အခန်း (၆၀၅-၆၀၆)
Vol. 51 Ch. 605-606
အပိုင်း (၆၀၅)
တစ်နာရီ အကြာတွင် ကျိုးလီ နှင့် ယွင်ကျုံးဟဲ့ တို့သည် လူအင်အား တစ်သောင်းကို ဦးဆောင်ကာ ကျန်းကျိုးမြို့ အနီးသို့ ရောက်ရှိလာကြ၏။
ယခုအချိန်တွင် ကျန်းကျိုးမြို့သည် ရန်သူနှင့် ရင်ဆိုင်ရတော့မည့် အတိုင်း ပြင်ဆင်ထားပြီး ဘုရင်ခံ နှင့် မြို့စား တို့သည် မြို့ရိုးပေါ်တွင် ရှိနေကြကာ ညမိုးချုပ်နေပြီ ဖြစ်သော်လည်း မြို့ရိုးပေါ်တွင် မီးရောင်များ ထွန်းလင်း တောက်ပနေပြီး နေ့ခင်းဘက်ကဲ့သို့ ဖြစ်နေသည်။
“ဘုရင်ခံဝမ်... နေကောင်းလား။” အိမ်ရှေ့စံမင်းသား ကျိုးလီက အသံကျယ်ကျယ်ဖြင့် ရယ်မောကာ နှုတ်ဆက်လိုက်၏။
ချန်လန် ပြည်နယ် ဘုရင်ခံ ပြောင်းလဲသွားပြီဖြစ်ပြီး ယခုလက်ရှိ ဘုရင်ခံမှာ ဝမ်တွန်း ဖြစ်၏။ ဤလူသည်လည်း ဧကရာဇ်၏ အဖွဲ့အစည်းမှ ဖြစ်သည်။
သို့ပေမည့် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ကိစ္စများနှင့် ပတ်သက်၍ ဘုရင်ခံ ဝမ်တွန်းသည်လည်း အလွန် ရှုပ်ထွေးနေမိ၏။
အကြောင်းမူ တစ်ယောက်ယောက်က ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ဆောင်နေပြီး ပင်လယ်ဓားပြ သောင်းချီကို ကျန်းကျိုးမြို့အား ဝိုင်းရံရန် ကြိုးစားစေခဲ့သောကြောင့် ဖြစ်သည်။
နာရီဝက်ခန့် အလိုက ချန်လန် ပြည်နယ် ဘုရင်ခံသည် အောင်ပွဲ သတင်းကို ကြားသိခဲ့ရပြီး သူ လုံးဝ မယုံကြည်နိုင်ခဲ့ချေ။
သို့ပေမည့် ယခုအခါ အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် အောက်ယွီတို့ မျက်စိရှေ့တွင် ရှိနေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နေရသည်။
ထို့အပြင် အကျဉ်းသားလှည်းထဲရှိ အကျဉ်းသားကို ကြည့်လိုက်ရာ ကျိန့်ဟိုင်မြို့စား စီးပြန်း ဖြစ်နေသည် မဟုတ်ပါလား။ ထို့အပြင် သူ၏ ကိုယ်လုပ်တော်နှင့် သားလည်း ပါသေး၏။
ဘုရင်ခံ အမတ်ကြီးသည် သူ၏ မျက်စိကိုပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရတော့သည်။
‘ကျိုးလီနဲ့ အောက်ယွီ တို့က ဒါကို ဘယ်လို လုပ်လိုက်တာလဲ။ လူတစ်သောင်းကျော်လောက်နဲ့ လူတစ်သိန်းကျော်ကို အနိုင်ယူလိုက်တာလား။’
ယွင်ကျုံးဟဲ့က ပြုံးလျက် မေးလိုက်၏။ “ဘယ်လိုလဲ... ဘုရင်ခံဝမ်က မြို့တံခါးကို မဖွင့်ဘဲ ကျုပ်တို့ကို အပြင်ဘက်မှာ ပိတ်ထားမလို့လား။”
သူ၏ အသံတွင် အပြုံးလေးများ ပါဝင်နေသော်လည်း အေးစက်မှုများလည်း လျှို့ဝှက်စွာ ပါဝင်နေသည်။
ချန်လန် ပြည်နယ် ဘုရင်ခံသည် ဆုံးဖြတ်ချက် တစ်ခုကို ပြုလုပ်ရတော့မှာဖြစ်သည်။ အကယ်၍ မြို့တံခါးကို ပိတ်ပြီး ကျိုးလီ နှင့် အောက်ယွီ တို့ကို အပြင်ဘက်တွင် ထားမည်ဆိုပါက အနာဂတ်တွင် ဧကရာဇ်ဟောင်းနှင့် ကျိုးလီ တို့ကို လုံးဝ စော်ကားမိသွားမှာဖြစ်၏။
‘ဒီစစ်ပွဲမှာ ကျိုးလီနဲ့ အောက်ယွီ တို့ နိုင်သွားပြီ ဆိုတော့ ဧကရာဇ်ဟောင်း နိုင်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါက သူ ဝမ်တွန်းကို ပြန်လည် ရပ်တည်ချက် ရွေးချယ်ဖို့ အခွင့်အရေး ပေးလိုက်တာပါပဲ။ တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ ဒီစစ်ပွဲ နိုင်သွားရင်တောင် ဧကရာဇ်ရဲ့ ဩဇာအာဏာက ဧကရာဇ်ဟောင်းထက် ပိုကြီးမားနေသေးတာပဲလေ။ လောကရဲ့ စစ်တပ် အများစုက ဧကရာဇ်ရဲ့ လက်ထဲမှာ ရှိနေသေးတာပဲ မဟုတ်လား။ ကျုပ် ဘယ်လို လုပ်ရမလဲ။ ဘယ်လို လုပ်ရမလဲ။’
