← Chapters

အခန်း (၅၆၅-၅၆၆)

Vol. 31 Ch. 565-566

အခန်း (၅၆၅-၅၆၆)

Vol. 31 Ch. 565-566

အပိုင်း (၅၆၅) ဖန်ကျန်းရီ၏ ဟောပြောပွဲလေး။

ရှန်ရီ လူသွားစုရန် ထွက်သွားသည်ကို ကြည့်ပြီး ဖန်ကျန်းရီက လီယွမ်ကျောက် ကို ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား... ကျုပ်ဆီမှာ အရမ်း ကောင်းတဲ့ အလုပ်တစ်ခု ရှိတယ်။ သွားမလား။"

အရမ်း ကောင်းမွန်သော အလုပ်တစ်ခု မိမိဆီ ရောက်လာသည်ကို ကြားသောအခါ လီယွမ်ကျောက်၏ စိတ်ဝင်စားမှု က ချက်ချင်း နိုးကြွလာပြီး မေးလိုက်၏။ "ဘာအလုပ်လဲ။"

"ရှဲ့ရှန်း... ခင်ဗျား အရင် အပြင်ထွက်နေလိုက်။ ကျုပ် အိမ်ရှေ့စံမင်းသား နဲ့ သီးသန့် စကားနည်းနည်း ပြောချင်တယ်။"

ရှဲ့ရှန်းက ခေါင်းညိတ်လိုက်ပြီး အခန်းပြင်သို့ ထွက်ကာ တံခါးကို ညင်သာစွာ ပိတ်ပေးခဲ့သည်။

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒီနေ့ မနက်ပိုင်းက ကျုပ် ကျန်းရှီ ကို သွားစစ်ဆေးခဲ့တယ်။ သူ့မှာ ငွေတိုက် သုံးခု ရှိတဲ့အထဲက တစ်ခုရဲ့ နေရာကို ဝန်ခံသွားတယ်။

ကျုပ် တွေးကြည့်တာ တကယ်လို့ သူပြောတာသာ အမှန်ဆိုရင် အဲဒီအထဲက ငွေတွေက တစ်သန်းထက် မနည်းလောက်ဘူး။ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် သွားပြီး စစ်ဆေးကြည့်ချင်လား။"

ထိုသို့ပြောပြီးသည်နှင့် အင်္ကျီလက်ထဲမှ စက္ကူပိုင်းလေး တစ်ခုကို ထုတ်ကာ ကမ်းပေးလိုက်သည်။ အပေါ်တွင် ကျန်းရှီ ဝန်ခံထားသော ငွေတိုက်တည်နေရာကို ရေးမှတ်ထား၏။

ငွေဝှက်ထားသော နေရာက အလွန် လျှို့ဝှက်လှပြီး ကျန်းမိသားစု ပိုင်ဆိုင်သော စားသောက်ဆိုင် တစ်ဆိုင်၏ မြေအောက်ခန်းတွင် ဖြစ်သည်။

အကယ်၍ သူသာ ပါးစပ်လုံလုံဖြင့် ဖွင့်မပြောခဲ့လျှင် ဤနေရာကို ရှာတွေ့ရန် လူအင်အားနှင့် အချိန်မည်မျှ ကုန်ကျမည်ကို မသိနိုင်ချေ။

"ဪ ..။"

လီယွမ်ကျောက် သည် ထိုင်ခုံပေါ်မှ ရုတ်တရက် ခုန်ထလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "တစ်သန်း။ ကျုပ်က ကြားပဲ ကြားဖူးတာ။ တစ်ခါမှ မမြင်ဖူးဘူး။ ဒီငွေတစ်သန်းကိုတော့ သေချာပေါက် သွားကြည့်ရမယ်။ ဖန်ကြီး... ခင်ဗျား မသွားဘူးလား။"

ဖန်ကျန်းရီက ခေါင်းယမ်းလိုက်သည်။ "ကျုပ် မသွားတော့ဘူး။ အသစ်ရောက်လာတဲ့ သတင်းထောက်တွေနဲ့ အရင် စကားနည်းနည်း ပြောလိုက်အုံးမယ်။ ပြီးရင် သတင်းစာတိုက်ကနေတစ်ဆင့် အရပ်ဘက်ကလူတွေကို ကျင်းယီဝေ ထဲ ဝင်ဖို့ ခေါ်ယူတဲ့ကိစ္စ စီစဉ်ရအုံးမယ်။

အခု ကျုပ်က တပ်မှူးကြီးလို့သာ နာမည်ခံထားရတာ။ လက်အောက်မှာ အသုံးချစရာ လူတစ်ယောက်မှ မရှိသေးဘူး။"

"ဒါဆို ကျန်တဲ့ နှစ်ခုကော။ ကျန်းရှီ က ဘာလို့ မဝန်ခံသေးတာလဲ။ ခမည်းတော်က ဒီကိစ္စကို ခင်ဗျားဆီ အပ်ထားတာဆိုတော့ သူ့ကို ဘယ်လို စီရင်ဖို့ စဉ်းစားထားလဲ။" လီယွမ်ကျောက် က မေးလိုက်သည်။

ဖန်ကျန်းရီက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ "နောက်ကျရင် သူ ဝန်ခံလာမှာပါ။ ကျန်းရှီ ရဲ့ အမှုက ဥပဒေအရဆိုရင် ဆွေစဉ်မျိုးဆက် သုံးဆက်လုံး အသတ်ခံရမယ့် အပြစ်ပါ။ ဒါပေမဲ့ ကျုပ် ထင်တာက ဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်က နည်းနည်းတော့ လွယ်လွန်းနေတယ်လို့ ထင်တယ်။

