အခန်း ၃၈
Vol. 3 Ch. 38
အခန်း (၃၈) - အမှောင်ထုထဲက အနီရောင်။
"ရှောင်ယု" ဆိုသော စာလုံးများ ပြည့်နှက်နေသည့် အခန်းထဲမှ ထွက်လာပြီးနောက် လျင်ရှောင်ယု တစ်ယောက် နှုတ်ဆိတ်သွားလေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကလို ရှန်ရဲ့ကို အတိတ်အကြောင်းများ သူမ ထပ်မပြောတော့ပေ။
သူတို့ ဘယ်လို စတင်တွေ့ဆုံခဲ့ကြသည်၊ ဘယ်လို ချစ်သူဖြစ်ခဲ့ကြပြီး ဘယ်လို လက်ထပ်ခဲ့ကြသည်ဆိုသည်တို့ကိုလည်း အပြုံးလေးဖြင့် ပြန်လည်တမ်းတပြောဆိုခြင်း မရှိတော့ချေ။ လူတန်းထဲတွင် အသံတိတ် လိုက်ပါလာရင်း၊ တစ်ခါတစ်ရံ ရှန်ရဲ့အား လှမ်းကြည့်တတ်သည့် သူမ၏ မျက်ဝန်းများထဲတွင် ဖတ်ရှုနားလည်နိုင်စွမ်း မရှိသော ခံစားချက်များစွာ ပြည့်နှက်နေ၏။
သူမ ဘာတွေတွေးနေသလဲ ဆိုတာကို ရှန်ရဲ့ ကောင်းကောင်း သိသည်။
ထိုအခန်းထဲက စာလုံးများကို အခြားသော "ရှန်ရဲ့" တစ်ယောက်က ရေးသားခဲ့ခြင်း ဖြစ်၏။ သူမကို မေ့လျော့သွားပြီးမှ ပြန်လည်သတိရလာကာ၊ နောက်ဆုံးတွင် ထိုနေရာ၌ပင် ပိတ်မိသွားခဲ့သော ရှန်ရဲ့ တစ်ယောက်။
အကယ်၍ သူကိုယ်တိုင်လည်း ထိုကဲ့သို့ ဖြစ်သွားခဲ့လျှင် ဆိုသော အတွေးက သူမကို လွှမ်းမိုးနေပုံရသည်။
သူမကို မည်သို့ နှစ်သိမ့်ပေးရမည်ကို ရှန်ရဲ့ စဉ်းစား၍မရနိုင်ခဲ့။ အမှန်တကယ်တော့ သူကိုယ်တိုင် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုပင် ရေရေရာရာ မသိသေးပေ။
တည်းခိုရာ နေရာသို့ ပြန်ရောက်ချိန်တွင် မှောင်ရီပျိုးနေချေပြီ။
ဒီနေ့တော့ အနားယူကြပြီး၊ နောက်တစ်နေ့မှသာ နောက်ထပ် အပိုင်းအစ ရှိရာနေရာသို့ ဆက်သွားကြမည်ဟု ကျိုးယွမ်က ဆိုသည်။
လျင်ရှောင်ယုက ခေါင်းညိတ်သဘောတူပြီးနောက် အခန်း ၅၀၃ သို့ ပြန်ဝင်သွားလေ၏။
ရှန်ရဲ့က ပြတင်းပေါက်အနီးတွင် ရပ်လျက် သူမ၏ အခန်းပြတင်းပေါက်ဆီသို့ လှမ်းကြည့်နေမိသည်။
မီးလင်းနေဆဲ ဖြစ်ရာ၊ သူမ အိပ်မပျော်သေးမှန်း သိသာလှ၏။
ကိုယ်ပွားက အနားသို့ လျှောက်လာပြီး သူ့ဘေးတွင် ဝင်ရပ်သည်။
"သူမ အကြောင်း တွေးနေတာလား။"
"အဲ့ဒီ အခန်းအကြောင်း တွေးနေတာပါ" ဟု ရှန်ရဲ့က ပြန်ဖြေသည်။
"အဲ့ဒီစာတွေကို မင်း ရေးခဲ့တာလား" ဟု ကိုယ်ပွားက မေးလိုက်ရာ ရှန်ရဲ့က ခေါင်းခါယမ်းပြလိုက်ပြီး "ငါ မသိဘူး။ ဒါပေမဲ့ အဲ့ဒါတွေကို မြင်လိုက်ရတဲ့ အချိန်မှာ ငါ့ရင်ထဲ အရမ်းကို ဆို့နင့်သွားတယ်။"
ကိုယ်ပွားသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် "အဲ့ဒါ မင်း ရေးခဲ့တာပါ" ဟု မှတ်ချက်ပြုလေသည်။
ရှန်ရဲ့က သူ့ဘက်သို့ လှည့်ကြည့်လိုက်၏။
"တကယ်လို့ မင်းသာ မရေးခဲ့ဘူးဆိုရင် အဲ့ဒီလောက် နာကျင်ရမှာ မဟုတ်ဘူး။ သူတစ်ပါးရဲ့ ဇာတ်လမ်းကို ကြည့်ရသလိုမျိုး သနားကရုဏာ သက်မိရုံလောက်ပဲ ရှိမှာပေါ့၊ တကယ်တမ်း နာကျင်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခုနက မင်းရဲ့ ပုံစံက တကယ့်ကို နာကျင်နေတဲ့ ပုံစံပဲ" ဟု ကိုယ်ပွားက ဆက်ပြောသည်။
ရှန်ရဲ့ နှုတ်ဆိတ်သွားသည်။ ကိုယ်ပွား ပြောသည်က မှန်နေသည်ကိုး။
အဲ့ဒီ ခံစားချက်က သနားကရုဏာ သက်ခြင်းသက်သက် မဟုတ်၊ တကယ့် နာကျင်မှု အစစ်အမှန်။ သူကိုယ်တိုင် ကိုယ်တွေ့ ကြုံစားခဲ့ရသကဲ့သို့ပင်။
