တိုင်တန်ဂြိုလ်တည်ဆောက်ရေး (၁)
Vol. 66 Ch. 1084
ကီကီက လက်ပိုက်လျက် လင်းရှန်ကို စိုးရိမ်စိတ်အနည်းငယ်ရှိသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်၊၊
“ရှင်ကတော့ တကယ်ကို ဘာမဆိုလုပ်နိုင်တယ်လို့ ထင်နေတာပဲ၊၊ လိုင်းအကျယ်အဝန်းအကြောင်းပြောနေသေးတယ်၊၊ အဓိကပြဿနာက ရှင့်ရဲ့ ယန္တရားနှလုံးသားက ဒီလိုအချက်အလက်စီးဆင်းမှုနဲ့ ကိုက်ညီမှုရှိ၊ မရှိပဲ၊၊ ဘာပဲဖြစ်ပြီး တစ်ခုက စွမ်းအားဖြစ်ပြီး နောက်တစ်ခုက သိပ္ပံပညာလေ… တကယ်လို့ အဆင်မပြေရင် ဒီလုပ်ဆောင်ချက်ကြောင့် ရှင့်ဦးနှောက်က ပြာကျသွားနိုင်တယ်၊၊ ရှင် တကယ်ပဲ စမ်းကြည့်မလို့လား”
[အချက်အလက်တွေကို စီမံဆောင်ရွက်တဲ့ port ကနေ ထွက်လာတဲ့ စွမ်းအင်က အသက်အန္တရာယ်ဖြစ်စေလောက်တဲ့အထိ မပြင်းထန်ပါဘူး၊၊ သီအိုရီအရတော့ ဒါက ကွဲပြားတဲ့ ရုပ်ပိုင်းဆိုင်ရာအခြေခံအဆင့်နှစ်ခုပေါင်းစပ်နေတာဖြစ်လို့ ကျွန်မအနေနဲ့ အပြန်အလှန်တွက်ချက်မှုကို မလုပ်ဆောင်နိုင်ပါဘူး]
ဗိုင်အိုလာက ခြေဖျားထောက်လျက် ညင်သာစွာ လျှောက်လာပြီး ပြောလိုက်သည်၊၊
[ဒါပေမဲ့ ရှင် လိုအပ်သရွေ့တော့ ရှင့်ရဲ့ လိုအပ်ချက်တွေအတိုင်း ကျွန်မက တာဝန်တွေကို ဆောင်ရွက်ပေးမှာပါ]
“အကောင်းဘက်က တွေးစမ်းပါ”
လင်းရှန်က တုံ့ဆိုင်းခြင်းမရှိဘဲ အချက်အလက်လွှဲပြောင်းပေးသည့်စနစ်ကို သူ၏ နာနိုစွမ်းအားဝတ်စုံဘေးဘက်ရှိ ချိတ်ဆက်မှုစနစ်ထဲသို့ တိုက်ရိုက်ထိုးသွင်းလိုက်ရင်း ပြုံးလျက် ပြောလိုက်သည်၊၊
“တကယ်လို့ အောင်မြင်ရင် ငါက ဗိုင်အိုလာနဲ့ တွက်ချက်မှုစွမ်းအားချိတ်ဆက်မှုရသွားပြီလို့ အဓိပ္ပာယ်ရတယ်၊၊ ဒါက ဉာဏ်ရည်ထက်မြက်တဲ့ ပေါင်းစည်းမှုပဲ၊၊ ငါ့ရဲ့ ယန္တရားစစ်တပ်ကို အမိန့်ပေးဖို့ စကားပြောစရာမလိုဘဲ ဗိုင်အိုလာကတစ်ဆင့် ဘာနှောင့်နှေးမှုမှမရှိဘဲ စီမံဆောင်ရွက်နိုင်မယ်၊၊ ဒါက ပိုပြီးတော့တောင် မိုက်ဦးမယ်”
“အိုး… သဘောပေါက်ပြီ”
ကီကီက လင်းရှန်ကို အလွန်စိတ်ဝင်တစားဖြင့် တစ်ချက်ကြည့်ကာ “ရှင်က ဗိုင်အိုလာနဲ့ ပေါင်းစည်းပြီး ဗိုင်အိုလာရဲ့ စူပါကွန်ပျူတာ ဉာဏ်ရည်ဂုဏ်သတ္တိကို ရတော့မှာဆိုတော့ ရှင်တို့က နောက်ထပ်...”
