အခန်း (၂၂၆၉-၂၂၇၀)
Vol. 227 Ch. 2269-2270
အခန်း (၂၂၆၉) တစ်လှမ်းစော၍ ထွက်ခွာခြင်း
စင်ကြယ်သော ဗောဓိသီး ဆယ်လုံး
ဆွေထျန်းဟွမ်၏ မျက်နှာပေါ်ရှိ အေးဆေးတည်ငြိမ်သော အပြုံးမှာ ရုတ်တရက် အသက်မဝင်တော့ဘဲ တစ်ခဏချင်းပင် တောင့်ခဲသွားသည်။
“အရင်တုန်းက ဆွေထျန်းဟွမ်က စင်ကြယ်သော ဗောဓိသီး လေးလုံးနဲ့တင် ကိစ္စပြီးအောင် လုပ်ဖို့ ကြံစည်ထားတာလား ”
“ဖန့်ချန်ကပဲ တောင်းဆိုချက် ထုတ်လိုက်တာ ဖြစ်ရမယ်။ ဒါပေမဲ့ ဆွေထျန်းဟွမ်က သဘောမတူခဲ့ဘူးထင်တယ်၊ အခုတော့… လေးလုံးနဲ့တင် မရတော့ဘူး…”
“အခုမြင်ရတာတော့… ဆွေထျန်းဟွမ်သာ ဖန့်ချန်ရဲ့ တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ရင်၊ အဆင့်တက်တာကလွဲလို့ တခြားလမ်း မရှိတော့ဘူး။”
“ကောင်းတာတစ်ခုက ဖန့်ချန်ရဲ့ အခြေခံအုတ်မြစ်က နည်းနည်းလေး တိမ်နေသေးတာပဲ။ သူက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာ ငါတို့ကို ခြိမ်းခြောက်နိုင်ရင်တောင်မှ၊ အချိန်တိုအတွင်းမှာတော့ အလယ်အဆင့် ဒါမှမဟုတ် နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး။”
နေရာတွင်ရှိနေသော နေမင်း ခုနစ်ပါးကျောင်းတော်မှ ကျောင်းသားများမှာ တိုးတိုးလေး အချင်းချင်း တီးတိုးပြောဆိုနေကြသည်။ သူတို့အမြင်တွင် ဖန့်ချန်သည် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိနေပြီး အခြေခံအုတ်မြစ်မှာ ကြောက်ခမန်းလိမ့်အောင် ခိုင်မာသည်မှာ အမှန်ပင်။
သို့သော်လည်း သူသည် နောက်မှရောက်လာသူ ဖြစ်သည့်အတွက်၊ သူတို့ကဲ့သို့ ဤကျင့်စဉ်အဆင့်တွင် ဒိန်ရွှမ်းသီးကို အကြိမ်ပေါင်းများစွာ စားသုံးထားခြင်း မရှိပေ။ သူတို့ ယခုထိ ဤအဆင့်တွင် ရပ်တန့်နေခြင်းမှာလည်း ဒိန်ရွှမ်းသီး၏ တည်ရှိမှုကြောင့်ပင် ဖြစ်သည်။ စွမ်းအင်စုစည်းခြင်း အဆင့်၏ အဆုံးအဖြတ်ကို အချိန်ခဏလေးအတွင်းမှာပင် ကျော်ဖြတ်နိုင်ကြသည်။
“ငါ ခုနက ကြားတာ မှားတာလား ဖန့်ချန်က စင်ကြယ်သော ဗောဓိသီး ဆယ်လုံး ဈေးခေါ်လိုက်တာလား”
“စင်ကြယ်သော ဗောဓိသီး ဆယ်လုံး…ယန်တန်းမျိုးနွယ်စုရဲ့ ကောင်းကင်အရှင် ဆက်ခံသူတွေတောင် ဒါကို ထုတ်ပေးနိုင်ပါ့မလား မသိဘူး…”
ယူဝမ်ရှန်းတို့ ကျောင်းသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အားသင့်နေကြသည်။ စင်ကြယ်သော ဗောဓိသီး တစ်လုံးစီတိုင်းမှာ မျိုးနွယ်စုကြီးတစ်ခုလုံးတောင် တန်ဖိုးထားရမည့်အရာ ဖြစ်သည်။
တည်တံ့သော မိသားစုကြီးတစ်ခု၌ စင်ကြယ်သော ဗောဓိသီးတစ်လုံး ပိုရှိလာပါက ထိပ်တန်းပါရမီရှင်တစ်ယောက်ကို ပို၍ ပျိုးထောင်ပေးနိုင်မည် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အထွတ်ထိပ်တာအိုအဆင့် သို့မဟုတ် ကောင်းကင်နိမိတ်အဆင့် ဖြစ်မလာဟု မည်သူပြောနိုင်မည်နည်း။
နောက်ဆုံးအခြေအနေကို ထားဦးတော့၊ အကြီးစား သူတော်စင်အဆင့်ကိုတော့ သေချာပေါက် ရောက်နိုင်မည် ဖြစ်သည်။ ယခု ဖန့်ချန်က တောင်းလိုက်သည်မှာ ဆယ်လုံးဆိုတော့ သူတို့အားလုံး တုန်လှုပ်သွားကြသည်။
သို့သော်လည်း ဤနှစ်များအတွင်း ဖန့်ချန်သည် နေမင်း ခုနစ်ပါးကျောင်းတော်တွင် အဆင့်သတ်မှတ်ချက်ကို အဆက်မပြတ် တက်လှမ်းရင်း စင်ကြယ်သော ဗောဓိသီးများကို အများအပြား ရရှိထားခဲ့သည်ကို ပြန်တွေးကြည့်ပါက ဆယ်လုံးဆိုသည်မှာလည်း မများလှတော့ပေ။
