လျင်မြန်သောဆင့်ကဲပြောင်းလဲခြင်း (၁)
Vol. 66 Ch. 1077
ချူယန်က သူ့ကို ကြည့်ကာ “နင် ဘာလုပ်ဖို့အစီအစဉ်ရှိလဲ”
“ငါ မကြာခင် တောင်အမေရိကကို သွားပြီး အာရုဏ်ဦးဗဟိုစင်တာနဲ့ သွားပူးပေါင်းမယ်၊၊ ငါတားမြစ်ပစ္စည်းတစ်ခု ရထားတယ်၊၊ အဲဒါက တွင်းနက်ကို ဖြတ်ကျော်နိုင်တယ်လို့ ပြောကြတယ်၊၊ ဖြစ်နိုင်ရင် ငါ အဲဒါကို ဒီမြူထဲမှာ စမ်းသပ်ကြည့်ပြီး ဒီကမ္ဘာပျက်ကပ်အခြေအနေကို အစစ်အမှန်အတိုင်းနားလည်အောင် လုပ်မယ်၊၊ ငါ့အိမ်က ဒါရိုက်တာတင်းမှာ ငါ သဘောကျတဲ့ အကျင့်တစ်ခု ရှိတယ်၊ သူမက ပြောဖူးတယ်၊၊ သေခြင်းရှင်ခြင်းကို ပေါ့ပေါ့ပါးပါးပဲ သဘောထားပါတဲ့၊၊ ကြောက်စရာအကောင်းဆုံး အိပ်မက်ဆိုးကိုတောင် သိပ္ပံနည်းကျရှင်းပြလို့ရပါတယ်တဲ့၊ ငါတို့က ဒိုင်မေးရှင်းအဆင့်တိုက်ခိုက်ခံရတဲ့ အခြေနေကိုမရောက်သေးပါဘူး”
ချူယန်က ခေါင်းညိတ်ရင်း လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ဒါဆိုရင်တော့ သတိထားပါဦး၊၊ အဆင်မပြေတာရှိရင်...”
“မင်းကို ချက်ချင်းဆက်သွယ်လိုက်မယ်”
လင်းရှန်သည် မှိန်ပျပျ အေးစက်သော မီးအိမ်အောက်ရှိ အခန်းကို ကြည့်လိုက်ပြီး သေမင်းအလား အေးစက်သောလေထုကြောင့် မသိစိတ်ထဲက အလိုလိုတုန်လှုပ်သွားမိသည်။
“ငါ့အခြေအနေက မင်းထက်စာရင် အများကြီးပိုဘေးကင်းပုံရတယ်၊၊ မင်းသာ သတိထားရမှာ… ငါ မင်းနဲ့ စိတ်ပိုင်းဆိုင်ရာမချိတ်ဆက်ရသေးခင်မှာ ဂရေ့စ်ကနေ ငါ့ကို အချိန်မရွေးဆက်သွယ်လို့ရတယ်”
“အော်၊၊ ဟုတ်သားပဲ”
မထွက်ခွာမီ လင်းရှန်က ရုတ်တရက် ချူယန်ကို ပြောလိုက်သည်၊၊
“တောင်ဘက်ကောင်းကင်ဂိတ်ကို လိုအပ်တဲ့အချိန်မှာ သုံးရမယ်၊၊ အမှောင်ထုက လှုပ်ရှားလာပြီဆိုတော့ ငါတို့လည်း...”
