စူပါကွန်ပျူတာ စနစ်မြင်ကွင်း (၁)
Vol. 66 Ch. 1082
“ကျွန်မလည်း ပါမယ်”
ရှောင်ချင်းက စိတ်အားထက်သန်စွာဖြင့် ရှေ့သို့တိုးလာသည်။
“ကျွန်မကိုလည်း ထည့်လိုက်”
ချန်ဆီရွှမ်၊ ရှီဇီ၊ ရှောင်ယွမ်၊ မြောင်လုစသည်ဖြင့် အားလုံးက တပြိုင်နက်တည်း ဆန္ဒထုတ်ဖော်လိုက်ကြသည်။
စကားသိပ်မပြောသော ရူဂျီ၊ အားဖေးနှင့် တခြားလူများပင် ခေါင်းညိတ်ထောက်ခံကြသည်။ လို့ရှားရှားသည်လည်း ပြတင်းပေါက်နားမှ ခုန်ဆင်းလာသည်၊၊
“ပိုပြီး သန်မာလာမယ်”
လူတိုင်း တစ်ယောက်ပြီးတစ်ယောက်မတ်တတ်ထရပ်ကြသည်ကို မြင်တော့ မိခင်ဘေးတွင် ထိုင်နေသော မာရှောင်ထန်းက အံကြိတ်လျက် မျက်ဝန်းထဲတွင် ပြတ်သားမှုများပေါ်လွင်လာကာ ချက်ချင်း မတ်တတ်ထရပ်လိုက်တော့သည်။
သူတို့၏ စိတ်လှုပ်မှုများကြောင့် လင်းရှန် အနည်းငယ် အံ့အားသင့်သွားပုံရသည်။ သူက စိတ်ကို တည်ငြိမ်အောင်ထားပြီး လူတိုင်း၏ အကြည့်ကို ခံစားရင်း မိုနီကာဘက်သို့ လှည့်ကြည့်လိုက်ရာ သူမသည်လည်း သူ့ကို ပြုံးလျက် ကြည့်နေသည်ကို တွေ့ရသဖြင့် ခါးသီးစွာ ပြုံးလိုက်မိသည်။ မိုနီကာပြောတာ မှန်ပေသည်။ ရှေ့ဆက်ရမယ့်လမ်း ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဒါမှမဟုတ် မနက်ဖြန်ရဲ့ ညက မြူတွေနဲ့ ဖုံးလွှမ်းနေပါစေ ဘယ်သူမှ ဂရုမစိုက်ကြချေ။ လူတိုင်းက စိတ်ဓာတ်တက်ကြွနေပြီး ပိုမိုသန်မာလာဖို့ကိုသာ မျှော်လင့်နေကြသည်။
ဤအခိုက်အတန့်တွင် လင်းရှန်၏ ရင်ထဲ၌ အတိုင်းထက်အလွန်လုံခြုံမှုကို ခံစားလိုက်ရသည်။ ထိုကဲ့သို့သော မျှော်လင့်ချက်မဲ့သည့် ကမ္ဘာပျက်ကပ်ထဲတွင် အခက်ခဲဆုံးအချိန်၌ သူ့ကို အကြွင်းမဲ့ထောက်ခံပေးပြီး အမည်မသိအန္တရာယ်တိုင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက် ရင်ဆိုင်နိုင်သည့် ရဲဘော်ရဲဘက်များနှင့် ဆုံတွေ့ခွင့်ရခဲ့သည့်အတွက် သူ အလွန်ပင်ကျေးဇူးတင်မိလေသည်။
သေခြင်းရှင်ခြင်းကို မကြောက်စတမ်း။
လူတိုင်း၏ အကြည့်ကို ရင်ဆိုင်ရင်း လင်းရှန်က ခပ်ဖွဖွပြုံးကာ သူ့ဝိုင်ခွက်ကို မြှောက်လိုက်ပြီး
“ဒါဆိုရင်... ငါတို့တွေ”
“ကမ္ဘာပျက်ကပ်ကြီးကို အတူရင်ဆိုင်ကြမယ်”
….
