အခန်း (၅၆၁-၅၆၂)
Vol. 31 Ch. 561-562
အပိုင်း (၅၆၁) တပ်မှူးကြီး ရောက်ရှိလာခြင်း။
ဖန်ကျန်းရီ၏ စိတ်နှလုံးမှာလည်း လည်ချောင်းဝအထိ ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ရှေးခေတ်တွင် မယားများခြင်းက ပြဿနာမရှိသော်လည်း သူ၏ ကိုယ်ပိုင်ခံယူချက်က အလွန် ဖြောင့်မတ်နေ၏။
ဤကိစ္စမျိုးနှင့် ပတ်သက်၍ အမြဲတမ်း စိတ်မလုံမလဲ ဖြစ်နေတတ်သည်။
ကံကောင်းထောက်မစွာဖြင့် လီမြောင်ဟန်က နောက်တစ်စက္ကန့်တွင် တုန်ယင်သော အသံဖြင့် မေးလိုက်၏။ "ရှင်... ရှင် ခမည်းတော်ကို ဘယ်လိုပြောခဲ့တာလဲ။"
ဖန်ကျန်းရီ၏ စိတ်ထဲတွင် ချွေးစေးများ ထွက်သွားပြီး သူငယ်ချင်း၏ သရုပ်မှန် ပေါ်သွားပြီဟုပင် ထင်မှတ်လိုက်မိ၏။ စိတ်ထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ကျုပ်... ကျုပ်က အရှင်မင်းကြီးကို တိုက်ရိုက်ပဲ ပြောလိုက်တာ။"
လီမြောင်ဟန်က အနည်းငယ် ငေးမောလျက် တီးတိုးရေရွတ်လိုက်၏။ "ဒါဆို သူ သဘောတူလိုက်လား။"
ဖန်ကျန်းရီက အနေခက်စွာဖြင့် ပြန်ဖြေလိုက်သည်။ "သဘောတူတယ် ဆိုပေမဲ့ အပြည့်အဝတော့ မဟုတ်သေးဘူး။ မင်း ကျုပ်ကို ယုံကြည်လိုက်ပါ။ အရှင်မင်းကြီးကို ဆွဲဆောင်နိုင်ဖို့ ကျုပ်မှာ ယုံကြည်မှု ရှိပါတယ်။ အခြေအနေတွေ သေချာ မဆွေးနွေးရသေးလို့ပါ။ ကျုပ် သွားပြီး နားချပေးပါ့မယ်။"
လီမြောင်ဟန်က မေးလိုက်၏။ "အဲဒါက သဘောမတူသေးတာပဲ မဟုတ်လား။"
အမှန်တကယ်တော့ သူ၏ စိတ်ထဲတွင် သေချာမှု မရှိလှပေ။ ဘုရင်မင်းမြတ်၏ အနားတွင် နေရသည်မှာ ကျားတစ်ကောင်နှင့် အတူနေရသကဲ့သို့ ဖြစ်ရာ အရှင်မင်းကြီး၏ စိတ်ထဲ မည်သို့ တွေးနေမည်ကို မည်သူကမှ မသိနိုင်ချေ။
သို့သော်ငြား ကံကောင်းထောက်မစွာဖြင့် သူ၏ အခြေခံအုတ်မြစ်က ခိုင်မာနေပြီး လက်ထဲတွင်လည်း ဖဲချပ်များ ပြည့်နေပြီ ဖြစ်၏။
အရေးကြီးသော အချိန်တွင် ကောင်းကျိုးမှတ်တမ်းများ လိုအပ်လာပါက အလွယ်တကူ ထုတ်သုံးနိုင်သည်။ အာလူး၊ ငရုတ်သီး၊ ဘိလပ်မြေ အစရှိသည်တို့က အရေးကြီးချိန်တွင် အသုံးမဝင်ဘဲ နေမည်မဟုတ်ပေ။
လီမြောင်ဟန်က သူ၏ ရင်ခွင်ထဲမှ အနည်းငယ် ရုန်းဖယ်ကာ ဖြည်းညှင်းစွာ မတ်တပ်ရပ်လျက် ပြောလိုက်သည်။ "ရှင် အရင်ပြန်နှင့်ပါတော့။ ကျွန်မ နည်းနည်းလောက် တိတ်တိတ်ဆိတ်ဆိတ် နေချင်သေးလို့ပါ။"
ဖန်ကျန်းရီမှာ အလွန် အံ့ဩသွား၏။ မူလက သူမ ဝမ်းသာသွားမည်ဟု ထင်ထားခဲ့သော်လည်း ဤကဲ့သို့သော တုံ့ပြန်မှုမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လီမြောင်ဟန်၏ ကျောပြင် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ကာ ဖန်ကျန်းရီက ပါးစပ်ဟ လိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။
နောက်ဆုံးတွင် ခေါင်းထဲ၌ မေးခွန်းများ ပြည့်နှက်နေလျက် မင်လွမ် နန်းဆောင်မှ ထွက်ခွာလာခဲ့သည်။
အချစ်ရေးကိစ္စများက ကောင်းမွန်သော်လည်း ယခုလောလောဆယ်တွင် ဖြေရှင်းရမည့် အရေးကြီးသော ကိစ္စများ ရှိနေသေးသည်။
ကျန်းရှီသည် ကျင်းယီဝေ ၏ အထူးအကျဉ်းထောင်ထဲတွင် အကျဉ်းချခံထားရဆဲဖြစ်ပြီး မြို့တော်သို့ ပြန်ရောက်ပြီးတည်းက သူသည် ကျင်းယီဝေ ထံသို့ တစ်ခေါက်မှ မသွားရသေးချေ။
အစိုးရရုံးကိုလည်း ပြင်ဆင်ထားပြီးဖြစ်ရာ ရာထူးတက်ပြီး ဤမျှ အချိန်အကြာကြီး တစ်ခေါက်မှ သွားမကြည့်ခြင်းက အနည်းငယ်တော့ အဆင်မပြေလှပေ။
တောင်ပိုင်းနှင့် မြောက်ပိုင်း စစ်ကြောရေးရုံးများက အကွာအဝေး အနည်းငယ် ရှိနေပြီး မြောက်ပိုင်း စစ်ကြောရေးရုံးက မြို့တံခါးဝအနီးတွင် တည်ရှိကာ ပတ်ဝန်းကျင်တွင် အခြားသော အစိုးရရုံးများလည်း ရှိနေသည်။
