← Chapters

အခန်း (၅၆၃-၅၆၄)

Vol. 31 Ch. 563-564

အခန်း (၅၆၃-၅၆၄)

Vol. 31 Ch. 563-564

အပိုင်း (၅၆၃) မတူညီသော ကျင်းယီဝေ။

ကျန်းရှီ၏ မျက်နှာက အလွန် ဆိုးရွားနေသော်လည်း ပါးစပ်ကတော့ ခေါင်းမာနေဆဲပင် ဖြစ်၏။

ချက်ချင်း အဖြေမပေးဘဲ ပြောလိုက်သည်။ "ဖန်ကျန်းရီ... ငါက သေဖို့ သေချာနေပြီ။ မင်းကော ကောင်းကောင်း နေရမယ်လို့ ထင်နေတာလား။ မင်းလို စာပေပညာရှင် တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အောက်တန်းကျခံပြီး ကျင်းယီဝေမှာ ဝင်လုပ်တယ်။

လူတိုင်းက မင်းကို ကြောက်နေကြလိမ့်မယ်။ နောင်ကျရင် အမတ်တွေအားလုံးက မင်းရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ကြလိမ့်မယ်။ ငါ ဘယ်လိုသေမလဲဆိုတာကို သူတို့ စောင့်ကြည့်နေကြတယ်။ မင်း သတ္တိရှိရင် ငါ့ကို နှိပ်စက်ကြည့်လိုက်။ ဒါပေမဲ့ငါမင်းကို ပြောလိုက်မယ်။ ဒီနေ့ ဒီနေရာကို ရောက်လာတဲ့ မင်းလည်း နောက်ဆုံးကျရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ ငါက အရာရှိလောကမှာ ဒီလောက်ကြာအောင် ကျင်လည်ခဲ့တာ။ လုံးဝ အမြင်မမှားနိုင်ဘူး။"

ဖန်ကျန်းရီက ဖြည်းညှင်းစွာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အေးချမ်းသော အကြည့်များဖြင့် ကြည့်၍ တီးတိုး ပြောလိုက်၏။ "ခင်ဗျား ကျုပ်ကို မုန်းနေလား။ ကျုပ်က ခင်ဗျားကို မမုန်းပါဘူး။ ဒီလောကမှာ ကျုပ် မုန်းဖို့ ထိုက်တန်တဲ့သူ မရှိဘူး။ ဤအချက်ကပဲ ကျုပ်နဲ့ ခင်ဗျားရဲ့ ကွာခြားချက်ပဲ။

ခင်ဗျားက မြူခိုးတွေကြားထဲ ရောက်နေတော့ အနာဂတ်ကို မှန်းဆရုံပဲ တတ်နိုင်တယ်။ ကျုပ်ကတော့ ခင်ဗျားထက် ပိုပြီး အဝေးကြီးကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။

ကျင်းယီဝေ က ကျုပ်လက်ထဲမှာ ခင်ဗျား စိတ်ကူးယဉ်လို့တောင် မရနိုင်တဲ့ ပုံစံမျိုး ဖြစ်လာမှာပါ။ ခင်ဗျား ပြောတာ မှန်ပါတယ်။ အမတ်တွေ အားလုံးက ကျုပ် ခင်ဗျားကို ဘယ်လို ဆက်ဆံမလဲ ဆိုတာကို စောင့်ကြည့်နေကြတယ်။

အရှင်မင်းကြီးက ကျင်းယီဝေ ကို အသစ်ပြန်ဖွဲ့စည်းလိုက်တော့ လူတိုင်းက အနာဂတ်မှာ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို စိုးရိမ်နေကြတာ။ အထူးသဖြင့် ကျုပ်ရဲ့ လက်ထဲမှာဆိုတော့ သူတို့က ပိုပြီးတော့တောင် စိုးရိမ်ကြသေးတယ်။

ဒါပေမဲ့ သူတို့ ထင်တာ မှားတယ်။ ကျုပ်က သူများကို ဒုက္ခပေးဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ အရေးကြီးတဲ့ အချိန်ကျရင် ရှေ့ထွက်ပြီး ကာကွယ်ပေးတာမျိုးတောင် ဖြစ်နိုင်တယ်။ ခင်ဗျားကိုလည်း အဲဒီလိုပဲ။ တကယ်လို့ ခင်ဗျားသာ ပူးပေါင်းကူညီမယ်ဆိုရင် ကျုပ် ခင်ဗျားကို နှိပ်စက်မှာ မဟုတ်တဲ့အပြင် ခင်ဗျားရဲ့ မိသားစုကိုပါ ကယ်တင်ပေးနိုင်တယ်။ ခင်ဗျားဘက်က ငွေတိုက်ရှိတဲ့ နေရာနဲ့ ဝူမင်းသား ရဲ့ သတင်းတွေကို အကုန်ဖွင့်ဟဖို့ပဲ လိုတယ်။"

ကျန်းရှီ ၏ မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုမှုများ ပြည့်နှက်နေပြီး လှောင်ပြောင်လျက် ပြောလိုက်သည်။ "စကားလှလှလေး တွေကိုတော့ ကောင်းကောင်း ပြောတတ်သားပဲ။ ငါက မင်းကို ယုံမယ်လို့ ထင်နေတာလား။ အရှင်မင်းကြီးက မင်းကို ယုံကြည်လို့ ကျင်းယီဝေ တပ်မှူးကြီး ရာထူး ပေးထားတာ။ တိုင်းပြည်ရဲ့ အမှုအခင်းတွေကို စီရင်ခွင့် အကုန်လုံး မင်းလက်ထဲမှာ ရှိနေပြီ။