သူ ငွေတိုက် နေရာကို ဝန်ခံပြီးတည်းက ကျုပ် နဲ့ အသေးစိတ် စကားပြောဖြစ်ခဲ့တယ်။ သူ့ရဲ့ ဘိုးဘေးတွေကစပြီး သူ့ခေတ်အထိ ပြောဖြစ်ခဲ့တာ။ တကယ်တော့ ကျုပ်တို့ ကျင်းတိုင်းပြည် အတွက် သူတို့က ကောင်းကျိုးပြုခဲ့တဲ့ သူတွေပါ။

ကျုပ် ဝူမင်းသား နဲ့ စကားပြောကြည့်ဖူးတယ်။ ကျန်းရှီ က ငွေမက်ရုံ သတ်သတ်ပါ။ ပုန်ကန်ဖို့ စိတ်ကူး လုံးဝ မရှိခဲ့ပါဘူး။ အိမ်ရှေ့စံမင်းသား သာဆိုရင် ဒီကိစ္စကို ဘယ်လို ဆုံးဖြတ်မလဲ။"

လီယွမ်ကျောက်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "ဘယ်လိုလုပ်ရမှာလဲ။ ခင်ဗျား ပြောတာ နည်းနည်းတော့ အဓိပ္ပာယ် ရှိတယ်။ ဒါဆိုလည်း အဓိက အပြစ်ရှိသူကိုပဲ သတ်ပြီး ကျန်တဲ့ မိသားစုဝင်တွေကို နယ်နှင်ဒဏ် ပေးပြီး စစ်ထဲ ထည့်လိုက်ပေါ့။"

ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသား သဘောထား ကြီးမြတ်လှပါတယ်။ ဒါဆို အိမ်ရှေ့စံမင်းသား ငွေတွေ သိမ်းပြီးရင် မနက်ဖြန် ကျုပ်တို့နှစ်ယောက် အရှင်မင်းကြီးဆီ သွားပြီး အတူတူ လျှောက်တင်ကြမလား။ ဒီကိစ္စက နောက်ဆုံးတော့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တာလေ။"

"ပြဿနာ မရှိဘူး။" လီယွမ်ကျောက် က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ဖန်ကျန်းရီက ထပ်မံ ပြောလိုက်၏။ "အရှင်မင်းကြီး က တစ်ခါတလေ နန်းတွင်းအမတ်တွေကို နိုင်ငံရေး ကိစ္စတွေ မေးလေ့ရှိတယ်လေ။ ကျုပ်တို့ လူများတဲ့ အချိန်ကို ရွေးသွားကြတာပေါ့။"

လီယွမ်ကျောက်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "ဘာလို့ လူများတဲ့အချိန်ကို ရွေးရမှာလဲ။"

ဘာလို့ ရွေးရမှာလဲဆိုတော့... သေချာပေါက် အမတ်ကြီးတွေ အကုန်ရှိနေတဲ့ အချိန်မှာ ကျုပ်ရဲ့ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကို ထုတ်ကြွားပြီး လူအထင်ကြီးအောင် လုပ်ဖို့ပေါ့။ ဒါမှ အားလုံး စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်မှာလေ။

"လူများတော့ ဆွေးနွေးလို့ ပိုကောင်းတာပေါ့။ လူနည်းရင် အတွေးအမြင်တွေ လွတ်သွားတတ်တယ်လေ။"

လီယွမ်ကျောက်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ဒါဆို မနက်ဖြန် ကျုပ်တို့ အတူတူ သွားကြမယ်။ ကျုပ် အရင်ဆုံး တရားမဝင်ငွေတွေ သွားသိမ်းဖို့ လူသွားရှာလိုက်အုံးမယ်။"

ပြောပြီးသည်နှင့် စိတ်လှုပ်ရှားစွာ အပြင်သို့ ထွက်သွားရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက အလျင်အမြန် တားဆီးလိုက်၏။

"အိမ်ရှေ့စံမင်းသား... ယုံကြည်ရတဲ့ သူတချို့ကို ရွေးသွားဖို့ မမေ့နဲ့အုံး။ ငွေတိုက်ထဲက ငွေတွေ သယ်ဖို့ လူအများကြီး လိုမှာ သေချာတယ်။ ပန်းရှန်းရပ်ကွက် က လူတွေကို မသုံးနဲ့။ နန်းတော်ထဲက လူတွေကိုပဲ ခေါ်သွားပါ။"

"စိတ်ချပါ။ ကျုပ်လည်း နန်းတော်ကို ပြန်မလို့ပဲ။ ဒီလောက်များတဲ့ ငွေတွေဆိုတော့ သေချာပေါက် သတိထားရမှာပေါ့။"

...