“စင်ကြယ်သော ဗောဓိသီး ဆယ်လုံးက များလွန်းတယ် ”
ဆွေထျန်းဟွမ်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“ငါ တစ်လုံး တိုးပေးမယ်၊ ငါးလုံးနဲ့ ပြီးကြစို့ ”
“ဆယ့်တစ်လုံး ”
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
နေရာတစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။ ဆွေထျန်းဟွမ်မှာ အချိန်အတော်ကြာအောင် စကားမပြောဘဲ ငြိမ်သက်နေပြီးနောက်မှ -
“ညှိနှိုင်းလို့ မရတော့ဘူးလား” ဟု ဖြည်းညှင်းစွာ မေးလိုက်သည်။
“ညှိနှိုင်းဖို့ အခွင့်အရေးကို မင်းကို ပေးခဲ့ဖူးတယ်၊ မင်း မယူခဲ့တာ ”
ဖန့်ချန်က ပြုံး၍ ပြန်ပြောသည်။
“ကောင်းပြီ ”
ဆွေထျန်းဟွမ်၏ မျက်နှာပေါ်တွင် ရုတ်တရက် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
“ဒါဆိုရင် စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်မှာပဲ တွေ့ကြတာပေါ့။”
“သောက်ကျိုးနည်း”
စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ဘက်မှ အဆင့် (၁၀၀) ရှိ ကျောင်းသားတစ်ဦးမှာ စိတ်မထိန်းနိုင်ဘဲ ဆဲဆိုလိုက်သည်။ တန်ခယ်ရွှမ် အရင်ထွက်သွားပြီး အခု ဆွေထျန်းဟွမ်ပါလား ဒါ ဘာဖြစ်တာလဲ ထိပ်တန်းအဆင့်ရှိသူများမှာ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းလိုက်သည်နှင့် ချက်ချင်းဆိုသလို အဆင့် (၅၀) အတွင်းသို့ ဝင်ရောက်နိုင်ကြမည်။
သူ့လို တိုက်ပွဲတိုင်းတွင် အသက်ကို လောင်းကြေးထပ်ပြီး အမှတ်စုဆောင်းကာ ကောင်းကင် ငါးပါး စစ်မြေပြင်၏ ထိပ်ဆုံး (၁၀၀) သို့ ရောက်အောင် ကြိုးစားခဲ့ရသူမှာ အခုတော့ အသုံးချခံရမည့် ကျောက်တုံးတစ်တုံး ဖြစ်သွားရတော့မည်လား။
“ညီအစ်ကို၊ နောက်တစ်ခေါက် ကောင်းကင် ငါးပါး စစ်မြေပြင်မှာဆိုရင် မင်း ထိပ်ဆုံး (၁၀၀) ထဲက ထွက်သွားရတော့မယ် ထင်တယ် ”
ကျောင်းသားတစ်ဦးက သနားစိတ်ဖြင့် ပြောသည်။
“မတိုက်ရသေးဘဲနဲ့ ဘယ်သူသိမှာလဲ”
ထိုသူက တင်းမာစွာ ပြန်ပြောသည်။
……
ဆွေထျန်းဟွမ် ပြောပြီးသည်နှင့် သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ တန်ခယ်ရွှမ်ကဲ့သို့ပင် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကျင့်စဉ်အဆင့်ကို အတင်းအကျပ် ဖိနှိပ်ထားခြင်း မရှိတော့ပေ။
ကျောင်းသားများ၏ မျက်စိရှေ့တွင်ပင် သူသည် စွမ်းအင်စုစည်းခြင်း အလယ်အဆင့်သို့ ချောမွေ့စွာ တက်လှမ်းသွားပြီး စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ဆီသို့ ဆက်လက် တိုးဝင်သွားသည်။
“ခြေလှမ်းတစ်လှမ်း မြန်ရင် အရာရာမှာ မြန်တယ်။ မင်းသာ ငါတို့ကို အတင်းအကျပ် မလုပ်ခဲ့ရင်၊ ငါတို့က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာတင် မင်းကို စောင့်နေဦးမှာ။
ဒါပေမဲ့ အခုကစပြီး ငါတို့ရဲ့ ခြေလှမ်းကို မင်း လိုက်မီနိုင်တော့မှာ မဟုတ်ဘူး။ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ဆိုတာလည်း ခဏတာပါပဲ။ ကံကြမ္မာ အဆုံးအဖြတ်နဲ့ ကမ္ဘာသတ်မှတ်ချက်တွေကလည်း ငါတို့ကို မတားဆီးနိုင်ဘူး။”
ဆွေထျန်းဟွမ်က ဖန့်ချန်ကို ကြည့်၍ အေးစက်စက် ပြုံးပြောလိုက်သည်။
ဖန့်ချန်မှာ ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