"အဲ့ဒီ ရှန်ရဲ့ တစ်ယောက် အသက်ရှင်နေသေးတယ်လို့ မင်း ထင်လား။"
"ငါ မသိဘူး။ ဒါပေမဲ့ စာလုံးတွေက အသစ်တွေပဲ၊ အလွန်ဆုံးကြာလှ လပိုင်းလောက်ပဲ ရှိဦးမယ်" ဟု ကိုယ်ပွားက ပြန်ဖြေသည်။
ရှန်ရဲ့ တိတ်ဆိတ်သွားပြန်၏။
လွန်ခဲ့သည့် လအနည်းငယ်က၊ သူ၏ အခြားသော ပုံရိပ်တစ်ခုသည် ဤနေရာ၌ ရှိနေခဲ့ပြီး လျင်ရှောင်ယု၏ နာမည်ကို ထပ်ခါတလဲလဲ ရေးသားနေခဲ့သည်။
ထို့နောက် သူ ပျောက်ကွယ်သွားခဲ့၏။
သူတို့ ဘယ်ကို ရောက်သွားကြသနည်း။
အထဲကို ဝင်သွားခဲ့တာလား။ ဒါမှမဟုတ်—
သူ ဆက်၍ မတွေးရဲတော့ချေ။
နောက်တစ်နေ့ နံနက်ခင်းတွင် နောက်ထပ် အပိုင်းအစ ရှိရာနေရာသို့ သူတို့ ထွက်ခွာလာကြသည်။
ဦးလေးကျန်းက ရှေ့ဆောင်လမ်းပြအဖြစ် ဦးဆောင်လာ၏။ လမ်းမအတော်များများနှင့် အပျက်အစီး ပုံကြီးတစ်ခုကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် နေရာတစ်ခုသို့ ဆိုက်ရောက်လာကြသည်။
ရှန်ရဲ့ အံ့အားသင့်ကာ ကြက်သေသေသွားရသည်။ ၎င်းနေရာမှာ လူနေတိုက်ခန်း အဆောက်အအုံ တစ်ခု ဖြစ်နေ၏။
မီးခိုးရောင် နံရံများနှင့် သံချေးတက်နေသော လုံခြုံရေး သံပန်းများ တပ်ဆင်ထားသည့် ခြောက်ထပ်တိုက်ကြီး တစ်လုံး။
သူ လက်ရှိ နေထိုင်နေသော တိုက်နှင့် တစ်ထပ်တည်း၊ တစ်ပုံစံတည်းပင်။
"ဒီနေရာပဲ။ ပဉ္စမထပ်၊ အခန်း ၅၀၂" ဟု ဦးလေးကျန်းက ပြောလိုက်သည်။
ရှန်ရဲ့၏ နှလုံးခုန်သံများ ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရ၏။
၅၀၂လား။ သူ့အခန်းပဲလေ။
မျက်နှာအမူအရာ ရှုပ်ထွေးနေသော ကျိုးယွမ်ကို သူ လှမ်းကြည့်လိုက်သည်။
ဦးလေးကျန်းက "အထဲဝင်ပြီး သွားကြည့်ကြမလား" ဟု မေးရာ၊ ရှန်ရဲ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် အပေါ်ထပ်သို့ အတူတက်လာခဲ့ကြသည်။
ပဉ္စမထပ်ရှိ အခန်း ၅၀၂ ၏ တံခါးမှာ အနည်းငယ် ဟနေသည်။ ရှန်ရဲ့က လက်လှမ်းကာ တံခါးကို တွန်းဖွင့်လိုက်၏။
အထဲတွင် သူနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသော အခန်းတစ်ခု ရှိနေသည်။ အရေခွံများ ကွာကျနေသော ဆိုဖာတစ်ခု၊ ပစ္စည်းအစုံအလင် ရှုပ်ပွနေသော ကော်ဖီစားပွဲ တစ်လုံးနှင့် အမြဲတမ်း ဖွင့်ထားလေ့ရှိသော ကွန်ပျူတာ တစ်လုံး။
သူ၏ မှတ်ဉာဏ်ထဲက အတိုင်း တစ်ပုံစံတည်း ဖြစ်နေသော်လည်း၊ နံရံပေါ်တွင်တော့ ပိုနေသော အရာတစ်ခု ရှိနေလေသည်။ ဓာတ်ပုံတစ်ပုံ။
နံရံ၏ အလယ်တည့်တည့်တွင် ချိတ်ဆွဲထားသော ဓာတ်ပုံကြီး တစ်ပုံ။
ဓာတ်ပုံထဲတွင် လူနှစ်ယောက် ရှိသည်။ သူနှင့် လျင်ရှောင်ယု။
မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ကင်မရာကို ကြည့်ကာ ပြုံးရွှင်နေကြ၏။
ရှန်ရဲ့က ထိုဓာတ်ပုံကို စိုက်ကြည့်ရင်း ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားရသည်။
သူ၏ အနောက်တွင် ရပ်နေသော လျင်ရှောင်ယုသည် ထိုဓာတ်ပုံကို မြင်လိုက်ရချိန်တွင် မျက်ရည်များ ဝဲတက်လာလေသည်။
သူမက အခန်းထဲသို့ ဝင်သွားကာ ဓာတ်ပုံအောက်တွင် ရပ်လျက် မော့ကြည့်နေ၏။
