← Chapters

အခန်း (၆၀၃-၆၀၄)

Vol. 51 Ch. 603-604

အခန်း (၆၀၃-၆၀၄)

Vol. 51 Ch. 603-604

အပိုင်း (၆၀၃)

ဤတစ်လကျော် ကာလအတွင်း တာ့ကျိုးအင်ပါယာ၏ ပင်လယ်ကမ်းခြေ မြို့ရွာများရှိ ပြည်သူများသည် အမှန်တကယ်ပင် ဆင်းရဲဒုက္ခ ရောက်ခဲ့ရပြီး မရေမတွက်နိုင်သော ပင်လယ်ဓားပြများသည် ကုန်းပေါ်သို့ တက်ရောက်ကာ လုယက်မှုများ ပြုလုပ်ခဲ့ကြ၏။

ဤမြင်ကွင်းသည် မင်ခေတ်မှ ဂျပန် ပင်လယ်ဓားပြများ၏ အန္တရာယ်နှင့် အနည်းငယ် ဆင်တူနေပြီး ပင်လယ်ဓားပြများသည် ပင်လယ်ပြင်မှ လာရောက်ကြသောကြောင့် လုံးဝ ကာကွယ်၍ မရနိုင်သလို သူတို့ မည်သည့်နေရာတွင် ကုန်းပေါ်သို့ တက်ရောက်မည်ကိုလည်း လုံးဝ မသိရှိနိုင်ဘဲ သရဲတစ္ဆေများကဲ့သို့ လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။

ထို့အပြင် ပင်လယ်ဓားပြများ၏ လုပ်ရပ်များမှာ အလွန် ရက်စက်ကြမ်းကြုတ်လှပြီး ရွာတစ်ရွာ သို့မဟုတ် မြို့တစ်မြို့ကို လုယက်ပြီးတိုင်း အဓမ္မပြုကျင့်မှုများ၊ လုယက်မှုများ ပါဝင်လေ့ ရှိကာ နောက်ဆုံးတွင် မီးရှို့ဖျက်ဆီးလေ့ ရှိ၏။

ကုန်းပေါ်သို့ တက်ရောက်လာတိုင်း ရွာများ၊ မြို့များကို အကုန်အစင် သတ်ဖြတ်လေ့ရှိပြီး အလောင်းများကို မီးရှို့ကာ သစ်သားတိုင်များပေါ်တွင် စိုက်ထားခဲ့ကြ၏။ ဤသည်မှာ တာ့ကျိုး နန်းတွင်းကို စိန်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။

တစ်လကျော် ကာလအတွင်း တာ့ကျိုးအင်ပါယာ၏ မိုင်သောင်းချီ ကျယ်ဝန်းသော ပင်လယ်ပြင်သည် ငရဲပြည် တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး ပင်လယ်ကမ်းခြေ မြို့ရွာများတွင် စစ်မီးများ တောက်လောင်နေကာ သွေးနှင့် မျက်ရည်များ မရေမတွက်နိုင်အောင် စီးကျခဲ့ရ၏။

အနည်းဆုံး ခန့်မှန်းချက်အရ ဤနှစ်လနီးပါး ကာလအတွင်း ပင်လယ်ဓားပြများသည် တာ့ကျိုးအင်ပါယာ၏ ပင်လယ်ကမ်းခြေ ဧရိယာများကို အကြိမ်ရာချီ လုယက် တိုက်ခိုက်ခဲ့ပြီး အပြစ်ကင်းစင်သော ပြည်သူ တစ်သိန်းကျော်ကို သတ်ဖြတ်ခဲ့ကာ ရွာများနှင့် မြို့များ ရာချီခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ယခုအချိန်တွင် တာ့ကျိုးအင်ပါယာ၌ ရေတပ် ဟူ၍ လုံးဝ မရှိသလောက် ဖြစ်နေပြီး အားလုံးမှာ ကျိန့်ဟိုင်မြို့စားကို နှိမ်နင်းရန် ထွက်ခွာသွားကြပြီ ဖြစ်ရာ ပင်လယ်ပြင် တစ်ခုလုံးသည် ပင်လယ်ဓားပြများ၏ ပျော်ရွှင်ရာနေရာ ဖြစ်သွားခဲ့ပြီး တာ့ကျိုးအင်ပါယာ၏ ပင်လယ်ကမ်းခြေ ဧရိယာများသည် အများသုံး အိမ်သာ တစ်ခုကဲ့သို့ ပင်လယ်ဓားပြများ လာချင်တိုင်း လာ၊ ပြန်ချင်တိုင်း ပြန်နိုင်သော နေရာများ ဖြစ်သွားခဲ့၏။

လုယက်ခံရသော ဒေသခံ အရာရှိများသည် သေချာပေါက် မြို့တော်သို့ အရေးပေါ် စစ်ရေး သတင်းများ ချက်ချင်း ပေးပို့ခဲ့ကြသည်။

တစ်ခဏအတွင်းမှာပဲ ဒေသခံ အရာရှိများ၏ အစီရင်ခံစာများနှင့် အကူအညီ တောင်းခံစာများသည် နှင်းပွင့်များ ကဲ့သို့ မြို့တော်သို့ ရောက်ရှိလာ၏။

ဧကရာဇ်၏ အဖွဲ့အစည်းကလည်း ဤအခွင့်အရေးကို အသုံးချကာ ယွဲ့တန်းဖျင် အဖွဲ့အစည်းမှတစ်ဆင့် ပြည်သူ့အသံများကို လှုံ့ဆော်ခဲ့ကြသည်။

တစ်ခဏအတွင်းမှာပဲ တာ့ကျိုးအင်ပါယာ တစ်ခုလုံးရှိ ပြည်သူများသည် ပင်လယ်ကမ်းခြေ ဒေသရှိ ပြည်သူများ သတ်ဖြတ်ခံနေရကြောင်း သိရှိသွားကြပြီး ပြည်သူ သန်းပေါင်းများစွာသည် ဝမ်းနည်းပူဆွေးကာ ဒေါသထွက်နေကြ၏။

တာ့ကျိုးအင်ပါယာ တစ်ခုလုံးတွင် ပြည်သူ့အသံများသည် မီးတောက်များ ကဲ့သို့ ပြင်းထန်လာခဲ့သည်။

“ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ ပင်လယ်ဓားပြတွေကို သေချာပေါက် နှိမ်နင်းရမယ်၊ ပင်လယ်ကမ်းခြေက သေဆုံးသွားတဲ့ ပြည်သူတွေ အတွက် သေချာပေါက် လက်စားချေရမယ်၊ တာ့ကျိုးအင်ပါယာရဲ့ မိုင်သောင်းချီ ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ကို သေချာပေါက် ငြိမ်းချမ်းအောင် ပြန်လုပ်ရမယ်။”