မူလအဆောက်အအုံပေါ်တွင် အလွယ်တကူ ပြုပြင်မွမ်းမံထားခြင်းဖြစ်သောကြောင့် တည်ဆောက်မှုက အလွန် မြန်ဆန်ခြင်း ဖြစ်၏။
ဖန်ကျန်းရီသည် အရင်ဆုံး ကျန်းပြောင် ကို သွားခေါ်ခိုင်းလိုက်ပြီးမှ သူတို့နှစ်ယောက် အတူတူ သွားခဲ့ကြသည်။
ကျန်းပြောင် အနားတွင် မရှိသည်မှာ ကြာခဲ့ပြီဖြစ်ရာ ယခု ရုတ်တရက် ဘေးတွင် ရပ်နေလိုက်သည်နှင့် လုံခြုံမှု ခံစားချက်က ချက်ချင်း တိုးတက်လာခဲ့သည်။
ကျိုးထျဲ့ နှင့် မတူဘဲ ဤကောင်လေးက အထူးအပါး နားလည်၏။
သူတို့နှစ်ယောက် အစိုးရရုံးအတွင်းသို့ ဝင်ရောက်သွားသောအခါ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်း သတိထားမိလိုက်သည်။
အဖွဲ့အစည်း စတင်တည်ထောင်ခါစဖြစ်၍ လူအင်အား မလုံလောက်သေးကြောင်း သိသာလှ၏။ တံခါးဝတွင် အစောင့်အနည်းငယ်သာ ရှိနေပြီး ခြံဝင်းအတွင်း၌ ခြောက်ကပ်နေကာ အောက်ခြေအရာရှိများပင် သိပ်မရှိချေ။
ထို့အပြင် ခန်းမအတွင်းမှ ဆူညံသံများလည်း ထွက်ပေါ်လာနေ၏။
တံခါးစောင့်များ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လွန်းလာပြီး အထဲသို့ အကျယ်ကြီး အော်ဟစ် အသိပေးရန် ပြင်လိုက်ကြသည်။
ဖန်ကျန်းရီက မျက်ရိပ်ပြလိုက်ရာ ကျန်းပြောင် က လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်၍ တံခါးစောင့်၏ လည်ချောင်းထဲသို့ တုံ့ဆိုင်းမှုမရှိဘဲ ထိုးသွင်းလိုက်သည်။ ထို့နောက် တံခါးစောင့်မှာ ခါးကိုင်းကာ အဆက်မပြတ် အော့အန်ချင်သလို ဖြစ်နေတော့၏။
အခြားသူများက ဤသည်ကို မြင်သောအခါ ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး အပိုစကား တစ်ခွန်းမှ မပြောရဲတော့ပေ။
ဖန်ကျန်းရီက အေးစက်သော အကြည့်ကို မြင်သောအခါ ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့လျက် နံရံကို မှီကာ တစ်တန်းတည်း ရပ်နေလိုက်ကြသည်။
ဖန်ကျန်းရီသည် ခြေလှမ်းများကို နှေးစေကာ တံခါးဝသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ခေါင်းကို စောင်း၍ အထဲမှ အသံများကို နားထောင်နေ၏။
တံခါးအတွင်း၌ ဖဲကြွေ ကစားနေကြပုံရပြီး ဖဲကြွေ ရိုက်ခတ်သံများနှင့်အတူ အသံသြသြကြီးများ အဆက်မပြတ် ထွက်ပေါ်နေသည်။
"ညီအစ်ကိုတို့... ခဏနေ ပွဲပြီးရင် ဘယ်သွားစားကြမလဲ။ ရှန်ရှီ စားသောက်ဆိုင် သွားမလား။ ပုံမှန်နေရာပဲလေ။ အဲဒီက ကြက်သားဟင်းက တော်တော်လေး စားကောင်းတယ်။”
“တော်ပါပြီကွာ... အဲဒီမှာ အကြွေးရေးထားတာ ရက်တော်တော်ကြာနေပြီ။ တခြားတစ်ဆိုင် ပြောင်းရအောင်။ ဟို ဖန်လူကြီးမင်း မြို့တော်ကို ပြန်ရောက်လာပြီလို့ ကြားတယ်။ အားလုံး နည်းနည်းတော့ သတိထားကြအုံး။”
သောက်ကျိုးနည်း... သူ့ဆိုင် သွားစားတာက သူ့ကို မျက်နှာသာပေးတာပဲလေ။ ဘာလို့ စကားတွေ အများကြီး ပြောနေရတာလဲ။ ကျုပ်တို့ရဲ့ ဖန်လူကြီးမင်းကို ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ခင်ဗျား စဉ်းစားကြည့်လေ။ စာပေပညာရှင် တစ်ယောက်က စစ်ဘက်အရာရှိတွေရဲ့ အလုပ်ကို ဝင်လုပ်တာ။ အကျဉ်းထောင်ထဲ ဝင်လာရင် ကြောက်ပြီး ဘောင်းဘီထဲ သေးထွက်ကျသွားမှာ သေချာတယ်။"
ထို့နောက် ရယ်မောသံများနှင့်အတူ နောက်ပြောင်လှောင်ပြောင်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ဖန်ကျန်းရီက မျက်လုံးကို မော့ကာ ကျန်းပြောင် ကို တစ်ချက် ကြည့်လိုက်၏။
