အခန်း (၆၀၁-၆၀၂)
Vol. 51 Ch. 601-602
အပိုင်း (၆၀၁)
နာရီဝက်ကျော်ခန့် အကြာတွင် လေငြိမ်ပြီး လှိုင်းငြိမ်သွားကာ နေရောင်ခြည် တောက်ပလာတော့သည်။
ခုနက အမှောင်ထု ကမ္ဘာပျက်မည့် မြင်ကွင်းကြီးသည်လည်း လုံးဝ ပျောက်ကွယ်သွားပြီး တစ်ခါမှ မဖြစ်ခဲ့ဖူးသကဲ့သို့ပင်။ အစွမ်းထက်သော နုဧကရာဇ် ရေတပ်ကြီးသည်လည်း တစ်ခါမှ မရောက်လာခဲ့ဖူးသကဲ့သို့ ဖြစ်နေ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူက ပိုင်ယွင်မြို့စား လား။”
လီဟွာမေ ခေါင်းညိတ်ပြလိုက်၏။
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “ဒါဆို သူက တာ့ရှန်း အင်ပါယာရဲ့ ဧကရာဇ် လား။”
လီဟွာမေက ပြန်ဖြေလိုက်၏။ “လောလောဆယ်တော့ မဟုတ်သေးဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သူ့ရဲ့ ရေတပ်ကြီးက အရမ်း အရမ်းကို အစွမ်းထက်တာပဲ။”
လီဟွာမေက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ “သူ နောက်ဆုံးတော့ နုဧကရာဇ်ရဲ့ စစ်သင်္ဘောတွေကို ဖန်တီးနိုင်ခဲ့ပြီပဲ။”
“နုဧကရာဇ်ရဲ့ စစ်သင်္ဘောတွေ ဟုတ်လား။” ယွင်ကျုံးဟဲ့က အံ့ဩစွာဖြင့် မေးလိုက်သည်။
လီဟွာမေက ပြောလိုက်၏။ “အရင်တုန်းက တာ့ရှန်း အင်ပါယာမှာ အရမ်းကို အစွမ်းထက်တဲ့ စစ်သင်္ဘောကြီးတွေ ရှိခဲ့တယ်။ ပင်လယ်ရပ်ခြားကို သွားတဲ့ အချိန်မှာ ရာစုနှစ် တစ်ခုမှာ တစ်ခါမှ မကြုံဖူးတဲ့ ဆူနာမီ လှိုင်းလုံးကြီးတွေနဲ့ ကြုံတွေ့ခဲ့ရလို့ အားလုံး ပျက်စီးသွားခဲ့ရတယ်။ တချို့က ပင်လယ်အောက်ခြေမှာ နစ်မြုပ်သွားတယ်။ အဲဒါက ရှင် ကျွန်မကို ခေါ်သွားတဲ့ နေရာပဲ။ တချို့က ဧရာမ ကျောက်ဆောင်ကြီးတွေနဲ့ ဝင်တိုက်မိတယ်။
ဒီနှစ်တွေ အတွင်းမှာ ပိုင်ယွင်မြို့က နုဧကရာဇ်ရဲ့ စစ်သင်္ဘောတွေကို ပြန်လည် တည်ဆောက်ဖို့ အမြဲတမ်း ကြိုးစားနေခဲ့ပေမယ့် အမြဲတမ်း ကျရှုံးခဲ့တယ်။ ဘာလို့လဲဆိုတော့ တည်ဆောက်ပုံအရ ဒီလို စစ်သင်္ဘောမျိုးကို တည်ဆောက်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်လို့ပဲ။ ဒါပေမဲ့ သူကတော့ တည်ဆောက်နိုင်ခဲ့တယ်။”
“သွားကြစို့။”
လီဟွာမေက ပြောလိုက်သည်။ “အဆုံးသတ် သွားလုပ်ရအောင်။”
ထို့နောက် လီဟွာမေ၏ ရေတပ်ကြီးသည် နောက်တစ်ကြိမ် ခမ်းနားကြီးကျယ်စွာ ထွက်ခွာသွားတော့၏။
စောဏက တိုက်ပွဲတွင် စီးပြန်း၏ ပူးပေါင်း ရေတပ်မှ သင်္ဘော အများအပြားသည် အခွင့်ကောင်း ယူကာ ထွက်ပြေးသွားကြပြီး ကျိန့်ဟိုင်မြို့စား စီးပြန်း ကိုယ်တိုင်လည်း ထွက်ပြေးသွားခဲ့သည်။
နောက်ဆက်တွဲ အနေဖြင့် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးပေါ်တွင် သူ့ကို လိုက်လံ ရှာဖွေ ဖမ်းဆီး ရတော့မှာ ဖြစ်၏။
လီဟွာမေ၏ ရွှေ့ပြောင်းငှက်သည် အော်သံ တစ်ချက် ပြုလုပ်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားပြီးနောက် ပင်လယ်ပြင်ပေါ်တွင် စီးပြန်း၏ အကြွင်းအကျန် ရေတပ်ကို လိုက်လံ ရှာဖွေနေတောသည်။
ဤတိုက်ပွဲတွင် အောင်ပွဲခံနိုင်ခဲ့ပြီဟု ဆိုနိုင်သော်လည်း စီးပြန်းကို အရှင်ဖမ်းဆီးမိမှသာလျှင် စစ်ရေးအရ အောင်မြင်မှုအစစ်အမှန်ဟု သတ်မှတ်နိုင်မှာဖြစ်သည်။ သို့သော်ငြား စီးပြန်းမှာ မည်သည့်သင်္ဘောပေါ်တွင် ရှိနေသနည်း။
ထွက်ပြေးစဉ်က စီးပြန်း၏ရေတပ်မှာ ငှက်အုပ်များကဲ့သို့ အရပ်လေးမျက်နှာသို့ အသီးသီး ထွက်ပြေးသွားကြသောကြောင့် ၎င်းတို့ကို ရှာဖွေဖမ်းဆီးရန်မှာ လွန်စွာခက်ခဲ၏။ ထို့ကြောင့် တစ်စင်းချင်းစီကို လိုက်လံဖျက်ဆီးပစ်ရန်သာ ရှိတော့သည်။
ကံကောင်းထောက်မစွာဖြင့် စီးပြန်း၏ ရေတပ်သင်္ဘောများမှာ တိုက်ပွဲအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် ရွက်တိုင်များ ကျိုးပဲ့ခြင်း၊ ရွက်များ ပျက်စီးခြင်းစသည့် ချို့ယွင်းချက်များ ရှိနေကြသည်။ ထိုသင်္ဘောများမှာ အရှိန်ပြင်းပြင်းဖြင့် မပြေးနိုင်ကြသောကြောင့် လီဟွာမေ၏ ရေတပ်ကြီးအနေဖြင့် တစ်နာရီခန့် နောက်ကျ၍ လိုက်လံဖမ်းဆီးသော်လည်း အလွယ်တကူပင် လိုက်မီသွားတော့၏။
“အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ။ ကျုပ်တို့ လက်နက်ချဖို့ ဆန္ဒရှိတယ်... ကျုပ်တို့ လက်နက်ချဖို့ ဆန္ဒရှိတယ်။”