“စိတ်ချင်းတစ်ထပ်တည်းကျတာမျိုးလား”
လင်းရှန် ခြေလှမ်းပျက်သွားပြီး မျက်နှာအမူအရာတည်ငြိမ်စွာဖြင့် ပြန်ချေပလိုက်သည်၊၊
“လျှောက်မပြောနဲ့၊ ဒါကို Deep Blue မြှင့်တင်ခြင်းလို့ ခေါ်တယ်”
လင်းရှန်သည် တိတ်ဆိတ်မြို့တော်၏ ဦးနှောက်-ကွန်ပျူတာစနစ်နှင့် စိမ်းသက်မနေခဲ့ချေ၊၊ သူသည် ယခင်က ဂူကျန်း၊ ဂျူးလိယပ်စ်တို့နှင့်အတူ ထိုစနစ်ကို အသုံးပြုခဲ့ဖူးပြီး ထိုအတွေ့အကြုံမှာ ဆန်းပြားပြီး ထူးခြားလှသည်၊၊ သို့သော် ထိုစဉ်က အနီရောင်ကမ္ဘာ၏ မှိုမျှင်ကွန်ရက်ချိတ်ဆက်မှုများကို အသုံးပြုရသည့် စွန့်စားရသောလုပ်ဆောင်ချက်ဖြစ်ပြီး ယခုမူ သူသည် ဗိုင်အိုလာ၏ တွက်ချက်မှုစွမ်းအားကို လွှဲပြောင်းရန်အတွက် တရားဝင် ဦးနှောက်-ကွန်ပျူတာချိတ်ဆက်မှုစနစ်ကို ရိုးရိုးရှင်းရှင်းအသုံးပြုနေခြင်းသာ ဖြစ်သည်၊၊
သူ၏ အတွေးမှာ ရိုးရှင်းသည်၊၊ မိမိကိုယ်ကိုယ် ကြားခံတံတားတစ်ခုအဖြစ်အသုံးပြုကာ ကြယ်နက်ပန်းပဲဖိုနှင့် ချိတ်ဆက်ရန် ဖြစ်သည်၊၊
ဤနည်းလမ်းမှလွဲ၍ သူ စဉ်းစားမိသည့် အခြားရွေးချယ်စရာတစ်ခုမှာ ကြယ်နက်ပန်းပဲဖိုအတွင်း၌ ဉာဏ်ရည်ထက်မြက်သော ဦးနှောက်ကွန်ပျူတာတစ်ခုထုတ်လုပ်ရန် သို့မဟုတ် ဗိုင်အိုလာကို ထိုနေရာထဲသို့ တိုက်ရိုက်ထည့်သွင်းရန်သာ ရှိသည်၊၊ ယန္တရားနှလုံးသားတွင် ဤကဲ့သို့သော လိုအပ်ချက်မျိုး ပထမဆုံးအကြိမ်ပေါ်ပေါက်လာခြင်းဖြစ်ရာ လင်းရှန်လည်း တုံ့ဆိုင်းသွားပြီး အားလုံးအတွက် အဆင်ပြေစေမည့် အဖြေတစ်ခုကို စဉ်းစားခဲ့ခြင်းဖြစ်သည်၊၊
ဤနေရာတွင် လင်းရှန်သည် စွမ်းအားဝတ်စုံ၏ အာရုံကြောတုံ့ပြန်မှုစနစ်မှတစ်ဆင့် ဦးနှောက်-ကွန်ပျူတာ၏ စူပါကွန်ပျူတာ portကို တိုက်ရိုက်ချိတ်ဆက်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ဗိုင်အိုလာကို ကြည့်လိုက်သည်၊၊
“အခု စတင်လို့ရပြီ”
[ဦးနှောက်-ကွန်ပျူတာ port ကတစ်ဆင့် ရှင့်ရဲ့ အသိစိတ်တစ်ခုလုံးကို မတင်ရသေးခင်မှာ ရှင့်ရဲ့ မှတ်ဉာဏ်ဗဟိုချက်ကို ကျွန်မ မဖတ်ရှုနိုင်ပါဘူး၊၊ ဒါကြောင့် ရှင့်ဦးနှောက်ထဲက အချက်အလက်တွေကို တိုက်ရိုက် ပြောင်းလဲလို့မရပါဘူး]
ဗိုင်အိုလာက ပြန်ဖြေသည်၊၊
“ကိစ္စမရှိဘူး၊၊ မင်းက စနစ်ရဲ့ တွက်ချက်မှုဆိုင်ရာ ခွင့်ပြုချက်တွေကို ပိတ်ထားပေးရုံပဲ၊၊ ကျန်တာကို ငါ စမ်းသပ်ကြည့်မယ်”
[ဗိုင်အိုလာ နားလည်ပါပြီ]