မင်းရဲ့ အပုပ်ချနိုင်တဲ့ စွမ်းရည်နဲ့ဆိုရင် ဘယ်သူ့ကို သေစေချင်လဲ၊ သေစေလို့ ပြုမူလို့ရနေတာပဲ မဟုတ်လား။ အိမ်ရှေ့စံမင်းသား ကလည်း မင်းအနားမှာ ရှိနေတာ။ နောင်ကျ သူ နန်းတက်လာရင် မင်းက ပိုပြီး ဥပဒေမဲ့ လုပ်လာမှာ မဟုတ်ဘူးလား။

ဂုဏ်ပြုပါတယ် ဖန်လူကြီးမင်း။ မင်းက အသက်ငယ်ငယ်လေးနဲ့ လူသောင်းချီရဲ့ အထက်ကို ရောက်နေပြီ။ ဒါပေမဲ့ အရမ်းကြီး စောပြီး ဝမ်းသာမနေနဲ့အုံး … မင်းလည်း ငါတို့လိုပဲ အမြင့်ဆုံးကို ရောက်လေ၊ အကျနာလေ ဖြစ်မှာပဲ။"

ဖန်ကျန်းရီက သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ကျုပ်က ခင်ဗျားနဲ့ မတူဘူး။ အာဏာနဲ့ စည်းစိမ်ကို ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် ဒီဘဝမှာ ပျော်ရွှင်မှုကိုပဲ ရှာဖွေတယ်။ ပျော်ရွှင်မှုဆိုတာကို ခင်ဗျား နားလည်လား။ ခင်ဗျား နားမလည်ဘူး။ ခင်ဗျားရဲ့ အဆင့်အတန်းက အရမ်း နိမ့်ကျလွန်းတယ်။"

ဘေးခန်းမှ အဘိုးယန် က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ဟန်ဆောင်ကောင်းတဲ့ လူယုတ်မာ။ ကိုယ့်ကိုယ်ကိုယ် ချမ်းသာကြွယ်ဝမှုကို ဂရုမစိုက်ဘူးလို့တောင် ပြောထွက်သေးတယ်။ အပြင်မှာတော့ မင်းရဲ့ သတင်းစာတိုက်က နေ့တိုင်း ရွှေတွေ ဝင်နေပြီး သတင်းထောက်တွေကတော့ ခွေးလို ဆင်းရဲနေတယ်လို့ သတင်းထွက်နေတာ။ ဒါက မင်း ဖန်ကျန်းရီ အကျင့်ပျက် ခြစားထားတာ မဟုတ်လား။"

ဖန်ကျန်းရီက မြေကြီးပေါ်ရှိ တုတ်ကို ကောက်ယူကာ အကြိမ်အနည်းငယ် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

အဘိုးယန် သည် ချက်ချင်းပင် မြေကြီးပေါ်တွင် ခွေနေကာ အသံထပ်မထွက်ရဲတော့ချေ။

ဖန်ကျန်းရီ အနည်းငယ် အံ့အားသင့်သွားမိ၏။

သတင်းစာတိုက် အကြောင်းက အပြင်မှာ ဤမျှလောက်ထိတောင် သတင်းထွက်နေပြီလား။ သူ မသွားခင်တုန်းက သတင်းထောက်ဆိုသည်မှာ လူတိုင်း အားကျရသော အလုပ်တစ်ခု ဖြစ်ခဲ့ပေမည့် ယခု ဤကဲ့သို့သော စကားများ ထွက်ပေါ်လာရခြင်းမှာ လူသစ်တွေ အများကြီး ခေါ်လိုက်၍ တစ်ယောက်ယောက်က အပြင်မှာ လျှောက်ပြောခြင်းသာ ဖြစ်ရမည်။

ကြည့်ရသည်မှာ ပြဿနာကို အမြန်ဆုံး ဖြေရှင်းရတော့မည်။ မဟုတ်လျှင် သူ ဖန်ကျန်းရီ က ခေါင်းပုံဖြတ်သောသူ ဖြစ်သွားတော့မည်။

ဖန်ကျန်းရီက မေးလိုက်သည်။ "ဘယ်လိုလဲ အမတ်မင်းကျန်း... ကျုပ် ဒီလောက် စကားတွေ အများကြီး ပြောနေတာ ခင်ဗျား ဘယ်လို စဉ်းစားထားလဲ။"

ကျန်းရှီ က ခေါင်းယမ်းလိုက်၏။ "မင်း ပြောတဲ့ စကားတစ်ခွန်းကိုမှ ငါမယုံဘူး။"

ခေါင်းမာလွန်းသော်လည်း ဖန်ကျန်းရီက သည်းခံမှုကို ထိန်းသိမ်းထားလျက် စိတ်အေးအေးထားကာ ဆက်ပြောလိုက်သည်။ "ကျုပ်က ခင်ဗျားကို အကြပ်မကိုင်ချင်ပါဘူး။ ခင်ဗျား ပြောတာ မှန်ပါတယ်။ တကယ်လို့ ကျုပ်ရဲ့ နည်းလမ်းတွေက အရမ်း ရက်စက်လွန်းရင် အမတ်တွေ အားလုံးက ထိတ်လန့်ကုန်ကြလိမ့်မယ်။

