← Chapters

အခန်း (၅၉၇-၅၉၈)

Vol. 51 Ch. 597-598

အခန်း (၅၉၇-၅၉၈)

Vol. 51 Ch. 597-598

အပိုင်း (၅၉၇)

“ပစ်....”

“ပစ်...”

နောက်ဆက်တွဲ အနေဖြင့် ရေတပ် နှစ်ဖွဲ့သည် မီတာ နှစ်ရာကျော် အကွာအဝေးတွင် အရူးအမူးဖြင့် အပြန်အလှန် ပစ်ခတ်နေကြတော့၏။

ယခုအချိန်တွင်မှ ယွင်ကျုံးဟဲ့သည် လီဟွာမေ၏ ရေတပ်က အမှန်တကယ်ပင် ပိုမို အစွမ်းထက်ပြီး ကဏ္ဍတိုင်းတွင် ပိုမို ထူးချွန်ကြောင်း သိရှိသွားတော့သည်။

စစ်သင်္ဘောများက ပိုမို ခေတ်မီ တိုးတက်ပြီး၊ လက်နက်များက ပိုမို အစွမ်းထက်ကာ၊ လူများ၏ တိုက်ခိုက်ရေး စွမ်းရည်ကလည်း ပိုမို မြင့်မား၏။

အထူးသဖြင့် ဧရာမ မြို့သိမ်းဒူးလေးကြီးများသည် ပိုမို ဝေးကွာစွာ ပစ်ခတ်နိုင်ပြီး အဖျက်စွမ်းအားလည်း ပိုမို ကြီးမားကာ ပိုမို တိကျသည်။

ထိုမြင်ကွင်းမှာ ခမ်းနားကြီးကျယ်လှသော်လည်း မကြာခင် ပျင်းရိဖွယ်ကောင်းလာတော့သည်။ မြင်ကွင်းအရ ဆိုပါက မည်မျှပင် ကြည့်ရှုသော်လည်း မဝနိုင်လောက်အောင် ဖြစ်သည်။ နှစ်ဖက်စလုံးမှ အသည်းအသန် ပစ်ခတ်တိုက်ခိုက်နေကြရာ၊ တစ်ကြိမ်ပစ်ခတ်လိုက်တိုင်းတွင်လည်း မိုးသက်မုန်တိုင်း ကျရောက်လာ သကဲ့သို့ပင်။

ဤအခြေအနေမှာ ခေတ်သစ်ရေတပ်တိုက်ပွဲများ၏ အစပျိုးပုံနှင့်ပင် ဆင်တူနေသည်။ မရေမတွက်နိုင်သော ဧရာမမြားကြီးများမှာ လေထုထဲတွင် မျဉ်းဖြောင့်အတိုင်း ဖြတ်သန်းသွားကြကာ လျှပ်စီးတန်းများအလား အသည်းအသန် သတ်ဖြတ်နေကြ၏။ သို့သော် စစ်ပွဲ၏ရလဒ်မှာမူ အလွန်ပင် ငြီးငွေ့ဖွယ် ကောင်းလှသည်။

ဆယ်မိနစ်ကျော်ခန့် အသည်းအသန် အပြန်အလှန် ပစ်ခတ်ခဲ့ကြသော်လည်း စစ်သင်္ဘောတစ်စင်းမှ နစ်မြုပ်သွားခြင်း မရှိသေးပေ။

ဤရလဒ်ကို ယွင်ကျုံးဟဲ့မှာလည်း ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမြောက်များ အသုံးပြုသည့် ခေတ်ကာလတွင်ပင် ဤကဲ့သို့ ဖြစ်တတ်၍ ဖြစ်သည်။

အစိုင်အခဲ အမြောက်ဆံများဖြင့် နာရီပေါင်းများစွာ အပြန်အလှန် ပစ်ခတ်နေကြလျှင်ပင် ရန်သူ့စစ်သင်္ဘော တစ်စင်းကို နစ်မြုပ်အောင် ပြုလုပ်နိုင်ရန် ခက်ခဲ၏။

ထို့အပြင် စိတ်ကူးယဉ်ထားသည့်အတိုင်း ရန်သူ့သင်္ဘောပေါ်သို့ ခုန်တက်၍ ဓားချင်းယှဉ်တိုက်ခိုက်သည့် တိုက်ပွဲမျိုးမှာလည်း ဖြစ်ပေါ်မလာသေးပေ။

ရေတပ်မှာ ပိုမိုခေတ်မီ တိုးတက်လာလေလေ၊ လူအင်အား ပိုမိုနည်းပါးလာလေလေ ဖြစ်သည်။ စီးပြန်း၏ ပူးပေါင်းရေတပ်တွင် လူအင်အား တစ်သိန်းရှစ်သောင်း ရှိနေခြင်းမှာ မည်သည့်အတွက်နည်း။ အားလုံးမှာ ရန်သူ့သင်္ဘောပေါ်သို့ ခုန်တက်၍ ဓားချင်းယှဉ်တိုက်ခိုက်ရန် ပြင်ဆင်ထားကြခြင်း ဖြစ်သည်။ လီဟွာမေ၏ ရေတပ်တွင်လည်း ထိုနည်းအတိုင်းပင်။

မဟုတ်ပါက ဧရာမကျောက်ခဲပစ်စက် တစ်ရာကျော်နှင့် မြို့သိမ်းဒူးလေးကြီး တစ်ထောင်ခန့်အတွက် မည်သည့်အတွက်ကြောင့် လူအင်အားများစွာ လိုအပ်မည်နည်း။ သို့သော်လည်း ရန်သူ့သင်္ဘောပေါ်သို့ ခုန်တက်၍ တိုက်ခိုက်ရန်မှာ ရန်သူ့သင်္ဘောနှင့် အနီးကပ်ဆုံးသို့ ချဉ်းကပ်နိုင်ရန် လိုအပ်သည်မဟုတ်ပါလား။

“ကိုက်ခဲထား... ကိုက်ခဲထား...” ဗုံသံများ နှင့် အလံပြသံများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။

ရန်သူ့ ရေတပ်မှ မရေမတွက်နိုင်သော လှေငယ်များသည် ဝံပုလွေအုပ်ကဲ့သို့ ပြေးဝင်လာပြီး လီဟွာမေ၏ ရေတပ်နှင့် အနီးကပ် တိုက်ခိုက်ရန် ကြိုးစားနေကာ သင်္ဘောပေါ်သို့ တက်ရောက် တိုက်ခိုက်ရန် ပြင်ဆင် နေကြပြီး ဧရာမ သင်္ဘောကြီးများကတော့ ဆက်လက်၍ အပြန်အလှန် ပစ်ခတ်နေကြသည်။

