အခန်း (၅၅၇-၅၅၈)
Vol. 31 Ch. 557-558
အပိုင်း (၅၅၇) ဖန်ကျန်းရီ နန်းတော်သို့ ပြန်လည်ရောက်ရှိခြင်း။
နံနက်ခင်း ညီလာခံက ပုံမှန်အတိုင်း ရောက်ရှိလာ၏။
ဖန်ကျန်းရီ ဝူမင်တံခါးအပြင်ဘက်သို့ ရောက်ရှိလာသောအခါ ပုံမှန်မဟုတ်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ယခင်ကဆိုလျှင် သူသည် အပယ်ခံရသူ ဖြစ်၏။ လူတိုင်းက သုံးယောက်တစ်စု နှစ်ယောက်တစ်စု စကားပြောနေကြသော်လည်း မည်သူကမှ ဖန်ကျန်းရီနှင့် အတူ မနေချင်ကြပေ။
သူက အနည်းငယ် အောင်မြင်မှု တချို့ လုပ်ပြနိုင်ခဲ့သည်ကိုတော့ လူတိုင်း မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။ အရည်အချင်းရှိသူ တစ်ယောက်ဆိုသည့် အချက်ကိုတော့ မည်သူမဆို လက်ခံထားကြ၏။
သို့ပေမည့် ဖန်ကျန်းရီကဲ့သို့ အထက်လူကြီးကို ဖားယားပြီး အောက်တန်းကျကျ ပြုမူတတ်သူမျိုးကတော့ အရာရှိလောကတွင် အထူးဆန်းဆုံးသော ဖောက်ပြန်သူပင် ဖြစ်သည်။
လူတိုင်းက ဂုဏ်သိက္ခာကို ဂရုစိုက်ကြရာ စာပေပညာရှင်ပဲဖြစ်ဖြစ်၊ စစ်ဘက်အရာရှိပဲဖြစ်ဖြစ် ဤသို့သော လူမျိုးနှင့် တတ်နိုင်သမျှ ဝေးဝေးနေချင်ကြ၏။
သူ့ဆွေမျိုးက နန်းတွင်းအရာရှိချုပ်ကြီး ဖြစ်နေလျှင်ကော အဘယ်သို့ ထူးခြားနိုင်ဦးမည်နည်း။ မည်သို့ဆိုစေ... ဤနေရာရှိ လူအားလုံးမှာ စနစ်တကျ ပညာသင်ကြားခဲ့ကြသည့် ပညာတတ်များ၊ မွန်မြတ်လှစွာသော ဆရာသခင်တို့၏ တပည့်သားမြေးများ ဖြစ်ကြသဖြင့် ဤမျှလောက်သော သိက္ခာတရားနှင့် အိန္ဒြေတော့ ရှိကြပါသေးသည် မဟုတ်ပါလား။
ယခုအခါတွင်တော့ အရာရာက မတူညီတော့ချေ။
ယခင်က ဤအမှိုက်ကောင်တွင် ပါးစပ်တစ်ပေါက်သာ ရှိပြီး မိုးမွှန်အောင် ဆဲဆိုနေလည်း ကိစ္စမရှိပေ။ ပြန်မဆဲနိုင်လျှင်တောင် ရှောင်နေလို့ ရသေးသည် မဟုတ်လား။
ယခုအခါ အရှင်မင်းကြီးက သူ့ကို ဓားတစ်လက် ပေးအပ်လိုက်ပြီ ဖြစ်၏။ အကယ်၍ ရမ်းကားပြီး လာခုတ်လျှင် မည်သို့လုပ်မည်နည်း။
လူတိုင်းက အကဲခတ် ကျွမ်းကျင်သူများ ဖြစ်ကြပြီး ကောလာဟလလေးတစ်ခု ကြားရုံနှင့် လူတစ်ယောက်ကို ဖြုတ်ချနိုင်သည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သို့ပေမည့် ကောလာဟလ သတင်းပေးခြင်းကို ဖန်ကျန်းရီက မလုပ်တတ်ဘဲ နေပါ့မည်လား။
ထို့ကြောင့် ယခင်က အနံ့ဆိုးနေသော ခွေးချေးကောင်မှာ ရုတ်တရက် အလွန် မွှေးပျံ့သော အစားအစာတစ်ခွက် ဖြစ်သွားတော့သည်။
အချို့သော သူများက ဖန်ကျန်းရီအား လက်သီးဆုပ်ကာ ဂုဏ်ပြုစကား ဆိုလာကြသည်။
"ဖန်လူကြီးမင်း မြို့တော်ကို ပြန်ရောက်လာတာ ဂုဏ်ပြုပါတယ်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဖန်လူကြီးမင်းရဲ့ အသွင်အပြင်က အရင်ကထက်တောင် ပိုပြီး ခံ့ညားလာပါလား။"
"ရာထူးတက်သွားတဲ့ ဖန်လူကြီးမင်းကို ဂုဏ်ပြုပါတယ်။"
ရာထူးတက်သွားပြီး ကျင်းယီဝေတပ်မှုး ဖြစ်လာသောအခါ ဖန်ကျန်းရီမှာ သူ၏ သမိုင်းဝင် ပုံရိပ်နှင့် ကိုက်ညီစေရန် အေးစက်ပြီး လေးနက်သော အမူအရာကို ထိန်းသိမ်းထားဖို့ ရည်ရွယ်ထားခဲ့သည်။
သို့ပေမည့် ယခင်က သူ့ကို အထင်သေးခဲ့သူများအားလုံး လာရောက်၍ မျက်နှာချိုသွေးကာ မြှောက်ပင့်နေကြသည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်မှ အပြုံးများက တဖြည်းဖြည်း ကျယ်ပြန့်လာတော့၏။
ဖန်ကျန်းရီက မျက်နှာအပြည့် အံ့အားဝမ်းသာသော အမူအရာဖြင့် ပြောလိုက်သည်။ "မထင်မှတ်ထားဘူး... အားလုံးက ကျုပ်ကို ဒီလောက်တောင် သတိရနေကြလိမ့်မယ်လို့။ ဒီလိုမှန်းသိရင် ကျုပ် မြို့တော်ကနေ မထွက်သွားပါဘူး။"
လူတိုင်းက စိတ်ထဲတွင် တိတ်တဆိတ် အထင်သေးနေကြသော်လည်း မျက်နှာပေါ်တွင်တော့ အပြုံးများကို ထိန်းသိမ်းထားလျက် ထောက်ခံနေကြ၏။