ဒါကြောင့် ခင်ဗျားကို ရလဒ်ကောင်းတစ်ခု ရအောင် ကျုပ် နည်းလမ်းရှာပေးပါ့မယ်။ သေချာ တွေးကြည့်ရင် ဝူမင်းသား က တိုင်းပြည်အတွက် ကျေးဇူးရှိပါတယ်။ ခင်ဗျားက အလိုတူအလိုပါ ဖြစ်ပေမဲ့ တစ်နည်းအားဖြင့် အပြစ်ကို ကောင်းကျိုးနဲ့ ချေဖျက်ခွင့် ရနိုင်ပါသေးတယ်။

ကျုပ်က တရားမျှတမှုကို အကြိုက်ဆုံးပဲ။ တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်တာက ကျုပ်ရဲ့ ပုံစံ မဟုတ်ဘူး။ တစ်ယောက် အပြစ်လုပ်တာနဲ့ မိသားစု တစ်ခုလုံးကို သတ်ပစ်တာမျိုးကို ကျုပ် ပိုပြီး မုန်းတယ်။"

ရိုးရိုးသားသား ပြောရလျှင် ဖန်ကျန်းရီသည် အလွန်အမင်း ရက်စက်စွာ မနှိပ်စက်ချင်ပေ။ အဓိကအားဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် ဖြစ်၏။ ကျင်းယီဝေ ၏ အာဏာက အလွန် ကြီးမားလွန်းသဖြင့် အမတ်များက သူ အပုပ်ချမည်ကို တကယ် ကြောက်ရွံ့နေကြသည်။ နန်းတော်ထဲတွင် မည်သူမှ သန့်ရှင်းသူ မရှိရာ အပြစ်ရှာမည် ဆိုလျှင် အမြဲတမ်း ရှာတွေ့နိုင်သည်။

လူတိုင်း၏ ခေါင်းပေါ်တွင် ဓားတစ်လက် ဆွဲထားသကဲ့သို့ အချိန်မရွေး ကျရောက်လာနိုင်၏။ သူက ယခု ဓားကိုင်ထားသူ ဖြစ်ပြီး အမတ်အားလုံးက သူ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ လှုပ်ရှားရတော့မည်။

အကယ်၍ အခြေအနေ တစ်ခုခု မှားယွင်းသွားပြီး လူတိုင်း ထိတ်လန့်သွားစေမည့် မြင်ကွင်းမျိုးကို ဖန်ကျန်းရီ မမြင်တွေ့ချင်ပေ။

ကျန်းရှီ ၏ မျက်နှာပေါ်တွင် မင်းရဲ့ အကြံကို ငါသိပြီးသားပါ ဆိုသည့် အမူအရာမျိုး ပေါ်နေသည်။ သူက ပြောလိုက်သည်။ "ဆက်မပြောပါနဲ့တော့။ ကျုပ် နားမထောင်ချင်ဘူး။"

ဖန်ကျန်းရီက သူ့ကို ထိုးကြိတ်ချင်စိတ်ကို အတင်းအောင့်အည်းကာ ရှေ့တိုး၍ တီးတိုးပြောလိုက်၏။ "ကျုပ် ခင်ဗျားကို အဆိပ်တစ်ပုလင်း ပေးမယ်။ ဘယ်လိုလဲ …. အကျဉ်းထောင်ထဲမှာ သေရတာက ခန္ဓာကိုယ် နာကျင်ရတဲ့ ဒဏ်ကို သက်သာစေတယ်။ ခင်ဗျားရဲ့ အပြစ်က ဆွေစဉ်မျိုးဆက် သုံးဆက်လုံး အသတ်ခံရဖို့ သေချာနေပြီ။ ခင်ဗျားက ငွေတိုက်ရှိတဲ့ နေရာကို တိုက်ရိုက် ဝန်ခံလိုက်ပါ။ ကျုပ်က အရှင်မင်းကြီးဆီ သွားပြီး အသနားခံပေးမယ်။ ရှင်သန်နိုင်မယ့် အခွင့်အရေး တစ်ခုလောက်တော့ ရှိကောင်း ရှိနိုင်ပါသေးတယ်။"

ကျန်းရှီ၏ မျက်လုံးများ ပြောင်းလဲသွားကာ မေးလိုက်သည်။ "မင်း တကယ်ပဲ ဒီလောက် သဘောကောင်းနေတာလား။"

ဖန်ကျန်းရီက ပြုံးလျက် ပြန်ဖြေလိုက်၏။ "ဒါမှမဟုတ်ရင်ကော... ကျုပ်က ခင်ဗျားကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်လိုက်ရမှာလား။ လူတိုင်း ကျုပ်ကို ကြောက်သွားအောင် လုပ်ပြီး အမတ်တွေအားလုံးရဲ့ ဆန့်ကျင်ဘက်ကို ရောက်အောင် လုပ်ရမှာလား။ နောက်ဆုံးမှာ အဆုံးသတ် မလှအောင် လုပ်ရမှာလား။ ကျုပ်က လူကောင်း တစ်ယောက် ဖြစ်ချင်တယ်။ အားလုံးနဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ ခင်ဗျား ကျုပ်ကို ဒီအခွင့်အရေး ပေးမလား၊ မပေးဘူးလား။"