ထိုစဉ်က ပါရှန်းရေတပ်၏ ဧရာမသင်္ဘောကြီးများသည် ဂရိလှေငယ်လေးများ၏ အနိုင်ယူခြင်းကို ခံခဲ့ရဖူးသည်။ သို့သော်လည်း ထိုဖြစ်စဉ်မှာ ကျဉ်းမြောင်းသည့် ရေလက်ကြားအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။

ယခုနေရာမှာမူ ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီး ဖြစ်နေ၏။ လီဟွာမေ၏ စစ်သင်္ဘောများသည် အရွယ်အစား ကြီးမားသော်လည်း အလွန်ပင် သွက်လက်လှသည်။

အမြန်နှုန်းမှာ လျင်မြန်ရုံသာမက လှည့်ပတ်သွားလာရာတွင်လည်း အလွန် လွယ်ကူချောမွေ့သည်။ အရေး အကြီးဆုံးအချက်မှာ သင်္ဘော၏အမြင့်မှာ အလွန် မြင့်မားနေခြင်း ဖြစ်၏။

အမြင့်ဆုံးကုန်းပတ်မှာ ဆယ်မီတာခန့်ရှိပြီး မြို့ရိုးတစ်ခုပမာ မြင့်မားနေသောကြောင့် သင်္ဘောပေါ်သို့ တက်ရောက်ရန်မှာ အလွန် ခက်ခဲလှပေသည်။

လီဟွာမေ၏ ရေတပ်ကြီးသည် ဆက်လက်၍ အရူးအမူး ပစ်ခတ်နေပြီး ရန်သူ၏ ဧရာမ သင်္ဘောကြီး များကိုသာ ပစ်မှတ်ထားကာ ပြေးဝင်လာသော ပင်လယ်ဓားပြ လှေငယ်များကိုမူ လုံးဝ ဂရုမစိုက်ချေ။

မကြာမီမှာပဲ သူမ၏ စစ်သင်္ဘောတိုင်းသည် ဝိုင်းရံခံလိုက်ရသည်။ သူမတွင် စစ်သင်္ဘော စုစုပေါင်း ငါးဆယ်သာ ရှိပြီး စီးပြန်း၏ ပူးပေါင်း ရေတပ်ဘက်တွင်မူ သင်္ဘောကြီးငယ် အစင်း ငါးရာကျော် ရှိသည်။

ပျမ်းမျှအားဖြင့် စစ်သင်္ဘော တစ်စင်းကို ပင်လယ်ဓားပြ လှေငယ် သုံးလေးစင်းခန့် ဝိုင်းရံထားကြသည်။ သို့သော်လည်း ထိုအချိန်မှစ၍ ဝမ်းနည်းစရာ ဇာတ်လမ်းများ စတင်ခဲ့တော့၏။

ထိုပင်လယ်ဓားပြလှေငယ်များ၏ အရွယ်အစားမှာ စစ်သင်္ဘောကြီးများနှင့် ယှဉ်လျှင် ဆယ်ပုံတစ်ပုံမျှပင် မရှိပေ။ လီဟွာမေ၏ ဧရာမ စစ်သင်္ဘောကြီးများသည် တရှိန်ထိုး ဝင်တိုက်လိုက်ကြတော့သည်။

“ဝုန်း...”

ဧရာမ အသံကြီး ထွက်ပေါ်လာပြီးနောက် အတိုက်ခံရသော ပင်လယ်ဓားပြ လှေငယ်များသည် အလယ်မှနေ၍ တိုက်ရိုက် ကွဲထွက်သွားခြင်း သို့မဟုတ် တိုက်ရိုက် ကြိတ်ခြေခံလိုက်ရတော့၏၊

လီဟွာမေ၏ ဧရာမ စစ်သင်္ဘောကြီးများ၏ သင်္ဘောဦးပိုင်းတွင် သံမဏိများ တပ်ဆင်ထားသည် မဟုတ်ပါလား။

ထိုပင်လယ်ဓားပြလှေငယ်များသည် သွက်လက်ချက်ရှိသည်မှာ မှန်သော်လည်း အမြန်နှုန်းမှာမူ လီဟွာမေ၏ ဧရာမသင်္ဘောကြီးများလောက် မမြန်ဆန်ပေ။ ထို့ကြောင့် ဝင်ရောက်တိုက်ခိုက်လာသည့် အခါမျိုးတွင် ရှောင်တိမ်းရန်မှာ လုံးဝမဖြစ်နိုင်သလောက် ခက်ခဲလှသည်။

“သင်္ဘောပေါ် တက်... သင်္ဘောပေါ် တက်...”

မရေမတွက်နိုင်သော ပင်လယ်ဓားပြများနှင့် စီးမိသားစု၏ စစ်သည်များသည် လီဟွာမေ၏ ဧရာမ သင်္ဘောကြီးများပေါ်သို့ တက်ရောက်ရန် အသေအလဲ ကြိုးစားနေကြသည်။ သို့သော်ငြား သင်္ဘောများက အရမ်းကို မြင့်လွန်းနေ၏။ ‘ဒါက မြို့သိမ်း တိုက်ပွဲနဲ့ ဘာကွာခြားလို့လဲ။’

သို့ပေမည့် ထိုသို့ဖြစ်လင့်ကစား စီးပြန်း၏ ပူးပေါင်း ရေတပ်သည် အသက်ကို ပဓာနမထားသော သူများ ဖြစ်ကြသောကြောင့် မရေမတွက်နိုင်သော ပင်လယ်ဓားပြများသည် ကြိုးများကို အသုံးပြုကာ ပုရွက်ဆိတ် များကဲ့သို့ တက်ရောက်လာကြသည်။

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

ကုန်းပတ်ပေါ်မှ ဒူးလေးမြားတံများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာပြီး အပေါ်မှနေ၍ အရူးအမူး ပစ်ခတ်လိုက်ရာ ဧရာမ သင်္ဘောကြီးများကို တွယ်တက်နေသော ပင်လယ်ဓားပြများ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျသွားကြတော့၏။