“မင်းနဲ့ တန်ခယ်ရွှမ်က အဆင့်တက်ဖို့ ရွေးချယ်လိုက်တာကြောင့်၊ ငါ နောက်တစ်ခါ နေမင်း ခုနစ်ပါးကျောင်းတော်ကို လာရင် တိုက်ပွဲ ဆယ်ပွဲ မတိုက်ရတော့ဘူး၊ စင်ကြယ်သော ဗောဓိသီး တစ်လုံး လျော့နည်းသွားလိမ့်မယ်။ အဲ့ဒီအတွက် မင်းတို့ ခေါင်းထဲမှာပဲ မှတ်ထားလိုက်ပါ။”
“……”
ဖန့်ချန်က ဤမျှထိ ခိုင်မာပြတ်သားလိမ့်မည်ဟု ဆွေထျန်းဟွမ် မထင်ထားခဲ့ပေ။ သူက အေးစက်စက် နှာမှုတ်လိုက်ပြီး ဖန့်ချန်ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
အရှိန်အဝါများ တရိပ်ရိပ် မြင့်တက်လာပြီးနောက် နောက်တစ်ခဏတွင် သူသည် စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။ ထိုမြင်ကွင်းကို ကြည့်နေသော စွမ်းအင်စုစည်းခြင်း အလယ်အဆင့် အဆင့်နိမ့်ကျောင်းသားများမှာ မနာလိုဖြစ်နေကြသည်။ အဆင့်မြင့် ကျောင်းသားများမှာမူ တစ်စုံတစ်ခုကို တွက်ချက်နေသကဲ့သို့ အတွေးနက်နေကြသည်။
ထိုအချိန်တွင် နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ လူအားလုံးမှာ အံ့အားသင့်စွာဖြင့် ယန်ပေ့လင်ဘက်သို့ ကြည့်လိုက်ကြသည်။
“မင်း ဘာလုပ်တာလဲ”
ယန်ပေ့လင်က ရယ်ကျဲကျဲဖြင့် -
“ငါလည်း အရင်တစ်လှမ်း စောပြီး ထွက်သွားလိုက်ဦးမယ်၊ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်မှာ သွားကစားဦးမယ်၊ နောက်နှစ်အနည်းငယ် ကြာရင်မှ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ကို သွားတော့မယ် ”
ဟု ဆိုသည်။
အဝေးရှိ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ကျောင်းသားများမှာ အံ့အားသင့်နေကြသည်။
“တော်ပြီ၊ အသက်သေခြင်းချိန်ခွင်အတတ်နဲ့တောင် သူ့ကို မတားနိုင်ဘူး၊ ပြန်လည်ဒဏ်ခတ်မှုကြောင့် လုကွမ်တောင် ဝိညာဉ်ပျက်သုဉ်းသွားပြီ။ ဒါ ဘာဖြစ်တာလဲ သူ့နဲ့ တိုက်ရမှာ ဘာအဓိပ္ပာယ်ရှိသေးလဲ ဒီစွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ကို သူ့အတွက်ပဲ ထားပေးလိုက်တော့မယ် ”
အဆင့် (၁၂) ရှိ ကျောင်းသားတစ်ဦးက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများကို တိုးမြှင့်လိုက်သည်။
“အဲ့ဒါဆိုရင်… ငါလည်း မင်းတို့နဲ့ပဲ အတူတူ ကစားချင်တယ်၊ မင်းတို့လဲ သွားကြမှာဆိုရင် ငါလည်း သွားတော့မယ်။”
အဆင့် (၁၁) ရှိ ကျောင်းသားက ပြောလိုက်ပြီး သူ၏ အရှိန်အဝါများမှာလည်း ပြင်းထန်စွာ တက်လာသည်။
“ဒါဆိုရင် အားလုံးပဲ အတူတူ သွားကြတာပေါ့”
“စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ဘက်က နည်းနည်း ကျပ်တယ်၊ ဒါဆိုရင် အရင်ဆုံး စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကို သွားကြမယ်။”
“အတူတူ သွားကြမယ်၊ အတူတူ သွားကြမယ်။”
ချက်ချင်းဆိုသလိုပင် ထိပ်တန်းသုံးဦးမှလွဲ၍ ကျန်ရှိနေသော ခုနစ်ပါးကျောင်းတော် ကျောင်းသားများအားလုံးမှာ အဆင့်တက်ရန် ရွေးချယ်လိုက်ကြသည်။ သူတို့သည် ဖန့်ချန်နှင့် တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ပေ။ တိုက်ခိုက်ခြင်းမှာ အဓိပ္ပာယ်မရှိရုံသာမက စိတ်ဒဏ်ရာပါ ရသွားနိုင်သည့်အတွက် ဖြစ်သည်။
“ဒါ ဘာဖြစ်တာလဲ”
ယူဝမ်ရှန်းက တုန်လှုပ်စွာဖြင့် နှစ်ပေါင်းများစွာ နေရာယူထားခဲ့သော 'လူကြီးများ' တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်သွားကြသည်ကို ယုံနိုင်မလို ကြည့်နေမိသည်။ အကြောင်းရင်းမှာ လူသားမျိုးနွယ်စုမှ ဖန့်ချန်နှင့် တိုက်ခိုက်လိုစိတ် မရှိခြင်းကြောင့်သာလား။
