← Chapters

သစ္စာဖောက်ခြင်း (၃)

Vol. 66 Ch. 1076

သစ္စာဖောက်ခြင်း (၃)

Vol. 66 Ch. 1076

သို့မဟုတ် အခြားတစ်နည်းပြောရလျှင် ဤလူအားလုံးသည် အမှောင်ဂိုဏ်းဘက်ကို ရွေးချယ်သွားကြခြင်း ဖြစ်သည်။

“ဒီလူတွေ ဘာဖြစ်သွားတာလဲ၊၊ ဘာလို့ ရုတ်တရက်ကြီး...”

“ဦးနှောက်ဆေးခံလိုက်ရတာ”

ချူယန်က လင်းရှန်ကို ကြည့်ကာ “မြောက်အမေရိကပေါင်းစည်းတပ်ဦးနဲ့ တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တွေကို ကာကွယ်ဖို့ တာဝန်ယူထားရတဲ့ ဖီးနစ်ရဲ့ ညလမ်းလျှောက်သူအဖွဲ့-၁ က လက်ရှိမှာ ဒီအခြေအနေကို စုံစမ်းစစ်ဆေးနေတယ်၊၊ ဒါတွေက လွန်ခဲ့တဲ့ နှစ်လအတွင်းမှာပဲ စုပြုံဖြစ်သွားခဲ့တာပဲ၊၊ ဒီလူတွေရဲ့ လှုပ်ရှားမှုလမ်းကြောင်းတွေကနေတစ်ဆင့် ငါတို့ဟာ ဖီးနစ်အဖွဲ့အစည်းအတွင်းမှာ ပုန်းအောင်းနေတဲ့ အမှောင်ဂိုဏ်းရဲ့ လျှို့ဝှက်လမ်းကြောင်းအများအပြားကိုရှာဖွေတွေ့ရှိခဲ့တယ်၊၊ အချို့လူတွေဆို တိုက်ရိုက်အဆက်အသွယ်လုပ်ခံရတာပဲ”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊

“ဒီလိုတိုက်ရိုက်စည်းရုံးသိမ်းသွင်းလာလိမ့်မယ်လို့ မင်းတို့ကြိုတင်မခန့်မှန်းမိဘူးလား”

“နင့်အတွေးက ရိုးရှင်းလွန်းတယ်”

ချူယန်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်၊၊

“ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီလူတွေထဲက အချို့ဟာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဖိုရမ်တွေမှာ ပါဝင်ခဲ့ကြပြီး အထူးအချက်အလက်တွေကို ရရှိခဲ့ကြတယ်၊၊ အချို့က သိပ္ပံနည်းကျသုတေသနပြုလုပ်နေစဉ်အတွင်း မတော်တဆမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်၊၊ ဒါမှမဟုတ် အချို့ဆိုရင် သတ်မှတ်ထားတဲ့ ဂိမ်းတစ်ခုခုကို ဆော့ကစားခဲ့ကြတာပဲ၊၊ ဒါတွေအားလုံးက အရိုးရှင်းဆုံးပုဂ္ဂိုလ်ရေး လှုပ်ရှားမှုတွေပဲ၊ ဒါပေမဲ့ ရလဒ်ကတော့ အမြဲတမ်းအတူတူပဲ ဖြစ်နေတယ်”

“ဂိမ်းဆော့တာ ဟုတ်လား၊၊ ဘာဂိမ်းလဲ”

“အဲဒါက တကယ့်ဂိမ်းတော့ မဟုတ်ပါဘူး၊၊ အလွန်ဆုံးရှိလှ AR အတွေ့အကြုံပေးတဲ့ ဂိမ်းတစ်ခုပေါ့၊၊ ငါတို့ရဲ့ ဝန်ထမ်းတွေ လတ်တလောမှာ အဲဒါနဲ့ ပတ်သက်မိပြီး သုတေသနပြုလုပ်နေကြတယ်၊၊ အဲဒါက လူသားတွေ တီထွင်ထားတာမဟုတ်ဘဲ တစ်မျိုးမျိုးနဲ့ ပိုတူနေတယ်... တားမြစ်ပစ္စည်း” ချူယန်က ပြောလိုက်သည်။

လင်းရှန် မျက်ခုံးပင့်သွားကာ “ယဉ်ကျေးမှု အကြိုမြင်ကွင်း...”

