← Chapters

စူပါကွန်ပျူတာစနစ်မြင်ကွင်း (၃)

Vol. 66 Ch. 1083

စူပါကွန်ပျူတာစနစ်မြင်ကွင်း (၃)

Vol. 66 Ch. 1083

“ဒါပေမဲ့ ငါတို့လည်း အပြင်ထွက်လို့မရဘူးလေ… ဒါက ကြောက်ဖို့မကောင်းဘူးလား” မြောင်လုက စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်လိုက်ရင်း ဆက်ပြောသည်၊၊

“ဒါတင်မကသေးဘူး အပြင်မှာ သန္ဓေပြောင်းမွန်းစတားထက် ပိုကြောက်ဖို့ကောင်းတဲ့သတ္တဝါတွေရှိနိုင်တယ်လို့ပြောကြတယ်…အမလေး သန္ဓေပြောင်းမွန်းစတားကတင် ကြောက်ဖို့ကောင်းနေတာကို ဒါထက်ပိုကြောက်စရာကောင်းတာ ဘာရှိဦးမှာလဲ”

ရှောင်ယွမ်ကမူ လက်ထဲမှ ဂေါ်ပြားကို ခေတ္တရပ်လိုက်ပြီး ခရမ်းချဉ်သီးပင်မှ စိမ်းစိုနေသော အသီးလေးကို ကြည့်ကာ မျက်ဝန်းများတောက်ပလျက် ပြောလိုက်သည်၊၊

“ငါကတော့ ပြောင်းပြန်ပဲ၊၊ နည်းနည်းမှ မကြောက်တဲ့အပြင် ရင်ခုန်စိတ်လှုပ်ရှားဖို့တောင်ကောင်းတယ်လို့ ထင်တယ်”

“ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတယ်”

မြောင်လုက ရှောင်ယွမ်ကို နားမလည်နိုင်သလို ကြည့်လိုက်မိသည်၊၊

“နင် ဘာဖြစ်နေတာလဲ… အချစ်စိတ်တွေကြွပြီး ဖျားသွားလို့ ဦးနှောက်ပဲ ချို့ယွင်းသွားတာလား”

“စဥ်းစားကြည့်လေ”

ရှောင်ယွမ်က ရှေ့သို့ ငေးကြည့်ရင်း တိုးတိုးရေရွတ်လိုက်သည်၊၊

“အပြင်ဘက်က သွေးနီရောင်တွေ ဖုံးလွှမ်းနေတဲ့ ငရဲဘုံလိုဖြစ်နေပေမဲ့ ငါတို့ရဲ့ ကောင်းကင်အမိုးခုံးရထားပေါ်မှာတော့ ကပ္ပတိန်လင်းလုပ်ထားတဲ့ သံချပ်ကာတွေ၊ လက်နက်တွေနဲ့ တားမြစ်ပစ္စည်းတွေက ငါတို့ကို ကာကွယ်ပေးထားလို့ အရမ်းလုံခြုံတဲ့ စစ်ခံတပ်ကြီး၊ လုံခြုံတဲ့ ဆိပ်ကမ်းကြီးတစ်ခုလိုပဲ၊ အဲဒီမွန်းစတားသရဲတစ္ဆေတွေက အပြင်မှာပဲရှိနေနိုင်ပြီး ငါတို့ကတော့ ရှေ့ကိုပဲ ဆက်သွားနေမှာလေ… အပြင်မှာ မုန်တိုင်းတွေ ဘယ်လောက်ထန်ထန် ရထားထဲမှာတော့ ရယ်မောသံတွေနဲ့ပြည့်နှက်နေပြီး ရေနဲ့ အောက်ဆီဂျင်လည်ပတ်မှုစနစ်ကလည်း အပြည့်အဝရှိတယ်၊၊ ဖျော်ဖြေရေးတွေလည်းအစုံရှိပြီး စားသောက်စရာအရင်းအမြစ်တွေနဲ့ အပန်းဖြေစရာတွေလည်း မပြတ်လပ်ဘူး၊၊ ဒါ့အပြင် ဒါရိုက်တာတင်းနဲ့အတူ ပညာသင်ယူပြီး ကိုယ့်ကိုယ်ကိုယ်မြှင့်တင်နိုင်သလို ကပ္ပတိန်လင်းနဲ့အတူ စွမ်းအားတွေကိုလည်း ဆင့်ကဲပြောင်းလဲနိုင်သေးတယ်၊၊ ဒါက တကယ်ကို အံ့သြဖို့ကောင်းတာပဲ”

