← Chapters

အခန်း (၂၂၆၅-၂၂၆၆)

Vol. 227 Ch. 2265-2266

အခန်း (၂၂၆၅-၂၂၆၆)

Vol. 227 Ch. 2265-2266

အခန်း (၂၂၆၅) ရှီးမျိုးနွယ်စု လူငယ်မျိုးဆက်၏ နံပါတ်တစ် သူတော်စင်

စင်ကြယ်သော ဗောဓိသီးနှစ်လုံးကို သိမ်းဆည်းလိုက်တာ ဟုတ်လား။

နေရာတွင်ရှိနေသော နေမင်းခုနစ်ပါးနယ်မြေမှ ကျောင်းသားများမှာ ထိုရှီးမျိုးနွယ်စုမှ ကောင်းကင်နိမိတ်အဆင့် သူတော်စင်၏ ရဲတင်းလွန်းသော လုပ်ရပ်အတွက် တိတ်တဆိတ် ထိတ်လန့်သွားကြသည်။

နေမင်းခုနစ်ပါးနယ်မြေ ကျောင်းသားတစ်ဦး၏ စင်ကြယ်သော ဗောဓိသီးကိုတောင် သိမ်းဆည်းရဲတာလား ဒါက လူသားမျိုးနွယ်စုမှာ ချင်းမင်နယ်မြေ၌ နေရာမရှိလို့များလား။

မျိုးနွယ်စုကြီးက မျိုးနွယ်စုငယ်ကို အနိုင်ကျင့်နေတာလား။

ထိုသို့ တွေးတောမိလိုက်သည်နှင့် ကျောင်းသားအများစု၏ မျက်လုံးများတွင် ရယ်ရွှန်းသော အမူအရာများ ပေါ်ပေါက်လာသည်။ ပြီးခဲ့သည့်အကြိမ်က ဖန့်ချန်သည် ချီထျန်းမျိုးနွယ်စု မှ တန်ခယ်ရွှမ်နှင့် ယန်တန်း မျိုးနွယ်စု ဆွေထျန်းဟွမ်တို့ကို အပြစ်ပြုမိသည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ယခုတစ်ခါ ကောင်းကင်ငါးပါး စစ်မြေပြင်သို့ ဝင်ရောက်လာသည်နှင့် ဖန့်ချန်သည် ရှီးမျိုးနွယ်စုနှင့် ပြန်လည် ပွတ်တိုက်မိနေပြန်ပြီ။

ကျောင်းသားအချို့၏ စိတ်ထဲတွင် အနည်းငယ် သက်ပြင်းချမိသည့် ခံစားချက် ပေါ်ပေါက်လာသည်။ သူတို့၏ အတွေ့အကြုံအရဆိုလျှင် ဤအတိုင်း ဆက်သွားပါက ရလဒ်ကောင်းမည် မဟုတ်ပေ။

ထိုအချိန်တွင် ဤတစ်ကြိမ်အတွက် ထိုးစစ်ဒေတာများကို ပြင်ဆင်နေသည့် ကောင်းကင်ငါးပါး ကြီးကြပ်သူများအားလုံးသည် နေမင်းခုနစ်ပါးနယ်မြေဆီသို့ တစ်ပြိုင်နက် ငေးကြည့်လိုက်ကြသည်။ ချင်းမင်အမြင့်ဆုံးမဟာမိတ်အဖွဲ့တွင် ပါဝင်သည့် ကောင်းကင်ငါးပါး ကြီးကြပ်သူတစ်ဦးမှာ မျက်မှောင်ကြုတ်လိုက်မိသည်။ အခြားကြီးကြပ်သူအချို့က သူ့ကို ကြည့်ကာ ပြုံးလိုက်သည်။

“မင်းတို့ ချင်းမင်နယ်မြေက တော်တော်လေး စည်းလုံးမှုမရှိပါလား။ ဘယ်လိုလုပ်ပြီး နေမင်းခုနစ်ပါးနယ်မြေ ကျောင်းသားတစ်ယောက်ရဲ့ စင်ကြယ်သော ဗောဓိသီးကိုတောင် သိမ်းဆည်းရဲရတာလဲ ”

ဟု ဆိုသည်။

ထိုချင်းမင်အမြင့်ဆုံးမဟာမိတ်အဖွဲ့မှ ကြီးကြပ်သူသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီး အပြင်ဘက်နှင့် အဆက်အသွယ် လုပ်နေသည့်ဟန်ဖြင့် ခဏအကြာမှ

“သိမ်းဆည်းလိုက်တာ မဟုတ်ပါဘူး၊ သူဆီကနေ ယာယီချေးယူထားတာပါ ”

ဟု ဖြေလိုက်သည်။

“ချေးယူတာလား တကယ်သာ ချေးယူတာဆိုရင် သူ ဘာလို့ ရှီးမျိုးနွယ်စုကို အခက်တွေ့အောင် လုပ်နေမှာလဲ။”

“အရင်ကလည်း သူ စင်ကြယ်သော ဗောဓိသီးကို ချေးပေးဖူးတဲ့ သာဓကတွေ ရှိတယ်…”

“ငါတို့အားလုံးက လူမိုက်တွေ မဟုတ်ဘူးလေ။ ချေးယူတာတော့ မဟုတ်မှန်း သိသာတယ်။ မင်းတို့ ချင်းမင်နယ်မြေ ဒီတစ်ခါတော့ အတွင်းရေး ပြဿနာတက်မှာ သေချာနေပြီ ”

“……”

