← Chapters

အခန်း (၅၆၇-၅၆၈)

Vol. 31 Ch. 567-568

အခန်း (၅၆၇-၅၆၈)

Vol. 31 Ch. 567-568

အပိုင်း (၅၆၇) ခင်ဗျား သင်္ဘောတည်ဆောက်ရေးကို သွားကြီးကြပ်။

လမင်းက ရေကဲ့သို့ သာယာပြီး ကြယ်လေးများက ကောင်းကင်အပြည့် လင်းလက်နေ၏။

လမ်းမပေါ်တွင် လူသူကင်းမဲ့နေပြီး ဖန်ကျန်းရီနှင့် ရှန်ရီ နှစ်ယောက်တည်းသာ လမ်းလျှောက်နေကြသည်။

ရှန်ရီ သည် ဖန်ကျန်းရီက သူ့ကို သီးသန့် ခေါ်ထုတ်လာပြီး မည်သို့ စီစဉ်မည်ကို မသိသော်လည်း စိတ်လှုပ်ရှားစရာ ဟောပြောပွဲကို ကြည့်ပြီးနောက် သူ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားနေဆဲ ဖြစ်၏။

မိနစ်အနည်းငယ် လမ်းလျှောက်ပြီး သူ လုံးဝ တည်ငြိမ်သွားသောအခါမှ ဖန်ကျန်းရီက စကားစပြောလိုက်သည်။ "ရှန်ရီ... ကျုပ်ဆီမှာ နယ်ဘက်ကို ပြောင်းရမယ့် လမ်းကြောင်းတစ်ခု ရှိတယ်။ ခင်ဗျား သွားချင်လား မသိဘူး။"

ရှန်ရီ က ပြန်ပြောလိုက်၏။ "လူကြီးမင်း စီစဉ်ပေးတာပဲဆိုတော့ ကျုပ်မငြင်းဝံ့ပါဘူး။"

ဖန်ကျန်းရီက ပြုံး၍ ခေါင်းခါယမ်းလိုက်သည်။ "အဲဒီလို စကားမျိုး မပြောနဲ့။ ကျုပ် ခင်ဗျားအတွက် ရွေးပေးမယ့် လမ်းကြောင်းက ခင်ဗျား သဘောကျချင်မှ ကျမှာ။ တကယ်လို့ ခင်ဗျား မြို့တော်မှာပဲ ဆက်နေမယ်ဆိုရင် နောင်ကျရင် အနာဂတ်က အများကြီး ကောင်းလာနိုင်တယ်။ ကျုပ်က ခင်ဗျားကို အနှောင့်အယှက် ဖြစ်စေမှာ မကြောက်ဘူးလား။"

ရှန်ရီ က အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ "မကြောက်ပါဘူး။ လူကြီးမင်း က အမြဲတမ်း ကျုပ်တို့အတွက် စဉ်းစားပေးတယ်။ ခင်ဗျားရဲ့ ကိုယ်ကျင့်တရားကိုလည်း ကျုပ်တို့ အားလုံး မျက်မြင်ကိုယ်တွေ့ပါ။"

ဖန်ကျန်းရီက ခြေလှမ်းရပ်လိုက်ပြီး ရှန်ရီ ကို ကြည့်လိုက်သည်။

ရှန်ရီ အပေါ် သူ၏ အထင်အမြင်က အလွန် ကောင်းမွန်လှ၏။ ကြိုးစားပန်းစား အလုပ်လုပ်ပြီး အများအကျိုးကို ဆောင်ရွက်လိုသူ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် အသွင်အပြင် အနည်းငယ် ရှိပြီး အရေးအကြီးဆုံးကတော့ နွားနှင့် မြင်းလို အလုပ်လုပ်သော စိတ်ဓာတ် ရှိခြင်းပင်။

"ကောင်းပြီ။ ခင်ဗျား ကျုပ်ကို ယုံကြည်တယ်ဆိုရင် အားလုံး ကျုပ် စီစဉ်တဲ့အတိုင်း လုပ်ပါ။ ကျုပ် ဒီတစ်ခေါက် အပြင်သွားတော့ ယူတိန့်မြို့ ဆိုတဲ့ နေရာတစ်ခုကို ရောက်ခဲ့တယ်။ ခင်ဗျား အဲဒီ ယူတိန့်မြို့ကို သွားပြီး တာဝန် ထမ်းဆောင်ပါ။ ရာထူးကတော့ သိပ်မကြီးဘူး။ မြို့တော်မှာ နေရတာလောက်တော့ မကောင်းဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ စားဝတ်နေရေးအတွက် ဘာပြဿနာမှ မရှိစေရဘူးလို့ ကျုပ် အာမခံတယ်။”

“တကယ်တော့ လူကြီးမင်း လမ်းညွှန်မှု မရှိရင်တောင် ကျုပ်က ဆင်းရဲတဲ့ နေရာတစ်ခုကို ရွေးပြီး တာဝန်ထမ်းဆောင်ချင်နေတာပါ။ ကျုပ် ပြည်သူတွေအတွက် တစ်ခုခု လုပ်ပေးချင်တယ်။ ဒါပေမဲ့ မြို့တော်မှာ နေရင် အလုပ်တွေ အများကြီး လုပ်လို့ရမှာ မဟုတ်ဘူး ထင်တယ်။ အဲဒီလိုဆို သတင်းထောက် ဆက်လုပ်နေတာကမှ ပိုကောင်းအုံးမယ်။" ရှန်ရီ က ပြောလိုက်သည်။