ပညာတတ်များနှင့် ပြည်သူအပေါင်းတို့သည် တစ်သံတည်းဖြင့် မေးခွန်းထုတ်နေကြ၏။ “ပင်လယ်ဓားပြတွေရဲ့ ရန်စွယ်ကို အဘယ်ကြောင့် နန်းတွင်းက ရေတပ်လွှတ်၍ မနှိမ်နင်းတာလဲ။”

ထိုအခါ လူတစ်ဦးက ဖြေလိုက်သည်။ “နန်းတွင်းရေတပ်က ကျိန့်ဟိုင်မြို့စားကို နှိမ်နင်းဖို့ သွားနေတာလေ။”

ထို့နောက် အခြားသူတစ်ဦးက ပြည်သူတို့၏ အာရုံကို လမ်းကြောင်းလွှဲသည့် အနေဖြင့် မေးခွန်းထုတ်လိုက်၏။ “ဒီကျင့်ဝတ်သိက္ခာကင်းမဲ့တဲ့ ပင်လယ်ဓားပြတွေက အရင်က တာ့ကျိုးကို ဒုက္ခမပေးဘဲ အခုမှ လာပြီး မီးရှို့သတ်ဖြတ် လုယက်နေရတာလဲ။”

ထိုအခါ နောက်ထပ်တစ်ဦးက ဝင်ဖြေလိုက်သည်။ “အရင်တုန်းက တာ့ကျိုးအင်ပါယာရဲ့ ပင်လယ်ပြင် ငြိမ်းချမ်းနေခဲ့တာဟာ ပင်လယ်ပြင်ကို ထိန်းသိမ်းထားတဲ့ သူတစ်ယောက် ရှိနေလို့လေ။ အဲဒီလူက ကျိန့်ဟိုင်မြို့စား စီးပြန်းပဲ။ သူ့ရဲ့ အစွမ်းထက်တဲ့ ရေတပ်ကြီးနဲ့ တာ့ကျိုး ရေတပ်တို့ ပူးပေါင်းပြီး တာ့ကျိုးအင်ပါယာရဲ့ မိုင်သောင်းချီ ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ကို ကာကွယ်ပေးထားသလို၊ ပင်လယ် ရေကြောင်း ကုန်သွယ်ရေးတွေကိုလည်း ထိန်းသိမ်းပေးထားတာ။ ဒါကြောင့်ဒီပင်လယ်ဓားပြတွေက မသောင်းကျန်းရဲခဲ့တာပေါ့။

ဒါပေမဲ့ အခုဧကရာဇ်ဟောင်းက ကျိန့်ဟိုင်မြို့စားကို ပုန်ကန်အောင် ဖိအားပေးခဲ့သလို၊ နန်းတွင်းရဲ့ ရေတပ် ကလည်း ကျိန့်ဟိုင်မြို့စားကို နှိမ်နင်းဖို့ သွားနေကြတော့ ပင်လယ်ဓားပြတွေက အခွင့်ကောင်းယူပြီး ကုန်းပေါ်တက်လာကာ ကြီးမားတဲ့ လုယက်မှုတွေ၊ သတ်ဖြတ်မှုတွေ လုပ်နေကြတာ။

ဒါတင်မကသေးဘူး။ အခုဆိုရင်တာ့ကျိုးအင်ပါယာရဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဟာ လုံးဝ ပျက်စီးသွားပြီ ဖြစ်ပြီး ပင်လယ်ကမ်းခြေက ရွာတွေေ အားလုံး လုယက်ခံလိုက်ရပြီ။ သေကြေဒဏ်ရာရသူ တစ်သိန်းကျော်ရှိပြီး ငွေသားသန်းဆယ်ချီ ဆုံးရှုံးသွားရတယ်။ မိသားစုတွေ အများကြီး ပျက်စီးသွားသလို၊ လူအများကြီးလည်း စီးပွားပျက်သွားကြပြီ။”

ထို့နောက် နောက်ထပ်လူတစ်ယောက်က ထပ်ပြောလိုက်၏။ “ကျိန့်ဟိုင်မြို့စားက ပုန်ကန်ချင်စိတ် လုံးဝ မရှိဘူး။ သူက စည်းကမ်းချက်တစ်ခုတည်းပဲ တောင်းဆိုခဲ့တာပါ။ အဲဒါကတော့ စီးကွမ်ကို သတ်ခဲ့တဲ့ လူသတ်သမား အောက်ယွီကို အပ်ဖို့ပါပဲ။ ဒါပေမဲ့ ဧကရာဇ်ဟောင်းက မအပ်တဲ့အပြင် စစ်တိုက်မယ်လို့တောင် အော်ဟစ်နေသေးတယ်။”

တာ့ကျိုးအင်ပါယာ ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိရခြင်းမှာ ဧကရာဇ်ဟောင်း၏ အသက်အရွယ်ကြီးရင့်ပြီး မိုက်မဲမှု၊ အောက်ယွီအား အလိုလိုက်မှု၊ နန်းတွင်းကို ဖျက်ဆီးမှုနှင့် ကျိန့်ဟိုင်မြို့စားအား ပုန်ကန်ရန် ဖိအားပေးမှုတို့ကြောင့်ဖြစ်ကြောင်း ပြည်သူတို့က ပြစ်တင်ရှုံ့ချနေကြသည်။

ဤအမြင်နှင့် ပတ်သက်၍ တာ့ကျိုးအင်ပါယာအတွင်း အသံနှစ်မျိုး ကွဲပြားလျက်ရှိသည်။ အမတ်များ၊ ပညာတတ်များနှင့် ကုန်သည်အများစုမှာ ဧကရာဇ်ဘက်တွင် ရပ်တည်ကြ၏။

အကြောင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်ရေး ပျက်စီးခြင်းကြောင့် သူတို့၏ စီးပွားရေးတွင် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသောကြောင့် ဖြစ်သည်။

သူတစ်ပါး၏ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ခြင်းသည် မိဘကိုသတ်ခြင်းနှင့် တူညီသည်ဟု ယူဆကြသောကြောင့် သူတို့အနေဖြင့် အောက်ယွီနှင့် ဧကရာဇ်ဟောင်းအပေါ် မုန်းတီးစိတ်များ ပြင်းထန် နေကြ၏။

သာမန်ပြည်သူအများစုမှာမူ ပြည်သူ့အသံတို့၏ လွှမ်းမိုးမှုအောက်တွင် ရောက်ရှိနေသော်လည်း စိတ်ထဲတွင် ဝေခွဲမရဖြစ်နေကြသည်။

စီးပြန်း၏ နာမည်ဂုဏ်သတင်းမှာ ယခင်ကတည်းက သိပ်မကောင်းလှသောကြောင့် မင်းသား ကျိုးလီနှင့် အောက်ယွီတို့ သွားရောက်နှိမ်နင်းသည်မှာ မှားယွင်းမှု မရှိဟုလည်း ထင်မြင်နေကြ၏။

သို့သော်လည်း အင်ပါယာ၏ အထက်တန်းလွှာတို့ကသာ ပြည်သူ့အသံကို ထိန်းချုပ်ထားသောကြောင့် သာမန်ပြည်သူတို့မှာ မိမိတို့သဘောအတိုင်း ပြောဆိုခွင့်မရှိပေ။