“လင်းရှန်… ရှင်ဒါကိုသေချာလို့လုပ်တာလား”
ကီကီ၏ မျက်ဝန်းများတွင် သံသယအရိပ်အယောင်များရှိနေသည်၊၊
လင်းရှန်က သူမကို မျက်စိမှိတ်ပြလိုက်ပြီး ချက်ချင်းပင် သူ၏ အသိစိတ်ကို ကြယ်နက်ပန်းပဲဖိုထဲသို့ နစ်မြုပ်စေလိုက်သည်၊၊ ကြီးမားလှသော ကြယ်တာရာအာကာသနှင့် ကျယ်ပြောလှသော ထုတ်လုပ်မှုအစီအစဉ်များသည် အပြည့်အဝလည်ပတ်နေသည်၊၊ အသစ်ထုတ်လုပ်ထားသော ဒရုန်းရာပေါင်းများစွာသည် အားသွင်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးသွားသဖြင့် လင်းရှန်၏ အမိန့်ကို စောင့်ဆိုင်းရင်း လေထုထဲတွင် သပ်ရပ်စွာ စီတန်းနေကြသည်၊၊
“အဆင်သင့်ဖြစ်လောက်ပြီ...”
လင်းရှန်သည် သူ၏ ယန္တရားထုတ်လုပ်မှုကျွမ်းကျင်မှုကို ကြည့်လိုက်သည်၊၊ တစ်နေ့လုံး ကုန်ကြမ်းပစ္စည်းများရှိရာနေရာအပါအဝင် အပြည့်အဝထုတ်လုပ်မှုများက ဆက်တိုက်ပြောင်းလဲနေခဲ့ရာ သူ၏ ယန္တရားထုတ်လုပ်မှုကျွမ်းကျင်မှုမှာ အလျင်အမြန် တိုးတက်နေခဲ့သည်၊၊ ယခုအချိန်တွင် လင်းရှန်သည် သူ၏ စွမ်းအား သို့မဟုတ် လိုအပ်ချက်များကို ထည့်မစဉ်းစားဘဲ အရာတစ်ခုတည်းကိုသာ အာရုံစိုက်ထားသည်၊၊
ဝူးးး၊၊
ကျွမ်းကျင်မှုကို အဆုံးထိမြှင့်တင်ရန်…
ယန္တရားထုတ်လုပ်မှု အဆင့် ၆ (၄၉၆၅/၅၀၀၀) တည်ဆောက်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊၊
“နည်းနည်းပဲ လိုတော့တယ်”
လင်းရှန်က အလိုအလျောက်ထုတ်လုပ်မှုအစီအစဉ်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်၊၊ ကုန်ကြမ်းပစ္စည်းအမြောက်အမြားကို တိကျသောအစီအစဉ်အတိုင်းထည့်သွင်းနေပြီး ယခုအချိန်တွင် သူ၏ စိတ်အခြေအနေမှာ မမျှော်လင့်ဘဲ တင်းမာနေမိသည်၊၊ ဤခံစားချက်မှာ ယခင်က ယန္တရားနှလုံးသားအဆင့်မြှင့်တင်ပြီး နိုးထလာခဲ့စဥ်ကထက်ပင် ပိုမိုပြင်းထန်နေသည်၊၊ သူသည် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှုစနစ်အောင်မြင်နိုင်မလားဆိုသည်ကိုသာ စိုးရိမ်နေခြင်းမဟုတ်ဘဲ အဓိကအားဖြင့် လူသားတို့၏ နည်းပညာအစီအစဉ်များထဲတွင် လုံးဝမရှိခဲ့ဖူးသော ဤယန္တရားဖန်တီးမှုကို လင်းရှန် ပို၍စူးစမ်းချင်နေခြင်းဖြစ်သည်၊၊
သူ၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများမြန်ဆန်နေပြီး ပုံကြမ်းကို ရရှိပြီးနောက် ဖီးနစ်နှင့် အမြန်ဆုံးအတည်ပြုချင်နေမိသည်၊၊ သူ အမှန်တကယ် နားလည်ချင်သည်မှာ ယန္တရားနှလုံးသား၏လျှို့ဝှက်ချက်ပင်၊၊