“ရထားလမ်းကြီး ဘယ်တော့မှမဆုံးဘဲ ငါတို့ရဲ့ သံမဏိခံတပ်ကြီးအဆုံးမရှိဆက်သွားနေဖို့တောင် မျှော်လင့်မိတယ်”

ရှောင်ယွမ်က ပြောရင်းဖြင့် ပို၍ စိတ်ကူးယဉ်ဆန်လာပြီး မျက်ဝန်းများထဲတွင် အိပ်မက်များပြည့်နှက်နေသကဲ့သို့ တောက်ပလာသည်၊၊

“အဆုံးမရှိဆက်သွားပြီး ရထားအတွင်းပိုင်းက သီးခြားကမ္ဘာတစ်ခု၊ သီးခြားနိုင်ငံတော်တစ်ခုဖြစ်လာမှာပေါ့၊ အဲဒီအခါကျရင် နင်က ကပ္ပတိန်လင်းအတွက် ကလေးနှစ်ယောက်လောက် မွေးပေးလို့ရပြီ၊၊ ဘာပဲဖြစ်ဖြစ် ဒါက ကမ္ဘာပျက်ကပ်ကာလပဲလေ… ကပ္ပတိန်လင်းက ကမ္ဘာကြီးကို ကယ်တင်ဖို့ တာဝန်ကို ယူထားရတာဆိုတော့ မိန်းမနည်းနည်းထပ်ယူပြီး ကလေးတွေ ပိုမွေးဖို့က လုံးဝကိုလိုအပ်ပြီး မဖြစ်မနေလုပ်ရမယ့် တာဝန်ပဲမဟုတ်ဘူးလား”

မြောင်လုက ရှောင်ယွမ်ကို စနောက်သောအပြုံးဖြင့်ကြည့်ကာ ပြောလိုက်သည်၊၊

“သွားစမ်းပါ”

စိတ်ကူးယဉ်နေသော ရှောင်ယွမ်မှာ မြောင်လု၏ စကားကြောင့် မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးမှည့်တစ်လုံးကဲ့သို့ ရဲတောက်သွားသည်၊၊ သို့သော် သူမက မြောင်လု၏ စနောက်မှုများကို နေသားကျနေပြီဖြစ်သဖြင့် ရေဖျန်းဘူးဖြင့် မြောင်လု၏မျက်နှာကို ပြန်ဖျန်းကာ တုံ့ပြန်လိုက်သည်၊၊

“နင်ကတော့ ဖုန်ထူတဲ့မြေက မိုးရွာတာကို စောင့်နေသလို ဖြစ်နေတာမို့ နင့်ကို ရေလေးနည်းနည်းလောက် ဖျန်းပေးလိုက်မယ်၊၊ ကမ္ဘာပျက်ကပ်မှာ မျိုးပွားဖို့ တာဝန်ကို ထမ်းဆောင်ဖို့ နင်ကရော ဘယ်နှယောက်လောက်မွေးဖို့ စိတ်ကူးထားလဲ”

“ငါကတော့ မကြောက်ဘူး၊၊ များများမွေးလေ ကောင်းလေပဲ…. ဟားဟားဟားဟား”