မကောင်းကင်အမိုးခုံးရထား၊၊ အအေးခန်းအိပ်ဆောင်။
ဆွေးနွေးတိုင်ပင်ပြီးနောက် လင်းရှန်သည် စိတ်ဝိဉာဉ်တုန်ခါမှုတန်ဖိုး ၆၀၀၀ ကျော်လွန်သော အဖွဲ့ဝင်များကို နှစ်အုပ်စုခွဲ၍ သလင်းကျောက်မွေးမြူခြင်းကို တစ်လှည့်စီလုပ်ဆောင်စေရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ စီစဉ်ခြင်းမှာ အဓိကအားဖြင့် ဘေးကင်းလုံခြုံမှုကို ထည့်သွင်းစဉ်းစားသောကြောင့် ဖြစ်သည်။
လောလောဆယ်တွင် ရှောင်ယွမ်၊ မြောင်လု၊ လုချန်၊ စွန်းယုကျန်း၊ မာရှောင်ထန်းနှင့် လို့ရှားရှားတို့သာ ဤစံနှုန်းသို့ မမီသေးပေ။ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူများအဖြစ် မြောင်လုနှင့် လုချန်တို့၏ စိတ်ဝိဉာဉ်တုန်ခါမှုတန်ဖိုးမှာ ၅၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ရှားရှားမှာမူ ၄၀၀၀ ကျော်သာ ရှိသေးသည်။ လူတိုင်းက စွန့်စားရန်ဆန္ဒရှိကြသော်လည်း လင်းရှန်ကမူ ပိုမိုစိတ်ချရသော လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်။ သူတို့ထံတွင် သွေးပဲစေ့များက ပြတ်လပ်ခြင်းမရှိရာ လင်းရှန်က ရှားရှားကို စိတ်ရှည်ရှည်ထားပါက ရက်အနည်းငယ်အတွင်း လိုအပ်သည့်အဆင့်သို့ရောက်ရှိမည်ဖြစ်ကြောင်း ကတိပေးကာ ထိုမိန်းကလေးငယ်ကို အောင်မြင်စွာ စိတ်အေးသွားစေနိုင်ခဲ့သည်၊၊
ကျန်သူများထဲတွင် နန်ကျင်း၊ ရှောင်ချင်း၊ ချန်ဆီရွှမ်နှင့် ရှုချင်းတို့မှာ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူများဖြစ်ကြသဖြင့် သူက နန်ကျင်းနှင့် ရှုချင်းတို့ကို အရင်ဆုံးသွားခွင့်ပြုလိုက်သည်။
ပထမအသုတ် စွမ်းအားရှင်များတွင် ရူဂျီ၊ လုရှင်းချန်၊ တာလို့နှင့် ချီလီတို့ ပါဝင်သည်။ ဒုတိယအသုတ်တွင်မူ ကီကီ၊ ရှီဇီ၊ လော့ယန်၊ အားဖေးနှင့် ကိုယ်တိုင်စမ်းသပ်လိုသော တင်းကျန်းရီတို့ပါဝင်ကြမည်ဖြစ်သည်။
ဒါက တကယ့်ကို မျှော်လင့်ချက်များနှင့် ရင်ခုန်စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်လာတော့မည်။
အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာနှင့် လင်းရှန်၏ ထူးဆန်းသောကုဗတုံးတို့ ပေါင်းစပ်မှုက အအေးခန်းအိပ်ဆောင်ကို အမှောင်ထုကျူးကျော်မှုဒဏ်မှ လုံးဝကာကွယ်ပေးထားပြီး လူတိုင်းက လင်းရှန်ကိုယ်တိုင်ပြုလုပ်ထားသော သလင်းကျောက်မွေးမြူရေးကိရိယာနှင့် ချိတ်ဆက်ထားသည့် အအေးခန်းအိပ်ဆောင်အတွင်း၌ ငြိမ်သက်စွာ လှဲလျောင်းနေကြသည်။