……

“ရှီထျန်ကျုံး… ငါ သူ့ကို သိတယ်။ သူက ရွှေဟွေးကျောင်းတော်က ကောင်းကင်နိမိတ်အဆင့် ကြီးကြပ်ရေးပဲ။ မင်းပြောတဲ့ စင်ကြယ်သော ဗောဓိသီးက နေမင်းခုနစ်ပါး ကျောင်းတော်ကနေ မင်းကို ဆုချီးမြှင့်လိုက်တာလား ဘာလို့ သူ့လက်ထဲ ရောက်သွားရတာလဲ မင်းကိုယ်တိုင် ပေးချေးလိုက်တာ မဟုတ်ရင်ပေါ့ ”

ရှီးမျိုးနွယ်စု ကျောင်းသား၏ မျက်နှာမှာ အနည်းငယ် မဲညစ်သွားသည်။

“သူက အခု ရွှေဟွေးကျောင်းတော်၊ လူသားမျိုးနွယ်စု ကျောင်းတော်ရဲ့ ကြီးကြပ်ရေးမှူးပဲ။ နေမင်းခုနစ်ပါး ကျောင်းတော်က ဆုချီးမြှင့်တဲ့ ပစ္စည်းတွေက သူ့လက်ထဲကတစ်ဆင့်မှ ငါတို့ဆီ ရောက်လာတာ။ ဒါကြောင့် သူက တိုက်ရိုက် သိမ်းဆည်းလိုက်တာပဲ ”

ဖန့်ချန်က ပြုံး၍ ပြောသည်။

“ဒါနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ”

ဟု တစ်ဖက်လူက ဒေါသတကြီး အော်ပြောလိုက်သည်။

“ငါက တန်လင်ကျောင်းတော်က ကျောင်းသား၊ မင်းတို့ ရွှေဟွေးကျောင်းတော်က ကျောင်းသား မဟုတ်ဘူး။ မင်း ဒုက္ခပေးချင်ရင် သူ့ကိုပဲ သွားရှာလိုက်တော့ ”

“မင်းတို့က အမျိုးတူပဲလေ၊ တန်လင်နဲ့ ရွှေဟွေး ခွဲခြားနေစရာ လိုလား မင်းက ရှီးမျိုးနွယ်စု မဟုတ်ဘူးလား”

ဖန့်ချန်က ခေါင်းခါယမ်း၍ ပြုံးပြောလိုက်သည်။

“မင်းကို သတိပေးလိုက်ပြီ၊ ငါလုပ်သင့်တာ လုပ်ပြီးပြီ။”

စကားပြောပြီးသည်နှင့် သူသည် လှည့်၍ ထွက်ခွာသွားသည်။ ထိုရှီးမျိုးနွယ်စု ကျောင်းသားမှာ မျက်နှာပျက်လျက် နေရာတွင် ကျန်ရစ်ကာ အတွေးနက်နေတော့သည်။

“လုကွမ်၊ မင်းလည်း ဒီကောင်ကို ကြောက်မနေနဲ့။ မင်းက ရှီးမျိုးနွယ်စုက မွေးထုတ်လိုက်တဲ့ လူငယ်မျိုးဆက်ရဲ့ နံပါတ်တစ် ကောင်းကင်အရှင် ဆက်ခံသူပဲ။ အခု ရှီးမျိုးနွယ်စုရဲ့ စွမ်းအင်စုစည်းခြင်း အစောပိုင်း အဆင့်မှာ မင်းကို ယှဉ်နိုင်မယ့်သူ ဘယ်သူရှိလို့လဲ မင်းက အဆင့် (၁၃) မှာ ရှိနေပြီး ရှီးမျိုးနွယ်စု လူငယ်မျိုးဆက်ရဲ့ အမှန်တကယ် နံပါတ်တစ် သူတော်စင်ပဲ။ ဒီကောင်ရဲ့ စကားနှစ်ခွန်း သုံးခွန်းနဲ့ ခြိမ်းခြောက်တာကို ကြောက်ပြီး အဆင့်တက်သွားဖို့ မဆုံးဖြတ်လိုက်ပါနဲ့။”

စကားပြောသူမှာ အဆင့် (၉) တွင်ရှိပြီး ကောင်းကင်အမြင့်ဆုံးမဟာမိတ်အဖွဲ့၊ ဖူကွမ်းကျောင်းတော်၊ ကြယ်ခုနစ်လုံး နဂါးမျိုးနွယ်စု ကျောင်းတော်မှ ကောင်းကင်အရှင် ဆက်ခံသူ ယန်ပေ့လင် ဖြစ်သည်။ သူက လုကွမ်ကို ထိုနေရာတွင် ဆက်နေရန် အားပေးလိုက်သည်။ သို့သော် နေရာတွင်ရှိနေသော နေမင်းခုနစ်ပါး ကျောင်းသားများမှာ သူ ဤသို့ပြောရသည့် အကြောင်းရင်းကို ခန့်မှန်းမိနေကြပုံရသည်။

“ယန်ပေ့လင်၊ မင်း တကယ်ပဲ ဖန့်ချန်ကို ကြောက်နေတာ မဟုတ်လား လုကွမ်သာ အဆင့်တက်သွားရင် ဒီတစ်ခါ ဖန့်ချန် မင်းနဲ့ပဲ တိုက်ခိုက်ရတော့မှာလေ ”

“ဟာသပဲ။ ငါက ကြယ်ခုနစ်လုံး နဂါးမျိုးနွယ်စု လူငယ်မျိုးဆက်ရဲ့ နံပါတ်တစ် သူတော်စင်၊ မျိုးနွယ်စုငယ်လေးရဲ့ သူတော်စင်ကို ဘာလို့ ကြောက်ရမှာလဲ”