ကောင်းကင်ယံ မှောင်မိုက်လာပြီး ကြယ်လေးများ တောက်ပလာပြီ ဖြစ်၏။

လမ်းမပေါ်တွင် လူသူကင်းမဲ့နေပြီ ဖြစ်သော်လည်း အပြင်ထွက် သတင်းယူသူများ သို့မဟုတ် စာကြည့်တိုက်တွင် စာလေ့လာနေသော သတင်းထောက်များက ရုံးခန်းအတွင်းသို့ ပြန်လည်ရောက်ရှိနေကြသည်။

ထိုအချိန်တွင် နံရံပေါ်ရှိ ဆီမီးခွက် အားလုံးကို ထွန်းညှိထား၏။

သတင်းထောက်များ စိတ်အေးချမ်းသာစွာ အချိန်ပိုဆင်းနိုင်ရန် ဖန်ကျန်းရီနှင့် အိမ်ရှေ့စံမင်းသားတို့က လောကတွင် အကောင်းဆုံးသော အချိန်ပိုလုပ်ငန်းခွင်ကို ဖန်တီးပေးထားခဲ့သည်။

တစ်ခန်းလုံး နေရာအနှံ့တွင် ဆီမီးခွက်များ ချိတ်ဆွဲထားသဖြင့် ရုံးခန်းတစ်ခုလုံး အလွန် လင်းထိန်နေ၏။

အောက်ထပ်မှ ဖြတ်သွားဖြတ်လာသူ အများအပြားက ညဘက်ကြီး ဤမျှ လင်းထိန်နေသော အခန်းကို ကြည့်ကာ အံ့ဩနေကြသည်။

ယခုအချိန်တွင် အခန်းတွင်း၌ လူများ ပြည့်နှက်နေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လွန်းနေ၏။

လူအုပ်ကြီး၏ အရှေ့ဘက် အမြင့်တွင် မတ်တပ်ရပ်နေသူမှာ ဖန်ကျန်းရီ ဖြစ်ပြီး သူ၏ ခြေထောက်အောက်ရှိ စင်မြင့်မှာ စားပွဲရှည် သုံးလုံး ဆက်၍ ဖန်တီးထားခြင်း ဖြစ်သည်။

လူအုပ်ထဲတွင် ရှန်ရီ က သူ့အား အဆက်မပြတ် လက်ဝှေ့ယမ်းပြနေသည်ကို မြင်သောအခါ လူစုံပြီဖြစ်ကြောင်း ဖန်ကျန်းရီ သိလိုက်သည်။ ထို့ကြောင့် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်၏။ "အားလုံးပဲ မင်္ဂလာပါ။"

"မင်္ဂလာပါ ဖန်လူကြီးမင်း။" သတင်းထောက် တစ်စုက တညီတညွတ်တည်း ပြန်လည် နှုတ်ဆက်လိုက်ကြပြီး လူအတော်များများ၏ စိတ်ခံစားချက်များမှာ အနည်းငယ် ပြောင်းလဲသွားကြသည်။

ဖန်ကျန်းရီသည် သတင်းစာတိုက်တွင် အတော်လေး နာမည်ကြီးသူ ဖြစ်သည်။ အိမ်ရှေ့စံမင်းသား ပြီးလျှင် သူပင် ဖြစ်၏။

အသစ်ရောက်လာသော သတင်းထောက် အများစုအတွက် ဖန်ကျန်းရီကို မြင်တွေ့ရခြင်းက အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းသော ကိစ္စကြီး တစ်ခုပင် ဖြစ်သည်။

ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်၏။ "ကျုပ် အပြင်မှာ တာဝန်ထမ်းဆောင်နေရတာ ကြာပြီ။ အခုမှ မြို့တော်ကို ပြန်ရောက်တာပါ။ ဒီနေ့ အားလုံးကို ခေါ်လိုက်တာ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အားလုံးနဲ့ ရင်းနှီးအောင် စကားနည်းနည်း ပြောချင်လို့ပါ။

ကျုပ် ကြားတာတော့ လူအတော်များများက သတင်းစာတိုက်မှာ အချိန်ပိုဆင်းရတာ များတယ်။ လစာက နည်းတယ်။ ထမင်းစားရတာ ဈေးကြီးတယ် လို့ ညည်းတွားနေကြတယ်ဆို။ တကယ်ပဲ အဲဒီလို ဟုတ်ပါသလား။"

စင်အောက်ရှိ လူများမှာ အချင်းချင်း ကြည့်နေကြ၏။ တကယ်တော့ ဟုတ်သည်။ သို့ပေမည့် မည်သူက ပထမဆုံး ထွက်ပြောရဲမည်နည်း။ အားလုံးက ကွယ်ရာတွင်သာ ညည်းတွားနေကြခြင်း ဖြစ်သည်။

ဖန်ကျန်းရီက ကျပန်း တစ်ယောက်ကို လက်ညှိုးထိုးလိုက်၏။ "ခင်ဗျား... ခင်ဗျား ပြောပြစမ်း။ ဒီလိုကိစ္စ ရှိလား။ ရဲရဲဝံ့ဝံ့သာ ပြောပါ။ ဒီနေ့ ကျုပ်က အားလုံးနဲ့ ရင်းနှီးအောင် လုပ်ဖို့အပြင် ဒုတိယအချက်အနေနဲ့ အားလုံးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ လာတာပါ။"

ပိန်ပိန်ပါးပါး သတင်းထောက် တစ်ယောက် မတ်တပ်ရပ်လာပြီး တီးတိုးပြောလိုက်သည်။ "ဖန်လူကြီးမင်း... ကျွန်တော်မျိုး မသိပါဘူး။"

ဖန်ကျန်းရီက လက်ကာပြကာ ဆက်မပြောရန် အချက်ပြလိုက်ပြီး အကဲခတ်လိုက်သည်။ နောက်တစ်ယောက်ကို ထပ်ညွှန်ပြလိုက်သည်။ ဤလူက ပို၍ အရပ်ရှည်ပြီး ထွားကျိုင်းသည်။ "ခင်ဗျား ပြောစမ်း။ ဒီလိုကိစ္စ ရှိလား။ မကြောက်နဲ့။ ဒီနေ့ ကျုပ်တို့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောကြရမယ်။"