လိုက်မီသွားသည့် စစ်သင်္ဘောက ထွက်မပြေးနိုင်တော့မှန်း သိသောကြောင့် ချက်ချင်းပဲ ကုန်းပတ်ပေါ်မှာ ဒူးထောက်ပြီး အသေအလဲ တောင်းပန်ကြတော့သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “စီးပြန်းတို့ သားအဖ ဘယ်သင်္ဘောပေါ်မှာ ရှိလဲ။
“ကျုပ်တို့ မသိဘူး... ကျုပ်တို့ တကယ် မသိဘူး။”
လီဟွာမေသည် အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။
“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”
ဧရာမ စစ်သင်္ဘောကြီး အချို့က သပ်သပ်ရပ်ရပ် ပစ်ခတ်လိုက်ကြတော့၏။
တစ်ခဏအတွင်းမှာပင် ဤပျက်စီးနေသော ရန်သူ့ စစ်သင်္ဘောသည် အပေါက်များ ပြည့်နှက်သွားပြီး ပင်လယ်ပြင်တွင် လှည့်ပတ်နေကာ ပင်လယ်ရေများ ဝင်ရောက်လာတော့သည်။
ဤလူများ၏ သရဲတစ္ဆေများကဲ့သို့ အော်ဟစ် ငိုကြွေး ကျိန်ဆဲသံများကြားတွင် စစ်သင်္ဘောသည် စတင် နစ်မြုပ်သွားပြီး သင်္ဘောပေါ်ရှိ လူများလည်း ပင်လယ်ထဲတွင် သေချာပေါက် သေဆုံးသွားတော့မှာဖြစ်၏။
လီဟွာမေ၏ ရေတပ်ကြီးသည် နောက်ထပ် ရန်သူ့ စစ်သင်္ဘော တစ်စင်းကို ဆက်လက် လိုက်လံ တိုက်ခိုက်တော့သည်။
ဤသို့ဖြင့် လီဟွာမေသည် ပင်လယ်ပြင်ပေါ်တွင် နေရာအနှံ့ လိုက်လံ ရှာဖွေ ဖမ်းဆီးနေပြီး အကြိမ်တိုင်းတွင် တစ်ခွန်းတည်းသာ မေးမြန်းလေ့ ရှိ၏။ “ကျိန့်ဟိုင်မြို့စား စီးပြန်း ဘယ်မှာလဲ။”
မသိဘူးဟု ဖြေလျှင်သို့မဟုတ် မပြောဘူးဟု ဖြေလျှင် တိုက်ရိုက် နှစ်မြှုပ်ပစ်လိုက်ပြီး လုံးဝ သနားညှာတာမှု မရှိချေ။ တစ်စင်းပြီး တစ်စင်း နှစ်မြှုပ်ပစ်လိုက်တော့သည်။
သူတို့၏ လုပ်ရပ်မှာ သုံ့ပန်းများကို သတ်ဖြတ်နေခြင်းနှင့် အတူတူပင်ဖြစ်သော်လည်း၊ ဤပင်လယ်ပြင်တွင်မူ သုံ့ပန်းများကို သတ်ဖြတ်ခြင်းအား တားမြစ်သည့် စည်းကမ်းချက်ဟူ၍ မရှိပေ။
ဤသို့ဖြင့် လီဟွာမေ၏ ရေတပ်သည် ထွက်ပြေးနေသော စစ်သင်္ဘောသုံးစင်းကို လိုက်မီသွားခဲ့သည်။
“ကျိန့်ဟိုင်မြို့စား စီးပြန်း ဘယ်မှာလဲ။”
“မပြောဘူးလား။”
“ပစ်...”
“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...” မိုးသက်မုန်တိုင်း ကဲ့သို့ အရူးအမူး တိုက်ခိုက်မှုများက ဤ မကြီးမားသော စစ်သင်္ဘောလေးကို တိုက်ရိုက် နှစ်မြှုပ်ပစ်လိုက်တော့၏။
ထို့နောက် ဒုတိယ စစ်သင်္ဘောကို မေးမြန်းရာ အဖြေ မရသောကြောင့် ဒုတိယ စစ်သင်္ဘော လည်း နှစ်မြှုပ်ခံလိုက်ရပြန်သည်။
ထို့နောက် တတိယ စစ်သင်္ဘော၏ မာလိန်မှူးကို မေးမြန်းရာ ထိုမာလိန်မှူးက ချက်ချင်း ဒူးထောက်လိုက်ပြီး တုန်ယင်စွာဖြင့် မေးလိုက်၏။ “ကျုပ် ပြောမယ်... ကျုပ် ပြောမယ်။ ကျုပ် ပြောရင် အသက်ရှင်ခွင့် ရမလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ရတယ်။”
မာလိန်မှူးက ပြောလိုက်၏။ “ဘုရင်ကြီး စီးပြန်းက ချင်လုံ သင်္ဘောပေါ်မှာ ရှိတယ်။ အပြာရောင် ရွက်တွေ တပ်ထားတယ်။ ဒါက သူ့ရဲ့ ကိုယ်လုပ်တော်ရဲ့ သင်္ဘောပါ။ အနောက်မြောက် အရပ်မှာ ရှိလောက်တယ်။”
လီဟွာမေ ခေါင်းညိတ်ကာ ပြောလိုက်၏။ “လာကြစမ်း... သူ့ကို ဖမ်းပြီး ခေါ်လာခဲ့။ အကယ်၍ လိမ်ပြောတယ် ဆိုရင် အရေခွံခွာပြီး အရွတ်တွေ ဆွဲထုတ်ပစ်မယ်။”
“ကောင်းပါပြီ။”
ချက်ချင်းပဲ စစ်သည် ရာချီခန့်က သင်္ဘောပေါ်သို့ ခုန်ချပြီး ရန်သူ့ စစ်သင်္ဘောပေါ်သို့ ပြေးဝင် သွားကြတော့သည်။
ယွင်ကျုံးဟဲ့သည် နောက်ဆုံးတွင် ရန်သူ့ သင်္ဘောပေါ်ကို ခုန်တက်ပြီး ဓားချင်းယှဉ် တိုက်ခိုက်တဲ့ တိုက်ပွဲကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ဤလူများသည် အမှန်တကယ်ပင် မျောက်များကဲ့သို့ အမြင့်ကနေ ခုန်ချသွားရသည်ကိုတောင် ဘာမှ မဖြစ်ကြချေ။
ရန်သူ့ စစ်သင်္ဘောပေါ်ရှိ လူများကို အလွယ်တကူ အကုန်အစင် ဖမ်းဆီးလိုက်ပြီး မာလိန်မှူး ကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။
နောက်ဆက်တွဲ အနေဖြင့် လီဟွာမေ၏ ရေတပ်ကြီးသည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးပေါ်တွင် နောက်တစ်ကြိမ် လိုက်လံ ရှာဖွေ ဖမ်းဆီးနေတော့၏။
ရွှေ့ပြောင်းငှက် နှစ်ကောင်သည် နောက်တစ်ကြိမ် ကောင်းကင်ယံသို့ ပျံသန်းသွားပြီး ချင်းလုံ သင်္ဘောကို လိုက်လံ ရှာဖွေနေကြကာ အမှတ်အသားမှာ အပြာရောင် ရွက်များ ဖြစ်သည်။
တစ်နာရီကျော်ခန့် ကြာပြီးနောက်...
