← Chapters

အခန်း (၅၉၉-၆၀၀)

Vol. 51 Ch. 599-600

အခန်း (၅၉၉-၆၀၀)

Vol. 51 Ch. 599-600

အပိုင်း (၅၉၉)

လီဟွာမေ သိရှိသကဲ့သို့ စီးပြန်းလည်း လေပြင်းများ လာတော့မည်ကို သိရှိထားပြီး လေပြင်းများ ရောက်ရှိလာချိန်တွင် သူ၏ ရေတပ်ကြီး မည်မျှ အန္တရာယ် ရှိသွားမည်ကို ပို၍ပင် သိရှိထားသည်။

ထို့ကြောင့် စီးပြန်းသည် အလွန် အံ့ဩဖွယ်ကောင်းသော လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။ သူသည် ရေတပ်ကြီးကို ဦးဆောင်ကာ အမြန်ဆုံး အရှိန်ဖြင့် ပိုင်ယွင်မြို့ရှိရာ အရပ်သို့ ဦးတည်သွားတော့၏။

ယခင်က စီးပြန်း၏ ရေတပ်ကြီး မည်သည့်နေရာသို့ ရွက်လွှင့်မည် ဆိုသည်မှာ လီဟွာမေ၏ ရေတပ် အပေါ်တွင်သာ မူတည်ခဲ့သည်။ အကြောင်းမူ သူ၏ တာဝန်မှာ လီဟွာမေကို အသေအလဲ ကိုက်ခဲထားရန် ဖြစ်သောကြောင့်ပင်။

သို့ပေမည့် ယခုအခါ စီးပြန်းသည်လည်း လေပြင်းများ လာတော့မည်ကို သိရှိထားသောကြောင့် ပိုင်ယွင်မြို့သို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးသွားခြင်း ဖြစ်သည်။

ပိုင်ယွင်မြို့ နှင့် နီးကပ်လေလေ စီးပြန်း အတွက် ပို၍ ဘေးကင်းလုံခြုံလေလေ ဖြစ်သည်။ အန္တရာယ်ကို ရှောင်ရှားရန်အတွက် စီးပြန်းသည် လီဟွာမေ၏ ရေတပ်ကိုပင် ဂရုမစိုက်တော့ဘဲ ပိုင်ဖေးဖေး၏ ရေတပ်ကြီးနှင့် သွားရောက် ပူးပေါင်းရန် အသေအလဲ ကြိုးစားနေတော့၏။

နောက်ဆက်တွဲ အနေဖြင့် လီဟွာမေသည် ခက်ခဲသော ရွေးချယ်မှု တစ်ခုကို ပြုလုပ်ရတော့မှာဖြစ်သည်။ လိုက်သွားရမည်လား။ မလိုက်ရဘူးလား။

အကယ်၍ လိုက်သွားပါက ပိုင်ယွင်မြို့နှင့် တမင်တကာ နီးကပ်အောင် ပြုလုပ်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး ပိုင်ဖေးဖေး၏ ရေတပ်ကြီးနှင့် တမင်တကာ နီးကပ်အောင် ပြုလုပ်သကဲ့သို့ ဖြစ်နေ၏။

ပိုင်ဖေးဖေး၏ ရေတပ်ကြီး အတိအကျ မည်သည့်နေရာတွင် ရှိနေသနည်း ဆိုသည်ကို မည်သူကမှ အတိအကျ မသိရှိနိုင်သောကြောင့် အကယ်၍ လိုက်သွားပါက ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်သွားနိုင်ပြီး အလွန် အန္တရာယ်များလှသည်။

ကျိန့်ဟိုင်မြို့စား စီးပြန်းသည် အမှန်တကယ်ပင် ကောက်ကျစ်စဉ်းလဲသူ တစ်ဦးဖြစ်ပြီး အချိန်ကိုလည်း အလွန် တိကျစွာ တွက်ချက်နိုင်သူဖြစ်ရာ အမှန်တကယ်ပင် အလွန် အစွမ်းထက်သော ဇာတ်ကောင်တစ်ဦး ဖြစ်၏။

“လိုက်မယ်။”

လီဟွာမေက အမိန့်ပေးလိုက်သည်။ “အကယ်၍ ပိုင်ဖေးဖေးရဲ့ ပိုင်ယွင်မြို့ ရေတပ်ကြီးနဲ့ တကယ် တိုးသွားခဲ့ရင် ဒါက ကျွန်မရဲ့ ကံကြမ္မာ မကောင်းလို့ပဲလို့ သတ်မှတ်လိုက်မယ်။”

ထို့နောက် လီဟွာမေ၏ ရေတပ်ကြီးသည် တိုက်ရိုက် လိုက်သွားတော့သည်။ အခြေအနေများသည် ချက်ချင်းပင် ရှုပ်ထွေးသွားပြီး အန္တရာယ်လည်း ပိုများလာတော့၏။

ပိုင်ယွင်မြို့နှင့် နီးကပ်လာလေလေ အန္တရာယ် ပိုများလာလေလေဖြစ်ပြီး ရန်သူ၏ လေပိုက်ကွန်ထဲသို့ ဝင်ရောက်သွားနိုင်လေလေပင် ဖြစ်သည်။

နောက်ဆက်တွဲ အနေဖြင့် ရေတပ်ကြီး နှစ်ဖွဲ့စလုံးသည် အရူးအမူး ရွက်လွှင့်နေကြပြီး ပိုင်ယွင်မြို့ရှိရာ အရပ်သို့ ဦးတည်သွားကြတော့၏။

ပိုင်ယွင်မြို့နှင့် ပို၍ပို၍ နီးကပ်လာကာ ပိုင်ဖေးဖေး မည်သည့်နေရာတွင် ရှိနေသနည်း ဆိုသည်ကို မသိရလျှင်တောင်မှ သူမ၏ အစွမ်းထက်သော ရေတပ်ကြီးနှင့်လည်း ပို၍ပို၍ နီးကပ်လာနိုင်သည်။

ဤအချိန်တွင် အောင်ပွဲ၏ ချိန်ခွင်လျှာကို ကောင်းကင်ဘုံ ထံသို့ အပ်နှင်းလိုက်ရပြန်သည်။ လေပြင်းများ မည်သည့်အချိန် တိုက်ခတ်လာမည်နည်း။

အကယ်၍ စောစော လာလျှင် လီဟွာမေအတွက် အကျိုးရှိမှာဖြစ်ပြီး၊ နောက်ကျမှ လာလျှင် ရန်သူ အတွက် အကျိုးရှိမှာဖြစ်သည်။

ယခုအချိန်တွင် ယွင်ကျုံးဟဲ့သည် စစ်မြေပြင်၏ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲတတ်မှုများကို အပြည့်အဝ ခံစားမိသွားပြီး ကောင်းကင်၊ မြေကြီး၊ လူ၏ သဟဇာတ ဖြစ်မှုများကိုလည်း ခံစားမိသွား၏။

‘စစ်ပွဲတွေမှာ တချို့အချိန်တွေကျရင် ကံတရားကလည်း အရမ်းကို အရေးကြီးတာပဲ။’

.............