အရပ်ရှည်သော သတင်းထောက်က ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဖန်လူကြီးမင်း... ရှိပါတယ်။"

လူအုပ်ထဲတွင် ပုန်းနေသော ရှဲ့ရှန်း က အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဘောပင်ကို ကိုင်ကာ လူနာမည် တစ်ခုကို မှတ်သားလိုက်၏။

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ … ဒါဆို ဒီကိစ္စက တကယ် ရှိတယ်ပေါ့။ ကျုပ် အခု သိပါပြီ။"

ပြောပြီးသည်နှင့် ဝမ်းနည်းစွာ ခေါင်းခါယမ်းလိုက်ပြီး ဆက်ပြော၏။ "သတင်းစာတိုက်က ဒီလောက် မြန်မြန်ဆန်ဆန် တိုးချဲ့ပြီး လူတွေ ဒီလောက် အများကြီး ခေါ်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ခင်ဗျားတို့ အများစုက သတင်းစာတိုက်ရဲ့ စာကြည့်တိုက်ကို ရည်ရွယ်ပြီး လာကြတာလို့ ကျုပ် ထင်တယ်။

တကယ်တမ်း စဉ်းစားကြည့်ရင် သတင်းထောက် အသစ် တစ်ယောက်ကို တစ်လ ငွေတစ်တုံး ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ အပြင်က သာမန် လက်မှုပညာရှင် တစ်ယောက်ဆိုရင် သေမတတ် အလုပ်လုပ်ရင်တောင် ဒီလောက် မရနိုင်ပါဘူး။ ဒါပေမဲ့ ဘာဖြစ်လို့များ ကျုပ်တို့ သတင်းထောက်တွေက မလောက်မငှ ဖြစ်နေရတာလဲ။"

တစ်ယောက်က စတင် ထွက်ပြောပြီဆိုကတည်းက ချက်ချင်းပင် အခြားတစ်ယောက်က ပြန်လည်ချေပလာသည်။ "ဖန်လူကြီးမင်း... ကျုပ်တို့က စာပေပညာရှင်တွေလေ။ ပြီးတော့ သတင်းထောက် အလုပ်က လမ်းကြိုလမ်းကြား လျှောက်သွားရတာ။ အခု ပြည်သူတွေကလည်း ပါးနပ်နေပြီ။ သူတို့ကို ငွေလေး နည်းနည်းပါးပါး မပေးရင် သူတို့က ဘာမှ ပြောပြမှာ မဟုတ်ဘူး။

ဒါကြောင့် ဒီငွေတစ်တုံးက တကယ်ကို မလောက်ပါဘူး။ ပြီးတော့ ကျုပ်တို့ နေ့တိုင်း ညသန်းခေါင်အထိ အချိန်ပို ဆင်းရတယ်။ စာလေ့လာဖို့တောင် အချိန်မရှိဘူး..."

"ဟုတ်ပါတယ် ဖန်လူကြီးမင်း။ အခု ကျုပ်တို့ လူသစ်တွေက အိပ်ဆောင်တောင် လုနေရတာ။ ကံကောင်းရင် အလယ်ထပ် ကုတင်ပဲ ရတာ။

စာကြည့်တိုက်မှာလည်း နေရာရဖို့ အမြဲတမ်း တန်းစီနေရတယ်။ စာရေးကိရိယာတွေလည်း လုံလောက်အောင် မပေးဘူး။ လိုအပ်တဲ့ စာအုပ်တွေလည်း အများကြီးပဲ။

ပြီးတော့ ထမင်းစားခန်းကလည်း ဈေးအရမ်းကြီးတယ်။ ဖန်လူကြီးမင်း... ကျုပ်တို့က ကြက်သားဟင်း ဝယ်ထားတာကို အဲဒီ ရူယွင် က ကျုပ်တို့ကို ကြက်သား စားခွင့် မပေးဘူး။"

ဖန်ကျန်းရီက တိတ်တဆိတ် မျက်လုံးလန်ကြည့်လိုက်မိ၏။ ကြက်သားဟင်း ဝယ်တာကို ထမင်းစားခန်း တာဝန်ခံက ကြက်သား စားခွင့်မပေးဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။

သတင်းထောက်များက အပြင်းအထန် ဆွေးနွေးလာကြပြီး သတင်းစာတိုက်၏ အားနည်းချက်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော် ပြောဆိုလာကြသည်ကို မြင်သောအခါ ဖန်ကျန်းရီက လက်နှစ်ဖက်ကို အောက်သို့ ဖိချကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အားလုံး တိတ်တိတ်နေကြ။ အားလုံး တိတ်တိတ်နေကြ။ ကျုပ် အားလုံးကို ဖြည်းဖြည်းချင်း ရှင်းပြမယ်။ ဒီနေ့ အားလုံး ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးပါ့မယ်။"

အပိုင်း (၅၆၆) အချိန်ပိုလုပ်ကြ .. အလုပ်သမားလေးတို့။

"ရိုးရိုးသားသား ပြောရရင် ခင်ဗျားတို့ ဒီလောက်တောင် ညည်းတွားနေတာကို ကြားရတော့ ကျုပ် အရမ်း စိတ်ပျက်မိတယ်။"