ဖန်ကျန်းရီက လက်သီးဆုပ်၍ ပြန်လည်နှုတ်ဆက်နေစဉ် မည်သူက အဓိက စောင့်ကြည့်ရမည့် ပစ်မှတ်ဖြစ်သနည်း ကို လိုက်လံကြည့်ရှုနေပြီး ရုတ်တရက် အဝေးတွင် ရပ်နေသော ကျန်းရှီ ကို မြင်လိုက်ရသည်။
ယခုအချိန်တွင် ကျန်းရှီ၏ အသွင်အပြင်က ယခင်ကနှင့် လုံးဝ ကွာခြားနေပြီ ဖြစ်၏။ မူလတည်းက အနည်းငယ် ပိန်ပါးနေသော်လည်း ယခုအခါတွင် အတော်လေး ပိုပိန်သွားခဲ့၏။
အကယ်၍ အရာရှိဝတ်စုံကိုသာ ချွတ်လိုက်မည်ဆိုလျှင် ဒုက္ခသည်များနှင့် ဘာမှကွာခြားမည် မဟုတ်ချေ။
ပုံမှန်အချိန်များကဲ့သို့ အနီးအနား၌ စည်ကားနေတတ်သော မြင်ကွင်းမျိုးလည်း မရှိတော့ဘဲ ကူးစက်ရောဂါတစ်ခု ကူးစက်ခံထားရသကဲ့သို့ သူ၏ ဘေးပတ်လည်တွင် လူသူကင်းမဲ့သော နေရာလွတ်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
နန်းတွင်းအမတ်များ၏ အနံ့ခံနိုင်စွမ်းက အလွန် စူးရှလှသည်။ အဆက်အသွယ်ကောင်းသူများက အတွင်းရေးများကို ရှစ်ဆယ်ရာခိုင်နှုန်းခန့် သိရှိနေကြပြီဖြစ်ပြီး ပုံမှန်အားဖြင့် လူမှုဆက်ဆံရေး သိပ်မကောင်းသူများပင် သဲလွန်စများကို ရိပ်မိနေကြပြီ ဖြစ်၏။
ကျန်းရှီသည် နန်းတော်တွင် ရှိနေသေးသော်လည်း ယခင်က အရှင်မင်းကြီးက သူ့အပေါ် တကယ် ဒေါသထွက်ခဲ့ကြောင်း သိသာလှသည်။ အပြစ်ပေးခံရမည်ဆိုသည်က အစောနှင့်အနှောင်းသာ ဖြစ်ရာ ဤသို့သော လူမျိုးနှင့် သဘာဝကျကျ ဝေးဝေးနေရမည်။
ယခုအချိန်တွင် သူက ဖန်ကျန်းရီကို အေးစက်စွာ စိုက်ကြည့်နေသည်။
ဖန်ကျန်းရီကလည်း ဂရုမစိုက်ဟန်ဖြင့် အကြည့်ကို ပြန်လွှဲကာ ပြောလိုက်၏။ "အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အချိန်ရရင် အားလုံးရဲ့ အိမ်တွေကို ကျုပ် သေချာပေါက် လာလည်ပါ့မယ်။ အချိန်ကျပြီဆိုတော့ ကျုပ်တို့ သွားကြရအောင်။"
သူ၏ သတိပေးမှုကြောင့် အမတ်များလည်း သတိဝင်လာကာ အစီအစဉ်တကျ ဝင်ရောက်လာကြသည်။
ခန်းမကြီးအတွင်း၌ ဘုရင်မင်းမြတ်နှင့် အမတ်များ အသီးသီး နေရာယူထားကြ၏။
ကျင်းဘုရင်မင်းမြတ်သည် တည်ငြိမ်စွာ ထိုင်နေပြီး ဖန်ကျန်းရီ လာသည်ကို မြင်သောအခါ ပြုံးလျက် မေးလိုက်သည်။ "အမတ်ဖန်... ဒီလောက် မြန်မြန် နေကောင်းသွားပြီလား။"
မူလက သူ့ကို နှစ်ရက်ခွင့်ပေးထားခြင်းဖြစ်သည်။ အရှင်မင်းကြီးကို တစ်ရက် အချိန်းဖျက်ခဲ့သောကြောင့် ယခု ကျင်းဘုရင်မင်းမြတ် က သူ့ကို နောက်ပြောင်နေခြင်းဖြစ်သည်။ ဖန်ကျန်းရီက အနည်းငယ် အနေခက်သော အမူအရာဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး လမ်းမှာ ရောဂါဆိုးကြီး ရခဲ့ပေမဲ့ စိတ်ထဲမှာ အရှင်မင်းကြီးကို အမြဲ သတိရနေလို့သာ တောင့်ခံနိုင်ခဲ့တာပါ။ အခုထိ အပြည့်အဝ မပျောက်သေးပေမဲ့ အခုလို အရှင်မင်းကြီးရဲ့ မျက်နှာတော်ကို မြင်လိုက်ရတာနဲ့တင် စိတ်တွေ လန်းဆန်းသွားပြီး တော်တော်လေး သက်သာသွားသလို ခံစားရပါတယ်။"
အခု ကျုပ်က ကုမ္ပဏီရဲ့ အဆင့်မြင့် အရာရှိ တစ်ယောက်ပဲလေ။ ကိုယ့်ဘာသာ ကိုယ် ခွင့်လေး တစ်ရက် ထပ်ယူတာ လွန်လို့လား။
အမတ်များအားလုံး တိတ်တဆိတ် သက်ပြင်းရှည်ကြီး ချလိုက်မိကြသည်။
မင်းက မင်းပါပဲ။ နည်းနည်းလေးမှ မပြောင်းလဲဘူး။ မျက်နှာပြောင်တိုက်တဲ့ စကားတွေကို ပါးစပ်ကနေ အလွယ်လေး ပြောထွက်နေတာပဲ။
ကျင်းဘုရင်မင်းမြတ် က သူ့ကို ကြည့်ကာ ပြုံးနေသော်လည်း ဘာမှမပြောပေ။ တခြားသူများဘက်သို့ လှည့်ကာ မေးလိုက်၏။ "အမတ်တို့ လျှောက်တင်စရာ ရှိလား။"
ဖန်ကျန်းရီက ချက်ချင်း ရှေ့တစ်လှမ်း တိုးလာပြီး အင်္ကျီလက်ထဲမှ သေချာစွာ ရေးသားထားသော အစီရင်ခံစာကို ထုတ်ယူကာ ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး ဖန်ကျန်းရီ လျှောက်တင်စရာ ရှိပါတယ်။ ကျွန်တော်မျိုး ဘဏ္ဍာရေးအမတ် ကျန်းရှီ ကို ပုန်ကန်သူတွေနဲ့ တိတ်တဆိတ် ပူးပေါင်းကြံစည်မှုနဲ့ စွပ်စွဲပါတယ်။"