ကျန်းပြောင်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "လူခြောက်ယောက်ဆိုတော့ ပြဿနာ မရှိပါဘူး။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး လျှပ်တစ်ပြက်အတွင်း ခန်းမထဲသို့ ဝင်ရောက်သွား၏။
ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် လူခြောက်ယောက်က စားပွဲတစ်လုံးကို ဝိုင်းကာ ဖဲကြွေ ကစားနေကြသည်ကို မြင်လိုက်ရသည်။
သူတို့ထဲမှ တစ်ယောက်က ဖန်ကျန်းရီကို မြင်လိုက်သည်နှင့် ချက်ချင်း အော်ဟစ်လိုက်သည်။ "ဘယ်သူလဲ။ ကျင်းယီဝေ ရုံးကို ကျူးကျော်ဝင်ရောက်ရဲတဲ့ သတ္တိ။"
ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "ကျုပ်က အကျဉ်းထောင်ကို ကြောက်ပြီး ဘောင်းဘီထဲ သေးထွက်ကျသွားတဲ့ ဖန်ကျန်းရီပဲ။ ဒီနေ့ အားလုံးနဲ့ ပထမဆုံး တွေ့ဆုံရတာဆိုတော့ နှုတ်ခွန်းဆက်ပါတယ်။"
လူခြောက်ယောက်လုံး၏ မျက်နှာပေါ်တွင် ချက်ချင်း ထိတ်လန့်မှုများ ပေါ်လွန်းလာပြီး မြေကြီးပေါ်တွင် တစ်ပြိုင်နက်တည်း ဒူးထောက်ချလိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ "ဖန်လူကြီးမင်းကို ဂါရဝပြုပါတယ်။"
ဖန်ကျန်းရီက ဖဲကစားဝိုင်းရှေ့တွင် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်ပြီး အေးအေးဆေးဆေး မေးလိုက်သည်။ "ခုနက ဘယ်သူက ကျုပ် ကြောက်ပြီး သေးထွက်ကျတယ်လို့ ပြောလိုက်တာလဲ။"
လူခြောက်ယောက်မှာ မြေကြီးပေါ်တွင် ဒူးထောက်လျက် တုန်ယင်နေကြပြီး ဖန်ကျန်းရီ၏ မေးခွန်းကို ကြားသောအခါ ငါးယောက်က တစ်ယောက်တည်းဆီသို့ အကြည့်များကို အလိုအလျောက် ပို့လွှတ်လိုက်ကြ၏။
ဖန်ကျန်းရီက ထိုလူကို ကြည့်ကာ မေးလိုက်သည်။ "နာမည်၊ ရာထူး။"
ထိုလူက တုန်ယင်သော အသံဖြင့် ပြန်ဖြေ၏။ "ကျွန်တော်မျိုး ရိန်ဟွာ ပါ။ ကျင်းယီဝေ တပ်မှူး။ ဖခင်က... မင်ဝေ စစ်သူကြီး ရိန်ရှုံး ပါ။"
ဖန်ကျန်းရီက ရှေ့သို့ အနည်းငယ် ကိုင်းကာ သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်။ "ကျုပ်က ခင်ဗျားအဖေ အကြောင်း မေးနေတာမှ မဟုတ်တာ။ ဘာလို့ အလောတကြီး ကိုယ့်မိသားစု နောက်ခံကို ပြောပြနေရတာလဲ။ ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား။"
ရိန်ဟွာ က အလျင်အမြန် ပြောလိုက်၏။ "ကျွန်တော်မျိုး... မရဲဝံ့ပါဘူး။ စကားမှားသွားတာပါ။ ဖန်လူကြီးမင်း ခွင့်လွှတ်ပေးပါ။"
ဖန်ကျန်းရီက သူ့ကို ဂရုမစိုက်တော့ဘဲ ဖဲကစားဝိုင်းပေါ်ရှိ ဖဲကြွေများကို ကြည့်ကာ ပြောလိုက်သည်။ "ကျုပ် မြို့တော်ကို ပြန်ရောက်တာ သိပ်မကြာသေးဘူး။ ကျင်းယီဝေ ရုံးတွင်းမှာ ဘာလို့ ဒီလို အခြေအနေ ဖြစ်နေရတာလဲ။ အလုပ်လုပ်မယ့်သူ မရှိဘူးလား။ ခင်ဗျားတို့ကို ဘယ်သူက ဒီကို လွှတ်လိုက်တာလဲ။"
တစ်ယောက်က အလျင်အမြန် ပြန်ဖြေလိုက်၏။ "ဖန်လူကြီးမင်းကို လျှောက်တင်ပါတယ်။ ကျင်းယီဝေ ကို အလောတကြီး ဖွဲ့စည်းလိုက်တာဆိုတော့ လူအင်အား မပြည့်စုံသေးပါဘူး။ အထက်ကလည်း လူရွေးချယ်နေတုန်းပါ။ ကျွန်တော်မျိုးတို့က အရှင်မင်းကြီး ကိုယ်တိုင် ရွေးချယ်ပြီး ဒီကို အရင်လွှတ်လိုက်တာပါ။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "ဒီလိုကိုး … ခင်ဗျားတို့ အားလုံးက စစ်ဘက်အရာရှိတွေရဲ့ သားမြေးတွေပေါ့။"
"ဟုတ်ပါတယ် ဖန်လူကြီးမင်း။"
ဖန်ကျန်းရီက မထီမဲ့မြင် ပြုံးလိုက်ပြီး မေးလိုက်၏။ "စစ်ဘက်အရာရှိတွေရဲ့ သားမြေးတွေ ဖြစ်နေလျက်နဲ့ စစ်တပ် စည်းကမ်းက ဘာလို့ ဒီလောက်တောင် လျော့ရဲနေရတာလဲ။"
"ဖန်လူကြီးမင်း... ကျွန်တော်မျိုးတို့မှာ တကယ်ကို လုပ်စရာ အလုပ် မရှိသေးလို့ပါ..."