ရွှေ့ပြောင်းငှက် တစ်ကောင်သည် ကောင်းကင်ယံတွင် အော်သံ တစ်ချက် ပြုလုပ်လိုက်ပြီးနောက် ကောင်းကင်ယံတွင် လှည့်ပတ်နေကာ လီဟွာမေကို ပစ်မှတ် တွေ့ရှိသွားပြီ ဖြစ်ကြောင်း အသိပေးနေ၏။
လီဟွာမေ၏ ရေတပ်ကြီးသည် ရွက်များကို အပြည့်အဝ ဖြန့်ကာ၊ လှော်တက်များကိုလည်း အရူးအမူး လှော်ခတ်ပြီး ရွှေ့ပြောင်းငှက်၏ နောက်မှ လိုက်သွားတော့သည်။
နာရီဝက်ခန့် အကြာတွင် ချင်းလုံ သင်္ဘောကြီး ဝိုင်းရံခံလိုက်ရတော့သည်။ သို့ပေမည့် ကျိန့်ဟိုင်မြို့စား စီးပြန်းကို မတွေ့ရှိချေ။ လူများကို မေးမြန်းကြည့်ရာတွင်လည်း လုံးဝ မပြောဘဲ သေဖို့ အဆင်သင့် ဖြစ်နေကြ၏။
စီးပြန်းသည် ချင်းလုံ သင်္ဘောကြီးဖြင့် ထွက်ပြေးခဲ့သည်မှာ မှန်သော်လည်း လမ်းခုလပ်တွင် သင်္ဘော ပြောင်းစီးသွားခဲ့ကြောင်း ထင်ရှား၏။ ဤသည်မှာ တစ်ယောက်ယောက်က သူ့ကို သစ္စာဖောက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
‘ဒီမြို့စားက တကယ်ကို ကောက်ကျစ်စဉ်းလဲတာပဲ။’
ထို့အပြင် ချင်းလုံ သင်္ဘောကြီးပေါ်ရှိ သင်္ဘောသားများနှင့် စစ်သည်များ အားလုံးမှာ သူ၏ လူယုံများ ဖြစ်ကြသောကြောင့် စီးပြန်းကို လုံးဝ သစ္စာမဖောက်ကြချေ။
“ပစ်...”
အမိန့်ပေးသံ တစ်ခု ထွက်ပေါ်လာသည်နှင့်အတူ ဧရာမ စစ်သင်္ဘောကြီး အချို့က ပစ်ခတ်လိုက်ကြပြီး ယခုတစ်ကြိမ်တွင် ရေနံဗုံးများကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
တစ်ခဏအတွင်းမှာပဲ ချင်းလုံ သင်္ဘောကြီးသည် ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး အပေါ်ရှိ လူများ အားလုံးလည်း မီးလောင် သေဆုံးသွားကြတော့၏။
လီဟွာမေ၏ ရေတပ်ကြီးသည် နေရာအနှံ့ လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြပြန်၏။ ရန်သူ့ စစ်သင်္ဘောများကို တစ်စင်းပြီး တစ်စင်း နှစ်မြှုပ်ပစ်လိုက်သော်လည်း စီးပြန်း သားအဖ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရှိရချေ။
တစ်ရက်၊ နှစ်ရက်၊ သုံးရက် ကြာသွားခဲ့၏။
ဤသုံးရက်အတွင်း လီဟွာမေသည် ပျက်စီးနေသော ရန်သူ့ စစ်သင်္ဘော အစင်း တစ်ရာကျော်ကို လိုက်လံ တိုက်ခိုက်ပြီး အားလုံးကို အကုန်အစင် ဖျက်ဆီးပစ်ခဲ့သည်။ သို့ပေမည့် စီးပြန်းတို့ သားအဖ ကိုတော့ မတွေ့ရှိသေးချေ။
စီးပြန်းကို မဖမ်းမိသရွေ့ ဤစစ်ပွဲသည် အပြည့်အဝ အောင်မြင်မှုလို့ မဆိုနိုင်ပေ။ ဧကရာဇ်၏ အဖွဲ့အစည်းမှ လူများသည် လှည့်စားကာ အကြောင်းပြချက် အမျိုးမျိုးဖြင့် ငြင်းခုံလာကြပေလိမ့်မည်။
‘ခင်ဗျားက ရေတပ် တိုက်ပွဲ တစ်ခုကို အနိုင်ရရုံ သက်သက်ပဲ ရှိသေးတယ်၊ ပုန်ကန်မှုကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့တာမှ မဟုတ်တာ၊ ဘာလို့ အနိုင်ရတယ်လို့ ပြောရတာလဲ။’
အိမ်ရှေ့စံမင်းသား ကျိုးလီက ယွင်ကျုံးဟဲ့ကို လာရှာပြီး ပြောလိုက်၏။ “ညီလေး... ကျုပ် အဘိုးဘက်မှာ ပြဿနာ ဖြစ်သွားမှာကို စိုးရိမ်မိတယ်။ စစ်ပွဲ စတင်တည်းက အခုချိန်ထိဆိုရင် တစ်လခွဲ ကျော်သွားပြီ။ ဧကရာဇ်ဟောင်းရဲ့ ဖိအားတွေ ပိုပိုပြီး ကြီးမားလာလိမ့်မယ်။ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေရဲ့ စိတ်ထဲမှာ ကျုပ်တို့ ရှုံးသွားပြီ၊ ကျုပ်တို့ သေသွားပြီလို့တောင် ထင်နေလောက်ပြီ။ ဒါကြောင့် ကျုပ်တို့ အခု ပြန်မသွားဘူးဆိုရင် အခြေအနေတွေ ပြောင်းပြန် ဖြစ်သွားလိမ့်မယ်။ အကယ်၍ ဧကရာဇ်ဟောင်း တကယ်ပဲ ပြဿနာ ဖြစ်သွားရင် နောက်ကျသွားလိမ့်မယ်။”
ယွင်ကျုံးဟဲ့လည်း ဤအချက်ကို မသိဘဲ မနေချေ။ ယခုအခါ တာ့ကျိုး မြို့တော်တွင် သေချာပေါက် ရုတ်ရုတ်သဲသဲ ဖြစ်နေမည်ဖြစ်ပြီး လူတိုင်းက ကျိုးလီနှင့် အောက်ယွီတို့ ရှုံးနိမ့်သွားပြီ၊ သေဆုံးသွားပြီဟု ထင်မှတ်နေကြမှာဖြစ်သည်။