ပင်လယ်ဓားပြတို့၏ သတ်ဖြတ်လုယက်မှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အမတ်များက အစီရင်ခံစာများ တင်သွင်းကြသလို၊ ကျူရန်နှင့် ရှို့ချိုင် စာမေးပွဲအောင်မြင်သူများကလည်း ပူးပေါင်း၍ စာချွန်လွှာများ အဆက်မပြတ် တင်သွင်းလျက်ရှိသည်။

တာ့ကျိုးအင်ပါယာသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ပြည်သူသန်းပေါင်းများစွာတို့၏ အသက် အိုးအိမ်စည်းစိမ်မှာလည်း စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။

ထို့ကြောင့် နန်းတွင်းအနေဖြင့် ကျိန့်ဟိုင်မြို့စားနှင့် ချက်ချင်း ငြိမ်းချမ်းရေးဆွေးနွေးပြီး၊ ပုဂ္ဂိုလ်ရေး အငြင်းပွားမှုများကို ဘေးဖယ်ကာ ပင်လယ်ဓားပြများကို ညီညွတ်စွာ နှိမ်နင်းကြရန် တောင်းဆိုမှုများ ပေါ်ပေါက်လာခဲ့၏။ အခြေအနေများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့သည်။

နောက်ဆုံးတွင် အစီရင်ခံစာအချို့သည် ညီလာခံအတွင်း မီးလောင်ရာလေပင့်ဆိုသလို အခြေအနေကို ပိုမို ပွက်လောညံသွားစေ၏။

ပင်လယ်ဓားပြတို့သည် ခရိုင်သုံးခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းရှိ အမတ်များနှင့် အရာရှိများကို အကုန်အစင် သတ်ဖြတ်ကာ မြို့ကို မီးရှို့ပြီး ထွက်ပြေးသွားကြကြောင်း သိရှိလိုက်ရ ချိန်မှာတော့ ညီလာခံတစ်ခုလုံးသာမက တာ့ကျိုးတစ်ဝန်းရှိ အရာရှိအသိုင်းအဝိုင်းပါ တုန်လှုပ်ချောက်ချား သွားကြသည်။

ယခင်က ရွာများနှင့် မြို့ငယ်လေးများကိုသာ လုယက်သတ်ဖြတ်လေ့ရှိသော ပင်လယ်ဓားပြတို့သည် ယခုအခါ ခရိုင်မြို့ကြီးများကိုပင် စတင်တိုက်ခိုက်လာပြီဖြစ်၏။

ခရိုင်သုံးခုမှ ခရိုင်ဝန်များအပါအဝင် အောက်ခြေအရာရှိများအထိ အကုန်အစင် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်ရပ်မှာ နိုင်ငံတော်အတွက် ကြီးမားသော အရှက်တကွဲ ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်တို့၏ ထိတ်လန့်မှု မပျောက်ကွယ်မီမှာပင် နောက်ထပ် အလွန် တုန်လှုပ်ဖွယ်ရာ အစီရင်ခံစာ တစ်စောင် ရောက်ရှိလာပြန်၏။

ရှုကျိုးမြို့သည်လည်း တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရပြီး မြို့စားမှအစ အောက်ခြေအရာရှိများအထိ အားလုံး သတ်ဖြတ်ခံရကာ ၎င်းတို့၏ ရုပ်အလောင်းများကို မြို့ရိုးပေါ်တွင် ချိတ်ဆွဲထားကြောင်း သိလိုက်ရသည်။

ထို့အပြင် မြို့စားအိမ်တော်ပါ မီးရှို့ဖျက်ဆီးခံရသောကြောင့် ရှုကျိုးမြို့ တစ်မြို့လုံး မီးလောင်ကျွမ်းခဲ့ရပြီး သေကြေဒဏ်ရာရသူ သောင်းချီရှိကြောင်း သတင်းရရှိချိန်မှာတော့ တစ်လောကလုံး တုန်လှုပ်ချောက်ချား သွားရ၏။

ထိုအခိုက်အတန့်တွင်ပင် နန်းတော်သို့ စာချွန်လွှာပေါင်းများစွာသည် ဆီးနှင်းပွင့်များ ကြွေကျလာသကဲ့သို့ တရစပ် ရောက်ရှိလာတော့သည်။

‘တာ့ကျိုးအင်ပါယာဟာ ဘာလို့ ဒီလောက်တောင် ပျက်စီးသွားရတာလဲ။ အရင်တုန်းက ဒီလို မဟုတ်ခဲ့ဘူးလေ။ အခုတော့ ပင်လယ်ဓားပြတွေတောင် ပြည်နယ် တစ်ခုကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်နေပြီလား။ ဧကရာဇ်ဟောင်း အာဏာ ပြန်လုပြီးနောက်ပိုင်း ကျုပ်တို့ တာ့ကျိုးအင်ပါယာဟာ ဒီလောက်တောင် အားနည်းသွားပြီလား။’

နန်းတွင်းအနေဖြင့် ကျိန့်ဟိုင်မြို့စားနှင့် ဖြစ်ပွားနေသော အဓိပ္ပာယ်မဲ့သည့် စစ်ပွဲကို ချက်ချင်းရပ်တန့်၍ ငြိမ်းချမ်းရေးဆွေးနွေးကာ ပင်လယ်ဓားပြများကို အမြန်ဆုံး နှိမ်နင်းရန် တောင်းဆိုမှုများ ပြင်းထန်လာခဲ့သည်။ ဧကရာဇ်ဟောင်းအပေါ် သက်ရောက်နေသော ဖိအားများမှာလည်း နေ့စဉ်နှင့်အမျှ တိုးပွားလာပြီး အလွန်အမင်း ပြင်းထန်လာ၏။

အမတ်များစွာတို့သည် ဧကရာဇ်ရှေ့တော်မှောက်တွင် ဒူးထောက်ကာ ကျိန့်ဟိုင်မြို့စားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး စစ်ပွဲကို ရပ်တန့်ပေးရန် တောင်းပန်ကြသည်။

သို့သော်လည်း ဧကရာဇ်ကမူ ကျိန့်ဟိုင်မြို့စားအား နှိမ်နင်းရန်မှာ ဧကရာဇ်ဟောင်း၏ အမိန့်တော်ဖြစ် သောကြောင့် ခမည်းတော်၏ အမိန့်ကို သူ မဆန့်ကျင်ရဲဟု ငြင်းပယ်ခဲ့၏။

ထို့ကြောင့် မရေမတွက်နိုင်သော အမတ်များသည် ဧကရာဇ်ဟောင်းထံသို့ သွားရောက် ဒူးထောက် တောင်းပန်ကြပြီး ကျိန့်ဟိုင်မြို့စားနှင့် စစ်ပွဲကို ချက်ချင်း ရပ်တန့်ရန်နှင့် ရေတပ်များကို ချက်ချင်း စေလွှတ်၍ ပင်လယ်ဓားပြများကို နှိမ်နင်းရန် တောင်းဆိုကြပြန်သည်။