“ဟွာရှောင်လင်း နင့်ကိုပေးခဲ့တဲ့အရာနဲ့ အတူတူပဲ ထင်တယ်” ချူယန်က မှတ်ချက်ချလိုက်၏။

လင်းရှန်က နားမလည်နိုင်စွာဖြင့် ခေါင်းခါရင်း “ဒါပေမဲ့ ငါ နားမလည်တာက ဒီလူတွေကို စည်းရုံးဖို့က အဲဒီလောက်တောင်လွယ်လို့လား၊၊ ငါ အရင်က ဂျူးလိယက်အပါအဝင် ဖြစ်ရပ်အများကြီးနဲ့ ကြုံခဲ့ဖူးတယ်၊ ဗျာဒိတ်တော်ဂိုဏ်းက ချန်ယန်ရွှီတောင်မှ ကြီးမြတ်သောပေါင်းစည်းခြင်းဆိုတဲ့ အဓိပ္ပာယ်မရှိတာတွေကို ပြောခဲ့သေးတယ်၊၊ ငါ့အမြင်နဲ့ပြောရရင် ကမ္ဘာပျက်ကပ်အတွင်းမှာ လူတွေကို ငှက်ကုလားအုတ်တွေလို ပုန်းအောင်းနေအောင် ခြောက်လှန့်တာကလွဲရင် အမှောင်ဂိုဏ်းရဲ့ လှည့်ကွက်တွေက ဘာဆွဲဆောင်မှုမှမရှိပါဘူး၊၊ သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီးကို စည်းရုံးနိုင်ရတာလဲ၊၊ ပြီးတော့ အားလုံးက လူတော်တွေချည်းပဲ”

“ဒီအဖြေက... ဟွာရှောင်လင်း နင့်ကိုပေးခဲ့တဲ့ အဲဒီပစ္စည်းထဲမှာရှိနေနိုင်တယ်”

ချူယန်က လင်းရှန်ကို လေးနက်စွာ ကြည့်သည်၊၊

“လောလောဆယ်မှာ လူသားစခန်းက သတိကြီးကြီးထားနေရတယ်၊၊ လူအများစုက ဘာဖြစ်နေမှန်းမသိကြဘူး၊၊ အမှောင်ဂိုဏ်းက တစ်ခုခုကို ကြံစည်နေတာ သေချာတယ်၊၊ ဌာနအတော်များများက ရရှိထားတဲ့အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနေကြပြီး အမှောင်ဂိုဏ်းဝင်တွေနဲ့ ထိတွေ့မိသူအချို့က အထက်ကို တင်ပြထားကြတယ်၊၊ အားလုံးက အဲဒီကြီးမြတ်သောပေါင်းစည်းခြင်းသီအိုရီကို ကြားဖူးကြပြီး လူအတော်များများလည်း လွှမ်းမိုးခံနေရပြီ၊၊ ပါမောက္ခယဲ့က ညလမ်းလျှောက်သူအဖွဲ့ကို အဲဒီဂိမ်းအကြောင်း သုတေသနလုပ်ဖို့ ခွင့်ပြုထားပေမဲ့ အခုတော့ ကြက်သွေးရောင်မြူက ငါတို့ဆီ ရောက်လာပြီ၊၊ အဲဒါအပြင် ဒီလိုအတွင်းပိုင်းပြိုလဲမှုအကျပ်အတည်းကပါ ထပ်တိုးလာတော့...”

“လူသားစခန်းပြိုကွဲသွားမှာကို စိုရိမ်နေတာလား”

“သစ္စာဖောက်ခွဲထွက်တာက လူနည်းစုပဲမဟုတ်ဘူး” ချူယန်က ရှင်းပြသည်၊၊

“သာမန်လူတွေကိုတော့ လျစ်လျူရှုထားလို့ရနိုင်ပေမဲ့ ဒီလူတွေက လက်ရှိ လူသားစခန်းအတွင်းမှာ ရှိတဲ့ ခေါင်းဆောင်တွေ၊ အတွေးခေါ်ပညာရှင်တွေနဲ့ အားကိုးရတဲ့ပုဂ္ဂိုလ်ကြီးတွေ ဖြစ်နေတယ်၊၊ သူတို့ထွက်ခွာသွားတာက လူတိုင်းကို မေးခွန်းတစ်ခုထုတ်လာစေတယ်၊၊ အမှန်တရားက ဘာလဲ၊၊ အမှောင်ဂိုဏ်းက ဘာကိုမြင်ခဲ့တာလဲ၊၊ သူတို့က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဒါမှမဟုတ် လူသားယဉ်ကျေးမှုပျက်သုဉ်းတာကို တားဆီးဖို့ နည်းလမ်းကို တကယ်ပဲ ရှာဖွေတွေ့ရှိသွားတာလား၊၊ အကယ်၍ သူတို့က အမှောင်ယဉ်ကျေးမှုနဲ့ တကယ်ပဲ ဆက်သွယ်မိခဲ့တာဆိုရင်တော့ လူတွေ ပိုပြီး မငြိမ်မသက်ဖြစ်လာလိမ့်မယ်”