"လူကြီးမင်း... ကျုပ်ကို ဘာလို့ ယူတိန့်မြို့ ကို သွားခိုင်းတာလဲ မသိဘူး။ ဘာအစီအစဉ်များ ရှိလို့လဲ။" ရှန်ရီ က ထပ်မေးလိုက်သည်။

ဖန်ကျန်းရီက ပြုံးလိုက်၏။ "ဘာမှမရှိပါဘူး။ အဲဒီရောက်ရင် ပင်ပန်းတဲ့ အလုပ်တွေ မရှိပါဘူး။ ကျုပ် မလာခင်က သင်္ဘောတည်ဆောက်ဖို့ လူတွေကို စီစဉ်ပေးခဲ့တယ်။ ခင်ဗျားက အလုပ်တစ်ခုပဲ တာဝန်ယူရမယ်။ ကျုပ်ကိုယ်စား ကြီးကြပ်ပေးရမယ်။

နေထိုင်စားသောက်ရေးကို ကျုပ် လူရှာပြီး စောင့်ရှောက်ခိုင်းထားမယ်။ အဲဒီရောက်ရင် ခင်ဗျား ဘာမှ ဂရုစိုက်နေစရာ မလိုဘူး။"

"သင်္ဘောတည်ဆောက်တယ် ဟုတ်လား။"

ရှန်ရီ က အံ့ဩစွာဖြင့် မေးလိုက်သည်။ "လူကြီးမင်း က ဘာလို့ သင်္ဘောတည်ဆောက်ချင်ရတာလဲ။"

"ဝူမင်းသား ရဲ့ ကိစ္စကို ခင်ဗျား ကြားဖူးလား။"

"သတင်းတချို့တော့ ကြားဖူးပါတယ်။ အိမ်ရှေ့စံမင်းသား ပြောတာ ကြားရသလောက်... ဝူမင်းသား က... ပုန်ကန်တယ်ဆိုလား။"

ဖန်ကျန်းရီက လက်နောက်ပစ်ကာ ဆက်လျှောက်သွားရင်း ပြောလိုက်သည်။ "အင်း …. ခင်ဗျား သိနေမှတော့ ဖုံးကွယ်ထားစရာ မလိုတော့ပါဘူး။ တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေ ပါနေလို့ ခင်ဗျား အပြင်လူတွေကို လျှောက်မပြောနဲ့နော်။

ဝူမင်းသား က နိုင်ငံခြားကို သင်္ဘောနဲ့ ထွက်ပြေးသွားတယ်။ နန်းတော်က သူ့ကို လိုက်ဖမ်းဖို့ လူလွှတ်ရမယ်။ ကျုပ်တို့ ကျင်းတိုင်းပြည် က ကြည်းတပ်ကိုပဲ အလေးထားပြီး ရေတပ်ကို ဂရုမစိုက်ဘူးလေ။ လက်ရှိ နန်းတော်ရဲ့ ရေတပ်နဲ့ဆိုရင် လိုက်ဖမ်းနိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်။

ဒါ့အပြင် နိုင်ငံခြားမှာ ကျုပ်တို့ မသိသေးတဲ့ နိုင်ငံတွေ အများကြီး ရှိသေးတယ်။ အဲဒါတွေကို ရှာဖွေလေ့လာဖို့ သင်္ဘောတွေ လိုအပ်တယ်။

ကျုပ် ယူတိန့်မြို့ ကနေ အလောတကြီး ထွက်လာရတော့ ချန်ခဲ့တဲ့ လူတွေကို ကျုပ် သိပ်စိတ်မချဘူး။ ခင်ဗျားက အလုပ်ကို သေချာလုပ်တဲ့သူဆိုတော့ ခင်ဗျား ကြီးကြပ်ပေးမှ ကျုပ် စိတ်အေးရမယ်။

ပြီးတော့ သူတို့ကို ကျုပ် မှာခဲ့ဖို့ မေ့သွားတဲ့ ကိစ္စတချို့ ရှိသေးတယ်။ ဝူမင်းသား က အလောတကြီး ထွက်ပြေးသွားတော့ အရင်က ဆက်သွယ်ခဲ့ဖူးတဲ့ တိုင်းတစ်ပါး နိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ အချိန်ရလိုက်မှာ မဟုတ်ဘူး။ တကယ်လို့ ဆိပ်ကမ်းမှာ နိုင်ငံခြားသားတွေကို တွေ့ရင် သင်္ဘော၊ ကုန်ပစ္စည်း၊ လူ အားလုံးကို ဖမ်းဆီးပြီး မြို့တော်ကို ပို့ခိုင်းလိုက်ပါ။"

ရှန်ရီ က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "လူကြီးမင်းရဲ့ လေသံကို နားထောင်ကြည့်ရတာ... နိုင်ငံခြားသားတွေကို အရမ်း အရေးပေးနေသလိုပဲ။ ကျင်းတိုင်းပြည် က တောင်ပိုင်းပင်လယ်က နိုင်ငံတချို့နဲ့လည်း ကုန်သွယ်မှု ရှိပါတယ်။ နိုင်ငံခြားက အရိုင်းအစိုင်းတွေ နေတဲ့နေရာက အဲဒီလောက်တောင် အရေးကြီးလို့လား။"