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “မင်းသား ကျိုးလီ ... ကြည့်ရတာ ဘုရင်ခံ ဝမ်တွန်းက ကျုပ်တို့ကို မြို့ထဲ ဝင်ခွင့်ပြုဖို့ ရည်ရွယ်ချက် မရှိဘူး ထင်တယ်။ သွားကြစို့။”
ထို့နောက် ယွင်ကျုံးဟဲ့သည် စစ်တပ်ကို ဦးဆောင်ကာ ထွက်ခွာရန် ပြင်လိုက်ရာ ဤလုပ်ရပ်မှာ ဘုရင်ခံ ဝမ်တွန်း၏ နောက်ဆုံး ရပ်တည်ချက် ရွေးချယ်ခွင့်ကို ဖျက်ဆီးပစ်တော့မှာဖြစ်၏။
ဘုရင်ခံ ဝမ်တွန်း အံကို တင်းတင်းကြိတ်ကာ၊ မျက်လုံးများကို မှိတ်ပြီး အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ “မြို့တံခါးကိုဖွင့်... ယင်းချင်ဝမ်ကို ကြိုဆိုကြ။”
ခဏအကြာတွင် ကျန်းကျိုး မြို့တံခါး ပွင့်သွားတော့၏။
ဘုရင်ခံ ဝမ်တွန်းသည် ကျန်းကျိုးမြို့၏ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များကို ဦးဆောင်ကာ မြို့အပြင်သို့ ထွက်လာပြီး ကျိုးလီ၏ အရှေ့သို့ ရောက်ရှိလာကာ ဒူးထောက်လျက် ပြောလိုက်သည်။ “ကျုပ်... ယင်းချင်ဝမ်ကို အရိုအသေပေးပါတယ်။ အိမ်ရှေ့စံမင်းသား အောင်ပွဲခံ ပြန်လည် ရောက်ရှိလာတာကို ဂုဏ်ပြုပါတယ်။”
ဘုရင်ခံ ဝမ်တွန်းသည် ရပ်တည်ချက်ကို ပြန်လည် ရွေးချယ်လိုက်ပြီ ဖြစ်၏။
ကျိုးလီ အလျင်အမြန် ရှေ့သို့တက်ကာ ဘုရင်ခံ ဝမ်တွန်းကို ဆွဲထူလိုက်သည်။
“ယင်းချင်ဝမ်၊ နုလန်ဟောက်... ကျေးဇူးပြုပြီး မြို့ထဲ ဝင်ပါ။ ကျန်းကျိုးမြို့က ပြည်သူ သောင်းချီကို လမ်းဘေး နှစ်ဖက်ကနေ ကြိုဆိုခိုင်းပြီး ယင်းချင်ဝမ်နဲ့ နုလန်ဟောက်တို့ရဲ့ ကယ်တင်ရှင် ကျေးဇူးတွေကို ကျေးဇူးတင်ခိုင်းပါ့မယ်။” ဘုရင်ခံ ဝမ်တွန်းသည် ယခုတစ်ကြိမ်တွင် ယွင်ကျုံးဟဲ့ကိုပါ ဦးညွတ် အရိုအသေ ပေးလိုက်ပြီး မျက်နှာလိုမျက်နှာရ လုပ်သည့် အကြည့်များဖြင့် ကြည့်လိုက်၏။
သူသည် ဘုရင်ခံ၊ နယ်စားကြီး၊ ပထမအဆင့် အမတ်ကြီး ဖြစ်သော်လည်း အကယ်၍ ဧကရာဇ်ဟောင်း ဘက်သို့ ပြန်လည် ရပ်တည်ချက် ရွေးချယ်မည်ဆိုပါက ဘုရင်ခံ တစ်ဦး ဖြစ်လျှင်တောင် အောက်ယွီကို မျက်နှာလို မျက်နှာရ လုပ်ရမှာဖြစ်သည်။ အကြောင်းမူ သူသည် ဧကရာဇ်ဟောင်း အဖွဲ့အစည်း၏ အဓိက အဖွဲ့ဝင် တစ်ဦး ဖြစ်သောကြောင့်ပင်။
ကျိုးလီက ပြောလိုက်၏။ “ကျေးဇူးတင်တယ် ဘုရင်ခံဝမ်။ ဒါပေမဲ့ ကျုပ်က ဧကရာဇ်ရဲ့ အမိန့်တော်ကို ထမ်းဆောင်နေရတာ ဖြစ်လို့ မြို့ထဲ မဝင်တော့ဘူး။ မြို့အပြင်ဘက်မှာပဲ စခန်းချလိုက်ပါ့မယ်။”
ဘုရင်ခံ ဝမ်တွန်းက ပြန်ပြောလိုက်သည်။ “ယင်းချင်ဝမ်က တကယ်ကို ပြည်သူတွေရဲ့ စံပြ ပုဂ္ဂိုလ် ပါပဲ။ ဒါဆို ကျုပ် ချက်ချင်း သွားပြီး တဲတွေနဲ့ ရိက္ခာတွေ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်။”
ထို့နောက် ဘုရင်ခံ ဝမ်တွန်းသည် ကျန်းကျိုးမြို့၏ အမတ်များကို ဦးဆောင်ကာ မြို့အပြင်ဘက်တွင် ကျိုးလီ နှင့် အောက်ယွီ တို့ကို ဧည့်ခံကျွေးမွေးကြတော့၏။
ကျိုးလီ ကိုယ်တိုင် ဧည့်ခံပွဲ ပြင်ဆင်ကာ စခန်း အတွင်း၌ ချန်လန် ပြည်နယ်၏ အမတ်များကို ဧည့်ခံကျွေးမွေး လိုက်ရာ ဧည့်သည်များ အားလုံး ပျော်ရွှင်စွာ စားသောက်ကြတော့သည်။
နောက်တစ်နေ့ မနက်ပိုင်း...