“အထူးသဖြင့် အညံ့ခံချင်တဲ့လူတွေနဲ့ ငြိမ်းချမ်းရေးသမားတွေပေါ့”

လင်းရှန်က မှတ်ချက်ပြုလိုက်သည်၊၊

“ဟုတ်တယ်”

လင်းရှန် ခေတ္တမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်၊၊

“ဟွာရှောင်လင်းက ငါ့ကို ပြောတယ်… အထဲမှာရှိတဲ့ အရာတွေက အမှောင်ယဉ်ကျေးမှုရဲ့ အမှန်တရားကို ဖော်ထုတ်ပေးနိုင်လိမ့်မယ်တဲ့… ဖြစ်နိုင်တာက အဖြေက တကယ်ပဲ အထဲမှာရှိနေတာပဲ၊၊ ငါ နောက်ရက်တွေမှာ အဲဒါကို သေချာလေ့လာကြည့်မယ်၊၊ အမှောင်ဂိုဏ်းက ဘယ်လိုဆွဲဆောင်နိုင်တဲ့ စုန်းဆေးမျိုးဖော်စပ်ထားလဲဆိုတာ ကြည့်ရတာပေါ့”

ချူယန်က အသံတိတ်နေ၏။ လင်းရှန်က သူမကို မော့ကြည့်လိုက်ရာ သူမက သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်ကို တွေ့သဖြင့် ရယ်မောလိုက်သည်၊၊

“ဘာလဲ… ငါပါ သစ္စာဖောက်သွားမှာ စိုးရိမ်နေတာလား”

“နင်ရော ဘက်မပြောင်းဘူးလား”

“မင်းက အာ့လိုထင်လား”

လင်းရှန်က လေးနက်စွာ ပြန်ဖြေသည်၊

“မင်း ငါ့အကြောင်းကို ကောင်းကောင်းသိတယ် မဟုတ်ဘူးလား၊၊ ငါ့ရဲ့ ယန္တရားနှလုံးသားရဲ့ လျှို့ဝှက်ချက်အားလုံးကို မင်း နားလည်ပြီးသားပဲဟာ”

ချူယန်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားပြီးနောက် မျက်နှာလွှဲလိုက်သည်၊၊

“ဒါပေမဲ့ ငါ ဟွာရှောင်လင်းကို နားမလည်ဘူး၊၊ သူက လူတွေကို ဘာတွေပေးပို့နေလဲဆိုတာ ငါမသိဘူး”

သူမက စကားပြောရင်း ချန်ယွီ၏ အချက်အလက်များဆီသို့ ခေါင်းမော့ကြည့်ကာ “သူမက တစ်ချိန်က ပရော်ဖက်ဆာယဲ့ရဲ့ ကျောင်းသူဖြစ်ခဲ့ဖူးတယ်၊၊ အမာခံရုပ်ဝါဒီတစ်ယောက်ပေါ့၊ သူမရဲ့ မိသားစုဝင်အားလုံးဟာ အနီရောင်သတ္တဝါရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်၊၊ သူမရဲ့ ၁၂ နှစ်အရွယ် သားလေးလည်း ပါတာပေါ့၊၊ ငါ သူမကို အကြိမ်အနည်းငယ်မြင်ဖူးတယ်၊၊ သူမက နေ့ရက်တိုင်းကို သုတေသနဓာတ်ခွဲခန်း ဒါမှမဟုတ် ညလမ်းလျှောက်သူအဖွဲ့ရဲ့ အချက်အလက်သိုလှောင်ရုံမှာပဲ ကုန်ဆုံးစေခဲ့တယ်၊၊ သူမရဲ့ အဖွဲ့ဟာ အမှောင်ကျူးကျော်မှုကို ကံကြမ္မာလိုမျိုး ဘယ်လိုတွန်းလှန်ရမလဲဆိုတာကို သုတေသနပြုခဲ့တယ်၊၊ စကားသိပ်မပြောပေမဲ့ သူမရဲ့ မျက်ဝန်းတွေထဲမှာ ခိုင်မာမှုနဲ့ ယုံကြည်ချက်တွေကို ငါ မြင်ခဲ့ရတယ်၊၊ ဒါပေမဲ့ အဲဒီလိုလူမျိုးက ဘာအရိပ်ယောင်မှမပြဘဲ ဖောင်ဒေးရှင်းထဲကို ဝင်သွားခဲ့တယ်၊၊ အဲဒီအဖွဲ့အစည်းက အနီရောင်ကမ္ဘာကို ပျိုးထောင်ပြီး အနီရောင်သတ္တဝါကို ဖန်တီးခဲ့တာလေ၊၊ ဒါက ငါ့အတွက်တော့ S-Class အဆင့် မွန်းစတားတွေထက်တောင် ပိုကြောက်ဖို့ကောင်းတယ်”