ဖန်ကျန်းရီက ပြုံးလိုက်ပြီး သူ၏ အပြုံးက အနည်းငယ် မျှော်လင့်ချက်မဲ့နေသလိုပင်။

ပတ်ဝန်းကျင်တွင် အကောင်းဆုံး နိုင်ငံဖြစ်နေသောကြောင့် တခြားသူများကို အရိုင်းအစိုင်း တံဆိပ်ကပ်၍ မောက်မာနေခြင်းလား။ ကြိုတင် ပြင်ဆင်ထားတာက အမြဲတမ်း အကောင်းဆုံးဖြစ်သည်။

"ရှန်ရီ... ဒီလောကကြီးက ဘယ်လောက် ကျယ်ဝန်းလဲ၊ နိုင်ငံခြားမှာ နိုင်ငံဘယ်နှစ်ခု ရှိလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ မြောက်ပိုင်းရုန် တွေက ရိုင်းတာမှန်တယ်။ ဒါပေမဲ့ ကျင်းတိုင်းပြည် အတွက် အခု အရေးအကြီးဆုံးက အမြင်ကျယ်ဖို့၊ ကျုပ်တို့ တစ်ခါမှ မသင်ဖူးတာတွေကို သင်ယူဖို့၊ ကျုပ်တို့ တစ်ခါမှ မမြင်ဖူးတာတွေကို ကြည့်ဖို့ပဲ။

နိုင်ငံခြားမှာရော သူတော်စင်တွေ မရှိနိုင်ဘူးလား။ အမြဲတမ်း မာနကြီးနေတာက ဘာအကျိုးမှ မရှိဘူး။ ကျုပ်တို့ ကျင့်သုံးရမှာက ယူသုံးတဲ့ ဝါဒပဲ။"

"ယူသုံးတဲ့ ဝါဒ ဟုတ်လား။" ရှန်ရီ က မေးလိုက်သည်။

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "အင်း။ ကောင်းတဲ့အရာဆိုရင် ကျုပ်တို့ ယူသုံးပြီး လေ့လာမယ်။ ကျန်တာတွေကို ဂရုစိုက်စရာ မလိုဘူး။ ဒီလောက် ရိုးရှင်းတယ်။"

ပြောရင်းနှင့် သူက ရှန်ရီ ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "အများကြီး စဉ်းစားမနေပါနဲ့။ သွားလုပ်လိုက်ပါ။ ကျုပ် နောက်လိုက်လုပ်ရင် ခင်ဗျား သမိုင်းထဲ ရောက်သွားလိမ့်မယ်။"

ဖန်ကျန်းရီ၏ စိတ်ထဲတွင် အနည်းငယ် ဂုဏ်ယူမိသွား၏။

ရှန်ရီ က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျုပ် နားလည်ပါပြီ ဖန်လူကြီးမင်း။ ကျုပ် ယူတိန့်မြို့ ကို ရောက်ရင် ခင်ဗျား ပြောတဲ့အတိုင်း လုပ်ပါ့မယ်။ ဒါပေမဲ့ အထက်အရာရှိက..."

"ခင်ဗျား အထက်မှာ ဘယ်သူမှ မရှိဘူး။ ကျုပ်မှာ ဂုဏ်သိက္ခာ နည်းနည်း ရှိတယ်။ ကျုပ်ရဲ့ စာကို ယူသွားရင် ခင်ဗျားကို ဘယ်သူမှ ဒုက္ခပေးရဲမှာ မဟုတ်ဘူး။ ဒါနဲ့ သင်္ဘောတည်ဆောက်တာကို တာဝန်ယူရတာက ချူမိသားစု ပါ။ သူတို့က ကျုပ်အပေါ် ကျေးဇူးရှိတယ်။ ခင်ဗျား ကျုပ်ကိုယ်စား သူတို့ကို သေချာ စောင့်ရှောက် ပေးလိုက်အုံး။"

"ဟုတ်ကဲ့။"

ရှန်ရီ က ပြန်ဖြေလိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။ စိတ်ပူနေသကဲ့သို့ လမ်းလျှောက်နေပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ချေ။

သူ စိတ်ပူနေသည်ကို ကြည့်ပြီး ဖန်ကျန်းရီက မနေနိုင်ဘဲ မေးလိုက်သည်။ "ဘယ်လိုလဲ။ ခင်ဗျား သွားဖို့ ဆန္ဒမရှိတာလား ဒါမှမဟုတ် တခြား အကြံအစည် ရှိလို့လား။ စိတ်ချပါ .. ကျုပ် ခင်ဗျားကို အတင်းအကျပ် မခိုင်းပါဘူး။"

ရှန်ရီ၏ မျက်နှာပေါ်တွင် အခက်အခဲ ဖြစ်နေသော အမူအရာများ ပိုမို ပေါ်လွင်နေပြီး အနည်းငယ် စဉ်းစားရခက်နေပုံပင်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှ ပြောလိုက်သည်။ "လူကြီးမင်း ထင်နေတာ မှားပါတယ်။ ကျုပ်သွားဖို့ ဆန္ဒမရှိတာ မဟုတ်ပါဘူး။ ဒါပေမဲ့... ကျုပ်က အရာရှိလုပ်ချင်တယ်။ ပြည်သူတွေအတွက် တစ်ခုခု လုပ်ပေးချင်တယ်။ အခု သင်္ဘောတည်ဆောက်တာကို ကြီးကြပ်ရုံ သတ်သတ်နဲ့ နေထိုင်စားသောက်ရေးကိုလည်း သူများက စောင့်ရှောက်ပေးမယ်ဆိုတော့ စိတ်ထဲမှာ နည်းနည်းတော့ မကျေနပ်သလို ခံစားရတယ်။"