ခန်းမထဲတွင် လင်းရှန်နှင့် ချန်ဆီရွှမ်တို့က အတွင်း၌ လှဲလျောင်းနေသော ရဲဘော်ရဲဘက်ခြောက်ယောက်ကို ကြည့်ရင်း သူတို့၏ အမူအရာများက တည်ကြည်လေးနက်နေကြသည်။
“မိုနီကာက အများကြီးပြောင်းလဲသွားတယ်” ချန်ဆီရွှမ်က လင်းရှန်၏ ဘေးတိုက်မျက်နှာပြင်ကို ကြည့်ရင်း ပြောလိုက်သည်။
“ဒီအရာက ကျွန်မတို့ကို ဘယ်လိုဆင့်ကဲပြောင်းလဲမှုမျိုး ယူဆောင်လာပေးမလဲဆိုတာကို ကျွန်မ စိတ်လှုပ်ရှားနေမိတယ်”
“သူမရဲ့ ပြောင်းလဲမှုတွေက မြင်တွေ့နေရတာထက် ပိုပါတယ်” လင်းရှန်က ပြန်ဖြေလိုက်သည်။
“သူမရဲ့ စွမ်းအားအတက်အကျတွေက အရည်အသွေးပိုင်းအရ ပြောင်းလဲသွားတာကို ငါ ခံစားရတယ်။ ဒါက သလင်းကျောက်ကြောင့်မဟုတ်ဘဲ စိတ်ဝိဉာဉ်လှိုင်းတုန်ခါမှုတန်ဖိုးက အဆင့်တစ်ခုကို ကျော်လွန်သွားတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုမျိုး ဖြစ်နိုင်တယ်”
“ဒါက တိုက်ပွဲထဲမှာပဲ ပြသနိုင်တာလား” ချန်ဆီရွှမ်က မေးသည်။
“ဖြစ်နိုင်တယ်” လင်းရှန်က ဖြေသည်။
“ရှေ့ဆက်ဆင့်ကဲပြောင်းလဲမှုကနေ ရလာတဲ့ ပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ကျွန်းပေါ်က ဖုတ်ကောင်တွေနဲ့ လေ့ကျင့်လို့ရတယ်လို့ ငါ သူမကို ပြောခဲ့သေးတယ်။ ငါတို့ရဲ့ လောလောဆယ်ပတ်ဝန်းကျင်က အများကြီးဘေးကင်းတာမို့ သလင်းကျောက်ကို အသက်သွင်းလိုက်ရင်တောင် စိုးရိမ်စရာအများကြီးမရှိပါဘူး”
“သူမက ဘာပြန်ပြောလဲ”
လင်းရှန်က ပုခုံးတွန့်ပြကာ
“သူမကတော့ မလိုပါဘူးတဲ့။ ပြန်သွားပြီး ရေချိုး၊ အိပ်ချင်ရုံပဲလို့ ပြောတယ်”
ချန်ဆီရွှမ်က ညင်သာစွာပြုံးလိုက်ပြီး လှည့်ထွက်သွားရင်း
“သူမ ရေချိုးနေရင်… ရှင်ကော သွားပြီး ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင် လုပ်ဖို့မလိုဘူးလား”
လင်းရှန် အနေရခက်စွာ ချောင်းဆိုးလိုက်ပြီး ချန်ဆီရွှမ်ကို လှမ်းပြောလိုက်သည်။
“အဟမ်း... မင်း ဘယ်သွားမလို့လဲ”
“ပစ္စည်းတွေ ပြင်ဆင်မလို့လေ။ ရှင်က အဲဒီ စစ်ဘက်သုံးတိုက်ကြီးဖြတ်ကျော်ရထားကို ကောင်းကင်အမိုးခုံးရထားနဲ့ ချိတ်ဆက်တော့မယ် မဟုတ်လား။ ကျွန်မ အဲဒါကိုသွားစီစဉ်လိုက်မယ်” ချန်ဆီရွှမ်က နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။
