← Chapters

အခန်း (၅၆၉-၅၇၀)

Vol. 31 Ch. 569-570

အခန်း (၅၆၉-၅၇၀)

Vol. 31 Ch. 569-570

အပိုင်း (၅၆၉) ဖန်ကျန်းရီ အရှင်မင်းကြီးထံ ဝင်ရောက်ဖူးမျှော်ခြင်း။

ရှဲ့ရှန်းက ရယ်ကျဲကျဲဖြင့် မေးသည်။ "အဟမ်း... သခင်လေး၊ သတင်းထောက်တွေအတွက် နောက်ပိုင်း အစီအစဉ်က ဘယ်လိုလဲ။ တကယ်ပဲ လစာမတိုးပေးတော့ဘူးလား။ ဒီလိုမျိုး အမြဲတမ်း လှည့်စားနေလို့တော့ မဖြစ်သေးဘူးနော်။"

ဖန်ကျန်းရီက လက်ဖြန့်ပြလိုက်ပြီး ပြော၏။ "ဈေးကွက်ပြိုင်ဆိုင်မှုဆိုတာ ရှင်သန်နိုင်ရင် ဆက်ရှင်သန်၊ မရှင်သန်နိုင်ရင် သေဆုံးရမှာပဲ။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို ဖြုန်းတီးပစ်ဖို့တော့ ကျုပ် ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။

ဒါပေမဲ့ လူတွေအကုန်လုံးကို မောင်းထုတ်ပစ်လို့လည်း မရပြန်ဘူးလေ။ ဘာပဲဖြစ်ဖြစ် အိမ်ရှေ့စံ ကိုယ်တိုင် ရှာပေးထားတဲ့ လူတွေဆိုတော့ နောက်မှပဲ နေရာချထားပေးဖို့ တစ်နည်းနည်း စဉ်းစားရမှာပေါ့။ တကယ်တော့ ဒီလူတွေက အလုပ်ကို စေတနာပါပါနဲ့ လုပ်ချင်ကြတာမှ မဟုတ်တာ။ ဒီမှာ ဆက်ထားလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။

သတင်းစာတိုက်က ရတဲ့ အမြတ်ငွေတွေကိုတော့ အခု ကျုပ်တို့ တစ်ပြားမှ မယူတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သိပ်များများစားစား ရတာမှ မဟုတ်တာ။ သတင်းထောက်တွေအတွက် ဆုကြေးငွေအဖြစ်ပဲ ချန်ထားပေးလိုက်ပါ။ အိမ်ရှေ့စံရဲ့ ဝေစုအတွက်ကတော့ ခင်ဗျားပဲ သွားမေးလိုက်တော့။ ကျုပ်ထင်တာတော့ သူလည်း ချက်ချင်း သဘောတူလိုက်မှာပါ။ ကျန်တာတွေကိုတော့ ခင်ဗျား အခြေအနေကြည့်ပြီး စီစဉ်လိုက်တော့။"

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် လက်နှစ်ဖက် နောက်ပစ်ကာ လျှောက်လှမ်းသွားလည်။ ခြေနှစ်လှမ်းခန့် အရောက်တွင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နောက်သို့လှည့်ကာ ပြော၏။ "ဒါနဲ့... ရှန်ရီ ဘယ်တော့ ယူတိန့်မြို့ကို သွားမလဲ မသိသေးဘူး။ ကျုပ် သူ့ကို လိုက်ပို့ဖို့ အချိန်ရမှာ မဟုတ်ဘူး။ ခင်ဗျားပဲ ကျုပ်ကိုယ်စား သွားပို့ပေးလိုက်ပါ။