"ဪ .... ဒီလိုကိုး။ ဒါက ပြဿနာ မရှိပါဘူး။ ခင်ဗျား ပင်ပန်းတာကို မကြောက်ရင် လွတ်လွတ်လပ်လပ်သာ လုပ်ပါ။ ယုံကြည်ရတဲ့ လူနည်းနည်းကို စောင့်ကြည့်ခိုင်းထားရင် ရပါပြီ။"

သတင်းစာတိုက်၏ ရွှေတံဆိပ်ဆုရှင် သတင်းထောက်၊ အမြင့်ဆုံး ပညာအရည်အချင်း ရှိသူ ဖြစ်သည်။ ဤအချိန်တွင် ဖန်ကျန်းရီ လည်း သူ့အပေါ် အနည်းငယ် လေးစားသွားမိ၏။

ဤကဲ့သို့ လက်တွေ့လုပ်ဆောင်တတ်သော အရည်အချင်းရှိသူ တစ်ယောက်ကို သင်္ဘောတည်ဆောက်ရေး ကြီးကြပ်ရုံ သတ်သတ်ထားမည်ဆိုလျှင် တကယ်ကို နှမြောစရာ ကောင်းလှသည်။

ထင်ထားသည့်အတိုင်းပင် ရှန်ရီ ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်သွားသော အမူအရာများ ပေါ်လွင်လာပြီး ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ဖန်လူကြီးမင်း … တကယ်တော့ ကျုပ်မှာ တောင်းဆိုစရာလေး တစ်ခု ရှိပါသေးတယ်..."

ရှန်ရီ၏ မျက်နှာအမူအရာက အနည်းငယ် ရှုံ့မဲ့ပြီး နီမြန်းလာသော်လည်း ကောင်းကင်က မှောင်နေသဖြင့် ဖန်ကျန်းရီ မမြင်လိုက်ရပေ။

စကားကို တစ်ဝက်တစ်ပျက် ပြောနေကြောင်း ကြားချိန်မှာတော့ ဖန်ကျန်းရီက ဆော်ဩလိုက်သည်။ "မြန်မြန်ပြော။ ရှက်ရွံ့နေပြီးတော့ ဘယ်လိုလုပ် အရာရှိ လုပ်မှာလဲ။"

"ကျုပ်လူကြီးမင်းဆီကနေ အရာရှိလုပ်နည်း အတတ်ပညာကို သင်ယူချင်လို့ပါ။"

ဖန်ကျန်းရီက အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်မိ၏။ "အရာရှိလုပ်နည်း အတတ်ပညာ ဟုတ်လား။ အရာရှိလုပ်နည်း အတတ်ပညာဆိုတာ ဘာလဲ ကျုပ် တကယ် မသိဘူး။ ကျုပ်မှာ အတွေ့အကြုံ အနည်းအကျဉ်းတော့ ရှိတယ်။ ခင်ဗျား နားထောင်ချင်ရင် ကျုပ် ပြောပြနိုင်ပါတယ်။"

"လူကြီးမင်း ပြောပြပါ။" ရှန်ရီ က သေချာ နားထောင်မည့် ပုံစံကို ပြသလိုက်သည်။

"ကျုပ် ခင်ဗျားကို အရင် မေးမယ်။ ပြည်သူတွေကို ဘယ်လို အုပ်ချုပ်ရမယ်လို့ ခင်ဗျား ထင်လဲ။"

ရှန်ရီ က ခဏတာ အံ့အားသင့်သွားပြီးနောက် ချက်ချင်း တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ "သေချာပေါက် ကိုယ်ကျင့်တရားနဲ့ အုပ်ချုပ်ရမှာပေါ့။"

"မှားတယ်။ လုံးဝ မှားတယ်။ ကိုယ်ကျင့်တရားနဲ့ အုပ်ချုပ်တယ်ဆိုတာ ဘာလဲ ကျုပ် တစ်ခါမှ မကြားဖူးဘူး။ ကျုပ် အမြင်အရတော့ အရာရှိလုပ်နည်း အတတ်ပညာ ဆိုတာ အချက်နှစ်ချက်ပဲ ရှိတယ်။ ပြဿနာကို ဖြေရှင်းမယ်။ လူတွေကို ချမ်းသာအောင် လုပ်ပေးမယ်။ အဲဒီလောက် ရိုးရှင်းတယ်။"

အပိုင်း (၅၆၈) ဖန်ကျန်းရီ၏ အရာရှိလုပ်နည်း အတတ်ပညာ။

ဖန်ကျန်းရီက ဤမျှ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု ရှန်ရီ လုံးဝ မထင်ထားခဲ့ပေ။

သတင်းစာတိုက်တွင် အချိန်အတော်ကြာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သဖြင့် ဖန်ကျန်းရီ၏ လုပ်ရပ်များနှင့် အတွေးအခေါ်များကို သူ အတော်လေး နားလည်ထားပြီး ဖြစ်၏။

သို့သော်လည်း အချို့သော အယူအဆများက အမြစ်တွယ်နေဆဲဖြစ်ရာ ပြည်သူများကို ချမ်းသာအောင် လုပ်ပေးမည်ဆိုသည့် တိုက်ရိုက်ကျလွန်းသော စကားများကို ကြားရသောအခါ သံသယများ ဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့် ပြန်လည် ချေပလိုက်၏။ "လူကြီးမင်း... သူတော်စင် ပညာရှိတွေက ပြောခဲ့တယ်။ ပြည်သူတွေကို အုပ်ချုပ်ရာမှာ သစ္စာရှိရမယ်၊ ချစ်ခင်ရမယ်၊ ကိုယ်ကျိုးမဖက်ရဘူး၊ ပညာရှိတွေကို အသုံးပြုရမယ်၊ သည်းခံနိုင်စွမ်း ရှိရမယ်တဲ့။