"ဒါက ငါတို့ရဲ့ မင်္ဂလာဆောင် ဓာတ်ပုံလေ။ ဧည့်ခန်းထဲမှာ ချိတ်ထားတာ။ အိမ်ပြန်ရောက်တာနဲ့ အဲ့ဒီပုံကို ရှင် အမြဲတမ်း အရင်ဆုံး ကြည့်လေ့ရှိတယ်" ဟု သူမက တိုးညင်းစွာ ပြောရှာသည်။
ရှန်ရဲ့ ဖြည်းညင်းစွာ လျှောက်ဝင်သွားလိုက်သည်။
သူမ၏ ဘေးတွင် ရပ်လျက် ထိုဓာတ်ပုံကို သူပါ လိုက်ကြည့်နေမိ၏။ ဓာတ်ပုံထဲမှ သူက အလွန်ကို ပျော်ရွှင်စွာ ပြုံးရယ်နေသည်။
အကာအကွယ်မဲ့စွာဖြင့် တကယ့်ကို ရိုးသားစင်ကြယ်စွာ ပျော်ရွှင်နေသော အပြုံးမျိုး။
ဦးလေးကျန်း၏ နေရာတွင် သူတွေ့ခဲ့ရသော ဓာတ်ပုံထဲက အပြုံးနှင့် တစ်ထပ်တည်းပင်။
"ငါ တကယ်ပဲ အဲ့ဒီလို ပြုံးရယ်ခဲ့ဖူးတာလား။" ဟု သူ မေးလိုက်သည်။
လျင်ရှောင်ယုက သူ့ဘက်သို့ လှည့်ကြည့်လာသည်။ သူမ၏ ပါးပြင်ထက်တွင် မျက်ရည်စများ ရှိနေဆဲ ဖြစ်သော်လည်း အပြုံးတစ်ခု ပေါ်လွင်နေ၏။
"ရယ်ခဲ့ဖူးတာပေါ့။ အကြိမ်ကြိမ်ပါပဲ။"
ရှန်ရဲ့ နှုတ်ဆိတ်သွားသည်။ သူ အခန်းထဲတွင် ပတ်လျက် လိုက်ကြည့်မိသည်။ ဆိုဖာ၊ ကော်ဖီစားပွဲ၊ ကွန်ပျူတာ၊ ဗီရို၊ ကုတင်။
အရာအားလုံးက သူ မှတ်မိနေသကဲ့သို့ပင်။
သို့သော် ထိုမှတ်ဉာဏ်များက ထည့်သွင်းခံထားရခြင်းများလား။ သို့တည်းမဟုတ် အစစ်အမှန်များပဲလား။
သူ ဗီရိုကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ အဝတ်အစားများ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ သူ၏ အဝတ်အစားများ။
ထို့အပြင် အမျိုးသမီး အဝတ်အစားများလည်း ပါဝင်နေ၏။ အပြာနုရောင် အပေါ်အင်္ကျီက လင်းရှောင်ယွီ လက်ရှိ ဝတ်ဆင်ထားသည်နှင့် တစ်ထပ်တည်း တူညီနေသည်။ သူ လက်လှမ်းကာ ထိတွေ့ကြည့်လိုက်သည်။
တကယ့် အထည်သား၊ တကယ့် အထိအတွေ့ အစစ်အမှန်။
လျင်ရှောင်ယုက အနားသို့ လျှောက်လာပြီး သူ့ဘေးတွင် ဝင်ရပ်သည်။
"ဒါက ရှင်ပေးခဲ့တဲ့ လက်ဆောင်လေ။ ငါတို့ရဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့ အတွက်။"
ရှန်ရဲ့က သူမကို ကြည့်ကာ "အဲ့ဒီနေ့က အကြောင်းတွေကို မင်း မှတ်မိလား" ဟု မေးလိုက်ရာ လင်းရှောင်ယွီက ခေါင်းညိတ်ပြ၏။
"အဲ့ဒီနေ့က ရှင် အလုပ်ကနေ ခွင့်ယူပြီး ကျွန်မကို ဈေးဝယ်စင်တာဆီ ခေါ်သွားခဲ့တယ်။ အဝတ်အစားတွေ အများကြီး စမ်းဝတ်ကြည့်ပေမယ့် တစ်ခုမှ သဘောမကျခဲ့ဘူး။ အဲ့ဒီနောက် ဒီအင်္ကျီလေးကို တွေ့တော့ ရှင်က လှတယ်လို့ ပြောတယ်။ ဈေးအရမ်းကြီးတယ်လို့ ကျွန်မက ငြင်းပေမယ့်၊ ရှင်က သဘောကျရင် ဝယ်လိုက်ပါလို့ တိုက်တွန်းခဲ့တယ်။ ဒါနဲ့ ကျွန်မတို့ ဝယ်ဖြစ်သွားကြပြီး အပြင်မှာ ဟော့ပေါ့ သွားစားကြတယ်၊ ရုပ်ရှင်လည်း အတူတူ ကြည့်ခဲ့ကြတယ်လေ။" ပြောနေရင်းနှင့်ပင် သူမ၏ မျက်ရည်များ ထပ်မံ စီးကျလာပြန်သည်။ "ရှင်ရော မှတ်မိရဲ့လား။"
ရှန်ရဲ့ သူမကို ကြည့်လိုက်ချိန်တွင် ဝေဝါးနေသော ပုံရိပ်အချို့ သူ၏ ခေါင်းထဲ၌ ပြန်လည် ဖြတ်သန်းသွားပြန်သည်။
ဈေးဝယ်စင်တာ။ အဝတ်လဲခန်း။ ဟော့ပေါ့ဆိုင်။ ရုပ်ရှင်ရုံ။
အမှောင်ထုထဲတွင် သူ၏ လက်ကို ဆုပ်ကိုင်ထားသော သူမ၏ လက်ကလေး။
ရုပ်ရှင်ပြီးသွားချိန်တွင် မြင်တွေ့ရသော သူမ၏ အပြုံး။
ထိုပုံရိပ်များကို ဖမ်းဆုပ်နိုင်ရန် သူ ကြိုးစားကြည့်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