ဖန်ကျန်းရီ၏ လေသံတွင် အဆုံးမရှိသော ဝမ်းနည်းမှုများ ပါဝင်နေသည်။ "စဉ်းစားကြည့် .. ပထမမျိုးဆက် သတင်းစာတိုက် ဝန်ထမ်းတွေရဲ့ ဘဝက ခင်ဗျားတို့ထက် အများကြီး ပိုပြီး ပင်ပန်းခဲ့တယ်။ အခု အခြေအနေတွေ ပိုကောင်းလာပေမဲ့ အားလုံးက ပိုပြီး မကျေမနပ် ဖြစ်လာကြတယ်။

သေချာတာပေါ့။ ခင်ဗျားတို့ကို ကျုပ် အပြစ်မတင်ပါဘူး။ ဒါတွေ အကုန်လုံးက ကျုပ်ရဲ့ ပေါ့ဆမှုတွေကြောင့်ပါ။ ကျုပ် ခင်ဗျားတို့ကို မေးချင်တယ်။ ကျုပ်တို့ သတင်းစာတိုက်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။"

"ပြည်သူတွေရဲ့ ဘဝကို တိုးတက်စေဖို့၊ လောကကြီးကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်စေဖို့၊ ရှေးပညာရှိတွေရဲ့ ပညာရပ်တွေကို ဆက်ခံဖို့၊ နောင်လာနောက်သားတွေ ငြိမ်းချမ်းဖို့ပါ။" အောက်မှ တစ်ယောက်က ဖြေလိုက်သည်။

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "မှန်တယ်။ ပြည်သူတွေရဲ့ ဘဝကို တိုးတက်စေဖို့ပဲ။ ခင်ဗျားတို့ သတင်းစာတိုက် ကို ရောက်လာတာ အရာရှိ မဟုတ်ပေမဲ့ အရာရှိတွေရဲ့ အလုပ်ကို လုပ်နေကြတာပဲ။ ဒါပေမဲ့ ဒီနေ့ ဒီလို မြင်ကွင်းမျိုးကို မြင်ရတော့ ကျုပ် တကယ်ကို ရင်နာမိတယ်။

ဘာကို ရင်နာတာလဲ သိလား။ ခင်ဗျားတို့ ကိုယ့်တာဝန်ကို ကိုယ် မသိကြတာကို ရင်နာတာ။ ခင်ဗျားတို့ထဲက အများစုက သတင်းထောက် အလုပ်ကို တကယ် လုပ်ချင်လို့ လာကြတာ မဟုတ်ဘူး။ စာကြည့်တိုက်ကို ရည်ရွယ်ပြီး လာကြတာ။ အရာရှိ ဖြစ်ချင်လို့ လာကြတာ။

ဒါက တကယ်တော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အခုကော …. အရာရှိတောင် မဖြစ်သေးဘူး။ ငွေကြေးအနံ့တွေ နံနေပြီ။ စဉ်းစားကြည့် … အခု အောက်ခြေအဆင့်မှာတောင် ပြည်သူတွေရဲ့ ခံစားချက်ကို နားမလည်နိုင်ရင် နောင်အရာရှိဖြစ်လာရင် ပြည်သူတွေအတွက် ဘယ်လိုလုပ် အလုပ်လုပ်ပေးနိုင်တော့မှာလဲ။"

အောက်မှ တစ်ယောက်ယောက်က ပြန်လည် ချေပရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက လက်ကာပြ၍ တားဆီးလိုက်သည်။

"ခင်ဗျားတို့ စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ ကျုပ် သိပါတယ်။ ကျုပ် ချမ်းသာဖူးတယ်။ ဒါပေမဲ့ ဆင်းရဲလည်း ဆင်းရဲဖူးတယ်။ ဒါပေမဲ့ ကျုပ်က ဆင်းရဲရဲ ချမ်းသာသာ အကြိမ်တိုင်း ပြည်သူတွေအတွက် အလုပ်လုပ်ပေးဖို့ ရွေးချယ်ခဲ့တယ်။

ပိုက်ဆံမရှိရင် တကယ်ပဲ ပြဿနာကို မဖြေရှင်းနိုင်ဘူးလား။ ခေတ်အဆက်ဆက်မှာ နိုင်ငံတော် ဘဏ္ဍာတိုက် ရှင်းလင်းနေတာက ပုံမှန်ကိစ္စပဲ။

အမတ်တွေက ပိုက်ဆံတွေကို လေထဲကနေ ဖန်တီးယူလို့ ရလား။ မရဘူး။ ဒါပေမဲ့ သုံးစရာ ငွေမရှိဘဲနဲ့ ဘာလို့ သမိုင်းမှာ ထူးချွန်တဲ့ အမတ်တွေ ဒီလောက် အများကြီး ပေါ်ထွက်လာရတာလဲ။

သူတို့ ဘာကို အားကိုးခဲ့ရတာလဲ။ ဉာဏ်ပညာကို အားကိုးခဲ့ရတယ်။ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ရိုးသားဖြူစင်တဲ့ စိတ်နှလုံးကို အားကိုးခဲ့ရတယ်။"

ဖန်ကျန်းရီက သူ၏ ခေါင်းကို ညွှန်ပြလိုက်သည်။ "သုံးစရာ ငွေမရှိပေမဲ့ ငွေကုန်မဲ့ ပြဿနာတွေကို ဖြေရှင်းတာက အရာရှိတစ်ယောက် ဖြစ်လာဖို့အတွက် လေ့ကျင့်မှု တစ်ခု မဟုတ်ဘူးလား။"