အမတ်များအားလုံး၏ စိတ်ထဲတွင် ထိတ်လန့်သွားကြပြီး ရောက်လာပြီ ဟု တိတ်တဆိတ် ရေရွတ်လိုက်မိကြ၏။
သို့ပေမည့် ကျန်းရှီ ကတော့ နည်းနည်းလေးမှ ကြောက်ရွံ့နေသည့်ပုံ မပေါ်ဘဲ ပြန်လည်ချေပရန်ပင် ပျင်းရိနေပုံရကာ နေရာတွင် ရပ်နေသည်။
ကော်ထျန်းယန်သည် အပြေးအလွှား ရှေ့တိုးလာပြီး အစီရင်ခံစာကို ယူကာ အရှင်မင်းကြီး၏ စားပွဲပေါ်သို့ တင်ပေးလိုက်၏။
ကျင်းဘုရင်မင်းမြတ် သည် ဟန်ဆောင်ပန်ဆောင်ဖြင့် အနည်းငယ် ကြည့်ရှုလိုက်သည်။
ယခင်က ဖန်ကျန်းရီ တင်ပြခဲ့သော အစီရင်ခံစာထဲတွင် ဤအကြောင်းကို ဖော်ပြထားပြီးဖြစ်ရာ ယခုတစ်စောင်က အနည်းငယ် ပို၍ အသေးစိတ်ကျသွားခြင်းသာ ရှိ၏။
ကျင်းဘုရင်မင်းမြတ် က ဖတ်ရှုပြီးနောက် ကော်ထျန်းယန်ကို မျက်ရိပ်ပြလိုက်ရာ ကော်ထျန်းယန်က ရှေ့တိုး၍ အစီရင်ခံစာကို ယူကာ ချက်ချင်း စတင်ဖတ်ပြလိုက်သည်။
ဖန်ကျန်းရီက ပိုပိုသာသာတွေ မပြောဘဲ အမှန်အတိုင်းသာ တင်ပြထားခြင်း ဖြစ်သည်။ ဝူမင်းသား မည်သို့ပြောခဲ့သည်ကို သူက အတိအကျ ရေးသားထား၏။
အမတ်များက တိတ်ဆိတ်စွာ နားထောင်နေကြပြီး ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် ပေါင်းစပ်တွေးတောကာ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အမူအရာများ အသီးသီး ပေါ်လာကြသည်။
ကော်ထျန်းယန် အကုန်ဖတ်ပြပြီးသွားသောအခါ ကျင်းဘုရင်မင်းမြတ် က ကျန်းရှီ ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။ "ကျန်းရှီ... မင်းမှာ ပြောစရာ စကား ရှိသေးလား။"
ကျန်းရှီက နောက်ဆုံးအနေဖြင့် ရုန်းကန်ရန် ကြိုးစားလိုက်သည်။ "ကျွန်တော်မျိုး မတရားခံရတာပါ။ ကျွန်တော်မျိုးက တိုင်းပြည်နဲ့ အရှင်မင်းကြီးအပေါ် သစ္စာရှိပါတယ်။ ပုန်ကန်ဖို့ စိတ်ကူး လုံးဝ မရှိခဲ့ပါဘူး။ အရှင်မင်းကြီး ဉာဏ်ပညာနဲ့ ဆင်ခြင်တော်မူပါ။"
ကျင်းဘုရင်မင်းမြတ် က ပြောလိုက်၏။ "အဓိကအချက်ကို ရှောင်လွှဲမနေနဲ့။ ကိုယ်တော် မင်းကို မေးမယ်။ အစီရင်ခံစာထဲမှာ ပါတဲ့စကားတွေ အားလုံးက အမှန်တွေချည်းပဲလား။"
ကျန်းရှီ ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံး ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်သွားသည်။ ဝိညာဉ် သုံးပါး ခုနစ်ပါးလုံး စုပ်ယူခံလိုက်ရသကဲ့သို့ တုန်ယင်သော အသံဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်တော်မျိုး... ဘာမှ ပြောစရာ မရှိတော့ပါဘူး။"
ဘာပြောစရာ စကားကျန်ဦးမှာလဲ။ အိမ်ကိုတောင် အစောင့်တပ်တွေက အထင်အရှားရော တိတ်တဆိတ်ပါ ဝိုင်းထားပြီးပြီလေ။ အရှင်မင်းကြီးက အရေးမယူသေးတာ ခိုင်လုံတဲ့ သက်သေ မရှိသေးလို့ပဲ။
အခု ဖန်ကျန်းရီ ပြန်ရောက်လာပြီ။ သူ့ကိုယ်သူ ဝူမင်းသားနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိနေပြီ။ အရှင်မင်းကြီးကလည်း သံသယဝင်နေပြီဆိုတော့ ငါ့ကို ရှင်းထုတ်ဖို့ သေချာနေပြီပဲ။ ဖြေရှင်းချက်ပေးနေလည်း အသုံးဝင်အုံးမှာလား။
ကျင်းဘုရင်မင်းမြတ် က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "ကောင်းပြီ။ သူ့ကို ကျင်းယီဝေ မြောက်ပိုင်းစစ်ကြောရေးရုံးကို ဖမ်းခေါ်သွားပြီး နှစ်ရက်အတွင်း သေချာ စစ်ဆေးမေးမြန်းစေ။ အမတ်ဖန်... မြောက်ပိုင်းစစ်ကြောရေးရုံးမှာ အထူးအကျဉ်းထောင် ဖွင့်ထားပြီဆိုတော့ သူ့ကို မင်းဆီ အပ်လိုက်ပြီ။"
ဖန်ကျန်းရီက အနည်းငယ် ဦးညွှတ်လျက် ပြောလိုက်၏။ "ကျွန်တော်မျိုး အမိန့်တော်မြတ်အတိုင်း နာခံပါ့မယ်။"