စိုက်ပျိုးရေး ဖန်လုံအိမ်အတွင်း၌ ရယ်မောသံများလွှမ်းမိုးသွားသည်၊၊

လင်းရှန်သည် အိပ်မက်ထဲတွင် အရာများစွာကို မြင်မက်ခဲ့သည်၊၊ ကျိအန်းမြို့တွင် ရဟတ်ယာဉ်ပျက်ကျမှု၊ အဖြူရောင်သဘက်ကြီး၏ ဟိန်းဟောက်သံ၊ ရေခဲကွန်တိန်နာထဲမှ အနီရောင်ကင်းခြေများ၊ ပိုင်ဝမ်မြို့လေးကို ဖြတ်ကျော်တွားသွားနေသည့် မြူခိုးပင့်ကူ၊ ယူပေမြို့၏ ကြောက်မက်ဖွယ် ခေါင်းသုံးလုံးပင့်ကူမွန်းစတား၊ ထူးဆန်းသော ရေဒီယိုမှ ထွက်ပေါ်လာသည့် သွေးပျက်ဖွယ်အော်ဟစ်သံများ၊ မြေငလျင်လှုပ်ခတ်စေသောသတ္တဝါကြီး၏ လိုက်လံတိုက်ခိုက်မှုအောက်မှ မြေအောက်မြို့တော်အမှတ် ၉ မှ ကပ်သီလေးလွတ်မြောက်လာခဲ့ခြင်းနှင့် ယူပေမြို့တွင် မိုးပျံဂျယ်လီဖစ်နှင့် ဖုတ်ကောင်သိုးထိန်း၏ လိုက်လံမှုအောက်တွင် ကီလိုမီတာပေါင်းများစွာမြင့်သော ကောင်းကင်စင်္ကြံလမ်းသို့ တက်လှမ်းခဲ့ခြင်းများ…၊၊

ထို့နောက် ဟန်ရှန်းတောင်ကြား၊ ချင်းရွှေမြို့၊ ပါလ်မားလွင်ပြင်မှ နှင်းမုန်တိုင်း၊ ဒရာကာမာရေခဲချိုင့်ဝှမ်းမှ တွင်းနက်ပိုးကောင်ကြီး၊ စီလန်မြို့မှ တိုက်ပွဲ၊ ယိကျင်းမြို့မှ ကောင်းကင်မှိုမျှော်စင်ကြီးပေါက်ကွဲမှုမှသည် တွင်းနက်အမှတ် ၅ မှ ညဘက်အပြင်းအထန်ထွက်ပြေးလွတ်မြောက်လာမှုအထိ…

တိုက်ပွဲအတွင်းပြိုလဲပျက်စီးသွားသော အာရုဏ်ဦးမြို့တော်၏ မီတာရာချီမြင့်သော တံတိုင်းကြီးများနှင့် အသက်ပေးသွားခဲ့ကြသည့် ခုခံတွန်းလှန်သူတစ်ဦးချင်းစီ၏ မျက်နှာများကို သူ မြင်ယောင်နေမိပုံရသည်၊၊ ဂျူးလိယပ်စ်၏ ရူးသွပ်သော ရယ်မောသံ၊ ကျိုးမင်းယွမ်၏ အေးစက်စက်အကြည့်နှင့် ချူကျောက်နန် ရုံးခန်းထဲမှ ထွက်ခွာသွားစဉ်က ဓားကဲ့သို့ ထက်မြက်ဖြောင့်မတ်လှသော ကျောရိုးကြီးကို သူ မှတ်မိနေသေးသည်၊၊

မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ပြောင်းလဲနေသောမှန်ပြောင်းတစ်ခုကဲ့သို့ အလျင်အမြန် မှိတ်တုတ်မှိတ်တုတ်ဖြစ်ပေါ်လာပြီး အပိုင်းအစများကဲ့သို့ တစ်ခုနှင့်တစ်ခုတိုက်မိကာ တဖျတ်ဖျတ်ပေါ်လာပြီး ထပ်တူကျနေသည်၊၊

ထို့နောက် ၎င်းတို့သည် တဖြည်းဖြည်းနှင့် ငြိမ်သက်သွားပြီး ပျောက်ကွယ်သွားသည်၊၊

ဘီပ်၊၊ ဘီပ်၊၊

သတိပေးသံ မြည်လာသည်၊၊ တစ်ညလုံး ပြန်လည်ချိန်ညှိပြီးနောက် ညအချိန်ကျရောက်မှုမှာ တိကျလာပြန်သည်၊၊

လင်းရှန်သည် ကုတင်ပေါ်တွင် ဘေးစောင်းလှဲနေပြီး ပြတင်းပေါက်နားတွင် စွမ်းအားဝတ်စုံအတွက် နာနိုပြုပြင်ရေးကိရိယာရှိနေသည်၊၊ အေးမြသောကုတင်ပေါ်တွင် ဤမျှ ပေါ့ပေါ့ပါးပါးမအိပ်စက်ရသည်မှာ ကြာပြီဖြစ်သဖြင့် သူသည် ဘောင်းဘီတိုတစ်ထည်သာ ဝတ်ဆင်ထားသည်၊၊