လေထုက တိတ်ဆိတ်သွားပြီး ကျန်းရှီ သည် စဉ်းစားခန်း ဝင်နေ၏။

ဖန်ကျန်းရီ လည်း အလောတကြီး မလုပ်ဘဲ သူ့ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

တစ်ဦးတည်းသော ထိတ်လန့်နေသူမှာ အဘိုးယန် ပင် ဖြစ်၏။ သူက အသက်ကြီးနေသော်လည်း နားက ကောင်းနေသေးသည်။ ခုနက ပြောခဲ့သော စကားများကို သူ ကြားလိုက်ရသည်။ ဖန်ကျန်းရီက အပေးအယူ လုပ်နေပြီး ကျန်းရှီ ၏ မိသားစုကို ကယ်တင်ပေးနိုင်သည် ဟု ပြောခဲ့၏။

ကျန်းရှီ လည်း အရူးမဟုတ်ရာ ယခုအချိန် စဉ်းစားနေသည်ဆိုကတည်းက တကယ် မျှော်လင့်ချက် ရှိနေကြောင်း သိသာလှပေသည်။

အဘိုးယန် က စိတ်လှုပ်ရှားစွာ တွားသွားလာပြီး သစ်သားတိုင်များကို ဖက်ကာ ကျန်းရှီကို စိုးရိမ်တကြီး စိုက်ကြည့်နေ၏။ ယန်မိသားစု တွင်လည်း ငွေရှိသည်။ ယခု သေချာပေါက် သေရမည့် အခြေအနေ ဖြစ်နေပြီဆိုတော့ မိသားစုမှ မျိုးဆက်သစ်လေး တစ်ယောက်၏ အသက်ကို ကယ်တင်နိုင်မည်ဆိုလျှင် သူ အရာအားလုံးကို သဘောတူ၏။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျန်းရှီ က ယိမ်းယိုင်စွာ မတ်တပ်ရပ်လာပြီး ဖန်ကျန်းရီကို စိုက်ကြည့်လိုက်သည်။ ဖြည်းညှင်းစွာ အရိုအသေပေးလျက် လေးနက်စွာ ပြောလိုက်သည်။ "ဖန်လူကြီးမင်း... ခင်ဗျား ကျုပ်ကို လိမ်နေတာလား ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ တခြား မျှော်လင့်ချက်လည်း မရှိတော့ပါဘူး။ ကျုပ်မှာ ငွေတိုက် သုံးခု ရှိတယ်။ အခု တစ်ခုကို အရင် ပေးလိုက်မယ်။ မနက်ဖြန် အရှင်မင်းကြီးရဲ့ အမိန့်တော်နဲ့ အဆိပ်ကို မြင်ရမယ်။ ခင်ဗျား ကတိတည်ဖို့ မျှော်လင့်ပါတယ်။"

ဖန်ကျန်းရီက စကားလုံး နှစ်လုံးကို ညင်သာစွာ ပြောလိုက်၏။ "သဘောတူတယ်။"

ဘေးမှ အဘိုးယန် က ရုတ်တရက် ခုန်ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဖန်လူကြီးမင်း … ဖန်လူကြီးမင်း။ ကျုပ်အိမ်မှာလည်း ပိုက်ဆံရှိတယ်။ ကျုပ်လည်း လုပ်နိုင်တယ်။"

ဖန်ကျန်းရီက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ခင်ဗျာကတော့ သေလိုက်တော့။"

အပိုင်း (၅၆၄) ဖန်လူကြီးမင်း၏ ဟောပြောပွဲ ပြင်ဆင်မှု။

"တောင်းပန်ပါတယ် ဖန်လူကြီးမင်း။"

"တောင်းပန်ပါတယ် ဖန်လူကြီးမင်း။"

ဖန်ကျန်းရီ အကျဉ်းထောင်ထဲမှ ထွက်လာသောအခါ မြောက်ပိုင်းစစ်ကြောရေးရုံး အပြင်ဘက်တွင် အော်ဟစ်သံများ ဆူညံနေပြီ ဖြစ်၏။

ခြံဝင်းအတွင်းသို့ ရောက်သောအခါ လူခြောက်ယောက်က ချွေးသံတရွဲရွဲဖြင့် ပြေးနေကြပြီး အားလုံးက တောင်းပန်ပါတယ် ဖန်လူကြီးမင်း ဟု တညီတညွတ်တည်း အော်ဟစ်နေကြသည်။

ရှေ့ဆုံးမှ ပြေးနေသော ရိန်ဟွာ၏ မျက်နှာမှာ ဖူးရောင်နေပြီး ကျန်းပြောင် က အလယ်တွင် လက်ပိုက်ရပ်ကာ သူ့ကို စိုက်ကြည့်နေ၏။

ကြည့်ရသည်မှာ အရိုက်ခံထားရပုံပေါ်ပြီး ရိန်ဟွာ က ဤလူခြောက်ယောက် အုပ်စု၌ ခေါင်းဆောင်နေရာတွင် ရှိနေကြောင်း သိသာလှသည်။ ကျန်သူများကလည်း ခေါင်းဆောင် မျက်နှာပျက်နေသည်ကို မြင်သောအခါ သူ့ကို တစ်ယောက်တည်း အော်ခိုင်းရန် မဖြစ်နိုင်သဖြင့် အားလုံး အတူတူ လိုက်အော်နေကြခြင်း ဖြစ်သည်။