နောက်တစ်နေ့ မနက်ပိုင်း...

လီဟွာမေ၏ ရေတပ်ကြီးသည် အလွန် ဖိနှိပ်ခံရပြီး မှိုင်းညို့နေသည်။ အကြောင်းမူ ပိုင်ယွင်မြို့နှင့် ပိုမို နီးကပ်လာသောကြောင့် တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထောင်မတ်နေသကဲ့သို့ ခံစားရသည်။

ထို့အပြင် မည်သည့်အချိန်တွင် အန္တရာယ် ကျရောက်လာမည်၊ မည်သည့်အချိန်တွင် ပိုင်ဖေးဖေး ဆိုသော ရက်စက်သည့် အမျိုးသမီးက ပိုင်ယွင်မြို့၏ ရေတပ်ကြီးကို ဦးဆောင်ကာ ရုတ်တရက် ထွက်ပေါ်လာမည် ဆိုသည်ကို မသိရှိရသောကြောင့် ဖြစ်၏။

ပျက်စီးခြင်း နှင့် အန္တရာယ် ဆီသို့ ပို၍ပို၍ နီးကပ်လာသည်။ လေပြင်းများ မည်သည့်အချိန်တွင် လာမည်၊ သို့မဟုတ် လာမည်၊ မလာမည်ကိုပင် မသိရှိရချေ။

သို့ပေမည့် ထိုအချိန်တွင် လီဟွာမေသည် ပြင်းထန်စွာ တုန်ယင်သွားပြီး ရွက်တိုင်ပေါ်သို့ တိုက်ရိုက် တွယ်တက်သွားတော့၏။

“လေတွေ လာပြီ... လေတွေ လာပြီ။”

ကောင်းကင်ဘုံက ယွင်ကျုံးဟဲ့ကို မျက်နှာသာ ပေးခဲ့သလို၊ လီဟွာမေ ကိုလည်း မျက်နှာသာ ပေးခဲ့၏။ လေပြင်းများ ရောက်ရှိလာပြီ ဖြစ်ပြီး မျှော်လင့်ထားသည်ထက် ပိုမို စောစီးစွာ ရောက်ရှိလာကာ လီဟွာမေ ခန့်မှန်းထားသော အချိန်ထက် နာရီအတော်ကြာ ပိုမို စောခဲ့သည်။

“ဟား... ဟား... ကောင်းကင်ဘုံက ကျွန်မကို ကူညီနေတာပဲ။”

ထို့အပြင် ဤလေပြင်းများ ရောက်ရှိလာသည်နှင့် တပြိုင်နက် အလွန် ပြင်းထန်လွန်းလှပြီး ပို၍ပို၍ ကြီးမား လာကာ၊ ပို၍ပို၍ ပြင်းထန်စွာ တိုက်ခတ်လာတော့၏။

ကျိန့်ဟိုင်မြို့စား စီးပြန်းသည် လေပြင်းများကို ခံစားနေရရင်း တစ်ကိုယ်လုံး အေးစက်သွားပြီး ကောင်းကင်သို့ မော့ကြည့်ကာ ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံက ကျုပ်ကို မကူညီဘူး... ကောင်းကင်ဘုံက ကျုပ်ကို မကူညီဘူး။”

လေပြင်းများ ပို၍ပို၍ ပြင်းထန်လာပြီး ပင်လယ်ပြင်ပေါ်ရှိ လှိုင်းလုံးကြီးများလည်း ပို၍ပို၍ ကြီးမားလာတော့၏။

လီဟွာမေ၏ စစ်သင်္ဘောများမှာ ကြီးမားပြီး သွက်လက်မှုနှင့် ထိန်းချုပ်မှု လည်း ပိုမို ကောင်းမွန်သောကြောင့် ဤလှိုင်းလုံးကြီးများကို ခံနိုင်ရည် ရှိသည်။

သို့ပေမည့် စီးပြန်း၏ ရေတပ်မှာမူ မခံနိုင်တော့ချေ။ စစ်သင်္ဘော အများစုသည် ကြီးမားသော လှိုင်းလုံးကြီးများပေါ်တွင် လှုပ်ခါနေပြီး ထိန်းချုပ်ရန် အလွန် ခက်ခဲနေကာ သစ်ရွက်လေးများကဲ့သို့ အကူအညီ မဲ့နေကြသည်။ လေပြင်းများအောက်တွင် ရေတပ်ကြီးတစ်ခုလုံးကို ထိန်းချုပ်ရန်မှာ အလွန် ခက်ခဲလို့နေ၏။

“မြန်မြန်... မြန်မြန်... စစ်သင်္ဘောတွေ အားလုံး တပ်ဖွဲ့ အစီအစဉ်ကို ဂရုမစိုက်နဲ့တော့။ အမြန်ဆုံး အရှိန်နဲ့ ပိုင်ယွင်မြို့ကို ရှေ့ဆက်သွား။ ဘာကိုမှ ဂရုမစိုက်နဲ့တော့... ပိုင်ယွင်မြို့ကို ရှေ့ဆက်သွား...” ကျိန့်ဟိုင်မြို့စား စီးပြန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး တပ်ဖွဲ့ အစီအစဉ်ကို လုံးဝ စွန့်လွှတ်လိုက်တော့သည်။

လီဟွာမေက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “စစ်တိုက်မယ်... သတ်ဖြတ်ကြ... သတ်ဖြတ်ကြ။”

ကောင်းကင် တုန်လှုပ်လောက်သော စစ်ဗုံသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အလံများကို ဝှေ့ယမ်းလိုက်ကြသည်။

သူမ၏ အမိန့်ပေးသံနှင့်အတူ ကြီးမားသော လေနှင့်လှိုင်းတံပိုးများကြားတွင် လီဟွာမေ၏ အစွမ်းထက်သော ရေတပ်ကြီးသည် ပြင်းထန်စွာ ပြေးဝင်သွားကြတော့၏။

