← Chapters

အခန်း (၂၂၆၇-၂၂၆၈)

Vol. 227 Ch. 2267-2268

အခန်း (၂၂၆၇-၂၂၆၈)

Vol. 227 Ch. 2267-2268

အခန်း (၂၂၆၇) စိတ်ရှိလက်ရှိ လုပ်ဆောင်လိုက်ပါ

လီဝူ၏ စကားကြောင့် ချီယန်သူတော်စင်မှာ အံ့အားသင့်သွားပြီး အချက်အလက်ကို သဘောပေါက်သွားသည်။

တစ်ဖက်လူ၏ ကျင့်စဉ်အဆင့်မှာ ဖန့်ချန် ထက် သိသိသာသာ နိမ့်ကျနေပါလျက် ဖန့်ငရဲမင်း ၏ အတွင်းပိုင်းနယ်မြေကို အဘယ်ကြောင့် ချုပ်နှောင်ထားနိုင်သနည်းဟု သူ အမြဲတွေးနေခဲ့မိသည်။ ယခုမှသာ ထိုထူးခြားဆန်းပြားမှုမှာ တစ်ဖက်လူ၏ စွမ်းရည်ကြောင့်မဟုတ်ဘဲ ဤနတ်ဘုရားစွမ်းအားကြောင့် ဖြစ်မှန်း သိလိုက်ရသည်။

“လီဝူ မင်းပြောချင်တာက… ဒီနတ်ဘုရားစွမ်းအားမှာ အထွတ်ထိပ်တာအိုအဆင့် စွမ်းအား အနည်းငယ် ပါဝင်နေတာလား”

ဖန့်ချန်၏ အကြည့်များမှာ စူးရှသွားသည်။

“မှန်တယ်”

လီဝူက လုကွမ်ကို ကြည့်လိုက်သည့် အကြည့်များမှာ ရှုပ်ထွေးနေသည်။

“အချို့သော နတ်ဘုရားစွမ်းအားတွေက မူလကတည်းက အဆင့်အတန်းတစ်ခု ရှိကြတယ်။ ဥပမာ အသက်သေခြင်းချိန်ခွင် ဆိုရင် ဒီစွမ်းအားကို နားလည်သဘောပေါက်ဖို့ဆိုရင် အနည်းဆုံး ကောင်းကင်နိမိတ်အဆင့် တတိယအဆင့် ရောက်ဖို့နဲ့ အထွတ်ထိပ်တာအိုအဆင့်ဆီကို အဆုံးမရှိ နီးကပ်နေမှသာ အခွင့်အရေးရှိတာ။ သူက ကောင်းကင်အရှင် ဆက်ခံသူတစ်ယောက် ဖြစ်နိုင်တာကိုတော့ လေးစားရမယ်။ တကယ်ကို စွမ်းဆောင်နိုင်သူပဲ။”

“ကောင်းကင်အရှင် ဆက်ခံသူတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပဲ။”

ဖန့်ချန်က သက်ပြင်းချလိုက်သည်။ တစ်ဖက်လူမှာ သူကဲ့သို့ ထူးဆန်းသော ကံကြမ္မာမျိုး မကြုံတွေ့ခဲ့ရဘဲ ယခုကဲ့သို့ စွမ်းရည်မျိုး ရှိနေသည်မှာ တကယ်ပင် လေးစားဖွယ် ကောင်းလှသည်။

ခေတ္တရပ်လိုက်ပြီးနောက်

“လုကွမ်က အခု ငါ့ကို ချုပ်နှောင်ထားတာ ဘာလှုပ်ရှားမှုမှလည်း မလုပ်သေးဘူး၊ တစ်ခုခုကို ပြင်ဆင်နေတာများလား။ ဒီနတ်ဘုရားစွမ်းအားက ဘယ်လိုနည်းနဲ့ တိုက်ခိုက်တာလဲ ”

ဟု မေးလိုက်သည်။

လီဝူ၏ မျက်နှာမှာ ပို၍ပင် လေးနက်သွားသည်။

“အသက်သေခြင်းချိန်ခွင်ရဲ့ ကြောက်စရာကောင်းတဲ့အချက်က ဒီနေရာမှာပဲ။ သူက နှစ်ဦးနှစ်ဖက်ရဲ့ စွမ်းအားကို ချိန်ညှိပြီး တိုက်ခိုက်တာ။ တကယ်လို့ ထိခိုက်ခံရသူရဲ့ ကျင့်စဉ်အဆင့်က တိုက်ခိုက်သူထက် ငါးဆယ်ရာခိုင်နှုန်း ပိုမိုမမြင့်မားဘူးဆိုရင် ထိခိုက်ခံရသူက အသက်သေခြင်းချိန်ခွင်ရဲ့ နှိပ်စက်မှုကို ခံရပြီး သေဆုံးသွားလိမ့်မယ်။

ဒါပေမဲ့ ဒီစွမ်းအားကို သုံးတာက တိုက်ခိုက်သူရဲ့ အတွင်းပိုင်းနယ်မြေ အခြေခံအုတ်မြစ်ကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေတယ်။ ထိခိုက်မှု ပမာဏကတော့ ထိခိုက်ခံရသူရဲ့ ကျင့်စဉ်အဆင့်ပေါ် မူတည်တယ်။ တကယ်လို့ ထိခိုက်ခံရသူက တိုက်ခိုက်သူထက် ငါးဆယ်ရာခိုင်နှုန်း ပိုသာနေရင် တိုက်ခိုက်သူက သူ့ရဲ့အတွင်းပိုင်းနယ်မြေ ငါးဆယ်ရာခိုင်နှုန်း ကို ဆုံးရှုံးရမယ့် ဆိုးကျိုးကို ခံစားရလိမ့်မယ်။”