ဖန်ကျန်းရီက ပြုံးလျက် တံခါးဘောင်ကို မှီကာ သူတို့ အော်နေသည်ကို နားထောင်နေလိုက်သည်။ ရိန်ဟွာ ၏ လည်ချောင်းများ အနည်းငယ် ကွဲအက်လာပြီး ဖန်ကျန်းရီကို အကူအညီတောင်းသကဲ့သို့ လှမ်းကြည့်နေ၏။

နောက်ထပ် နှစ်ပတ်ခန့် ပြေးပြီးမှသာ ဖန်ကျန်းရီက စကားစပြောလိုက်သည်။ "ရပြီ… ဒီလောက်ဆို ရပ်လို့ရပြီ။ ဘယ်နှစ်ပတ် ပြေးပြီးပြီလဲ။"

ကျန်းပြောင် က ပြန်ဖြေ၏။ "ရှစ်ဆယ့်ကိုးပတ်ပါ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "အင်း … ရှစ်ဆယ့်ကိုးပတ်တည်းနဲ့ မရတော့ဘူးလား။ ဤလို ကိုယ်ခံအားမျိုးနဲ့ ကျင်းယီဝေ အတွက် ဘယ်လိုလုပ် အလုပ်လုပ်နိုင်မှာလဲ။ ခင်ဗျားတို့ ဆက်ပြေးကြ။ အပတ် နှစ်ရာ ပြည့်မှ အနားယူခွင့်ရမယ်။

ကျန်းပြောင်... မင်း သူတို့ကို စောင့်ကြည့်ထားလိုက်။ ငါ သတင်းစာတိုက်ကို သွားလိုက်အုံးမယ်။ ညဘက် အိမ်ပြန်ရောက်ရင် ရှောင်ထောင် ကို သွားရှာဖို့ မမေ့နဲ။ တောက်ယွမ်ခရိုင် က ညီအစ်ကိုတွေကို ကျင်းယီဝေ မှာ အလုပ်,လုပ်ဖို့ ဒီကို ပြောင်းလာခိုင်းလိုက်။ ပြီးတော့ ဟောပြောမယ့်သူတချို့ကို ခေါ်ပြီး ပြဋ္ဌာန်းစာအုပ် တချို့ ယူလာခဲ့ခိုင်းလိုက်။"

ကျန်းပြောင် က ခေါင်းကုတ်ကာ မေးလိုက်၏။ "ဘာပြဋ္ဌာန်းစာအုပ်ကို ယူရမှာလဲ။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "အပြုအမူ စည်းမျဉ်းတွေ၊ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေလေ။"

တောက်ယွမ်ခရိုင်တွင် ပြည်သူများ စည်းလုံးညီညွတ်စွာ ကြိုးစားအားထုတ်နိုင်ရန်၊ အတွေးအခေါ် ချုပ်နှောင်မှုများကို ချိုးဖျက်နိုင်ရန်၊ ခရိုင်နှင့် မိသားစုကို ချစ်မြတ်နိုးရန် ပြဋ္ဌာန်းစာအုပ် အများအပြားကို ပြုစုထားခဲ့ပြီး ထိုအရာအားလုံးက ဖန်ကျန်းရီ ကိုယ်တိုင် ဦးစီးလုပ်ဆောင်ခဲ့သော အဓိက စီမံကိန်းများ ဖြစ်၏။

ဤအရာများကို လွန်ခဲ့သော အချိန်အတော်ကြာတည်းက ခရိုင်အတွင်းရှိ အရာရှိများ၏ အကျင့်စာရိတ္တကို ပြုပြင်ရန် ဖန်ကျန်းရီ ကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်ပြီး လက်တွေ့ အခြေအနေများနှင့်အညီ အဆက်မပြတ် ပြင်ဆင်လာခဲ့ရာ နှစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ တောက်ယွမ်ခရိုင် အစိုးရရုံးအတွက် အရည်အချင်းပြည့်မီသော စီမံခန့်ခွဲသူ အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ဤသည်မှာ ယခင်ဘဝမှ အဖိုးတန် မှတ်ဉာဏ်များပင် ဖြစ်သည်။

စာအုပ်ထဲရှိ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားများက သဘာဝကျကျပင် ဖန်ကျန်းရီ၏ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားများ ဖြစ်ပြီး၊ အပြုအမူ စည်းမျဉ်းများကလည်း ဖန်ကျန်းရီ၏ အပြုအမူ စည်းမျဉ်းများပင် ဖြစ်သည်။ နောက်ဆုံးတွင် ဖတ်စာအုပ်ထဲမှ အပိုင်းအစတချို့ကိုပါ ရောနှောထည့်သွင်းထားခဲ့သည်။

ဤကဲ့သို့ လမ်းလွဲနေသော ပြုပြင်မွမ်းမံထားသည့် ဗားရှင်းမျိုးကို ခေတ်သစ်သို့ ယူသွားမည်ဆိုလျှင် သေချာပေါက် ဝေဖန်ခံရပေမည်။

သို့ပေမည့် ကျင်းတိုင်းပြည် တွင်တော့... ဖန်လူကြီးမင်း၏ အထွေထွေ အသိပညာအဆင့်နှင့် လောကလုံးဆိုင်ရာ တန်ဖိုးထားမှုများက လူအများအပြားကို လွှမ်းမိုးနိုင်စွမ်း ရှိနေပေလိမ့်မည်။