သူတစ်ပါးရဲ့ ကောင်းကွက်ကို မြင်ရင် ကိုယ့်ရဲ့ ကောင်းကွက်လို သဘောထားပြီး သူတစ်ပါးရဲ့ အမှားကို မြင်ရင် ကိုယ့်ရဲ့ အမှားလို သဘောထားရမယ်တဲ့။ ကိုယ်ကျင့်တရားနဲ့ ပြည်သူကို အုပ်ချုပ်ပြီး လောကကြီးအပေါ် ကိုယ်ကျိုး မဖက်တာက မှားနေလို့လား။"

ဖန်ကျန်းရီက မထီမဲ့မြင် ပြုံးလိုက်သည်။ "မှားတော့ မှားတယ်။ ဒါပေမဲ့ လုံးဝ မှားတာတော့ မဟုတ်ဘူး။ သူတော်စင်တွေ ပြောခဲ့တာဆိုတော့ သေချာပေါက် အဓိပ္ပာယ် ရှိမှာပေါ့။

လောကကြီးအပေါ် ကိုယ်ကျိုးမဖက်နိုင်တဲ့ အရာရှိ ဘယ်နှစ်ယောက် ရှိလဲ။ ကျုပ် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တာတောင် မလုပ်နိုင်ဘူး။ လူ့သဘာဝကို အခြေမခံတဲ့ နည်းလမ်းတွေက လုံးဝ နည်းလမ်းကောင်း မဟုတ်ဘူး။

သူတော်စင် ဖြစ်နေရင်ကော ဘာထူးလဲ။ သူတော်စင်တွေ ပြောတဲ့ ပြည်သူဆိုတာက ကျုပ်တို့ ပြောတဲ့ ပြည်သူတွေ ဟုတ်ချင်မှ ဟုတ်မှာ။

အဲဒီ သူတော်စင်တွေ အားလုံးက သေကုန်ကြပြီလေ။ သူတို့ အခုလို နေရာမျိုး ရလာတာက အရပ်ထဲက ပုံပြင်တွေနဲ့ ဆက်စပ်နေသလို ခေတ်အဆက်ဆက် ပြည်သူတွေက သူတို့အတွက် ရုပ်တုတွေ တည်ဆောက်ပေးလို့ ဖြစ်လာတာ။

မျိုးဆက်သစ်တွေက အရင်မျိုးဆက်တွေထက် ပိုသာတယ်ဆိုတာကို ကျုပ် ယုံကြည်တယ်။ သူတော်စင်တွေရဲ့ နောက်ကိုပဲ တကောက်ကောက် လိုက်နေရင် ဘယ်တော့မှ ကြီးကျယ်တဲ့ အုပ်ချုပ်မှုခေတ်ကို ရောက်လာမှာ မဟုတ်ဘူး။ ကျုပ်တို့ လုပ်ရမှာက သူတော်စင်တွေကို ကျော်လွန်ဖို့ပဲ။

ပြဿနာကို မြင်ရင် …. အနှစ်သာရကို တိုက်ရိုက် ထိုးဖောက်နိုင်ရင် လုံလောက်ပြီ။"

ရှန်ရီ၏ မျက်နှာမှာ ဖြူရော်သွား၏။ ဖန်ကျန်းရီက ဤမျှလောက်အထိ ရိုင်းစိုင်းစွာ ပြောဆိုရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူတော်စင် ပညာရှိတွေကို ကျော်လွန်မည်ဟုပင် ပါးစပ်ကနေ ပြောထွက်ရဲသည်။

ဖန်ကျန်းရီသည် သူ၏စိတ်ထဲတွင် နေရာတစ်ခု ယူထားသော်လည်း မကျေနပ်မှုများ ဖြစ်ပေါ်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "လူကြီးမင်းက သူတော်စင်တွေကို စော်ကားလို့ ဘယ်ရမလဲ။ ကိုယ်ကျင့်တရား နဲ့ ပြည်သူကို အုပ်ချုပ်တာ မမှန်ဘူးလား။"

သူ၏ လေသံတွင် ဒေါသတချို့ ပါဝင်နေသည်ကို ကြားသော်လည်း ဖန်ကျန်းရီက ဂရုမစိုက်ဘဲ ကောင်းကင်ယံရှိ လမင်းကို မော့ကြည့်ကာ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ "မှန်ပါတယ်။

ကိုယ်ကျင့်တရားဆိုတာ အရမ်းကောင်းတဲ့ အရာပဲ။ လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်မှာ မေတ္တာတရားနဲ့ ခင်မင်မှုတွေ ပြည့်နှက်နေတာကို လိုချင်ကြတယ်။ ဒီလို ကမ္ဘာကြီးက အရမ်းကို လှပမှာပဲ။

ဒါပေမဲ့ ကိုယ်ကျင့်တရား စောင့်ထိန်းမှုဆိုတာ ဖယောင်းတိုင်မီးလေး တစ်ပွင့်ပဲ။ သူက လူတစ်ယောက်ရဲ့ အရှေ့က လမ်းကိုပဲ လင်းထိန်ပေးနိုင်တယ်။ ကမ္ဘာအနှံ့က လာမယ့် အမှောင်ထုတွေကိုတော့ မကာကွယ်ပေးနိုင်ဘူး။