“သူတို့က အဲ့ဒီနေရာမှာ နှစ်ပေါင်းများစွာ နေလာခဲ့ပြီး အဆင့်ကျော်လွန်ဖို့ ကြိုးစားခဲ့ကြတာ၊ အခုတော့ ဖန့်ချန် တစ်ယောက်တည်းရဲ့ အစွမ်းနဲ့တင် သူတို့ကို မောင်းထုတ်လိုက်တာပဲ…”
“ကောင်းပါတယ်၊ နေရာယူထားပြီး ဘာမှမလုပ်တဲ့သူတွေ ထွက်သွားတာက ပိုတောင် ကောင်းသေးတယ်။”
“ကြားရတာတော့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ရောက်ရင် ဒိိန်ရွှမ်းသီး ရဲ့ စွမ်းဆောင်ရည်က ဒီလောက် မကောင်းတော့ဘူးတဲ့။ တိုက်ပွဲတစ်ခုအတွက် နှစ်လုံးလောက် စားမှ ရမှာတဲ့။”
“အဆင့်ကျော်လွန်ဖို့ ကုန်ကျစရိတ်က… ပိုများလာပြီပဲ။”
ကျောင်းသားများမှာ စိတ်ထဲတွင် အပြစ်တင်ဝေဖန်နေကြသော်လည်း ဖန့်ချန်ကို ကြည့်သည့်အကြည့်များမှာမူ ရှုပ်ထွေးသွားသည်။ တုန်လှုပ်မှု၊ ကြောက်ရွံ့မှု၊ ရန်လိုမှုနှင့် လေးစားမှုများ ရောထွေးနေသည်။
“တော်လိုက်တဲ့ကောင်၊ ဒီအဆင့်မြှင့်သူ အုပ်စုကြီးကိုပဲ သူက အတင်းအကျပ် မောင်းထုတ်လိုက်တာ ”
“ဒီလိုဆိုရင် ငါတို့ထဲက ဘယ်သူတွေ ထွက်သွားရတော့မလဲ မသိဘူး။”
“ဘာပဲဖြစ်ဖြစ် ငါတော့ ကံမဆိုးတဲ့သူထဲမှာ မပါဘူး၊ အဆင့် (၉၀) ကျော်တဲ့သူတွေပဲ သတိထားကြတော့။”
ထိုသူတို့၏ အဆင့်တက်မှု ပြီးဆုံးသွားသည်နှင့် ရွှေရောင်အလင်းတန်းများမှာ တစ်ခုပြီးတစ်ခု ကျရောက်လာသည်။ မကြာမီတွင် ဖန့်ချန်၏ ရှေ့တွင် လူအနည်းငယ်သာ ကျန်ရှိတော့သည်။ သူနှင့် တိုက်ခိုက်ဖူးပြီး ရှုံးနိမ့်သွားသောသူအချို့မှာမူ ထွက်ခွာသွားရန် မရွေးချယ်ဘဲ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင် ဆက်နေ၍ အဆင့်ကျော်လွန်ရန် ဆက်လက် ကြိုးစားနေကြသည်။ ထိုသူများမှလွဲ၍ ရှေ့ဆုံးတွင် နှစ်ပေါင်းများစွာ နေရာယူထားခဲ့သော ထိပ်တန်းသုံးဦးသာ ကျန်ရှိတော့သည်။
သူတို့အတွက်လည်း ဖန့်ချန်မှာ ကြိုတင် စုံစမ်းမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။
နေမင်း ခုနစ်ပါးကျောင်းတော် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင် အဆင့် (၁) မှာ ချန်းချုံးအမြင့်ဆုံးမဟာမိတ်အဖွဲ့မှ အသက်ကိုးသက်နဂါးမျိုးနွယ်စု၏ ရှန်ရှိုးယွမ် ဖြစ်သည်။ အသက်ကိုးသက်နဂါးမှာ သာမန်နဂါးမျိုးနွယ်စုထက် ပိုမိုသာလွန်သော မျိုးနွယ်စုကြီးဖြစ်သည်။
အဆင့် (၂) မှာ လင်ချုံးအမြင့်ဆုံးမဟာမိတ်အဖွဲ့မှ သန့်စင်သောဝိညာဉ်မျိုးနွယ်စု၏ ဖူယွမ်ဖေး ဖြစ်သည်။ သူမလည်း မျိုးနွယ်စုကြီးမှ ဆင်းသက်လာသူ ဖြစ်သည်။
အဆင့် (၃) မှာ ပိလော့အမြင့်ဆုံးမဟာမိတ်အဖွဲ့မှ ပြစ်ဒဏ်နတ်ဆိုးမျိုးနွယ်စု၏ ရင်တန့် ဖြစ်သည်။
ထိုသုံးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ရှန်ရှိုးယွမ်က ရယ်မောလိုက်သည်။
“ဖန့်ချန် မင်းရဲ့ အခြေခံအုတ်မြစ်က သန်မာလွန်းလို့ ငါတို့က မင်းရဲ့ နံပါတ် (၁) အတွက် လမ်းကို မပိတ်တော့ပါဘူး၊ ငါတို့ပဲ အရင်သွားလိုက်တော့မယ်။”
ဟု ဆိုသည်။
စကားဆုံးသည်နှင့် ထိုသုံးဦး၏ အရှိန်အဝါများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ကျောင်းသားများအားလုံးမှာ အံ့အားသင့်စွာ ကြည့်နေကြလေတော့သည်။
အခန်း (၂၂၇၀) ကောင်းကင် ငါးပါး စစ်မြေပြင် စာရင်း