ယခုအခါ ဧကရာဇ်ဟောင်းသည် ညီလာခံ တက်ခြင်း မရှိတော့ဘဲ ချန်အန်း နန်းဆောင် အတွင်း၌သာ နေထိုင်နေသည်။ သို့သော်လည်း နေ့စဉ်နေ့တိုင်း နန်းဆောင် အပြင်ဘက်တွင် ဒူးထောက်နေသော အမတ် အရေအတွက်မှာ ပို၍ပို၍ များပြားလာတော့၏။

အစပိုင်းတွင် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များသာ ပါဝင်သော်လည်း နောက်ပိုင်းတွင် နန်းတွင်း၏ မှူးမတ်များ၊ အနားယူသွားသော အမတ်ဟောင်းများနှင့် ပညာတတ် ကျောင်းသားများကိုပါ နန်းတော် အတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်ပြီး ဧကရာဇ်ဟောင်း၏ နန်းဆောင် အပြင်ဘက်တွင် ဒူးထောက် ခိုင်းထားသည်။

ဧကရာဇ်၏ အဖွဲ့အစည်းသည် သူတို့ အကျွမ်းကျင်ဆုံး ဖြစ်သော အတင်းအကျပ် ဖိအားပေးခြင်းများကို နောက်တစ်ကြိမ် စတင် ကစားလာကြပြန်၏။

ဤသို့ဖြင့် အခြေအနေသည် တစ်ရက်ထက် တစ်ရက် ပိုမို ဆိုးရွားလာတော့၏။ နောက်ဆုံး တစ်နေ့တွင် သတင်းတစ်ခု ထွက်ပေါ်လာတော့သည်။

တာ့ကျိုး ရေတပ် အကုန်အစင် ဖျက်ဆီးခံလိုက်ရပြီး အောက်ယွီနှင့် ကျိုးလီတို့ သေဆုံးသွားကြပြီ ဆိုသည့် သတင်းပင်။

လူအများအပြားအတွက် ဤသည်မှာ စောင့်ဆိုင်းနေသော သတင်းတစ်ခုဖြစ်ပြီး အနည်းငယ်မျှပင် မအံ့ဩကြချေ။

ကျိုးလီ၏ ရေတပ်တွင် လူအင်အား တစ်သောင်း သုံးထောင်သာရှိပြီး ကျိန့်ဟိုင်မြို့စား စီးပြန်းတွင်မူ လူအင်အား တစ်သိန်း ရှစ်သောင်းရှိသော ပူးပေါင်း ရေတပ် ရှိနေသည်။ ဤမျှလောက် ကွာဟသော စစ်အင်အားဖြင့် မရှုံးလျှင်မှသာ ထူးဆန်းနေမှာဖြစ်သည်။

နန်းတွင်းရှိ အမတ်များ အားလုံး သိရှိထားသည်မှာ ကျိုးလီသည် အမြဲတမ်း ထွက်ပြေးနေပြီး ကျိန့်ဟိုင်မြို့စားကို လုံးဝ မျက်နှာချင်းဆိုင် မတိုက်ခိုက်ရဲကြောင်းပင်။ တစ်လတိုင်တိုင် ထွက်ပြေးပြီးနောက် နောက်ဆုံးတွင် အကုန်အစင် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။

‘အောက်ယွီ သေသွားပြီ၊ ကျိုးလီ သေသွားပြီ၊ ဒီစစ်ပွဲ ရှုံးသွားပြီ။ ဧကရာဇ်ဟောင်း... ခင်ဗျား အရင်က လူတိုင်းရဲ့ ရှေ့မှာ ပြောခဲ့ဖူးတယ် မဟုတ်လား။ ဒီစစ်ပွဲသာ ရှုံးသွားရင် ခင်ဗျား ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး လောကကို အပြစ်ပေးဆပ်မယ်လို့လေ။ အခု ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ ရပြီ။’

ဧကရာဇ်ဟောင်းကို ကိုယ်တိုင်ကိုယ်ကျ သတ်သေရန် တိုက်ရိုက်သွားရောက် ပြောဆိုရဲသူ မရှိသော်လည်း သွယ်ဝိုက်သောနည်းလမ်းဖြင့် ဖိအားပေးရန်မှာမူ ဖြစ်နိုင်သည်။

ထို့ကြောင့် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၊ မှူးမတ်အပေါင်းတို့သည် ဧကရာဇ်ဟောင်း နေထိုင်ရာ ချန်အန်းနန်းဆောင်အပြင်ဘက်သို့ စုရုံးရောက်ရှိလာကြပြီး ဒူးထောက်လျက် အသံကျယ်လောင်စွာဖြင့် တောင်းဆို အော်ဟစ်ကြတော့၏။

“အိမ်ရှေ့စံမင်းသား ကျိုးလီရှုံးသွားပါပြီ... တာ့ကျိုး ရေတပ်ကြီးလည်း အကုန်အစင် ဖျက်ဆီးခံလိုက်ရပါပြီ... နုလန်ဟောက် အောက်ယွီ လည်း သေသွားပါပြီ။”

“ဧကရာဇ်ဟောင်း... ကျုပ်တို့ တာ့ကျိုး ရှုံးသွားပါပြီ။ ကျေးဇူးပြုပြီး သနားညှာတာပြီး ကျိန့်ဟိုင်မြို့စားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အမိန့်တော် ထုတ်ပြန်ပေးပါ။ တာ့ကျိုးရဲ့ ပြည်သူတွေကို ကယ်တင်ပေးပါ။”

ဤလူတို့သည် ပါးစပ်ဖျားမှ ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုနေကြသော်လည်း၊ တကယ်တမ်းတွင်မူ ဧကရာဇ်ဟောင်းအား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် သွယ်ဝိုက်သတိပေးနေခြင်း ဖြစ်သည်။

‘ဧကရာဇ်ဟောင်း.... ခင်ဗျား သေသွားတာနဲ့ ဒီဘေးဒုက္ခကြီးက ရပ်တန့်သွားမှာပါ။ ကျိန့်ဟိုင်မြို့စား စီးပြန်းလည်း တာ့ကျိုးရဲ့ သစ္စာရှိတဲ့ အမတ် တစ်ယောက် ပြန်ဖြစ်လာပြီး ပင်လယ်ဓားပြတွေကို သွားနှိမ်နင်းပေးမှာပါ။ အဲဒီလိုဆိုရင် တာ့ကျိုးအင်ပါယာရဲ့ မိုင်သောင်းချီ ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ကြီးဟာ ငြိမ်းချမ်းသွားပါလိမ့်မယ်။’

ဤပင်လယ်ဓားပြတို့သည် စီးမိသားစု၏ လက်ကိုင်တုတ်များဖြစ်ကြောင်း ကောင်းကင်ဘုံကပင် သိရှိထားပြီး ဖြစ်၏။