တီ တီ၊၊
[“ပုရွက်ဆိတ်အလုပ်သမား-၇” နာနို သုံးဖက်မြင် ပုံဖော်တည်ဆောက်ရေးဒရုန်း ထုတ်လုပ်မှု ပြီးဆုံးသည်၊၊ ယန္တရားထုတ်လုပ်မှု ကျွမ်းကျင်မှု +၁၅]
စက်ရုပ်ဒရုန်းတစ်စင်းထုတ်လုပ်မှုပြီးဆုံးသွားသည်နှင့်အမျှ လင်းရှန်၏ ယန္တရားထုတ်လုပ်မှုမှာ နောက်ဆုံးတွင် အဆင့်မြင့်သွားခဲ့သည်၊၊
[ဂုဏ်ယူပါသည်၊၊ ရှင့်ရဲ့ ယန္တရားထုတ်လုပ်မှု ကျွမ်းကျင်မှု အဆင့် ၇ သို့ တိုးတက်သွားပါပြီ]
ဝူးးး ဟစ်
အလင်းကန့်လန့်ကာပေါ်လာသည်နှင့်အမျှ လေးလံသောယန္တရားချင်းတိုက်မိသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်၊၊ ပန်းပဲဖို၏ အထက်ရှိ ထုတ်လုပ်မှုအစီအစဉ်အသစ်တစ်ခု စတင်လည်ပတ်ပြီး စွမ်းအင်အလင်းတန်းများလှိုင်းထလာကာ တိကျရှုပ်ထွေးသော အလိုအလျောက်ယန္တရားတပ်ဆင်ရေးလိုင်းတစ်ခုက လေထုထဲတွင် အစိမ်းရောင်ဖရိန်တစ်ခုကို အစပြု၍ ဖန်တီးပေးလိုက်သည်၊၊ ထို့နောက် ထိုဟိုလိုဂရမ်စနစ်များကဲ့သို့သော ကိရိယာများသည် အလျင်အမြန်ရုပ်လုံးပေါ်လာပြီး လေဆာအမျိုးမျိုးနှင့် သုံးဖက်မြင်တည်ဆောက်ရေးကိရိယာများ စတင်ပေါ်ပေါက်လာကာ သိပ်သည်းလှသော အလိုအလျောက်လိုင်းများသည် လုံးဝကို အစစ်မှန်မဟုတါသည့်အလား ပေါ်ထွက်လာသည်၊၊
“နောက်ဆုံးတော့...”
ယခုအချိန်တွင် လင်းရှန်၏ အသက်ရှူသံပင် အနည်းငယ်လေးလံလာသည်၊၊ ယန္တရားနှလုံးသားနှင့် ယန္တရားထုတ်လုပ်မှုတို့မှာ လိုချင်သောအဆင့်များသို့ ရောက်ရှိသွားပြီဖြစ်ရာ အခု တွက်ချက်မှုစွမ်းအားကိုသာ အောင်မြင်စွာချိတ်ဆက်နိုင်လျှင် သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာကို ဖွင့်လှစ်နိုင်ပြီဖြစ်သည်၊၊
သူသည် ဘာမျှတုံ့ဆိုင်းမနေဘဲ ကြယ်တာရာစီးနင်းသူ XR01 မီကာ၏ ပုံကြမ်းကို ချက်ချင်းထုတ်ယူကာ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာတွင် ထားရှိလိုက်သည်၊၊ တစ်ပြိုင်နက်တည်းမှာပင် စွမ်းအားဝတ်စုံ ဦးနှောက်-ကွန်ပျူတာ စူပါကွန်ပျူတာစနစ်၏ စတင်ရန် ခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်၊၊
ဝူးးး၊၊