ရှန်ရှိုးယွမ်တို့ အုပ်စု ရွှေရောင်အလင်းတန်းဖြင့် တစ်ပြိုင်နက်တည်း ထွက်ခွာသွားကြပြီးနောက်၊ ခုနစ်ပါးကျောင်းတော် ဧရိယာမှာ အလွန်ပင် တိတ်ဆိတ်သွားသည်။ ကောင်းကင် ငါးပါး စစ်မြေပြင်၏ ကြီးကြပ်သူများပင် သူတို့၏ လက်ရှိလုပ်ဆောင်နေသော အလုပ်များကို ရပ်တန့်လိုက်ပြီး ဤနေရာကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
“ထိပ်တန်းသုံးဦးစလုံး မောင်းထုတ်ခံလိုက်ရပြီ၊ တော်တော်လေးကို ထိတ်လန့်စရာကောင်းတယ်၊ ဒီတစ်ခါ နေမင်း ခုနစ်ပါးကျောင်းတော်မှာ တကယ်ကို ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားပြီ ”
“အရင်က တစ်ခါမှ မဖြစ်ဖူးတဲ့ ကိစ္စမျိုးပဲ…”
“လူသားမျိုးနွယ်စုက ဘယ်ကနေ ဘယ်လို ပေါက်ဖွားလာတာလဲ၊ ဒီလို နတ်ဆိုးသဖွယ် ပါရမီရှင်ကို ဘယ်လိုများ ပျိုးထောင်လိုက်တာလဲ ”
“ဖန့်ချန် အစ်ကိုကြီးက တကယ်ကို အစွမ်းထက်တာပဲ ”
ဖန့်ကျစ်ရွှယ်၏ မျက်လုံးများမှာ တောက်ပနေသည်။
ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်း တို့မှာလည်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲတွင် လှုပ်ရှားနေသော အသိစိတ်များကို ထိန်းချုပ်ကာ ဖန့်ချန်ကို ရိုသေလေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။
သူတို့သည် ရွှေဟွေး ကျောင်းတော် သို့ ဝင်ခွင့်မရခဲ့သော်လည်း၊ ယခင်က ဖန့်ချန် ကိုယ်တိုင် ချင်းရှောင်း နတ်ဘုရားနယ်မြေ သို့ ရောက်ရှိလာခဲ့ခြင်းနှင့် ဖန့်ကျစ်ရွှယ်ကြောင့် သူတို့ကိုယ်သူတို့ ဖန့်ချန်နှင့် ဆက်သွယ်မှုရှိသည်ဟု ခံယူထားကြသည်။
'ညီ ၊ ညီမ' ဟု ခေါ်ဆိုလျှင်ပင် မမှားပေ။
ယခုအခါ အစ်ကိုကြီးက ဤမျှ ကြီးမားသော အောင်မြင်မှုများကို ရရှိထားသဖြင့်၊ ညီ ၊ ညီမများ ဖြစ်ကြသော သူတို့မှာလည်း ဂုဏ်ယူဝင့်ကြွားနေမိသည်။ ထို့ပြင် သူတို့အားလုံးမှာလည်း တူညီသော မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။
“ဖန့်ချန်၊ ဂုဏ်ယူပါတယ်ဗျာ၊ အခုတော့ မင်းက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရဲ့ နံပါတ် (၁) ဖြစ်သွားပြီ…”
မူလက အဆင့် (၁၄) နေရာတွင် ရှိခဲ့သော နေမင်း ခုနစ်ပါးကျောင်းတော် ကျောင်းသားတစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ရှေ့သို့တိုးကာ ဂုဏ်ပြုစကား ဆိုသည်။ သူ၏ မျက်လုံးထဲတွင် ခံစားချက်များ ရောထွေးနေသည်။
ဖန့်ချန်က နံပါတ် (၁) ဖြစ်သွားပြီဆိုလျှင် သူက နံပါတ် (၂) ဖြစ်လာပြီ။ ဒါက ကောင်းကင်ကနေ မုန့်ပဲသရေစာ ပြုတ်ကျလာသလိုမျိုးပင်။ တစ်နေ့နေ့တွင် သူလည်း ထိပ်တန်းသုံးဦးထဲ ဝင်နိုင်လိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားမိပါ့မလဲ ဤနေရာတွင် အနည်းငယ်သော အခွင့်အရေး အငွေ့အသက်များ ပါဝင်နေသော်လည်း၊ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်ပြောပြမည်ဆိုလျှင်လည်း ၎င်းမှာ မညံ့ဖျင်းသော အရည်အချင်းမှတ်တမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
အနည်းဆုံးတော့ မဟာမိတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်သည့်အခါတွင် အထူးအခွင့်အရေးများစွာ ရရှိနိုင်ပေလိမ့်မည်။