လမ်းခရီးအတွက် စားစရာ၊ ဝတ်စရာနဲ့ ခရီးစရိတ်တွေကိုလည်း သူ့အတွက် အပြည့်အစုံ ပြင်ဆင်ပေးလိုက်အုံး။ ပြီးတော့ ပန်းနီအသင်းက ယွီနျန်ဆီကို ကျုပ်ကိုယ်စား စာတစ်စောင် ရေးလိုက်ပါ။ နောက်ဆိုရင် သေရည်နတ်ဆိုး သခင်လေးဖန် ဆိုတာ မရှိတော့ဘူး၊ သေရည်နတ်ဆိုး ရှန်ပဲ ရှိတော့မယ်လို့ ပြောလိုက်။ သူရဲ့ လက်အောက်ငယ်သားတွေ ပါးစပ်ကို လုံလုံခြုံခြုံ ပိတ်ထားခိုင်းလိုက်။"

ရှဲ့ရှန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "သခင်လေး... ဒါက ဘာသဘောလဲ။"

ဖန်ကျန်းရီသည် ကျောခိုင်းကာ အိမ်ဆီသို့ ဆက်လျှောက်သွားရင်း လက်ကာပြ၍ ဖြေလိုက်၏။ "ဘာသဘောရမှာလဲ။ ဘာသဘောမှ မရှိဘူး။ အရိုးကြေကြေ အရေခမ်းခမ်း ဘာကိုမှ မကြောက်ဘူး ဆိုပေမဲ့... လူ့လောကမှာ နာမည်ကောင်းလေးတော့ ချန်ရစ်ခဲ့ရမှာပေါ့...။"

ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ရင်း ရှဲ့ရှန်း၏ နဖူးထက်တွင် မျဉ်းမည်းကြီးများ ပေါ်ပေါက်လာခဲ့သည်။

ကောင်းလေစွ၊ သခင်လေးရဲ့ နာမည်ကောင်းကတော့ ကျန်ခဲ့ပြီ။ ရှန်ရီရဲ့ နာမည်ကောင်းကတော့ ပျက်စီးရတော့မယ်။

---

နောက်တစ်နေ့တွင် ပုံမှန်အတိုင်း ညီလာခံ ကျင်းပသည်။

သို့သော်လည်း မှူးမတ်များက မိမိအား ကြည့်ရှုနေကြသည့် အကြည့်များမှာ အနည်းငယ် ထူးဆန်းနေကြောင်း ဖန်ကျန်းရီ သိသိသာသာ ခံစားလိုက်ရသည်။

အများစုမှာ သူ မြောက်ပိုင်းကျင်းယီဝေဌာနသို့ သွားရောက်ခဲ့ပြီး ရုံးတော်အချုပ်ထောင်တွင် ကျန်းရှီအား စစ်ကြောမေးမြန်းခဲ့သည်ကို သိရှိနေကြပုံရသည်။

ဤကိစ္စကို လူအများအပြား စောင့်ကြည့်နေကြမည်မှာ သေချာသည်။ မည်သို့ပင်ဆိုစေကာမူ အရှင်မင်းကြီးက အခွင့်အရေးယူကာ ကျင်းယီဝေတပ်ဖွဲ့ကို ရုတ်တရက် ဖွဲ့စည်းလိုက်ခြင်းသည် လူတိုင်းကို အငိုက်မိသွားစေခဲ့၏။

ဤအချက်က အရှင်မင်းကြီး၏ အာဏာစက် ပိုမိုကျယ်ပြန့်လာခြင်းကို ကိုယ်စားပြုနေပြီး မည်သည့်နေရာအထိ သက်ရောက်လာမည်ကိုမူ မည်သူမှ မခန့်မှန်းနိုင်သေးချေ။

ကျင်းဘုရင်မင်းမြတ်၏ စိတ်နေသဘောထားကို သူတို့ ကောင်းကောင်းနားလည်ကြသော်လည်း ဖန်ကျန်းရီ ဆိုသည့် ပြောင်းလဲနိုင်သော ကိန်းရှင်ကိုတော့ မည်သူကမှ အတိအကျ မခန့်မှန်းနိုင်ကြပေ။

ဖန်ကျန်းရီသည် ဤအခြေအနေကို ကောင်းစွာ သဘောပေါက်ထားသဖြင့် ဘာမှမသိသလို ဟန်ဆောင်ကာ မိမိနေရာတွင် တည်ငြိမ်စွာ ရပ်နေလိုက်သည်။