ဖန်ကျန်းရီက ခဏ ရပ်လိုက်ရာ အောက်မှလူများ တီးတိုး ဆွေးနွေးလာကြသည်။

ပြန်လည်သုံးသပ်လာကြပြီ။ သူတို့ စတင် ပြန်လည်သုံးသပ်လာကြပြီ။

ခဏအကြာတွင် ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "နန်းတော်ထဲက အမတ်ကြီးတွေက မျိုးဆက်သစ် စာပေပညာရှင်တွေကို ဘယ်လို သုံးသပ်ကြလဲဆိုတာ ခင်ဗျားတို့ သိလား။"

သတင်းထောက်များ၏ မျက်လုံးများတွင် သိချင်စိတ်များ ပြည့်နှက်လာ၏။ သူတစ်ပါးက သူတို့ကို သုံးသပ်သည်ဆိုလျှင် သေချာပေါက် သိချင်ကြသည် မဟုတ်လား။

"သူတို့က ပြောကြတယ်။ အခုခေတ် လူငယ်တွေက တစ်ဆက်ထက် တစ်ဆက် ပိုညံ့လာတယ်တဲ့။"

လူတိုင်း၏ မျက်လုံးထဲမှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး မကျေနပ်မှုများ အစားထိုး ဝင်ရောက်လာ၏။

ဖန်ကျန်းရီက ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဒါပေမဲ့ ကျုပ် အမြင်ကတော့ လုံးဝ မတူပါဘူး။ သတင်းစာတိုက် ကို အိမ်ရှေ့စံမင်းသား နဲ့ ကျုပ် ကိုယ်တိုင် တည်ထောင်ခဲ့တာပါ။ သတင်းထောက်တွေရဲ့ ကြိုးစား အားထုတ်မှုတိုင်းကို ကျုပ်တို့ မြင်တွေ့နေရတယ်။

တစ်ဆက်ထက် တစ်ဆက် ပိုညံ့လာတယ်လို့ ပြောတဲ့သူတွေက ခင်ဗျားတို့ကို ကျုပ် ကြည့်သလိုမျိုး ကြည့်သင့်တယ်။

ကျုပ် ခင်ဗျားတို့ကို ကြည့်ရတာ... ဆင်းရဲပေမဲ့လည်း လမ်းကြိုလမ်းကြားတွေမှာ သွားလာပြီး ပြည်သူတွေအတွက် အသံထွက်ပေးနေကြတယ်။ သာမန် အရပ်သားတွေ ဖြစ်ပေမဲ့ အမှောင်ထုကို မကြောက်ဘူး။ မကောင်းဆိုးဝါး အင်အားစုတွေကို အရှုံးမပေးဘူး။

ကျုပ်က ခင်ဗျားတို့ကို အရမ်း လေးစားတယ်။ ခင်ဗျားတို့ရဲ့ အလုပ်ပေါ်ထားတဲ့ သဘောထားကို အလေးပြုတယ်။ ခင်ဗျားတို့က အမှောင်ထုကို အလင်းရောင်ဖြစ်အောင် ပြောင်းလဲပေးနေတယ်။ ဆင်းရဲမွဲတေမှုကို ချမ်းသာ ကြွယ်ဝမှု ဖြစ်အောင် ပြောင်းလဲပေးနေတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ကြောင့် ကျင်းတိုင်းပြည် က ပိုပြီး အင်အားကြီးလာမယ်။ ပြည်သူတွေက ပိုပြီး အသက်ဝင်လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်တစ်ခုရဲ့ အလှပဆုံး ရှုခင်းက သတင်းစာတိုက်ထဲမှာ မနားမနေ ကြိုးစားပန်းစား အလုပ်လုပ်နေကြတဲ့ သတင်းထောက်တွေ ဖြစ်လို့ပဲ။"

သတင်းထောက်ဟောင်းများ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာကြသည်။ ဖန်လူကြီးမင်း ဟောပြောပွဲ မလုပ်တာ အတော်ကြာပြီ။

ပျောက်ဆုံးနေသော ခံစားချက်ကောင်းများက ရုတ်တရက် ပြန်လည်ရောက်ရှိလာပြီး သတင်းထောက် လူငယ်အချို့ မှာ အခြေအနေကို နားလည်လာသည်။ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာကြ၏။

ဖန်ကျန်းရီက တစ်ပတ် လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ အခု အသစ်ရောက်လာတဲ့ သတင်းထောက်တွေကို မြင်ရတော့ ကျုပ်ရဲ့အမြင်တွေ နည်းနည်း ပြောင်းလဲသွားတယ်။

ကျုပ် ခင်ဗျားတို့ကို ကြည့်ရတာ... အများစုက ရည်မှန်းချက် ကြီးမားပြီး တက်ကြွတဲ့ မျိုးဆက်သစ် အရာရှိလောင်းတွေ ဖြစ်သင့်ပေမဲ့ ရာထူးရဖို့နဲ့ ချမ်းသာဖို့အတွက် ကိုယ့်ရဲ့ မူလရည်ရွယ်ချက်ကို ဘယ်မှာ လွှင့်ပစ်လိုက်မှန်းတောင် မသိကြတော့ဘူး။ စဉ်းစားကြည့် … ဒီလိုလူမျိုးက အခု သာမန်အရပ်သား ဘဝမှာတောင် ပြည်သူတွေရဲ့ ခံစားချက်ကို နားမလည်နိုင်ရင် နောင် အရာရှိ ဖြစ်လာရင်ကော ပြည်သူတွေအတွက် အလုပ်လုပ်ပေးနိုင်ပါအုံးမလား။