မျက်လုံးဖွင့်လိုက်သောအခါ ပြတင်းပေါက်အပြင်ဘက်တွင် ရွှေဝါရောင်နေဝင်ချိန်အလှကို မြင်ရပြီး ကျန်ရှိနေသော နေရောင်ခြည်က သူ့ခန္ဓာကိုယ်ပေါ်သို့ နွေးထွေးစွာ ကျရောက်နေသည်၊၊ ၎င်းသည် တကယ်ကို အိပ်စက်ရန် သင့်တော်လှသော အလွန်သက်တောင့်သက်သာရှိသည့် ညနေခင်းတစ်ခုဖြစ်သည်၊၊

ရေဒီယို ဖွင့်ရသည်မှာကြာပြီဖြစ်သည်၊၊ ကြက်သွေးရောင်မြူများ လွှမ်းမိုးပြီးနောက် ကမ္ဘာလုံးဆိုင်ရာရေဒီယိုလိုင်းများပြတ်တောက်သွားခဲ့ပြီး လူသားများသည် အမှောင်ထုအောက်တွင် ရှင်သန်နိုင်ရေးအတွက် ရုန်းကန်နေကြရသည်၊၊

လင်းရှန်သည် လှုပ်ရှားမှုမရှိဘဲ အပြင်ဘက်က နေရောင်ခြည်ကို ကြည့်နေမိသည်၊၊ အချိန်က ၁၈:၄၂ ဖြစ်သည်၊၊ အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ဤအရာသည် ဤမျှသက်တောင့်သက်သာအိပ်စက်ရမည့် သို့မဟုတ် နေဝင်ချိန်ကိုကြည့်ရမည့် နောက်ဆုံးအခွင့်အရေးဖြစ်လာနိုင်သည်ဟု သူပြင်းထန်စွာ အာရုံရနေမိသည်၊၊

သူသည် လက်ကိုဆန့်ကာ ရွှေဝါရောင်နေရောင်ခြည်ကို လက်ချောင်းများဖြင့် ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်၊ လက်ချောင်းထိပ်မှ လင်းလက်နေသော အလင်းတန်းသည် နတ်ဘုံနတ်နန်းကဲ့သို့ အလွန်တောက်ပနေသည်၊၊

သို့သော် နောက်တစ်စက္ကန့်တွင် အလင်းစူးစူးတစ်ခု ဖျတ်ခနဲပေါ်လာပြီး တစ်ချိန်က ကြည်လင်ခဲ့သော နေဝင်ချိန်ကောင်းကင်ကြီးသည် အလင်းရောင်များငြိမ်းသတ်သွားသကဲ့သို့ ချက်ချင်းအမှောင်ထုအဖြစ် ပြောင်းလဲသွားသည်၊၊ သွေးနီရောင်နေဝင်ချိန်သည် ဖန်သားပြင်အမည်းပေါ်မှ အဖြူရောင်အစက်အပြောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပင်လယ်ရေပြင်ဆီသို့ တဖြည်းဖြည်းနစ်မြုပ်သွားကာ ကောင်းကင်ကြီးသည် နက်ဗျူလာအလင်းတန်းများနှင့် လေထုထဲမှ အမည်းရောင် ဝေဝါးမှုများဖြင့် ဖုံးလွှမ်းသွားတော့သည်၊၊

ရှူးးး၊၊

“မှောင်သွားပြီ”

လင်းရှန် ထထိုင်လိုက်စဉ် ဗိုင်အိုလာ၏ အသံက ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ထွက်ပေါ်လာသည်၊၊

[ရှင် နိုးလာတာကို ကျွန်မ သိရှိရပါတယ်၊၊ အခု ညအချိန်ရောက်သွားပါပြီ၊၊ ထူးခြားတဲ့ အခြေအနေ ဘာမှမရှိပါဘူး]

“သိပြီ”

လင်းရှန်က ပြန်ပြောလိုက်ပြီး သူလုပ်ရမည့် အလုပ်များကို စတင်ရန်ထလိုက်သည်၊၊ သူသည် လေးနာရီကျော်ကြာ အိပ်ပျော်ခဲ့ခြင်းဖြစ်သည်၊၊ သူ၏ ယန္တရားထုတ်လုပ်မှုသည် အဆင့် ၇ သို့ ရောက်ရှိသွားပြီဖြစ်၍ ဒရုန်းများထုတ်လုပ်ခြင်းကို ရပ်တန့်ကာ ကောင်းကင်အမိုးခုံးရထားပေါ်တွင် လက်စမသတ်သေးသော လက်နက်များကို စတင်တပ်ဆင်နိုင်ပြီ ဖြစ်သည်၊၊ ပထမအသုတ် အဖွဲ့သားများ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုပြီးဆုံးသည်ကို စောင့်ဆိုင်းရင်းဖြစ်သည်၊၊