ချီယန်သူတော်စင်က အံ့အားသင့်စွာ အော်လိုက်သည်။

“ဒါက အတူတူသေကြစို့ဆိုတဲ့ နည်းလမ်းပဲ မဟုတ်လား လိုအပ်လို့လား ”

သူ နားမလည်နိုင်ပေ။ တစ်ဖက်လူမှာ ကောင်းကင်အရှင် ဆက်ခံသူ ဖြစ်နေပြီပဲ၊ ဒီတစ်ခါမှာ လျှော့ပေးလိုက်မယ်၊ ရှောင်လိုက်မယ်ဆိုရင် ဘာဖြစ်သွားမှာမို့လို့လဲ ဘာလို့ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေရတာလဲ။

“ဘာလို့လဲဆိုတော့ သူက လောင်းကစားလုပ်နေတာ။ ဖန့်ချန်ရဲ့ ကျင့်စဉ်အဆင့်က သူ့ထက် ငါးဆယ်ရာခိုင်နှုန်း မပိုဘူးဆိုတာကို လောင်းကြေးထပ်နေတာပဲ သူသာ လောင်းကစားမှာ နိုင်သွားရင် သူ့ရဲ့အတွင်းပိုင်းနယ်မြေ ငါးဆယ်ရာခိုင်နှုန်း ထက် ပိုမဆုံးရှုံးဘဲနဲ့ ဒီပွဲကို အနိုင်ယူသွားနိုင်တယ် ”

လီဝူ ပြောနေရင်းမှ သူ၏ မျက်နှာပေါ်က လေးနက်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ ပြန်သတိရလိုက်သည်။

ဖန့်ချန်၏ အစွမ်းအစမှာ…

“ငါလည်း ဒီအသက်သေခြင်းချိန်ခွင်ရဲ့ လှည့်စားမှုကို ခံရတော့မလို့ပဲ။ ဒီအတတ်ကို ဖန့်ချန်အပေါ် သုံးလိုက်ရင် ဘာအစွမ်းမှ ရှိမှာ မဟုတ်ဘူးလေ”

လီဝူက ရယ်မော၍ ခေါင်းခါယမ်းလိုက်ပြီး မိမိကိုယ်ကို သရော်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။

……

“မင်း တကယ်ပဲ ဒီအတတ်ကို သုံးမှာလား။ ငါဆိုရင် အရင်တုန်းက ဒီအတတ်ကြောင့်ပဲ အသေဆိုးနဲ့ သေခဲ့ရတာ။ ဝိညာဉ်တောင် အပြန်အလှန် ဒဏ်ခတ်မှုကြောင့် အပါယ်လေးပါးမှာ လည်ပတ်ရတော့မလို ဖြစ်ခဲ့ရတယ်။ မင်းလို လူငယ်တစ်ယောက် ဟန်ချက်ညီခြင်း အကျဉ်းထောင်ကို ရောက်သွားပြီး ငါ့ကို မတော်တဆ ကယ်လိုက်မိလို့သာ တော်တော့တယ် ”

လုကွမ်၏ နောက်ကျောတွင် ဆံဖြူ လူအိုကြီးတစ်ဦးရပ််နေသည် သူက ချိန်ခွင်ပေါ်တွင် တင်ထားသည့် အတွင်းပိုင်းနယ်မြေကို လှမ်းကြည့်ရင်း စိတ်မကောင်းဖြစ်မှုနှင့် လေးနက်မှုတို့ ရောထွေးနေသော မျက်လုံးများဖြင့် ကြည့်နေသည်။

“အကြီးအကဲ၊ အရင်တုန်းကသာ အကြီးကဲ ရှိမနေ ရင် ကျွန်တော်လည်း ဒီအတတ်ကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအတတ်ကို နားလည်လာကတည်းက သုံးဖို့အခွင့်အရေး မရခဲ့တာ တကယ်ကို စိတ်မကောင်းစရာပဲ။ အခုတော့ အခွင့်အရေး ရောက်လာပြီ ”

လုကွမ်က ဖန့်ချန်၏ အတွင်းပိုင်းနယ်မြေတံခါးကို အေးစက်စက် ကြည့်နေသည်။ သူ၏ အတွင်းပိုင်းစွမ်းအင်များမှာ အသက်သေခြင်းချိန်ခွင်အတတ်ဆီသို့ ရူးသွပ်စွာ စီးဝင်နေပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသည်။ သူသည် လောင်းကစားသမားတစ်ဦးကဲ့သို့ မိမိ၏ လောင်းကြေးကို အမြဲတိုးမြှင့်ကာ အချိန်မရွေး အကုန်ပုံအောရန် ပြင်ဆင်နေသည်။

“မင်း ယုံကြည်မှု ရှိရဲ့လား”