ဖန်ကျန်းရီက ဖြတ်ပြောလိုက်သည်။ "ဟမ့်.. မြောက်ပိုင်းစစ်ကြောရေးရုံးကို လောင်းကစားရုံ လုပ်ထားတာပေါ့ ဟုတ်လား။ အေးလေ... ကစားတာကို အဲဒီလောက် ကြိုက်နေမှတော့ ကျုပ်က ခင်ဗျားတို့ကို ကစားခိုင်းရမှာပေါ့။ ခြံဝင်းထဲထွက်ပြီး ပြေးကြ။ အပတ် နှစ်ရာ ပြည့်အောင်ပြေး။ ပြီးရင် ဒိုက်ထိုးကစားကြ။ အကြိမ် တစ်ရာ ပြည့်အောင် လုပ်။ သွားကြစမ်း။ နားမလည်တာ ရှိရင် သူက သင်ပေးလိမ့်မယ်။"
ဖန်ကျန်းရီက ကျန်းပြောင် ကို လက်ညှိုးထိုးပြလိုက်ရာ ကျန်းပြောင် က ရင်ဘတ်ကို ကော့၍ လူခြောက်ယောက်ကို ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။
လူခြောက်ယောက်မှာ မတတ်သာဘဲ တန်းစီလျက် ခြံဝင်းထဲသို့ ထွက်သွားရန် ပြင်လိုက်ကြသည်။
ဖန်ကျန်းရီက ရိန်ဟွာ ကို လက်ညှိုးထိုးကာ ထပ်ပြောလိုက်သည်။ "ခင်ဗျား ရပ်နေအုံး … ခုနက ကျုပ်ကို စော်ကားထားတာ ဒီအတိုင်း ပြီးသွားမယ်လို့ ထင်နေတာလား။"
ရိန်ဟွာ ၏ စိတ်ထဲတွင် အလွန် နောင်တရသွားပြီး ဤရာထူးအသစ်နှင့် ရောက်လာသော တပ်မှူးကြီး၏ ဒေါသက မိမိအပေါ် ကျရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တံတွေးကို မြိုချကာ ကြောက်ရွံ့စွာဖြင့် ပြောလိုက်၏။ "ဖန်လူကြီးမင်း... ကျုပ်က ရည်ရွယ်ချက် မရှိဘဲ ပြောမိသွားတာပါ..."
"ဝုန်း..."
ဖန်ကျန်းရီက မျက်နှာအမူအရာ မပျက်ဘဲ ဖဲကစားဝိုင်းကို ကန်ချလိုက်ရာ ဖဲကြွေများ အကုန်လုံး ကြမ်းပြင်ပေါ်သို့ ပြန့်ကျသွား၏။
ထို့နောက် ထိုသူ့ကို ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားက ရည်ရွယ်ချက် မရှိဘူး ပြောတိုင်း ရည်ရွယ်ချက် မရှိတာ ဖြစ်သွားရောလား။ ကွယ်ရာမှာ အထက်လူကြီးကို နောက်ပြောင်တယ်။ စားသောက်ဆိုင် သွားစားတာ ပိုက်ဆံမပေးဘူး။ ကျင်းယီဝေ စတင်ဖွဲ့စည်းတာနဲ့ ခင်ဗျားတို့က ပြည်သူတွေဆီကနေ ချက်ချင်း အမြတ်ထုတ်ဖို့ ကြိုးစားနေပြီ။ ခင်ဗျားအဖေက ခင်ဗျားကို လူပီသအောင် ဒီလို သင်ပေးထားတာလား။"
ရိန်ဟွာ က ရုတ်တရက် ခေါင်းမော့လာပြီး အလောတကြီး ပြောလိုက်၏။ "ဖန်လူကြီးမင်း.. ဒီကိစ္စက ကျုပ် တစ်ယောက်တည်း လုပ်တာပါ။ အဖေနဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျား ဘာလို့ အခြေအမြစ်မရှိဘဲ စွပ်စွဲရတာလဲ..."