ပင်လယ်ပြင် တစ်ခုလုံးတွင် စစ်မြေပြင်နှစ်ခု ထွက်ပေါ်လာတော့၏။ တစ်ခုမှာ နှစ်ဖက်စလုံး၏ ဧရာမ သင်္ဘောကြီးများ၏ ခမ်းနားကြီးကျယ်သော အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အခြားတစ်ခုမှာ လီဟွာမေ၏ ဧရာမ သင်္ဘောကြီး တစ်စင်းချင်းစီပေါ်မှ စစ်သည်များက ရန်သူ့ သင်္ဘောပေါ်ကို ခုန်တက်ပြီး ဓားချင်းယှဉ် တိုက်ခိုက်သည့် တိုက်ပွဲ ဖြစ်သည်။

ဤသို့ဖြင့် နှစ်ဖက်စလုံး အရူးအမူး အပြန်အလှန် ပစ်ခတ်နေကြသည်မှာ နှစ်နာရီ၊ သုံးနာရီခန့် ကြာမြင့် သွားခဲ့၏။

လီဟွာမေ၏ ရေတပ်နှင့် ကျိုးလီ၏ ရေတပ် ပေါင်းလိုက်လျှင် လူအင်အား လေးသောင်းသာရှိပြီး ရန်သူ၏ လေးပုံတစ်ပုံပင် မရှိသော်လည်း ကြီးမားသော အားသာချက်များကို ရရှိထားဆဲ ဖြစ်၏။ တစ်နည်းအားဖြင့် ပြောရလျှင် ရန်သူကို ဖိနှိပ် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဧရာမ သင်္ဘောကြီးများ၏ အပြန်အလှန် ပစ်ခတ်မှုတွင် နောက်ဆုံး၌ ပထမဆုံး အောင်မြင်မှု ထွက်ပေါ် လာတော့၏။

စီးပြန်း၏ ရေတပ်မှ ဧရာမ စစ်သင်္ဘောကြီး တစ်စင်းသည် နောက်ဆုံးတွင် ဆက်လက် တောင့်မခံနိုင်တော့ဘဲ မီးတောက်များကိုလည်း မငြိမ်းသတ်နိုင်တော့သောကြောင့် ရွက်များ မီးလောင်ကျွမ်းသွားကာ ပင်လယ်ပြင်တွင် လှည့်ပတ်နေပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားတော့သည်။

ထို့အပြင် ပင်လယ်ရေများ အဆက်မပြတ် ဝင်ရောက်လာသောကြောင့် နစ်မြုပ်သွားရန်မှာ အချိန် ပြဿနာ သက်သက်သာ ဖြစ်၏။

နှစ်နာရီ၊ သုံးနာရီခန့် တိုက်ခိုက်ပြီးနောက် နောက်ဆုံးတွင် ဧရာမ သင်္ဘောကြီး တစ်စင်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဆက်လက်၍ ဒုတိယ တစ်စင်း၊ တတိယ တစ်စင်း။

လီဟွာမေ၏ ရေတပ်သည်လည်း ဒဏ်ရာများ ပြည့်နှက်နေပုံ ရသော်လည်း နစ်မြုပ်သွားမည့် အရိပ်အယောင် လုံးဝ မရှိဘဲ အပေါ်ယံ ဒဏ်ရာများသာ ဖြစ်ပုံရ၏။

အကြောင်းမူ သူမ၏ စစ်သင်္ဘောများမှာ အလွန် ခိုင်မာလွန်းလှပြီး စီးပြန်း၏ ရေတပ်တွင်လည်း အလွန် အစွမ်းထက်သော ရေနံဗုံးများ မရှိသောကြောင့် ဖြစ်သည်။

ကျိန့်ဟိုင်မြို့စား စီးပြန်းသည် သေကြေဒဏ်ရာရမှုများကို အံကြိတ် ခံစားရင်း မူလ စစ်ရေးဗျူဟာ အတိုင်းသာ ဆက်လက် အကောင်အထည် ဖော်နေပြီး အရင်ဆုံး တန်းစီကာ ဝိုင်းရံ ပိတ်ဆို့ရန် ကြိုးစားနေ၏။

သူ၏ စစ်သင်္ဘောများမှာ ထိုမျှလောက် အစွမ်းမထက်၊ ခေတ်မမီသော်လည်း လီဟွာမေ၏ ရေတပ် ထက် လူအရေအတွက် လေးဆ ပိုများပြီး စစ်သင်္ဘော အရေအတွက်မှာလည်း ဆယ်ဆကျော် ပိုများသည်။

လီဟွာမေ၏ ရေတပ်ကို လုံးဝ ဝိုင်းရံ ပိတ်ဆို့လိုက်နိုင်သရွေ့ အောင်ပွဲ၏ ချိန်ခွင်လျှာသည် သူ စီးပြန်းဘက်သို့ ယိမ်းယိုင်သွားမှာဖြစ်၏။

ထို့ကြောင့် ယခုအခါ ကျိန့်ဟိုင်မြို့စား စီးပြန်းသည် လီဟွာမေက လောဘတကြီးဖြင့် ဆက်လက် တိုက်ခိုက်မည်ကို မျှော်လင့်နေသည်။

လီဟွာမေ၏ ရေတပ်ကို သူ လုံးဝ ဝိုင်းရံ ပိတ်ဆို့လိုက်နိုင်သည်နှင့် တပြိုင်နက် ဆုတ်ခွာချင်လျှင်တောင် အချိန်မီတော့မည် မဟုတ်ချေ။

သူ၏ ဝိုင်းရံ ပိတ်ဆို့မှုသည် မကြာမီ ပြီးပြည့်စုံသွားတော့မှာဖြစ်ပြီး ကြီးမားသော သေကြေဒဏ်ရာရမှုများကို ပေးဆပ်ကာ ကြီးမားသော ဝိုင်းရံ ပိတ်ဆို့မှုကြီးကို မကြာမီ အပြီးသတ်နိုင်တော့မှာဖြစ်သည်။

သို့ပေမည့် ထိုအချိန်တွင် လီဟွာမေက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်၏။ “ယာယီ ဆုတ်ခွာကြ...”