"နည်းနည်းတော့ ငါ မှတ်မိတယ်။ ဒါပေမဲ့ အရမ်းကို ဝေဝါးနေတယ်" ဟု သူ ဖြေလိုက်၏။
လျင်ရှောင်ယုက သူ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ "ရပါတယ်။ နည်းနည်းလေး မှတ်မိနေရင်တောင် ကောင်းနေပါပြီ။" ဟု ပြောလေသည်။
ထိုအခန်းထဲတွင် သူတို့ အချိန်အတော်ကြာ နေဖြစ်ခဲ့ကြသည်။
ကျိုးယွမ်နှင့် အခြားသူများက အောက်ထပ်တွင်သာ စောင့်နေကြပြီး အပေါ်သို့ တက်မလာခဲ့ကြချေ။
ရှန်ရဲ့ ထွက်ခွာလာချိန်တွင် မင်္ဂလာဆောင် ဓာတ်ပုံကြီးကိုပါ ဖြုတ်ယူလာခဲ့သည်။
နောက်ရက်အနည်းငယ် အတွင်း သူတို့ အပိုင်းအစများကို ဆက်လက် စုဆောင်းခဲ့ကြရာ မြေပုံမှာလည်း တဖြည်းဖြည်း ပြည့်စုံလာခဲ့သည်။
နောက်တစ်ထပ်သို့ သွားရမည့် တံခါး၏ တည်နေရာမှာလည်း ပိုမို ရှင်းလင်းထင်ရှားလာ၏။
သို့သော် ရှန်ရဲ့၏ စိတ်အစဉ်ကတော့ ပို၍ပို၍ ရှုပ်ထွေးလာခဲ့သည်။
ထိုဝေဝါးနေသော မှတ်ဉာဏ်များက မကြာခဏ ပြန်လည် ပေါ်ပေါက်လာတတ်သည်။ တစ်ခါတစ်ရံ ထမင်းစားနေရင်း လျင်ရှောင်ယု ချက်ပြုတ်ပေးတတ်သော ဟင်းလျာများကို ရုတ်တရက် သတိရလာတတ်သည်။ တစ်ခါတစ်ရံ လမ်းလျှောက်နေရင်း သူ၏ လက်မောင်းကို သူမ ချိတ်တွယ်ထားခဲ့ဖူးကြောင်း ရုတ်တရက် အမှတ်ရလာတတ်သည်။ တစ်ခါတစ်ရံ အိပ်ရာဝင်ချိန်များတွင် သူမက သူ့ဘေး၌ တိုးညင်းစွာ အသက်ရှူလျက် ရှိနေခဲ့ဖူးသည်ကို သတိရလာတတ်သည်။
အဆိုပါ မှတ်ဉာဏ်များသည် အစစ်အမှန်များ ဖြစ်ကြောင်း သူ စတင် ယုံကြည်လာခဲ့သည်။ လျင်ရှောင်ယုသည် တကယ့်ကို သူ၏ ဇနီးအစစ်အမှန် ဖြစ်ကြောင်း သူ စတင် လက်ခံလာခဲ့မိသည်။
သို့သော် သူ၏ ရင်ထဲတွင် အခြားသော မေးခွန်းတစ်ခု ကိန်းအောင်းနေဆဲပင်။
သူက ဘယ် "ရှန်ရဲ့" လဲ။
ပထမဆုံး တစ်ယောက်လား။ အယောက် ၈၇ မြောက် ရှန်ရဲ့ လား။ ဒါမှမဟုတ် အခန်းတစ်ခုလုံးကို "ရှောင်ယု" ဆိုသော စာလုံးများနှင့် ပြည့်နှက်နေအောင် ရေးသားခဲ့သည့် တစ်ယောက်များလား။
ဤကိစ္စနှင့် ပတ်သက်၍ လျင်ရှောင်ယုက တစ်ခါမျှ မမေးမြန်းခဲ့ချေ။
သူမက သူ့အနားတွင် နေထိုင်ကာ သူ့ကို စောင့်ကြည့်ရင်း၊ တစ်ခါတစ်ရံ အတိတ်က အကြောင်းအရာများကို ပြောပြတတ်ရုံသာ ရှိသည်။
သူမက "ရှင် ဘယ်နံပါတ်ပဲ ဖြစ်နေပါစေ၊ ရှင်ဟာ ရှင်ပါပဲ။" ဟု ဆိုခဲ့ဖူးသည်။
ရှန်ရဲ့က ထိုစကားကို ယုံကြည်ချင်ခဲ့သည်။ သို့သော် သူ အပြည့်အဝ မယုံကြည်နိုင်ခဲ့ပေ။
ရက်အနည်းငယ် ကြာပြီးနောက်၊ မြေပုံမှာ နီးပါးလောက် ပြည့်စုံသွားပြီဖြစ်ကြောင်း ကျိုးယွမ်က အသိပေးသည်။
နောက်ထပ် အပိုင်းအစ တစ်ခု ထပ်ရလျှင် တံခါးကို ရှာတွေ့နိုင်ပြီ ဖြစ်သည်။
အဆိုပါ အပိုင်းအစမှာ မြို့၏ အနောက်ဘက်ပိုင်းတွင် ရှိပြီး အလွန် အန္တရာယ်များသော နေရာတစ်ခု ဖြစ်၏။ နောက်တစ်နေ့ နံနက်စောစောတွင် ထွက်ခွာကြရန် သူတို့ သဘောတူညီခဲ့ကြသည်။
ထိုညက ရှန်ရဲ့ အိပ်မပျော်နိုင်ခဲ့ချေ။ သူ အခန်းထဲမှ ထွက်လာပြီး စင်္ကြံလမ်းတွင် ရပ်နေလိုက်သည်။
လျင်ရှောင်ယု၏ အခန်းတံခါးက ပွင့်နေ၏။ သူမသည် ကုတင်စွန်းတွင် ထိုင်လျက် ပြတင်းပေါက် အပြင်ဘက်ရှိ ညမြင်ကွင်းကို ငေးကြည့်နေသည်။