ပြောပြီးနောက် ချူယန်က ခေတ္တ နှုတ်ဆိတ်သွားရာ လင်းရှန်က သူမကို ကြည့်ရင်းဖြင့် ပြောလိုက်သည်။

“အကောင်းဘက်က တွေးကြည့်ပါဦး”

“ဘာကိုလဲ”

“အကယ်၍ အမှောင်ယဉ်ကျေးမှုက အမှောင်ဂိုဏ်းကို သုံးပြီး လူသစ်စုဆောင်းခိုင်းနေရတယ်ဆိုရင် တစ်နည်းအားဖြင့် အမှောင်ယဉ်ကျေးမှုဟာ ကမ္ဘာဂြိုဟ်ကို တိုက်ရိုက်မဖျက်ဆီးနိုင်သေးဘူး ဒါမှမဟုတ် သိမ်းပိုက်လို့မရသေးဘူးဆိုတဲ့ သဘောပဲ၊၊ ဒါမှမဟုတ် သူတို့က ပိုပြီး သတိထားချင်နေတာလည်း ဖြစ်နိုင်တယ်၊၊ ဘယ်ရည်ရွယ်ချက်ပဲဖြစ်ဖြစ် အဲဒါက တကယ်တော့ သတင်းကောင်းပဲ မဟုတ်ဘူးလား”

ချူယန် မျက်မှောင်အနည်းငယ်ကြုတ်သွားသော်လည်း လင်းရှန်က တည်ငြိမ်သောအပြုံးဖြင့် မတ်တတ်ထရပ်လိုက်သည်ကို မြင်လိုက်ရသည်။

“လူတွေက ပုရွက်ဆိတ်တွေကို နင်းခြေချင်တာပဲဖြစ်ဖြစ်၊ ပုရွက်ဆိတ်အုံကို ဖျက်ဆီးချင်တာပဲဖြစ်ဖြစ် ခွဲထုတ်တာတွေ၊ ကလဲ့စားချေဖို့ ပံ့ပိုးပေးတာတွေတော့ လုပ်မနေပါဘူး ဟုတ်တယ်မလား”

ချူယန်လည်း ထိုစကားကြောင့် ခေတ္တငိုင်သွားသည်။ ထိုအခိုက်အတန့်တွင် လင်းရှန်၏ အပြုံးက သူမ နှလုံးသား၏ တစ်နေရာရာကို ထိမှန်သွားပုံရပြီး သူမ မျက်ဝန်းထဲရှိ တင်းမာမှုများ ချက်ချင်းပင် အတော်အတန်ပြေလျော့သွားတော့သည်။ သူမက လင်းရှန်ကို ကြည့်ကာ နှုတ်ခမ်းအစုံက အနည်းငယ်ကွေးညွတ်သွားသည်၊၊

“ဒီမြူတွေက ငါတို့ရှေ့ ရောက်နေပြီး ကမ္ဘာကြီးက ပျက်စီးတော့မှာကိုတောင် နင်က အခြေအနေတွေကို ဒီလိုမျိုးမြင်နေတုန်းပဲလား”

လင်းရှန်က လက်ညှိုးတစ်ချောင်းကို မြှောက်ကာ ကြားဖြတ်တားဆီးလိုက်ရင်း “ကြက်သွေးရောင်မြူက မြူပဲ၊၊ ကမ္ဘာပျက်တာက ကမ္ဘာပျက်တာပဲ၊၊ ဒီနှစ်ခုက အကြောင်းအကျိုးဆက်စပ်နေတာ မဟုတ်ဘူး၊ ကမ္ဘာဂြိုဟ်က နှစ်ပေါင်းဘီလီယံနဲ့ချီပြီး ရှိနေခဲ့တယ်၊၊ မမြင်ဖူးတာ ဘာရှိဦးမှာလဲ၊၊ ဒါက ငါတို့လူသားတွေ လူသားမျိုးနွယ်ကို ဘယ်လိုကယ်တင်မလဲဆိုတဲ့ အပိုင်းပဲ၊၊ လမ်းဆုံးတဲ့အဆင့်ကို မရောက်သေးပါဘူး”

All Chapters