ခင်ဗျားရဲ့ ရန်သူဆိုတာ ခင်ဗျားကို မျက်မုန်းကျိုးနေတဲ့သူ ဒါမှမဟုတ် အကျိုးစီးပွားချင်း မတည့်တဲ့သူတွေ သတ်သတ် မဟုတ်ဘူး ခင်ဗျားကိုယ်တိုင် အုပ်ချုပ်နေရတဲ့ ပြည်သူတွေတောင် ဖြစ်လာနိုင်တယ်။

အုပ်ချုပ်သူတစ်ယောက်ရဲ့ အမိန့်တစ်ခု အကျိုးသက်ရောက်ဖို့ နှစ်နဲ့ချီ အချိန်ယူရလိမ့်မယ်။ အဲဒီ ကြားကာလထဲမှာတင် လူတွေက ခင်ဗျားကို ဝိုင်းဆဲကြလိမ့်မယ် ရန်သူတွေကလည်း အဲဒီ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အသေအလဲ ထိုးနှက်ကြလိမ့်မယ်။

အဲဒီလို အခြေအနေမျိုး ရောက်လာရင် ကိုယ်ကျင့်တရားက ခင်ဗျားကို ဘယ်လိုများ ကယ်တင်နိုင်မှာလဲ။ အဲဒီအချိန် ခင်ဗျား လုပ်နိုင်တာက ဉာဏ်သုံးပြီး ဖြေရှင်းမလား ဒါမှမဟုတ် အံကြိတ်ပြီးတော့ပဲ ခံမလား ဆိုတာပဲ။

တခြား ရွေးချယ်စရာ လမ်းမရှိတော့ဘူးလေ”

ရှန်ရီ က ခေါင်းငုံ့ကာ သေချာ စဉ်းစားနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "တကယ်တော့ အရာရှိ တစ်ယောက်အနေနဲ့ အမြင့်မှာ နေပြီး ကိုယ်ကျင့်တရားအကြောင်း ပြောနေတာက ရှက်စရာ ကောင်းတဲ့ ကိစ္စပဲ။

ပညာပေးမယ်၊ ကိုယ်ကျင့်တရားနဲ့ အုပ်ချုပ်မယ် ဆိုတဲ့ စကားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ပြည်သူတွေမှာ ကိုယ်ကျင့်တရား မရှိဘူးလို့ ပြောချင်တာပဲ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာ အဲဒီလို ဟုတ်ရဲ့လား။ ကျုပ် အမြင်ကတော့ မဟုတ်ဘူး။

တောက်ယွမ်ခရိုင် မှာ အုပ်ချုပ်ရ အခက်ခဲဆုံး အချိန်တုန်းက ကျုပ်ကို တွေ့ရင် ပြည်သူတွေ ပြောတဲ့ စကားက ဘာလဲ ခင်ဗျား သိလား။ သူတို့က ပြောတယ်။ ဘာအခက်အခဲမှ မရှိပါဘူး။ ခရိုင်ကို ဒုက္ခမပေးရဲပါဘူးတဲ့။"

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။ "သူတို့က ကျုပ်ကို ဒုက္ခမပေးချင်လို့ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံကြတာ။ ဒါက ကိုယ်ကျင့်တရား မဟုတ်ဘူးလား။

ဘယ်လောက်တောင် မိုက်မဲတဲ့ ပြည်သူတွေလဲ။ ဒါက သနားစရာကောင်းတဲ့ မိုက်မဲမှုပဲ။ တကယ်လို့ ကိစ္စတိုင်းကို သူတို့ဘာသာ သူတို့ ဖြေရှင်းနိုင်ရင် ကျုပ်လို ခရိုင်ဝန်က ဘာအသုံးကျတော့မှာလဲ။ တကယ်လို့ တစ်တိုင်းပြည်လုံးက ပြည်သူတွေ အားလုံး ဒီလိုဖြစ်နေရင် နန်းတော်ကြီးကကော ဘာအသုံးကျတော့မှာလဲ။

ဒါကြောင့် စာအုပ်ထဲက အရာတွေကို လက်တွေ့နဲ့ ပေါင်းစပ်ရမယ်။ မဟုတ်ရင် မှတ်သားထားတဲ့ စာပေတွေက စက္ကူစုတ်တွေ သတ်သတ်ပဲ။"

ရှန်ရီ က ခေါင်းမော့လာပြီး သူ၏ မျက်လုံးများတွင် နားမလည်မှုများ ပြည့်နှက်နေသည်။ သူက တီးတိုးမေးလိုက်သည်။ "ဒါဆို ကျုပ်ဘယ်လို လုပ်ရမလဲ။"

"ဟမ့် …. ဘယ်လို လုပ်ရမလဲ ဟုတ်လား။ ပြဿနာ တွေ့ရင် ပြဿနာကို ဖြေရှင်းလိုက်ရုံပဲလေ။ အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲပေါ့။ ခင်ဗျားက ပြဿနာတွေကို ရှာဖွေဖို့ တက်ကြွနေရမယ်။ တကယ်လို့ ပြဿနာတွေ ပေါက်ကွဲထွက်လာမှ သွားဖြေရှင်းမယ်ဆိုရင် ပိုပြီး ဒုက္ခများသွားလိမ့်မယ်။

