဲ့တာမျိုး မဟုတ်ဘဲ၊ လုံးဝကို ကွဲပြားခြားနားတဲ့ အခြားတစ်ခုခု ဇာတ်ကား တစ်ကားကို ထပ်ခါတလဲလဲ ပြန်ဖွင့်ပြနေသလို၊ တူညီတဲ့ မြင်ကွင်းကိုပဲ အကြိမ်ကြိမ် အခါခါ ပြန်ကြည့်နေရသလိုမျိုး။
သူ မတ်တပ်ရပ်ပြီး မီးဖိုချောင် အဝင်ဝသို့ လျှောက်သွားလိုက်၏။
"အမေ။"
အမေ နောက်ပြန်လှည့်လာသည်: "ဘာဖြစ်လို့လဲ သား။"
"မနေ့က အမေ ဘာဟင်း ချက်တာလဲ" ဟု ရှန်ရဲ့က မေးလိုက်၏။
အမေ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် "မနေ့ကလား။ မနေ့က အမေ ဘာဟင်းမှ မချက်ပါဘူး။ မနေ့က ငါတို့ ဖက်ထုပ် စားခဲ့တာလေ" ဟု ပြန်ဖြေလေသည်။
"ဘာအစာသွတ် လဲ" ဟု ရှန်ရဲ့က မေးသည်။
"ဂျူးမြစ်နဲ့ ကြက်ဥ အစာသွတ် လေ။ မင်း အကြိုက်ဆုံးလေ" ဟု အမေက ပြန်ဖြေ၏။
ရှန်ရဲ့ ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မမေးတော့ချေ။
သို့သော် မနေ့က သူတို့ ပေါက်စီ စားခဲ့သည်ကို သူ မှတ်မိနေ၏။ ဝက်သားနဲ့ ကြက်သွန်မြိတ် အစာသွတ် ပေါက်စီ။
ဖက်ထုပ် မဟုတ်ဘူး။
သူ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ရာ၊ သူ၏ ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေတော့၏။
ကိုယ်ပွား က အနားသို့ တိုးကပ်လာပြီး "ဘာဖြစ်လို့လဲ" ဟု တိုးညင်းစွာ မေးလိုက်သည်။
"သူမရဲ့ မှတ်ဉာဏ်တွေမှာ ပြဿနာ ရှိနေတယ်" ဟု ရှန်ရဲ့က ပြန်ဖြေ၏။
ကိုယ်ပွား မျက်မှောင်ကြုတ်သွားသည်: "ဘာကို ဆိုလိုတာလဲ။"
"သူမ မှတ်မိနေတဲ့ အရာတွေက၊ ငါတို့ ဖြတ်သန်းခဲ့တဲ့ အရာတွေနဲ့ ကွဲလွဲနေတယ်" ဟု ရှန်ရဲ့က ရှင်းပြလေသည်။
ကိုယ်ပွား စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် "ငါတို့ မှတ်ဉာဏ် မှားနေတာလည်း ဖြစ်နိုင်တယ်လေ" ဟု ဆို၏။
ရှန်ရဲ့ ခေါင်းခါယမ်းပြလိုက်သည်: "မဖြစ်နိုင်ဘူး။ ငါတို့ နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း မှတ်ဉာဏ် မှားနေတယ် ဆိုတာ မဖြစ်နိုင်ဘူး။"
ကိုယ်ပွား နှုတ်ဆိတ်သွားလေသည်။
ညဉ့်နက်ပိုင်း ရောက်လာပြီ။
ရှင်ရဲ့ ကုတင်ပေါ်တွင် လှဲနေသော်လည်း အိပ်မပျော်နိုင်ချေ။
သူ မျက်နှာကျက်ကို စိုက်ကြည့်ရင်း၊ ခြစ်ဖျက်ခံထားရသော ဓာတ်ပုံ၊ အမေ့၏ ရှေ့နောက် မညီသော စကားများနှင့် ပန်းရေလောင်းနေတတ်သော အဘွားအို အကြောင်းကို စဉ်းစားနေမိ၏။
ရုတ်တရက် အသံတစ်ခုကို သူ ကြားလိုက်ရသည်။
အရမ်းကို တိုးညင်းတဲ့ အသံလေး။
ကိုယ်ပွား ဆီကနေ လာတဲ့ အသံ။
သူ ခေါင်းလှည့်ပြီး ကြမ်းပြင်ပေါ်က မွေ့ရာကို လှမ်းကြည့်လိုက်၏။
ကိုယ်ပွား က ဂနာမငြိမ်စွာဖြင့် အိပ်နေပြီး၊ မျက်မှောင်ကြုတ်ကာ တစ်ခုခုကို ယောင်ယမ်း ရေရွတ်နေသည်။
ရှန်ရဲ့ ထပြီး လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်၍ နားထောင်ကြည့်လိုက်၏။
ကိုယ်ပွား အိပ်မက် ယောင်နေခြင်း ဖြစ်သည်။
အသံက အလွန် တိုးညင်းပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း၊ စကားလုံး အချို့ကိုတော့ သဲကွဲစွာ ကြားနေရ၏။
"မသွားပါနဲ့..."
"ငါ့ကို စောင့်ပါဦး..."
"ကျိုး... ကျိုး..."
ကျိုး ဟုတ်လား။
ကျိုးယွမ် လား၊ ကျိုးဝမ် လား၊
ဒါမှမဟုတ် တခြား တစ်ခုခုလား။
……..