အချိန်က စောသေးပြီး ကျင်းယီဝေ ဘက်တွင်လည်း လူအင်အား မပြည့်စုံသေးသဖြင့် လုပ်စရာ အလုပ် သိပ်မရှိသေးချေ။

အရေးအကြီးဆုံးကတော့ သတင်းစာတိုက်ပင် ဖြစ်၏။ သတင်းစာတိုက်တွင် ပြဿနာတစ်ခုခု ဖြစ်နေကြောင်း သိသာလှသည်။ ထို့အပြင် ကျင်းယီဝေ အဖွဲ့ဝင်များကို ရှာဖွေစုဆောင်းရန်အတွက် သတင်းစာတိုက်၏ အကူအညီ လိုအပ်သည်။

စီမံခန့်ခွဲသူများကို ဘုရင်မင်းမြတ် ကိုယ်တိုင် ရွေးချယ်ထားသော်လည်း အောက်ခြေမှ အလုပ်လုပ်မည့် သူများကိုတော့ ဖန်ကျန်းရီ ကိုယ်တိုင် ရှာဖွေရမည်။ နောက်ခံ ရှင်းလင်းပြီး အခြေခံကောင်းမွန်သော ပြည်သူများကို ရွေးချယ်ရာတွင် တစ်မြို့တော်လုံး၌ သတင်းစာတိုက်ထက် ပိုကောင်းသော အဖွဲ့အစည်း မရှိနိုင်ချေ။ မည်သို့ပင်ဖြစ်စေ သူတို့က နေ့တိုင်း လမ်းကြိုလမ်းကြား လျှောက်သွားကာ ပြည်သူများ၏ စိတ်ဝင်စားဖွယ် ဇာတ်လမ်းများကို နားလည်ထားကြသည် မဟုတ်လား။

မြောက်ပိုင်းစစ်ကြောရေးရုံး မှ ပန်းရှန်းရပ်ကွက် သို့ အကွာအဝေးက သိပ်မနီးလှချေ။

ဖန်ကျန်းရီ သတင်းစာတိုက်သို့ ရောက်သွားသောအခါ သူ၏ မျက်နှာပေါ်တွင် အံ့ဩမှင်တက်သွားသော အမူအရာများ ပေါ်လွင်လာ၏။

မူလက အကန့်လေးများ ကန့်ထားသော နေရာများအားလုံးကို ဖျက်ပစ်လိုက်ပြီး ကြီးမားသော နေရာလွတ်ကြီး အဖြစ် ပြောင်းလဲလိုက်ကာ စားပွဲရှည်ကြီးများနှင့် ကုလားထိုင်များ အပြည့် ချထားသည်။ ကျောင်းစာသင်ခန်း နှင့်ပင် တူနေသည်။

ဘေးခန်းမှ အိမ်သေးသေးလေး တစ်လုံးကိုပါ ထပ်ဝယ်လိုက်ပုံရပြီး အဆောက်အအုံ နှစ်ခုကို ဖောက်ချလိုက်သဖြင့် နေရာက အတော်လေး ကျယ်ဝန်းသွား၏။

သတင်းထောက် အများအပြားက အလုပ်များနေကြပြီး ယခုလေးတင် စုဆောင်းလာခဲ့သော သတင်း အချက်အလက် အထပ်လိုက်ကြီးများကို ကိုင်ဆောင်ကာ ဟိုဟိုဒီဒီ သွားလာနေကြသည်။ ဤအပြင်အဆင်နှင့် မြင်ကွင်းက ကွန်ပျူတာများနှင့် မီးချောင်းများသာ လိုတော့သည်။

မပြောင်းလဲသေးသည့် တစ်ခုတည်းသော အရာကတော့ ယခင်က သူ နံရံပေါ်တွင် ရေးထားခဲ့သော သွေးဆူစေမည့် ဆောင်ပုဒ်များပင် ဖြစ်၏။ ဝံပုလွေလို အဖွဲ့အစည်း၊ လူငယ်ဘဝကို ပေးဆပ်ခြင်း အစရှိသည်တို့ ဖြစ်၏။

ကုမ္ပဏီ ဝန်ထမ်းများ၏ ငရဲခန်း အစပျိုးမှုက စတင် ပေါ်ပေါက်လာနေပြီဖြစ်ရာ ဖန်ကျန်းရီ၏ စိတ်ထဲတွင် အိမ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လူသစ်များ အများအပြား ရောက်လာသောကြောင့် ဖန်ကျန်းရီကို မသိကြသလို မည်သူကမှလည်း လာရောက် မနှုတ်ဆက်ကြဘဲ ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်များနေကြ၏။

ဖန်ကျန်းရီက တိတ်တဆိတ် တစ်ပတ် ပတ်ကြည့်လိုက်ရာ ယခင်က ရှဲ့ရှန်း သီးသန့်သုံးခဲ့သော အခန်းလေး ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် တံခါးကို တိုက်ရိုက် တွန်းဖွင့်၍ ဝင်သွားလိုက်သည်။