ယန်ပေ့လင်က မဲ့ပြုံး ပြုံးသည်။

ကျောင်းသားများမှာ သူ့ကို စိတ်မဝင်စားကြဘဲ လုကွမ်ကို ဆက်လက် အားပေးကြသည်။

“ငါတို့ အဆင့် (၂၀) ထဲက ဘယ်သူကတော့ဖြင့် ကိုယ့်မျိုးနွယ်စုရဲ့ နံပါတ်တစ် လူငယ်မျိုးဆက် မဟုတ်လို့လဲ။ ဖန့်ချန်ဆိုတဲ့ကောင်က လူသားမျိုးနွယ်စုရဲ့ နံပါတ်တစ် ဖြစ်နေပါဦးတော့၊ မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်မှာ ငါတို့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ မင်းမှာ နတ်ဘုရားစွမ်းအား တစ်ခုရှိတယ်လို့ ကြားတယ်။ ငါတို့နဲ့ တိုက်ခိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ၊ တစ်ခါမှ မသုံးဖူးဘူး မဟုတ်လား။ ကုန်ကျတဲ့ စွမ်းအား အရမ်းများလို့လား ဒါပေမဲ့ ဒီတစ်ခါတော့ မင်း လက်မလျှော့သင့်ဘူး ”

“မှန်တယ်၊ မင်း ဒီတစ်ခါ ငါတို့ရဲ့ ဂုဏ်သိက္ခာကို ပြသလိုက် ”

လုကွမ်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် အတွေးနက်မှုများ ပေါ်လာသည်။ သူ ဖန့်ချန်ကို မော့ကြည့်လိုက်သည့်အခါ အကြည့်များမှာ ပြတ်သားသွားသည်။ ထိုမြင်ကွင်းကို ကြည့်နေကြသော ကျောင်းသားအားလုံးသည် လုကွမ် မှာ ဤသို့ဖြင့် ထွက်ခွာသွားတော့မည် မဟုတ်ကြောင်း သေချာသွားကြသည်။ သူနှင့် ဖန့်ချန်တို့ကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်ပွားတော့မည်။

တစ်ချိန်တည်းမှာပင်၊ နေမင်းခုနစ်ပါးနယ်မြေအတွင်းမှ လှုပ်ရှားမှုများသည်လည်း ချင်းမင်အမြင့်ဆုံးမဟာမိတ်အဖွဲ့ထဲသို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။

ရွှေဟွေးကျောင်းတော်၊ ရှီးမျိုးနွယ်စု ကျောင်းတော်။

ဆုန်ချန်တောက်၊ ယန်ယွမ်၊ ရှီထျန်ကျုံးနှင့် ရှီးမျိုးနွယ်စု ကျောင်းတော်မှ ကာကွယ်ရေးဆရာများအားလုံး နန်းတော်ရှေ့သို့ ရောက်ရှိလာကြသည်။ သူတို့ဘေးတွင် လူသားမျိုးနွယ်စု ကျောင်းတော်မှ နင်ကျောင်းအုပ်ကြီးနှင့် ချင်ဂွေ့၊ နာလန်ချိုဟုန်တို့ကဲ့သို့သော ကောင်းကင်နိမိတ်အဆင့် ကာကွယ်ရေးဆရာများလည်း ရပ်နေကြသည်။

ကောင်းကင်နိမိတ်အဆင့် သူတော်စင်များအလယ်တွင်မူ ခြေထောက်တစ်ဖက်ကို ပေါင်ပေါ်တင်၍ ခါယမ်းနေသော လူငယ်တစ်ဦး ရှိနေသည်။ သူက ခြေထောက်ကို ခါယမ်းနေရင်းနှင့်ပင် လက်သန်းဖြင့် နားထဲတွင် အားရပါးရ ထိုးဆွနေသည်။ တစ်ခါတစ်ရံ နားချေးများကို လက်ဖြင့် အသာခါလိုက်ရာ ဆုန်ချန်တောက် နှင့် နင်ကျောင်းအုပ်ကြီးတို့၏ ရှေ့သို့ ကျရောက်သွားသည်။

ကောင်းကင်နိမိတ်အဆင့် သူတော်စင်များအားလုံး ထိုမြင်ကွင်းကို ကြည့်ကာ တိတ်ဆိတ်စွာပင် ထိုလူငယ်၏ စကားကို စောင့်ဆိုင်းနေကြသည်။

“ငါကြားတာတော့ နေမင်းခုနစ်ပါးနယ်မြေမှာ လူသားမျိုးနွယ်စုက ဖန့်ချန်ဆိုတဲ့ကောင်က တန်လင်ကျောင်းတော်၊ ရှီးမျိုးနွယ်စု ကျောင်းတော်က လုကွမ်ကို သတ်မယ်လို့ ကြုံးဝါးထားတယ်တဲ့။ ဒါက ရှီးမျိုးနွယ်စုက ခက်ခက်ခဲခဲ မွေးထုတ်လိုက်တဲ့ ကောင်းကင်အရှင် ဆက်ခံသူပဲ။ တန်လင်ကျောင်းတော်က ဒီသတင်းကို သိတာနဲ့ ချက်ချင်း စာရေးပြီးတော့ ငါတို့ကို အဖြေတောင်းလာတယ်။”

လူငယ်သည် နားချေးများကို ခါထုတ်လိုက်ပြီးနောက် အေးဆေးစွာ ပြောသည်။

ဆုန်ချန်တောက် နှင့် ယန်ယွမ်တို့၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ရှီထျန်ကျုံးမှာမူ အနည်းငယ် ထိတ်လန့်သွားပြီး နင်ကျောင်းအုပ်ကြီးကို ကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။