ဤကြီးမားသော လေနှင့် လှိုင်းတံပိုးများကြားတွင် နှစ်ဖက်စလုံး၏ ကြီးမားသော စစ်ပွဲကြီး နောက်တစ်ကြိမ် စတင်တော့မှာဖြစ်သည်။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

နှစ်ဖက်စလုံး၏ ဧရာမ မြို့သိမ်းဒူးလေးကြီးများနှင့် ကျောက်ခဲပစ်စက်များသည် အရူးအမူး ပစ်ခတ် နေကြသော်လည်း လေပြင်းများထဲတွင် ထိမှန်မှု နှုန်းထားမှာ အရှက်ကွဲစရာ ကောင်းလောက်အောင် နည်းပါး၏။

သို့ပေမည့် ဤလေပြင်းများထဲတွင် လီဟွာမေ ရေတပ်၏ ထိန်းချုပ်နိုင်စွမ်းနှင့် သွက်လက်မှု အားသာချက်များသည် ထင်ရှားစွာပေါ်လွင်လာတော့သည်။

“ဝင်တိုက်... ဝင်တိုက်... ဝင်တိုက်ကြ...”

ထို့ကြောင့် သူမ၏ ဧရာမ စစ်သင်္ဘောကြီး တစ်စင်းချင်းစီသည် သားရဲတိရစ္ဆာန်ကြီးများကဲ့သို့ ပြောင်းလဲသွားပြီး ရန်သူ့ စစ်သင်္ဘောများဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ဝင်တိုက်ကြတော့၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာပြီးနောက် သနားဖွယ်ကောင်းသော မြင်ကွင်းကြီး စတင် လာတော့သည်။

စီးပြန်း၏ စစ်သင်္ဘောများသည် ရှောင်တိမ်းလိုကြသော်လည်း လေပြင်းများအောက်တွင် စစ်သင်္ဘောများကို ထိန်းချုပ်ရန် လုံးဝ ခက်ခဲနေသောကြောင့် လီဟွာမေ၏ စစ်သင်္ဘောများ ဝင်တိုက်လာသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ကြချေ။

အရေးအကြီးဆုံးမှာ လီဟွာမေ၏ စစ်သင်္ဘောများ၏ သင်္ဘောဦးပိုင်းများသည် မာကျောပြီး ထက်မြက်သော သံမဏိများဖြင့် ပြုလုပ်ထားသောကြောင့် ဤသို့ ဝင်တိုက်လိုက်သည်နှင့် တိုက်ရိုက်ပင် ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်သွားစေပြီး အနည်းငယ် သေးငယ်သော စစ်သင်္ဘောများဆိုလျှင် တိုက်ရိုက်ပင် မှောက်သွားတော့၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ကျယ်လောင်သော အသံကြီးများနှင့် သနားဖွယ်ကောင်းသော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ် လာတော့သည်။

လီဟွာမေ၏ စစ်သင်္ဘောများသည် အရူးအမူး အနီးကပ် ဓားချင်းယှဉ် တိုက်ခိုက်မှုများကို စတင် လိုက်ကြတော့၏။

ဧရာမ မြို့သိမ်းဒူးလေးကြီးများကို မီတာ နှစ်ရာ အကွာအဝေး ကနေ မပစ်နိုင်ဘူးဆိုလျှင်တောင်မှ မီတာ တစ်ရာ အကွာအဝေး၊ မီတာ ငါးဆယ် အကွာအဝေး မှနေ၍ တစ်ကြိမ်ပြီး တစ်ကြိမ် ဧရာမ မြားမိုးသက်မုန်တိုင်းကြီးများ အရူးအမူး ပစ်ခတ်လိုက်ကြတော့သည်။

ဤသတ်ဖြတ်နိုင်စွမ်းမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှပြီး ဤမျှလောက် နီးကပ်သော အကွာအဝေးတွင် ရန်သူ့ သင်္ဘော၏ သစ်သား နံရံများကို အလွယ်တကူ ဖောက်ထွင်းသွားစေနိုင်သည်။ ရွက်တိုင်များလည်း ကျိုးကျသွားတော့၏။

ပို၍ ကြောက်စရာ ကောင်းသည်မှာ မူလပုံစံ သံကြိုးဗုံးများ ထွက်ပေါ်လာခြင်း ဖြစ်၏။ ပစ်လွှတ်လိုက်သော ဧရာမ မြားနှစ်ချောင်းကြားတွင် ထက်ရှသော သံကြိုး တစ်ချောင်းကို ချည်နှောင်ထားခြင်း ဖြစ်သည်။

ဤသို့ ပစ်ခတ်လိုက်သည်နှင့် တပြိုင်နက် တိုက်ရိုက်ဆိုသလို တံမြက်လှည်း သကဲ့သို့ ဖြတ်သန်းသွားပြီး ရွက်များနှင့် ရွက်တိုင်များအပေါ် ဖျက်စီးနိုင်စွမ်းမှာ အလွန် အံ့ဩတုန်လှုပ်စရာ ကောင်းလို့နေ၏။

“ဝှစ်... ဝှစ်... ဝှစ်...”

ရွက် တစ်ခုပြီးတစ်ခု ဆုတ်ဖြဲခံလိုက်ရပြီး စစ်သင်္ဘောများသည် မူလနေရာတွင်သာ လှည့်ပတ်နေကြတော့၏။ ဤသို့ဖြင့် ကောင်းကင်ဘုံ၏ အကူအညီဖြင့် လီဟွာမေ ရေတပ်၏ အားသာချက်များသည် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး ကြမ်းတမ်းသော ပင်လယ်သားရဲကြီး တစ်ကောင်ကဲ့သို့ ရန်သူ့ စစ်သင်္ဘောများကို တစ်စင်းပြီး တစ်စင်း အရူးအမူး နှစ်မြှုပ်ပစ်နေတော့သည်။

ပင်လယ်ပြင် တစ်ခုလုံးသည် ငရဲပြည် တစ်ခုကဲ့သို့ လုံးဝ ပြောင်းလဲသွားတော့သည်။ ကျိန့်ဟိုင်မြို့စား စီးပြန်းသည် သူ၏ ရေတပ်ကြီးများ တစ်စင်းပြီး တစ်စင်း နစ်မြုပ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှု နေရတော့၏။

မရေမတွက်နိုင်သော စီးမိသားစု၏ စစ်သည်များ၊ မရေမတွက်နိုင်သော ပင်လယ်ဓားပြများသည် ပင်လယ် ထဲသို့ ပြုတ်ကျသွားကြပြီး သရဲတစ္ဆေများကဲ့သို့ အော်ဟစ် ငိုကြွေးနေကြတော့၏။ တကယ့်ကို တစ်ဖက်သတ် သတ်ဖြတ်မှုကြီး ဖြစ်သည်။

“ပျက်စီးခြင်း၊ သေဆုံးခြင်း...”

ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးပေါ်တွင် အလွန် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကြီးတစ်ခု ဖြစ်ပေါ်နေ၏။

ကျိန့်ဟိုင်မြို့စား စီးပြန်း၏ တစ်ကိုယ်လုံး အေးစက်သွားပြီး အိပ်မက်ဆိုး တစ်ခု၏ ဖိနှိပ်မှုကို ခံနေရသကဲ့သို့ ဖြစ်နေသည်။

ယနေ့ ပင်လယ်ပြင် အဆုံးအဖြတ် တိုက်ပွဲကြီး ပြီးဆုံးသွားပြီ။ သူ ရှုံးနိမ့်သွားပြီ ဆိုသည်ကို သူ သိလိုက်ရ၏။ ‘အား.... ကျုပ် မကျေနပ်ဘူး... ကျုပ် မကျေနပ်ဘူး။’

“ခမည်းတော်... မြန်မြန် သွားရအောင်... မြန်မြန် သွားရအောင်...” စီးချန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ကျိန့်ဟိုင်မြို့စား စီးပြန်းသည် ကုန်းပတ်ပေါ်တွင် ရပ်လျက် ငရဲပြည်ကဲ့သို့ ဖြစ်နေသော ပင်လယ်ပြင်ကို ကြည့်နေတော့၏။

ပြင်းထန်လှသော လေပြင်းနှင့် လှိုင်းတံပိုးများသည် ပုံမှန်အခြေအနေတွင်ဆိုပါက အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိပေ။ ကျွမ်းကျင်သော သင်္ဘောသားများ၏ လက်ထဲတွင်ရှိသည့် သင်္ဘောငယ်များပင်လျှင် ပင်လယ်ပြင်ကို ဘေးကင်းလုံခြုံစွာ ဖြတ်ကျော်နိုင်ကြသည်။

သို့ပေမည့် ယခုဖြစ်ရပ်မှာ ပုံမှန်အခြေအနေမဟုတ်ဘဲ ပင်လယ်ပြင်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အရေးပါသော တိုက်ပွဲကြီးဖြစ်နေ၏။

လူအင်အား တစ်သိန်းကျော်နှင့် သင်္ဘောအစင်းရေ လေးရာကျော်တို့မှာ အမိန့်ပေးညွှန်ကြားမှုအောက်တွင် တည်ရှိမနေတော့ဘဲ ထိန်းချုပ်၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားသည်။

ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ဧရာမစစ်သင်္ဘောကြီးအချို့မှာ လီဟွာမေ၏ သင်္ဘောများလောက် နည်းပညာပိုင်းတွင် ခေတ်မမီသော်လည်း အခက်အခဲများကို ရုန်းကန်ထိန်းချုပ်ရင်း လေပြင်းနှင့် လှိုင်းတံပိုးများကို မရမက ဖြတ်ကျော်နိုင်ခဲ့၏။

သို့သော်လည်း လီဟွာမေ၏ မိုးသက်မုန်တိုင်းကဲ့သို့ အရှိန်အဟုန်ပြင်းသော တိုက်ခိုက်မှုအောက်တွင်မူ မည်သို့မှ ပြန်လည်ခုခံနိုင်ခြင်း မရှိတော့ပေ။

“ကျုပ်တို့နဲ့ ပိုင်ယွင်မြို့ ရေတပ်ရဲ့ ကွာဟချက်က ဒီလောက်တောင် ကြီးမားတာလား။”

ကျိန့်ဟိုင်မြို့စား စီးပြန်း တစ်ကိုယ်လုံး တုန်ယင်ကာ မေးလိုက်၏။ “ကျုပ်တို့ရဲ့ သင်္ဘောတွေကလည်း နှစ်ရာချီ ဖွံ့ဖြိုးတိုးတက်လာခဲ့တာပဲ။ ကွာဟချက်က ဒီလောက်တောင် ကြီးမားတာလား။”

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

စီးပြန်း၏ သနားဖွယ်ကောင်းသော အော်ဟစ်သံနှင့်အတူ လီဟွာမေ ဘက်မှ နောက်တစ်ကြိမ် အရူးအမူး တိုက်ခိုက်လာပြန်သည်။

မရေမတွက်နိုင်သော ဧရာမမြား မိုးသက်မုန်တိုင်းများ အရူးအမူး ပစ်ခတ်လာရာ စီးပြန်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်မှာ ခုနက သူ၏ ဘေးနားတွင် မတ်မတ် ရပ်နေသော ကိုယ်ရံတော် တစ်ဦးသည် ထုတ်ချင်းပေါက် အပစ်ခံလိုက်ရပြီး လွင့်စင်သွားခြင်းပင်။

သို့ပေမည့် ကျိန့်ဟိုင်မြို့စား စီးပြန်းသည် တစ်ချက်လေးမှ မလှုပ်ရှားဘဲ မရေမတွက်နိုင်သော ဧရာမ မြားများ သူ၏ ခေါင်းပေါ်မှ၊ သူ၏ ဘေးနားမှ ဖြတ်သန်းသွားသည်ကို ခွင့်ပြုထားပြီး ဧရာမ ကျောက်တုံးကြီးများ သူ၏ ဘေးနားရှိ ကုန်းပတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာကာ သူ၏ ခေါင်းဆောင် သင်္ဘောကြီး လုံးဝ ပျက်စီးသွားသည်ကို ခွင့်ပြုထားတော့၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ပတ်ဝန်းကျင်ရှိ အသက်များသည် အစုလိုက် အပြုံလိုက် ရိတ်သိမ်းခံနေရတော့သည်။

“ခမည်းတော်... သွားရအောင်... သွားရအောင်...”

စီးချန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အဲဒီ ပင်လယ်ဓားပြတွေ ထွက်ပြေးကုန်ပြီ။ ခမည်းတော် မြန်မြန် သွားရအောင်။”

ထိုအချိန်တွင်ပင် ဧရာမ ကျောက်တုံးကြီးတစ်ခုသည် ကောင်းကင်မှ ပြင်းထန်စွာ ကျဆင်းလာပြီး စီးချန် ရှိရာသို့ ဦးတည်လာတော့သည်။

“အား....”

စီးပြန်းသည် ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်လိုက်ပြီး ပျံသန်းလာသော ဧရာမ ကျောက်တုံးကြီးကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်တော့၏။

အပိုင်း (၆၀၀)

“ဝုန်း...”

ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။ ထိုဧရာမ ကျောက်တုံးဗုံးကြီးသည် ထိုးချခံလိုက်ရပြီး လေထဲတွင် နှစ်ပိုင်း ကွဲသွားတော့သည်။

စီးပြန်းမှာ အလွန်အစွမ်းထက်သည့်အပြင် သိုင်းပညာဘက်တွင်လည်း ပြိုင်ဘက်ကင်းသူတစ်ဦးဖြစ်သည်။ သူသည် ယခင်က အကြိမ်ကြိမ် ပုန်ကန်မှုများ ပြုလုပ်ခဲ့ဖူးပြီး သူရင်ဆိုင်ရသည့် ပြိုင်ဘက်အများစုမှာလည်း အောက်ရှင်းနှင့် ပုံစံတူသူများပင် ဖြစ်၏။

ထို့အပြင် စစ်မြေပြင်တွင် အောက်ရှင်းနှင့် ဓားချင်းယှဉ် တိုက်ခိုက်ခဲ့ဖူးသည့် အတွေ့အကြုံများလည်း ရှိနေ၏။ ထိုအချက်များကြောင့် သူ၏ သိုင်းပညာသည် အောက်ရှင်းနှင့် ထပ်တူနီးပါး ရှိနေပြီး ထိပ်တန်းသိုင်းပညာရှင် တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။

သို့သော်လည်း ပင်လယ်ပြင်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ဤတိုက်ပွဲကြီးတွင်မူ တစ်ဦး တစ်ယောက်ချင်း၏ သိုင်းပညာအစွမ်းအစဆိုသည်မှာ အလွန် သေးငယ်လို့နေ၏။

“ခမည်းတော်... သွားရအောင်... မြန်မြန် သွားရအောင်။ တောင်ရှိနေသရွေ့ ထင်းမရှိမှာ မပူရဘူးလေ။ ကျုပ်တို့ဆီမှာ နယ်မြေတွေ ရှိသေးတယ်၊ ကျုပ်တို့ဆီမှာ အစွမ်းထက်တဲ့ အခြေခံအုတ်မြစ်တွေ ရှိသေးတယ်။”

စီးချန်က ပြောလိုက်သည်။ “ဒီနေ့ စစ်ရှုံးသွားလည်း ဘာမှ မဖြစ်ဘူး။ ကျုပ်တို့ အချိန်မရွေး ပြန်လည် ထူထောင်လို့ ရတယ်။”

ကျိန့်ဟိုင်မြို့စား စီးပြန်းသည် စကားနှစ်ခွန်း မပြောတော့ဘဲ သားဖြစ်သူ စီးချန်ကို ဖက်ကာ၊ ဇနီးဖြစ်သူ၏ လက်ကို ဆွဲပြီး ဧရာမ သင်္ဘောကြီးပေါ်မှ ပြင်းထန်စွာ ခုန်ချသွားတော့၏။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

နောက်ထပ် တိုက်ခိုက်မှု တစ်ကြိမ် စတင်လာပြန်ပြီး မရေမတွက်နိုင်သော ဧရာမ မြားများ၊ ဧရာမ ကျောက်တုံးကြီးများသည် မိုးသက်မုန်တိုင်းကဲ့သို့ စီးပြန်း၏ ခေါင်းဆောင် သင်္ဘောကြီးပေါ်သို့ နောက်တစ်ကြိမ် ပြင်းထန်စွာ ကျရောက်လာတော့သည်။

“ဂျွတ်”

ကျယ်လောင်သော အသံကြီးနှင့်အတူ ဧရာမ ရွက်တိုင်ကြီးသည် ဝင်တိုက်ခံလိုက်ရပြီး လဲကျသွားတော့၏။

ဤသို့ဖြင့် လေနှင့် လှိုင်းတံပိုးကြီးများ ကြားတွင်၊ လီဟွာမေ၏ အရူးအမူး တိုက်ခိုက်မှု အောက်တွင် ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ထိန်းချုပ်မှု ကင်းမဲ့နေသော ရေတပ်ကြီးသည် တစ်စင်းပြီး တစ်စင်း နစ်မြုပ်သွားတော့သည်။

အချို့သော သင်္ဘောများမှာမူ အစောကြီးတည်းက တိုက်ခိုက်ရန် စွန့်လွှတ်လိုက်ပြီး ထွက်ပြေးရန် ရွေးချယ်ခဲ့ကြ၏။

နှစ်နာရီကျော် ကြာပြီးနောက်....

ပင်လယ်ပြင် အဆုံးအဖြတ် တိုက်ပွဲကြီး ပြီးဆုံးသွားသော်လည်း လေပြင်းများသည် ရပ်တန့်မသွားသေးချေ။

ပင်လယ်ပြင်ကြီးသည် လှိုင်းတံပိုးများ ထန်နေဆဲဖြစ်ပြီး ပင်လယ်ပြင်ပေါ်တွင် နေရာတိုင်း၌ သင်္ဘော အပျက်အစီးများ ပြည့်နှက်နေကာ လူးလှိမ့်နေသော အလောင်းများလည်း နေရာတိုင်းတွင် ရှိနေသည်။

“ဂျိန်း... ဒလိန်း.. ဒိန်း...”

ကျယ်လောင်သော အသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။

ကောင်းကင်ယံမှ လျှပ်စီးများ ကျဆင်းလာပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ မည်းမှောင်နေသော တိမ်တိုက်ကြီးများသည် လိမ့်ဝင်လာပြီး ပို၍ပို၍ နိမ့်ဆင်းလာကာ လျှပ်စီးများသည် မိုင်ဆယ်ချီအထိ ရှည်လျားစွာ ဖြတ်သန်းသွားပြီး ပင်လယ်ပြင်ပေါ်သို့ ပစ်ချနေတော့သည်။

ကောင်းကင်နှင့် မြေကြီးကြားရှိ ကျယ်လောင်သော အသံကြီးများသည် ကြက်သီးမွေးညင်းများ ထသွားစေလောက်သည်။ ဧရာမ လျှပ်စီးများသည် ကောင်းကင်ယံကို တစ်ကြိမ်ပြီး တစ်ကြိမ် ဆုတ်ဖြဲနေပြီး မိုးချုန်းသံများသည်လည်း နားကန်းလုမတတ် ဖြစ်နေ၏။