ဘုရင်ခံ ဝမ်တွန်းသည် ကျန်းကျိုးမြို့၏ ပြည်သူ တစ်သိန်းကျော်ကို စုစည်းကာ ကျိုးလီ နှင့် အောက်ယွီ တို့ကို နှုတ်ဆက်ခိုင်းတော့၏။
တစ်ခဏအတွင်းမှာပဲ ဗုံသံများ ဆူညံနေပြီး၊ ဗြောက်အိုးသံများ တပြိုင်နက်တည်း ထွက်ပေါ်လာကာ လူများ ပြည့်နှက်လို့နေသည်။
ကျန်းကျိုးမြို့၏ ပြည်သူ တစ်သိန်းကျော်သည် သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြပြီး ကျိုးလီ နှင့် အောက်ယွီ တို့၏ ကယ်တင်ရှင် ကျေးဇူးကို ကျေးဇူးတင်ကြတော့၏။
အကြောင်းမူ ပင်လယ်ဓားပြများ အားလုံးကို အကုန်အစင် ဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာ ယနေ့မှစ၍ ကျန်းကျိုးမြို့ကြီး အေးချမ်းသွားပြီ ဖြစ်သောကြောင့်ပင်။
“ဧကရာဇ်ဟောင်း သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော် သောင်းကျော် ရှည်ပါစေ။”
“တာ့ကျိုးအင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော် သောင်းကျော် ရှည်ပါစေ။”
ကျန်းကျိုးမြို့၏ မရေမတွက်နိုင်သော စစ်သည်များနှင့် ပြည်သူများသည် ခမ်းနားကြီးကျယ်သော အောင်ပွဲကြီးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြရပြီး အကျဉ်းသား လှည်းထဲရှိ ပုန်ကန်သူ ဘုရင် စီးပြန်း ကိုလည်း ကိုယ်တိုင် မြင်တွေ့ခဲ့ကြရသည်။
ကျိုးလီ နှင့် အောက်ယွီ တို့၏ အကျိုးဆောင်မှုများကို မည်သူကမှ ဖျောက်ဖျက်ပစ်၍ မရနိုင်တော့ချေ။
ဤသို့ဖြင့် ကျိုးလီ နှင့် အောက်ယွီ တို့သည် လမ်းတစ်လျှောက်လုံး အလွန် ခမ်းနားကြီးကျယ်စွာဖြင့် ဖြတ်သန်းသွားကြတော့၏။
မြို့တစ်မြို့ကို ဖြတ်သွားတိုင်း မြို့ရိုးအောက်တွင် တံခါး ဖွင့်ခိုင်းပြီး အကယ်၍ မဖွင့်ပါက ဧကရာဇ်ဟောင်းနှင့် ရန်သူ ဖြစ်ကြောင်း သတ်မှတ်မည်ဖြစ်ကာ ပြန်လည် ရပ်တည်ချက် ရွေးချယ်ခွင့်ကို ပေးလိုက်ခြင်း ဖြစ်သောကြောင့် မရယူဘဲ နေနိုင်မည်လား။
သို့ပေမည့် မြို့စားများက တံခါး ဖွင့်ပေးပြီးနောက်တွင် အထဲ မဝင်တော့ချေ။
မြို့စားများသည်လည်း ပြည်သူ သောင်းချီကို စုစည်းပြီး ယင်းချင်ဝမ် နှင့် အောက်ယွီ တို့ကို နှုတ်ဆက် ခိုင်းကြကာ ကြီးမားသော ဘေးအန္တရာယ်ကြီး ပြီးဆုံးသွားခြင်းကို ဂုဏ်ပြုကြတော့၏။
လမ်းတစ်လျှောက်လုံး ဖြတ်သန်းသွားသော ခရိုင်မြို့တိုင်းရှိ မြို့စားတိုင်းသည် မြို့တံခါးကို ဖွင့်ပေးရန် ရွေးချယ်ခဲ့ကြပြီး ယင်းချင်ဝမ်၏ အရှေ့တွင် ဒူးထောက်ရန် ရွေးချယ်ခဲ့ကြသည်။
ဤသည်မှာ ပြန်လည် ရပ်တည်ချက် ရွေးချယ်ခြင်းကို ကိုယ်စားပြု၏။
ဤသည်မှာ သေချာပေါက် ဘုရင်ခံ ဝမ်တွန်းက ကောင်းမွန်သော အစပျိုးမှု တစ်ခု ပြုလုပ်ပေးခဲ့ခြင်းကို ကျေးဇူးတင်ရမည် ဖြစ်သော်လည်း ဤသည်မှာ အခြေအနေ၏ လားရာကို ပြသနေပြီး လူတိုင်း၏ ဆန္ဒ ကိုလည်း ပြသနေခြင်း ဖြစ်သည်။
ယခင်က လူတိုင်းက အောက်ယွီကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဧကရာဇ်ဟောင်း၏ မူဝါဒများကို ဆန့်ကျင်ခဲ့ကြခြင်းမှာ အကျိုးအမြတ်ကြောင့် ဖြစ်၏။
ယခုအခါ ကျိန့်ဟိုင်မြို့စား ရှုံးနိမ့်သွားပြီဖြစ်ရာ တာ့ကျိုးအင်ပါယာသည် ပင်လယ်ပြင်၏ တည်ငြိမ်မှုကို နောက်တစ်ကြိမ် ပြန်လည် ထိန်းချုပ်နိုင်တော့မည် ဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးများ အားလုံး ပြန်လည် စတင်တော့မည် ဖြစ်ကာ လူတိုင်း အသား ပြန်စားရတော့မည် ဖြစ်ပြီး ဤအသားကို ခွဲဝေပေးမည့် အာဏာမှာ ဧကရာဇ်ဟောင်း၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။
လမ်းတစ်လျှောက်လုံး တွင် မရေမတွက်နိုင်သော အော်ဟစ်သံများကိုသာ ကြားခဲ့ရ၏။
“ဧကရာဇ်ဟောင်း သက်တော်ရာကျော် ရှည်ပါစေ၊ တာ့ကျိုးအင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
လမ်းတစ်လျှောက်လုံးတွင် ယွင်ကျုံးဟဲ့သည် အလွန် ကြီးမားသော အရှိန်အဝါများကို ဖန်တီးခဲ့ပြီး ဒေသခံ အရာရှိများ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲ သစ္စာခံလာကြတော့သည်။