ဖန်ကျန်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဘယ်သူက ခင်ဗျားကို ပြန်ပြောရဲတဲ့ သတ္တိပေးထားတာလဲ။ ဒီနေ့ကစပြီး လက်အောက်ခံတွေက အထက်လူကြီးကို ပြန်ပြောခွင့် မရှိဘူး။ ဒီစည်းကမ်းကို ကျုပ် သတ်မှတ်လိုက်ပြီ။ ဘယ်သူ မကျေနပ်တာ ရှိလဲ။ မကျေနပ်ရင် အရင်ဆုံး အပြင်ဆွဲထုတ်ပြီး စစ်တပ် စည်းကမ်းအတိုင်း ကြိမ်ဒဏ် အချက်နှစ်ဆယ် ရိုက်မယ်။"
ရိန်ဟွာ မှာ ချက်ချင်းပင် အသံတိတ်သွားပြီး နောက်ထပ် စကားတစ်ခွန်းမှ မဟရဲတော့ချေ။
အပိုင်း (၅၆၂) တောင်းပန်ပါတယ် ဖန်လူကြီးမင်း။
ဖန်ကျန်းရီက သူ အလျှော့ပေးသွားသည်ကို မြင်သောအခါ ကျေနပ်စွာ ပြုံးလိုက်သည်။
ဤလူစုက စစ်ဘက်အရာရှိ နောက်ခံတွေချည်းမို့ ထိန်းချုပ်ရ ခက်ခဲနိုင်သည်။ ဤခေတ်၏ စစ်ဘက်အရာရှိများနှင့် နောက်ပိုင်းခေတ်များ၏ စစ်သားများက လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ ကိုယ်ကျင့်တရား၊ စစ်တပ်စိတ်ဓာတ်နှင့် စည်းကမ်းပိုင်းတွင် အလွန် ကွာခြားလွန်းလှ၏။
သူ အပြင်ထွက်စဉ်က စစ်သားဆိုးများ အများအပြားကို တွေ့ဖူးပြီး အလကား စားသောက်နေကြသည်ကို မြင်ခဲ့ရသည်။ ရိုင်းရိုင်းပြောရလျှင် စစ်သားဟုပင် ခေါ်၍မရဘဲ အဖွဲ့အစည်းပိုင် လူမိုက်များသာ ဖြစ်သည်။
နာမည်ကျော် စစ်သူကြီးများ၏ လက်အောက်ခံများသာ စည်းကမ်းသေချာပြီး ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်တစ်ခု ဖြစ်လာနိုင်သော်လည်း သာမန် စစ်သူကြီးများကတော့... ထိုအရည်အသွေးများဖြင့် မြို့တစ်မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများကို မသတ်ဘဲ ပစ္စည်းလုရုံ သတ်သတ်ဆိုလျှင်ပင် ကိုယ်ကျင့်တရား ကောင်းမွန်သည်ဟု သတ်မှတ်ရမည်။
ယခင်ဘဝ၏ မှတ်ဉာဏ်များကြောင့် ဖန်ကျန်းရီက စစ်သားများအပေါ် အလွန် သဘောကျခဲ့သည်။ သို့သော်ငြား ကျင်းတိုင်းပြည်တွင် အများကြီး မြင်တွေ့ရပြီးနောက် ဤစစ်သားက ထိုစစ်သားမျိုး မဟုတ်ကြောင်း နားလည်လာခဲ့၏။
ယခု ဤမျိုးဆက်သစ် လူငယ်များကတော့ ပိုဆိုးနိုင်သည်။ အကျင့်ဆိုး သင်ယူရန် လွယ်ကူသော်လည်း အကျင့်ကောင်း သင်ယူရန် ခက်ခဲလှ၏။ မျှော်မှန်းထားသလောက် မဆိုးရွားနိုင်သော်လည်း ဖန်ကျန်းရီက အမြဲတမ်း အဆိုးရွားဆုံး အခြေအနေကိုသာ တွေးထားတတ်သည်။
လောကကြီးတွင် လူ့အသိုင်းအဝိုင်း၌ ကျင်လည်မည်ဆိုလျှင် ယဉ်ကျေးပျူငှာပြီး အလျှော့ပေးလွန်းပါက လူဆိုးများက အခွင့်ကောင်းယူ၍ အနိုင်ကျင့်လာမည်။ သူက အသုံးမကျသူ တစ်ယောက် မဟုတ်ပေ။
ဖန်ကျန်းရီက မျက်နှာအမူအရာကို ချက်ချင်း ပြောင်းလဲကာ ပြုံးလျက် ပြောလိုက်သည်။ "ခင်ဗျား ကြောက်နေစရာ မလိုပါဘူး။ ကျုပ်ကလည်း ရာထူးအသစ်နဲ့ ရောက်လာတာဆိုတော့ ခင်ဗျားက ပထမဆုံးအကြိမ် အမှားလုပ်မိတာကို ထောက်ထားပြီး တောင်းပန်ပါတယ် ဖန်လူကြီးမင်း လို့ ပြောလိုက်ရင် ဒီကိစ္စကို ပြီးပြီလို့ သတ်မှတ်ပေးမယ်။"
ရိန်ဟွာ ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ချက်ချင်း အော်ဟစ်လိုက်၏။ "တောင်းပန်ပါတယ် ဖန်လူကြီးမင်း။"
ဖန်ကျန်းရီက အသံကို မြှင့်ကာ ပြောလိုက်သည်။ "မလောနဲ့။ ခင်ဗျား အပြင်ထွက်ပြီး ပြော။ လူတိုင်း ကြားအောင် အကျယ်ကြီး အော်ပြော။ တောင်းပန်ပါတယ် ဖန်လူကြီးမင်းလို့။ ကျုပ် မကြားရရင် ထပ်ပြောရမယ်။ မကြားရသေးရင် ဆက်ပြော။ ကျုပ် ကြားတဲ့အထိ ပြောရမယ်။ အပြင်ထွက်။"