“သင့်လျော်သလိုတုံ့ပြန်ရမှာပေါ့”
လင်းရှန်၏ အသိစိတ်ချိတ်ဆက်မှုသည် ဖြည်းဖြည်းချင်းလွင့်ပြယ်သွားပြီးနောက် ချူယန်သည် မျက်နှာဖြူဖျော့လျက် နံရံထောင့်သို့ နောက်မှီချလိုက်မိသည်။ သူမသည် လေကို ဆက်တိုက်ရှူသွင်းလိုက်ပြီးနောက် သူ့၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေပြသသည့် စနစ်မြင်ကွင်းကို ကြည့်လိုက်ရာ နှလုံးခုန်နှုန်းနှင့် စိတ်ဝိညာဉ်လှိုင်းထန်မှုများမှာ အလွန်စိုးရိမ်ရသည့် အကျပ်အတည်းအခြေအနေသို့ ရောက်ရှိနေကြောင်း ပြသနေသည်။
“နင် အဆင်ပြေဖို့ မျှော်လင့်ပါတယ်”
ချူယန်သည် လေဟာနယ်ထဲသို့ တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် ထိန်းမရအောင် တုန်ရင်နေသည့် သူ့လက်ကို ကြည့်ကာ လက်သီးကို ဖြည်းဖြည်းချင်းကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူမသည် စိတ်ဝိညာဉ်စွမ်းအားရှင်တစ်ယောက်အနေဖြင့် ထိုဆန်းကြယ်သော ကြက်သွေးရောင်မြူကို စုံစမ်းစစ်ဆေးရန် အသင့်တော်ဆုံးလူဖြစ်သင့်သော်လည်း သူမ၏ စွမ်းအားနှင့် အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာနှစ်ခုစလုံး၏ ပေါင်းစပ်အာနိသင်ရှိနေသည့်တိုင်အောင် ကြီးမားလှသော ကျူးကျော်ဝင်ရောက်လာသည့် ဖိအားကို ခံစားနေရဆဲဖြစ်သည်။ ထို့ပြင် ဤသည်မှာ အိမ်တွင်း၌ရှိနေ၍သာ ဖြစ်ပြီး အကယ်၍ အပြင်ဘက်တွင်သာဆိုပါက သူမအနေဖြင့် မိနစ် ၃၀ ထက်ပို၍ တောင့်ခံနိုင်မည်မဟုတ်ကြောင်း ခန့်မှန်းမိသည်။
သူမ မည်သို့ပင်ဖြစ်စေ အမြန်ဆုံးပြန်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။ စတားဖိုင်းယားစီမံကိန်းက ပျက်စီးသွားပြီဖြစ်၍ သူမအနေဖြင့် တောင်အမေရိကတိုက်တွင် လင်းရှန်နှင့် သွားရောက်တွေ့ဆုံရန် လိုအပ်လိမ့်မည်။ ဤနေရာရှိ တွင်းနက်ကြီးသည် ဟိန်းဟောက်နေပြီး ကမ္ဘာကြီးသည်လည်း လောင်ကျွမ်းနေကာ လူသားမျိုးနွယ်အတွက် အချိန်သိပ်မကျန်တော့သည်လည်းဖြစ်နိုင်သည်။
ချူယန်သည် ခုနက လင်းရှန် ပြောသွားသည့် စကားများကို ပြန်တွေးမိပြီး မျက်ဝန်းများလှုပ်ခတ်သွားသော်လည်း ဂရေ့စ်ကို ဆက်သွယ်ခြင်းမပြုခဲ့ပေ။
တောင်ဘက်ကောင်းကင်ဂိတ်သည် လင်းရှန်၏ ဝှက်ဖဲဖြစ်သည်။ သူမနှင့် ပရော်ဖက်ဆာယဲ့တို့၏ အမြင်တွင် ထိုဝှက်ဖဲသည် ဖောင်ဒေးရှင်း၏ စောင့်ကြည့်မှုအောက်တွင် လင်းရှန် အသက်ရှင်သန်နိုင်သည့် အကြောင်းအရင်းဖြစ်နိုင်သည်။ ထိုအကြောင်းကြောင့်ပင် သူမသည် ဤဝှက်ဖဲကို လုံးဝအလွယ်တကူအသုံးချမည်မဟုတ်ပေ။ အထူးသဖြင့် ကြက်သွေးရောင်မြင်ကွင်းသည် မသိနားမလည်နိုင်သော ထူးဆန်းမှုများနှင့် ပြည့်နှက်နေပြီး တောင်ဘက်ကောင်းကင်ဂိတ်၏ စွမ်းအင်တန်းလက်နက်သည် အရုဏ်ဦးမြို့တော်တွင်တုန်းကကဲ့သို့ ဖျက်ဆီးခြင်းစွမ်းအားမျိုး ရနိုင်၊မရနိုင်ဆိုသည်မှာလည်း မသေချာသေးပေ။
ဟူး၊၊