ထို့နောက် လီဟွာမေ၏ အစွမ်းထက်သော ရေတပ်ကြီးသည် အမြန်နှုန်း မြင့်မားမှုနှင့် သွက်လက်မှုများကို အသုံးပြုကာ အလွယ်တကူ ဆုတ်ခွာသွားတော့သည်။

စီးပြန်း၏ ပူးပေါင်း ရေတပ်ကြီးသည် ဝိုင်းရံ ပိတ်ဆို့မှုကို ရှစ်ဆယ် ရာခိုင်နှုန်းအထိ ပြီးပြည့်စုံနေပြီ ဖြစ်သော်လည်း လီဟွာမေ၏ ရေတပ်ကြီး ဆုတ်ခွာသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ဘဲ ယခင်က ပင်ပန်းဆင်းရဲ ခံခဲ့ရမှုများ အားလုံး အလဟဿ ဖြစ်သွားတော့၏။

ပထမဆုံး တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ အကြောင်းမူ မိုးလည်း မှောင်လာတော့မည် ဖြစ်သောကြောင့်ပင်။

ကျိန့်ဟိုင်မြို့စား စီးပြန်းသည် သေကြေဒဏ်ရာရမှုများကို စာရင်းပြုစုလိုက်ရာ စစ်သင်္ဘော အစင်း ငါးဆယ်ကျော် ဆုံးရှုံးသွားကြောင်း တွေ့ရှိလိုက်ရသည်။

သေချာပေါက် အများစုမှာ လှေငယ်များ ဖြစ်ကြပြီး တကယ့် ဧရာမ သင်္ဘောကြီးများမှာ သုံးစင်း ဆုံးရှုံး သွားခြင်း ဖြစ်သည်။ လူ သေကြေဒဏ်ရာရမှုမှာမူ အလွန် ကြောက်စရာ ကောင်းလှပြီး နှစ်သောင်းခွဲကျော်ခန့် ရှိ၏။

လီဟွာမေဘက်မှ ကျဆုံးမှုနှင့် ဒဏ်ရာရရှိမှု အခြေအနေကို အတိအကျ မသိရသေးသော်လည်း၊ အထိအခိုက် အလွန်နည်းပါးမည်မှာ သေချာသလောက် ရှိသည်။

အကြောင်းမှာ သူမ၏ စစ်သင်္ဘောများသည် အရွယ်အစား အလွန်ကြီးမားရုံသာမက တည်ဆောက်ပုံမှာလည်း အလွန်ပင် ခိုင်မာတောင့်တင်းလှသောကြောင့် ဖြစ်၏။

“ခမည်းတော်... သားတော်က ဝန်မခံချင်ပေမယ့်... ကျုပ်တို့က လီဟွာမေကို အနိုင်ယူဖို့ အရမ်း ခက်ခဲတယ်။”

စီးချန်က ပြောလိုက်သည်။ “ပိုင်ယွင်မြို့ရဲ့ စစ်သင်္ဘောတွေက အရမ်းကို ခေတ်မီ တိုးတက်လွန်းတယ်။ ကြီးမားတဲ့ အရွယ်အစားရှိပြီး ခိုင်မာတဲ့အပြင် မြန်ဆန်ပြီး သွက်လက်နေသေးတယ်။ ပြီးတော့ လီဟွာမေ ကလည်း လောဘမကြီးဘဲ ဆက်ပြီး မတိုက်ခိုက်တော့ သူမကို ဝိုင်းရံ ပိတ်ဆို့ပြီး အကုန်အစင် ဖျက်ဆီးပစ်ဖို့ ဆိုတာ အရမ်းကို ခက်ခဲတယ်။

ကျုပ်တို့ရဲ့ ဧရာမ မြို့သိမ်းဒူးလေးကြီးတွေ၊ ကျောက်ခဲပစ်စက်တွေရဲ့ အဖျက်စွမ်းအားတွေကလည်း လီဟွာမေရဲ့ ရေတပ်ကို မယှဉ်နိုင်ဘူး။ ကျုပ်တို့ရဲ့ အကြီးမားဆုံး အားသာချက်က လူများတာဖြစ်ပြီး ရန်သူ့ သင်္ဘောပေါ်ကို ခုန်တက်ပြီး ဓားချင်းယှဉ် တိုက်ခိုက်လို့ ရတယ်။ ဒါပေမဲ့ သူ့ရဲ့ စစ်သင်္ဘောတွေက ဒီလောက် ကြီးမားပြီး မြို့ရိုးတွေလို ဖြစ်နေတော့ အရမ်းကို ခက်ခဲတယ်။

ပြီးတော့ လီဟွာမေ လက်အောက်က စစ်သည်တွေကလည်း မြားပစ်တာ အရမ်းကို တိကျလွန်းတယ်။ ဒါကြောင့် ကျုပ်တို့က သူ့ထက် လူလေးဆ ပိုများပေမယ့် လူများပြီး သင်္ဘောများတဲ့ အားသာချက်ကို လုံးဝ အသုံးချလို့ မရဘူး။”

စီးချန် ပြောသော ဤအချက်များကို ကျိန့်ဟိုင်မြို့စား စီးပြန်းလည်း သိရှိထားပြီး ပို၍ပင် ရှင်းလင်းစွာ နားလည်ထား၏။

ပိုင်ယွင်မြို့၏ ရေတပ်မှာ အလွန် အစွမ်းထက်လွန်းသောကြောင့် အခြားနိုင်ငံများ အနေဖြင့် လိုက်မီရန် အလွန် ခက်ခဲလှသည်။

“နောက်ဆက်တွဲ အနေနဲ့ ဆက်မတိုက်နဲ့တော့။ အကွာအဝေးကို ထိန်းသိမ်းထားပြီး လီဟွာမေရဲ့ ရေတပ်ကို အသေအလဲ ကိုက်ခဲထားရုံပဲ။”

ကျိန့်ဟိုင်မြို့စား စီးပြန်းက ပြောလိုက်၏။ “ပိုင်ယွင်မြို့ရဲ့ ရေတပ်ကို စောင့်မယ်။ ပိုင်ဖေးဖေးကို စောင့်မယ်။”

သူသည် သတင်းပို့မည့် အမြန်ရေယာဉ် ဆယ်စင်းကျော်ခန့်ကို စေလွှတ်လိုက်ပြီဖြစ်ပြီး ရက်အနည်းငယ် အကြာတွင် ပိုင်ယွင်မြို့က သတင်းရရှိမည်ဖြစ်ကာ ပိုင်ဖေးဖေးလည်း လီဟွာမေ မသေသေးကြောင်းနှင့် တာ့ကျိုးအင်ပါယာ၏ ပြည်တွင်းစစ်ကို ကျော်ဖြတ် ဝင်ရောက်လာကြောင်း သိရှိသွားမှာဖြစ်သည်။

ထိုအချိန်ကျလျှင် ပိုင်ဖေးဖေးသည် ပိုင်ယွင်မြို့၏ အဓိက ရေတပ်ကြီးကို ဦးဆောင်ကာ သေချာပေါက် ရောက်ရှိလာမှာဖြစ်၏။

ထိုအချိန်ရောက်ချိန်မှာတော့ လီဟွာမေ၏ ရေတပ်သည် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံရမှာဖြစ်ပြီး သေချာပေါက် သေဆုံးသွားပေလိမ့်မည်။

သို့ပေမည့် အသွားအပြန် အချိန်မှာ အနည်းဆုံး ဆယ်ရက်ကျော်ခန့် ကြာမြင့်မှာ ဖြစ်သည်။ ထို့ကြောင့် နောက်ဆယ်ရက်အတွင်း စီးပြန်း၏ ပူးပေါင်း ရေတပ်၏ တာဝန်မှာ လီဟွာမေ၏ ရေတပ်ကို အသေအလဲ ကိုက်ခဲထားရန်သာ ဖြစ်ပြီး အကွာအဝေး အများကြီး ကွာဟမသွားစေရန် ထိန်းချုပ်ရမည်ဖြစ်ကာ တိုက်ပွဲ ဝင်မည် မဟုတ်တော့ချေ။

...................