ခင်ဗျားတို့က နန်းတော်ထဲမှာ အလကား စားသောက်နေတဲ့သူတွေထက် ပိုပြီး ငယ်ရွယ်တယ်။ ပိုပြီး ဒုက္ခခံနိုင်တယ်။ ခေါင်းထဲမှာလည်း အတွေးအခေါ်သစ်တွေနဲ့ အလှတရားသစ်တွေကို ပိုပြီး လက်ခံနိုင်တယ်။ ကျုပ် ဒါမှမဟုတ် ရာထူးကြီးတဲ့ သူတွေက ခင်ဗျားတို့ကို ဘယ်လို လုပ်ရမယ်ဆိုတာ သင်ပေးရမှာ မဟုတ်ဘူး။ ခင်ဗျားတို့ကသာ ပြည်သူတွေအတွက် ဘယ်လို ပိုကောင်းအောင် လုပ်ပေးနိုင်မလဲ ဆိုတာကို ကျုပ်တို့ကို သင်ပေးရမှာ။

ခင်ဗျားတို့ရဲ့ အလုပ်က လူနဲ့လူကြားက အတားအဆီးတွေကို ဖြိုခွဲဖို့။ စုတ်တံ တစ်ချောင်းတည်းနဲ့ လူထောင်သောင်းချီကို ချိတ်ဆက်ပေးနိုင်တယ်။ ဒါပေမဲ့ အခု အချိန်ပို ဆင်းရတာလေး တစ်ခုတည်းနဲ့ ခင်ဗျားတို့က ဒီလောက်တောင် ညည်းတွားနေတယ်။

အချိန်ပို ဆင်းတာ မကောင်းဘူးလား။ ခင်ဗျားတို့ နေ့တိုင်း ချွေးထွက်ခံပြီး ညသန်းခေါင်အထိ အလုပ်လုပ်နေတာက ခင်ဗျားတို့ရဲ့ နောက်ကွယ်မှာ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူ ထောင်သောင်းချီ ရှိနေလို့ပဲလေ။ အားနည်းတဲ့သူတွေကသာ ညည်းတွားဖို့နဲ့ ငြင်းပယ်ဖို့ အလေ့အကျင့် ရှိတာ။ အားကြီးတဲ့သူတွေက ပေးဆပ်ဖို့နဲ့ ကြိုးစားဖို့ကို ဘယ်တော့မှ နှမြောမှာ မဟုတ်ဘူး။

ထပ်ပြီး စဉ်းစားကြည့်အုံး။ အဲဒီအချိန် ညသန်းခေါင် အိမ်ပြန်ရောက်တဲ့အခါ ထမင်းစားခန်းက ဝယ်လာတဲ့ ထမင်းဟင်းတွေကို မိန်းမနဲ့ ကလေး လက်ထဲ ပေးလိုက်ရင်းနဲ့ ခင်ဗျားတို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်တယ်။ ဒါက အချိန်ပိုဆင်းပြီး ရှာလာတဲ့ ပိုက်ဆံလို့။ မျိုးဆက်သစ်လေးတွေက ဒီလို အားပေးမှုကို ရရင် ဘယ်လိုလုပ် အစွမ်းကုန် မကြိုးစားဘဲ နေမှာလဲ။

စဉ်းစားကြည့်။ ခင်ဗျားတို့ အချိန်ပို မဆင်းရတဲ့ လောကကြီးကို စိတ်ကူးယဉ်ကြည့်လို့ ရလား။ ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေတဲ့ အချိန်မှာ ခင်ဗျားတို့ရဲ့ သတင်းတစ်ပုဒ်က ဆင်းရဲတဲ့ ပြည်သူ အများကြီးရဲ့ အသက်ကို ပြောင်းလဲပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားတို့ စုတ်တံကို ကိုင်ဖို့ ပြင်လိုက်တဲ့အချိန်မှာ တစ်ယောက်ယောက်က ခင်ဗျားတို့ကို အချိန်ပို မဆင်းဖို့ တားဆီးလိုက်တယ် ဆိုရင် ဒါက ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းတဲ့ ကိစ္စလဲ။

အချိန်ပို ဆင်းရတာ ပင်ပန်းပေမဲ့ ရွေးချယ်ခွင့်က ခင်ဗျားတို့ လက်ထဲမှာ ရှိတယ်။ မရေမတွက်နိုင်အောင် လူအများကြီးရဲ့ ကံကြမ္မာက ခင်ဗျားတို့ လက်ထဲမှာ ရှိတယ်။"

ဖန်ကျန်းရီ ဤနေရာအရောက်တွင် ရပ်သွားပြီး ရှဲ့ရှန်း က စင်အောက်မှ အခွင့်အရေးကို အမိအရဖမ်းကာ လက်ခုပ် အပြင်းအထန် တီးလိုက်တော့သည်။

ဤအချိန်တွင် စာပေပညာရှင် အများအပြားသည် ဖန်လူကြီးမင်း၏ မြင့်မြတ်သော ရည်မှန်းချက်နှင့် မြင့်မြတ်သော ကိုယ်ကျင့်တရားတို့ကြောင့် စိတ်လှုပ်ရှားသွားကြပြီး ရုံးခန်းအတွင်း၌ လက်ခုပ်သံများ ဆူညံသွား၏။

စိတ်ခံစားလွယ်သူအချို့မှာ မျက်ရည်များပင် ကျလာကြပြီး အချို့မှာ ရှက်ရွံ့စွာ ခေါင်းငုံ့သွားကြကာ အချို့က အော်ဟစ်လိုက်ကြသည်။ "ဖန်လူကြီးမင်း... ကျုပ်တို့ မှားသွားပါပြီ..."