ရိန်ဟွာမှာ နေရာတွင်ပင် မျက်နှာတစ်ခုလုံး နီမြန်းလျက် ဒူးထောက်နေပြီး အလွန်အမင်း ရှက်ရွံ့ ဒေါသထွက်နေမိ၏... သွားပြီ။ ကြည့်ရတာ ဤလူက သူ့ကို လွှတ်ပေးမည့် ရည်ရွယ်ချက် လုံးဝ ရှိပုံမပေါ်ပေ။
သို့ပေမည့် ကိစ္စက ဤအခြေအနေထိ ရောက်နေပြီဖြစ်ရာ နောက်ဆုတ်ရန် လမ်းမရှိတော့သဖြင့် ခေါင်းမာမာဖြင့်ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ကျုပ် အမိန့်ကို နာခံပါ့မယ်။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "အင်း... ခင်ဗျားတို့ လက်ထဲမှာ ရှိတဲ့ ပိုက်ဆံတွေ အကုန် ထုတ်ပေးခဲ့။ တစ်ယောက်ယောက်ကို ခိုင်းပြီး စားသောက်ဆိုင်မှာ အကြွေးတင်နေတဲ့ ငွေတွေကို နှစ်ဆ ပြန်ဆပ်ခိုင်းလိုက်။ နောက်ပိုင်း ပြည်သူတွေကို နှောင့်ယှက်တဲ့ ဒီလို ဆိုးရွားတဲ့ ကိစ္စမျိုး ထပ်ဖြစ်ရင် ကျုပ်ကို ရက်စက်တယ်လို့ မပြောနဲ့။ ကျန်းရှီ ကို ဘယ်မှာ ဖမ်းထားတာလဲ။ တစ်ယောက်ယောက် ကျုပ်ကို လိုက်ပို့စမ်း။"
မကြာမီတွင် အောက်ခြေအရာရှိတစ်ဦး၏ လမ်းပြမှုဖြင့် ဖန်ကျန်းရီသည် အကျဉ်းထောင်တွင်းသို့ ဝင်ရောက်သွားသည်။
ဤအကျဉ်းထောင်က အလောတကြီး ဆောက်လုပ်ထားကြောင်း သိသာလှပြီး အပြည့်အဝ မပြီးစီးသေးချေ။ သို့သော်ငြား သေချာ ပုံစံဆွဲထားကြောင်းတော့ တွေ့ရသည်။ မြေအောက်တစ်ဝက် အဆောက်အအုံ ဖြစ်ပြီး နံရံများက အလွန် ထူထဲ၏။
အထဲတွင် ရိုးရှင်းသော နှိပ်စက်ရေး ကိရိယာအချို့ကို ထားရှိပြီး ပတ်ဝန်းကျင် အခြေအနေကတော့ အတော်လေး သန့်ရှင်းနေသေးသည်။ အကျဉ်းသား သိပ်မရှိဘဲ အထဲတွင် ဟာလာဟင်းလင်း ဖြစ်နေကာ အလွန် မှောင်မိုက်နေသည်။
အောက်ခြေအရာရှိနှင့်အတူ အတွင်းဘက်သို့ ခြေလှမ်း ဆယ်လှမ်းခန့် ဆက်လျှောက်သွားသောအခါ ကျန်းရှီ ကို မြင်လိုက်ရသည်။ သူသည် နေရာတွင် တင်ပျဉ်ခွေ ထိုင်နေပြီး ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်ထားဆဲ ဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ အခြေအနေကတော့ အတော်လေး ဆိုးရွားနေ၏။
ဖန်ကျန်းရီက စကားစရန် ပြင်လိုက်စဉ် ဘေးခန်းမှ အရူးတစ်ယောက်လို အဘိုးကြီး တစ်ယောက်က ရုတ်တရက် ခုန်ထွက်လာပြီး အကျဉ်းထောင် တံခါးကို ခြားကာ ဒေါသတကြီး ဆဲရေးလိုက်သည်။ "လူယုတ်မာ … ငါမင်းကို သတ်မယ်။"
အောက်ခြေအရာရှိက ချက်ချင်း ရှင်းပြလိုက်၏။ "ဖန်လူကြီးမင်း... သူက ယန်မိသားစု ရဲ့ အိမ်ထောင်ဦးစီး ယန်ကော်အန်း ရဲ့ အဖေပါ။ ကျန်းရှီ နဲ့ အတူတူ ဖမ်းခံရတာ။ အရင်တုန်းက သူ ဘာအပြစ်လုပ်ခဲ့လဲ မသိပေမဲ့ အရှင်မင်းကြီးက သူ့ကို တစ်ကြိမ် ခွင့်လွှတ်ပေးခဲ့သေးတယ်လို့ ကြားတယ်။ သိပ်မကြာခင်မှာပဲ ကျန်းရှီ နဲ့ ပေါင်းကြံတယ်ဆိုတာ ပေါ်သွားလို့ အထက်က အမိန့်နဲ့ သူ့ကို ဖမ်းခိုင်းလိုက်တာ။ လူကြီးမင်း တစ်ခါတည်း စစ်ဆေးနိုင်အောင် ထားပေးထားတာပါ။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ ဤကိစ္စကို အိမ်ရှေ့စံမင်းသား ပြောပြ၍ သူ သိထားပြီး ဖြစ်၏။ ဤအဘိုးကြီးကို နန်းတော်ထဲတွင် ချန်ထားခဲ့ပြီး တုန်းချန်အဖွဲ့က အကြိမ်ကြိမ် စစ်ဆေးမေးမြန်းခဲ့ရာ အတွင်းရေးများ အကုန် ပေါ်ပေါက်သွားခဲ့သည်။ သို့ပေမည့် လက်ထဲတွင် သေဒဏ်ကင်းလွတ်ခွင့် သံမဏိ လက်မှတ် ရှိနေသည်ဆိုပါလား... တကယ်တော့ ဤအရာက တကယ် အသုံးမဝင်လှပေ။ အကြောင်းပြချက် တစ်ခုရှာပြီး သတ်ပစ်လိုက်လျှင် ရနေပြီ ဖြစ်၏။