ဤကဲ့သို့သော လျှပ်စီးလက်ပြီး မိုးချုန်းနေမှုများကြားတွင် နောက်ဆုံး၌ မိုးသက်မုန်တိုင်းကြီး ကျဆင်း လာတော့၏။ ပင်လယ်လေများ အပြင်းအထန် တိုက်ခတ်နေပြီး လှိုင်းလုံးများ ပို၍ပို၍ ကြီးမားလာ တော့သည်။

ယခုအချိန်တွင် လီဟွာမေ၏ ရေတပ်ပင်လျှင် ထိန်းချုပ်ရန် ခက်ခဲလာပြီး ရေကြောင်းထိန်းများ အားလုံး၊ သင်္ဘောသားများ အားလုံး အလုပ်လုပ်ရကာ စစ်သင်္ဘောများကို ထိန်းချုပ်ရန် ကြိုးစားနေရပြီး ရေများကိုလည်း အပြင်သို့ အသေအလဲ ခပ်ထုတ်နေရ၏။

လီဟွာမေ၏ ခေါင်းဆောင် သင်္ဘောကြီးသည် မီတာ တစ်ရာနီးပါး ရှည်လျားသော်လည်း ယခုအခါ အလွန် လှုပ်ခါနေပြီး တိမ်းမှောက်တော့မည့်အလား ဖြစ်နေသည်။

မိုးသက်မုန်တိုင်းများ အရူးအမူး ကျဆင်းနေပြီး လျှပ်စီးလက်ကာ မိုးချုန်းနေသောကြောင့် ခေါင်းပေါ်သို့ အချိန်မရွေး ပစ်ချခံရတော့မလိုပင်။

ရှေးခေတ် သစ်သား စစ်သင်္ဘောများသည် သာမန်အားဖြင့် လျှပ်စီးကာကွယ်ရေး စနစ်များ မရှိကြချေ။ အကယ်၍ လျှပ်စီး အပစ်ခံရပါက ကံဆိုးသည်ဟုသာ မှတ်ယူရမည် ဖြစ်သော်လည်း ထိုသို့ ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးလှသည်။

ယခုအခါ လီဟွာမေသည် ကောင်းကင်ယံမှ လျှပ်စီးလက်ပြီး မိုးချုန်းနေသည်ကို လုံးဝ မကြောက်ရွံ့ဘဲ သင်္ဘောဦးပိုင်းတွင် ရပ်လျက် မိုးသက်မုန်တိုင်းနှင့် လေပြင်းများကို ရင်ဆိုင်နေတော့သည်။ သူမသည် အလွန် စိတ်လှုပ်ရှားနေပုံ ရ၏။

“အောက်ယွီ... ရှင် သိလား။”

လီဟွာမေက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ရေတပ် အများစုက လေပြင်း မုန်တိုင်းတွေကို အရမ်း ကြောက်ကြတယ်။ ကျွန်မ တစ်ယောက်တည်းပဲ သဘောကျတာ။ အဲဒီလို ကောင်းကင်နဲ့ မြေကြီးကို တိုက်ခိုက်ရတဲ့ ခံစားချက်က အရမ်းကို ပျော်ဖို့ ကောင်းတယ်။

တကယ့်ကို အစွမ်းထက်တဲ့ ရေတပ်ဆိုတာ လေပြင်း မုန်တိုင်းတွေထဲမှာ ကောင်းကင်နဲ့ မြေကြီးကို စိန်ခေါ်ရမယ်၊ ပင်လယ်ပြင်ကို စိန်ခေါ်ရမယ်။ ဒေါသထွက်နေတဲ့ ပင်လယ်ပြင်ကို ယဉ်ပါးအောင် လုပ်နိုင်မှသာ တကယ့် အစွမ်းထက်တဲ့ ရေတပ် ဖြစ်လာမှာပါ။

ရှင်တို့ အရှေ့တိုင်းသားတွေက အမြဲတမ်း ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်။ စစ်ပွဲကို မေ့သွားရင် အန္တရာယ် ရှိလာမယ်၊ စစ်ပွဲကို အရမ်း ကြိုက်ရင်လည်း ပျက်စီးသွားမယ်တဲ့။ ဒီအရာတွေကို ကျွန်မ နားမလည်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက စစ်သေနာပတိချုပ် တစ်ယောကဖြစ်ပြီး ဧကရာဇ် တစ်ပါးမှ မဟုတ်တာ။

ဒါပေမဲ့ ကျွန်မ သိတာ တစ်ခုတည်း ရှိတယ်။ စစ်တပ် တစ်ခု အနေနဲ့ အဆက်မပြတ် စစ်တိုက်နေမှသာ အသွင်ပြောင်းနိုင်ပြီး အစွမ်းထက်လာမှာပါ။ ရှင်တို့ တာ့ကျိုးရဲ့ စစ်တပ်တွေက အရမ်းကို အားနည်းလွန်းတယ်။”

ယွင်ကျုံးဟဲ့လည်း ဤအချက်ကို ခံစားမိသလို ကျိုးလီ လည်း ခံစားမိ၏။

ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ရေတပ်သည် အလွန် အစွမ်းထက်ပြီး တာ့ကျိုး ရေတပ်ကို အသက်ရှူမဝ ဖြစ်သွားစေလောက်အောင် ဖိနှိပ်ထားနိုင်ခဲ့သည်။

သို့ပေမည့် လီဟွာမေ၏ ရေတပ် ရှေ့တွင်မူ အလွန် အားနည်းသော ပုံစံမျိုး ပြသနေပြီး လေးပုံတစ်ပုံသာ ရှိသော အခြေအနေမျိုးတွင်ပင် လီဟွာမေ၏ ဖိနှိပ် တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ စစ်ပွဲကို စွန့်လွှတ်လိုက်ရပြီး ပိုင်ဖေးဖေး၏ ရေတပ်ကိုသာ မျှော်လင့်နေရ၏။

ဤလေပြင်း မုန်တိုင်းကြီးထဲတွင် စီးပြန်း၏ ရေတပ်သည် တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားပြီး လီဟွာမေ၏ ရေတပ်၏ တစ်ဖက်သတ် သတ်ဖြတ်ခြင်းကိုသာ ခံလိုက်ရသည်။

ဤသည်မှာ နှစ်ဖက်စလုံး၏ စစ်သင်္ဘော ကွာဟချက်သာမက စစ်သည်များနှင့် သင်္ဘောသားများ၏ တိုက်ခိုက်ရေး စွမ်းရည် ကွာဟချက်လည်း အလွန် ကြီးမားသောကြောင့်ပင်။ ဤသို့ဖြင့် တာ့ကျိုး ရေတပ်သည် ပို၍ပင် အားနည်းသည်ဟု ထင်ရ၏။