ဒီလိုလုပ်ရတာ အချိန်ကြာလာရင် ခင်ဗျား ပင်ပန်းလာလိမ့်မယ်။ အဲဒီ ပြဿနာဆိုးတွေကို မဖြေရှင်းချင်တော့တဲ့ အသိစိတ်တွေ ဝင်လာလိမ့်မယ်။ အလွယ်တကူ ဖုံးကွယ်ထားလိုက်ချင်စိတ် ပေါက်လာလိမ့်မယ်။ ဒါပေမဲ့ ဒါက လုံးဝ လုပ်လို့ မရတဲ့ ကိစ္စပဲ။

ဒါက လူနှစ်ယောက် ပြဿနာ ဖြစ်သလိုမျိုးပဲ။ ပြဿနာ ဖြစ်ရင် အဲဒီနေရာမှာတင် ရန်ဖြစ်လိုက်ရင် ပြဿနာ ရှင်းသွားပြီ။ တကယ်လို့ မျိုသိပ်ထားမယ်ဆိုရင် တစ်နေ့နေ့ကျရင် သေချာပေါက် သေလုမြောပါး ရန်ဖြစ်ကြလိမ့်မယ်။ ကိစ္စတွေကလည်း အဲဒီလိုပါပဲ။ ဖုံးကွယ်ထားရင် ပြဿနာ အသေးလေးကနေ အကျပ်အတည်း အကြီးကြီး ဖြစ်သွားနိုင်တယ်။"

ရှန်ရီသည် ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး ဖန်ကျန်းရီ၏ အရှေ့သို့ လျှောက်သွားကာ ရိုသေလေးစားစွာ အရိုအသေပေးလျက် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဖန်လူကြီးမင်း။ ရှန်ရီ မှတ်သားထားပါ့မယ်။"

ဖန်ကျန်းရီက ကြင်နာစွာ ပြုံးလိုက်၏။ "ဒါက ဘာမှမဟုတ်ပါဘူး။ ခင်ဗျားရဲ့ ကြိုးစားမှုနဲ့ဆိုရင် မကြာခင် မြို့တော်ကို ပြန်ရောက်လာမယ်လို့ ကျုပ် ယုံကြည်တယ်။ အရာရှိ ဖြစ်လာပြီဆိုရင်တော့ အထက်အောက် နှစ်ဖက်လုံးကို မျက်နှာပျက်ခံလို့ မရဘူး။ အထက်ကို ဆက်ဆံရတာက ပြည်သူတွေကို အုပ်ချုပ်ရတာထက် အများကြီး ပိုလွယ်ပါတယ်။ စည်းမျဉ်းတစ်ခုပဲ ရှိတယ်။ ခုံကို မြဲမြဲထိုင်ဖို့ပဲ။"

ရှန်ရီ က မေးလိုက်သည်။ "ဒီစကားက ဘာကို ဆိုလိုတာလဲ။"

"လက်ရှိ အရှင်မင်းကြီး က တိုင်းပြည်ကို ကြိုးစားပမ်းစား အုပ်ချုပ်နေတဲ့သူပဲ။ ခင်ဗျား စိတ်အေးအေးထားပြီး အလုပ်လုပ်ပါ။ အကြံဆိုးတွေ မတွေးရင် အမြဲတမ်း ဘေးကင်းပါတယ်။"

"ဘယ်လိုပဲ ကစားကစား၊ ဘယ်လိုပဲ နောက်နောက်၊ မိန်းမပဲ ယူယူ၊ ခင်ဗျားမှာ တကယ့် အရည်အချင်း ရှိပြီး အရှင်မင်းကြီးနဲ့ စိတ်သဘောထား မကွဲလွဲသရွေ့ ကိစ္စမရှိဘူး။ ဒီတော့ ဘယ်တော့မှ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှား မလုပ်နဲ့။

ဘယ်အချိန်ရောက်ရောက် နိုင်ငံရေးအရ မှန်ကန်မှုကို ဂရုစိုက်ရမယ်။ ဒါကို ခုံမြဲမြဲထိုင်တယ် လို့ ခေါ်တယ်။”

ရှန်ရီ၏ စိတ်ထဲတွင် သံသယ ဝင်လာပြီး တီးတိုးရေရွတ်လိုက်သည်။ "နားထောင်ကြည့်ရတာ လူယုတ်မာ တစ်ယောက်နဲ့ နည်းနည်း တူနေသလိုပဲနော်..."

ဖန်ကျန်းရီ၏ မျက်နှာမှာ အဖြူရောင်မှ အနီရောင်သို့ ပြောင်းသွားပြီး ရှက်ရွံ့မှုကြောင့် ဒေါသထွက်သွားကာ ချက်ချင်း အော်ငေါက်လိုက်သည်။ "ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာသစ္စာရှိတာ၊ ဘာလူယုတ်မာလဲ။ ပြည်သူတွေရဲ့ ဘဝကို ပိုကောင်းအောင် ကူညီပေးနိုင်ရင်၊ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးရှိရင် သစ္စာရှိတဲ့ အမတ်ပဲ။ ကျန်တာတွေက နည်းလမ်းတွေ သတ်သတ်ပဲ။ ခင်ဗျားကို ဒီလောက် အများကြီး ပြောပြနေတာတောင် ခေါင်းမာနေတုန်းပဲလား။"

"သခင်လေး … သခင်လေး။"

သင်ခန်းစာပေးနေဆဲ အချိန်မှာပင် ရှဲ့ရှန်း က အဝေးမှ အော်ဟစ်ကာ ပြေးလာသည်။ ဖန်ကျန်းရီ အနီးသို့ ရောက်သောအခါ အမောတကောဖြင့် ပြောလိုက်၏။ "သခင်လေး... အချိန်ပို ဆင်းဖို့ အားလုံး စီစဉ်ပြီးပါပြီ။ နောက်ထပ် ဘာအစီအစဉ် ရှိသေးလဲ။"