“မင်းတို့ လူသားမျိုးနွယ်စု ကျောင်းတော်က ဘယ်လို ကျောင်းသားမျိုးကို မွေးထားတာလဲ ရူးနေတာလား မဟာမိတ်အဖွဲ့ရဲ့ ထူးချွန်တဲ့သူကိုတောင် သတ်မယ်လို့ ကြုံးဝါးရဲတယ်ပေါ့ ဒါက သူက ငါတို့ ရှီးမျိုးနွယ်စုကို ခြိမ်းခြောက်တာလား၊ ဒါမှမဟုတ် မင်းတို့ လူသားမျိုးနွယ်စုက ငါတို့ ရှီးမျိုးနွယ်စုကို ခြိမ်းခြောက်တာလား ချင်းမင်နယ်မြေက လင်ယောင်နဲ့ စစ်ဖြစ်နေလို့ ငါတို့ ရှီးမျိုးနွယ်စုက လက်မလည်တာ မဟုတ်ဘူးနော်။ တကယ်သာ ငါတို့ကို အသည်းအသန် ဖြစ်လာအောင် လုပ်မယ်ဆိုရင် ငါတို့ မျိုးနွယ်စုနှစ်ခု စစ်ဖြစ်ကြတာပေါ့ ”

နင်ကျောင်းအုပ်ကြီးမှာမူ မည်သည့် ခံစားချက်မျှ မပေါ်လွင်ဘဲ အေးဆေးစွာပင် -

“ငါကြားတာတော့ မင်းက ဖန့်ချန်ရဲ့ စင်ကြယ်သော ဗောဓိသီးနှစ်လုံးကို သိမ်းထားတယ်ဆို။ ဖန့်ချန်ရဲ့ စိတ်သဘောထားကို မပြောနဲ့၊ သူတော်စင်တစ်ယောက်ယောက်ကိုသာ စင်ကြယ်သော ဗောဓိသီးနှစ်လုံး သိမ်းထားမယ်ဆိုရင် ဘယ်သူမဆို ဒေါသထွက်မှာပဲ။

ဖန့်ချန်ကို ငါ သိသလောက်ဆိုရင် လူသားမျိုးနွယ်စုအချင်းချင်းတောင် ဒီလိုလုပ်ရင် သူက အပြတ်ရှင်းမှာပဲ။ ဒါက ငါတို့ နှစ်မျိုးနွယ်စုကြားက ကိစ္စမဟုတ်ဘူး၊ ဒီလောက်ထိ မြင့်မားတဲ့ အဆင့်ကို ဆွဲမတင်နဲ့။ မင်းလို ကောင်းကင်နိမိတ်အဆင့် ကာကွယ်ရေးဆရာလေးတစ်ယောက်က စိတ်ပူနေစရာလည်း မလိုဘူး။”

ဟု ပြောသည်။

“မင်း လျှောက်ပြောနေတာ၊ ငါက သူ့လက်ထဲကနေ စင်ကြယ်သော ဗောဓိသီးနှစ်လုံးကို ချေးယူထားတာ ”

ရှီထျန်ကျုံးက သွားကို ကြိတ်ကာ ပြောသည်။ ဆုန်ချန်တောက် နှင့် ယန်ယွမ်တို့မှာမူ ဘာမျှမပြောဘဲ တိတ်ဆိတ်နေကြသည်။

“ချေးယူတာ စင်ကြယ်သော ဗောဓိသီးနှစ်လုံးကို အဲ့လောက် လွယ်လွယ်နဲ့ ချေးပေးလိုက်တာလား”

လူငယ်မှာ အနည်းငယ် အံ့ဩသွားသည်။

ရှီထျန်ကျုံးက အမြန်ပင် ဂါရဝပြုကာ -

“အကြီးအကဲ၊ သူက ဂျူလင်မျိုးနွယ်စု က အောက်ဝူဖားကိုလည်း စင်ကြယ်သော ဗောဓိသီးတွေ ချေးပေးဖူးပါတယ်။ ဒါက ကျွန်တော်တို့ ရွှေဟွေးကျောင်းတော်မှာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဂျူလင်မျိုးနွယ်စုဘက်ကို မေးကြည့်နိုင်ပါတယ်။”

ဟု ဆိုသည်။

“အော်၊ သူနဲ့ အောက်ဝူဖားက သွေးသောက် ညီအစ်ကိုတွေလေ။ ဒီကိစ္စကို မသိတဲ့ အကြီးအကဲ အနည်းငယ်ပဲ ရှိတယ်။ ဒါကြောင့် သူ့ကို စင်ကြယ်သော ဗောဓိသီး ချေးပေးတာက သာမန်ပါပဲ။

ဒါပေမဲ့ မင်းနဲ့ ဖန့်ချန်က ဘာတော်လို့လဲ ကော်ယန်လီရဲ့ ကိစ္စက ဖြစ်ပျက်ခဲ့တာ ဘယ်လောက်မှ မကြာသေးဘူး၊ မင်းတို့ မေ့သွားကြပြီလား လွန်ခဲ့တဲ့ရက်ပိုင်းက ယန်တန်း မျိုးနွယ်စုက ဆွေထျန်းဟွမ်ကိုယ်တိုင် မင်းတို့ ရှီးမျိုးနွယ်စုရဲ့ ကိစ္စတစ်ခုကို ဖြေရှင်းပေးခဲ့တာ၊ မင်းတို့ သတင်းမရကြဘူးလား ”