ချူယန် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည့်အချိန်တွင်ပင် သူမ၏ ဆက်သွယ်ရေးလိုင်းထဲ၌ ပြတ်တောင်းပြတ်တောင်းလျှပ်စစ်ဆူညံသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူမသည် စနစ်မြင်ကွင်းကို ကြည့်လိုက်ရာ ထိုအသံသည် သူမအဖွဲ့ဝင်များထဲမှ အဖွဲ့တစ်ခု၏ လှိုင်းကြိမ်နှုန်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
“ဆိုင်ကလုန်း။ ပိတုန်းနက်… မင်းတို့အခြေအနေ သတင်းပို့စမ်း”
ဂျစ် ဂျစ်၊၊
မည်သူမျှ ပြန်မဖြေခဲ့ပေ။
ကျွိ၊၊
ထူးဆန်းသောအသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ချူယန်၏ အတွေးစတို့ကို ဖြတ်တောက်လိုက်သည်။
ပြတင်းပေါက်အပြင်ဘက်မှ ကြက်သွေးရောင်အလင်းသည် ဝေဝါးသောအငွေ့အသက်များကို သယ်ဆောင်လာပြီး ပြတင်းပေါက်ဘောင်များကို တကျွီကျွီနှင့် ညည်းညူသံများမြည်ဟည်းသွားစေသည်။
ချူယန်သည် မျက်မှောင်ကြုတ်လျက် အေးစက်သွားသည်။ သူမ၏ တစ်ကိုယ်လုံးကို စွမ်းအားဝတ်စုံမှ ထွက်ပေါ်လာသော စွမ်းအင်စက်ကွင်းက လွှမ်းခြုံထားပြီး ၎င်း၏ထောင့်ကွေးများအထက်တွင် ပါးလွှာသောအလင်းတန်းတစ်ခု စီးဆင်းနေသည်။ သူမသည် မတ်တတ်ထရပ်လိုက်ပြီး ဂျိုင်းအောက်မှ ထက်မြက်သော ငွေရောင်ဓားမြှောင်နှစ်စင်းကို ထုတ်လိုက်သည်။ အလင်းယိုင်အမှုန်များ ဖြည်းဖြည်းချင်း အပူဒီဂရီမြင့်တက်လာပြီး ဤဓားများသည် အနီးကပ်တိုက်ခိုက်မှုတွင် S-Class အဆင့် ခန္ဓာကိုယ်ကိုပင် အလွယ်တကူလှီးဖြတ်နိုင်လောက်အောင် ကြီးမားသောစွမ်းအားရှိသည်။
ချူယန်သည် ပြတင်းပေါက်နားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး သူမ၏ လက်ချောင်းထိပ်များမှ မြင့်မားသောအပူရှိန်ရှိသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ အက်ကွဲကြောင်းတစ်ခုဖြတ်တောက်လိုက်သည်။ ထို့နောက် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကြက်သွေးရောင်မုန်တိုင်းသည် ကမ္ဘာမြေကို သိသိသာသာကျူးကျော်ဝင်ရောက်နေသည်ကို မြင်လိုက်ရသည်။ ကမ္ဘာကြီးသည် လုံးဝမှောင်မည်းမနေဘဲ ထိုကြက်သွေးရောင်သည် မြင်သာသောအလင်းအချို့ကို သယ်ဆောင်လာပုံရကာ မြင်ကွင်းထဲရှိ အရာအားလုံးကို ထူးဆန်းသော ကြက်သွေးရောင်နက်ဂတစ်ပုံရိပ်အဖြစ် ပြောင်းလဲပစ်နေသည်။
ကမ္ဘာမြေသည် သွေးကဲ့သို့နီရဲသော မြေဆီလွှာများနှင့်အတူ သွေးနီရောင်အလွှာတစ်ခု စွန်းထင်နေပြီး လေထုထဲသို့ မြင်သာသော အနီရောင်အငွေ့များကို ထုတ်လွှတ်နေကာ ၎င်းတို့သည် ကောင်းကင်ဘယ်မှာဆုံးပြီး မြေပြင်ဘယ်မှာစသည်ကို ခွဲခြားမရနိုင်လောက်အောင် လေထုနှင့် တစ်သားတည်းဖြစ်လျက် ကြက်သွေးရောင်သွေးမြူနှင်းများအဖြစ်သို့ လျင်မြန်စွာ အငွေ့ပျံသွားကြသည်။
ကျွိ၊၊
ထိုအသံသည် ထပ်မံထွက်ပေါ်လာပြီး ယခုတစ်ကြိမ်တွင်မူ ချူယန်သည် ထိုအသံမှာ တံခါးအပြင်ဘက်မှ လာနေခြင်းဖြစ်ကြောင်း သေချာသွားခဲ့သည်။