ထို့နောက် စိတ်ဓာတ်ကျဆင်းနေသော ကျန်းရှီသည် အမတ်များအားလုံး၏ စောင့်ကြည့်မှုအောက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီး လေထုထဲတွင် မည်သည့် လှိုင်းဂယက်မှ ထပ်မံ မထတော့ချေ။
အမတ်များ၏ စိတ်ထဲတွင် ဝမ်းနည်းမှု အနည်းငယ် ဖြစ်ပေါ်လာမိကြ၏။
သူက ဝူမင်းသားနဲ့ အဆက်အသွယ် ရှိခဲ့တာ မှန်ပေမဲ့ နန်းတော်ထဲမှာတော့ သက်တမ်းအရင့်ဆုံး ဝါရင့်အမတ်ကြီး တစ်ယောက်ပဲလေ။ အခု ဖန်ကျန်းရီ လက်ထဲရောက်သွားရင် မသေခင်မှာ သူ့ခန္ဓာကိုယ်ပေါ်က အသားတစ်စ တောင် ကောင်းကောင်း ကျန်နိုင်ပါအုံးမလား။
ဖန်ကျန်းရီ၏ ခွင့်လွှတ်တတ်ခြင်း မရှိသော စရိုက်ကို တွေးမိသောအခါ လူတိုင်းက စိတ်ထဲတွင် သနားစရာကောင်းသည် ဟူသော စကားလုံးကို တိတ်တဆိတ် ရေးမှတ်လိုက်မိကြသည်။
လူတိုင်း သတိပြန်ဝင်လာသောအခါ ကျင်းဘုရင်မင်းမြတ် က ပြောလိုက်၏။ "အမတ်ဖန်က ကိုယ်တိုင် အန္တရာယ်ကြားထဲ သွားခဲ့တာမို့ နန်းတော်အတွက် ကြီးမားတဲ့ ကုသိုလ်တစ်ခုပဲ။ အရင်က ကျင်းယီဝေ တပ်မှူးကြီး ရာထူးကို ပေးအပ်ပြီးပြီဆိုတော့ အခု ရွှေစင် တစ်ထောင်၊ ပိုးသား အလိပ်တစ်ရာနဲ့ သံမဏိကင်းလွတ်ခွင့် လက်မှတ် ချီးမြှင့်တယ်။"
ဖန်ကျန်းရီက တုန်ယင်စွာဖြင့် မေးလိုက်သည်။ "သံ... သံမဏိလက်မှတ်။ အရှင်မင်းကြီးကို ရဲဝံ့စွာ မေးလျှောက်ပါရစေ... သေဒဏ်ကင်းလွတ်ခွင့် သံမဏိလက်မှတ်ကို ပြောတာလား။"
ကျင်းဘုရင်မင်းမြတ် က ပြုံးလျက် ပြန်ဖြေလိုက်၏။ "သေချာပေါက် သေဒဏ်ကင်းလွတ်ခွင့် လက်မှတ်ပေါ့။ ဒါမှမဟုတ် တခြား ရှိနိုင်အုံးမှာလား။ ဘာလဲ... မင်း မကျေနပ်လို့လား။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "အာ... မဟုတ်ပါဘူး။ ကျွန်တော်မျိုး အရမ်း ဝမ်းသာသွားလို့ ရုတ်တရက် အမူအရာ ပျက်သွားတာပါ။ ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါသေးတယ်။"
ဖန်ကျန်းရီသည် ခေါင်းငုံ့ကာ မျက်လုံးများကို အဆက်မပြတ် လှည့်ပတ်နေပြီး မျက်လုံးထဲတွင် အနည်းငယ် ထိတ်လန့်မှုများ ရှိနေ၏။
ကျင်းဘုရင်မင်းမြတ် က ရုတ်တရက် ဤကဲ့သို့ လုပ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ ပိုက်ဆံရသည်၊ မရသည်ကို အသာထား... အဘယ့်ကြောင့် များ သေဒဏ်ကင်းလွတ်ခွင့် သံမဏိလက်မှတ်ကြီးကို ပေးရသနည်း။
အဲဒီပစ္စည်းက သောက်ကျိုးနည်း ကိုယ့်နာမည် ရေးထားတဲ့ သေမင်းမှတ်စုစာအုပ်ကြီးလေ။
တကယ်ကို နိမိတ်မကောင်းပါလား။ မဖြစ်ဘူး... အိမ်ပြန်ရောက်ရင် တိုင်းပြည်ကနေ သံမဏိလက်မှတ် ရထားတဲ့ သူရဲကောင်းတွေ သေဆုံးမှုနှုန်း ဘယ်လောက်ရှိလဲဆိုတာ သေချာ ပြန်ရှာကြည့်ရမယ်။
ကျင်းဘုရင်မင်းမြတ် က မေးလိုက်သည်။ "အမတ်တို့ လျှောက်တင်စရာ ကိစ္စတွေ ရှိသေးလား။"
ကျင်းဘုရင်မင်းမြတ်၏ အသံကို ကြားသောအခါ ဖန်ကျန်းရီသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး ခေါင်းပြန်မော့ကာ ပြောလိုက်သည်။ "ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါတယ်။"
အပိုင်း (၅၅၈) ပင်လယ်ပြင် ဖွင့်လှစ်ရန် အကြံပြုခြင်း။
ဖန်ကျန်းရီက အလွန်ရိုးသားသော သဘောထားဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး ဒီအတောအတွင်း ကမ်းရိုးတန်းဒေသတွေမှာ လှုပ်ရှားခဲ့ပါတယ်။ ကျွန်တော်မျိုး နားလည်ထားသလောက်တော့ နိုင်ငံခြားမှာ သဘာဝ သယံဇာတတွေ ပေါများပြီး ရွှေငွေတွေက တောင်လိုပုံနေတာမို့ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