ယခုအခါ တာ့ကျိုးမြို့တော်သည် မိုင်ထောင်ချီ ကွာဝေးနေသေးသောကြောင့် ကြီးမားသော အောင်ပွဲ သတင်းသည် မရောက်ရှိသေးချေ။
အမှန်တကယ်တွင် အရင်ဆုံး ရောက်ရှိလာသော သတင်းမှာ ပင်လယ်ဓားပြ တစ်သိန်းက ကျန်းကျိုးမြို့ကို ဝိုင်းရံ တိုက်ခိုက်တော့မည့် သတင်း ဖြစ်သည်။
ယခုအချိန်တွင် ဧကရာဇ်သည် ညီလာခံကို ကျင်းပနေသည်။ ဤနှစ်လအတွင်း ဧကရာဇ်ဟောင်းသည် ညီလာခံသို့ ထပ်မံ တက်ရောက်ခြင်း မရှိတော့ဘဲ ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းမှ အမတ်များသည်လည်း နေမကောင်းဘူးဟု အကြောင်းပြကာ အိမ်တွင်သာ နေထိုင်ကြ၏။
ဧကရာဇ် ဝမ်ယွင်သည် အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားပြီး ဩဇာတိက္ကမ အပြည့် ရှိနေ၏။ ထို့အပြင် သူသည် ဒုတိယမင်းသား၏ လျှို့ဝှက်စာလွှာကိုလည်း လက်ခံရရှိထားပြီး အောက်ယွီ သေဆုံးသွားပြီ ဖြစ်ကြောင်းနှင့် သူ ငှားရမ်းလိုသော ရေတပ်၏ ပိုင်ရှင် လီဟွာမေလည်း သေဆုံးသွားပြီ ဖြစ်ကြောင်း သိရှိထားသည်။
ထို့နောက် ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ရေတပ်သည် ကျိုးလီ၏ ရေတပ်ကို တွေ့ရှိသွားပြီ ဖြစ်ကြောင်း သတင်း ထပ်မံ ရရှိထား၏။
ထို့ကြောင့် ကျိုးလီ၏ ရေတပ် အကုန်အစင် ဖျက်ဆီးခံရရန်မှာ အချိန် ပြဿနာ သက်သက်သာ ဖြစ်၏။ အောင်ပွဲသည် မျက်စိရှေ့တွင် ရှိနေပြီး ဧကရာဇ်ဟောင်းသည်လည်း ပြီးဆုံးတော့မှာဖြစ်သည်။
‘နောက်ဆုံးတော့ အောက်ယွီ သေသွားပြီပဲ။ နှမြောစရာ ကောင်းတာက ကိုယ်တော် ကိုယ်တိုင် သူ့ကို မသတ်လိုက်ရတာပဲ။’
ဤကာလအတွင်း အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားသော ဧကရာဇ်သည် မိဖုရားကြီး အသစ် တစ်ဦးကို ပြန်လည် ခန့်အပ်ခဲ့ပြီး ထိုသူမှာ ဒုတိယမင်းသား၏ အမေ၊ ဖူယန်ထူ၏ ညီမ၊ ဖူမိသားစုဝင် ဖြစ်၏။
ယွင်ကျုံးဟဲ့သည် နင်မိသားစုဝင် မိဖုရားကြီး တစ်ဦးကို ဖယ်ရှားပစ်ခဲ့သော်လည်း ဖူမိသားစုဝင် မိဖုရားကြီး တစ်ဦး ထပ်မံ ရောက်ရှိလာခဲ့၏။ ပို၍ ကြီးမားသော ရန်သူကြီး တစ်ဦးလည်း ဖြစ်သည်။
“မိုင်ရှစ်ရာ အရေးပေါ် သတင်း... မိုင်ရှစ်ရာ အရေးပေါ် သတင်း။”
“အရှင်မင်းမြတ်... ပင်လယ်ဓားပြ တစ်သိန်းက ကုန်းပေါ်တက်ဖို့ ပြင်ဆင်နေပြီး ကျန်းကျိုးမြို့ကို ဝိုင်းရံ တိုက်ခိုက်တော့မှာ ဖြစ်လို့ ကျန်းကျိုး ဘုရင်ခံ ဝမ်တွန်းက အကူအညီ တောင်းခံလာတယ်။”
ဤသတင်းကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ်၏ မျက်လုံးများ အနည်းငယ် တုန်ယင်သွားတော့၏။ ‘နောက်ဆုံးတော့ ရောက်လာပြီလား။ ဧကရာဇ်ဟောင်းကို ဖိအားပေး သတ်သေစေမယ့် နောက်ဆုံး ကောက်ရိုး တစ်မျှင် နောက်ဆုံးတော့ ရောက်လာပြီလား။’
ချက်ချင်းပဲ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။ “အရှင်မင်းမြတ်... ကျန်းကျိုးမြို့က ဘာမှဖြစ်လို့ မရဘူး၊ ကျန်းကျိုးမြို့က ဆုံးရှုံးလို့ မရဘူး။”
“အရှင်မင်းမြတ်... အခု ကျိန့်ဟိုင်မြို့စား တစ်ယောက်တည်းကပဲ ပင်လယ်ဓားပြတွေကို နှိမ်နင်းနိုင်မှာ ဖြစ်လို့ ကျိန့်ဟိုင်မြို့စားနဲ့ အမြန်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပါတော့။”
ထို့နောက် ဧကရာဇ်သည် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံးကို ခေါ်ဆောင်ကာ ချန်အန်း နန်းဆောင်သို့ သွားရောက်ပြီး ဒူးထောက် တောင်းပန်ကြတော့၏။
“ဧကရာဇ်ဟောင်း... ကျိန့်ဟိုင်မြို့စားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပါတော့၊ ကျန်းကျိုးက ပြည်သူ သောင်းချီကို ကယ်တင်ပေးပါအုံး။”
“ဧကရာဇ်ဟောင်း... အရှင် ကိုယ်တိုင် ကတိပေးထားခဲ့တာပါ။ လုံးဝ ကတိမဖျက်ပါနဲ့။”
နောက်ဆုံးတွင် အမတ် အချို့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လာကြ၏။ အမှန်တကယ်ပင် လက်နက်ချင်း ထိပ်တိုက် တွေ့နေကြပြီဖြစ်ကာ ဧကရာဇ်ဟောင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေစေရန် ဖိအားပေးနေကြခြင်း ဖြစ်သည်။