ဖန်ကျန်းရီက သူ့ကို တိတ်တိတ်နေရန် လက်ဟန်ပြပြီး ဆက်ပြောသည်။ "ခင်ဗျား ခဏစောင့်ဦး။ ကျုပ် သူ့ကို ပြောပြီးရင် ခင်ဗျားကို ပြောမယ်။ ရှန်ရီ... ခင်ဗျား လုပ်ရမှာက လက်တွေ့ ပြဿနာတွေကို ဖြေရှင်းဖို့ပဲ။ ဟို စိတ်ကူးယဉ်ဆန်တဲ့ အရာတွေကို ဘေးဖယ်ထားလိုက်။

ကျုပ် ခင်ဗျားကို မေးမယ်။ တကယ်လို့ ခင်ဗျားက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ မြင်းလှည်း တစ်စီးကို မောင်းနေတယ်။ ခင်ဗျား အရှေ့မှာ လမ်းနှစ်လမ်း ရှိတယ်။ တစ်လမ်းမှာ လူငါးယောက် ရှိနေတယ်။ ဒါပေမဲ့ အဲဒီလမ်းကို လူမသွားရဘူးလို့ ဥပဒေက တားမြစ်ထားတယ်။ နောက်တစ်လမ်းကတော့ လွတ်လပ်တဲ့လမ်း ဖြစ်ပြီး ပြည်သူတစ်ယောက်က ပုံမှန် လမ်းလျှောက်နေတယ်။ ခင်ဗျား ဘယ်သူ့ကို တိုက်သတ်မလဲ။"

"ဟင်။"

ရှန်ရီ ၏ မျက်လုံးများတွင် နားမလည်မှုများ ပြည့်နှက်သွားသည်။ "ဘာလို့ လူကို တိုက်သတ်ရမှာလဲ။ ကျုပ် မြေလွတ်ထဲကို မောင်းသွားရင် မရဘူးလား။"

"..."

ရထားမရှိသော ကမ္ဘာကြီးက တကယ်ကို စိတ်ပျက်စရာ ကောင်းလှသည်။

ချီးတဲ့မှ … ရထားဆို နှစ်လမ်းပေးရင် နှစ်လမ်းပဲသွားရတာ။

ဖန်ကျန်းရီက ဒေါသကို အတင်းအောင့်အည်းကာ ပြောလိုက်သည်။ "လမ်းတစ်လမ်းကို ရွေးကို ရွေးရမယ်။ မဟုတ်ရင် သေရမယ့်သူက ခင်ဗျား ဖြစ်သွားလိမ့်မယ်။"

ရှန်ရီက မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားနေ၏။ "ကျုပ် သေမယ်... အများအကျိုးအတွက် ကိုယ့်အသက်ကို စတေးတာ... မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."

"..." ဖန်ကျန်းရီမှာ ဒေါသထွက်လွန်း၍ အော်ပြောလိုက်သည်။ "ချီး …. လမ်းတစ်လမ်းကို ရွေးကို ရွေးရမယ်လို့။"

"ဒါက... ကျုပ် မသိဘူးလေ။ ဖန်လူကြီးမင်း... ဒါက ရွေးလို့ မရဘူးလေ။ လူငါးယောက်က ဥပဒေ ချိုးဖောက်တယ် ဆိုပေမဲ့ သူတို့ကလည်း လူ့အသက်တွေပဲ။ ဒါပေမဲ့ အပြစ်မရှိတဲ့ လူကလည်း မသေသင့်ဘူးလေ။" ရှန်ရီ က အလွန်အမင်း စဉ်းစားရခက်နေ၏။

"ဒါပဲပေါ့။ ကိုယ်ကျင့်တရားဆိုင်ရာ အခက်အခဲတွေက အမြဲတမ်း ရှိနေတာပဲ။ ကျုပ် ပြောချင်တာက ခင်ဗျားသာ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ အရာတွေကို အမြဲ တွေးနေရင် နောင်ကျရင် ဘာအလုပ်မှ လုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ရပြီ …. ဒီနေ့ ဒီလောက်ပဲ။ ခင်ဗျား အိမ်ပြန်တော့။"

ရှန်ရီ က တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီးနောက် တစ်ယောက်တည်း ထွက်သွားခဲ့၏။

ရှဲ့ရှန်း က မျက်လုံးလေး ကလည်ကလည်ဖြင့် ချဉ်းကပ်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "သခင်လေး... တကယ်တော့ ဘယ်သူ့ကို တိုက်သတ်တာက ပိုသင့်တော်လဲ။"

ဖန်ကျန်းရီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဘယ်သူ့ကို တိုက်သတ်ချင်လဲ။ ကျုပ် တိုက်သတ်ချင်တဲ့သူက ဥပဒေ ချိုးဖောက်တဲ့သူ ဖြစ်သွားမှာပဲ။ ခင်ဗျားက သတင်းစာတိုက်တောင် ဖွင့်ထားပြီးမှ ဒီလို မေးခွန်းမျိုး လာမေးနေသေးတယ်။ အရာရှိ လုပ်တဲ့သူက ပြည်သူတွေကို မဖြေရှင်းနိုင်ဘူးလို့ ထင်နေတာလား။"

"အာ... ဒါက..."

All Chapters