ဒါပေမဲ့ အခု ကျုပ်တို့ကျင်းတိုင်းပြည်ရဲ့ ကမ်းရိုးတန်းက တံငါသည်တွေ၊ ပင်လယ်ကုန်သည်တွေက ပင်လယ်ထွက်ချင်ရင် လုပ်ထုံးလုပ်နည်းတွေက စိတ်ကူးယဉ်လို့ မရလောက်အောင် ရှုပ်ထွေးလွန်းနေတယ်။ ဒါက အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတစ်ခုကို ပိတ်ဆို့လိုက်တာနဲ့ အတူတူပါပဲ။ ပင်လယ်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ ပြောရင်တောင် မလွန်ပါဘူး။
ဒါကြောင့် ကမ်းရိုးတန်း မြို့ရွာတွေက ပြည်သူတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ ပင်လယ်ပြင် ဖွင့်လှစ်ပေးဖို့ အရှင်မင်းကြီးကို ကျွန်တော်မျိုး တောင်းဆိုချင်ပါတယ်။
ဒုတိယအချက်အနေနဲ့ ကျွန်တော်မျိုး ပုန်ကန်သူတွေ စီးသွားတဲ့ သင်္ဘောကို မြင်ဖူးပါတယ်။ သင်္ဘော တည်ဆောက်မှု နည်းပညာက အရမ်း ပြောင်မြောက်ပြီး သင်္ဘောကိုယ်ထည်ကြီးက နန်းတော်ရဲ့ စစ်သင်္ဘောတွေနဲ့ လုံးဝ နှိုင်းယှဉ်လို့ မရပါဘူး။ တကယ်လို့ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးကို ဖွင့်လှစ်ပေးလိုက်ရင် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။ မဟုတ်ရင် ပုန်ကန်သူတွေကို ဥပဒေအရ အပြစ်ပေးနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။"
နန်းတော်အား ပင်လယ်ပြင် ဖွင့်လှစ်ရန် ဆွဲဆောင်ခြင်းက လက်ရှိ အရေးအကြီးဆုံး ကိစ္စပင် ဖြစ်၏။
သို့ပေမည့် သူ၏ စိတ်ထဲတွင် ယခုအချိန်၌ သေချာမှု သိပ်မရှိလှချေ။ အမတ်များ၏ သဘောထားကို အရင် စမ်းသပ်ကြည့်ပြီးမှ အောင်မြင်မှုရရန် နောက်တစ်ဆင့်ကို သေချာ စီစဉ်ရမည်။
ထင်ထားသည့်အတိုင်းပင် သူ စကားပြောပြီးသည်နှင့် တစ်စုံတစ်ယောက်က ထခုန်လာခဲ့သည်။ "ဖန်လူကြီးမင်း နောက်နေတာပဲ။"
ဖန်ကျန်းရီက ဘေးသို့ လှည့်ကြည့်လိုက်ရာ စကားပြောသူမှာ စစ်ရေးအမတ် ဖုန်းကျဲ ဖြစ်နေ၏။
နန်းတွင်းအမတ် အများစုက သူ့ကို အမြင်မကြည်ကြသော်လည်း စစ်ဘက်ရေးရာ အမတ်များကတော့ မတူညီပေ။ ကျင်းဘုရင်မင်းမြတ် နှင့် တစ်သားတည်း ရပ်တည်ပြီး အမြဲတမ်း တည်ငြိမ်မှု ရှိကြသည်။
လူတိုင်းက လက်ညှိုးထိုး ဝေဖန်နေချိန်တွင်တောင် စစ်ဘက်ရေးရာ အမတ်များ ထွက်လာပြီး ပြောဆိုခြင်း မရှိသလောက် ရှားပါးလှ၏။
ယခုတစ်ကြိမ် ဖုန်းကျဲ ကိုယ်တိုင် ထွက်လာခြင်းက ဖန်ကျန်းရီကို အနည်းငယ် အံ့အားသင့်သွားစေသည်။
ဖန်ကျန်းရီက မေးလိုက်၏။ "ဖုန်းလူကြီးမင်း... ဘာများ လမ်းညွှန်စရာ ရှိလို့လဲ။"
ဖုန်းကျဲ က ပြောလိုက်သည်။ "ခုနက ခင်ဗျား ပြောသွားတဲ့ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ စစ်သင်္ဘောတွေက ပုန်ကန်သူတွေ စီးသွားတဲ့ သင်္ဘောလောက် မကောင်းဘူးဆိုတဲ့ အချက်ကို ကျုပ် လက်မခံနိုင်ဘူး။ သူက လူတစ်ယောက်တည်းလေ။ တိုင်းပြည်တစ်ပြည်လုံးရဲ့ ဒီနှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ အင်အားနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သင်္ဘောဆိုတာ အကြီးကြီးဖြစ်မှ ကောင်းတာ မဟုတ်ဘူး။
ဖန်လူကြီးမင်း အနေနဲ့ အရွယ်အစားကို ကြည့်ပြီး မကြောက်သွားပါနဲ့။ သင်္ဘောကို ဘယ်လောက် ကြီးကြီး ဆောက်ချင်လဲ ကျုပ်တို့ ဆောက်နိုင်ပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်မှာ အရေးအကြီးဆုံးက လေဒဏ် မုန်တိုင်းဒဏ် ခံနိုင်ရည် ရှိမရှိကိုပဲ ကြည့်ရမှာ။ စစ်တပ်က ပုန်ကန်သူတွေကို လိုက်ဖမ်းဖို့ လူလွှတ်ထားပြီးပြီ။ မကြာခင် အချိန်အတွင်းမှာပဲ အောင်မြင်စွာ ပြန်ရောက်လာတော့မှာပါ။"
ဖန်ကျန်းရီ နှုတ်ဆိတ်သွား၏။
ဖုန်းကျဲ ပြောသည်မှာ အဓိပ္ပာယ်ရှိသည်။ သို့ပေမည့် ဝူမင်းသား ကို သူ နားလည်ထားသလောက်တော့ ထိုမျှ ရိုးရှင်းမည် မထင်ပေ။