အခန်းထဲတွင် လီယွမ်ကျောက်၊ ရှန်ရီ နှင့် ရှဲ့ရှန်း တို့ ရှိနေကြ၏။

ဖန်ကျန်းရီ လာသည်ကို မြင်သောအခါ ရှန်ရီ နှင့် ရှဲ့ရှန်း တို့က အလျင်အမြန် နှုတ်ဆက်ကြသည်။

လီယွမ်ကျောက်က သွားဖြီးကာ ရယ်မောလျက် ပြောလိုက်သည်။ "ဖန်ကြီး... ခင်ဗျား ရောက်လာပြီပဲ။ ခင်ဗျား မလာတော့ဘူးဆိုရင် သတင်းစာတိုက်ကို ဂရုမစိုက်တော့ဘူးလို့တောင် ထင်နေတာ။ မနက်ပိုင်းက ဘယ်သွားနေတာလဲ။"

ဖန်ကျန်းရီက တိုက်ရိုက်ပင် မေးလိုက်၏။ "အိမ်ရှေ့စံမင်းသား... သတင်းစာတိုက်က ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ။"

လီယွမ်ကျောက်က ခေါင်းစောင်း၍ စဉ်းစားပြီး ပြောလိုက်သည်။ "ဪ ... ဒါက လူခေါ်ထားတာ အရမ်းများသွားလို့လေ။ နည်းနည်းလေး ပူးကပ်ပြီး နေရာပြန်ချပေးလိုက်ရတာ။ ကျုပ်တို့ အရင်က သတင်းထောက်တွေ အတွက် အိမ်ကြီးတစ်လုံး ဝယ်ပေးခဲ့တာ မှတ်မိသေးလား။ တောင်တွေ ရေကန်တွေ ရှိတဲ့အိမ်လေ။

အဲဒီနေရာက ပုံနှိပ်တိုက်နဲ့ နည်းနည်း ဝေးတော့ ဘယ်သူမှ မသွားချင်ကြဘူး။ ဒါနဲ့ ကျုပ်က အဲဒီအိမ်ကို ရောင်းလိုက်ပြီး ဘေးက အိမ်လေးတစ်လုံးကို ဝယ်ပြီး အခန်းတွေကို ဖောက်ချလိုက်တာ။ အခု နည်းနည်း ပူးကပ်လိုက်ရင် လူတစ်ထောင်လောက် ဆံ့ပါတယ်။"

ဖန်ကျန်းရီက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "ဒါဆိုရင် ထမင်းစားခန်းကလည်း ဆံ့မှာ မဟုတ်ဘူးလေ။"

လီယွမ်ကျောက်က ပေါ့ပေါ့ဆဆ ပြောလိုက်သည်။ "ဟုတ်တယ်။ ဒါကြောင့် ရှန်ရီ က ထမင်းစားခန်းကို ပိုက်ဆံကောက်ဖို့ အကြံပြုတာလေ။ ပိုက်ဆံပေးရမယ်ဆိုတော့ လာစားတဲ့သူ နည်းသွားတာပေါ့။ အခုတော့ လောက်င ပါတယ်။

ဖန်ကြီး... ခင်ဗျား မသိပါဘူး။ အသစ်ရောက်လာတဲ့ သတင်းထောက်တွေက အရမ်း ပျင်းကြတယ်။ အလုပ်ဆင်းချိန်ရောက်တာနဲ့ စာကြည့်တိုက်ကိုပဲ ပြေးကြတာ။ ကျုပ်တို့ရဲ့ စာကြည့်တိုက်ကိုပဲ သီးသန့် လာကြတဲ့သူတွေချည်းပဲ။ အခု ကျုပ်တို့က စာကြည့်တိုက်ကို ပိုက်ဆံကောက်ဖို့တောင် စဉ်းစားနေတာ။ ဘယ်လိုလုပ်သင့်လဲ ပြောကြည့်ပါအုံး။"

ဖန်ကျန်းရီက ဒေါသတကြီးဖြင့် ခုန်ဆွခုန်ဆွ ဖြစ်သွား၏။ "ဘာလုပ်ရမှာလဲ။ အိမ်ရှေ့စံမင်းသား... ခင်ဗျား လျှောက်လုပ်နေတာ မဟုတ်လား။ အပြင်မှာ အခု ကျုပ်တို့ သတင်းစာတိုက်က နေ့တိုင်း ရွှေတွေ ဝင်နေပြီး သတင်းထောက်တွေကတော့ ခွေးလို နေနေရတယ်လို့ သတင်းထွက်နေပြီ။ ကျုပ်က သတင်းထောက်တွေကို နှိပ်စက်နေတယ်လို့ သွယ်ဝိုက်ပြီး ပြောနေတာနဲ့ အတူတူပဲ မဟုတ်လား။ ကျုပ်ရဲ့ နာမည်တော့ ပျက်ပါပြီ။"

ဖန်ကျန်းရီ၏ သွားများမှာ အလွန် ယားယံနေ၏။ ပြေးကိုက် ပစ်လိုက်ချင်သည်။

ရှန်ရီ လို အလုပ်သမား သစ္စာဖောက်က အလုပ်သမား အချင်းချင်းကို သစ္စာဖောက်ရဲတယ်။ ပြီးတော့ အိမ်ရှေ့စံမင်းသား ကလည်း ပိုက်ဆံကောက်ဖို့လောက်ပဲ သိပြီး နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းဖို့ မသိဘူး။ ဒီလိုဆိုရင် အဆဲခံရဖို့ပဲ ရှိတော့တယ်။