ပင်လယ်ကမ်းခြေတစ်လျှောက်တွင် မီးရှို့သတ်ဖြတ် လုယက်နေကြခြင်းမှာလည်း နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်သူ ရှိနေခြင်းကြောင့် ဖြစ်သည်။

ပင်လယ်ဓားပြ ရာဂဏန်းမျှဖြင့် ခရိုင်တစ်ခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမှာ မည်သို့မှ မဖြစ်နိုင်သော အခြေအနေဖြစ်ရာ တာ့ကျိုး၏ အစောင့်တပ်များမှာ မည်သည့်နေရာတွင် ရှိနေသနည်း။ ၎င်းတို့မှာ ပင်လယ်ဓားပြများကို တမင်ရှောင်တိမ်းနေကြခြင်းလား။

အမှန်စင်စစ် ဤသည်မှာ ဧကရာဇ်အာဏာကို ပြိုင်ဆိုင်နေခြင်းသာဖြစ်သည်။ တာ့ကျိုးရေတပ်တစ်ခုလုံးကို အဘယ်ကြောင့် စတေးခဲ့ရသနည်း။ ရွာပေါင်း၊ မြို့ပေါင်းရာချီ၊ အမတ်ရာဂဏန်းနှင့် ပြည်သူ တစ်သိန်းကျော်တို့ကို အဘယ်ကြောင့် စတေးခဲ့ရသနည်း။

အပိုင်း (၆၀၄)

မရေမတွက်နိုင်သော အမတ်များ၊ မှူးမတ်များက အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြသည်။ “တာ့ကျိုး ရှုံးသွားပြီ၊ အောက်ယွီနဲ့ ကျိုးလီလည်း သေသွားပြီ။”

သို့ပေမည့် ချန်အန်း နန်းဆောင် အတွင်းရှိ ဧကရာဇ်ဟောင်းသည် ဘာမှ မမေးမမြန်းဘဲ နန်းဆောင်တံခါးကို တင်းကျပ်စွာ ပိတ်ထားပြီး လုံးဝ မကြားရသကဲ့သို့ ဖြစ်နေ၏။

ထို့ကြောင့် တစ်ဖက်လူကလည်း အခြေအနေကို ပိုမို ဆိုးရွားအောင် ပြုလုပ်လာပြန်၏။ ပင်လယ်ပြင်ပေါ်ရှိ ပင်လယ်ဓားပြ နှစ်သောင်း၊ သုံးသောင်းခန့်သည် နောက်တစ်ကြိမ် ပြန်လည် စုစည်းလာကြပြီး ကျန်းကျိုးမြို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြတော့သည်။

ထို့အပြင် ပင်လယ်ဓားပြ ခေါင်းဆောင်ကလည်း ကျန်းကျိုးမြို့ကို အကုန်အစင် သတ်ဖြတ်မည်ဟု ကြေညာ ထားခဲ့၏။

ဤသည်မှာ တာ့ကျိုး၏ မရေမတွက်နိုင်သော မှူးမတ်များ၊ အမတ်များကို ကြီးမားသော ဖိအားများ ဖြစ်စေခဲ့ရုံသာမက ဧကရာဇ်ဟောင်းကိုလည်း အရင်က မရှိခဲ့ဖူးသော ဖိအားများ ဖြစ်စေခဲ့သည်။

ကျန်းကျိုးမြို့သည် တာ့ကျိုးအင်ပါယာ၏ အဓိက မြို့ကြီး သုံးမြို့အနက် တစ်မြို့ဖြစ်ပြီး ပြည်သူ တစ်သန်းကျော် ရှိကာ ယဉ်ကျေးမှုနှင့် စီးပွားရေး၏ ဗဟိုချက်လည်း ဖြစ်၏။

အကယ်၍ ဤပင်လယ်ဓားပြများ၏ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံလိုက်ရပါက အကျိုးဆက်များမှာ စဉ်းစား၍ပင် မရနိုင်ချေ။

သေချာပေါက် ကျန်းကျိုးမြို့သည် ခိုင်ခံ့ပြီး မြင့်မားသောကြောင့် ပင်လယ်ဓားပြ နှစ်သောင်း၊ သုံးသောင်းခန့်ဖြင့် ကျန်းကျိုးမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

သို့ပေမည့် ကျန်းကျိုးမြို့သည် အလွန် စည်ကားလွန်းသောကြောင့် မရေမတွက်နိုင်သော ပြည်သူများသည် မြို့ရိုး၏ အပြင်ဘက်တွင် နေထိုင်ကြပြီး ကျန်းကျိုးမြို့၏ လက်အောက်ရှိ ခရိုင်များ၊ ရွာများနှင့် မြို့များ မှာလည်း အလွန် စည်ကားလှသည်။

ယခင်က ကျိန့်ဟိုင်မြို့စား၏ သူပုန်များဟု ဆိုသော သူများသည် ထူမန်ခရိုင်ကို တိုက်ရိုက် လုယက် သတ်ဖြတ်ခဲ့ပြီး ယခုအခါ ကျန်းကျိုးမြို့အထိ တိုက်ရိုက် လာရောက် သတ်ဖြတ်တော့မည်လား။ မည်မျှ ကြောက်စရာ ကောင်းသနည်း။

ပင်လယ်ဓားပြ နှစ်သောင်း၊ သုံးသောင်းခန့်က ကျန်းကျိုးမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်မည် မဟုတ်ဟု လူတိုင်းက ထင်မှတ်နေချိန်တွင် စုစည်းလာသော ပင်လယ်ဓားပြများမှာ ပို၍ပို၍ များပြားလာတော့၏။ နောက်ဆုံးတွင် လူအင်အား တစ်သိန်းအထိ ရှိသည်ဟုပင် ကြေညာလိုက်တော့သည်။

လောက တစ်ခုလုံး လုံးဝ တုန်လှုပ်သွားတော့သည်။ ပင်လယ်ဓားပြ တစ်သိန်းက ကျန်းကျိုးမြို့ကို တိုက်ခိုက်မည် ဆိုပါက ကျန်းကျိုးမြို့သည် အမှန်တကယ်ပင် အန္တရာယ် ရှိနေပြီ ဖြစ်၏။

အကယ်၍ ကျန်းကျိုးမြို့သာ ကျရှုံးသွားပါက တာ့ကျိုးအင်ပါယာအတွက် ပျက်စီးခြင်း ဘေးအန္တရာယ်ကြီး ဖြစ်ပေလိမ့်မည်။

အမတ်များနှင့် မှူးမတ်တို့၏ မိသားစုပိုင်ဆိုင်မှု အမြောက်အမြားသည် ကျန်းကျိုးမြို့တွင် တည်ရှိနေကြသည်။ ယခင်က လန်ကျိုးတွင် ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်မှာ သဘာဝဘေးဖြစ်သောကြောင့် မည်သူမှ မတတ်နိုင်ခဲ့ကြသော်လည်း၊ ယခု ကျန်းကျိုးမြို့တွင် ကြုံတွေ့နေရသည့် ဘေးဒုက္ခမှာမူ လူတို့၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