အပိုင်း (၅၉၈)

ညမိုးချုပ်လာတော့၏။

အိမ်ရှေ့စံမင်းသား ကျိုးလီသည် နောက်ဆုံးတွင် လီဟွာမေ၏ ခေါင်းဆောင် သင်္ဘောပေါ်သို့ ရောက်ရှိလာခွင့် ရရှိသွားတော့၏။ ယွင်ကျုံးဟဲ့သည် မျက်စိရှေ့ရှိ ဤလူမှာ ယခင်က ယဉ်ကျေးသိမ်မွေ့ပြီး ခန့်ညားလှသော အိမ်ရှေ့စံမင်းသား ကျိုးလီဖြစ်ကြောင်း လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။

လုံးဝ အရိုးပေါ် အရေတင် ဖြစ်နေပြီး အလွန်အမင်း ညှိုးနွမ်းနေကာ လေတစ်ချက် တိုက်လိုက်လျှင်ပင် လွင့်စင်သွားမည့် အခြေအနေမျိုး ရှိနေ၏။

‘သူ့ ကိုယ်အလေးချိန်က ပေါင် ကိုးဆယ်ကျော်လောက်ပဲ ရှိတော့မယ် ထင်တယ်။’

“နုလန်ဟောက်... ကျုပ် ရေချိုးပြီးသွားပြီ၊ ဆံပင်လည်း ဖီးပြီးသွားပြီ၊ မုတ်ဆိတ်မွေးတွေလည်း ရိတ်ပြီးသွားပြီ၊ အဝတ်အစား အသစ်လည်း လဲပြီးသွားပြီ။ ဒါပေမဲ့ ခင်ဗျားကို လန့်သွားစေတုန်းပဲ မဟုတ်လား။” ကျိုးလီက ပြုံးလျက် ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား... ခင်ဗျားက ကျုပ် ထင်ထားတာထက် အများကြီး ပိုပြီး သနားစရာ ကောင်းနေပါလား။”

“ဟား... ဟား... ဟား......”

ကျိုးလီက ပြောလိုက်သည်။ “အရင်က ပိုပြီး သနားစရာ ကောင်းလေလေ၊ အခု ပိုပြီး ပျော်စရာ ကောင်းလေလေပါပဲ။ အောင်ပွဲရဲ့ အရသာက ဒီလောက်တောင် ကောင်းလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မထင်ထားခဲ့ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျား အိပ်မပျော်တာ ရက်အတော်ကြာနေပြီ မဟုတ်လား။ ကျုပ်တို့ နှစ်ယောက် အားနာနေစရာ မလိုဘူး။ စားသောက်ပြီးရင် သွားအနားယူလိုက်ပါတော့။”

ကျိုးလီသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် အသားများကို စားကာ အရက်များကို သောက်နေပြီး မြန်မြန်ဆန်ဆန် စားသောက်နေသော်လည်း အမူအရာကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ အကြောင်းမူ လီဟွာမေလည်း ထိုနေရာတွင် ရှိနေသောကြောင့်ပင်။

“အခု ကျုပ် အရမ်း အိပ်ချင်နေပေမယ့် စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်ဘူး ဖြစ်နေတယ်။”

ကျိုးလီက ပြုံးလျက် ပြောလိုက်၏။ “အပြင်ဘက်က ညီအစ်ကိုတွေ အော်ဟစ်နေတဲ့ အသံတွေကို ခင်ဗျား ကြားလား။ နားမလည်နိုင်အောင် ဖြစ်နေတာပဲ။ ကျုပ် မျှော်လင့်တာကတော့ သူတို့တွေ အရမ်း အများကြီး စားပြီး ညဘက် အိပ်မပျော်တာမျိုး မဖြစ်ဖို့ပါပဲ။”

“အရက် မသောက်ရတာ တစ်နှစ် နီးပါးလောက် ရှိသွားပြီ။”

ကျိုးလီသည် စပျစ်ဝိုင်ခွက်ကို ကိုင်ကာ မူးယစ်နေသည့် ပုံစံမျိုး ပြသနေပြီးနောက် ယွင်ကျုံးဟဲ့နှင့် လီဟွာမေ တို့ကို ခွက်မြှောက်ပြကာ ပြောလိုက်သည်။ “ကြီးမားတဲ့ ကျေးဇူးတွေအတွက် ကျေးဇူးတင်စကား မပြောတော့ဘူး။”

ယွင်ကျုံးဟဲ့လည်း ပြုံးလျက် ခွက်မြှောက်ကာ မော့သောက်လိုက်၏။

“ညီလေး အောက်ယွီ... ခင်ဗျားက ကျုပ် မြင်ဖူးသမျှ ဉာဏ်အကောင်းဆုံး လူတွေထဲက တစ်ယောက်ပါ။”

ကျိုးလီက ပြောလိုက်သည်။ “နှမြောစရာ ကောင်းတာက ခင်ဗျားက ယန်ဖြန်ရှန်ကို မတွေ့ခဲ့ရတာပဲ။ မဟုတ်ရင် ခင်ဗျားတို့ နှစ်ယောက် သေချာပေါက် သူငယ်ချင်းတွေ ဖြစ်လာမှာပါ။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ အကျင့်စရိုက်တွေက လုံးဝ မတူညီပေမယ့် သေချာပေါက် သူငယ်ချင်းကောင်းတွေ ဖြစ်လာမှာပါ။”

ကျိုးလီသည် အနည်းငယ် မူးယစ်နေပုံရပြီး အောက်ရှင်း အကြောင်း၊ ယန်ဖြန်ရှန် အကြောင်းများကို ပြောဆိုလာတော့၏။