ဧကရာဇ်၏ အဖွဲ့အစည်းကလည်း အောင်ပွဲခံနေလောက်ပြီ ဖြစ်ပြီး ဧကရာဇ်ဟောင်းကိုပါ သေကြောင်းကြံရန် ဖိအားပေးနေလောက်ပြီ ဖြစ်၏။
သို့ပေမည့် ယခုတစ်ကြိမ်မှာ ဧကရာဇ် အာဏာ ပြိုင်ဆိုင်မှုဖြစ်ပြီး စီးပြန်းကို ဖမ်းမိမှသာ တကယ့်ကို ကြီးမားသည့် အောင်ပွဲဟု ခေါ်ဆိုနိုင်မှာဖြစ်၏။ ထိုသို့မဟုတ်ပါက ဆက်လက် အားပြိုင်နေရဦးမှာဖြစ်သည်။
ယွင်ကျုံးဟဲ့ မျက်လုံးများကို မှိတ်ကာ အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်၏။ “နောက်ထပ် နေ့တစ်ဝက်လောက် ဆက်ရှာကြည့်မယ်။ နေ့တစ်ဝက်ပဲ။ မိုးမချုပ်ခင်အထိ စီးပြန်းကို ရှာမတွေ့သေးဘူး ဆိုရင် ကျုပ်တို့ တာ့ကျိုးကို ပြန်ကြမယ်။”
ကျိုးလီက ပြန်ပြောလိုက်သည်။ “ကောင်းပြီ။”
နောက်ဆုံးအနေဖြင့် လီဟွာမေ၏ ရေတပ်ကြီးသည် နောက်တစ်ကြိမ် လူစုခွဲကာ နေရာအနှံ့ လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြတော့၏။
ရွှေ့ပြောင်းငှက် နှစ်ကောင်သည်လည်း အလွန် ပင်ပန်းနေပြီ ဖြစ်သော်လည်း နောက်တစ်ကြိမ် ကောင်းကင်ယံသို့ ပျံသန်းသွားပြီး ပင်လယ်ပြင်ပေါ်ရှိ မည်သည့် သင်္ဘောကိုမဆို လိုက်လံ ရှာဖွေနေကြတော့သည်။
ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် သင်္ဘော တစ်စင်း၊ လူတစ်ယောက်ကို ရှာဖွေရန် ဆိုသည်မှာ တကယ်ကို ကောက်ရိုးပုံထဲတွင် အပ်ရှာသကဲ့သို့ ဖြစ်နေ၏။
အချိန် ပိုကြာလေလေ၊ စီးပြန်းကို ရှာတွေ့ရန် မျှော်လင့်ချက် ပိုနည်းလေလေ ဖြစ်သည်။ အကြောင်းမူ သူသည် သစ်ပင်ထူထပ်သော ကျွန်းတစ်ကျွန်းကို ရှာဖွေပြီး ပုန်းကွယ်နေလောက်ပြီဖြစ်ကာ ထိုသို့ဆိုလျှင် သူ့ကို ဖမ်းမိနိုင်တော့မည် မဟုတ်ချေ။
အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားတော့၏။ နေမင်းကြီးသည် ပင်လယ်ရေပြင်ဆီသို့ တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး အရောင်စုံ အလင်းများကို ထုတ်လွှတ်နေကာ ပင်လယ်ရေများသည်လည်း ရွှေရောင် လွှမ်းသွားသကဲ့သို့ အလွန် လှပလွန်းလှသည်။
သို့ပေမည့် မည်သူကမှ ဤ အလှတရားကို ခံစားရန် အချိန်မရကြချေ။ နေမင်းကြီး ဝင်သွားပြီဆိုလျှင် မိုးချုပ်တော့မှာဖြစ်ပြီး နေ့ခင်းဘက်တွင်ပင် ရှာမတွေ့နိုင်သည်ကို ညဘက်ဆိုလျှင် ပို၍ပင် ရှာမတွေ့နိုင်တော့ချေ။
ယွင်ကျုံးဟဲ့က နောက်ထပ် နေ့တစ်ဝက် ဆက်ရှာမည်၊ အကယ်၍ စီးပြန်းကို ရှာမတွေ့သေးပါက စွန့်လွှတ်ပြီး ချက်ချင်း ပြန်လှည့်မည်ဟု ပြောခဲ့သည်။
နေမင်းကြီးသည် ပင်လယ်ရေပြင် အောက်သို့ ကျဆင်းသွားတော့သည်။ နောက်ဆုံးအချိန် ရောက်ရှိလာပြီ ဖြစ်ပြီး စွန့်လွှတ်ရတော့မည် ဖြစ်ကာ တာ့ကျိုးသို့ ပြန်လှည့်ရတော့မှာဖြစ်၏။
အပိုင်း (၆၀၂)
စစ်ပွဲကြီးတစ်ခုလုံးကို အပြည့်အဝ အောင်မြင်မှု မရရှိလိုက်ရသည့် အဖြစ်သည် လွန်စွာစိတ်ပျက်ဖွယ် ကောင်းလှပြီး၊ ထိုသို့သော မပြည့်စုံသည့် ရလဒ်အတွက် အလွန် မကျေမနပ် ဖြစ်နေရသည်။
သို့ပေမည့် ထိုအချိန်တွင် ကောင်းကင်ယံမှ ရွှေ့ပြောင်းငှက်သည် စူးရှပြီး စိတ်လှုပ်ရှားဖွယ် ကောင်းသော အော်သံများကို ဆက်တိုက် ထုတ်လွှတ်လာရာ ၎င်း တစ်ခုခုကို ရှာတွေ့သွားပြီ ဖြစ်ကြောင်း ထင်ရှား၏။
ရွှေ့ပြောင်းငှက်၏ လမ်းပြမှုဖြင့် လီဟွာမေ၏ ရေတပ်ကြီးသည် အရှိန်တင်ပြီး လိုက်လံ ရှာဖွေတော့၏။ တစ်နာရီ အကြာတွင် ယွင်ကျုံးဟဲ့ နှင့် လီဟွာမေ တို့သည် သင်္ဘော တစ်စင်းကို မြင်တွေ့လိုက်ရသည်။