ရှန််ရဲ့ လျှောက်သွားပြီး သူမ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူတို့ နှစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ကြပြီးနောက် လင်းရှောင်ယွီက "ရှင် ကြောက်နေလား။" ဟု မေးလာသည်။
"ဘာကို ကြောက်ရမှာလဲ။" ဟု ရှန်ရဲ့က ပြန်ဖြေလိုက်၏။
"အထဲကို ဝင်သွားပြီးရင် အရာအားလုံးကို မေ့သွားမှာကို ကျွန်မ ကြောက်တယ်" ဟု လျင်ရှောင်ယုက ရင်ဖွင့်လေသည်။
ရှန်ရဲ့ နှုတ်ဆိတ်သွားသည်။ အမှန်တကယ်တော့ သူလည်း ကြောက်ရွံ့နေမိသည်သာ။
သူမကို မေ့သွားမည်ကို ကြောက်သည်။
ကိုယ်ပွားကို မေ့သွားမည်ကို ကြောက်သည်။
ယခုအချိန်အထိ သူ ဖြတ်သန်းလာခဲ့သမျှ အရာအားလုံးကို မေ့ပျောက်သွားမည်ကို ကြောက်ရွံ့နေမိသည်။
"ကျွန်မလည်း ကြောက်ပါတယ်။ ဒါပေမဲ့ ရှင့်ကို ပြန်ရှာမတွေ့တော့မှာကို ပိုပြီး ကြောက်တယ်" ဟု ဆိုကာ သူမက ခေါင်းလှည့်၍ သူ့ကို ကြည့်လာသည်။
"အပြင်လောကမှာ ရှင့်ကို ကျွန်မ တစ်နှစ်လုံးလုံး လိုက်ရှာခဲ့တယ်။ ကန့်သတ်နယ်မြေထဲမှာလည်း တစ်နှစ်တိတိ လိုက်ရှာခဲ့ပြန်တယ်။ နှစ်နှစ်တောင် ကြာသွားပြီးမှ နောက်ဆုံးတော့ ရှင့်ကို ပြန်ရှာတွေ့ခဲ့ပြီပဲ။ ဘာတွေပဲ ဖြစ်လာပါစေ၊ ရှင့်လက်ကို ကျွန်မ ဘယ်တော့မှ ထပ်မလွှတ်တော့ဘူး။"
သူမကို စိုက်ကြည့်နေရင်း၊ ရှန်ရဲ့၏ စိတ်ထဲရှိ ဝေဝါးနေသော ပုံရိပ်များ ရုတ်တရက် ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။
မင်္ဂလာဆောင်ပွဲတွင် အဖြူရောင် ဝတ်စုံလေးနှင့် သူ့ထံသို့ လျှောက်လှမ်းလာသော သူမ။
လက်များ တုန်ယင်စွာဖြင့် ရပ်နေခဲ့သော သူ။
သူမက အနားသို့ ရောက်လာပြီး သူ၏ လက်ကို ဆုပ်ကိုင်ကာ "မကြောက်ပါနဲ့" ဟု တိုးညင်းစွာ ပြောခဲ့ဖူးသည်။
၎င်းသည် အစစ်အမှန်ပင်။ အစစ်အမှန် ဖြစ်ကြောင်း သူ သေချာ သိလိုက်သည်။
သူ လက်လှမ်းကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းဖက်တွယ်လိုက်၏။
လျင်ရှောင်ယု တစ်ခဏမျှ ကြက်သေသေသွားသော်လည်း၊ ချက်ချင်းပင် သူ့ကို ပြန်လည် ဖက်တွယ်ထားလိုက်သည်။ သူတို့ နှစ်ယောက် ဘာစကားမျှ မဆိုဘဲ အချင်းချင်း ဖက်ထားမိကြလေသည်။
အချိန်အတော်ကြာပြီးနောက် ရှန်ရဲ့က "ငါ မှတ်မိပြီ။ ငါတို့ မင်္ဂလာဆောင်တဲ့နေ့က မင်း ငါ့ဆီ လျှောက်လာပြီး ငါ့လက်ကို ကိုင်ကာ 'မကြောက်ပါနဲ့' လို့ ပြောခဲ့တာကိုလေ။" ဟု ပြောလိုက်သည်။
လျင်ရှောင်ယု၏ မျက်ရည်များက သူ၏ အင်္ကျီကို စိုရွှဲသွားစေ၏။
"ရှင် မှတ်မိသွားပြီလား။" ဟု သူမက မေးသည်။
"ငါ မှတ်မိပါတယ်။ နည်းနည်းလေးပဲ ဖြစ်ဖြစ်ပေါ့။" ဟု ရှန်ရဲ့ ပြန်ဖြေသောအခါ လျင်ရှောင်ယုက "ရပါပြီ။ နည်းနည်းလေး မှတ်မိနေရင်ပဲ လုံလောက်နေပါပြီ။" ဟု ဆိုလေသည်။
နောက်တစ်နေ့တွင် နောက်ဆုံး အပိုင်းအစ ရှိရာနေရာသို့ သူတို့ ထွက်ခွာလာခဲ့ကြသည်။
မြို့၏ အနောက်ဘက်ပိုင်းရှိ စွန့်ပစ်ခံ မြေအောက်ရထား ဘူတာရုံ တစ်ခု ဖြစ်သည်။
အဝင်ပေါက်ကို အပျက်အစီးများ အောက်တွင် လျှို့ဝှက်စွာ ဖုံးကွယ်ထား၏။
ဦးလေးကျန်းက လမ်းပြအဖြစ် ရှေ့ဆုံးမှ သွားပြီး၊ ကျိုးယွမ်က နောက်ကလိုက်ကာ ကျိုးဝမ်၊ ရှန်ရဲ့၊ ကိုယ်ပွားနှင့် လျင်ရှောင်ယုတို့က နောက်ဆုံးမှ အစဉ်လိုက် လိုက်ပါလာကြသည်။