နည်းပညာသမား တစ်ယောက်က ရိုးရှင်းသော အရွယ်အစား ကြီးမားမှုကိုသာ အာရုံစိုက်မည် မဟုတ်ဘဲ ဖွဲ့စည်းပုံနှင့် အခြား အချက်အလက်များကို ပို၍ အရေးပါအရာရောက်စွာ စဉ်းစားထားမည်မှာ သေချာသည်။
ဖန်ကျန်းရီ စကားပြန်မပြောရသေးမီ ဖုန်းကျဲ က ဆက်ပြောလိုက်၏။ "ဖန်လူကြီးမင်း က ပင်လယ်ပြင် ဖွင့်လှစ်မယ်လို့ ပြောတာကို ကြည့်ရင် ဒီအကြောင်းကို သေချာ နားမလည်သေးဘူး ထင်တယ်။ အရင် ဧကရာဇ်မင်းကြီး လက်ထက်တုန်းက ပင်လယ်ထွက်ခွင့်ကို အပြင်းအထန် ပိတ်ပင်ခဲ့တယ်။
ပထမအချက်က ပင်လယ်ကုန်သည်တွေက လောဘကြီးပြီး အခွန်ရှောင်ကြလို့ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ သယံဇာတတွေ အပြင်ကို စီးထွက်ကုန်တာ။ အချိန်ကြာလာတော့ လူတွေ စိတ်လှုပ်ရှားလာပြီး ပြည်သူတွေ မတည်မငြိမ် ဖြစ်လာတယ်။
ဒုတိယအချက်က ပင်လယ်ဓားပြတွေ အားကောင်းလွန်းလို့ ဆင်းရဲတဲ့ ပြည်သူတွေတောင် ကိုယ်တိုင် သွားပူးပေါင်းကြတယ်။ နန်းတော်က ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့အတွက် ငွေကြေးနဲ့ လူအင်အား အများကြီး သုံးရတယ်။
တတိယအချက်က သင်္ဘောတည်ဆောက်ဖို့ စရိတ်ကြီးသလို ထိန်းသိမ်းဖို့က ပိုပြီး စရိတ်ကြီးတယ်။ ဒါကြောင့် အခု ပြည်သူတွေကို ပင်လယ်ထွက်ဖို့ အပေါက်လေး တစ်ပေါက် ဖွင့်ပေးထားတာကတင် နန်းတော်က အထူး ကျေးဇူးပြုထားတာပဲ။"
လီယန်စုန့် က ရှေ့ထွက်လာပြီး ဖန်ကျန်းရီကို ကြည့်ကာ ဖြည့်စွက်ပြောလိုက်သည်။ "ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ ဖန်လူကြီးမင်း... ဒီကိစ္စကို ခင်ဗျား လွယ်လွယ်လေး တွေးနေတာပဲ။ ကျင်းတိုင်းပြည် က အဓိက အုပ်ချုပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် တောင်ပိုင်းပင်လယ် နိုင်ငံငယ်လေးတွေက နှစ်တိုင်း လာရောက် ဆက်သကြတယ်။ ပင်လယ်ထွက်ခွင့် ပိတ်ပင်တာက ဖုန်းလူကြီးမင်း ပြောသွားတဲ့ အချက်တွေအတွက်တင် မဟုတ်ဘူး။ အဓိကက လက်အောက်ခံ နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့အတွက်ပဲ။ ပြီးတော့ ကျုပ်တို့ ကျင်းတိုင်းပြည်က ပင်လယ်ကုန်သွယ်ရေးမှာ အကျိုးအမြတ် သိပ်မရပါဘူး။ ဒီကိစ္စက တကယ်ကို လုပ်လို့ မရပါဘူး။"
လီယန်စုန့် ပြောပြီးသည်နှင့် ထောက်ခံသည့် အသံများ အများအပြား ထွက်ပေါ်လာ၏။
လူတိုင်းနီးပါးက ဖန်ကျန်းရီကို ခြွင်းချက်မရှိ ကန့်ကွက်ကြသည်။
ဤအချိန်တွင် ဖန်ကျန်းရီက အမတ်များအားလုံး၏ ဆန့်ကျင်ဘက်တွင် နောက်တစ်ကြိမ် ရပ်တည်နေရပြန်သည်။
ဖန်ကျန်းရီက ကန့်ကွက်သံများကြားတွင် အဆက်မပြတ် စဉ်းစားနေပြီး အမတ်များ၏ ပြတ်သားသော ကန့်ကွက်မှု သဘောထားက သူ မျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်နေ၏။
ကိစ္စက အနည်းငယ် ခက်ခဲနိုင်သော်လည်း ဖြေရှင်း၍ မရနိုင်သည်တော့ မဟုတ်ပေ။ မိမိလက်ထဲတွင် အနိုင်ကစားနိုင်မည့် ဖဲချပ်များ အများကြီး ရှိနေသေးသည် မဟုတ်လား။
ကျင်းဘုရင်မင်းမြတ်သည် သူ့ကို အေးဆေးစွာ ကြည့်နေသော်လည်း စကားတစ်ခွန်းမှ ဝင်မပြောချေ။
ဆွေးနွေးသံများ ရပ်တန့်သွားသောအခါ ဖန်ကျန်းရီက အေးအေးဆေးဆေး ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး သင်္ဘောတည်ဆောက်တာကို နားမလည်ပေမဲ့ ဝူမင်းသားရဲ့ သင်္ဘောက ဖုန်းလူကြီးမင်း ပြောသလောက် လုံးဝ မရိုးရှင်းပါဘူး။ ပြီးတော့ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ ပင်လယ်ကုန်သွယ်ရေးက အခု လက်အောက်ခံ နိုင်ငံတွေနဲ့ ကုန်သွယ်တာကို အဓိကထားနေတာဆိုတော့ တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ အမြဲ ပြန်ပေးနေရလို့ အမြတ်ရတာ နည်းပြီး ရှုံးတောင် ရှုံးနေသေးတာ။