ဤသင်္ဘောသည် အလွန် သေးငယ်ပြီး လူဆယ်ယောက်ကျော်ခန့်သာ ဝင်ဆံ့နိုင်သော သင်္ဘောမျိုး ဖြစ်သည်။ သာမန် ပင်လယ်ဓားပြ လှေငယ် တစ်စင်း ဖြစ်မည်ဟု ခန့်မှန်းရပြီး စီးပြန်းက ထိုအချိန်တွင် ဤလှေငယ်ကို ရွေးချယ်ပြီး ထွက်ပြေးခဲ့ခြင်းမှာ အမှန်တကယ်ပင် ကောက်ကျစ်စဉ်းလဲလွန်း၏။
ထို့အပြင် ဤလှေငယ်သည် အလွန် သနားဖွယ်ကောင်းသော အခြေအနေမျိုး ရှိနေပြီး ရွက်များလည်း မရှိတော့သလို၊ ရွက်တိုင်တွင်လည်း မီးလောင်ကျွမ်းထားသော အရာများ ရှိနေကာ သင်္ဘောကိုယ်ထည်လည်း ပျက်စီးနေသည်။
လီဟွာမေ၏ ရေတပ်ကြီးသည် ဤလှေငယ်လေးကို ချက်ချင်း ဝိုင်းရံလိုက်ပြီးနောက် အပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ကြ၏။
‘တကယ်ကို ဖိနပ်ပေါက်အောင် ရှာပေမယ့် မတွေ့ဘဲ၊ မရှာဘဲနဲ့ အလွယ်တကူ တွေ့သွားတာပါပဲ။’
ကျိန့်ဟိုင်မြို့စား စီးပြန်းသည် ကုန်းပတ်ပေါ်တွင် ရပ်နေပြီး နှုတ်ခမ်းများ ခြောက်သွေ့ ကွဲအက်နေကာ မျက်နှာများလည်း နီရဲပြီး မည်းနက်နေ၏။ ယခင်က ခန့်ညားပြီး ဩဇာတိက္ကမ ရှိသော ပုံစံမျိုး လုံးဝ မရှိတော့ဘဲ အလွန် သနားဖွယ်ကောင်းသော ပုံစံမျိုး ဖြစ်နေသည်။
လှေပေါ်တွင် လူဆယ်ယောက်ကျော်ခန့်သာ အသက်ရှင် ကျန်ရစ်နေပြီး တစ်ယောက်ချင်းစီတိုင်းသည် အလွန် သနားဖွယ်ကောင်းသော အခြေအနေမျိုး ရှိနေကာ အားလုံးက ရေဓာတ် ခမ်းခြောက်နေပြီး မျက်နှာပေါ်ရှိ အရေပြားများ ကွာကျနေကြ၏။
‘နောက်ဆုံးတော့ ခင်ဗျားကို ရှာတွေ့ပြီပဲ။’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မြို့စားကြီး စီးပြန်း... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခင်ဗျား ထွက်ပြေးသွားတော့ ကျုပ်တို့က ပင်လယ်ပြင်ကို မိုင်ထောင်ချီအောင် ရှာဖွေခဲ့ပြီး သင်္ဘော အစင်း ရာချီလောက်ကို နှစ်မြှုပ်ပစ်ခဲ့တာတောင် သင့်ကို မရှာတွေ့ခဲ့ဘူး။ အခုတော့ ခင်ဗျားက အလိုလို ရောက်လာတယ် ဟုတ်လား။ ပြီးတော့ ဒီလောက်တောင် သနားဖွယ်ကောင်းတဲ့ ပုံစံမျိုးနဲ့လေ။”
မြို့စားကြီး စီးပြန်းက ပြန်ပြောလိုက်၏။ “ကျုပ်ရဲ့ လှေက မိုးကြိုးအပစ်ခံရလို့ မီးလောင်သွားပြီး ရွက်တွေလည်း ပျက်စီးသွားသလို၊ လှော်တက်တွေလည်း မရှိတော့လို့ ရေစီးကြောင်း အတိုင်း မျောပါလာတာပါ။”
ဤစကားကို ကြားလိုက်ရသည့်အခါ ယွင်ကျုံးဟဲ့မှာ အံ့အားသင့်သွားတော့သည်။ ‘ဒါ... ဒါတော့ အတော်ကို ကံဆိုးလွန်းရာကျနေပြီ။ မြို့စားကြီး စီးပြန်း.... ခင်ဗျားကတော့ ထီထိုးဖို့ပဲ ကောင်းတော့တယ်။’
ဧရာမစစ်သင်္ဘောကြီးများပင် မိုးကြိုးအပစ်မခံရဘဲ စီးပြန်း၏လှေငယ်လေးက အပစ်ခံရသည်ဆိုခြင်းမှာ ထူးဆန်းသည်။ ရွက်များ ပျက်စီးသွားချိန်မှာတော့ ထိုလှေငယ်လေးမှာ လုံးဝထိန်းချုပ်၍ မရတော့ဘဲ ပင်လယ်ပြင်ပေါ်၌ ကံကြမ္မာအတိုင်း မျောပါသွားတော့၏။
ယခင်က နေ့ရောညပါ အသည်းအသန် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ရဘဲ ယခုမူ အလိုလိုပင် သူတို့၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
“ပြင်ဆင်ကြ...” အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာတော့၏။
ဧရာမ စစ်သင်္ဘောကြီး အချို့မှ ဧရာမ မြို့သိမ်းဒူးလေးကြီး ရာချီခန့် အားလုံး အသင့်အနေအထား ဖြစ်သွားပြီး စီးပြန်း၏ ပျက်စီးနေသော လှေငယ်လေးကို ချိန်ရွယ်ထားလိုက်ကြတော့သည်။
တစ်ကြိမ် ပစ်ခတ်လိုက်ရုံဖြင့် ဤလှေငယ်လေးသည် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး နစ်မြုပ်သွားပေလိမ့်မည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မြို့စားကြီး စီးပြန်း... ခင်ဗျားက သိုင်းပညာ ပြိုင်ဘက်ကင်းပြီး ကျုပ်အဖေ ထက်တောင် မနိမ့်ကျဘူး။ ကျုပ်တို့က ဒီလှေငယ်လေးကို ဖျက်ဆီးပစ်လိုက်ရင် ခင်ဗျားကိုယ်တိုင် တာ့ကျိုးအင်ပါယာကို ရေကူးပြီး ပြန်သွားလို့ ရတယ်။ သိပ်မဝေးဘူး၊ မိုင်ခြောက်ထောင်၊ ခုနစ်ထောင် လောက်ပဲ ရှိတာပါ။”