ဧကရာဇ်သည်လည်း ချန်အန်းနန်းဆောင် အပြင်ဘက်တွင် ဒူးထောက်ကာ ငိုကြွေးလျက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ခမည်းတော်... ကျေးဇူးပြုပြီး သနားညှာတာပြီး ကျိန့်ဟိုင်မြို့စားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အမိန့်တော် ထုတ်ပြန်ပေးပါ။ ခမည်းတော်... ကျေးဇူးပြုပြီး သနားညှာတာပေးပါ။”
သို့ပေမည့် ချန်အန်း နန်းဆောင် အတွင်းရှိ ဧကရာဇ်ဟောင်းသည် အမြဲတမ်း တုံ့ပြန်မှု မရှိဘဲ နန်းဆောင် တံခါးကို တင်းကျပ်စွာ ပိတ်ထား၏။ နှစ်လတိတိ ရှိနေပြီဖြစ်ပြီး ဤနန်းဆောင်တံခါးသည် လုံးဝ မပွင့်ခဲ့သလောက်ပင် ဖြစ်သည်။
အပိုင်း (၆၀၆)
ဧကရာဇ်သည် နှစ်နာရီတိတိ ဒူးထောက်နေခဲ့ပြီး မိုးချုပ်သွားမှသာ ထွက်ခွာသွားခဲ့၏။
ဤသည်မှာ သူ၏ နေ့စဉ် လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေပြီး နေ့တိုင်း လာရောက်၍ နှစ်နာရီတိတိ ဒူးထောက်ကာ အပေါ်ယံတွင် ဧကရာဇ်ဟောင်းကို သနားညှာတာရန် တောင်းပန်နေသော်လည်း တကယ်တမ်းတွင်မူ ဧကရာဇ်ဟောင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်ပြီ၊ ကတိတည်သင့်ပြီဟု သတိပေးနေခြင်း ဖြစ်သည်။
ယနေ့ညတွင် ဧကရာဇ် ဝမ်ယွင်သည် စိတ်ဓာတ် တက်ကြွနေပြီး မိဖုရားကြီးဖူကို လုံးဝ အရှုံးပေးသွားစေသည် အထိ အချစ်စစ်ပွဲ ဆင်နွှဲနေတော့၏။
‘ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။ အောက်ယွီ သေသွားပြီလေ။ ဧကရာဇ်ဟောင်းလည်း ရှုံးသွားပြီလေ။ သူ ဆိုတဲ့ ဧကရာဇ်ဟာ နောက်ဆုံးတော့ ကြီးမားတဲ့ အောင်ပွဲကို ရရှိသွားပြီလေ။ ဒီနေ့ကစပြီး သူ့ခေါင်းပေါ်မှာ သူ့ကို ထိန်းချုပ်နိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူး။ ဒီနေ့ကစပြီး သူဟာ တာ့ကျိုး အင်ပါယာရဲ့ အမြင့်ဆုံး အာဏာပိုင် ဧကရာဇ် ဖြစ်သွားပြီလေ။ ဟား... ဟား... ဟား...’
အခက်အခဲ ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ အနိုင်ရရှိခဲ့သည့်မို့ အောင်ပွဲ၏ အသီးအပွင့်က ပို၍ပင် အရသာ ရှိနေလေသည်။
မိဖုရားကြီး ဖူက အေးစက်စက်ဖြင့် မေးလိုက်၏။ “အရှင်မင်းမြတ်... အဲဒီ အသေကောင်ကြီးက အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် မသတ်သေသေးဘူးလား။ သူ ပြောခဲ့တဲ့ စကားတွေ အားလုံးက အလကားပဲလား။ လောကကြီးကို ရင်ဆိုင်ဖို့ ဘာမျက်နှာ ရှိသေးလို့လဲ။”
ဧကရာဇ် ဝမ်ယွင် ဘာမှ မပြောဘဲ မိဖုရားကြီးဖူ၏ ခြေထောက်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
‘မကြာတော့ဘူး... မကြာတော့ဘူး။ နောက်ဆက်တွဲ အနေနဲ့ ဧကရာဇ်ဟောင်းဟာ မျက်နှာပြောင်တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မသတ်သေရင်တောင် သတ်သေအောင် ဖိအားပေးခံရတော့မှာပါ။’
မိဖုရားကြီးက ဆက်ပြောလိုက်၏။ “အဲဒီ အသေကောင်ကြီး သေသွားပြီးရင် အိမ်ရှေ့စံမင်းသား နေရာ ကိုလည်း သတ်မှတ်သင့်ပြီနော်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဧကရာဇ် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့၏။ မိဖုရားကြီးဖူ၏ ဤစကားမှာ အနည်းငယ် လွန်ကျူးလွန်းနေသည်။
မိဖုရားကြီးဖူလည်း ဧကရာဇ်၏ မကျေနပ်မှုကို ခံစားမိသွားပုံ ရသောကြောင့် ချက်ချင်း ချွဲနွဲ့စွာဖြင့် ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျွန်မက အရှင့်ကို ထပ်ပြီး ပြုစုပေးပါရစေနော်။”
ထို့နောက် သူမက လက်ခုပ်တီးလိုက်ရာ နောက်ထပ် လှပသော အမျိုးသမီး တစ်ဦး ဝင်ရောက်လာ၏။ ထိုသူမှာ ဖူယန်ထူ၏ နောက်ထပ် ညီမ တစ်ဦး ဖြစ်သော ငယ်ရွယ်သည့် ကိုယ်လုပ်တော်ဖူပင် ဖြစ်သည်။
ညီအစ်မ နှစ်ယောက် တပြိုင်နက်တည်း ဧကရာဇ်ကို ပြုစုပေးကြသည်။ တစ်ခဏအတွင်းမှာပဲ ဧကရာဇ် ဝမ်ယွင် သည် နောက်တစ်ကြိမ် စိတ်လှုပ်ရှား တက်ကြွလာပြန်တော့၏။