သို့နှင့် အောက်ခြေအရာရှိကို လှည့်၍ ပြောလိုက်သည်။ "ခဏနေ အပြင်ရောက်ရင် ကျုပ်တို့ တိုင်းပြည်မှာ အခုထိ သေဒဏ်ကင်းလွတ်ခွင့် လက်မှတ် ရဖူးတဲ့သူ ဘယ်နှစ်ယောက် ရှိလဲ၊ ပြီးတော့ ဘယ်နှစ်ယောက် သေသွားပြီလဲ ဆိုတာ သွားစုံစမ်းကြည့်စမ်း။"
"ဟုတ်ကဲ့ပါ ဖန်လူကြီးမင်း။ ကျုပ် နားလည်ပါပြီ။"
အဘိုးယန် သည် ဖန်ကျန်းရီကို အရိုးထဲထိ မုန်းတီးနေပြီဖြစ်ရာ အကျဉ်းထောင် တံခါးကို ခြား၍ အရူးတစ်ယောက်လို ဆဲရေးနေ၏။
ဖန်ကျန်းရီက ကျန်းရှီ ကို စကားပြောရန် အလျင်မလိုသေးချေ။ ဤအဘိုးကြီး ဘေးမှ အဆက်မပြတ် ရေရွတ်နေသည်မှာ ခေါင်းကိုက်စရာ ကောင်းလှသည်။
နှိပ်စက်ရေး ကိရိယာများ ထားရှိရာ နေရာသို့ လှည့်သွားပြီး တုတ်ရှည်တစ်ချောင်းကို ယူကာ အကျဉ်းထောင် တံခါးကို ကြားမှ အဘိုးယန် ကို တဒိုင်းဒိုင်းနှင့် အကြိမ်ကြိမ် ထိုးချလိုက်သည်။ ထိုးနေရင်းနှင့် ဆဲရေးလိုက်၏။ "အဘိုးကြီးယုတ်။ ကျုပ်က သက်ကြီးရွယ်အိုတွေကို လေးစားမယ်လို့ ထင်နေတာလား။ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောကြည့်။ အထဲဝင်ပြီး ခင်ဗျားကို ရိုက်ပစ်မယ်။"
အကြိမ်ကြိမ် ထိုးခံလိုက်ရပြီးနောက် အဘိုးကြီးမှာ အသက်ရှူမှားသွားပြီး ထောင့်တစ်နေရာတွင် ဝင်ခွေနေသည်။ ဖန်ကျန်းရီကို ရန်ငြိုးဖွဲ့သော အကြည့်များဖြင့်သာ စိုက်ကြည့်နေရဲတော့သည်။
"ထပ်စိုက်ကြည့်နေအုံး … မနက်ဖြန် ခင်ဗျားကို ချီးကျွေးဖို့ လူလွှတ်လိုက်မယ်။" ဖန်ကျန်းရီက ပြန်လည် စိုက်ကြည့်လိုက်ရာ အဘိုးယန်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး တိတ်တဆိတ် နံရံထောင့်သို့ ခေါင်းလှည့်သွားတော့၏။
တုတ်ကို ပစ်ချလိုက်ပြီး ဖန်ကျန်းရီသည် ဖုန်များကို ခါထုတ်ကာ ကျန်းရှီ၏ အကျဉ်းထောင် တံခါးရှေ့သို့ ထပ်မံ လျှောက်သွားလိုက်သည်။
ဆောင့်ကြောင့်ထိုင်လျက် ပြုံးကာ ပြောလိုက်၏။ "အမတ်မင်းကျန်း... ကျုပ်တို့ စကားမပြောဖြစ်တာ တော်တော်လေး ကြာသွားပြီ။"
ကျန်းရှီ က မျက်စိမှိတ်ထားဆဲဖြစ်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ငါ မင်းနဲ့ ဘာမှပြောစရာ မရှိဘူး။ ငါက အရှင်မင်းကြီးအပေါ် သစ္စာရှိတယ်။ ဒီအချက်ကို ဘယ်သူမှ ငြင်းလို့မရဘူး။ ငါက တစ်ခဏတာ အမှားလုပ်မိပြီး ဝူမင်းသားရဲ့ လှေပေါ် ရောက်သွားရုံသတ်သတ်ပဲ။"
ဖန်ကျန်းရီက မထီမဲ့မြင် ပြုံးလိုက်၏။ "လှပတဲ့ စကားတွေ အကုန်လုံး ခင်ဗျားပဲ ပြောသွားတာပဲ။ စိတ်ထဲမှာတော့ စီးပွားရေးတွေချည်းပဲ။ ပိုက်ဆံမက်ရင်လည်း ရိုးသားတဲ့ ပုံစံမျိုး ဟန်ဆောင်မနေနဲ့။ နိုင်ငံချစ်စိတ်ဆိုတာကို အကာအကွယ် လုပ်မနေနဲ့။ တကယ်ကို အရှက်မရှိတာပဲ။
ကျုပ် ဒီတစ်ခေါက် လာတာ ခင်ဗျားကို မေးချင်လို့။ ဝူမင်းသား က ခင်ဗျားကို တစ်နှစ် ငွေတုံး နှစ်သန်း ပေးတယ်ဆို။ အဲဒီငွေတွေ ဘယ်မှာ ဝှက်ထားလဲ။ ကျုပ် စကားအများကြီး မပြောချင်သလို အကြမ်းလည်း မဖက်ချင်ဘူး။ ခင်ဗျား တိုက်ရိုက်ပဲ ဝန်ခံလိုက်ပါတော့။"
စစ်ဆေးမေးမြန်းစရာ ဘာမှမရှိပေ။ အမှန်တကယ် တန်ဖိုးအရှိဆုံးက ငွေတိုက်ပင် ဖြစ်၏။ ကျန်းမိသားစု က အလွန် ကြီးမားလှရာ ဤမျှများပြားသော တရားမဝင် ငွေများကို သေချာပေါက် သိုဝှက်ထားမည် ဖြစ်သည်။ အကယ်၍ သူကိုယ်တိုင် ထုတ်မပြောလျှင် အချိန်မည်မျှ ယူ၍ ရှာဖွေရမည်ကို မသိနိုင်ချေ။