လင်းရှန် စိတ်ပျက်လက်ပျက်ဖြင့် သူ့နှာတံကို ညှစ်လိုက်မိသည်။ ချန်ဆီရွှမ်သည် မိုနီကာအပေါ် အမြင်မကြည်သောသဘောထားအချို့ ရှိနေမှန်း သူသိသော်လည်း ထိုအရာက ပုဂ္ဂိုလ်ရေးခံစားချက်မျှသာဖြစ်သည်။ လင်းရှန်၏ ရှေ့တွင်မူ ချန်ဆီရွှမ်က အလွန်ပင် စိတ်သဘောထားကြီးပြီး အဖွဲ့၏ နောက်ကွယ်လုပ်ငန်းစဉ်များကို ထူးချွန်ပြောင်မြောက်စွာ ကိုင်တွယ်ပေးထားရာ သူ့အတွက် တကယ့်ကို အားကိုးရသည့် ကျောထောက်နောက်ခံကြီးဖြစ်ပေသည်။
သက်ပြင်းတစ်ချက်ချပြီးနောက် လင်းရှန်သည် အချိန်ကို စစ်ဆေးလိုက်သည်။ မိုနီကာအတွက် ၁၀ နာရီခန့် လိုအပ်သော်လည်း တခြားလူများအတွက်မူ ကွဲပြားနိုင်ကြောင်း… အချို့က ပိုနည်းနိုင်ပြီး အချို့က ပိုကြာနိုင်ကြောင်း… သူ ခန့်မှန်းမိသည်။ ထို့ကြောင့် ထိုနေရာကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ရန် ကင်းထောက်ဒရုန်းတစ်စင်းကို သူ စီစဉ်ထားလိုက်သည်။
အရာအားလုံး အခြေတကျဖြစ်သွားချိန်တွင် မွန်းလွဲ ၂ နာရီကျော်နေပြီ ဖြစ်သည်။ ချန်ဆီရွှမ်နှင့် ဗိုင်အိုလာတို့က နောက်ဆုံးပစ္စည်း ပြင်ဆင်မှုများကို ကူညီပေးနေကြသဖြင့် လင်းရှန်သည် စိတ်အေးချမ်းသာစွာဖြင့် သူ့ကပ္ပတိန်အခန်းသို့ ပြန်လာခဲ့သည်။ ဒါက သူ့အခန်းကို ပထမဆုံးအကြိမ်အသုံးပြုခြင်း ဖြစ်သည်။ ကျင်းဟိုင်မြို့တုန်းက သူ ခဏမျှသာ လာကြည့်ခဲ့ဖူးသည်။ ကပ္ပတိန်အခန်းဟု ခေါ်သော်လည်း အလွန်ခမ်းနားထည်ဝါနေခြင်းမျိုးတော့ မဟုတ်ပေ။ ကောင်းကင်အမိုးခုံးရထားသည် မူလက ထောက်ပံ့ရေးကြယ်သင်္ဘောတစ်စင်းဖြစ်သဖြင့် နေရာအသုံးချမှုက အတော်လေးကျစ်လျစ်လှသည်။
ထိုအခန်းတွင်း၌ ကျယ်ဝန်းသော ကုတင်တစ်လုံး၊ သီးသန့်ရေချိုးခန်းနှင့် အိမ်သာ၊ ဝိုင်သိုလှောင်ရာနေရာနှင့် ဘားအသေးစားတစ်ခုတို့ပါရှိသည်။ ဒါ့အပြင် ထိန်းချုပ်ခန်းနှင့် ချိတ်ဆက်ထားသော မျက်နှာပြင်အစုံပါ စောင့်ကြည့်ရေးစနစ်လည်း ရှိနေသဖြင့် ကပ္ပတိန်အနေဖြင့် ရထားပေါ်ရှိ သတင်းအချက်အလက်အားလုံးကို စောင့်ကြည့်နိုင်သည်။
လင်းရှန် စိတ်လန်းဆန်းစေရန် ရေချိုးလိုက်သည်။ ပင်လယ်ကျောက်ဆောင်ကျွန်းမှ ထွက်ခွာလာကတည်းက သူ ရေမချိုးရသေးသည်မှာ တစ်ပတ်နီးပါးရှိနေပြီဖြစ်သည်။ ထို့နောက် အခန်းသို့ ပြန်လာကာ တိုးတက်မှုကို စစ်ဆေးရန် ကြယ်နက်ပန်းပဲဖို၏ ထုတ်လုပ်မှုအစီအစဉ်ကို ဖွင့်လိုက်ရာ ထုတ်လုပ်မှုကျွမ်းကျင်မှုရရှိကြောင်း အကြောင်းကြားစာများစွာက သူ့ကို ဆီးကြိုနေတော့သည်။
[ ‘ပုရွက်ဆိတ်လုပ်သား-၇’ နာရို 3D ပုံဖော် ဆောက်လုပ်ရေးစက်ရုပ် ထုတ်လုပ်မှုပြီးစီး၊ ယန္တရားထုတ်လုပ်မှုကျွမ်းကျင်မှု +၁၅ ]