မြေအောက်ရထား ဘူတာရုံ အတွင်း၌ အလွန်ပင် မှောင်မည်းနေသည်။ ဓာတ်မီးများကို ကိုင်ဆောင်ကာ ရထားသံလမ်း အတိုင်း လျှောက်လာခဲ့ကြ၏။
အတော်ကြာ လျှောက်ပြီးနောက် ရှေ့တွင် တံခါးတစ်ချပ် ပေါ်လာသည်။ သံချေးတက်နေသော သံတံခါး တစ်ချပ်။
"အထဲမှာပဲ" ဟု ဦးလေးကျန်းက ပြောလိုက်သည်။
ကျိုးယွမ်က တံခါးကို တွန်းဖွင့်လိုက်၏။ အတွင်း၌ ပလက်ဖောင်း တစ်ခု ရှိနေသည်။ ကျယ်ပြန့်ပြီး ဟာလာဟင်းလင်း ဖြစ်နေကာ တိုင်လုံး အနည်းငယ်သာ ရှိသည်။
ပလက်ဖောင်း၏ အလယ်ဗဟိုတွင် အရာတစ်ခု ရှိနေ၏။
ကျောက်ပြား တစ်ချပ်။
ကျိုးယွမ် လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လျက် ကြည့်လိုက်သည်။ ကျောက်ပြားပေါ်တွင် စာသားအချို့ ထွင်းထားလေသည်။
【စည်းမျဉ်း - နောက်တစ်ထပ်သို့ ဝင်ရောက်မည့် မည်သူမဆို တစ်ခုခုကို ချန်ထားရစ်ခဲ့ရမည်။】
ကျိုးယွမ် မျက်မှောင်ကြုတ်သွားပြီး "တစ်ခုခု ချန်ထားခဲ့ရမယ် ဟုတ်လား" ဟု ရေရွတ်လိုက်သည်။
သူ စကားပြောပြီးသည်နှင့် ကျောက်ပြားက ရုတ်တရက် လင်းထိန်လာသည်။ အပေါ်တွင် စာသားအသစ်များ ပေါ်လာ၏။
【၎င်းသည် မှတ်ဉာဏ်များကို သိမ်းဆည်းထားနိုင်သည်။ ခံစားချက်များကို သိမ်းဆည်းထားနိုင်သည်။ သင်၏ ဘဝတွင် အရေးအကြီးဆုံး လူများကို သိမ်းဆည်းထားနိုင်သည်။】
【သင် ချန်ရစ်ခဲ့သော အရာများကို သင် ထာဝရ ဆုံးရှုံးရလိမ့်မည်။】
【အထဲမဝင်မီ သေချာစွာ စဉ်းစားပါ။】
ကျိုးယွမ် တိတ်ဆိတ်သွား၏။
သူ မတ်တပ်ရပ်ပြီး နောက်တစ်ထပ်သို့ သွားရမည့် တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
ပလက်ဖောင်း၏ အဆုံးတည့်တည့်တွင် ရှိနေသည်။ ယခင် အထပ်တိုင်းရှိ တံခါးများကဲ့သို့ပင် အနီရင့်ရောင် ဖြစ်၏။
ကျိုးဝမ်က အနားသို့ လျှောက်လာပြီး သူ၏ ဘေးတွင် ဝင်ရပ်ကာ "ရှင် ဘာလုပ်မလို့လဲ။" ဟု မေးလိုက်သည်။
ကျိုးယွမ် သူမကို ကြည့်လျက် အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သည်။
ထို့နောက်မှ "ငါ အထဲဝင်ချင်တယ်" ဟု ဆုံးဖြတ်ချက်ချလိုက်၏။
ကျိုးဝမ်က ခေါင်းညိတ်ပြီး "ကျွန်မ ရှင်နဲ့ အတူတူ လိုက်မယ်" ဟု ဆိုသည်။
"ငါ မင်းကို မေ့သွားနိုင်တယ်နော်" ဟု ကျိုးယွမ်က သတိပေးရာ ကျိုးဝမ်က "ဒါဆိုလည်း ရှင် ပြန်မှတ်မိလာအောင် ကျွန်မ လုပ်ပေးမှာပေါ့။" ဟု ပြတ်သားစွာ တုံ့ပြန်လေသည်။
ကျိုးယွမ် သူမကို ကြည့်လိုက်ချိန်တွင် မျက်ဝန်းများ နီရဲလာကာ၊ လက်လှမ်း၍ သူမကို ဖက်တွယ်ထားလိုက်သည်။ သူတို့ နှစ်ယောက် ပလက်ဖောင်းပေါ်တွင် အချိန်အတော်ကြာအောင် ဖက်တွယ်ထားခဲ့ကြသည်။
ရှန်ရဲ့က ဘေးတွင် ရပ်လျက် သူတို့ကို ငေးကြည့်နေ၏။ လျင်ရှောင်ယုက သူ၏ လက်ကို ဆုပ်ကိုင်ထားပြီး၊ ကိုယ်ပွားက သူ၏ အခြားတစ်ဖက်တွင် ရပ်နေသည်။
ဦးလေးကျန်းက သက်ပြင်းချလိုက်ပြီး "ငါက အရမ်း အသက်ကြီးနေပြီ၊ အထဲကို မဝင်နိုင်တော့ဘူး။ ဒီမှာပဲ နေခဲ့တော့မယ်။" ဟု ဆိုကာ လှည့်၍ လာရာလမ်းအတိုင်း ပြန်လျှောက်သွားလေသည်။
ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် ရပ်တန့်ကာ နောက်ပြန်လှည့်ကြည့်ရင်း "မင်းတို့တွေ... အသက်ရှင်အောင် နေကြနော်" ဟု မှာကြားသွားပြီးနောက် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