လူငယ်က ပြုံး၍ ပြန်မေးသည်။

ရှီထျန်ကျုံးမှာ စကားမထွက်နိုင်တော့ဘဲ ဘယ်လို ပြန်ချေပရမှန်း မသိတော့ပေ။

“အခြေအနေက ဒီလိုပဲ၊ ဖန့်ချန် ဒီတစ်ခါ ရှုံးတာပဲ ဖြစ်ဖြစ်၊ နိုင်တာပဲ ဖြစ်ဖြစ်။ စင်ကြယ်သော ဗောဓိသီးတွေနဲ့ လူသားမျိုးနွယ်စုဆီ ပေးရမယ့် အရင်းအမြစ်တွေကို မင်း ပြန်ပို့ပေးရမယ်။ ငါ မင်းတို့ကို ငါးနှစ်ပဲ အချိန်ပေးမယ်။ ငါးနှစ်အတွင်း မရောက်လာရင် မင်း ဒီကြီးကြပ်ရေးမှူးရာထူးကနေ နုတ်ထွက်ပြီး စုံစမ်းစစ်ဆေးရေးဌာနမှာ ထိုင်ပြီး စစ်ဆေးချက်ကို ခံယူရလိမ့်မယ် ”

လူငယ်က အေးဆေးစွာ ပြောသည်။

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ရှီထျန်ကျုံး၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

အခန်း (၂၂၆၆) ဟန်ချက်ညီခြင်း အကျဉ်းထောင်နှင့် အသက်သေခြင်းချိန်ခွင်

ရှီထျန်ကျုံးတစ်ယောက်တည်းသာ စုံစမ်းစစ်ဆေးရေးဌာနအကြောင်း ကြားလိုက်ရ၍ မျက်နှာပျက်သွားခြင်း မဟုတ်ပေ။ ဆုန်ချန်တောက်၊ ယန်ယွမ်၊ နင်ကျောင်းအုပ်ကြီး၊ ချင်ဂွေ့နှင့် နာလန်ချိုဟုန်တို့ကဲ့သို့သော ကောင်းကင်နိမိတ်အဆင့် သူတော်စင်များအားလုံးသည်လည်း ဤအမည်ကို ကြားလိုက်ရသည့်အခါ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

ပုံစံကြည့်ရသည်မှာ စုံစမ်းစစ်ဆေးရေးဌာနဆိုသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်ပုံရသည်။

ထိုအချိန်တွင် ဆုန်ချန်တောက်က ခြောက်သွေ့စွာ ချောင်းတစ်ချက်ဟန့်လိုက်သည်။

“အကြီးအကဲ၊ ဒီတစ်ခါ ဖြစ်တဲ့ကိစ္စက… ပြောရရင်တော့ ငါတို့ ရှီးမျိုးနွယ်စုရဲ့ အတွင်းရေးကိစ္စပါပဲ။ စုံစမ်းစစ်ဆေးရေးဌာနအထိ ပါသွားဖို့က… မလိုအပ်ဘူး မဟုတ်လားဗျာ။”

ဟု ဆိုသည်။

ရှီးမျိုးနွယ်စုမှ ကောင်းကင်နိမိတ်အဆင့် သူတော်စင်များလည်း ထိုအတိုင်းပင် ယူဆကြသည်။ သူတို့အားလုံးသည် ထိုလူငယ်ကို ကြည့်လိုက်ကြပြီး တစ်ဖက်လူမှာ လူသားမျိုးနွယ်စုနှင့် တစ်စုံတစ်ရာ ပတ်သက်နေပြီး ယခုတစ်ခါ လူသားမျိုးနွယ်စုဘက်မှ ဝင်ကူပေးနေခြင်း ဖြစ်မည်ဟု ထင်မှတ်လိုက်ကြသည်။

“မင်းတို့ ရှီးမျိုးနွယ်စုရဲ့ အတွင်းရေးလား မင်းတို့ရဲ့ အတွင်းရေးကိစ္စတွေက ကောင်းကင်ငါးပါးအထိ ရောက်ပြီး အရှက်ကွဲနေတာ ကြာပြီ ”

လူငယ်က အေးဆေးစွာ ပြုံးလိုက်သည်။

“ခုနလေးတင်ပဲ ကောင်းကင်အရှင်တစ်ပါးက ငါ့ဆီ သတင်းစကား ပေးပို့လာတယ်။ သူက သမာဓိခုံ ရုံးမှာ အပြောခံလိုက်ရတယ်တဲ့။ ငါတို့ ချင်းမင် အမြင့်ဆုံးမဟာမိတ်အဖွဲ့က အတွင်းရန်ပဲ ဖြစ်နေပြီး လက်အောက်ခံတပည့်တွေရဲ့ စင်ကြယ်သော ဗောဓိသီးကိုတောင် ခေါင်းပုံဖြတ်နေကြတယ်ဆိုပြီးတော့ပေါ့။ လင်ယောင်အမြင့်ဆုံးမဟာမိတ်အဖွဲ့နဲ့ စစ်ဖြစ်ရင်း အခြေခံအုတ်မြစ်တွေ ပျက်စီးပြီး သူတောင်းစားတွေ ဖြစ်ကုန်ပြီလားလို့တောင် မေးနေကြတယ်။”

ဟု ပြောသည်။

“……”

ဆုန်ချန်တောက်တို့အုပ်စု၏ မျက်နှာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေသည်။ ရှီထျန်ကျုံးမှာမူ ဤကိစ္စမှာ ကောင်းကင်အရှင် သူတော်စင်များပင် သိရှိသွားလောက်အောင်အထိ ကြီးကျယ်သွားမည်ဟု လုံးဝမထင်ထားခဲ့ပေ။

“ငါးနှစ်… ဒီငါးနှစ်အတွင်းမှာ ငါ ဒီမှာပဲ စောင့်နေမယ်။ မင်းတို့ ပစ္စည်းတွေကို အကုန်ပြန်ဆပ်ပြီးပြီဆိုရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်မယ်။”

လူငယ်က အေးဆေးစွာ ပြောသည်။

“အကြီးအကဲ၊ ဒါဆိုရင် နေမင်းခုနစ်ပါးနယ်မြေထဲမှာ ဖန့်ချန်က လုကွမ်ကို အသေသက်မယ်လို့ ကြုံးဝါးထားတဲ့ကိစ္စက…”