ဆံဖြူ လူအိုကြီးက မေးသည်။

“ရှိတယ်။ သူ့ရဲ့ ကျင့်စဉ်အဆင့်က ကျုပ်ထက်် ငါးဆယ်ရာခိုင်နှုန်း မပိုနိုင်ဘူး။ ကျုပ် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာ နေလာတာ ကြာပြီ၊ အခြေခံအုတ်မြစ်က ပြည့်စုံနေပြီ။ သူ ဘယ်လောက်ပဲ တော်ပါစေ၊ ထူးခြားတဲ့ ကံကြမ္မာနဲ့ပဲ တွေ့ပါစေ၊ ကျုပ်ထက် နှစ်ဆယ်ရာခိုင်နှုန်း ပိုသာတာတောင် အများကြီး ဖြစ်နေပြီ။

ကျုပ်က နေမင်းခုနစ်ပါး ကျောင်းတော်မှာ အဆင့် (၁၃) ဖြစ်ပြီး အဆင့် (၉) ဖြစ်တဲ့ ယန်ပေ့လင်ကတောင် ကျုပ်ထက်် နှစ်ဆယ်ရာခိုင်နှုန်း ပဲ ပိုသာတာပါ။ ဒါကြောင့် ကျုပ် အများဆုံး နှစ်ဆယ်ရာခိုင်နှုန်း လောက်ပဲ ဆုံးရှုံးရမှာပါ။

ဒီကောင်က မကြာသေးခင်ကမှ နာမည်ကြီးလာတာ၊ ကျုပ်သာ သူ့ကို နိုင်သွားရင် ဘယ်လောက်ပဲ နှစ်ပေါင်းများစွာ နားနေရပါစေ တန်ပါတယ်။ ရှီးမျိုးနွယ်စုရဲ့ ကောင်းကင်အရှင် ဆက်ခံသူတစ်ယောက်အနေနဲ့ ကျုပ် နောက်မှာ ရှီးမျိုးနွယ်စုရဲ့ အကြီးအကဲတွေ အများကြီး ရှိနေတယ်၊ ကျုပ် သူတို့ကို အရှက်ခွဲလို့ မရဘူး။”

လုကွမ်က လေးနက်စွာ ပြောသည်။

“ကောင်းပြီ၊ စိတ်ရှိလက်ရှိ လုပ်လိုက်ပါ။ မင်းရဲ့ ကျင့်စဉ်အဆင့်အရ ဒီတစ်ခါတော့ မှားယွင်းမှု ဖြစ်လာမှာ မဟုတ်ပါဘူး ည”

ဆံဖြူ လူအိုကြီးက ပြုံး၍ ပြောသည်။

“အကြီးအကဲ၊ အားပေးတာ ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန် ကျုပ် မှာ စွမ်းအားတွေ ရှိလာရင် အကြီးအကဲအတွက် ပြန်လည်ဝင်စားခြင်း လမ်းကြောင်းကို ရှာပေးပါ့မယ် ”

လုကွမ်က ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဆံဖြူ လူအိုကြီးက ခေါင်းခါယမ်းလိုက်သည်။

“အဲ့ဒါတွေကိုတော့ သဘာဝအတိုင်းပဲ ထားလိုက်ပါတော့ ”

ဟု ဆိုသည်။

ထိုအချိန်တွင် ကြီးကြပ်သူ ငါးဦးမှာလည်း ထိုမြင်ကွင်းကို ကြည့်ရှုနေကြသည်။

“အသက်သေခြင်းချိန်ခွင်အတတ်… လုကွမ်ရဲ့ နောက်ဆုံးလက်ကျန်က ဒီလို မကောင်းဆိုးဝါးအတတ် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး ”

ကြီးကြပ်သူတစ်ဦးက ရေရွတ်လိုက်သည်။ သူ၏ အသံထဲတွင် အသက်သေခြင်းချိန်ခွင်အတတ်အပေါ် ကြောက်ရွံ့မှု အနည်းငယ် ရှိနေသည်။

“သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်တော့ သေရတော့မှာပဲ”

လင်ယောင်အမြင့်ဆုံးမဟာမိတ်အဖွဲ့မှ ကြီးကြပ်သူက ရယ်မောလိုက်သည်။

“မင်းတို့ ချင်းမင်နယ်မြေ ဒီတစ်ခါတော့ အရှက်ကွဲတော့မယ်၊ ကောင်းကင်အရှင် ဆက်ခံသူနှစ်ယောက် အချင်းချင်း သတ်နေကြတာကိုး၊ ဟားဟားဟား ”

ဟု ဆိုသည်။

“အရင်ဆုံး ရယ်မောမနေပါနဲ့ဦး၊ မင်းတို့ရဲ့ တန်ခယ်ရွှမ် စိတ်အေးလက်အေး နေနိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား ”

“မဟုတ်လို့လား ဒါက အသက်သေခြင်းချိန်ခွင်အတတ်လေ။ လုကွမ်က သူ့ရဲ့ အတွင်းပိုင်းနယ်မြေ အခြေခံအုတ်မြစ် နှစ်ဆယ်ရာခိုင်နှုန်း လောက်ကို စွန့်လွှတ်ပြီး ဖန့်ချန်ကို သတ်ပစ်မှာ။ ဖန့်ချန် မရှင်နိုင်တော့ဘူး။ သူသာ အသက်ရှင်နေသေးရင် ငါ့မျက်လုံးတွေကို တူးထုတ်ပြီး မင်းကို ပေးလိုက်မယ်၊ ငါ လောင်းကြေးမှားတယ်လို့ မှတ်လိုက်တော့။”