‘ဧကရာဇ်ဟောင်း... ခင်ဗျား သေလိုက်ပါတော့။ ခင်ဗျား သေသွားတာနဲ့ အရာအားလုံး အေးချမ်းသွားပြီး ကျန်းကျိုးမြို့လည်း အသက်ရှင်ခွင့် ရသွားမှာပါ။’

သို့ပေမည့် ဧကရာဇ်ဟောင်းသည် လုံးဝ ဂရုမစိုက်ခဲ့ချေ။ လွန်ခဲ့သော တစ်လကျော်ခန့်က ကျိန့်ဟိုင်မြို့စား၏ ရေတပ်သည် ကျန်းကျိုး ပင်လယ်ပြင်တွင် ထွက်ပေါ်လာခဲ့ပြီး ကျန်းကျိုးမြို့ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ခဲ့ဖူး၏။

သို့ပေမည့် ဧကရာဇ်ဟောင်းက ပုန်ကန်မှုကို နှိမ်နင်းရန် အမိန့်ပေးလိုက်ပြီးနောက် ကျိန့်ဟိုင်မြို့စား၏ ရေတပ်သည် ကျိုးလီ၏ ရေတပ်ကို ချက်ချင်း လိုက်လံ ဖမ်းဆီးရန် ထွက်သွားခဲ့ကြသည်။

ယခုအခါ မရေမတွက်နိုင်သော ပင်လယ်ဓားပြများသည် ကျန်းကျိုး ပင်လယ်ပြင်တွင် နောက်တစ်ကြိမ် ပြန်လည် စုစည်းလာကြပြန်၏။

ပို၍ပို၍ များပြားလာကာ တာ့ကျိုး ပင်လယ်ပြင်မှ ပင်လယ်ဓားပြများ သာမက တာယင်အင်ပါယာနှင့် ပိုမို မြောက်ဘက်ကျသော တာ့ရှ အင်ပါယာမှ ပင်လယ်ဓားပြများပင် ရောက်ရှိလာကြသည်။ အကြောင်းမူ ပင်လယ်ဓားပြများတွင် နိုင်ငံ နယ်နိမိတ် ဆိုသည်မှာ မရှိသောကြောင့် ဖြစ်သည်။

ပင်လယ်ဓားပြတို့၏ သဘောသဘာဝမှာ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ ရရှိနိုင်မည့် နေရာကို အနံ့ခံ သိရှိသည်နှင့်တစ်ပြိုင်နက် ထိုနေရာသို့ ဦးတည်သွားရောက်လုယက်ကြခြင်းသာ ဖြစ်၏။

လူအင်အား တစ်သိန်းဟု ကြေညာထားသော ပင်လယ်ဓားပြများသည် ကျန်းကျိုး ပင်လယ်ပြင်ပေါ်တွင် အပြည့်အနှက် ရှိနေပြီး ကောင်းကင် တစ်ခုလုံး ဖုံးလွှမ်းနေကာ မိုင်ဆယ်ချီအထိ ရှည်လျားလို့ နေသည်။

ပင်လယ်ဓားပြများသည် လှေငယ်များကို အသုံးပြုကြသောကြောင့် အရေအတွက်မှာ ပို၍ပင်များပြားလှသည်။

သူတို့သည် ကျန်းကျိုးမြို့ကို အမှန်တကယ် သွားရောက် တိုက်ခိုက်ရန် သေချာပေါက် မဝံ့ရဲကြသော်လည်း လူတစ်သိန်း ကုန်းပေါ်တက်ပြီး ကျန်းကျိုးမြို့ကို ဝိုင်းရံရန် ဝံ့ရဲကြ၏။

ပင်လယ်ဓားပြ တစ်သိန်းက ကျန်းကျိုးမြို့ကို ဝိုင်းရံထားပြီ ဆိုသည့် အခြေအနေကို ဖန်တီးနိုင်လိုက်သည်နှင့် ဧကရာဇ်ဟောင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေစေရန် ဖိအားပေးမည့် နောက်ဆုံး ကောက်ရိုး တစ်မျှင် ဖြစ်သွားနိုင်သည်။

‘ဧကရာဇ်ဟောင်း... ခင်ဗျားရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာက အရေးကြီးတာလား၊ ကျန်းကျိုးမြို့က ပြည်သူ တစ်သန်းရဲ့ အသက်က အရေးကြီးတာလား။’

ပင်လယ်ဓားပြ တစ်သိန်းသည် ပင်လယ်ပြင်တွင် အသားများ စားကာ၊ အရက် ပန်းကန်ကြီးများဖြင့် သောက်ရင်း အမြင့်ဆုံး ခေါင်းဆောင်၏ အမိန့်ပေးသံကို စောင့်မျှော်နေပြီး ကုန်းပေါ်တက်ကာ ကျန်းကျိုးမြို့သို့ ချီတက်ပြီး ကျန်းကျိုးမြို့ကို ဝိုင်းရံရန် ပြင်ဆင်နေကြ၏။

ဤတစ်သိန်းသော ပင်လယ်ဓားပြများ၏ ခေါင်းဆောင်မှာ မည်သူနည်း။ ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ညီဖြစ်သူ စီးကောင်း ဖြစ်သည်။

“မနက်ဖြန် မနက်ပိုင်းကျရင် ကုန်းပေါ် စတက်မယ်၊ ကျန်းကျိုးမြို့ကို ချီတက်မယ်၊ ကျန်းကျိုးမြို့ကို ဝိုင်းရံမယ်၊ မီးရှို့မယ်၊ သတ်ဖြတ်မယ်၊ လုယက်မယ်၊ ကြီးမားတဲ့ စည်းစိမ်တွေ ရှာကြမယ်။”

စီးကောင်း၏ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံ နှင့်အတူ မရေမတွက်နိုင်သော ပင်လယ်ဓားပြများသည် ဝမ်းသာအားရ ဖြစ်နေကြပြီး လေထု တစ်ခုလုံး ဆူညံသွားတော့၏။

“ဧကရာဇ်ဟောင်းကို သတ်သေအောင် ဖိအားပေးမယ်... အဘိုးကြီး ထျန်းယန်ကို သတ်သေအောင် ဖိအားပေးမယ်။”

“ကျန်းကျိုးကို ဝိုင်းရံမယ်... ဧကရာဇ်ဟောင်းကို သတ်သေအောင် ဖိအားပေးမယ်။”

ဉာဏ်ကောင်းသည်ဟု ထင်မှတ်နေသော ပင်လယ်ဓားပြ အများအပြားက အသံကျယ်ကျယ်ဖြင့် အော်ဟစ် နေကြပြီ ဖြစ်သည်။

စီးကောင်းသည် ပင်လယ်ပြင်ပေါ်ရှိ အဆုံးအစ မရှိသော ပင်လယ်ဓားပြ တပ်ကြီးကို ကြည့်ရင်း စိတ်ထဲတွင် ယုတ္တိ မရှိသော ခံစားချက်များ ပြည့်နှက်နေတော့၏။