[ ‘သံမဏိသွေးကြော’ ပိုက်လိုင်း/ပတ်လမ်း သွယ်တန်းရေးစက်ရုပ် ထုတ်လုပ်မှုပြီးစီး၊ ယန္တရားထုတ်လုပ်မှုကျွမ်းကျင်မှု +၁၂ ]
[ ‘ငွေလွန်းပျံ-α’ သံလိုက်စက်ကွင်းသုံး ကုန်စည်ပို့ဆောင်ရေးစက်ရုပ် ထုတ်လုပ်မှုပြီးစီး၊ ယန္တရားထုတ်လုပ်မှုကျွမ်းကျင်မှု +၁၁ ]
…
[ ယန္တရားထုတ်လုပ်မှုအဆင့် - ၆ (၃၂၆၅/၅၀၀၀) ဆောက်လုပ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရန် ]
“နှစ်ထောင်နီးပါး တိုးလာတာပဲ။ အစွမ်းကုန်လည်ပတ်နေတာဆိုတော့ တကယ်ကို မြန်တယ်။ နောက်ထပ် နာရီအနည်းငယ်ဆိုရင် အဆင့်တက်တော့မှာပဲ”
လင်းရှန်က လင်းလက်နေသော စနစ်မြင်ကွင်းကို ကြည့်ကာ စိတ်လျှော့ချလိုက်ပြီး ကုတင်ပေါ်၌ လှဲလျော်ရင်း စက္ကန့်ပိုင်းအတွင်းမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
ဤတစ်ကြိမ်အိပ်စက်ခြင်းက အထူးပင် နှစ်ခြိုက်စွာအိပ်ပျော်သွားပြီး ကမ္ဘာပျက်ကပ်နေ့မတိုင်မီ ညကဲ့သို့ ခံစားရစေကာ အခန်းထဲတွင် အလွန်တိတ်ဆိတ်လျက် လေအေးပေးစက်က သက်သောင့်သက်သာရှိသော လေညင်းကို ညင်သာစွာမှုတ်ထုတ်နေသည်။ ဟာဝိုင်အီကျွန်း၏ မွန်းလွဲပိုင်းနေရောင်ခြည်အောက်တွင် ရေချိုးနေသော ကောင်းကင်အမိုးခုံးရထားကြီးသည် လောကကြီးကို ကျော်လွန်သွားသည့်အလား အေးချမ်းတည်ငြိမ်သော ခံစားမှုကို ဆောင်ကြဉ်းပေးနေသည်။
ဤကဲ့သို့သော အပန်းဖြေစရာသာယာသည့်အချိန်မျိုး နောက်ထပ်ဘယ်တော့မှရှိတော့မည်မဟုတ်ကြောင်း သူ ကြိုတင်ခန့်မှန်းမိသော်လည်း လူတိုင်းက ဤတိတ်ဆိတ်ငြိမ်သက်သော အခိုက်အတန့်ကို ခံစားနေကြသည်။
ဖန်လုံအိမ်အတွင်း၌ ရှောင်ယွမ်က ခရမ်းချဉ်သီးပင်တစ်ပင်အတွက် မြေဆီလွှာကို ဂရုတစိုက်ညှိပေးနေသည်။ မြောင်လုကမူ မျက်မှောင်ကြုတ်လျက် သူမ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ရှောင်ယွမ်ကို ကြည့်ရင်း
“ဟေး... ကပ္ပတိန်လင်းပြောတဲ့ ကြက်သွေးရောင်မြူအကြောင်းကို နင် မစိုးရိမ်ဘူးလား”
ရှောင်ယွမ်က ခေါင်းခါပြသည်။
“ဘာလို့ မစိုးရိမ်တာလဲ”
မြေဆီလွှာကို ညှိပေးရင်း ရှောင်ယွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ငါတို့တွေက အမြဲတမ်းအမှောင်ထုထဲကနေ ထွက်ပြေးနေကြရတာပဲလေ၊၊ စိုးရိမ်နေလို့ကော ဘာထူးမှာလဲ။ ဒါ့အပြင် ကပ္ပတိန်လင်းပြောတာ ငါတို့တွေ ရထားပေါ်မှာပဲနေသရွေ့ မြူတွေက တို့တွေကို အများကြီးသက်ရောက်မှုရှိမှာမဟုတ်ဘူးတဲ့”