စကားပြောနေစဉ်မှာပင် အသက်သေခြင်းချိန်ခွင်မှာ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ထိုအချိန်တွင် ဟင်းလင်းပြင်တစ်ခုလုံးမှာ အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။ အရင်ကလို တိတ်ဆိတ်အေးစက်နေသော ခံစားချက်မျိုး မရှိတော့ပေ။

အတွင်းပိုင်းနယ်မြေနှစ်ခုမှာ ချိန်ခွင်ပေါ်တွင် အပေါ်နှင့်အောက် ဖြစ်နေကြသည်။ ခဏမျှ ယိမ်းထိုးနေပြီးနောက် အတွင်းပိုင်းနယ်မြေတစ်ခုမှာ ရုတ်တရက် အောက်သို့ ပြင်းပြင်းထန်ထန် နိမ့်ကျသွားသည်။ အခြားအတွင်းပိုင်းနယ်မြေတစ်ခုမှာမူ အမြင့်ဆုံးသို့ ပင့်တင်ခံလိုက်ရပြီး မည်သို့မျှ အောက်သို့ မဆင်းသက်နိုင်တော့ပေ။

“ဘာဖြစ်သွားတာလဲ”

လင်ယောင်အမြင့်ဆုံးမဟာမိတ်အဖွဲ့မှ ကြီးကြပ်သူက အံ့အားသင့်စွာ အော်လိုက်သည်။

“ဘာဖြစ်သွားတာလဲ”

လုကွမ်မှာ မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေမိသည်။ အတွင်းပိုင်းနယ်မြေတံခါးမှတစ်ဆင့် နိမ့်ကျသွားသော အတွင်းပိုင်းနယ်မြေထဲတွင် ဖန့်ချန်က သူ့ကို အေးစက်စက် ကြည့်နေသည်ကို မြင်လိုက်ရသည်။ လုကွမ်၏ နဖူးမှ ချွေးစေးများမှာ ရပ်တန့်မရအောင် စီးကျလာသည်။ ဆံဖြူ လူအိုကြီးမှာလည်းယုံကြည်နိုင်ခြင်းများဖြင့် အံ့အားသင့်သွားသည်။

ဘာလို့ သူတို့ရဲ့ အတွင်းနယ်မြေက ပင့်တင်ခံလိုက်ရတာလဲ ဒါဆိုရင် တစ်ဖက်လူရဲ့ အတွင်းပိုင်းနယ်မြေ အခြေခံအုတ်မြစ်က သူတို့ထက် ငါးဆယ်ရာခိုင်နှုန်း ပိုသာနေတယ်ဆိုတဲ့ သဘောလား ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

“အကြီးအကဲ၊ ကျွန်တော် ဘာလုပ်ရမလဲ ”

လုကွမ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူ၏ စွမ်းအားအကုန်သုံး၍ အတွင်းပိုင်းစွမ်းအင်များကို အသက်သေခြင်းချိန်ခွင်ဆီသို့ ရူးသွပ်စွာ စီးဝင်စေသည်။ ထိုနည်းလမ်းဖြင့် အသာစီးရရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် သူ မည်မျှပင် ကြိုးစားပါစေ၊ စွမ်းအင်မည်မျှပင် စီးဝင်စေပါစေ၊ သူ၏ အတွင်းပိုင်းနယ်မြေမှာ ချိန်ခွင်ပေါ်တွင်သာ အမြင့်ဆုံး ပင့်တင်ခံထားရသည်။

“စိတ်မပူနဲ့၊ မင်း အများဆုံး ဆုံးရှုံးရမှာက အတွင်းပိုင်းနယ်မြေ ငါးဆယ်ရာခိုင်နှုန်း ပဲ။ အခုချိန်မှာ အသက်ရှင်ဖို့ပဲ အဓိကထား။ နောင်တစ်ချိန် နှစ်ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် သုံးဆယ်ရာခိုင်နှုန်း လောက်ပဲ ပြန်ရရင်တောင် မင်းရဲ့ ထူးချွန်တဲ့ အရည်အချင်းနဲ့ဆိုရင် ကောင်းကင်ငါးပါးမှာ ထိပ်တန်းပဲ ”

ဆံဖြူ လူအိုကြီးက လေးနက်စွာ ပြောသည်။

ထိုစကားကို ကြားပြီးနောက် လုကွမ်မှာ ဝမ်းသာရမလို၊ ဝမ်းနည်းရမလို ဖြစ်သွားသည်။ ထိုအချိန်တွင် အသက်သေခြင်းချိန်ခွင်မှာ တုံ့ပြန်မှု စတင်ပြုလုပ်လာသည်။ လုကွမ်၏ အတွင်းပိုင်းနယ်မြေ အခြေခံအုတ်မြစ်မှာ အဆက်မပြတ် ဆုတ်ယုတ် ပျက်စီးသွားသည်။

တစ်ဆယ်ရာခိုနှုန်း

နှစ်ဆယ်ရာခိုင်နှုန်း

သုံးဆယ်ရာခိုင်နှုန်း

အခြေခံအုတ်မြစ် ငါးဆယ်ရာခိုင်နှုန်း ကုန်ဆုံးသွားသည့်အချိန်တွင် လုကွမ်မှာ မျက်နှာဖြူဖျော့လျက် ရေရွတ်လိုက်သည်။