ညီလာခံ ပြီးဆုံးသွားသည့်တိုင်အောင် လီယွမ်ကျောက်သည် ဖန်ကျန်းရီနှင့် အတူရှိနေခဲ့ပြီး နှစ်ယောက်သား အရှေ့နန်းဆောင်တွင် ဘာမှလုပ်စရာမရှိပေ။ စစ်တုရင်ကစားရင်း ကျင်းဘုရင်မင်းမြတ် ထံ ဝင်ရောက်ဖူးမျှော်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေကြသည်။

မနေ့က တရားမဝင်ငွေများ သိမ်းဆည်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင် လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေပြီး ခြေပင် ဆောင့်မိ၏။

"ဖန်ကြီး... မနေ့က ငွေဘယ်လောက်တောင် သိမ်းဆည်းရမိခဲ့လဲဆိုတာ ခင်ဗျား လုံးဝ ထင်မှတ်ထားမှာ မဟုတ်ဘူး။

ငွေတုံး သုံးသန်းကျော်တောင်။ အဲဒီဘက်မှာ လူလွှတ်ပြီး ပိတ်ဆို့ထားပေမဲ့ လောလောဆယ်တော့ အကုန် သယ်လို့ မပြီးသေးဘူး။ ငွေတွေက တောင်လိုပုံနေတာ၊ ကျုပ် မျက်စိတွေတောင် ပြာသွားတယ်။ ခင်ဗျား မလိုက်လာတာ တကယ် နောင်တရစရာပဲ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "ကျုပ် ဟိုင်ယွမ်မြို့မှာ ဆားကုန်သည်တွေဆီ သွားစစ်တုန်းက ဒီထက်မက မြင်ဖူးသေးတယ်။ သုံးသန်းလောက်ကတော့ ဘာမှ မဟုတ်သေးပါဘူး။"

လီယွမ်ကျောက် တစ်ယောက် ကြွားလုံးပင် မထုတ်ရသေးခင် ရေအေးတစ်ခွက်ဖြင့် ပက်ခံလိုက်ရသလို ဖြစ်သွား၏။

လီယွမ်ကျောက်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ကျွတ် .. ခင်ဗျား ဟိုင်ယွမ်မြို့ကို သွားတုန်းက မျက်စိဖွင့် နားဖွင့်ဖြစ်အောင် လိုက်သွားခဲ့ရမှာ။ ခမည်းတော်က ဒီလောက် ငွေတွေ အများကြီးရှိမှန်း မသိသေးဘူး။ ခဏနေရင် သူ့ကို ပြောပြရမယ်။ ဒါနဲ့ ဖန်ကြီး... မနေ့ညက ခမည်းတော် ပြောတာ ကြားတယ်။ ခင်ဗျားတို့ ခရိုင်မှာ ယမ်းမှုန့်တွေ ထုတ်လုပ်နိုင်ပြီဆို။"

ဖန်ကျန်းရီက ရယ်ကျဲကျဲဖြင့် ဆို၏။ "အင်း အင်း အင်း... ထုတ်လုပ်နိုင်ပါပြီ။ အခု လက်နက်တွေတောင် လုပ်နေပြီ။ အိမ်ရှေ့စံမြင်ရင် သေချာပေါက် သဘောကျမှာ။ ခင်ဗျားအတွက် သီးသန့် နှစ်လက်တောင် မှာထားပေးတယ် .. ဟားဟား။"

လီယွမ်ကျောက်က မျက်ခုံးပင့်လိုက်ပြီး မေးသည်။ "နှစ်လက်... လျှို့လျှို့ဝှက်ဝှက်နဲ့။ တကယ်တော့ အဲဒါ ဘာပစ္စည်းလဲဆိုတာ ကျုပ်ကို တိုက်ရိုက်သာ ပြောပြစမ်းပါ။"