ပင်လယ်ပြင်မှာ သေချာပေါက် အကျိုးအမြတ် ရှိပါတယ်။ မဟုတ်ရင် ဘာဖြစ်လို့ အရပ်ဘက်က ပြည်သူတွေက ဖုန်းလူကြီးမင်း ပြောသလို အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ပင်လယ်ဓားပြ သွားလုပ်ချင်ကြမှာလဲ။ ပြည်သူတွေက မအ ပါဘူး။ ဘယ်နေရာက ပိုက်ဆံရလဲဆိုတာ သိလို့ အဲဒီကို ပြေးကြတာပါ။
ကန့်သတ်ချက်တွေ အရမ်းများလွန်းလို့ ပြဿနာတွေ အများကြီး ဖြစ်လာတာလို့ ကျွန်တော်မျိုး ထင်ပါတယ်။ တကယ်လို့ အရပ်ဘက်ကို ဝင်ရောက်ခွင့်ပြုပြီး နန်းတော်က ပြန်လည်စီမံအုပ်ချုပ်မယ်ဆိုရင် သေချာပေါက် အကျိုးအမြတ် အများကြီး ရမှာပါ။"
သူ စကားပြောပြီးသည်နှင့် ချက်ချင်း တစ်စုံတစ်ယောက်က ပြန်လည်ချေပလာ၏။ "အကုန်လုံးက ဖန်လူကြီးမင်း ရဲ့ ထင်ကြေးတွေချည်းပါပဲ။ ပင်လယ်ကုန်သည်တွေကို ဖွင့်ပေးလိုက်ရင် လက်အောက်ခံ နိုင်ငံတွေရဲ့ အကျိုးစီးပွား ကို ထိခိုက်မှာ သေချာတယ်။ ကျုပ်တို့ ကျင်းတိုင်းပြည်က အဓိက နိုင်ငံအနေနဲ့ လူတွေကို ဘယ်လို ယုံကြည်အောင် လုပ်မလဲ။"
ဖန်ကျန်းရီက မျက်လုံးကို အပေါ်လှန်ကြည့်ကာ ပြောလိုက်သည်။ "အဲဒါတွေကို ဂရုစိုက်မနေနဲ့။ ကျုပ်တို့ ကျင်းတိုင်းပြည်က ပြည်သူတွေရဲ့ အကျိုးစီးပွားကသာ ပထမပဲ။ လက်အောက်ခံ နိုင်ငံတွေက ဘာဖြစ်လဲ။ ကျုပ်တို့က သူတို့ဆီက လုယူနေတာမှ မဟုတ်တာ။ တရားမျှတစွာ စီးပွားရေး လုပ်တာလေ။ အရည်အချင်းရှိရင် ထမင်းစား၊ အရည်အချင်းမရှိရင် ချီးစားပေါ့။"
အရာရှိက ပြန်ပြောလိုက်၏။ "ဖန်လူကြီးမင်း စကားကို ဆင်ခြင်ပါ။ ဒါက ညီလာခံမှာနော်။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ကျုပ်က ပွင့်လင်းတဲ့သူမို့လို့ ဒီလိုပဲ စကားပြောတတ်တယ်။"
ဖန်ကျန်းရီ တစ်ယောက် တခြားသူများနှင့် ထပ်မံ ရန်ဖြစ်နေပြီး ရိုင်းစိုင်းသော စကားများ ပြောတော့မည်ကို မြင်သောအခါ ကျင်းဘုရင်မင်းမြတ် က နဖူးကို ကိုင်ကာ စားပွဲကို ခေါက်လျက် ပြောလိုက်၏။ "တိတ်တိတ်နေကြ။ တိတ်တိတ်နေကြ။ အမတ်ဖန်... ဒီကိစ္စက မင်း စဉ်းစားတာ လိုအပ်ချက် ရှိနေသေးတယ်။ ပင်လယ်ကုန်သွယ်ရေးရဲ့ ဆက်ဆံရေးက ရှုပ်ထွေးလွန်းလို့ အလွယ်တကူ လှုပ်ရှားလို့ မရဘူး။ ပြီးတော့ စတုတ္ထညီတော် ပင်လယ်ထွက်သွားတဲ့ ကိစ္စကိုလည်း ကိုယ်တော် သင်္ဘောအုပ်စု လွှတ်ပြီး လိုက်ဖမ်း ခိုင်းထားတယ်။ လပိုင်းလောက်နေရင် ပြန်ရောက်လာလောက်မှာပါ။ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ စစ်သင်္ဘောတွေ က သူတစ်ယောက်တည်း တိတ်တဆိတ် တည်ဆောက်ထားတဲ့ ကုန်သင်္ဘောလောက်တောင် မကောင်းဘူးလို့များ ပြောချင်တာလား။"
ဘုရင်မင်းမြတ် ဆုံးဖြတ်ချက် ချလိုက်သည်ကို မြင်သောအခါ အမတ်များအားလုံး၏ အကြည့်များက ဖန်ကျန်းရီ အပေါ်သို့ ချက်ချင်း ရောက်ရှိသွားကြသည်။
အရှင်မင်းကြီးတောင် ဒီလိုပြောနေမှတော့ မင်းက ခေါင်းမာပြီး ဆက်ငြင်းနေအုံးမှာလား။
ဖန်ကျန်းရီက ပြောလိုက်၏။ "အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ အမြင်ကိုတော့ ဆက်လက် ကိုင်စွဲထားချင်ပါသေးတယ်..."
ဟင်။
ကျင်းဘုရင်မင်းမြတ်၏ အကြည့်များတွင် စူးစမ်းလိုစိတ် အနည်းငယ် ထပ်တိုးလာ၏။
ယခင်က သူ ဘာပြောပြော ဤကောင်လေးက အလိုက်သင့် နေတတ်သော်လည်း ဘာကြောင့်များ ပင်လယ်ပြင် ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်၍ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားရသနည်း။ တော်တော်လေး ထူးဆန်းနေသည်။
သို့ပေမည့် ကိစ္စက ပြီးပြတ်သွားပြီဖြစ်ရာ ကျင်းဘုရင်မင်းမြတ် လည်း ထပ်မံ၍ အငြင်းပွားမနေတော့ဘဲ ညီလာခံကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိစေကာ ဆက်လက် ကျင်းပစေ၏။
...