ဆုန်ချန်တောက်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“အသေသက်မယ်ဆိုတဲ့ကိစ္စလား မင်းတို့ ရှီးမျိုးနွယ်စုရဲ့ ကောင်းကင်အရှင် ဆက်ခံသူတွေက အဲ့လောက်တောင် အားနည်းနေကြတာလား။ လုကွမ်ဆိုတာ မင်းတို့ ရှီးမျိုးနွယ်စုရဲ့ လူငယ်မျိုးဆက် နံပါတ်တစ် သူတော်စင်ပဲ။ ဖန့်ချန်ကို မနိုင်ရင်တောင် အသက်ရှင်အောင်တော့ ကာကွယ်နိုင်မှာပါ။”

လူငယ်က အေးဆေးစွာ ပြောသည်။

ဆုန်ချန်တောက်လည်း ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်ပြီး ထပ်မပြောတော့ပေ။ ငါးနှစ်အတွင်း စင်ကြယ်သော ဗောဓိသီးနှစ်လုံးကို ရှာပေးရမည်မှာ အတော်လေး ခက်ခဲသောကြောင့် လုကွမ်၏ကိစ္စမှာ ယခုအခါတွင် သူတို့အတွက် အရေးမကြီးတော့ပေ။

……

ဟင်းလင်းပြင်

ဖန့်ချန်သည် စစ်မှန်သော ကောင်းကင်အရှင် ဆက်ခံသူတစ်ဦးနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရခြင်းဖြစ်သည်။ ဤနှစ်များအတွင်း သူသည် လေ့ကျင့်ရုံသာမက လိုအပ်သော ဗဟုသုတများကိုလည်း ပြည့်စုံအောင် ရှာဖွေထားခဲ့သည်။ ကောင်းကင်ငါးပါးအတွင်းရှိ မျိုးနွယ်စုကြီးများအကြောင်းကိုလည်း အကုန်သိရှိထားပြီး ဖြစ်သည်။

ယခုသူ၏ ပြိုင်ဘက်မှာ ပိလော့အမြင့်ဆုံးမဟာမိတ်အဖွဲ့၊ တုန်းကျွန်းကျောင်းတော်မှ ကောင်းကင်နတ်ဆိုးမျိုးနွယ်စုဝင် ဒါရွှမ် ဖြစ်သည်။ ပိလော့မဟာမိတ်အဖွဲ့တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်စု၏ အဆင့်အတန်းမှာ ရှီးမျိုးနွယ်စုနှင့် အတူတူပင်ဖြစ်သည်။ မျိုးနွယ်စုကြီးများအောက်၊ မျိုးနွယ်စုငယ်များအထက်တွင် ရှိသော မျိုးနွယ်စုအဆင့်ဖြစ်သည်။

“ဖန့်ချန်၊ မင်းကို ရန်သူလို့ သတ်မှတ်ချင်စိတ် မရှိပေမဲ့ ကောင်းကင်အရှင် ဆက်ခံသူတစ်ယောက်အနေနဲ့ အရှုံးပေးလိုက်ဖို့ကလည်း မဖြစ်နိုင်ဘူး”

ဒါရွှမ်က ပြုံး၍ ပြောသည်။

သူတို့နှစ်ဦး၏ အတွင်းပိုင်းနယ်မြေတံခါးများမှာ အလွန်ဝေးကွာနေသယောင်ရှိသော်လည်း တစ်ဖက်နှင့်တစ်ဖက် နီးကပ်နေပြန်သည်။ စကားပြောသည့်အခါ ဒါရွှမ်၏ အသံမှာ ဖန့်ချန်၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာသည်။

“ဒါဆိုရင်လည်း လေ့ကျင့်ခန်းသဘောမျိုးပဲ ပြိုင်ကြတာပေါ့၊ စိတ်မဆိုးကြေးနော် ”

ဖန့်ချန်က ရယ်မော၍ ပြောသည်။

ဒါရွှမ်၏ မျက်လုံးတွင် အပြုံးတစ်ခု ပေါ်လာသည်။

“အဲ့ဒါဆိုရင်တော့ အကောင်းဆုံးပါပဲ”

လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက်။

ဒါရွှမ်မှာ မောပန်းနွမ်းနယ်လျက် အတွင်းပိုင်းနယ်မြေတံခါးရှေ့တွင် ရပ်နေပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။ အတွင်းပိုင်းနယ်မြေမှ စွမ်းအင်များ အဆက်မပြတ် စီးဝင်နေသော်လည်း ယခုလက်ရှိ ကုန်ဆုံးသွားသည့် စွမ်းအင်ပမာဏကို မကာကွယ်နိုင်တော့ပေ။ သူ၏ အတွင်းပိုင်းနယ်မြေတံခါးကို နဂါးကြီးငါးကောင်က ရစ်ပတ်၍ ရူးသွပ်စွာ ကိုက်ဖြတ် စားသုံးနေကြသည်။ ထိုအရာတိုင်းက ဒါရွှမ်၏ စွမ်းအင်ကို အကြီးအကျယ် ကုန်ဆုံးစေသည်။

“ဒီလောက် ရိုးရှင်းတဲ့ နတ်ဘုရားစွမ်းအားက သူ့လက်ထဲရောက်တော့… ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ အစွမ်းတွေ ဖြစ်လာတာလား ”

ဒါရွှမ်သည် ထိုဓာတ်ငါးပါး ထိန်းချုပ်ခြင်း ပညာမှာ အမှန်တကယ် ရိုးရှင်းပြီး အနှစ်သာရမှာ ဓာတ်ငါးပါးစွမ်းအင်သာ ဖြစ်ကြောင်း သိရှိသွားသည်။ ထိုအချက်ကို သဘောပေါက်သွားသည့်အတွက် သူသည် ခါးသီးစွာ ပြုံးလိုက်မိသည်။