အချိန်တွက်ချက်မှုအရ မနက်ဖြန်အရုဏ်မတက်မီတွင် အားလုံး သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုက ပြီးဆုံးနိုင်သည်၊၊

ဒါကလည်း မကြာမီကြုံတွေ့ရမည့် အကျပ်အတည်းအတွက် လုံလောက်သောပြင်ဆင်မှုရှိစေရန် ဖြစ်သည်၊၊

“ဆရာမချန်… သူတို့အားလုံး ပြန်ရောက်ကြပြီလား”

လင်းရှန်က စွမ်းအားဝတ်စုံကို ဝတ်ဆင်ရင်း ဆက်သွယ်ရေးကိရိယာကို နှိပ်ကာ ပြောလိုက်သည်၊၊

“စုဆောင်းလို့ရတဲ့ အရင်းအမြစ်အားလုံးကို ကောင်းကင်အမိုးခုံးရထားရဲ့ ထောက်ပံ့ရေးဂိုဒေါင်ထဲမှာ သိမ်းဆည်းထားပြီးပါပြီ၊၊ ဗိုင်အိုလာရဲ့ တွက်ချက်မှုအရ ဒီထောက်ပံ့ရေးပစ္စည်းတွေက လူပေါင်း ၁၀၀၀ အတွက် ခြောက်လစာရှင်သန်ဖို့ လုံလောက်ပါတယ်၊၊ အဲဒီအထဲက အများစုက ရှင် နေ့လယ်စာအဖြစ် စားခဲ့တဲ့ အမဲသားကင်နဲ့ ပေါင်မုန့်လိုမျိုး အလွန်အဆင့်မြင့်တဲ့ အစားအစာတွေပါ”

“လူပေါင်း ၁၀၀၀ စာဆိုရင် ကျွန်မတို့ လူ ၂၀အတွက် မနည်းလှဘူး၊၊ ဒါ့အပြင် ကျွန်မတို့ဆီမှာ ဖန်လုံအိမ်ကြီးလည်းရှိသေးတယ်၊၊ ဒါရိုက်တာတင်းက အဓိကသီးနှံတွေကို စိုက်ပျိုးနေပြီဆိုတော့ အခုက ပင်လယ်စာနဲ့ ကြက်ဘဲမွေးမြူရေးပဲ လိုတော့တယ်”

လင်းရှန်က ပြုံးလျက် ပြန်ပြောလိုက်သည်၊၊ ထိုသို့ပြောခဲ့သော်လည်း သူ၏ အနန္တယာဉ်တန်းကို ပေါင်းစည်းပြီးသွားပါက ကျန်းရှု့ဝေ၏ မဟာမိတ်အဖွဲ့ဝင်များကို ထည့်မတွက်လျှင်ပင် အနည်းဆုံး လူငါးထောင် သို့မဟုတ် ခြောက်ထောင်ခန့်ရှိလာမည်ဖြစ်ရာ သူမထင်ထားသလောက် ရိက္ခာမပေါများနိုင်ကြောင်း သူ သိထားသည်၊၊

ဘာမှစိုးရိမ်စရာမရှိပါဘူး၊၊ ရိက္ခာရှာဖို့ ကြက်သွေးရောင်မြူနယ်မြေထဲမဝင်နိုင်ရင်တောင် ငါတို့နောက်မှာ ဖီးနစ်ရှိသေးတာပဲ၊၊ အခု ဖီးနစ်က အဖွဲ့အစည်းကြီးတစ်ခုဖြစ်လာပြီး နေရာရွှေ့ပြောင်းသွားပြီဆိုတော့ ပြောက်ကျားအခြေအနေမျိုးမရှိတော့ဘူး၊၊