“ငါးဆယ်ရာခိုင်နှုန်း အခြေခံအုတ်မြစ် ငါးဆယ်ရာခိုင်နှုန်း ကုန်သွားပြီ။ အသက်ရှင်နေရရင်ရော… ဘာအဓိပ္ပာယ် ရှိသေးလို့လဲ။”

သူ နောက်ထပ် ကောင်းကင်အရှင် ဆက်ခံသူအဖြစ် တာဝန်ယူနိုင်တော့မည် မဟုတ်ပေ။ ဒီတစ်ခါတော့ သူ အကြီးအကျယ် ဆုံးရှုံးသွားခဲ့ပြီ။

“နေပါဦး၊ ဒါ ဘာဖြစ်လို့လဲ…”

ဆံဖြူ လူအိုကြီးက ရုတ်တရက် အံ့အားသင့်စွာ အော်လိုက်သည်။ လုကွမ်မှာ အခုမှပဲ သူ၏ အခြေခံအုတ်မြစ်မှာ အသက်သေခြင်းချိန်ခွင်ကြောင့် ဆက်လက် ဆုတ်ယုတ် ပျက်စီးနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။

“ဘာလို့လဲ ဘာလို့လဲ ”

လုကွမ်မှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

အခန်း (၂၂၆၈) ရန်ငြိုးရှိသူကရော ဘယ်ကို ထွက်ပြေးနိုင်မှာမို့လို့လဲ

“အကြီးအကဲ၊ မြန်မြန် ကယ်ပါဦး၊ ဘာလို့ အသက်သေခြင်းချိန်ခွင်က ကျွန်တော့်ရဲ့ အခြေခံအုတ်မြစ်ကို ဆက်ပြီး ဆုတ်ယုတ်ပျက်စီးအောင် လုပ်နေတာလဲ ဘာလို့လဲ ”

လုကွမ်မှာ ယခုအချိန်တွင် ကောင်းကင်အရှင် ဆက်ခံသူတစ်ဦး၏ တည်ငြိမ်မှုမျိုး မရှိတော့ဘဲ၊ ခရီးဦးပြတ် ခရီးသွားရင်း သူတစ်ပါး အလိမ်ခံလိုက်ရသဖြင့် ခရီးစရိတ်များ ပါသွားသော လူငယ်တစ်ဦးကဲ့သို့ စိုးရိမ်တကြီး ဖြစ်နေသည်။

“မပူနဲ့၊ တည်ငြိမ်စမ်း”

ဆံဖြူ လူအိုကြီးမှာ လေးနက်သော အမူအရာဖြင့် ပြောသည်။

“အများဆုံး နောက်ထပ် တစ်ဆယ်ရာခိုင်နှုန်းလောက် ဆုတ်ယုတ်သွားရင် ပြီးသွားမှာပါ။ ဒီလူရဲ့ ကျင့်စဉ်အဆင့်က မင်းထက် ဒီလောက်တောင် သာလွန်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူ့ရဲ့ အတွင်းပိုင်းနယ်မြေ အခြေခံအုတ်မြစ်က အထွတ်ထိပ်တာအိုအဆင့်ကို ရောက်နေတာများလား ”

အများဆုံး တစ်ဆယ်ရာခိုင်နှုန်းလောက်ပဲလား

လုကွမ် တဖြည်းဖြည်း တည်ငြိမ်လာသည်။

အတွင်းပိုင်းနယ်မြေ အခြေခံအုတ်မြစ်မှာ နောက်ထပ် တစ်ဆယ်ရာခိုင်နှုန်း ထပ်မံဆုတ်ယုတ်သွားပြီး လေးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ သူတို့နှစ်ဦးလုံး ကိစ္စပြီးဆုံးသွားပြီဟု ထင်မှတ်နေချိန်တွင် အသက်သေခြင်းချိန်ခွင်မှာ ဆက်လက်၍ ပြန်လည်ဒဏ်ခတ်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

အရသာရှိသော အကောင်ကို မြိန်ရေရှက်ရေ စားသုံးနေသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ လောဘကြီးစွာဖြင့် လုကွမ်၏ အတွင်းပိုင်းနယ်မြေကို ဆက်လက် ဝါးမျိုနေသည်။

နောက်ထပ် တစ်ဆယ်ရာခိုင်နှုန်း

နောက်ထပ် တစ်ဆယ်ရာခိုင်နှုန်း

လုကွမ်၏ အတွင်းပိုင်းနယ်မြေမှာ ယိမ်းယိုင်နေပြီး တံခါးပေါက်မှာလည်း အလွန်ပင် ပါးလျသွားပြီဖြစ်သည်။ ယခုအချိန်တွင် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဤတံခါးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

သူသည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး မိမိရှေ့တွင် ဖြစ်ပျက်နေသည်များကို တားဆီး၍မရဘဲ ငေးမောကြည့်နေရင်း ဘာတစ်ခုမျှ မလုပ်နိုင်တော့ပေ။

“မဖြစ်နိုင်ဘူး၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ဆံဖြူ လူအိုကြီးမှာ ပါးလျနေသော အတွင်းပိုင်းနယ်မြေတံခါးမှတစ်ဆင့် ခံစားချက်ကင်းမဲ့လုနီးပါး အေးစက်နေသော မျက်ဝန်းစုံနှင့် ဆုံတွေ့လိုက်ရသည့်အခါ ရုတ်တရက် ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုတစ်ခု ပေါ်ပေါက်လာသည်။