သူသည် ဂုဏ်ရှိသော ကောင်းကင်အရှင် ဆက်ခံသူဖြစ်ပါလျက် ဤကဲ့သို့သော စွမ်းအားဖြင့် ချုပ်နှောင်ခံရပြီး ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အရေး မရခဲ့ခြင်းမှာ မယုံနိုင်စရာ ဖြစ်နေသည်။ သူ ထွင်းထုထားသည့် နတ်ဘုရားစွမ်းအား ကိုးမျိုးမှာ ဟာသတစ်ခုသဖွယ် ဖြစ်သွားသည်။

“မတိုက်တော့ဘူး၊ ငါ အရှုံးပေးတယ်”

ဒါရွှမ်က စိတ်ပျက်လက်ပျက်ဖြင့် လက်ခါပြလိုက်သည်။

စကားဆုံးသည်နှင့် နဂါးကြီးငါးကောင်မှာ ဖန့်ချန်၏ အတွင်းပိုင်းနယ်မြေအတွင်းသို့ ချက်ချင်းပျံသန်းဝင်ရောက်သွားပြီး ကောင်းကင်ထောက်တိုင်ကြီး ငါးခုအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

“ဖန့်ချန်၊ မင်း အစွမ်းကုန် မတိုက်ထားမှန်း ငါသိတယ်။ အခုစဉ်းစားကြည့်ရင် မင်းမှာ ထိပ်ဆုံး (၁၀) ယောက်စာ အစွမ်းရှိမှာ သေချာတယ် ”

ဒါရွှမ်က သက်ပြင်းချလိုက်သည်။

“လူသားမျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က တခြားမျိုးနွယ်စုကြီးတွေထက် အများကြီး အားနည်းပေမဲ့ မင်းလိုမျိုး ကောင်းကင်အရှင် ဆက်ခံသူတစ်ယောက် ထွက်ပေါ်လာတာ အံ့ဩစရာပဲ။ မင်းရဲ့ အရင်လူတွေထက် အများကြီး ပိုတော်တယ် ”

ဟု ဆိုသည်။

“သူက အရင်တုန်းက နေမင်းခုနစ်ပါး ကျောင်းတော်မှာ ထိပ်ဆုံး (၃၀) အထိပဲ ရောက်ဖူးတာပါ။”

စကားပြောနေစဉ် ရွှေရောင်အလင်းတန်းများ ကျရောက်လာသည်။ ဖန့်ချန်နှင့် ဒါရွှမ်တို့မှာ ဟင်းလင်းပြင်မှ ထွက်ခွာလာပြီး နေမင်းခုနစ်ပါးနယ်မြေသို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုအချိန်တွင် တိုက်ပွဲပြီးဆုံးသွားသော ကျောင်းသားအချို့မှာ ကြီးမားသော မျက်နှာပြင်ပေါ်မှ ရလဒ်များကို ကြည့်လိုက်ကြပြီး ဖန့်ချန်နှင့် ဒါရွှမ်တို့အား ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။

“ဒါရွှမ်၊ သူ အစွမ်းဘယ်လောက်ရှိလဲ”

ကျောင်းသားတစ်ဦးက တိုက်ရိုက် လှမ်းမေးလိုက်သည်။

“ထိပ်ဆုံး (၁၀) ယောက်စာ အစွမ်းရှိတယ်”

ဒါရွှမ်က မေးသည့်သူနှင့် ခင်မင်မှုရှိသည့်အတွက် ဖန့်ချန်အကြောင်းကို မဖုံးကွယ်တော့ပေ။

ထိပ်ဆုံး (၁၀) ယောက်စာ အစွမ်း

ထိုကျောင်းသားမှာ လုံးဝ တုန်လှုပ်သွားသည်။ ဒါရွှမ်၏ အကဲဖြတ်မှုကို ရရှိခြင်းမှာ အဆင့် (၁၀) ကျော်တွင် ရှိနေကြသော သူတို့အဖို့ ဖန့်ချန်၏လမ်းကို ပိတ်ဆို့နိုင်တော့မည် မဟုတ်ကြောင်း သေချာသွားစေသည်။

ထို့နောက် ဖန့်ချန်သည် တစ်ပွဲပြီးတစ်ပွဲ တိုက်ခိုက်ပြီး အောင်ပွဲခံသည်။ သူနှင့် ယှဉ်ပြိုင်ခဲ့သူများမှာ မျိုးနွယ်စုအသီးသီးမှ ကောင်းကင်အရှင် ဆက်ခံသူများ ဖြစ်ကြသည်။ သူတို့သည်လည်း လူငယ်မျိုးဆက်၏ နံပါတ်တစ် သူတော်စင်များ ဖြစ်ကြသည်။ ယခင်နှစ်များက ဆက်တိုက်အနိုင်ရရန် မဆိုထားနှင့်၊ အချင်းချင်း ယှဉ်ပြိုင်ကြလျှင်ပင် အနိုင်အရှုံးမှာ ဟိုတစ်ယောက် ဒီတစ်ယောက် ဖြစ်လေ့ရှိသည်။

ယူဝမ်ရှန်းနှင့် အခြားသူများမှာလည်း သူတို့၏ ရမှတ်အမှတ်အသားများကို စိတ်မဝင်စားတော့ပေ။

“ဖန့်ချန်က တကယ်ပဲ ဆက်တိုက်အနိုင်ရနေတာပဲ။ သူ့ရဲ့ ပြိုင်ဘက်တွေက မျိုးနွယ်စုအသီးသီးက နံပါတ်တစ် သူတော်စင်တွေချည်းပဲ။ ဒီခဏလေးအတွင်းမှာတင် ဘယ်လောက်တောင် ရှုံးသွားပြီလဲ ”