မူလက အဆင့် (၁၅) ရှိသူကလည်း ၎င်းကို မြင်သည့်အခါ ချက်ချင်းပင် ရှေ့သို့တိုးလာပြီး ဂုဏ်ပြုစကား ပြောကြားသည်။ ထိုနှစ်ဦး စတင်လိုက်သည်နှင့် ယန်ချွမ်းယန်၊ ယူဝမ်ရှန်းတို့ကဲ့သို့သော ကျောင်းသားများမှာလည်း ဆက်တိုက်ဆိုသလို ဝိုင်းဝန်းလာကြပြီး နှုတ်ခွန်းဆက် စကားများ ပြောဆိုကြသည်။
“စင်ကြယ်သော ဗောဓိသီး သုံးလုံး လျော့သွားပြီ…”
ဖန့်ချန်က သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျောင်းသားများမှာ ချက်ချင်းပင် အံ့အားသင့်သွားကြပြီးနောက် အသေအချာ ပြန်တွေးကြည့်လိုက်ရာ သူတို့၏ အမူအရာများမှာ ရှုပ်ထွေးသွားသည်။ တကယ်လည်း စင်ကြယ်သော ဗောဓိသီး သုံးလုံး လျော့သွားသည်မဟုတ်ပါလား။
အကယ်၍ ပုံမှန်အတိုင်းဆိုလျှင် နံပါတ် (၁) အထိ တိုက်ခိုက်သွားပါက နောက်ထပ် စင်ကြယ်သော ဗောဓိသီး သုံးလုံး ဆုလာဘ် ရရှိဦးမည်ဖြစ်သည်။ သို့သော် ယခုမူ ဖန့်ချန်မှာ တိုက်ပွဲ ဆယ်ပွဲပင် မတိုက်ရသေးဘဲ နံပါတ် (၁) ဖြစ်သွားပြီဆိုတော့၊ ဤတစ်ခေါက် နေမင် ခုနစ်ပါးကျောင်းတော်၏ ဆုလာဘ်မှာ စင်ကြယ်သော ဗောဓိသီး တစ်လုံးသာ ကျန်ရှိတော့မည်။
သို့သော်လည်း…
မည်သူကများ ထိုအချိန်အခါတွင် စင်ကြယ်သော ဗောဓိသီးကို ဂရုစိုက်နေတော့မှာလဲ ဤသည်မှာ ေနေမင်း ခုနစ်ပါးကျောင်းတော်၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင် နံပါတ် (၁) ဟူသော ထူးခြားသော ဂုဏ်ပုဒ် ဖြစ်သည်။
ဤမှတ်တမ်းရှိနေပါက ကောင်းကင် ငါးပါး မဟာမိတ်အဖွဲ့တွင် မည်သည့်နေရာကိုမဆို သွားရောက်နိုင်သည် မဟုတ်ပါလား။ ရောက်ရှိသွားသည်နှင့် အဆင့်မြင့် ရာထူးတစ်ခုတွင် သေချာပေါက် နေရာယူနိုင်မည်ဖြစ်ပြီး၊ နောင်တွင် မဟာမိတ်အဖွဲ့၏ အဓိကဗဟိုချက်ထဲသို့ ဝင်ရောက်နိုင်ခြင်းမှာလည်း သေချာပေါက် ဖြစ်ပေလိမ့်မည်။
ထိုအဆင့်ကို ရောက်ရှိသွားပါက စကားတစ်ခွန်းတည်းဖြင့် မျိုးနွယ်စုကြီးတစ်ခုလုံး၏ ကံကြမ္မာကိုပင် ပြောင်းလဲနိုင်စွမ်း ရှိသည်။ ဒါက ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ စင်ကြယ်သော ဗောဓိသီး သုံးလုံးဆိုသည်မှာ အဘယ်အရာ ဖြစ်သနည်း။
ဖန့်ချန်၏ အကြည့်တို့မှာ ရှီးမျိုးနွယ်စုမှ ကျောင်းသားတစ်ဦးထံသို့ ကျရောက်သွားသည်။
“ထိုက်ဟောက်ကျုံး ဒီတစ်ခါ ငါ လျော့သွားတဲ့ စင်ကြယ်သော ဗောဓိသီး သုံးလုံးကိုလည်း မင်းတို့ ရှီးမျိုးနွယ်စု ခေါင်းထဲမှာပဲ ထည့်မှတ်ထားလိုက်ပါ။”
“…”
ထိုက်ဟောက်ကျုံးမှာ ဖန့်ချန်ကို ဒူးထောက်ခိုင်းတော့မတတ်ပင် ဖြစ်သွားပြီး ငိုမဲ့မဲ့ဖြင့် -
“ဖန့်အစ်ကိုကြီး၊ ဒါက ကျွန်တော်နဲ့ မဆိုင်ပါဘူးဗျာ…”
ဟု ပြောသည်။
“မင်း ငိုနေတာ ဘာလုပ်ဖို့လဲ၊ ငါ မင်းကို လျော်ခိုင်းမှာ မဟုတ်သလို မင်းလည်း လျော်နိုင်မှာ မဟုတ်ဘူး။”
ထိုက်ဟောက်ကျုံး၏ မျက်လုံးအိမ်တွင် မျက်ရည်စများ လှည့်ပတ်နေသည်ကို မြင်သောအခါ ဖန့်ချန်က ပြုံး၍ လက်ကာပြလိုက်သည်။ ထိုက်ဟောက်ကျုံးမှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားသည်။
“ဖန့်အစ်ကိုကြီး၊ တကယ်တော့… စွမ်းအင်စုစည်းခြင်းအဆင့် နံပါတ် (၁) မှာ… ဆုလာဘ်လည်း ရှိတယ်ဗျ၊ ပြီးတော့ အဲ့ဒီဆုလာဘ်က စင်ကြယ်သော ဗောဓိသီးထက်တောင် ပိုသာနိုင်သေးတယ်။”
မူလက အဆင့် (၁၄)၊ လက်ရှိ အဆင့် (၂) ဖြစ်သော နေမင်းခုနစ်ပါးကျောင်းသား ရှူကျန့် က ဂရုတစိုက် ပြောလိုက်သည်။