ရှူးးး၊၊

ထိုစဉ် အခန်းတံခါး ပွင့်သွားပြီး ကီကီက စုပ်လုံးတစ်ချောင်းကို ပါးစပ်တွင် ကိုက်ထားရင်း တံခါးဝ၌ ရပ်ကာ လင်းရှန်ကို ကြည့်ရင်း ပြောလိုက်သည်၊၊

“နိုးပြီလား အိပ်ပုတ်ကောင်”

“ဘာကိစ္စရှိလို့လဲ” လင်းရှန်က မေးလိုက်သည်၊၊

ကီကီက သကြားလုံးကို ပါးစပ်ထဲမှ ထုတ်ကာ လက်တစ်ဖက်ကို ခါးထောက်လျက် သူ့ကို ပေါ့ပေါ့ပါးပါးကြည့်ရင်း ပြောလိုက်သည်၊၊

“ရှင် ခိုင်းထားတာတွေကို ကျွန်မ အဆင်သင့်လုပ်ထားပြီးပြီ၊၊ စမ်းကြည့်မလား”

လင်းရှန်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီ လျှောက်သွားရင်း ပြောလိုက်သည်၊၊

“ကောင်းပြီလေ… သွားကြည့်ကြတာပေါ့”

ထို့နောက် သူတို့နှစ်ဦးသည် ထိန်းချုပ်ခန်းမဆီသို့ ရှေ့ဆင့်နောက်ဆင့်လျှောက်သွားကြသည်၊၊ ကီကီက လင်းရှန်ထံသို့ ဦးနှောက်-ကွန်ပျူတာ အချက်အလက်ချိတ်ဆက်မှုစနစ်တစ်ခုကို ကမ်းပေးရင်း ပင်မထိန်းချုပ်ခလုတ်ဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်၊၊

“တိတ်ဆိတ်မြို့တော်ရဲ့ စူပါကွန်ပျူတာ portနည်းပညာကို ဆော့ဖ်ဝဲပိုင်းလိုက်ဖက်အောင် ကျွန်မ လုပ်ထားပေးတယ်၊၊ အခု မသေချာတာတစ်ခုက ရှင့်ရဲ့... အထူးအာကာသက ဒီအချက်အလက် ချိတ်ဆက်မှုအပြောင်းအလဲကို ခံနိုင်ရည်ရှိ၊မရှိပဲ… တကယ်လို့ မခံနိုင်ရင်တော့ ကျွန်မကြိုးစားမှုတွေ အလကားဖြစ်မှာပဲ”

“ရမယ်လို့ ထင်တာပဲ၊၊ ငါက ကြားခံဗဟိုအဖြစ် နေရာယူပြီး ဗိုင်အိုလာကနေ အချက်အလက်တွေလွှဲပြောင်းပေးမယ်ဆိုရင် လူသားရဲ့ ဦးနှောက်ဆဲလ်တွေရဲ့ လိုင်းအကျယ်အဝန်းက ကွမ်တမ်ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်နှုန်းကို သေချာပေါက်ခံနိုင်ရည်ရှိမှာပါ”

လင်းရှန်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်၊၊ သူ၏ ယန္တရားနှလုံးသားအတွက် လိုအပ်သော တွက်ချက်မှုစွမ်းအားကို ရရှိရန်အတွက် သူနှင့် ကီကီတို့သည် ဤဆန်းသစ်သောနည်းလမ်းကို စဉ်းစားခဲ့ကြခြင်း ဖြစ်သည်၊၊ လင်းရှန်သည် ဗိုင်အိုလာ၏ အချက်အလက်စနစ်ကို မိမိကိုယ်တိုက်ရိုက်ချိတ်ဆက်ရန် စီစဉ်ထားပြီး ဗိုင်အိုလာ၏ တွက်ချက်မှုစွမ်းအားကို သုံးကာ ယန္တရားနှလုံးသားကို စိတ်ကျေနပ်မှုပေးရန်ဖြစ်သည်၊၊ အကယ်၍ အောင်မြင်ခဲ့ပါက သူသည် ဗိုင်အိုလာကို ကြယ်နက်ပန်းပဲဖိုထဲသို့ ထည့်စရာမလိုတော့ဘဲ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်သလို ဗိုင်အိုလာကိုလည်း ကောင်းကင်အမိုးခုံးရထားပေါ်တွင် ဆက်လက်တာဝန်ထမ်းဆောင်စေနိုင်မည်ဖြစ်သည်၊၊

All Chapters