သူမသည် ချက်ချင်းလှည့်ကြည့်လိုက်ပြီး အဝေးရှိ တိုက်ခန်း၏ ပိတ်ဆို့ထားသော သံတံခါးကို စိုက်ကြည့်လိုက်သည်။ အေးစက်သော လျှပ်စစ်ဆူညံသံသည် ဆက်သွယ်ရေးလိုင်းထဲတွင် ပြတ်တောင်းပြတ်တောင်း ဆက်လက်မြည်ဟည်းနေဆဲဖြစ်သော်လည်း အပြင်ဘက်တွင်မူ တိတ်ဆိတ်မှုသည် ရုတ်တရက် ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။
၎င်းသည် ဖုတ်ကောင်တစ်ကောင်၏ အော်ဟစ်သံမဟုတ်သလို ထူးဆန်းသော သတ္တဝါတစ်ကောင်၏ လှုပ်ရှားမှုလည်း မဟုတ်ဘဲ စိုစွတ်ပြီး ထူထဲသော သားရေပြားအစုတ်ကြီးတစ်ခုကို မျက်နှာပြင်တစ်ခုပေါ်တွင် ကြမ်းတမ်းစွာ ဆွဲသွားသကဲ့သို့ စေးကပ်ပြီး လေးလံသော တွားသွားသံမျိုးဖြစ်သည်။ တရွတ်တိုက်ဆွဲသံသည် အေးစက်သော ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် တစ်လှမ်းချင်းစီ နီးကပ်လာပြီး ဖော်ပြမတတ်ဘဲ ဆိုးရွားသော မကောင်းသောအငွေ့အသက်များကို သယ်ဆောင်လာကာ ပိတ်ဆို့ထားသော သံချေးတတ်နေသည် တံခါးဆီသို့ ထင်ရှားစွာ ချဉ်းကပ်လာနေသည်။
ထိုအချိန်တွင် တံခါးနားသို့ နီးကပ်လာပြီးနောက် အပြင်ဘက်မှ အသံသည် ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် အလွန်အေးစက်သော အငွေ့အသက်တစ်ခုက အခန်းထဲသို့ လျင်မြန်စွာ ပျံ့နှံ့ဝင်ရောက်လာသည်။ ချူယန်သည် သူမ၏ စွမ်းအားဝတ်စုံရှိ အပူချိန်တိုင်းကိရိယာပေါ်တွင် အပူချိန်က သိသိသာသာကျဆင်းသွားသည်ကို မြင်တွေ့နိုင်ပြီး နာနိုဝတ်စုံ၏ ကာကွယ်ရေးအလွှာပေါ်တွင် ဆီးနှင်းများပင် ခဲလာခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် နံရံများမှ သွားကျိန်းဖွယ်ကောင်းသော ညည်းတွားသံများ ထွက်ပေါ်လာပြီး ကြမ်းတမ်းသော နံရံအပေါ်ယံလွှာများသည် ပြင်းထန်သော အက်ဆစ်နှင့် ထိမိသကဲ့သို့ အပိုင်းပိုင်းပြိုကျကာ ဆွေးမြည့်သွားပြီး ပို၍ပျက်စီးနေသော အတွင်းအလွှာပေါ်ထွက်လာသည်။ ထိုပြိုကျလာသော နံရံအစအနများသည် လမ်းခုလတ်မှာပင် သွေးပုပ်များစိုရွှဲနေသော ဂွမ်းစကဲ့သို့ ထူထဲပြီး နက်မှောင်သောအနီရောင်အရည်များအဖြစ် အရည်ပျော်သွားကာ အလွန်ပုပ်ဟောင်သော အနံ့အသက်များနှင့်အတူ ကြမ်းပြင်ပေါ်သို့ စီးကျလာသည်။
ဆွေးမြည့်နေပြီးသား သံတံခါးပေါ်ရှိ နက်မှောင်သော အညိုရောင်သံချေးကွက်များသည် သက်ရှိတစ်ခုကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး လျင်မြန်စွာ ဆွေးမြည့်ကာ ဟောင်းနွမ်းသွားပုံရသည်။ ၎င်းနှင့်အတူ အခန်းတစ်ခုလုံး၏ မြင်ကွင်းသည် ပိုမိုလျင်မြန်စွာ ပြိုလဲပျက်စီးသွားပြီး ကြက်သွေးရောင်မြူသည် မင်ရည်ကဲ့သို့ လှိမ့်တက်လာကာ အမြင်အာရုံကို ဝါးမျိုသွားသည်။ အလင်းရောင်သည် ချူယန်၏ ပတ်ပတ်လည်မီတာဝက်ခန့်အတွင်းရှိ ဝေဝါးပြီး ကောက်ကွေးနေသော ပုံရိပ်လွှာလောက်ကိုသာ လင်းထိန်ပေးနိုင်တော့ပြီး ကြမ်းပြင်ပေါ်ရှိ အေးစက်သောအလင်းတိုင်သည် ဆန်စေ့ခန့်အလင်းပွင့်လေးတစ်ခုအဖြစ်သို့သာ လျော့ကျသွားတော့သည်။