မီးကုန်ယမ်းကုန် ဖြစ်နေစဉ်မှာပင် ရုတ်တရက် အပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာသည်။
မိန်းမစိုးကြီး ဟောက်ချင့်က အပြင်ဘက်မှ တိုးတိုးလေး ခေါ်လိုက်၏။ “အရှင်မင်းမြတ်... အရှင်မင်းမြတ်။”
ဧကရာဇ်သည် စိတ်လှုပ်ရှားနေစဉ် ဤသို့ နှောင့်ယှက်ခံလိုက်ရသောကြောင့် ချက်ချင်း အေးစက်စက်ဖြင့် မေးလိုက်၏။ “ဘာကိစ္စလဲ။”
မိန်းမစိုးကြီး ဟောက်ချင့်က ပြောလိုက်သည်။ “အရှင်မင်းမြတ်... ပြဿနာ ကြီးသွားပါပြီ၊ ပြဿနာ ကြီးသွားပါပြီ။ ကျန်းကျိုးမြို့ကနေ လျှို့ဝှက်သတင်း ရောက်လာတယ်။ ကျိုးလီနဲ့ အောက်ယွီတို့ ပြန်ရောက်လာပါပြီ။ ဒီစစ်ပွဲမှာ ကြီးမားတဲ့ အောင်ပွဲ ရရှိခဲ့ပြီး ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ တပ်ဖွဲ့တွေ အကုန်အစင် ဖျက်ဆီးခံလိုက်ရကာ သူကိုယ်တိုင်လည်း ဖမ်းဆီးခံရပြီး လက်နက်ချသွားပါပြီ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဧကရာဇ်၏ တစ်ကိုယ်လုံး ချက်ချင်း တောင့်တင်းသွားပြီး တုံ့ပြန်မှုတွေ အားလုံး လုံးဝ ပျောက်ဆုံးသွားတော့၏။
ထိုသတင်းစကားသည် လျှပ်တပြတ်မိုးကြိုးတစ်ချက် ပြင်းထန်စွာ ပစ်ချခံလိုက်ရသည့်အလား သူ၏ ဝိညာဉ်ပင် လွင့်စဉ်သွားလုမတတ် တုန်လှုပ်ချောက်ချားသွားစေသည်။
“အရှင်မင်းမြတ်... ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။”
“အရှင်မင်းမြတ်... ကျွန်မကို မလန့်ပါနဲ့။”
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ် ဝမ်ယွင် သည် တစ်ကိုယ်လုံး အသိစိတ် ပြန်ဝင်လာတော့၏။
‘မဖြစ်နိုင်ဘူး... ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ဒုတိယမင်းသား ကျိုးကျီရဲ့ လျှို့ဝှက် စာလွှာထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားတာပဲ။ အောက်ယွီ သေသွားပြီ။ ပြီးတော့ ကျင်းဝူရွှမ်း ကိုယ်တိုင် သတ်ပစ်ခဲ့တာတဲ့။ လီဟွာမေ လည်း သေသွားပြီ။ မင်းသမီး ပိုင်ဖေးဖေး ကိုယ်တိုင် သတ်ပစ်ခဲ့တာတဲ့။ ခင်ဗျားတို့ နှစ်ယောက်က ဘယ်ကနေ ထွက်လာတာလဲ။ ပြီးတော့ စီးပြန်းရဲ့ ပူးပေါင်း ရေတပ်ကြီးကိုတောင် အကုန်အစင် ဖျက်ဆီးပစ်လိုက်သေးတယ်။
ဒါက လုံးဝ မဖြစ်နိုင်ဘူး။ နေမင်းကြီး အနောက်ဘက် ကနေ ထွက်လာရင်တောင် ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ပြီးတော့ ပိုင်ယွင်မြို့က တာ့ကျိုးအင်ပါယာနဲ့ လက်ထပ် ပူးပေါင်းပြီး အရင်က မရှိခဲ့ဖူးတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ကာ တာယင်အင်ပါယာနဲ့ အဆုံးအဖြတ် တိုက်ပွဲ ဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလေ။ ဒါက အရမ်းကို ကောင်းမွန်တဲ့ အခြေအနေလေ။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လုံးဝ ပျက်စီးသွားရတာလဲ။’
“ထပ်သွား စုံစမ်းစမ်း...”
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ် ဝမ်ယွင်သည် ဒေါသတကြီးဖြင့် အော်လိုက်သည်။ “သတင်း အတည်ပြုပြီးမှ ကျုပ်ကို လာအစီရင်ခံ။ ပြီးတော့ ဘယ်သူ့ကိုမှ မသိစေနဲ့။ မဟုတ်ရင် အရေခွံခွာပြီး အရွတ်တွေ ဆွဲထုတ်ပစ်မယ်။”
အပြင်ဘက်မှ မိန်းမစိုးကြီး ဟောက်ချင့်က ဒူးထောက် ဦးညွတ်လျက် ပြန်ပြောလိုက်၏။ “အမိန့်တော် အတိုင်းပါ။”
ထို့နောက် သူသည် ချက်ချင်း ထွက်ပြေးသွားတော့သည်။
ဧကရာဇ် ဝမ်ယွင်သည် တစ်ကိုယ်လုံး ဖြူရော်နေပြီး ထိုင်နေရာ ငယ်ရွယ်သော ကိုယ်လုပ်တော်ဖူက အလျင်အမြန်ဖြင့် ရေနွေး ယူလာပြီး ဧကရာဇ်၏ ခန္ဓာကိုယ်ကို သုတ်သင်ပေးနေတော့၏။
“အရှင်မင်းမြတ်... ဒါက သေချာပေါက် ကောလာဟလတွေပါပဲ။ ကျိုးကျီက ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာပဲ၊ ဘယ်လိုလုပ် မှားနိုင်မှာလဲ။ အောက်ယွီဟာ သေချာပေါက် သေသွားပါပြီ။” မိဖုရားကြီးက အလျင်အမြန် နှစ်သိမ့်ပေးနေတော့သည်။