မကြာမီပင် နောက်ဆုံးကျန်ရှိနေသော အတွင်းပိုင်းနယ်မြေ တစ်ဆယ်ရာခိုင်နှုန်းမှာလည်း ပျောက်ကွယ်သွားသည်။ တံခါးပေါက်မှာလည်း ကြယ်တာရာ အမှုန်အမွှားများကဲ့သို့ အသက်သေခြင်းချိန်ခွင်ထဲတွင် ပျောက်ကွယ်သွားသည်။

ထို့နောက် မြေပြင်တွင် ထိုင်နေသော လုကွမ်နှင့် သူ့ဘေးတွင် ရပ်နေသည့် ဆံဖြူ လူအိုကြီးမှာ အတွင်းပိုင်းနယ်မြေနှင့်အတူ အသက်သေခြင်းချိန်ခွင်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး တစ်စက်ကလေးမျှပင် ကျန်ရစ်ခြင်း မရှိတော့ပေ။ ဝိညာဉ်အစအနပင် မကျန်တော့ချေ။

ဤနေရာတွင် ဤတိုက်ပွဲ၏ ရလဒ်မှာ အဆုံးသတ်သွားပြီ ဖြစ်သည်။ လုကွမ်မှာ အသက်ဆုံးရှုံးသွားခဲ့ပြီး၊ ရှီးမျိုးနွယ်စုမှာလည်း ကောင်းကင်အရှင် ဆက်ခံသူတစ်ဦးကို ဆုံးရှုံးလိုက်ရသည်။

ဖန့်ချန်ဘက်တွင်မူ ဆံခြည်မျှပင် ထိခိုက်ခြင်း မရှိပေ။ လုကွမ် သေဆုံးသွားပြီးနောက် အသက်သေခြင်းချိန်ခွင်၏ တောက်ပသော အလင်းတန်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးတွင် ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားသည်။

အတွင်းပိုင်းနယ်မြေကို ဝန်းရံထားသော ချုပ်နှောင်ထားသည့် ခံစားချက်များမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။

“ပြီးဆုံးသွားပြီ ”

လီဝူက နှုတ်ခမ်းစွန်းကို အနည်းငယ် ကွေးညွတ်လိုက်သည်။

“အဲ့ဒီကောင်လေးက သူ့ကိုယ်သူ အထင်ကြီးပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် အသက်သေခြင်းချိန်ခွင်အတတ်နဲ့ပဲ သူ့ကိုယ်သူ ပြန်ဝါးမျိုခံလိုက်ရတာပဲ။”

“ဒီအတတ်က အဆင့်တူ အချင်းချင်း တိုက်ခိုက်တဲ့အခါမှာတော့ ရှုံးပွဲကနေ နိုင်ပွဲအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ထူးခြားတဲ့ အစွမ်း ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ လူအများစုအတွက်တော့ သူ့ရဲ့ တည်ရှိမှုက အချိန်မရွေး ကိုယ့်ကိုယ်ကိုယ် ပြန်သတ်နိုင်တဲ့ ထက်မြက်တဲ့ ဓားသွားတစ်ချောင်းပါပဲ။”

ဖန့်ချန်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။ သူသည် ဤအတတ်ကို စိတ်မဝင်စားသလို၊ လေ့လာသင်ယူမည်လည်း မဟုတ်၊ အတွင်းပိုင်းနယ်မြေထဲတွင်လည်း ထွင်းထုထားမည် မဟုတ်ပေ။ အနိုင်အရှုံးကို အသက်မရှိသော နတ်ဘုရားစွမ်းအားပေါ်တွင် ပုံအပ်ထားခြင်းမှာ သူ၏ အလေ့အထ မဟုတ်ချေ။

……

“လုကွမ်က ပြန်လည်ဒဏ်ခတ်မှုကို ခံရပြီး လုံးဝ ပျက်စီးသွားပြီ၊ ဒါဆို ဖန့်ချန်ရဲ့ ကျင့်စဉ်အခြေခံအုတ်မြစ်က သူ့ထက် အနည်းဆုံး နှစ်ဆလောက် ပိုသာနေတယ်ဆိုတဲ့ သဘောလား…”

“ဒီကောင်လေးက တကယ်ပဲ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ဟုတ်ရဲ့လား မင်းတို့ ချင်းမင်အမြင့်ဆုံးမဟာမိတ်အဖွဲ့က သူ့ကို ဘာတွေများ ကျွေးထားတာလဲ ”

ကြီးကြပ်သူအချို့မှာ ချင်းမင်အမြင့်ဆုံးမဟာမိတ်အဖွဲ့မှ ကြီးကြပ်သူကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

“ငါ ဘယ်လိုလုပ် သိမလဲ စင်ကြယ်သာ ဗောဓိသီးကိုပဲ ဆက်တိုက်စားနေရင်တောင် ဒီလောက်ထိ အစွမ်းထက်ဖို့ မဖြစ်နိုင်ဘူး။ စင်ကြယ်သော ဗောဓိသီးမှာလည်း ကန့်သတ်ချက် ရှိတာပဲ။ အဲ့ဒီပမာဏကို ကျော်လွန်သွားရင် ဘယ်လောက်ပဲ စားစား အတွင်းပိုင်းနယ်မြေက ဆေးစွမ်းကို စုပ်ယူနိုင်တော့မှာ မဟုတ်ဘူး…”