ဖန်ကျန်းရီသည် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။ "မပြောနိုင်ဘူး၊ မပြောနိုင်သေးဘူး။ ကျုပ်က အကြံအစည်ကြီး တစ်ခုကို စီစဉ်နေတာ။ လူတိုင်း အံ့သြသွားအောင် လုပ်မလို့။ ခင်ဗျား သေချာပေါက် သဘောကျမှာပါ။ စောင့်သာ ကြည့်နေလိုက်တော့။ ကြိုပြောပြလိုက်ရင် ဘာအရသာ ရှိတော့မလဲ။ ပြီးတော့ အဲဒါကိုသုံးပြီး သင်္ဘောတည်ဆောက်ဖို့ အရှင်မင်းကြီးကို ဖျောင်းဖျရအုံးမယ်။"

လီယွမ်ကျောက်သည် အလွန်တရာ ငြီးငွေ့သွားပြီး စစ်တုရင်ရုပ်များကို ပစ်ချလိုက်ကာ ပြောလိုက်သည်။ "ချီးပဲ … မဖြစ်နိုင်တာ။ ခမည်းတော်က ခင်ဗျားကို သင်္ဘောဆောက်ခွင့်ပြုမယ် မထင်ဘူး။ ကျုပ် သူ့ကို ကမ္ဘာကြီးက လုံးတယ်၊ သင်္ဘောနှစ်စင်းလောက် လွှတ်ပြီး သွားကြည့်ခိုင်းပါလားလို့ ပြောတုန်းက ကျုပ်ကိုတောင် ရိုက်လွှတ်လိုက်သေးတယ်။"

ဖန်ကျန်းရီက ပြောလိုက်၏။ "ဟက်... ခင်ဗျား အဲလိုသွားပြောရင်တော့ ဘယ်ရမလဲ။ နည်းလမ်းလေး ဘာလေး သုံးရတယ်။ ကျုပ် လက်ထဲမှာ လျှို့ဝှက်လက်နက် ရှိတယ်။"

လီယွမ်ကျောက်၏ စိတ်ထဲတွင် ကြောင်ကုတ်ခံရသလို ယားယံလာပြီး ထခုန်ကာ ပြောသည်။ "ဘာလဲ၊ ပစ္စည်းအသစ် ရှိသေးတာလား။ ဖန်ကြီး... ခင်ဗျား ကျုပ်ကိုတောင် ဖုံးကွယ်ထားသေးတယ်ပေါ့။"

ဖန်ကျန်းရီသည် စစ်တုရင်ရုပ်တစ်ရုပ်ကို တိတ်တဆိတ် ရွှေ့လိုက်ရင်း ဆို၏။ "အာ... ထိုင်စမ်းပါ … အိမ်ရှေ့စံရဲ့။ အဲဒီ ပစ္စည်းကောင်းတွေက အခုထိ မပြီးသေးပါဘူး။ ပြီးတာနဲ့ ခင်ဗျားဆီ ချက်ချင်း ပို့ပေးပါ့မယ်။ ကစား .. ဆက်ကစား။"

ယခုအခါ လီယွမ်ကျောက်၏ ဂိုမိုကူ (ငါးလုံးတန်း) စစ်တုရင်စွမ်းရည်မှာ တိုးတက်လာပြီဖြစ်ရာ သူ မယှဉ်နိုင်တော့ပေ။ ဤကဲ့သို့ ညစ်ပတ်သော နည်းလမ်းကိုသာ သုံးရတော့သည်။

လီယွမ်ကျောက်သည် သူ့အား အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး စစ်တုရင်ရုပ်များကို လက်ဖြင့် သပ်ချကာ ဖျက်ဆီးပစ်လိုက်သည်။ ပြီးနောက် ပြောလိုက်၏။ "ဒီလို ကစားနေရတာ ဘာအဓိပ္ပာယ် ရှိမှာလဲ။ အရင်ရွှေ့တဲ့သူက နိုင်မှာပဲလေ။ ကျုပ်ကို သေချာ ရှင်းပြစမ်းပါ။ ပင်လယ်ရပ်ခြားကို ခင်ဗျား ဒီလောက်တောင် ဂရုစိုက်နေရလောက်အောင် ဘာတွေများ ရှိနေလို့လဲ။ ခင်ဗျားက အများကြီး သိနေတဲ့ ပုံပေါက်နေတယ်။"