ကျိန့်ဟိုင်မြို့စား စီးပြန်းလည်း အလွန် နာကျင်နေတော့၏။ ကုန်းမြေပေါ်တွင်သာဆိုပါက သူ၏ သိုင်းပညာစွမ်းရည်ဖြင့် သွား၍မရနိုင်သော နေရာဟူ၍ ရှိမည်မဟုတ်ပေ။
လူရာချီ၊ ထောင်ချီ၍ ဝိုင်းရံထားလျှင်ပင် သွေးချောင်းစီးအောင် တိုက်ခိုက်ကာ ဖောက်ထွက်သွားနိုင်သကဲ့သို့ အရိပ်အယောင်မျှ မကျန်အောင်လည်း လွတ်မြောက်သွားနိုင်သူ ဖြစ်သည်။
သို့ပေမည့် ယခုမူ ပင်လယ်ပြင်အလယ်တွင် ဖြစ်နေသည်ဖြစ်ရာ မည်သည့်နေရာသို့ ထွက်ပြေး လွတ်မြောက် နိုင်ပါတော့မည်နည်း။
“ကောင်းကင်ဘုံရဲ့ အလိုတော်... ကောင်းကင်ဘုံရဲ့ အလိုတော်ပါပဲ...” ကျိန့်ဟိုင်မြို့စား စီးပြန်းသည် ကောင်းကင်သို့ မော့ကြည့်ကာ သက်ပြင်းချလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျိန့်ဟိုင်မြို့စား... အခု ခင်ဗျားရှေ့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ တစ်ခုက သေဖို့။ နောက်တစ်ခုက လက်နက်ချဖို့... ခင်ဗျား ဘာကိုရွေးချယ်မလဲ။”
ကျိန့်ဟိုင်မြို့စား စီးပြန်းက မေးလိုက်၏။ “ကျုပ်က လက်နက်ချမယ် ဆိုရင် ဧကရာဇ် ဝမ်ယွင်ကို တိုင်ကြား ဖော်ထုတ်ရအုံးမှာလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။”
ထိုသို့မဟုတ်ပါက ယွင်ကျုံးဟဲ့သည် စီးပြန်းကို အစောကြီးတည်းက သတ်ပစ်လိုက်ပြီ ဖြစ်သည်။ အရှင်လတ်လတ် ဖမ်းဆီးရခြင်း၏ ရည်ရွယ်ချက်မှာ သူ့ကို ဧကရာဇ်ကို တိုင်ကြား ဖော်ထုတ်ခိုင်းရန်ဖြစ်ပြီး ဤသည်မှာ လုံးဝ အသက်အန္တရာယ် ရှိလောက်သော ထိုးနှက်ချက် ဖြစ်၏။
ကျိန့်ဟိုင်မြို့စား စီးပြန်း နှင့် ဧကရာဇ် ဝမ်ယွင် တို့သည် လျှို့ဝှက်စွာဖြင့် အကြိမ်မည်မျှများများ ပူးပေါင်း ကြံစည်ခဲ့ကြသနည်း။ အံ့ဩတုန်လှုပ်ဖွယ်ရာ အရှက်တကွဲ ကိစ္စများ မည်မျှ ရှိနေသနည်း။
စီးပြန်းကိုယ်တိုင် ပေါ်ထွက်လာပြီး အမှန်တရားကို ဖော်ထုတ်လိုက်မည်ဆိုပါက ဧကရာဇ်အနေဖြင့် မည်သည့် နည်းလမ်းဖြင့် ပြန်လည် နလန်ထူနိုင်တော့မည်နည်း။ ထိုသို့ဖြစ်ပျက်မည့် မြင်ကွင်းကို စိတ်ကူးကြည့်လိုက်သည်နှင့်ပင် လွန်စွာကျေနပ်အားရဖွယ် ကောင်းနေတော့သည်။
ကျိန့်ဟိုင်မြို့စားက မေးလိုက်၏။ “ဒါဆို ကျုပ်ရဲ့ ကံကြမ္မာ ကရော... ကျုပ်မိသားစုရဲ့ ကံကြမ္မာ ကရော ဘယ်လို ဖြစ်မလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ခင်ဗျားမိသားစုက မျိုးရိုးမတူတဲ့ ဘုရင်အဖြစ်ကနေ ကွန်း (သူကောင်းမျိုး) အဖြစ် ရာထူး လျှော့ချခံရမယ်။ ခင်ဗျားက မြို့တော်မှာ ဓားစာခံ အဖြစ် နေရမယ်။ ဒါပေမဲ့ ခင်ဗျားရဲ့သား ကတော့ နယ်မြေကို ပြန်သွားလို့ ရတယ်။”
ကျိန့်ဟိုင်မြို့စား စီးပြန်းက မေးလိုက်၏။ “ခင်ဗျားက ကျုပ်တို့ မိသားစုရဲ့ စစ်တပ်ကို အသုံးပြုပြီး ဖူယန်ထူကို တိုက်ခိုက်ချင်နေတာ မဟုတ်လား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ ခင်ဗျား ငြင်းပယ်လို့လည်း ရတယ်။”
‘ငြင်းပယ်မယ် ဟုတ်လား။ အဲဒါဆိုရင် သေရမှာပေါ့။’
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျိန့်ဟိုင်မြို့စား... အချိန် အရမ်း ကျပ်တည်းနေပြီ။ ခင်ဗျား မြန်မြန် ဆုံးဖြတ်ချက် ချရတော့မယ်။ ကျုပ် ဂဏန်း ငါးလုံး နောက်ပြန် ရေတွက်မယ်... အကယ်၍ ခင်ဗျားက သဘောမတူဘူး ဆိုရင် ငြင်းပယ်တယ်လို့ သတ်မှတ်ပြီး တိုက်ရိုက် ပစ်ခတ်လိုက်တော့မယ်။ ငါး... လေး... သုံး... နှစ်... တစ်...”