ချက်ချင်းပင် အားနည်းသော လျှပ်စီးကြောင်းတစ်ခုနှင့်အတူ ပြင်းထန်သော ခေါင်းမူးဝေမှုက တိုက်ရိုက်ရိုက်ခတ်လာပြီး လင်းရှန်သည် သူ၏ ဦးခေါင်းခွံထဲသို့ လေးလံသော ဘိလပ်မြေများလောင်းထည့်လိုက်သကဲ့သို့ ခံစားရကာ အသက်ရှူရခက်ခဲသွားသည်၊၊ ကြယ်နက်ပန်းပဲဖိုနေရာသည် တုန်ခါသွားပြီး သူ၏ အသိစိတ်လှုပ်ရှားမှုကို ပြန်လည်ပဲ့တင်ထပ်နေပုံရသည်၊၊
“ငြိမ်စမ်း… ငြိမ်စမ်း… တည်ငြိမ်စမ်း”
လင်းရှန်သည် လည်ပင်းကို ရုတ်တရက် ကျုံ့လိုက်ပြီး ကြယ်နက်ပန်းပဲဖိုအာကာသထဲတွင် ဝဲပျံနေရင်း သူ၏ ရှုပ်ထွေးနေသောအသိစိတ်ကို တည်ငြိမ်စေရန် မျက်လုံးများကို အတင်းဖြဲလိုက်သည်၊၊ သို့သော် တစ်စက္ကန့်မျှအကြာတွင် ထိုမူးဝေသော ခံစားချက်မှာ လုံးဝပျောက်ကွယ်သွားပြီး ကြယ်နက်ပန်းပဲဖိုထဲတွင် ဗိုင်အိုလာ၏ ကြည်လင်သောအသံက ပဲ့တင်ထပ်လာသည်၊၊
[ရှင့်ရဲ့ အသိစိတ်နဲ့ ချိတ်ဆက်ပြီးပါပြီ၊၊ နှောင့်နှေးမှုနှုန်းက သုညနီးပါးအထိရှိပါတယ်၊၊ ဂုဏ်ယူပါတယ်၊၊ အစီအစဉ်က အောင်မြင်နိုင်ပါတယ်]
“ဒါပေါ့၊၊ ငါ အရင်က ငွေကျည်ဆန်နဲ့ ဂရေ့စ်တို့နဲ့ စမ်းသပ်ဖူးတယ်”
ယခုအချိန်တွင် လင်းရှန်၏ မျက်လုံးသူငယ်အိမ်ထဲတွင် စူပါကွန်ပျူတာ၏ အပြာရောင်အလင်းတန်းများ လက်ခနဲဖြစ်သွားပြီး သူ၏ ဦးနှောက်ထဲတွင် မီးရှူးမီးပန်းများပေါက်ကွဲနေသကဲ့သို့ ခံစားလိုက်ရသည်၊၊ ဗိုင်အိုလာ၏ တွက်ချက်မှုဗဟိုချက်ကို ရရှိပြီးနောက် လင်းရှန်သည် သူ၏ အတွေးအမြင်များမှာ အဆပေါင်းသန်းတစ်ထောင်ခန့် မြန်ဆန်လာသည်ကို တွေ့ရှိလိုက်ရပြီး အဝေးတွင် သိမ်းဆည်းထားသော အနန္တရထားကို သူကြည့်လိုက်ရုံမျှဖြင့် အတွေးတစ်ချက်အတွင်းမှာပင် အနန္တရထားကို လေထုထဲမှ လွှတ်တင်ရန်၊ ကမ္ဘာပတ်လမ်းကြောင်းအနီးလှည့်ပတ်ရန်နှင့် ပြန်လည်ဆင်းသက်ရန် တွက်ချက်မှုအစီအစဉ်တစ်ခုကို သူ မမျှော်လင့်ဘဲ ပုံဖော်တွက်ချက်နိုင်ခဲ့သည်၊၊
ထို့ပြင် သူသည် ဤအရာကို ရည်ရွယ်ချက်ရှိရှိစဉ်းစားခဲ့ခြင်း မဟုတ်ဘဲ ပြဿနာတစ်ခုပေါ်လာသည်နှင့် အဖြေက သူ့စိတ်ထဲတွင် ချက်ချင်းပေါ်ထွက်လာခြင်းဖြစ်သည်၊၊
“ဝိုး… ဒါက စူပါကွန်ပျူတာရဲ့ စွမ်းအားလား”
ပြင်းထန်လှသော တွက်ချက်မှုစွမ်းအားက လင်းရှန်ကို စွမ်းအားကြီးမားသောအချက်အလက်အမြင်တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်ပြီး ဗိုင်အိုလာ ထိန်းချုပ်ထားသော ဒရုန်း ၃၂၈၉ စင်းနှင့် ကောင်းကင်အမိုးခုံးရထား၏ ထိန်းချုပ်မှုစနစ်ခွဲအားလုံးနှင့် မီလီစက္ကန့်အတွင်း ချိတ်ဆက်ပေးလိုက်သည်၊၊ ဤအခြေအနေတွင် လင်းရှန်သည် ဗိုင်အိုလာနှင့် အမှန်တကယ်ပေါင်းစည်းသွားခြင်းဖြစ်ပြီး ယခု ဒရုန်းအားလုံးကို လွယ်ကူစွာထိန်းချုပ်နိုင်ကာ ဒရုန်းအားလုံး၏ စောင့်ကြည့်မြင်ကွင်းအချက်အလက်အားလုံးကို တစ်ပြိုင်နက်စီမံဆောင်ရွက်နိုင်ပြီဖြစ်ပြီး မူးဝေခြင်းကို မခံစားရတော့ပေ၊၊ ယင်းအစား အရာအားလုံးကို အမိန့်ပေးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ထိန်းချုပ်မှုခံစားချက်ကို ရရှိလိုက်သည်၊၊
ဖန်ဆင်းရှင်တစ်ယောက်၏ အမြင်မျိုးဖြင့် ကြည့်ရှုနေရသကဲ့သို့ပင်။
“ငါ ဒါကို စောစောကတည်းက လုပ်ခဲ့သင့်တာ… ဒါမှပဲ စစ်တပ်အားလုံးကို စိတ်ကြိုက်စေခိုင်းနိုင်တဲ့ ယန္တရားအရှင်သခင်တစ်ယောက်နဲ့ ပိုတူမှာ၊၊ ဒါပေမဲ့ အခုလည်း သိပ်တော့ နောက်မကျသေးပါဘူး”
“အဟွတ်... အဟွတ်... အခု ငါ့အတွေးတွေ အရမ်းမြန်နေတာပဲ၊၊ ဟွာရှောင်လင်းလား... သူမ ဒီနေရာကို တမင်ရောက်လာတာနဲ့ ပြောခဲ့တဲ့ စကားတွေအရ ငါ့စိတ်ထဲမှာ ဖြစ်နိုင်ခြေပေါင်း ၉၆၅၁ ခု ဘယ်လိုလို့ ရုတ်တရက် ပေါ်လာရတာလဲ၊၊ ဟင်... ဟွာရှောင်လင်းအကြောင်း ငါသိထားတာတွေ၊ ချင်းရွှေမြို့အပေါ် ခွဲခြမ်းစိတ်ဖြာချက် ၉၈၅ ခု၊ ပြီးတော့ ဖီးနစ်ကို သုံးပြီး အမှောင်ဂိုဏ်းရဲ့ ထောက်လှမ်းရေးသတင်းအားလုံးကို စုံစမ်းခိုင်းဖို့ ၁၂ ခု... ကောင်းပြီ၊၊ ငါ သတိမထားမိခဲ့တဲ့ အသေးစိတ်အချက်အလက်တွေ အများကြီးရှိနေပါလား၊၊ ဒါပေမဲ့ အခုတော့ အဓိကအလုပ်ကိုပဲ အာရုံစိုက်ရအောင်”
“ဗိုင်အိုလာ… ငါ့ကို ကွမ်တမ်ကွန်ပျူတာနေရာလွတ်အနည်းဆုံး ၆၀၀၀ စီမံခန့်ခွဲပိုင်ခွင့်ပေးပါ”
[ရှင့်ရဲ့ ဂရေ့စ်နဲ့ ချိတ်ဆက်မှုက ဦးနှောက်-ကွန်ပျူတာ အသိစိတ်လှိုင်းကို အမှောင်စွမ်းအင်လှုပ်ခတ်မှုတွေနဲ့ ပေါင်းစပ်ပြီး ဘာသာပြန်ပြောင်းလဲတာဖြစ်ပါတယ်၊၊ အဲဒီအထဲက ငွေကျည်ဆန်ရဲ့ အသိစိတ်ချိတ်ဆက်မှုကိုတော့ ထိရောက်စွာ မတွက်ချက်နိုင်ပါဘူး၊၊ ဒါပေမဲ့ ရှင့်ရဲ့ အသိစိတ်တွက်ချက်မှုအတွက် ကျွန်မရဲ့ ကွမ်တမ်ဗဟိုချက်ကို တိုက်ရိုက်ခေါ်ယူသုံးစွဲနိုင်ပါတယ်၊၊ ဒါက အသိစိတ်ခွဲခြမ်းခြင်းဆိုင်ရာစည်းမျဉ်းကို လုံးဝချိုးဖောက်နေတာဖြစ်ပါတယ်၊၊ ဘာလို့လဲဆိုတော့ ရှင့်ရဲ့ အသိစိတ်က ကွန်ရက်ပေါ်ကို တင်ထားတာမဟုတ်ဘဲ ဇီဝရုပ်ခန္ဓာအဖြစ် ရှိနေသေးလို့ပါပဲ]
ဗိုင်အိုလာက သတိပေးလာသည်၊၊