“ကျုပ်တို့ တာ့ကျိုးအင်ပါယာမှာ မူလက အံ့ဩတုန်လှုပ်စရာ ကောင်းတဲ့ အရည်အချင်းရှိသူတွေ၊ ထိပ်တန်း စစ်သူကြီးတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ သေတဲ့သူက သေ၊ ပျောက်ကွယ်သွားတဲ့ သူက ပျောက်ကွယ်သွားကြပါပြီ။”

ကျိုးလီက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ “ခင်ဗျားအဖေ စစ်သေနာပတိချုပ် အောက်ရှင်းဟာ မူလက ပြိုင်ဘက်ကင်း စစ်သူကြီး တစ်ယောက်၊ နိုင်ငံတော်ရဲ့ အမာခံ တိုင်တစ်တိုင် ဖြစ်ခဲ့ပေမယ့် အခုတော့ စိတ်နှလုံးတွေ အရမ်း နာကျင်သွားရလို့ အင်ပါယာအတွက် နောက်ထပ် အလုပ် မလုပ်ပေးတော့ဘူး။ ခင်ဗျားအစ်ကို အောက်မင် ဟာလည်း ထိပ်တန်း အရည်အချင်းရှိသူ တစ်ယောက် ဖြစ်ပေမယ့် ဒီလူကို အသုံးချလို့ မရဘူး။ ကျုပ်တို့ တာ့ကျိုးအင်ပါယာဟာ ဒီလောက်တောင် ကျဆင်းသွားရတယ်လို့။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား... တာ့ကျိုးအင်ပါယာဟာ နှစ်ရာချီ တည်ရှိခဲ့တဲ့ နိုင်ငံတော် တစ်ခု ဖြစ်ပြီး အခြေခံအုတ်မြစ်တွေက အရမ်း နက်ရှိုင်းတယ်။ အရည်အချင်းရှိတဲ့ သူတွေလည်း အများကြီး ရှိတယ်။ ဒါပေမဲ့ ဘယ်လို အရှင်သခင်မျိုးရှိလဲ ဆိုတာပေါ် မူတည်ပြီး ဘယ်လို အမတ်မျိုးတွေ ရှိလာမယ် ဆိုတာ ဖြစ်လာတာပါ။

ဘာလို့ ထျန်းယန် ဧကရာဇ် ထီးနန်းစိုးစံတုန်းက အရည်အချင်းရှိတဲ့ သူတွေ အများကြီး ထွက်ပေါ်လာခဲ့ပြီး ဧကရာဇ် ဝမ်ယွင် ထီးနန်းစိုးစံတဲ့ အချိန်ကျတော့ အရည်အချင်းရှိတဲ့ သူတွေ အားလုံး ပျောက်ကွယ် သွားရတာလဲ။ သူက လူတွေကို လက်မခံနိုင်သလို၊ လူတွေကိုလည်း အသုံးမချတတ်လို့ပါ။”

ကျိုးလီသည် ယွင်ကျုံးဟဲ့ကို ရိုးသားသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ညီလေး အောက်ယွီ... ကျုပ်က လူတွေကို အသုံးမချတတ်ရင်တောင် လူတွေကိုတော့ လက်ခံနိုင်တယ်။ ခင်ဗျား သိလား... အရင်တုန်းက ကျုပ် ခင်ဗျားအဖေကို ဘယ်လောက်တောင် မျက်နှာလိုမျက်နှာရ လုပ်ချင်ခဲ့လဲ ဆိုတာ၊ ကျုပ် ခင်ဗျားအဖေကို ဘယ်လောက်တောင် လေးစားကြည်ညိုခဲ့လဲ ဆိုတာ။

ဒါပေမဲ့ ခင်ဗျားအဖေက ကျုပ်အပေါ် အမြဲတမ်း အေးတိအေးစက် နိုင်ပြီး ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ အရေးအကြီးဆုံး အချိန်မှာတော့ သူက ရှိသမျှ အားလုံးကို ပုံအောပြီး ကျုပ်ကို လာကယ်ခဲ့တယ်။ ကျုပ် ထင်တာကတော့ ခင်ဗျားအဖေရဲ့ စိတ်ထဲမှာ ကျုပ် ကျိုးလီဟာ အနည်းဆုံးတော့ မုန်းစရာ မကောင်းတဲ့ သူတစ်ယောက်ပါ။”

ယွင်ကျုံးဟဲ့သည် ဘာမှ ပြန်မပြောတော့ဘဲ ခွက်ကို ကိုင်မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။

ကျိုးလီလည်း တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် ပို၍ပို၍ မူးယစ်လာကာ နောက်ဆုံးတွင် လုံးဝ မထိုင်နိုင်တော့ဘဲ ဘေးသို့ ယိမ်းယိုင်ကာ အိပ်ပျော်သွားတော့သည်။

ဘေးနားရှိ မိန်းမစိုးက အနားသို့ ရောက်ရှိလာပြီး ပြုံးလျက် ပြောလိုက်၏။ “နုလန်ဟောက်... ခင်ဗျားကို ရယ်စရာ ဖြစ်အောင် လုပ်မိပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မိန်းမစိုးကြီး... ဒီစစ်သင်္ဘောပေါ်မှာ သက်သောင့်သက်သာ ရှိတဲ့ အခန်းတွေ ရှိတယ်။ အိမ်ရှေ့စံမင်းသားကို သွားပြီး အနားယူခိုင်းလိုက်ပါအုံး။”

မိန်းမစိုးကြီး ဟောက်မုက ပြန်ပြောလိုက်၏။ “အရမ်း ကောင်းတဲ့ အခန်းတွေ မလိုဘူး။ သာမန် အခန်း တစ်ခန်း ဆိုရင် ရပါပြီ။”

တစ်ညလုံး မည်သည့် တိုက်ပွဲမှ မဖြစ်ပွားခဲ့ချေ။

ရေတပ် နှစ်ဖွဲ့စလုံးသည် လရောင် အောက်တွင် အပြန်အလှန် နားလည်မှုရှိစွာဖြင့် အရှိန် လျှော့ချလိုက်ကြပြီး အကွာအဝေး တစ်ခုကို ထိန်းသိမ်းထားကာ စစ်သည်များနှင့် သင်္ဘောသားများ အားလုံးကို အပြည့်အဝ အနားယူခွင့် ပေးလိုက်ကြသည်။

လရောင် ရှိနေသော်လည်း ညဘက်ကြီး စစ်တိုက်မည် ဆိုပါက ရူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