ကျိန့်ဟိုင်မြို့စား စီးပြန်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဒူးတစ်ဖက် ထောက်ကာ ပြောလိုက်သည်။ “အပြစ်ရှိသူ စီးပြန်း... အိမ်ရှေ့စံမင်းသားနဲ့ စစ်သေနာပတိချုပ်အောက် ကို အရိုအသေပေးတယ်။ ကျုပ် လက်နက်ချဖို့ ဆန္ဒရှိပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်။ ကျိန့်ဟိုင်မြို့စား... ခင်ဗျား အခြေအနေကို နားလည်တာ ဧကရာဇ်ဟောင်းလည်း သေချာပေါက် အရမ်း ဝမ်းသာမှာပါ။ ဒါက တကယ်ပဲ စီးမိသားစုရဲ့ ကံကောင်းမှု ဖြစ်သလို ကျုပ်တို့ တာ့ကျိုးရဲ့ ကံကောင်းမှုလည်း ဖြစ်တယ်။ ဒါပေမဲ့ ခင်ဗျားကို နည်းနည်းတော့ ဒုက္ခပေးရလိမ့်မယ်။ ခင်ဗျား ကြိုးနဲ့ တုပ်နှောင်ထားရမယ်။ ခင်ဗျား ဘယ်လို ထင်လဲ။”
ကျိန့်ဟိုင်မြို့စား စီးပြန်းက ပြန်ပြောလိုက်သည်။ “အပြစ်ရှိသူက ကြီးမားတဲ့ ပြစ်မှုတွေ ကျူးလွန်ထားလို့ ကြိုးနဲ့ တုပ်ခံရတာ တန်တယ်။”
နောက်ဆက်တွဲ အနေဖြင့် စစ်သည် အချို့က ခုန်ဆင်းသွားပြီး ကျိန့်ဟိုင်မြို့စား စီးပြန်းကို သံကြိုးများဖြင့် တင်းကျပ်စွာ တုပ်နှောင်လိုက်ကာ သူ၏ သားဖြစ်သူ စီးချန်နှင့် ကိုယ်လုပ်တော် ကိုပါ အတူတကွ တုပ်နှောင်လိုက်ကြ၏။
အစမှ အဆုံးတိုင် ကျိန့်ဟိုင်မြို့စား စီးပြန်းသည် လုံးဝ ခုခံခြင်း မရှိဘဲ သူ၏ ပြိုင်ဘက်ကင်း သိုင်းပညာများလည်း အလဟဿ ဖြစ်သွားရသည်။
နာရီဝက် ကြာပြီးနောက် ကျိန့်ဟိုင်မြို့စား စီးပြန်းကို သံလှောင်အိမ် အတွင်း၌ လှောင်ပိတ်ထားလိုက်ပြီး ခြေလက်များကိုတော့ လွတ်လပ်ခွင့် ပေးထားလိုက်၏။
အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် အောက်ယွီ တို့သည် ဧည့်ခံပွဲ ပြင်ဆင်ကာ လက်နက်ချလာသော ကျိန့်ဟိုင်မြို့စား စီးပြန်း မိသားစုကို ဧည့်ခံကျွေးမွေးလိုက်ကြသည်။
ဤမြင်ကွင်းသည် အမှန်တကယ်ပင် ထူးဆန်းလှသည်။ စီးပြန်းတို့ သုံးဦးသည် လှပသော အဝတ်အစားများ ဝတ်ဆင်ကာ အရသာရှိသော အစားအစာများကို စားသောက်နေကြသော်လည်း သံလှောင်အိမ် အတွင်း၌ လှောင်ပိတ်ခံထားရ၏။
သို့ပေမည့် ဤမိသားစုသုံးဦးသည် လုံးဝ ဂရုမစိုက်သည့် ပုံစံမျိုး ပြသနေပြီး ခွက်မြှောက်ကာ အရက်သောက်ရင်း အလွန် ပျော်ရွှင်နေကြသည်။
လူအချို့သည် ရယ်ရယ်မောမော စကားပြောဆိုနေကြပြီး ယခင်က ရန်သူ ဖြစ်ခဲ့ခြင်းနှင့် စစ်ပွဲကြီး ဖြစ်ပွားခဲ့ခြင်းများ လုံးဝ မရှိခဲ့သကဲ့သို့ ဖြစ်နေ၏။
ထမင်းစားပြီး အရက်သောက်ပြီးနောက် ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျိန့်ဟိုင်ကွန်း... ဒီရက်ပိုင်းတွေမှာ ခင်ဗျားလည်း အရမ်း ပင်ပန်းနေလောက်ပြီ။ ကောင်းကောင်း အနားယူလိုက်ပါ။ ခင်ဗျားအတွက် စောင် တစ်ထည်လောက် ထပ်ထည့်ပေးရမလား။”
စီးပြန်းက ဦးညွတ်လျက် ပြန်ပြောလိုက်၏။ “မလိုဘူး... မလိုဘူး။ အရမ်းကို သက်သောင့်သက်သာ ရှိနေပါပြီ။ အဘိုးကြီးက တရားထိုင်ပြီး စိတ်အေးအေး ထားလိုက်ရုံနဲ့ ရပါပြီ။ နုလန်ဟောက်ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို ကျုပ်တို့ ပြန်ခွင့်ပြုပါအုံး။ ခင်ဗျားတို့ မိသားစု သုံးယောက် အနားယူတာကို မနှောင့်ယှက်တော့ပါဘူး။”