“ပိုင်ယွင်မြို့ရဲ့ ကုန်းတွင်းပိုင်း တပ်တော်နဲ့ ရေတပ်ကို ယှဉ်ကြည့်ရင် ဘယ်လိုနေလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

လီဟွာမေက ပြန်ဖြေလိုက်၏။ “ကျွန်မတို့က ကုန်းတွင်းပိုင်း တပ်တော်လို့ မခေါ်ဘူး၊ စစ်သည်တွေလို့ ခေါ်တယ်။ ပိုင်ယွင်မြို့ရဲ့ စစ်သည်အဖွဲ့ကမှ တကယ့် အဓိက အင်အားစုပါ။ သူတို့ အရေအတွက် သိပ်မများပေမယ့် ကျွန်မတို့ထက် ပိုပြီး အစွမ်းထက်တယ်။ ဒါကြောင့် တစ်နေ့နေ့ကျရင် သူတို့က အရှေ့တိုင်း လောကကို ပြန်လာပြီး တာ့ရှန်း အင်ပါယာကို ပြန်လည် တည်ထောင်ကြမှာ သေချာတယ်။”

ထိုအချိန်တွင်ပင် ရုတ်တရက် ပြင်းထန်သော ခေါင်းလောင်းသံများ ထွက်ပေါ်လာတော့သည်။

“ရေတပ်တွေ ထွက်ပေါ်လာပြီ... ရေတပ်တွေ ထွက်ပေါ်လာပြီ။”

“ရန်သူတွေ လာပြီ... ရန်သူတွေ လာပြီ...”

စစ်သေနာပတိချုပ် လီဟွာမေသည် ရွက်တိုင်၏ အမြင့်ဆုံး နေရာသို့ ရုတ်တရက် ခုန်တက်သွားပြီး ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

အရှေ့မြောက် အရပ်တွင် ဧရာမ သင်္ဘောကြီးတစ်စင်း မြင်ကွင်း အတွင်းသို့ ရောက်ရှိလာပြီးနောက် ဒုတိယ တစ်စင်း၊ တတိယ တစ်စင်း၊ စတုတ္ထ တစ်စင်း... စသဖြင့် ပြည့်နှက်နေပြီး မည်းမှောင်နေသော ရေတပ်ကြီးသည် လေပြင်း မုန်တိုင်းများကြားတွင်၊ လျှပ်စီးလက်ပြီး မိုးချုန်းနေမှုများကြားတွင် ထွက်ပေါ်လာတော့သည်။

လျှပ်စီးလက်လိုက်တိုင်း ရေတပ်ကြီး၏ တစ်ခုလုံးကို လင်းလက်သွားစေပြီး အမှန်တကယ်ပင် ငရဲပြည်မှ ထွက်ပေါ်လာသော အမည်းရောင် ရေတပ်ကြီးတစ်ခု ကဲ့သို့ ဖြစ်နေ၏။

‘ဒါ... ဒါက ပိုင်ယွင်မြို့ရဲ့ အဓိက ရေတပ်ကြီးပဲ။’

စစ်သင်္ဘောများမှာ လီဟွာမေ၏ သင်္ဘောများထက်ပင် ပိုမို ကြီးမားပြီး အရေအတွက်လည်း ပိုမိုများပြားကာ စစ်သင်္ဘော၏ အပေါ်အောက် နေရာ အများအပြားတွင် သံချပ်ကာများဖြင့် ဖုံးအုပ်ထားသည်။

ရှေ့ဆုံးမှ ခေါင်းဆောင် သင်္ဘောကြီး တစ်စင်း ဆိုလျှင် လီဟွာမေ၏ ခေါင်းဆောင် သင်္ဘောကြီးထက် နှစ်ဆခန့် ပိုမို ကြီးမားပေလိမ့်မည်။

ရွက်များမှာ သွေးရောင် လွှမ်းနေပြီး အပေါ်တွင် နုဆိုသော ဧရာမ စာလုံးကြီးကို ရေးသားထားသည်။

‘ဒါက တကယ့် နုဧကရာဇ်ရဲ့ ရေတပ်ကြီးပဲ။ တာ့ရှန်း အင်ပါယာရဲ့ အဓိက ရေတပ်ကြီးပဲ။’

ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံး တင်းမာသွားတော့သည်။ လီဟွာမေ၏ ရေတပ်သည် စီးပြန်းနှင့် ယှဉ်လျှင် အစွမ်းထက်သော်လည်း ပိုင်ယွင်မြို့နှင့် ယှဉ်လျှင်မူ အလွန် အားနည်းသွားပြန်၏။

လေပြင်းမုန်တိုင်းကြီးများ ကြားတွင်ပင် ပိုင်ယွင်မြို့၏ နုဧကရာဇ် ရေတပ်ကြီးသည် တည်ငြိမ်စွာဖြင့် လေနှင့် လှိုင်းတံပိုးများကို ခွဲကာ လာနေသည်။

သို့ပေမည့် လီဟွာမေသည် လုံးဝ မလှုပ်ရှားသလို၊ သတိထားရန်လည်း အမိန့်မပေးခဲ့ဘဲ၊ တိုက်ခိုက်ရန်လည်း အမိန့်မပေးခဲ့ချေ။ ဤသို့ဖြင့် ပိုင်ယွင်မြို့၏ နုဧကရာဇ် ရေတပ်ကြီးကို တိတ်ဆိတ်စွာ ကြည့်နေတော့၏။

ထို နုဧကရာဇ်၏ ဧရာမ ရေတပ်ကြီးသည် ပို၍ပို၍ နီးကပ်လာပြီး၊ ပို၍ပို၍ နီးကပ်လာတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဂျိန်း... ဂျိန်း...”