စီးပြန်းဘက်ကလည်း ညဉ့်အခါ၏ အမှောင်ထုကို အခွင့်ကောင်းယူကာ ပင်လယ်ဓားပြများအား လီဟွာမေ၏ စစ်သင်္ဘောများပေါ်သို့ လျှို့ဝှက်တက်ရောက် တိုက်ခိုက်စေရန် မစဉ်းစားထားခဲ့ခြင်း မဟုတ်ပေ။

သို့သော်လည်း လီဟွာမေ၏ ရေတပ်မှာ ဆယ်မိုင်အကွာအဝေးကို အမြဲတမ်း တိကျစွာ ထိန်းသိမ်းထား သောကြောင့်် လုံးဝ လိုက်မီနိုင်ခြင်း မရှိခဲ့ချေ။

ထို့အပြင် စီးပြန်း၏ စစ်ရေးဗျူဟာမှာလည်း အလွန်ပင် ရှင်းလင်းလှသည်။ နောက်ဆက်တွဲအစီအစဉ်မှာ စစ်ပွဲကို တိုက်ရိုက်မဆင်နွှဲတော့ဘဲ လီဟွာမေအား အသေအလဲ ဖိအားပေးထားရန်သာ ဖြစ်သည်။

ပိုင်ဖေးဖေးက ပိုင်ယွင်မြို့၏ ရေတပ်ကြီးကို ဦးဆောင်ကာ လီဟွာမေ၏ ရေတပ်ကို ညှပ်တိုက်မည့်အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။

သို့သော်လည်း စီးပြန်းတစ်ယောက် အလွန်အကျွံ တွေးတောလွန်းနေပြီဖြစ်သည်။

‘စီးပြန်း... ရှင်က ကျွန်မကို လာမတိုက်ရင် ကျွန်မ လီဟွာမေက ရှင့်ကို လာမတိုက်နိုင်ဘူးလို့ ထင်နေတာလား။’

နောက်တစ်နေ့ မိုးလင်းချိန်မှာတော့ လီဟွာမေ၏ ရေတပ်ကြီးသည် နောက်တစ်ကြိမ် တက်ကြွစွာ တိုက်ခိုက်ရန် ပြင်လိုက်ပြီး လမ်းကြောင်း ပြောင်းကာ စီးပြန်း၏ ရေတပ်ဆီသို့ ပြေးဝင်လာတော့၏။

“သောက်ကျိုးနည်း...”

ထို့ကြောင့် ပင်လယ်ပြင်ပေါ်ရှိ တိုက်ခိုက်မှုနှင့် ကာကွယ်မှုသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး လီဟွာမေက လိုက်လံ တိုက်ခိုက်ကာ စီးပြန်း၏ ရေတပ်က ထွက်ပြေးရတော့သည်။

သို့ပေမည့် ထွက်ပြေး၍လည်း မလွတ်နိုင်ချေ။ လီဟွာမေ၏ ရေတပ် အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်း သောကြောင့် မကြာမီမှာပဲ လိုက်မီသွားပြီး ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရတော့၏။

ထို့ကြောင့် စီးပြန်း၏ ပူးပေါင်း ရေတပ်ကြီးသည် နောက်တစ်ကြိမ် ဝိုင်းရံ ပိတ်ဆို့လာပြန်တော့၏။ သို့ပေမည့် ဝိုင်းရံ ပိတ်ဆို့မှု မပြီးဆုံးမီမှာပင် လီဟွာမေ၏ ရေတပ်ကြီးက ထွက်ပြေးသွားပြန်သည်။

‘ချီးတဲ့မှ... မျက်နှာပူစရာ မကောင်းဘူးလား။’

ဤကဲ့သို့ အကြိမ်ကြိမ် အခါခါ ပြုလုပ်နေသောကြောင့် စီးပြန်း၏ ပူးပေါင်း ရေတပ်ကြီးမှာ အလွန် ပင်ပန်းနွမ်းနယ်နေတော့၏။

နောက်ပိုင်းတွင် စီးပြန်း၏ ရေတပ်ကြီးသည် စက်ဝိုင်းခြမ်းပုံစံ ဧရာမ တပ်ဖွဲ့ အစီအစဉ်ကို ထိန်းသိမ်းထားပြီး လီဟွာမေဘက်မှ ခိုးကြောင်ခိုးဝှက် လာရောက် တိုက်ခိုက်ပါက ချက်ချင်း ဝိုင်းရံ ပိတ်ဆို့ကာ အတိုဆုံး အချိန်အတွင်း ဝိုင်းရံနိုင်ရန် ပြင်ဆင်ထားလိုက်တော့သည်။

ဤသို့ဖြင့် နှစ်ဖက်စလုံး၏ ရေတပ်ကြီးများသည် နောက်တစ်ကြိမ် အခြေအနေ တစ်ဆို့သွားပြန်ပြီး ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် လှည့်ပတ်နေကြတော့၏။

အချိန်များ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားတော့၏။ လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်မှု တစ်ခု ရှိနေသည်။ ပိုင်ယွင်မြို့၏ ရေတပ် မည်သည့်အချိန် ရောက်လာမလဲ ဆိုသည်ကို ဖြစ်သည်။

ပိုင်ယွင်မြို့၏ ရေတပ်သာ ရောက်ရှိလာပါက လီဟွာမေ၏ ရေတပ်မှာ အန္တရာယ်ကြီးမားသည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။

နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်ခံရပါက အခြေခံအားဖြင့် ပျက်စီးသွားမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။ ပိုင်ယွင်မြို့၏ ရေတပ်တိုက်ခိုက်ရေး စွမ်းရည်မှာ သူမထက် လုံးဝမနိမ့်ကျသည့်အပြင် အရေအတွက် အားဖြင့်လည်း ပိုမိုများပြားနေသေးသည်။

စီးပြန်းသည် ပိုင်ဖေးဖေးထံသို့ လူလွှတ်ပြီး အကြောင်းကြားထားပြီး ဖြစ်မှာ သေချာသည်။ ထိုရက်စက် တတ်သည့် ပိုင်ယွင်မြို့မင်းသမီးသည် စစ်တပ်များကို ဦးဆောင်ကာ လာရောက်မည်မှာလည်း မလွဲမသွေပင်။ ထို့ကြောင့် အမြန်ဆုံး အဆုံးအဖြတ်ပေးရန် လိုအပ်နေပြီး၊ ဤအတိုင်း အချိန်ဆွဲနေ၍ မဖြစ်နိုင်တော့ပေ။