‘ဧကရာဇ်က အာဏာ ပြန်လုဖို့ အတွက် ပင်လယ်ဓားပြတွေကို ဒီလောက်တောင် လွတ်လပ်ခွင့် ပေးထားတာ၊ ဒါ... ဒါက နိုင်ငံ ပျက်သုဉ်းမယ့် အရိပ်အယောင် မဟုတ်ဘူးလား။ ကျုပ်တို့ စီးမိသားစုက တကယ်ပဲ ကြီးပွားတော့မှာပဲ၊ တကယ်ပဲ အောင်မြင်မှုကြီးကို ရရှိတော့မှာပဲ။’

သို့ပေမည့် ထိုအချိန် အရှေ့ဘက်တွင် အမည်းရောင် အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို တစ်ယောက်ယောက်က တွေ့ရှိသွားတော့၏။ ဤသည်မှာ ရေတပ်တစ်ခု ဖြစ်ပြီး အစွမ်းထက်သော ရေတပ်ကြီးတစ်ခု ဖြစ်သည်။

ပင်လယ်ဓားပြ အားလုံး အနည်းငယ် အံ့ဩသွားကြပြီးနောက် ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။ “ကျိန့်ဟိုင်မြို့စား ပြန်လာပြီ။ ကျိန့်ဟိုင်မြို့စားက ကျိုးလီရဲ့ ရေတပ်ကို အကုန်အစင် ဖျက်ဆီးပစ်ပြီး ပြန်လာပြီ။”

ဤသည်မှာ မည်သို့ပင်ဖြစ်စေ ပင်လယ်ဓားပြတပ်ဖြစ်ပြီး စည်းကမ်း မရှိသော အုပ်စုဖြစ်ကာ ပင်လယ်ပြင်တွင် ဘေးကင်းလုံခြုံနေပြီဟု ထင်မှတ်ထားသောကြောင့် ပင်လယ်ပြင် ကင်းထောက်များကို စေလွှတ်ထားမည် မဟုတ်ချေ။

ကြီးမားသော ရေတပ်ကြီးကို မြင်တွေ့ရချိန်မှာတော့ ဤသည်မှာ သေချာပေါက် ကျိန့်ဟိုင်မြို့စား၏ ပူးပေါင်း ရေတပ်ကြီး ဖြစ်မည်ဟု ထင်မှတ်သွားကြသည်။

“ကျိန့်ဟိုင်မြို့စားကို အရိုအသေပေးတယ်။”

“ကျိန့်ဟိုင်မြို့စား သက်တော်ရာကျော် ရှည်ပါစေ။”

မရေမတွက်နိုင်သော ပင်လယ်ဓားပြများသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြပြီး ကျိန့်ဟိုင်မြို့စား စီးပြန်းကို မျက်နှာလိုမျက်နှာရ လုပ်ရန် အသေအလဲ ကြိုးစားနေကြ၏။

သို့ပေမည့် လူအချို့က ရိပ်မိသွားကြပြီ ဖြစ်သည်။ ‘ဒါ... ဒါက ကျိန့်ဟိုင်မြို့စားရဲ့ ရေတပ် မဟုတ်ဘူး ထင်တယ်။’

ပို၍ နီးကပ်လာချိန်မှာတော့ လူအများအပြား မြင်တွေ့လိုက်ရသည်မှာ ရေတပ်ကြီးပေါ်တွင် အလံ သုံးခု လွှင့်ထူထားခြင်း ဖြစ်၏။ လီ၊ ကျိုး၊ အောက် ဟူသည့် အလံများပင်။

‘ကျိုးလီ၊ အောက်ယွီ... မဖြစ်နိုင်ဘူး။ သူတို့က ဖျက်ဆီးခံလိုက်ရပြီ မဟုတ်ဘူးလား။ သူတို့ သေသွားပြီ မဟုတ်ဘူးလား။’

ဤသည်မှာ သေချာပေါက် လီဟွာမေနှင့် ကျိုးလီ တို့၏ ပူးပေါင်း ရေတပ်ကြီးဖြစ်ပြီး ဆယ်မိုင်ကျော်ခန့် အလိုတွင် လီဟွာမေ၏ ရေတပ်ကြီးက စတင် အရှိန်တင်လာတော့၏။

ဤပင်လယ်ဓားပြများလည်း နောက်ဆုံးတွင် ရိပ်မိသွားကြပြီ ဖြစ်သည်။

“ရန်သူ လာပြီ... ရန်သူ လာပြီ။”

“တိုက်ပွဲ ဝင်ဖို့ ပြင်ဆင်ကြ... တိုက်ပွဲ ဝင်ဖို့ ပြင်ဆင်ကြ။”

“ဒါက ကျိုးလီနဲ့ အောက်ယွီ တို့ရဲ့ ရေတပ်ပဲ။ သူတို့ကို ဖျက်ဆီးပစ်... သူတို့ကို ဖျက်ဆီးပစ်။”

ပင်လယ်ဓားပြ ခေါင်းဆောင်များသည် အရက်မူးနေကြပြီး သူတို့၌ လူများပြားသည်ဟု ထင်မှတ်ကာ အောက်ယွီ နှင့် ကျိုးလီ တို့၏ ရေတပ်ကို ချက်ချင်း သွားရောက် ဖျက်ဆီးပစ်ရန် ပြင်ဆင်နေကြတော့၏။

“ဝုန်း... ဝုန်း... ဝုန်း...”

လီဟွာမေ၏ ရေတပ်ကြီးသည် သင်္ဘောများကို တိုက်ရိုက် ဝင်တိုက်သွားပြီး ပင်လယ်ဓားပြ ရေတပ်ကြီး အတွင်းသို့ ပြေးဝင်သွားတော့၏။ ထို့နောက် တစ်ဖက်သတ် သတ်ဖြတ်မှုကြီး စတင်တော့သည်။

လုပ်ငန်းစဉ်ကို ပြောနေစရာ မလိုတော့ပေ။ နှစ်နာရီ မပြည့်မီမှာပဲ တိုက်ပွဲ ပြီးဆုံးသွားတော့၏။

အကယ်၍ စီးပြန်း၏ ရေတပ်နှင့် တိုက်ခိုက်ရသည်မှာ အနည်းငယ် စိန်ခေါ်မှု ရှိသေးသည်ဟုဆိုလျှင် ဤ စည်းကမ်းမရှိသော ပင်လယ်ဓားပြများနှင့် တိုက်ခိုက်ရသည်မှာမူ လုံးဝ အပြတ်အသတ် ဖိနှိပ် တိုက်ခိုက်ခြင်း သက်သက်သာ ဖြစ်သည်။

နည်းနည်းလေးမှ ပြန်မခုခံနိုင်ဘဲ တိုက်ရိုက် ဝင်တိုက်သွားပြီးနောက် ဧရာမ ဒူးလေးကြီးများဖြင့် အရူးအမူး ပစ်ခတ်လိုက်ခြင်းပင် ဖြစ်၏။