အဝတ်အစားများ ဝတ်ဆင်ပြီးသော ဧကရာဇ် ဝမ်ယွင်သည် နေရာတွင် မတ်မတ်ထိုင်ကာ တစ်ချက်လေးမှ မလှုပ်ရှားတော့ချေ။ သူသည် ထိုနေရာတွင် ထိုင်လျက် စောင့်ဆိုင်းနေလေ၏။
နာရီဝက်ခန့် အကြာတွင် အပြင်ဘက်မှ ခြေသံများ ထပ်မံ ထွက်ပေါ်လာပြီး တစ်ယောက်တည်း မဟုတ်ကြောင်း သိသာသည်။
“အရှင်မင်းမြတ်... သတင်း အတည်ပြုပြီးပါပြီ။ စုစုပေါင်း အစီရင်ခံစာ ဆယ်စောင်ကျော် ရောက်ရှိလာတယ်။ ကျန်းကျိုးမြို့စား ဆီကရော၊ ချန်လန်ပြည်နယ် ဘုရင်ခံ ဆီကရော၊ ဟေးပင်းထိုင် အကြီးအကဲ ဆီကရော၊ ပြီးတော့ ကျိုးလီ ကိုယ်တိုင်ရဲ့ အစီရင်ခံစာပါ ပါဝင်ပါတယ်။”
“ကျိန့်ဟိုင်မြို့စားရဲ့ သူပုန်တွေ အကုန်အစင် ဖျက်ဆီးခံလိုက်ရပြီး သူကိုယ်တိုင်လည်း ဖမ်းဆီးခံထားရကာ မြို့တော်ကို ခေါ်ဆောင်လာနေပါပြီ။”
“ပြီးတော့ ကျန်းကျိုး ပင်လယ်ပြင်က တစ်သိန်းသော ပင်လယ်ဓားပြတွေလည်း အားလုံး ဖျက်ဆီးခံလိုက်ရပြီး တာ့ကျိုးရဲ့ မိုင်သောင်းချီ ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ဟာ ငြိမ်းချမ်းသွားပါပြီ။”
ခဏအကြာတွင် အစီရင်ခံစာ ဆယ်စောင်ကျော်ကို ဧကရာဇ်၏ အရှေ့တွင် ချထားလိုက်ပြီး အားလုံးက မိုင်ရှစ်ရာ အရေးပေါ် သတင်းများ ဖြစ်ကြ၏။
ယခုအချိန်တွင်တော့ မျှော်လင့်ချက်များ အားလုံးကို စွန့်လွှတ်လိုက်ရပြီ ဖြစ်၏။ ဤကိစ္စသည် လုံးဝ အတည်ပြုပြီးသွားပြီ ဖြစ်ကာ ဧကရာဇ်သည် ခေါင်းမူးဝေလာပြီး အသက်ရှူပင် ကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
‘ဘာလို့လဲ။ ဘာလို့လဲ။ အောက်ယွီ... ခင်ဗျားက သေဖို့ ဒီလောက်တောင် ခက်ခဲရသလား။ ခင်ဗျားက ရှုံးဖို့ ဒီလောက်တောင် ခက်ခဲရသလား။ တစ်ကြိမ်ပြီး တစ်ကြိမ် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့တယ်၊ တစ်ကြိမ်ပြီး တစ်ကြိမ် အံ့ဩစရာတွေ ဖန်တီးနိုင်ခဲ့တယ်။ ဘာလို့လဲ။ ခင်ဗျား တစ်ကြိမ်လောက် ရှုံးသွားရင် ဘာဖြစ်သွားမှာမို့လို့လဲ။ တစ်ကြိမ်လောက် ရှုံးသွားရင် ဘာဖြစ်သွားမှာမို့လို့လဲ။’
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်က အမိန့်ပေးလိုက်၏။ “လူတွေ သွားခေါ်လိုက်... ဝန်ကြီးချုပ် နှစ်ယောက်၊ နိုင်ကော် အမတ်ကြီး နှစ်ယောက်၊ ပြီးတော့ အုတ်ဂူစောင့်နေတဲ့ အောက်မင် ကိုပါ ခေါ်လာခဲ့။”
မိန်းမစိုးကြီး ဟောက်ချင့်က ပြန်ပြောလိုက်သည်။ “ကောင်းပါပြီ။”
နာရီဝက်ခန့် အကြာတွင် လူအချို့သည် ဧကရာဇ်၏ စာကြည့်ဆောင် အတွင်းသို့ ရောက်ရှိလာကြတော့၏။
ယခုအခါ အောက်မင်၏ အဆင့်အတန်းသည် ဧကရာဇ်၏ အဖွဲ့အစည်းတွင် အလွန် မြင့်မားနေပြီ ဖြစ်သော်လည်း ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်း ရှိ အောက်ယွီ၏ အဆင့်အတန်းကိုတော့ မမီသေးချေ။
အကြောင်းမူ သူသည် အလွန် ဉာဏ်ကောင်းပြီး အရမ်းလည်း ရက်စက်လွန်းသောကြောင့် အောက်ယွီ နှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်မည့် တစ်ဦးတည်းသော လူငယ်အဖြစ် လူတိုင်းက သတ်မှတ်ထားကြသောကြောင့် ဖြစ်သည်။
သေချာပေါက် ပို၍ အရေးကြီးသော အကြောင်းရင်းမှာ သူ၏ အဖေ အောက်တုန်းသည် ယခုအခါ ကျန်းရှီး စစ်သေနာပတိ ဖြစ်နေသောကြောင့်ပင်။
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်က ဖြည်းညင်းစွာ ပြောလိုက်၏။ “အမတ်မင်းတို့... အန္တရာယ် အများဆုံး အခြေအနေ ရောက်လာပြီ။ ကျုပ်အတွက်သာမက ခင်ဗျားတို့ အားလုံးရဲ့ အသက်အန္တရာယ်နဲ့ပါ သက်ဆိုင်နေပြီ။ ဘယ်လို လုပ်ကြမလဲ။”
ဝန်ကြီးချုပ် လင်ကုန်းက ရုတ်တရက် မေးလိုက်သည်။ “အောက်ယွီနဲ့ ကျိုးလီတို့ အခု ဘယ်ရောက်နေပြီလဲ။”
မိန်းမစိုးကြီး ဟောက်ချင့်က ပြန်ဖြေလိုက်၏။ “နောက်ဆုံး အစီရင်ခံစာနဲ့ သူတို့ရဲ့ ခရီးစဉ် အမြန်နှုန်း အရဆိုရင် အခု မြို့တော်နဲ့ မိုင်နှစ်ထောင့်ငါးရာလောက် ကွာပါသေးတယ်။”
ဧကရာဇ်က ပြောလိုက်သည်။ “သူတို့က အရမ်းကို ခမ်းနားကြီးကျယ်စွာနဲ့ ပြန်လာကြတာပါ။ လမ်းတစ်လျှောက် ဖြတ်သွားတဲ့ ခရိုင်မြို့တွေက မြို့စားတွေ အားလုံး ဒူးထောက် အရိုအသေပေးကြပြီး ပြည်သူ သောင်းချီ ကလည်း ကျိုးလီရဲ့ အောင်ပွဲကို ဂုဏ်ပြု နှုတ်ဆက်ကြတယ်။”