ညီလာခံ ပြီးဆုံးသွားပြီးနောက် ထင်ထားသည့်အတိုင်းပင် ဖန်ကျန်းရီသည် စာကြည့်ဆောင်သို့ ခေါ်ယူခြင်း ခံရသည်။
ကျင်းဘုရင်မင်းမြတ် က သူ၏ အနည်းငယ် စိတ်ဓာတ်ကျနေသော ပုံစံကို ကြည့်ကာ မေးလိုက်သည်။ "ကိုယ်တော် တော်တော်လေး သိချင်နေတယ်။ မင်း ဘာလို့ ပင်လယ်ပြင် ဖွင့်လှစ်ဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ။"
ဖန်ကျန်းရီက မေးလိုက်၏။ "အရှင်မင်းကြီး... ကန်စွန်းဥ ဘယ်က ရောက်လာတာလဲဆိုတာ မှတ်မိသေးလား။"
ကျင်းဘုရင်မင်းမြတ် က ပြန်ပြောလိုက်သည်။ "သေချာပေါက် မှတ်မိတာပေါ့။ နိုင်ငံခြားကနေ ရောက်လာတာလေ။ နိုင်ငံခြားမှာ ကန်စွန်းဥ ဆိုတဲ့ အရာ ရှိနေမှတော့ အငတ်ဘေး မရှိတဲ့ အင်အားကြီး နိုင်ငံတစ်ခု ရှိနေနိုင်တယ်လို့ ကိုယ်တော့်ကို မင်းက ပြောချင်နေတာလား။"
ဖန်ကျန်းရီက အံ့ဩစွာဖြင့် ပြောလိုက်၏။ "မှန်ပါတယ်။ အရှင်မင်းကြီးက ဒီသဘောတရားကို သိနေမှတော့ ဘာလို့ ပင်လယ်ပြင် ဖွင့်လှစ်တာကို သဘောမတူရတာလဲ။"
ကျင်းဘုရင်မင်းမြတ် က ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ဒီလို နိုင်ငံမျိုး ရှိတယ်ဆိုတာကို ကိုယ်တော် မယုံလို့ပဲ။ ပြီးတော့ အောက်ခြေက တင်ပြချက်တွေအရ ကန်စွန်းဥကို အဓိက အစားအစာအဖြစ် သုံးဖို့က သိပ်ပြီး မသင့်တော်ဘူးတဲ့။ ကျင်းတိုင်းပြည်က ဗဟိုချက်နိုင်ငံဖြစ်ပြီး ပတ်ပတ်လည်မှာ အရိုင်းအစိုင်းတွေချည်းပဲ ရှိတာ။ နိုင်ငံခြားမှာ တခြား နိုင်ငံတွေ ရှိနေရင်တောင်မှ အရိုင်းအစိုင်းတွေပဲ ဖြစ်နိုင်တယ်။"
ဖန်ကျန်းရီက ကျင်းဘုရင်မင်းမြတ်၏ ဤကဲ့သို့သော အခြေအမြစ်မရှိသည့် ယုံကြည်မှုမျိုးကြောင့် ဖြစ်မည်ဟု မထင်ထားခဲ့သဖြင့် သတိကြီးစွာဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး တွေးဖူးလား။ ကျုပ်တို့ ခြေထောက်အောက်က ကမ္ဘာမြေကြီးက စက်လုံးကြီးတစ်ခု ဖြစ်နေပြီး တကယ့်လက်တွေ့မှာ ဘယ်နေရာမဆို ဗဟိုချက် ဖြစ်နိုင်တယ် ဆိုတာကိုလေ။"
ကျင်းဘုရင်မင်းမြတ် သည် ရုတ်တရက် မျက်လုံးကို ကျဉ်းလိုက်ကာ ဖန်ကျန်းရီကို မလိုလားသော အမူအရာဖြင့် ကြည့်လျက် အော်ဟစ်လိုက်သည်။ "မင်းက အိမ်ရှေ့စံမင်းသားကို ခြေထောက်အောက်က ကမ္ဘာမြေကြီးက စက်လုံးကြီးဆိုပြီး ပြောခဲ့တာလား။ မင်းနဲ့ အဲဒီမိုက်မဲတဲ့ကောင်သာ ထပ်ပြီး လျှောက်တွေးနေမယ်ဆိုရင် နှစ်ယောက်လုံး ကိုယ်တော့် နန်းတော်ထဲကနေ ထွက်သွားကြစမ်း။"
ကမ္ဘာကြီး လုံးတယ်လို့ ပြောတာနဲ့တင် ငါ့ကို သတ်ချင် ဖြတ်ချင် ဖြစ်နေပါလား။
ဖန်ကျန်းရီက ညည်းတွားလျက် ပြောလိုက်သည်။ "ကျွန်တော်မျိုး မှားသွားပါပြီ။ ဒါဆို အရှင်မင်းကြီး... ကျွန်တော်မျိုး အရင်ပြန်ပြီး အလုပ်လုပ်လိုက်ပါအုံးမယ်။"
ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာပေါ်တွင် အပြုံးများ ပြန်လည်ပေါ်လာပြီး ပြောလိုက်သည်။ "ခဏနေအုံး … သွားဖို့ မလောနဲ့။ ကိုယ်တော် မင်းကို ခေါ်တာ တခြားကိစ္စ ရှိသေးလို့။ မင်း မသွားခင်က ကိုယ်တော် မင်းကို ပြောခဲ့တာ မေ့သွားပြီလား။ ကိစ္စပြီးရင် ကိုယ်တော် မင်းကို ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးမယ်လို့ ပြောခဲ့တယ်လေ။ အခု ဘာလိုအပ်ချက် ရှိလဲ ပြောပါ။ ကိုယ်တော် လုံးဝ ကတိဖျက်မှာ မဟုတ်ဘူး။"
ဖန်ကျန်းရီ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "တကယ်လား။"