ဖန်ကျန်းရီက လျှို့ဝှက်ဆန်းကြယ်ဟန် ဖမ်းလိုက်ပြီး မေးသည်။ "နည်းနည်းပါးပါးတော့ သိထားတယ်။ အိမ်ရှေ့စံ နားထောင်ချင်လို့လား။"

လီယွမ်ကျောက်က ဖြေ၏။ "နားထောင်ချင်တာပေါ့။"

ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်သည်။ "ကျုပ် ကြားဖူးတာတော့ ထျန်းကျူ လို့ ခေါ်တဲ့ နေရာတစ်ခု ရှိတယ်။ အဲဒီက လူတွေက မွေးလာကတည်းက ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားခံရပြီး တစ်သက်လုံး ပြောင်းလဲလို့ မရဘူးတဲ့။ ဇာတ်နိမ့်တဲ့သူက ဇာတ်မြင့်တဲ့သူတွေရဲ့ ဂျိုင်းချွေးတွေကို ခြစ်ယူပြီး အခြောက်ခံတယ်။ ဟင်းခတ် အမွှေးအကြိုင် အဖြစ် ရောင်းကြတယ်တဲ့။"

လီယွမ်ကျောက်သည် လေအေးတစ်ချက် ရှူသွင်းပြီး ပြောလိုက်၏။ "ချီးတဲ့မှ .. အဲဒီလောက်တောင် ရွံစရာ ကောင်းတာလား။ ဂျိုင်းချွေးကနေ ဟင်းခတ်အမွှေးအကြိုင် လုပ်လို့ရတယ်ပေါ့။"

ဖန်ကျန်းရီက လက်ကာပြကာ ပြောသည်။ "ကြားဖူးတာကို ပြောပြတာပါ။ ပင်လယ်ရပ်ခြားမှာ တစ်ကိုယ်လုံး မည်းနက်နေတဲ့ လူတွေရှိပြီး ဝါဂွမ်းစိုက်ဖို့ သီးသန့် မွေးထားကြတာတဲ့။ အနောက်ဘက်မှာကျတော့ ရွှေရောင်ဆံပင်၊ မျက်လုံးပြာပြာနဲ့ အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း နိုင်ငံခြားသူ အချောအလှတွေ ရှိတယ်တဲ့။"

လီယွမ်ကျောက်၏ အသံမှာ ရုတ်တရက် မြင့်တက်သွား၏။ "တကယ်လား။ တစ်ကိုယ်လုံး မည်းနက်နေတဲ့ လူတွေတောင် ရှိတာလား။ ရွှေရောင်ဆံပင်၊ မျက်လုံးပြာပြာနဲ့ မိန်းမတွေဆိုတာ ဘယ်လိုပုံစံများ ဖြစ်မလဲ။ နောက်ဆိုရင် ကျုပ်ဆီ နည်းနည်းပါးပါးလောက် ခေါ်လာခဲ့စမ်းပါ။"

ဖန်ကျန်းရီက ပြောသည်။ "တော်ပါတော့ အိမ်ရှေ့စံရာ။ ခင်ဗျားမှာ အခုထိ ကလေးတောင် မရှိသေးတာကို နိုင်ငံခြားသူတွေ ရှာချင်သေးတယ်ပေါ့။ သူတို့က အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်းတွေ .. ခင်ဗျား ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။"

လီယွမ်ကျောက်၏ မျက်နှာသည် ရှက်သွေးဖြာသွား၏။ "ဘာ... ဘာသဘောလဲ။"