လင်ကုန်းက ပြောလိုက်၏။ “အောက်ယွီရဲ့ ဒီလုပ်ရပ်က အရမ်း ရက်စက်တယ်။ သူက အခြေအနေကို ဖန်တီးပြီး ဒီစစ်ပွဲမှာ သူ အနိုင်ရခဲ့တယ်၊ ဧကရာဇ်ဟောင်း အနိုင်ရခဲ့တယ် ဆိုတာကို လောက တစ်ခုလုံးကို အသိပေးချင်နေတာပါ။ အဲဒီလိုဆိုရင် သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ လူလွှတ်ရင်တောင်မှ အခြေအနေကို ပြောင်းလဲနိုင်တော့မှာ မဟုတ်ဘူး။”
နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်က ပြောလိုက်သည်။ “ကျုပ် စဉ်းစားလို့ မရတာက ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ ရေတပ်က အစွမ်းအထက်ဆုံး မဟုတ်ဘူးလား။ ပြီးတော့ ပင်လယ်ဓားပြတွေနဲ့ပါ ပူးပေါင်းထားလို့ လူအင်အား တစ်သိန်း ရှစ်သောင်းတောင် ရှိတာကို ဘယ်လိုလုပ်ပြီး အကုန်အစင် ဖျက်ဆီးခံလိုက်ရတာလဲ။
ဝန်ကြီးချုပ် လင်ကုန်းက ပြောလိုက်၏။ “အောက်ယွီက စီးပြန်းကို ဘယ်လို အနိုင်ယူခဲ့တာလဲ။ စီးပြန်းက ဘယ်လို ဖမ်းဆီးခံလိုက်ရတာလဲ ဆိုတာတွေက အရေးမကြီးတော့ဘူး။ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကို ပြန်လည် ကုစားလို့ မရတော့ဘူး။ အဆိုးရွားဆုံး အခြေအနေကတော့ ဖြစ်ပေါ်လာခဲ့ပါပြီ။”
ဧကရာဇ်က မေးလိုက်သည်။ “အောက်မင်... ခင်ဗျားက ဉာဏ်ကြီးရှင်လို့ နာမည်ကြီးတာပဲ။ ခင်ဗျား ပြောကြည့်ပါအုံး။ အခု ဘယ်လို လုပ်ရမလဲ။”
အောက်မင်သည် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “အရှင်မင်းမြတ်က ကျုပ်ကို ပြောခွင့် ပြုတယ် ဆိုရင် ကျုပ် ရဲရဲဝံ့ဝံ့ ပြောပါရစေ။”
ဧကရာဇ်က ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ပြောပါ။ အခု အားလုံးက လှေတစ်စင်းတည်းပေါ်မှာ ရောက်နေကြပြီပဲ။”
အောက်မင်က ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်လကျော်က ဧကရာဇ်ဟောင်းက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ဒီတစ်ကြိမ် ပုန်ကန်မှု နှိမ်နင်းရေး စစ်ပွဲမှာ အကယ်၍ ရှုံးနိမ့်သွားရင် သူ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်။ အကယ်၍ အောင်မြင်သွားရင် အရှင်မင်းမြတ်ကို ဧကရာဇ် နေရာကနေ ဖယ်ရှားမယ်လို့လေ။”
ဧကရာဇ်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး ပြောလိုက်သည်။ “ခင်ဗျား ဆက်ပြောပါ။”
အောက်မင်က ပြောလိုက်၏။ “ဒီနှစ်လအတွင်းမှာ ဧကရာဇ်ဟောင်းရဲ့ အဖွဲ့အစည်းက အမတ်တွေ အားလုံး အိမ်မှာ နေမကောင်းဘူးလို့ အကြောင်းပြပြီး တစ်ခါမှ အသံမထွက်ခဲ့ကြဘူး။ ဒါပေမဲ့ အောက်ယွီနဲ့ ကျိုးလီ တို့ရဲ့ အောင်ပွဲ သတင်း ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ဒါက သူတို့ရဲ့ တန်ပြန် တိုက်ခိုက်မယ့် အချိန်ပါပဲ။”
ဧကရာဇ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “အဓိက အချက်ကို ပြောပါ။”
အောက်မင်က ပြောလိုက်၏။ “ကျုပ်ရဲ့ ခန့်မှန်းချက်အရဆိုရင် မနက်ဖြန်ကျရင် ဧကရာဇ်ဟောင်းရဲ့ အဖွဲ့အစည်းက အမတ်တွေအားလုံး ညီလာခံကို ပြန်ရောက်လာပြီး ကျုပ်တို့ကို တန်ပြန် တိုက်ခိုက်ကြ ပါလိမ့်မယ်။ ပြီးတော့ ကျုပ်တို့ အဖွဲ့အစည်းက အမတ်တွေလည်း ပြောင်းလဲ သစ္စာခံလာကြလိမ့်မယ်။
ချန်လန် ပြည်နယ် ဘုရင်ခံ ဝမ်တွန်းတောင်မှ ရပ်တည်ချက် ပြောင်းသွားပြီလေ။ ဒါကြောင့် ကျုပ်တို့အတွက် အချိန်က နာရီအနည်းငယ်ပဲ ကျန်ပါတော့တယ်။ မိုးမလင်းခင်မှာ ဆုံးဖြတ်ချက် ချရပါမယ်။ ကျုပ် အကြံပြုချက် နှစ်ခု ပေးချင်တယ်။ ပထမ အကြံပြုချက်ကတော့ ဧကရာဇ်ဟောင်းဟာ နှစ်လနီးပါးလောက် အထိ အပြင်ကို မထွက်လာခဲ့ဘူး။ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ ဖြစ်နိုင်မလား။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း၏ ကျောရိုးမကြီးများ စိမ့်တက်သွားတော့သည်။
........................