ဤ လူအင်အား တစ်သိန်း ရှိသည်ဟု ဆိုသော ပင်လယ်ဓားပြများမှာ အမှန်တကယ်တွင် ငါးသောင်း၊ ခြောက်သောင်းခန့်သာ ရှိပြီး လူတစ်သောင်းကျော် သေဆုံးသွားပြီးနောက် ကျန်ရှိနေသော ပင်လယ်ဓားပြ များသည် ချက်ချင်းပဲ အရူးအမူး ထွက်ပြေးကုန်တော့သည်။

ကျန်းကျိုး ပင်လယ်ပြင် တစ်ခုလုံးသည် သွေးများဖြင့် နီရဲသွားပြီး သင်္ဘော အပျက်အစီးများနှင့် အလောင်းများ မရေမတွက်နိုင်အောင် မျောပါနေ၏။

ညနေစောင်း အချိန်တွင် ကျိုးလီ နှင့် ယွင်ကျုံးဟဲ့ တို့သည် စစ်တပ် တစ်သောင်း၏ အစောင့်အရှောက်ဖြင့် ကုန်းပေါ်သို့ တက်ရောက်လာကြပြီး ၎င်းတို့အနက် ခြောက်ထောင်မှာ လန်ကျိုး ရေတပ်၏ စစ်သည်များ ဖြစ်ကာ ကျန်လေးထောင်မှာ လီဟွာမေထံမှ ငှားရမ်းလာခြင်း ဖြစ်သည်။

“အောက်ယွီ... ကျွန်မ ကုန်းပေါ် မတက်တော့ဘူး။ အရှေ့တိုင်း အင်ပါယာရဲ့ နယ်မြေကို တစ်သက်လုံး ခြေမချဘူးလို့ ကျွန်မ ကျိန်ဆိုထားတယ်။”

လီဟွာမေက ပြောလိုက်၏။ “ကျွန်မရဲ့ ရေတပ်က ဒီပင်လယ်ပြင်မှာ အချိန်တစ်ခု အထိ နေနေအုံးမယ်။ ရှင့်ဆီ ငှားလိုက်တဲ့ လူလေးထောင် ပြန်လာတဲ့ အချိန်အထိ စောင့်ပြီးမှ ကျွန်မရဲ့ စခန်းကို ပြန်မယ်။ နောက်ပိုင်း ဘယ်အချိန်မှ ပြန်တွေ့ရမလဲ ဆိုတာ မသိနိုင်တော့ဘူးဆိုတော့ ဒီနေရာမှာပဲ နှုတ်ဆက်ကြတာပေါ့။”

ယွင်ကျုံးဟဲ့ ဦးညွတ်လျက် ပြောလိုက်သည်။ “ကြီးမားတဲ့ ကျေးဇူးတွေအတွက် ကျေးဇူးတင်စကား မပြောတော့ဘူး။”

လီဟွာမေ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ယွင်ကျုံးဟဲ့ ရှေ့သို့တက်ပြီး သူမကို ဖက်လိုက်၏။

“ရှင့်ရဲ့ ရည်မှန်းချက်တွေကို ရှာတွေ့နိုင်ပါစေလို့ မျှော်လင့်တယ်။” လီဟွာမေက ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ခင်ဗျားလည်း ခင်ဗျားရဲ့ ရည်မှန်းချက်တွေကို ပြီးမြောက်အောင် လုပ်နိုင်ပါစေလို့ မျှော်လင့်တယ်။ အကူအညီ လိုအပ်တဲ့ ကိစ္စ ရှိလာရင် စာတစ်စောင်လောက် ပို့လိုက်ပါ။ မိုင်ထောင်ချီ၊ မိုင်သောင်းချီ ဝေးနေပါစေ ကျုပ် သေချာပေါက် ရောက်လာခဲ့ပါ့မယ်။ ပြီးတော့ ပိုင်ယွင်မြို့က ခင်ဗျားကို ဘယ်လိုများ တုံ့ပြန်မလဲ။”

“နှုတ်ဆက်ပါတယ်။” စစ်သေနာပတိချုပ် လီဟွာမေက မဖြေကြားဘဲ တိုက်ရိုက် နှုတ်ဆက်လိုက်သည်။

ထို့နောက် သူမက နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်၏။ “စိတ်ချပါ။ အရင်တစ်ခေါက် တုန်းက သူ ကျွန်မကို မသတ်ခဲ့ဘူးဆိုတော့ နောက်လည်း သတ်မှာ မဟုတ်ဘူး။”

...............

ကျန်းကျိုး ဆိပ်ကမ်းသည် ကျန်းကျိုးမြို့ အပြင်ဘက်တွင် မရှိဘဲ မိုင်ဆယ်ချီ ကွာဝေး၏။ ကုန်းပေါ်သို့ တက်ရောက်ပြီးနောက် စစ်တပ် တစ်သောင်းသည် စတင် စုစည်းလာကြပြီး အကျဉ်းသားလှည်း သုံးစီးကို အစောင့်အရှောက်များ ဝန်းရံကာဖြင့် ကျန်းကျိုးမြို့သို့ ချီတက်သွားကြတော့သည်။

တစ်ချိန်တည်းမှာပဲ စစ်သည် ရာချီခန့်သည် စစ်မြင်းများကို စီးကာ အရှေ့၊ အနောက်၊ မြောက်၊ တောင် အရပ်မျက်နှာ အသီးသီးသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြ၏။

“ကြီးမားတဲ့ အောင်ပွဲ... ကြီးမားတဲ့ အောင်ပွဲ... မင်းသား ကျိုးလီ နဲ့ အမတ်ကြီး အောက်ယွီ... ပုန်ကန်မှုကို အောင်မြင်စွာ နှိမ်နင်းပြီး ကျိန့်ဟိုင်မြို့စားကို ဖမ်းဆီးနိုင်ခဲ့တယ်။”

“ကြီးမားတဲ့ အောင်ပွဲ... ကြီးမားတဲ့ အောင်ပွဲ... ကျိန့်ဟိုင်မြို့စားရဲ့ သူပုန်တွေ အကုန်အစင် ဖျက်ဆီး ခံလိုက်ရပြီး ပင်လယ်ဓားပြတွေလည်း အကုန်အစင် ဖျက်ဆီးခံလိုက်ရပြီ။”

နောက်ဆက်တွဲ အနေဖြင့် ဤစစ်သည် ရာချီခန့်သည် အောင်ပွဲ သတင်းကို လောက တစ်ခုလုံးသို့ ပျံ့နှံ့စေမည်ဖြစ်ပြီး တာ့ကျိုးအင်ပါယာ၏ ခရိုင်တိုင်းကို ဤခမ်းနားကြီးကျယ်သော အောင်ပွဲကြီး အကြောင်း သိရှိစေမှာဖြစ်သည်။

All Chapters