ကျိုးယွမ်က ကျိုးဝမ်ကို ဖက်ထားရာမှ လွှတ်လိုက်ပြီး ရှန်ရဲ့ အနားသို့ လျှောက်လာသည်။
"မင်းရော ဝင်မှာလား။" ဟု မေးလိုက်၏။
ရှန်ရဲ့က တံခါးကို လှမ်းကြည့်လိုက်သည်။ သူ မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးသော အနီရင့်ရောင် တံခါးကြီး။
သို့သော် ဤတစ်ကြိမ်တွင်တော့ တံခါးနောက်ကွယ်၌ ဘာရှိနေမည်ကို သူ ကောင်းကောင်း သိနေသည်။
၎င်းသည် လွတ်လပ်ခွင့် ဖြစ်နိုင်သလို၊ နောက်ထပ် လှောင်အိမ် တစ်ခုလည်း ဖြစ်နိုင်၏။
ထို့ထက်ဆိုးသည်က လုံးဝ အပြီးတိုင် မေ့ပျောက်သွားခြင်းလည်း ဖြစ်နိုင်ချေ ရှိနေသည်။
သူ လျင်ရှောင်ယုကို လှည့်ကြည့်လိုက်ရာ၊ သူမက ပြတ်သားသော အကြည့်ဖြင့် သူ့ကို ပြန်လည် စိုက်ကြည့်နေ၏။ သူ ကိုယ်ပွားကို ကြည့်လိုက်ပြန်ရာ၊ ကိုယ်ပွားကလည်း သူ့ကို ကြည့်နေသည်။
"ဝင်မယ်။" ဟု ရှန်ရဲ့ ဆုံးဖြတ်လိုက်သည်။
သူ လက်ကို ဆန့်ထုတ်လိုက်ရာ ကိုယ်ပွားက ဆုပ်ကိုင်လိုက်ပြီး လျင်ရှောင်ယုကလည်း အပေါ်မှ ထပ်ကိုင်လိုက်သည်။
ကျိုးယွမ်ကလည်း လက်ဆန့်ထုတ်ကာ အပေါ်မှ ထပ်တင်လိုက်သလို ကျိုးဝမ်ကလည်း သူမ၏ လက်ကို ကမ်းပေးလိုက်သည်။ လက်ငါးဖက် အပေါ်အောက် အစီအရီ ထပ်လျက်သား။
"အတူတူပဲ။" ဟု ကျိုးယွမ်က ဆိုလေသည်။
သူတို့ တံခါးဆီသို့ လျှောက်သွားကြသည်။
တံခါးနားသို့ ရောက်ချိန်တွင် ရှန်ရဲ့ ရုတ်တရက် ရပ်တန့်သွား၏။
ပလက်ဖောင်းဘက်သို့ သူ နောက်ပြန်လှည့်ကြည့်လိုက်သည်။ တိုင်လုံးများနှင့် ကျောက်ပြားမှအပ ဟာလာဟင်းလင်း ဖြစ်နေသည်။
ရုတ်တရက် သူ တစ်ခုခုကို သတိရသွားပြီး၊ အိတ်ကပ်ထဲမှ မင်္ဂလာဆောင် ဓာတ်ပုံကို ထုတ်ယူကာ ကျောက်ပြားပေါ်တွင် တင်ထားလိုက်သည်။
လျင်ရှောင်ယု အံ့အားသင့်သွားရသည်။
"ဒါကို ချန်ထားခဲ့မယ်။ မင်းကို ချန်မထားခဲ့နိုင်ဘူး" ဟု ရှန်ရဲ့က ပြောလိုက်၏။
လျင်ရှောင်ယု၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာကာ သူ့ကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။ ရှန်ရဲ့က သူမ၏ ကျောပြင်ကို ပုတ်ပေးရင်း "သွားကြစို့" ဟု တိုးညင်းစွာ ဆိုသည်။
သူတို့ တံခါးကို တွန်းဖွင့်လိုက်ကြ၏။
တံခါးနောက်ကွယ်တွင် အလင်းရောင် ရှိနေသည်။ညမျက်စိကျိန်းမတတ် စူးရှတောက်ပသော အလင်းရောင်။
သူတို့ အထဲသို့ ဝင်ရောက်သွားကြပြီးနောက် အလင်းရောင်က သူတို့ကို ဝါးမြိုသွားလေသည်။
ထို့နောက် အရာအားလုံး ပျောက်ကွယ်သွားတော့သည်။
ရှန်ရဲ့ မျက်လုံးများ ပွင့်လာသည်။ သူ လမ်းမတစ်ခုပေါ်တွင် ရပ်နေ၏။
ရင်းနှီးနေသော လမ်းမများ။ သူ မရေမတွက်နိုင်အောင် လျှောက်ခဲ့ဖူးသော မြို့အနောက်ပိုင်း ခရိုင်ရှိ လမ်းမများ။
သို့သော် ဤတစ်ကြိမ်တွင် တစ်ခုခု ကွဲလွဲနေသည်။ သူ၏ လက်များကို ငုံ့ကြည့်လိုက်ရာ... ဟာလာဟင်းလင်း။
သူ နောက်ပြန်လှည့်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
မည်သူမျှ မရှိချေ။ ကိုယ်ပွား မရှိတော့ပေ။
လျင်ရှောင်ယု ပျောက်ကွယ်သွားပြီ။ ကျိုးယွမ်နှင့် ကျိုးဝမ်တို့လည်း ပျောက်ကွယ်သွားလေပြီ။