“အဲ့ဒီမျိုးနွယ်စုတွေက လူသားမျိုးနွယ်စုထက် အခြေခံအုတ်မြစ် ပိုကောင်းပေမဲ့ လူငယ်မျိုးဆက်မှာတော့ အခုလို ရှုံးနိမ့်သွားလိမ့်မယ်လို့ မထင်ထားဘူး ”

“မျိုးနွယ်စုကြီးတွေက ကောင်းကင်အရှင် ဆက်ခံသူတွေတောင် သူ့ကို မနိုင်ဘူး။ ဒါပေမဲ့ မျိုးနွယ်စုအင်အားကြီးတွေ ထဲက ကောင်းကင်အရှင် ဆက်ခံသူတွေနဲ့ တွေ့ရင်ရော”

ကျောင်းသားတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။ လူတိုင်းမှာ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ အကြောင်းမှာ မျိုးနွယ်စုအင်အားကြီးများမှ ကောင်းကင်အရှင် ဆက်ခံသူများသည် မျိုးနွယ်စုကံကြမ္မာဆိုင်ရာ နတ်ဘုရားစွမ်းအားများကို ပိုင်ဆိုင်ထားပြီး တိုက်ခိုက်ရေးစွမ်းရည်တွင် လုံးဝ အသာစီးရနေကြသောကြောင့် ဖြစ်သည်။

မကြာမီပင် ရွှေရောင်အလင်းတန်းများ ကောင်းကင်မှ ကျရောက်လာပြီး ဖန့်ချန်နှင့် လုကွမ်တို့နှစ်ဦးပေါ်သို့ ကျရောက်သွားသည်။

“နောက်ဆုံးတော့လည်း တွေ့ကြပြီပဲ”

“နှမြောစရာပဲ၊ တိုက်ပွဲကို အနီးကပ် ကြည့်ခွင့်ရရင် ကောင်းမှာ…”

နေရာတွင်ရှိနေသော ကျောင်းသားများ၏ မျက်လုံးများတွင် သိလိုစိတ်နှင့် နှမြောတသသော အရိပ်အယောင်များ ပေါ်လာသည်။ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ဟင်းလင်းပြင်အတွင်းတွင် လုကွမ်က စကားတစ်ခွန်းမှ မပြောဘဲ သူ၏ နောက်ကျောဘက်မှ အတွင်းပိုင်းနယ်မြေကို ရူးသွပ်စွာ လှုပ်ရှားစေလိုက်သည်။

ရုတ်တရက် တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲတွင် ချိန်ခွင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူတို့နှစ်ဦး၏ အတွင်းပိုင်းနယ်မြေများသည် ယခုအခါ ထိုချိန်ခွင်ပေါ်တွင် ရောက်ရှိနေပြီး ဟန်ချက်ညီညီ ရှိနေကြသည်။

“ဒါ ဘယ်လို နတ်ဘုရားစွမ်းအားမျိုးလဲ”

ဖန့်ချန်၏ မျက်လုံးတွင် သိလိုစိတ်များ ပေါ်လာသည်။ ဤဧရာမ ချိန်ခွင်သည် အလွန်ထူးဆန်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပြီး သူ၏ အတွင်းပိုင်းနယ်မြေကို အမိန့်မရှိဘဲ ချုပ်နှောင်ထားသည်။

“မကောင်းတော့ဘူး၊ ဒါက ဟန်ချက်ညီခြင်း အကျဉ်းထောင်ရဲ့ နတ်ဘုရားစွမ်းအား - အသက်သေခြင်းချိန်ခွင် ပဲ"

လီဝူ သည် အတွေ့အကြုံများသူဖြစ်သည့်အတွက် လုကွမ်သုံးသော နတ်ဘုရားစွမ်းအားမှာ အဘယ်အရာဖြစ်ကြောင်း တစ်ခဏချင်းတွင် သိလိုက်သည်။ ထို့ကြောင့် သူ့မျက်နှာမှာ အလွန်ပင် မဲညစ်သွားသည်။

“အသက်သေခြင်းချိန်ခွင်ဆိုတာ ဘာလဲ”

ဖန့်ချန်က မေးလိုက်သည်။ သူ၏ အတွင်းပိုင်းနယ်မြေမှာ အမှန်တကယ် ချုပ်နှောင်ခံထားရပြီး စွမ်းအားအကုန်သုံး၍ ရုန်းသော်လည်း မရပေ။ သို့သော် သူ၏ ရိပ်ခြေဗုဒ္ဓအတတ် ကိုသာ သုံးမည်ဆိုပါက ပိုမိုနက်ရှိုင်းသော ဟင်းလင်းပြင်အတွင်းသို့ ထွက်ပြေးနိုင်သေးသည်။

“အသက်သေခြင်းချိန်ခွင်… ဒီနတ်ဘုရားစွမ်းအားမှာ အထွတ်ထိပ်တာအိုအဆင့် စွမ်းအား အနည်းငယ် ပါဝင်နေတယ်။ ဒါကြောင့်မို့လို့ သူက စွမ်းအင်အဆင့်ချင်း အများကြီး ကွာခြားနေပေမဲ့ ကောင်းကင်အရှင်တစ်ပါးရဲ့ အတွင်းပိုင်းနယ်မြေကိုတောင် ချုပ်နှောင်နိုင်တာပါ။ ဒါက လုကွမ်ရဲ့ စွမ်းအားမဟုတ်ဘူး၊ ဒီနတ်ဘုရားစွမ်းအားရဲ့ စွမ်းအားပဲ…”

All Chapters