ဖန်ကျန်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "မဟုတ်ဘူး။ ခင်ဗျားတို့ မမှားဘူး။ ဘယ်လူငယ်ကများ အမှား မလုပ်ဖူးလို့လဲ။ ဘဝဆိုတာ ဖြောင့်ဖြူးတဲ့ လမ်းမကြီး မဟုတ်ပါဘူး။ အမှားလုပ်မိတဲ့သူက ပြန်လည် ပြင်ဆင်နိုင်ရင် ရွှေနဲ့တောင် မလဲနိုင်ဘူး။ ခင်ဗျားတို့က မနက်ခင်း နေရောင်ခြည်ပဲ … ခင်ဗျားတို့က မျှော်လင့်ချက်ပဲ။

သတင်းစာတိုက်မှာ အခု ပြဿနာတွေ အများကြီး ရှိနေတာကို ကျုပ်တို့ မငြင်းပါဘူး။ ဒါပေမဲ့ သတင်းစာတိုက်က ခင်ဗျားတို့အတွက် ဘာလုပ်ပေးခဲ့လဲ ဆိုတာကို အရင် မမေးပါနဲ့။ ခင်ဗျားတို့က သတင်းစာတိုက်အတွက် ဘာလုပ်ပေးခဲ့လဲ ဆိုတာကို အရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

အိပ်ဆောင် မလုံလောက်ရင် အားလုံး ပူးကပ်ပြီး အိပ်ကြ။ စာကြည့်တိုက်မှာ စာအုပ် မလုံလောက်ရင် ခင်ဗျားတို့ အိမ်က စာအုပ်တွေကို ယူလာ ဒါမှမဟုတ် စာကူးပြီး အားလုံးကို မျှဝေကြ။

လူတိုင်းက မေတ္တာတရား နည်းနည်းလေး စေတနာထားလိုက်ရုံနဲ့ ဒီလောကကြီးက ပိုလှပတဲ့ မနက်ဖြန် ဖြစ်လာမှာပါ။"

အမျိုးမျိုးသော ပြင်းထန်သည့် ခံစားချက်များက ရေလွှမ်းမိုးသကဲ့သို့ စီးဆင်းလာပြီး နောင်တရသလို ခံစားရသူ ရေအတွက် ပိုများလာ၏။

ဖန်ကျန်းရီ၏ မျက်နှာအမူအရာကလည်း ပို၍ လေးနက်လာသည်။ "ဒီနေ့ ခင်ဗျားတို့ရဲ့ ဒီလို အပြုအမူကို မြင်ရတော့ ခင်ဗျားတို့မှာ အနာဂတ် ရှိသေးတယ်လို့ ကျုပ် ထင်တယ်။ ကျုပ်ကို အကျယ်ကြီး ပြောစမ်း။ ခင်ဗျားတို့ နောက်ထပ် ဘာလုပ်ကြမလဲ။"

"ကျုပ်တို့ အချိန်ပို ဆင်းမယ်။"

"အချိန်ပို ဆင်းမယ်။"

"အချိန်ပို ဆင်းမယ်။" တောင်ပြိုမတတ် အချိန်ပိုဆင်းမည်ဟူသော အသံများ ထွက်ပေါ်လာ၏။

ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဘယ်သူက တစ်ဆက်ထက် တစ်ဆက် ပိုညံ့လာတယ်လို့ ပြောတာလဲ။ ကျုပ် အမြင်ကတော့ နောက်လှိုင်းက ရှေ့လှိုင်းကို ဖုံးသွားတာပဲ။ အစောနဲ့အနှောင်း ခင်ဗျားတို့အားလုံး နန်းတော်ရဲ့ အားထားရတဲ့ အမတ်တွေ ဖြစ်လာကြမှာပါ။ အချိန်ပို ဆင်းကြစို့။ နောက်လှိုင်းလေးတို့။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီက စားပွဲပေါ်မှ ခုန်ဆင်းလိုက်ပြီး စိတ်လှုပ်ရှားနေသော သတင်းထောက်များကို ကြည့်ကာ ချွေးများကို သုတ်လျက် ဂုဏ်ယူစွာ ပြုံးလိုက်၏။

ဒီလောက် သေးငယ်တဲ့ ပြဿနာလေးကို ဖြေရှင်းလို့ မရစရာ ဘာရှိလို့လဲ။

မလှမ်းမကမ်းတွင် ရှန်ရီ က မျက်ရည်များ ဝဲလျက်ရှိသည်။ ဖန်ကျန်းရီ အနီးသို့ လျှောက်လာပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "ဖန်လူကြီးမင်း... ခင်ဗျား ပြောတာ အရမ်း ကောင်းတာပဲ။"

"ရပြီ။ ငိုမနေနဲ့။ ကျုပ်နဲ့ အပြင်ခဏ ထွက်ခဲ့။ ခင်ဗျားကိစ္စကို ပြောကြမယ်။ ကျန်တာ ရှဲ့ရှန်း ကို တာဝန် လွှဲပေးခဲ့လိုက်။"

All Chapters