ကျန်းရှီ က နှုတ်ဆိတ်နေ၏။
အောက်ခြေအရာရှိက ရှေ့တိုးလာပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "ဖန်လူကြီးမင်း... ကျုပ်တို့ ဒီအထဲမှာ ပတ္တလားတီးတတ်တဲ့သူ ရှိတယ်။ သူ့ကို စမ်းသပ်ခိုင်းကြည့်လိုက်ရမလား။"
"ပတ္တလားဟုတ်လား။ အဲဒီအရာက အကျဉ်းသားတွေကို စစ်ဆေးတဲ့နေရာမှာ သုံးလို့ရလို့လား။"
ဖန်ကျန်းရီက ရယ်မောလိုက်ပြီး တောက်ယွမ်ခရိုင် မှ သီချင်းဆိုခန်းများကို ရုတ်တရက် သတိရသွား၏။ ဤအသစ် ဆောက်လုပ်ထားသော အကျဉ်းထောင်က တော်တော်လေး လူ့သဘာဝ ဆန်သည်ဟု တွေးမိလိုက်၏။
အောက်ခြေအရာရှိက ပြန်ဖြေလိုက်သည်။ "ရပါတယ်။ သေချာပေါက် ရတာပေါ့။ သူ့ကို ကုလားထိုင်ပေါ်မှာ ကြိုးချည်ပြီး အပေါ်ပိုင်းအဝတ်ကို ချွတ်လိုက်မယ်။ ပြီးရင် နံရိုးပေါ်က အသားတွေကို ဓားချွန်လေးနဲ့ သေချာ နွှာထုတ်ပြီး ဓားသွားနဲ့ နံရိုးတွေကို ပုတ်လိုက်ရင် ပတ္တလားတီးနေသလိုမျိုး ဖြစ်သွားမှာ။ အရိုးတွေ အကုန်လွတ်ထွက်ပြီး ချွေးတွေ ရေလို ကျလာလိမ့်မယ်။ အကြိမ်ကြိမ် လုပ်လိုက်ရင် သူ့ကို အသက်ရှင်လျက်နဲ့ သေချင်စိတ်ပေါက်အောင် လုပ်လို့ရတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် ဘယ်အကျဉ်းသားမှ တောင့်မခံနိုင်ဘူး။"
ဖန်ကျန်းရီ တစ်ယောက် ကြက်သီးများ ထသွားပြီး အံ့ဩစွာဖြင့် မေးလိုက်၏။ "ခင်ဗျား ဘယ်က ရောက်လာလို့ ဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ။"
အောက်ခြေအရာရှိက ပြန်ဖြေလိုက်သည်။ "ကျုပ်က တုန်းချန်အဖွဲ့ ကနေ ပြောင်းလာတာပါ။ လူအင်အား မလုံလောက်လို့ ယာယီ ကူညီပေးဖို့ လိုအပ်တယ်ဆိုပြီး..."
ဖန်ကျန်းရီက ကျန်းရှီ ကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်လိုက်သည်။ ထို့ကြောင့် ဆက်မေးလိုက်၏။ "တခြား နည်းလမ်းတွေကော ရှိသေးလား။"
"ရှိတာပေါ့။ အများကြီးပဲ။ လက်ညှိုးကို ညှပ်တာ၊ ခြေထောက်ကို ညှပ်တာ၊ အရေခွာတာ၊ လျှာဖြတ်တာ၊ ကျောရိုး ချိုးတာ၊ လက်ချောင်းဖြတ်တာ၊ ထိုးဖောက်တာ..." အောက်ခြေအရာရှိက ရေပက်မဝင်အောင် အဆက်မပြတ် ရှင်းပြနေပြီး ကျန်းရှီ ၏ နဖူးတွင် ချွေးစေးများ ထွက်လာသည်။
သူတင်မကဘဲ ဖန်ကျန်းရီ လည်း ဤအရာများကို ကြားရသည်မှာ စိတ်ထဲတွင် အလွန် မသက်မသာ ဖြစ်လာသည်။ ရှေးခေတ်က ရက်စက်ကြမ်းကြုတ်သော နှိပ်စက်နည်းများကို သူ ယခုတိုင် လက်မခံနိုင်သေးချေ။ ဤအရာများက ထိရောက်မှု အလွန် မြင့်မားသော်လည်း အလွယ်တကူ စွဲလမ်းသွားစေနိုင်ရာ သူကိုယ်တိုင် သွေးအေးသော လူသတ်သမား တစ်ယောက် ဖြစ်သွားမည်ကို စိုးရိမ်မိ၏။
အောက်ခြေအရာရှိ ပြော၍ အတော်လေး ပြည့်စုံသွားသောအခါ ဖန်ကျန်းရီက လောဆော်လိုက်သည်။ "ရပြီ…ခင်ဗျား အပြင်ထွက်တော့။ သေဒဏ်ကင်းလွတ်ခွင့် လက်မှတ် အကြောင်း သွားစုံစမ်းတော့။"
အောက်ခြေအရာရှိ ထွက်သွားပြီးနောက် ဖန်ကျန်းရီက ကျန်းရှီ ကို ပြောလိုက်သည်။ "အမတ်မင်းကျန်း... ကျုပ်က အကြမ်းဖက်ရတာကို လုံးဝ မကြိုက်တဲ့သူပါ။ ခင်ဗျား ဒီတိုင်းပဲ ဝန်ခံလိုက်ပါတော့။ ဝူမင်းသား နဲ့ ဘာတွေဖြစ်ခဲ့တာလဲ။ ငွေတိုက်ကို ဘယ်မှာဝှက်ထားတာလဲ။ ကျုပ်တို့ အားလုံးက ပညာတတ်တွေပဲလေ။ ဘာလို့ ဒီလို ရိုင်းရိုင်းစိုင်းစိုင်းတွေ လုပ်နေရမှာလဲ။"
အဘိုးယန် က ဖြည်းညှင်းစွာ ခေါင်းလှည့်လာပြီး ငေးမောသော အကြည့်များဖြင့် ဖန်ကျန်းရီကို လှမ်းကြည့်နေ၏။