ခေတ္တရပ်လိုက်ပြီးနောက် သူက လင်ယောင်အမြင့်ဆုံးမဟာမိတ်အဖွဲ့မှ ကြီးကြပ်သူကို ကြည့်လိုက်သည်။

“မင်း အကြည့်မှားသွားပြီ၊ အဲ့ဒီမျက်လုံးတွေကို ငါ့ကို ပေးရတော့မယ် မဟုတ်လား ”

ဟု ဆိုသည်။

တစ်ဖက်လူက လက်ဆန့်ပြီး သူ၏ မျက်လုံးကို တူးထုတ်၍ ပစ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဗလာကျင်းနေသော မျက်ခွက်ထဲတွင် မျက်လုံးအသစ် တစ်စုံ ပြန်ပေါက်လာသော်လည်း အရင်ကလို တောက်ပမှု မရှိတော့ဘဲ သူ့ကိုယ်ပေါ်ရှိ စွမ်းအားမှာလည်း တစ်စုံတစ်ခု လျော့နည်းသွားပုံရသည်။ သို့သော် သူသည် ထိုအရာများကို ဂရုမစိုက်ဘဲ ဖန့်ချန်ကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးထဲတွင် လေးနက်သော စိုးရိမ်မှုများ ပြည့်နှက်နေသည်။

ဤလူသည် လုကွမ်ထက် နှစ်ဆလောက် ပိုသာနေပါက၊ တန်ခယ်ရွှမ် သူနဲ့တွေ့ရင် ဘာဖြစ်သွားမလဲ…

……

ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ဖန့်ချန်မှာ နေမင်း ခုနစ်ပါးကျောင်းတော် ဧရိယာသို့ ရောက်ရှိလာသည်။ တိုက်ပွဲကို စောစီးစွာ အဆုံးသတ်ထားသော ကျောင်းသားအချို့မှာ ဖန့်ချန်နှင့် လုကွမ်တို့၏ တိုက်ပွဲရလဒ်ကို စောင့်မျှော်နေကြသည်။

ဖန့်ချန် ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး လုကွမ်မှာ ပျောက်ကွယ်သွားကာ မှတ်တမ်းထဲတွင်လည်း လုကွမ်၏ နာမည်မှာ မှေးမှိန်ပြီး မီးခိုးရောင်သို့ ပြောင်းသွားသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။

လုကွမ် ရှုံးသွားပြီ၊ ပြီးတော့… သေသွားပြီ

ကောင်းကင်အရှင် ဆက်ခံသူတစ်ယောက် ဒီအတိုင်းပဲ သေဆုံးသွားခဲ့ပြီ ကျောင်းသားများ၏ စိတ်ထဲတွင် စိတ်ခံစားမှုများ၊ တုန်လှုပ်မှုများ၊ အံ့အားသင့်မှုများနှင့်အတူ နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခုပါ ရောထွေးနေသည်။

“လုကွမ် တကယ်ပဲ သေသွားတာလား သူ့ရဲ့ နောက်ဆုံးလက်ကျန်ကိုတောင် မသုံးလိုက်ရဘူးလား ”

ယန်ပေ့လင်က ရေရွတ်လိုက်သည်။

ထိုအချိန်တွင် တန်ခယ်ရွှမ်မှာ မည်သည့်သတင်းကို ကြားလိုက်သည်မသိ၊ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့နောက် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် တုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွားပြီးနောက် မကျေနပ်မှုများ ပေါ်ပေါက်လာသည်။

ထို့နောက်…

“တန်ခယ်ရွှမ် ဘာဖြစ်သွားတာလဲ ”

“သူ့ရဲ့ စွမ်းအင် အရှိန်အဝါက မမှန်ဘူး”

“ဒါ… စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကို တက်လှမ်းတော့မယ့် လက္ခဏာပဲ ”

“ဟူး”

ကျောင်းသားများမှာ အံ့အားသင့်စွာဖြင့် တန်ခယ်ရွှမ်ကို ကြည့်နေကြသည်။ ယခုအချိန်တွင် သူ၏ အရှိန်အဝါမှာ တစ်ရွေ့ရွေ့ မြင့်တက်လာပြီး မကြာမီပင် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၏ အဆုံးသတ်ကို ကျော်လွန်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အတွင်းပိုင်းနယ်မြေစွမ်းအားများမှာ အနည်းငယ် ယိုဖိတ်လာသဖြင့် နေရာတွင်ရှိသော ကျောင်းသားများမှာ တုန်လှုပ်သွားပြီး မချဉ်းကပ်ဝံ့ကြပေ။ သူ့အနီးတွင် ရပ်နေသော ကျောင်းသားများမှာ တစ်လှမ်းချင်းစီ နောက်ဆုတ်သွားကြပြီး အံ့အားသင့်ကာ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

“သူ လုကွမ် သေတာကို မြင်ပြီး ဖန့်ချန်ကို ကြောက်သွားလို့… အဲ့ဒါကြောင့်…”