ကျောင်းသားများမှာ ကောင်းကင်အရှင် ဆက်ခံသူတစ်ဦးက ဤမျှ ဂရုတစိုက်နှင့် အခြားသူကို ပြောဆိုနေသည်ကို ကြည့်နေကြရသော်လည်း၊ ထူးဆန်းသည်ဟု မခံစားမိကြပေ။
“ဆုလာဘ်လည်း ရှိတယ်လား ဘာဆုလာဘ်လဲ”
ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။
“ငါကတော့ တစ်ခါမှ မကြားဖူးပါလား”
“…”
ကျောင်းသားများမှာ စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။ ဤကိစ္စမျိုးကို မည်သူကများ လွယ်လွယ်နှင့် ပြောပြနေမှာလဲ နံပါတ် (၁) ရနိုင်မည့်သူက ကောင်းကင် ငါးပါး စစ်မြေပြင်တွင် ဘယ်နှစ်ယောက်များ ရှိလို့လဲ ထို့ပြင် လူသားမျိုးနွယ်စုကဲ့သို့ အားနည်းသော မျိုးနွယ်စုမှ ဖြစ်နေလျှင် ပို၍ပင် ရှားပါးသည်။
ရှူကျန့်က စဉ်းစားဟန်ဖြင့် -
“တိကျတဲ့ ဆုလာဘ်ကိုတော့ ကျွန်တော်လည်း သေချာ မသိဘူး၊ ရှန်ရှိုးယွမ် အရင်က ပြောပြဖူးတာပဲ ရှိတယ်။
အရင်က သူ နံပါတ် (၁) ရတုန်းက၊ အရင်ဆုံး ဖူကွမ်းအကယ်ဒမီရဲ့ အသက်ကိုးသက်နဂါး ကျောင်းတော်ကို နေမင်း ခုနစ်ပါးကျောင်းတော်ကနေ ဆုလာဘ်တစ်ရပ် ချီးမြှင့်တယ်၊ အဲ့ဒီထဲမှာ စင်ကြယ်သော ဗောဓိသီးတွေအပြင် တခြားသော အတွင်းကမ္ဘာ ရတနာတွေနဲ့ အတွင်းကမ္ဘာနယ်မြေ ကျောက်တုံးတွေ ပါဝင်တယ်။
ဒါက ကျောင်းတော်အတွက် ပေးတဲ့ ဆုလာဘ်၊ ပြီးတော့ ပုဂ္ဂိုလ်ရေးအရလည်း… ဆုလာဘ်တစ်မျိုး ရဦးမှာ၊ သူက အသေးစိတ် မပြောပြသွားဘူး၊ ဒါပေမဲ့ ကျောင်းတော်တောင် စင်ကြယ်သော ဗောဓိသီး ရနိုင်တယ်ဆိုရင်၊ ပုဂ္ဂိုလ်ရေးဆိုရင် ပိုတောင် ပြောစရာ မလိုတော့ဘူး…”
ဟု ပြောပြသည်။
“ဒီလိုလား”
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်လည်း အများကြီး အရှုံးမကြီးတော့ဘူးပေါ့။”
ကျောင်းတော်ကို ပေးမည့် စင်ကြယ်သော ဗောဓိသီးများကို ဘယ်လိုပဲဖြစ်ဖြစ် ကရုဏာတောင် က အနည်းဆုံး တစ်လုံးလောက်တော့ ခွဲဝေရရှိမည် မဟုတ်ပါလား မည်သူက စားသုံးမည်ဆိုသည်ကိုတော့ သူ လုံးဝ ဂရုမစိုက်ပေ။
ထိုအချိန်တွင် ရုတ်တရက် အာကာသထဲမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး၊ နေမင်းကြီး တကယ်တမ်း ပေါ်လာသကဲ့သို့ပင် ဖြစ်သွားသည်။ အလင်းရောင်မှာ ပြင်းထန်လွန်းသဖြင့် နေရာအသီးသီးမှ ကျောင်းသားများမှာ မျက်လုံးကို အလိုအလျောက် အုပ်ကာလိုက်ကြသည်။
သူတို့မှာ မယုံနိုင်စရာ ဖြစ်နေကြပြီး အလင်းရောင် အနည်းငယ် မှိန်သွားမှသာ အာကာသဘက်သို့ မော့ကြည့်နိုင်ကြသည်။
ကြည့်လိုက်ရသော မြင်ကွင်းကြောင့် သူတို့မှာ အံ့အားသင့်ပြီး ကြောင်သွားကြသည်။ အာကာသထဲတွင် စာရင်းတစ်ခု ရှိနေသည်။ ၎င်းမှာ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်အတွက် သီးသန့်ဖြစ်သော ကောင်းကင် ငါးပါး စစ်မြေပြင် စာရင်း ပင် ဖြစ်သည်။
ကောင်းကင် ငါးပါ စစ်မြေပြင်၏ ထိပ်ဆုံး (၁၀၀) ဆိုသည်မှာ နေမင်း ခုနစ်ပါးကျောင်းတော် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ကျောင်းသားများ၏ အဆင့်သတ်မှတ်ချက် ဖြစ်သည်။ ယခုအခါ ကောင်းကင် ငါးပါး စစ်မြေပြင်၏ နံပါတ် (၁) မှာ လူတိုင်း ရင်းနှီးသော နာမည်တစ်ခု ဖြစ်နေသည်။
လူသားမျိုးနွယ်စု ကျောင်းတော် ဖန့်ချန်။
ယခင်က ရှန်ရှိုးယွမ်၊ ဖူယွမ်ဖေး၊ ရင်တန့်တို့မှာ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
ကျိလင်: “........”