သူ တစ်ယောက်တည်း အထီးကျန်စွာ ကျန်ရစ်နေ၏။ သူ အဲ့ဒီနေရာမှာပင် ရပ်လျက် ခေါင်းထဲ၌ ဗလာကျင်းသွားရသည်။
ထိုစဉ် အသံတစ်ခုကို သူ ကြားလိုက်ရသည်။ အလွန်တိုးညင်းပြီး ဝေးကွာသော နေရာဆီမှ။
"ရှန်ရဲ့။"
သူ ခေါင်းလှည့်ကြည့်လိုက်ရာ လမ်းထောင့်တွင် အမျိုးသမီး တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
ကျိုးဝမ် မဟုတ်ပေ။ အခြား တစ်ယောက်။
သူမက အနားသို့ လျှောက်လာပြီး သူ၏ အရှေ့တွင် လာရပ်သည်။ ထိုမျက်နှာကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သို့သော် ထိုမျက်ဝန်းများ… တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားနေရသည်။
သူမက သူ့ကို ကြည့်ကာ ပြုံးပြသည်။ ထိုအပြုံးက ပထမအထပ်က အနီရောင်ဝတ် မိန်းမ၏ အပြုံးနှင့် လုံးဝကို တစ်ထပ်တည်းပင်။
သူမက "နောက်ဆုံးတော့ ရှင် ရောက်လာပြီပဲ။ ရှင့်ကို ကျွန်မ အကြာကြီး စောင့်နေခဲ့ရတာ။" ဟု ပြောလေသည်။
"မင်းက ဘယ်သူလဲ။" ဟု ရှန်ရဲ့က မေးလိုက်ရာ "ကျွန်မက ရှင် ချန်ရစ်ခဲ့တဲ့ အရာလေ။" ဟု ဖြေလိုက်သဖြင့် ရှန်ရဲ့ ကြက်သေသေသွားရသည်။
"ရှင် မေ့သွားပြီလား။ တစ်ခုခုကို ချန်ထားရစ်ခဲ့ရမယ်လို့ စည်းမျဉ်းတွေက ဆိုတယ်လေ။ ရှင်က အဲ့ဒီ ဓာတ်ပုံကို ချန်ထားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ ဓာတ်ပုံထဲမှာ ကျွန်မ ရှိနေတယ် ဆိုတာကို ရှင် မသိခဲ့ဘူး။" ဟု သူမက ဆိုသည်။
"ဘာကို ဆိုလိုတာလဲ။" ဟု ရှန်ရဲ့က မေးလိုက်ရာ၊ သူမက လက်မြှောက်၍ သူမ၏ ရင်ဘတ်ကို လက်ညှိုးထိုးပြလျက် "ကျွန်မက အဲ့ဒီ ဓာတ်ပုံထဲက မှတ်ဉာဏ်ပါ။ ကျွန်မက လျင်ရှောင်ယုနဲ့ ပတ်သက်တဲ့ ရှင့်ရဲ့ အတိတ်တွေပဲ။ ရှင်က ဓာတ်ပုံကို ချန်ထားခဲ့တော့ ကျွန်မ ထွက်လာခွင့် ရသွားတာလေ။"
ရှန်ရဲ့ နှုတ်ဆိတ်သွားတော့သည်။
သူမက "သူတို့ကို ရှင် ရှာချင်သလား။" ဟု မေးရာ ရှန်ရဲ့က ခေါင်းညိတ်ပြ၏။
"ဒါဆို ကျွန်မ နောက်ကို လိုက်ခဲ့။" ဟု ဆိုကာ လှည့်၍ လမ်းမ၏ အတွင်းပိုင်းဆီသို့ လျှောက်သွားလေသည်။
ရှန်ရဲ့က အနောက်မှ လိုက်ပါသွား၏။ ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် ရှန်ရဲ့ ရုတ်တရက် မေးလိုက်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ။"
သူမက ရပ်တန့်သွားပြီး သူ့ကို နောက်ပြန်လှည့်ကြည့်သည်။ အလွန်တရာ နူးညံ့သိမ်မွေ့သော အပြုံးလေးဖြင့် "ကျွန်မ နာမည်က ဟုန် (အနီရောင်) လို့ ခေါ်တယ်။ ဘာလို့လဲဆိုတော့ ဓာတ်ပုံထဲမှာ ကျွန်မက အနီရောင် ဝတ်ထားလို့လေ။"
ရှန်ရဲ့ ရုတ်တရက် အမှတ်ရသွားသည်။ အဆိုပါ မင်္ဂလာဆောင် ဓာတ်ပုံထဲတွင် လျင်ရှောင်ယုက အဖြူရောင် မင်္ဂလာဂါဝန်ကို ဝတ်ဆင်ထားပြီး သူက ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည်။ သို့သော် နောက်ခံတွင်တော့ အနီရောင် ပန်းခင်းကြီး တစ်ခု ရှိနေ၏။
ထိုပန်းတွေ၏ အမည်က ဘာလဲ။ သူ မသိချေ။
သို့သော် ထိုပန်းများက ယခု သူ၏ အရှေ့တွင် ရပ်နေလေပြီ။
သူမက "သွားကြစို့။ သူတို့ ရှင့်ကို စောင့်နေကြတယ်။" ဟု ဆိုပြီးနောက်၊ ရှန်ရဲ့သည် သူမ၏ နောက်သို့ လိုက်ပါကာ အနီရောင် အလင်းတန်းထဲသို့ ဝင်ရောက်သွားလေတော့သည်။
………..