ကျောင်းသားများ၏ အကြည့်များမှာ ဖန့်ချန်ထံသို့ ပြန်ရောက်လာသည်။ သူတို့၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများသာ ပြည့်နှက်နေသည်။ ချီထျန်းမျိုးနွယ်စုမှ ကောင်းကင်အရှင် ဆက်ခံသူတစ်ယောက်ကို ကျင့်စဉ်အဆင့် တိုးမြှင့်ခြင်းဖြင့် ထွက်ပြေးစေသည်မှာ မည်သို့ခေါ်ဆိုရမည်နည်း။

“ဖန့်ချန်၊ ငါ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်မှာ စောင့်နေမယ် ”

တန်ခယ်ရွှမ်က စကားတစ်ခွန်း ထားခဲ့လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာ ရုတ်တရက် အဆမတန် မြင့်တက်သွားပြီး စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကိုပင် ကျော်လွန်သွားသည်။ ဤနေရာကို စောင့်ကြည့်နေသော စီးကုပေ့မှာ မျက်နှာအမူအရာများ ခဏခဏ ပြောင်းလဲနေသည်။

“ငါ့ကို စောင့်တာ လက်ခံတယ်၊ ဒါပေမဲ့ စီးကုပေ့ကိုတော့ ငါ့ဆီ ချန်ထားခဲ့၊ မင်း ရူးမိုက်တဲ့အလုပ်တွေ မလုပ်နဲ့။”

ဖန့်ချန်က ပြုံး၍ ပြောသည်။

“……”

တန်ခယ်ရွှမ် ဘာမျှပြန်မပြောတော့ပေ။ မကြာမီပင် အဆင့်တက်မှုကို အောင်မြင်စွာ ပြီးဆုံးသွားပြီးနောက် လူအများရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခုဖြင့် ခေါ်ဆောင်သွားခြင်း ခံရသည်။ သူသည် ဤတစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုကို နောက်ထပ် ပါဝင်နိုင်တော့မည် မဟုတ်ပေ။

တန်ခယ်ရွှမ် တက်လှမ်းသွားခြင်းမှာ ဖန့်ချန်သည် လုကွမ်နှင့် တိုက်ခိုက်စဉ်က အစစ်အမှန် စွမ်းအားကို ထုတ်ပြလိုက်ခြင်းကြောင့် တန်ခယ်ရွှမ်အနေဖြင့် ဤမျှ ပြတ်ပြတ်သားသား ထွက်ပြေး သွားခြင်းဖြစ်ကြောင်း ကျောင်းသားများက သေချာသွားသည်။

သို့သော် အသေးစိတ် အခြေအနေကိုတော့ မသိကြသေးသဖြင့် တုန်လှုပ်နေကြဆဲ ဖြစ်သည်။ သို့သော် ထိပ်တန်းဆယ်ဦးထဲမှ လူများမှာလည်း အံ့အားသင့်နေကြသည်ကို မြင်လိုက်ရသည့်အခါ အားလုံးမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ၎င်းတို့ကိုယ်တိုင်ပင် အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ကြပေ။

“တော်လိုက်တဲ့ကောင်၊ အသက်သေခြင်းချိန်ခွင်အတတ် ”

ယန်ပေ့လင်က ဖန့်ချန်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေသည်။

ဆွေထျန်းဟွမ် မှာလည်း ဖန့်ချန်ကို စိုက်ကြည့်ရင်း မျက်လုံးများ လှုပ်ရှားနေကာ ဦးနှောက်ကို အလွန်မြန်ဆန်စွာ အသုံးပြုနေသည်။

“အထက်လူကြီးတွေဆီ သတင်းပို့နိုင်တာလား ကောင်းကင်အရှင် ဆက်ခံသူရဲ့ အဆင့်အတန်းက တကယ်ကို သာမန်မဟုတ်ဘူးပဲ၊ အပေါ်က အကြီးကဲ တွေတောင် ဒီလောက် မတရားတဲ့အလုပ်မျိုး လုပ်ဖို့ မရှက်တော့ဘူးပေါ့။”

တန်ခယ်ရွှမ် ထွက်သွားရခြင်းမှာ သူနှင့် လုကွမ်တို့ တိုက်ပွဲအသေးစိတ်ကို အပေါ်သို့ ပေါက်ကြားသွားခြင်းကြောင့် ဖြစ်မှန်း ဖန့်ချန် မသိဘဲ မနေပါ။ သို့သော် သူက ဤအရာများကို လုံးဝ ဂရုမစိုက်ပေ။

ရန်ငြိုးမရှိသူများကို သူ ဂရုမစိုက်ပါ။

ရန်ငြိုးရှိသူကရော… ဘယ်ကို ထွက်ပြေးနိုင်မှာမို့လို့လဲ။

ထိုအချိန်တွင် ဆွေထျန်းဟွမ် က ဖန့်ချန်၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ ထိပ်တန်းဆယ်ဦးထဲမှ ထူးခြားသူများ၊ အထူးသဖြင့် အမြဲတမ်း ပူးပေါင်းမဝင်ကြသော ထိပ်တန်းသုံးဦးမှာလည်း ဤနေရာကို လှမ်းကြည့်နေကြသည်။

“စင်ကြယ်သော ဗောဓိသီး လေးလုံး၊ ဘယ်လိုလဲ”

ဆွေထျန်းဟွမ် က ပြုံး၍ မေးသည်။

“ဆယ်လုံး”

ဖန့်ချန်လည်း ပြုံး၍ ပြန်ပြောသည်။

All Chapters