အချိန်ကာလ ကြာမြင့်လာလေလေ၊ အခြေအနေမှာ ပိုမိုဆိုးရွားပြီး အန္တရာယ်များလာလေလေ ဖြစ်သည်။ ယွင်ကျုံးဟဲ့ကလည်း ဤအချက်ကို ကောင်းစွာသိရှိသကဲ့သို့ ကျိုးလီမှာလည်း သိရှိနေသည်။ သို့သော်လည်း မည်သူမှ စစ်သေနာပတိချုပ် လီဟွာမေအား သွားရောက်တိုက်တွန်းခြင်း မပြုကြပေ။

အကြောင်းမှာ သူမကိုယ်တိုင်ကပင် ဤအန္တရာယ်ရှိသော အခြေအနေကို အခြားသူများထက် ပိုမိုနားလည် သဘောပေါက်နေသောကြောင့် ဖြစ်သည်။

“အောက်ယွီ... ကျွန်မကို ယုံကြည်ပြီး မတိုက်တွန်းခဲ့တဲ့ အတွက် ကျေးဇူးတင်တယ်။”

လီဟွာမေက ရုတ်တရက် ယွင်ကျုံးဟဲ့ကို ပြောလိုက်၏။ “ကျွန်မတို့မှာ သုံးရက်လောက်ပဲ အချိန် ရှိတော့တယ်။ ကျွန်မရဲ့ တွက်ချက်မှု အရဆိုရင် ပိုင်ဖေးဖေးရဲ့ ရေတပ်ဟာ သုံးရက်နေရင် ကျွန်မတို့ကို လိုက်မီတော့မှာပါ။ အဲဒီအချိန်ကျရင် ကျွန်မတို့ အကုန်အစင် ဖျက်ဆီးခံရတော့မှာပါ။

ဒါကြောင့် ကျွန်မတို့ရဲ့ အခြေအနေက အရမ်းကို အန္တရာယ်များနေပြီး အချိန် သိပ်မကျန်တော့ဘူး။ နှစ်ရက်အတွင်းမှာ စီးပြန်းရဲ့ ပူးပေါင်း ရေတပ်ကြီးကို အပြီးအပြတ် ဖျက်ဆီးပစ်ရပါမယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “စစ်သေနာပတိချုပ် လီဟွာမေ... ခင်ဗျား ဘာကို စောင့်နေတာလဲ။”

လီဟွာမေက ပြန်ဖြေလိုက်၏။ “ကျွန်မက လေနဲ့ လှိုင်းတံပိုးကို စောင့်နေတာပါ။ ကြီးမားတဲ့ လေနဲ့ လှိုင်းတံပိုး ကိုပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အသေးစိတ် ရှင်းပြပါအုံး။”

လီဟွာမေက ရှင်းပြလိုက်၏။ “အခု ကျွန်မတို့က စီးပြန်းရဲ့ ရေတပ်နဲ့ အခြေအနေ တစ်ဆို့နေပြီး မျှတတဲ့ အခြေအနေ တစ်ခုမှာ ရောက်နေလို့ ဘယ်သူမှ အသာစီး မရနိုင်ဘူး ဖြစ်နေတာပါ။ ဒါပေမဲ့ ကြီးမားတဲ့ လေနဲ့ လှိုင်းတံပိုး လာပြီဆိုရင်တော့ လုံးဝ ကွာခြားသွားပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ကျွန်မတို့ဘက်က ဧရာမ စစ်သင်္ဘောကြီးတွေ ဖြစ်ပြီး လှော်တက်တွေလည်း ပါဝင်လို့ ကြီးမားတဲ့ လေနဲ့ လှိုင်းတံပိုးထဲမှာ ထိန်းချုပ်ရတာက သာမန် ရွက်လှေတွေထက် အများကြီး ပိုကောင်းတယ်။ ဒါပေမဲ့ စီးပြန်းရဲ့ ရေတပ် ကတော့ စစ်သင်္ဘောတွေ ယေဘုယျအားဖြင့် ပိုသေးငယ်လို့ ကြီးမားတဲ့ လေနဲ့ လှိုင်းတံပိုး အောက်မှာ ထိန်းချုပ်ဖို့ အရမ်း ခက်ခဲသွားပြီး လေနဲ့ လှိုင်းတံပိုး အတိုင်းပဲ မျောပါသွားဖို့ များတယ်။

အဲဒီအခါကျရင် တိုက်ခိုက်ရေး စွမ်းရည်တွေ အများကြီး လျော့ကျသွားပြီး စစ်သင်္ဘောတွေရဲ့ သွက်လက်မှုတွေလည်း လျော့ကျသွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်မတို့ရဲ့ အားသာချက်တွေက အများကြီး ပိုကြီးမားလာပြီး သူတို့ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်မှာပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ကြီးမားတဲ့ လေပြင်းတွေ ဘယ်အချိန် လာမယ်လို့ ခင်ဗျား ထင်လဲ။”

လီဟွာမေက ပြန်ဖြေလိုက်၏။ “ကျွန်မ ပင်လယ်ပြင်မှာ နေလာတာ ဆယ်စုနှစ်ချီ ရှိပြီဆိုတော့ ကြီးမားတဲ့ လေပြင်းတွေ မကြာခင် လာတော့မယ်လို့ ထင်တယ်။ မနက်ဖြန်လောက် လာလိမ့်မယ် ထင်တယ်။”

ကံမကောင်းစွာဖြင့် ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်ရှိ စိတ်ကျန်းမာရေး လူနာသည် အမှတ်(၉) ကွမ်တန် မဟုတ်တော့ချေ။ ထိုသို့မဟုတ်ပါက မည်သည့်အချိန်တွင် လေပြင်းများ တိုက်ခတ်လာမည်၊ လေတိုက်ရာ လမ်းကြောင်း မည်သို့ ရှိမည်ကိုပါ တိကျစွာ တွက်ချက်နိုင်မှာဖြစ်သည်။

သို့ပေမည့် လီဟွာမေသည် ပင်လယ်ပြင်တွင် ဆယ်စုနှစ်ချီ နေထိုင်လာသူ ဖြစ်ရာ ကောင်းကင်ရဲ့ အခြေအနေများကို သူမ နားလည်သည်။ မကြာမီမှာပင် ယွင်ကျုံးဟဲ့သည် လေပြင်းများ အမှန်တကယ် လာတော့မည်ဖြစ်ကြောင်း သေချာသွားတော့၏။

All Chapters