လီယွမ်ကျောက်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ကျုပ်လည်း ပါတာပဲ မဟုတ်လား။ ဖန်ကြီး... ခင်ဗျား ရောက်လာတာ ကွက်တိပဲ။ အသစ်ရောက်လာတဲ့ သတင်းထောက်တွေက အပြင်မှာ လျှောက်ပြောနေကြတာ။ ကွယ်ရာမှာ ကျုပ်တို့က လိမ်လည်ကြော်ငြာတယ်လို့ ပြောနေကြတယ်။"

ခင်ဗျားလည်း ပါတာ မှန်ပေမဲ့ ဘယ်သူက ခင်ဗျားကို ဆဲရဲမှာလဲ။ ချီးထုပ်တွေ အကုန်လုံးက ကျုပ် ခေါင်းပေါ် ရောက်လာတာလေ။

ဖန်ကျန်းရီက မကျေနပ်သော မျက်နှာဖြင့် သူတို့သုံးယောက် အရှေ့သို့ လျှောက်သွားကာ ရှန်ရီ ကို ကြည့်၍ လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဂုဏ်ပြုပါတယ်... တတိယအဆင့် အောင်စာရင်းဝင် ရှန်။"

သူ၏ စိတ်အခြေအနေ မကောင်းသည်ကို ရိပ်မိသော ရှန်ရီ က အနည်းငယ် အနေခက်စွာဖြင့် လက်သီးဆုပ်ကာ ပြန်ပြောလိုက်သည်။ "ဖန်လူကြီးမင်း ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "အင်း .. အိမ်ရှေ့စံမင်းသား ပြောပြလို့ ခင်ဗျားကိစ္စကို ကျုပ် ကြားပြီးပါပြီ။ မြို့တော်မှာ နေမလား၊ နယ်မှာ တာဝန်ထမ်းဆောင်မလားဆိုတော့ ကျုပ်ဆီမှာ နေရာကောင်း တစ်ခု ရှိတယ်။ အောက်ခြေကိစ္စတွေ အကုန်စီစဉ်ပြီးသွားရင် ကျုပ်တို့ သီးသန့် စကားပြောကြတာပေါ့။"

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီက လီယွမ်ကျောက် ကို ကြည့်ကာ ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား... ခင်ဗျားဒီလို လျှောက်လုပ်နေလို့ မရဘူး။ ခင်ဗျားက ငွေကြေးကိစ္စတွေမှာ ပိုပြီး အပြောင်းအလဲ လုပ်လေ၊ အသစ်ရောက်လာတဲ့ သတင်းထောက်တွေကလည်း ငွေကြေးကို ပိုပြီး အရေးပါလေလို့ ထင်ကြလိမ့်မယ်။

ကျုပ်တို့ သတင်းစာတိုက်က ဘာလုပ်ဖို့အတွက်လဲ။ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့အတွက်လေ။ ဒီလူတွေက အရာရှိတောင် မဖြစ်သေးဘဲ ငွေတွင်းထဲကို ကျွံဝင်နေကြပြီဆိုရင် နောင်ကျ ဘယ်လိုလုပ် ပြည်သူတွေအတွက် အလုပ်လုပ်ပေးနိုင်တော့မှာလဲ။ နောက်တစ်ခါ လစာတိုးဖို့နဲ့ အချိန်ပိုဆင်းဖို့ ကိစ္စတွေ ပြောလာရင် ခင်ဗျားက ပြည်သူအပေါ် တန်ဖိုးထားမှု အပိုင်းကနေ စတင်ရမယ်။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပုံမှန် မြှင့်တင်ပေးရမယ်။"

လီယွမ်ကျောက်က ပါးစပ်ဟကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လျက် ပြောလိုက်သည်။ "ကျုပ် နားမလည်ဘူး။ ဖန်ကြီး... ကျုပ် သေချာ မသင်လိုက်ရဘူး။"

ဖန်ကျန်းရီက နောက်လှည့်၍ တံခါးကို တွန်းဖွင့်ကာ အပြင်ဘက်ရှိ နံရံကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။ "ဒါက ဘာခက်လို့လဲ။ နံရံပေါ်မှာ အကုန် ရေးထားတယ်လေ။ ခင်ဗျား ကြည့်လိုက်။"

လီယွမ်ကျောက်က နံရံပေါ်သို့ သေချာ ကြည့်လိုက်သည်။

[မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ပေးဆပ်ရန်၊ ရဲရင့်စွာ တာဝန်ယူပြီး စွမ်းဆောင်ရည်ကို ယှဉ်ပြိုင်ရန်။]

ဖန်ကျန်းရီ၏ အသံက ဆက်လက် ထွက်ပေါ်လာသည်။ "သူတို့က စာပေပညာရှင်တွေလေ။ ဘယ်လိုလုပ် ငွေကြေးအနံ့တွေ နံနေလို့ ရမှာလဲ။ ကျုပ် လက်မခံနိုင်ဘူး။ ရှန်ရီ... ခဏနေရင် လူတွေအကုန်လုံးကို စုခိုင်းလိုက်။ ကျုပ် ကိုယ်တိုင် တွေ့ပြီး သူတို့ကို တန်ဖိုးထားမှုဆိုင်ရာ ဟောပြောပွဲ တစ်ခု ကိုယ်တိုင် ဟောပြောရမယ်။"

All Chapters