စီးပြန်းက ရိုးသားစွာဖြင့် ပြောလိုက်၏။ “နုလန်ဟောက်... ဒီကာလအတွင်းမှာ ခင်ဗျားလည်း တကယ်ကို ပင်ပန်းခဲ့ရပါပြီ။ ခင်ဗျားလည်း ကောင်းကောင်း အနားယူလိုက်ပါ။”
ထို့နောက် ယွင်ကျုံးဟဲ့ နှင့် မင်းသား ကျိုးလီတို့ ထွက်လာခဲ့ကြသည်။
လူနှစ်ဦးသည် ကုန်းပတ်ပေါ်သို့ ရောက်ရှိလာပြီး ကောင်းကင်ယံမှ ကြယ်များကို မော့ကြည့်လိုက်ကြ၏။
လီဟွာမေ၏ ရေတပ်ကြီးသည် အနောက်မြောက် အရပ်သို့ ဦးတည်ကာ အမြန်ဆုံး အရှိန်ဖြင့် ရွက်လွှင့်နေတော့သည်။
“အိမ်ရှေ့စံမင်းသား... ဒီပုန်ကန်မှု နှိမ်နင်းရေး စစ်ပွဲကြီး နောက်ဆုံးတော့ ပြီးဆုံးသွားပြီ။ ကျုပ်တို့ နိုင်ပြီ။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
ကျိုးလီက ပြန်ပြောလိုက်သည်။ “ဟုတ်တယ်။ ကျုပ်တို့ နိုင်ပြီ။ ခင်ဗျားနဲ့ ကျုပ် ညီအစ်ကို နှစ်ယောက် အတူတူ မြို့တော်ကို ပြန်ပြီး တစ်ယောက်ယောက်ကို သေစေလောက်တဲ့ ထိုးနှက်ချက် ပေးကြတာပေါ့။ ဟား... ဟား... ဟား... ဧကရာဇ် ဝမ်ယွင် ကို သေစေလောက်တဲ့ ထိုးနှက်ချက် ပေးကြတာပေါ့။”
ဤစစ်ပွဲ၏ ရလဒ်သည် အလွန် ကြီးမားလှပြီး ပင်လယ်ပြင် အဆုံးအဖြတ် တိုက်ပွဲကြီးကို အနိုင်ရရှိခဲ့ရုံသာမက စီးပြန်း၏ ပုန်ကန်မှုကိုပါ လုံးဝ နှိမ်နင်းနိုင်ခဲ့ပြီ ဖြစ်၏။
“တာ့ကျိုးကို ပြန်မယ်။”
..................
မြို့တော်သို့ မည်ကဲ့သို့ ပြန်လည် ဝင်ရောက်ရမည် နှင့်ပတ်သက်၍ ယွင်ကျုံးဟဲ့တွင် အစီအစဉ် နှစ်ခု ရှိခဲ့သည်။
ပထမ အစီအစဉ်မှာ တိတ်တဆိတ် မြို့တော်သို့ ပြန်လည် ဝင်ရောက်ပြီး ရုတ်တရက် ထွက်ပေါ်လာကာ ရန်သူကို အသက်အန္တရာယ် ရှိလောက်သော ထိုးနှက်ချက် တစ်ခု ပေးရန် ဖြစ်ပြီး ဤနည်းလမ်းသည် လုပ်ကြံသတ်ဖြတ်မှုများကိုလည်း ထိရောက်စွာ ရှောင်ရှားနိုင်မှာဖြစ်၏။
အင်ပါယာ တစ်ခုလုံးတွင် ဧကရာဇ်၏ အဖွဲ့အစည်းသည် ဩဇာအာဏာ ပိုမို ကြီးမားနေဆဲ ဖြစ်ကြောင်းကို ဝန်ခံရမှာဖြစ်သည်။
ယခုတစ်ကြိမ် ပင်လယ်ပြင် အဆုံးအဖြတ် တိုက်ပွဲကြီးသည် ဧကရာဇ်၏ ထီးနန်းနှင့် တိုက်ရိုက် သက်ဆိုင်နေ သောကြောင့် တစ်ဖက်လူ အနေဖြင့် လမ်းဆုံး ရောက်နေသော အချိန်တွင် ခွေးရူး တစ်ကောင်ကဲ့သို့ အောက်ယွီ နှင့် ကျိုးလီ တို့ကို တိုက်ရိုက် လုပ်ကြံသတ်ဖြတ်ရန် ရွေးချယ်လာနိုင်၏။
ဒုတိယ အစီအစဉ် မှာမူ ခမ်းနားကြီးကျယ်စွာဖြင့် မြို့တော်သို့ ပြန်လည် ဝင်ရောက်ရန် ဖြစ်၏။ ကုန်းပေါ်သို့ တက်လာသည်နှင့် တပြိုင်နက် အလွန် ခမ်းနားကြီးကျယ်စွာ ပြုမူပြီး လောက တစ်ခုလုံးကို သိရှိစေရန်၊ အောင်ပွဲ သတင်းကို လောက တစ်ခုလုံးသို့ ပျံ့နှံ့စေရန်နှင့် ဤစစ်ပွဲတွင် အောက်ယွီ အနိုင်ရရှိခဲ့ပြီး ကျိန့်ဟိုင်မြို့စား စီးပြန်း ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း လူတိုင်းကို သိရှိစေရန် ပြုလုပ်ရမှာ ဖြစ်သည်။
ဤသို့ဖြင့် ဧကရာဇ်က အောက်ယွီကို လုပ်ကြံသတ်ဖြတ်ရန် လူလွှတ်ခဲ့လျှင်တောင်မှ အခြေအနေကို ပြောင်းလဲနိုင်တော့မည် မဟုတ်ချေ။
အနည်းငယ် စဉ်းစားပြီးနောက် ယွင်ကျုံးဟဲ့သည် ဒုတိယ အစီအစဉ်ကို ရွေးချယ်ခဲ့ပြီး ခမ်းနားကြီးကျယ်စွာဖြင့် အောင်ပွဲခံ ပြန်လည် ရောက်ရှိလာရန် ဆုံးဖြတ်လိုက်သည်။