ရွှမ်ပုထုံ: “........”
လုကျိုဝမ်:
“ငါ မျက်စိမှားတာလား ဒါ ဘာဖြစ်တာလဲဆိုတာ ဘယ်သူများ ပြောပြနိုင်မလဲ ”
ချိုင်စစ်ရှို : “.......”
ထိုက်ရှီဝမ်ကျန်း
“အားလုံးပဲ၊ ဒီအစ်ကိုကြီးက အရင်က ရွှေဟွေး ကျောင်းတော် ကို ဝင်တုန်းက သူ့အတွက် လမ်းပြပေးခဲ့တဲ့သူက ကျွန်တော်ပဲ။”
“လေးစားပါတယ်၊ လေးစားပါတယ်ဗျာ။”
ဤ ကောင်းကင် ငါးပါး စစ်မြေပြင် စာရင်းကြောင့် ကောင်းကင်ငါးပါး နယ်မြေတစ်ခုလုံးရှိ ထိပ်တန်း ပါရမီရှင်များအားလုံး ဆူညံပွက်လောရိုက်သွားကြသည်။
ဖန့်ချန်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အားလုံးမှာ ဖန့်ချန်အကြောင်းကိုသာ အံ့အားသင့်စွာဖြင့် ပြောဆိုနေကြသည်။
ရွှေဟွေး ကျောင်းတော် ရှိ ကျောင်းသားများမှာလည်း ဤအချိန်တွင် ဖန့်ချန်၏ နာမည်ကို ဝိညာဉ်အနက်ရှိုင်းဆုံးအထိ မှတ်သားထားလိုက်ကြသည်။
လူသားမျိုးနွယ်စု ကျောင်းတော် မှ ထိပ်တန်းကျောင်းသားများဖြစ်သည့် ရွှေရှင်း တို့မှာလည်း လူသားမျိုးနွယ်စုအနေဖြင့် နောက်ထပ် ကောင်းကင်အရှင် ဆက်ခံသူတစ်ဦး ထပ်မံ ပေါ်ပေါက်လာတော့မည်ကို နားလည်သွားကြသည်။ ထို့ပြင် ၎င်းမှာ ချင်မျိုးနွယ်စုမှ မဟုတ်သော ကောင်းကင်အရှင် ဆက်ခံသူတစ်ဦး ဖြစ်သည်။
“ကံကောင်းတာက ငါ အရင်က သူ့ကို လုံးဝ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့တာ…”
ချင်လွမ်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ချင်မျိုးနွယ်စု၏ အဆက်အနွယ် တစ်ဦးအနေဖြင့် ကောင်းကင်ငါးပါး စစ်မြေပြင် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် နံပါတ် (၁) ၏ တန်ဖိုးကို သူ ကောင်းကောင်း သိသည်။ ၎င်းမှာ ချင်မျိုးနွယ်စု၏ အဓိက အဆက်အနွယ်များထက်ပင် ပိုမိုမြင့်မြတ်သေးသည်။
“တကယ်လို့သာ အရင်က ငါသာ အတင်းအကျပ်…”
ရွှီဇီယွမ်က ထိုတောက်ပသော ရွှေရောင်အလင်းတန်းဖြင့် ဖုံးလွှမ်းထားသော နာမည်ကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ တွေးတောနေမိသည်။
နေမင်း ခုနစ်ပါးကျောင်းတော် ဧရိယာ။
ချင်ဟောက်ယွီ၏ အကြည့်တို့မှာ ရှုပ်ထွေးနေသည်။ လူသားမျိုးနွယ်စုတွင် ဤသို့သော ပါရမီရှင် ပေါ်လာသည်မှာ သူ ဝမ်းသာသင့်သော်လည်း၊ သူမှလွဲ၍ ကျန်ရှိသော ချင်မျိုးနွယ်စုဝင်များမှာမူ မျက်နှာပျက်နေကြသည်။ အကြောင်းရင်းမှာ အရိုးရှင်းဆုံးပင် သူတို့မျိုးနွယ်စုမှ မဟုတ်သောကြောင့်ဖြစ်သည်။
“မင်းတို့ ဒီလို အမူအရာတွေ ဖြစ်နေတာ ဘာလုပ်ဖို့လဲ သူ နံပါတ် (၁) ရတာက တော်လွန်းလို့လား အဲ့ဒါတွေက ရှန်ရှိုးယွမ်တို့ မသုံးမဝင်လို့ ဖြစ်တာပါ။ ကောင်းကင်အရှင် ဆက်ခံသူ ဖြစ်လျက်နဲ့ သူ့ကို တိုက်ခိုက်ဖို့တောင် မဝံ့ရဲဘဲ နှစ်ပေါင်းများစွာ ယူထားတဲ့ နေရာကို လွှတ်ပေးလိုက်တာ။ သူက ကံကောင်းလို့ နေရာလွတ်ကို ရသွားတာပါ ”
စီကုပေ့က ရုတ်တရက် အော်ဟစ်ဆဲဆိုလိုက်သည်။
သို့သော် ကျောင်းသားများမှာ သူ့ကို လုံးဝ ဂရုမစိုက်ကြပေ။ ဤနေရာတွင် တန်ဖိုးရှိ၊ မရှိကို စီကုပေ့၏ စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။