လျှပ်စီးလက်ပြီး မိုးချုန်းသံများ အဆက်မပြတ် ထွက်ပေါ်နေကာ ကောင်းကင်နှင့် မြေကြီး အော်နေတော့၏။

နေ့ခင်းဘက် ဖြစ်သော်လည်း ညဘက်ကဲ့သို့ မှောင်မည်းနေပြီး လျှပ်စီးလက်သည့် အချိန်ကျမှသာ ပင်လယ်ပြင်ကြီးသည် ရုတ်တရက် လင်းလက်သွားတော့၏။ ဤမြင်ကွင်းသည် အမှန်တကယ်ပင် ကမ္ဘာပျက်မည့် နေ့ရက်နှင့် တူနေသည်။

အစွမ်းထက်သော နုဧကရာဇ် ရေတပ်ကြီးသည် တောင်ကြီး ပြိုကျလာသကဲ့သို့၊ ပင်လယ်ရေလှိုင်းကြီး လိမ့်ဝင်လာသကဲ့သို့ ဝင်ရောက်လာပြီး ဖျက်ဆီးခြင်း အငွေ့အသက်များ ပြည့်နှက်နေကာ အဆုံးအစ မရှိလောက်အောင် များပြားလှသည်။ လီဟွာမေ၏ ရေတပ်ကြီးကို လုံးဝ မျိုချပစ်တော့မည့်အတိုင်း ဖြစ်နေ၏။

ယွင်ကျုံးဟဲ့သည် နုဧကရာဇ် ရေတပ်ကြီး၏ ခေါင်းဆောင် သင်္ဘောကြီးကို မြင်တွေ့လိုက်ရသည်။ ဤကဲ့သို့သော စစ်သင်္ဘောကြီးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ တစ်ကိုယ်လုံး အမည်းရောင် ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံစံ ရှိသည်။

ထိုခေါင်းဆောင် သင်္ဘောကြီးမှာ လီဟွာမေ၏ ခေါင်းဆောင် သင်္ဘောကြီးထက် အနည်းဆုံး နှစ်ဆမက ပိုမို ကြီးမားမည်ဖြစ်ပြီး အမှန်တကယ်ပင် တောင်ကြီး တစ်တောင်ကဲ့သို့ ဧရာမ သင်္ဘောကြီး ဖြစ်၏။

စစ်သင်္ဘော တစ်ခုလုံးကို သံပြားများဖြင့် ဖုံးအုပ်ထားပြီး သင်္ဘောဦးပိုင်းမှ ထက်မြက်သော သံမဏိများ တပ်ဆင်ထားရုံသာမက သင်္ဘောကိုယ်ထည် နေရာတိုင်းတွင်လည်း ထက်မြက်သော ဆူးချွန်များ တပ်ဆင်ထားသည်။

ဤသည်မှာ လေခွင်းဗေဒ (လေထုအတွင်း ရွေ့လျားနေသော အရာဝတ္ထုများနှင့် ထိုအရာဝတ္ထုများပေါ်တွင် လေကသက်ရောက်သော တွန်းကန်မှုများအကြောင်းကို လေ့လာသော ပညာရပ်) နှင့် မကိုက်ညီသော်လည်း ဤဧရာမ သင်္ဘောကြီးသည် အလွန် လျင်မြန်စွာ ရွက်လွှင့်နေဆဲ ဖြစ်၏။

ဧရာမ သင်္ဘောကြီး၏ သင်္ဘောဦးပိုင်းတွင် ဩဇာတိက္ကမ ရှိသော အမျိုးသားတစ်ဦး ရပ်နေပြီး တစ်ကိုယ်လုံးကို အမည်းရောင် သံချပ်ကာဖြင့် ဖုံးအုပ်ထားကာ အရပ် နှစ်မီတာ ကျော်ခန့်ရှိပြီး အမည်းရောင် သံခမောက်ပေါ်တွင် ဆူးချွန် သုံးချောင်း တပ်ဆင်ထားသောကြောင့် အမှန်တကယ်ပင် အမှောင်ထု၏ ဘုရင် တစ်ပါး ကဲ့သို့ ဖြစ်နေသည်။

အဝေးကြီး ကနေတောင် ယွင်ကျုံးဟဲ့သည် ဤလူ၏ အကြည့်များကို ခံစားနေရပြီး အလွန် အစွမ်းထက်ကာ တုန်လှုပ်ဖွယ် ကောင်းလို့နေ၏။

လေပြင်း မုန်တိုင်းကြီးများကြားတွင်ပင် သူ၏ ခန္ဓာကိုယ်သည် အပေါ်တွင် သံမှို ရိုက်ထားသကဲ့သို့၊ တောင်ကြီး တစ်တောင်ကဲ့သို့ အမြစ်တွယ်နေပြီး တစ်ချက်လေးမှ မလှုပ်ရှားချေ။

“ဂျိန်း... ဒလိန်း... ဂျိန်...”

နောက်ထပ် လျှပ်စီးလက်ပြီး မိုးချုန်းသံများ ထွက်ပေါ်လာပြန်၏။ လျှပ်စီးက သူ၏ သံချပ်ကာကို လင်းလက်သွားစေပြီး ပို၍ပင် အမည်းရောင် ကြောက်မက်ဖွယ် ကောင်းနေစေသည်။

ဤသို့ဖြင့် ရေတပ်နှစ်ဖွဲ့သည် စစ်မတိုက်ကြဘဲ ပိုင်ယွင်မြို့၏ နုဧကရာဇ် ရေတပ်ကြီးသည် ဘေးမှ ဖြတ်သန်းသွားကာ လီဟွာမေ၏ ရေတပ်နှင့် အနီးဆုံး နေရာနှင့် မီတာ အနည်းငယ်ခန့်သာ ကွာဝေး၏။

အစမှ အဆုံးတိုင် စကားတစ်ခွန်းမှ မပြောဘဲ၊ ဗုံမတီးဘဲ၊ အလံမပြဘဲ နေခဲ့ကြ၏။ အစွမ်းထက်လှသော နုဧကရာဇ် ရေတပ်ကြီးသည် ပခုံးချင်း ယှဉ်ကာ ဖြတ်သန်းသွားပြီးနောက် အကွေ့တစ်ခု ကွေ့ကာ မူလ လမ်းကြောင်းအတိုင်း ပြန်လည် ထွက်ခွာသွားတော့သည်။

ထိုအမှောင်ထု၏ဘုရင် ကဲ့သို့သော လူသည် လီဟွာမေနှင့် မည်သည့် စကားမှ မပြောဆိုခဲ့ချေ။

‘သူ ဒီလိုပဲ ထွက်သွားခဲ့တာလား။ သူ့ရဲ့ အစွမ်းထက်လှတဲ့ အမှောင် ရေတပ်ကြီးကို ခေါ်ဆောင်ပြီး ထွက်သွား တာပေါ့။’

သူ ထွက်သွားပြီးနောက် ကောင်းကင်ယံမှ မိုးသက်မုန်တိုင်းများ တဖြည်းဖြည်း ရပ်တန့်သွားပြီး လေပြင်းများလည်း တဖြည်းဖြည်း ငြိမ်သက်သွားကာ ကောင်းကင်ပေါ်ရှိ မည်းမှောင်နေသော တိမ်တိုက်ကြီးများလည်း တဖြည်းဖြည်း ကွဲထွက်သွားတော့၏။

All Chapters