သူသည် ယခင်ကကဲ့သို့ အပူအပင်ကင်းမဲ့နေသူ မဟုတ်တော့ပေ။ ဤမျှ အရွယ်ရောက်နေပြီဖြစ်သော်လည်း ကလေးမရှိသေးခြင်းမှာ တာ့ကျင်းတိုင်းပြည်တွင် ရှက်စရာကိစ္စတစ်ခု ဖြစ်သည်။ အထူးသဖြင့် တော်ဝင်မိသားစုတွင်ဖြစ်ရာ မှူးမတ်အားလုံးက သူ့ကို စောင့်ကြည့်နေကြသည်။

လီယွမ်ကျောက်သည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။ "ခင်ဗျားမှာရော ကလေးရှိလို့လား။ ဒါကို လာပြီး လှောင်နေရသေးတယ်။"

ထို့နောက် သူသည် ဖန်ကျန်းရီထံသို့ ဒေါသတကြီး ခုန်အုပ်လိုက်သည်။

ရုတ်တရက် အငိုက်မိသွားသဖြင့် ဖန်ကျန်းရီသည် လည်ပင်းအညှစ်ခံလိုက်ရပြီး အဆက်မပြတ် တောင်းပန်ရတော့၏။ "အိမ်ရှေ့စံ... ခဏနေရင် အလုပ်ကိစ္စ ရှိသေးတယ်နော်။ လည်ပင်းမှာ လက်အရာတွေ ထင်ကုန်ပြီ... အရာတွေ ထင်ကုန်ပြီလို့..."

---

တစ်မနက်ခင်းလုံး ဆူညံပွက်လောရိုက်ပြီးနောက် နောက်ဆုံးတွင်တော့ အရှင်မင်းကြီးထံ ဝင်ရောက်ဖူးမျှော်ခွင့် ရရှိသွားသည်။

ကျင်းဘုရင်မင်းမြတ်သည် တိုင်းပြည်ရေးရာများကို အလွန်အမင်း အလေးထားသူဖြစ်ပြီး အရေးကြီးသော ကိစ္စရပ်များကို အမတ်အဖွဲ့နှင့် ဆွေးနွေးလေ့ရှိ၏။

ဤတစ်ကြိမ်တွင်လည်း ချွင်းချက်မရှိပေ။ လျိုကျင်း လာရောက်အကြောင်းကြားချိန်တွင် သူတို့နှစ်ဦးသည် လက်ရှိ အလုပ်များကို ချထားခဲ့ကာ ချက်ချင်း ဝင်ရောက်ဖူးမျှော်ကြသည်။

အခန်းတွင်းသို့ ဝင်ရောက်သွားသောအခါ လူငါးယောက် ခြောက်ယောက်ခန့်က ဖန်ကျန်းရီကို လှည့်ကြည့် လာကြ၏။

ဖန်ကျန်းရီက အကဲခတ်ကြည့်ပြီးနောက် ပြုံးလိုက်သည်။ ‘အမတ်ကြီးလည်း ရှိနေတာပဲ။ မှူးမတ်အပေါင်းတို့ရဲ့ အကြီးအကဲဖြစ်သူ ဒီမှာရှိနေတော့ ပိုတောင် အဆင်ပြေသေးတယ်။’

"ကျွန်တော်မျိုး ဖန်ကျန်းရီ …. အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"

ကျင်းဘုရင်မင်းမြတ် သည် မှတ်တမ်းလွှာကို ကိုင်ထားရင်း ခေါင်းပင်မမော့ဘဲ ပြန်ပြောလိုက်၏။ "အင်း... ထိုင်ကြ။ လောကဝတ်တွေ လုပ်နေစရာ မလိုဘူး။ ဒီနေ့ ကိုယ်တော့်ဆီ လာတာ ဘာအရေးကြီးကိစ္စ ရှိလို့လဲ။"

ဖန်ကျန်းရီသည် အခြားသူများ မကြားရမည်ကို စိုးရိမ်သည့်အလား လည်ပင်းကို ဆန့်ကာ အော်ပြောလိုက်သည်။

"ကျွန်တော်မျိုး မနေ့က မြောက်ပိုင်း ကျင်းယီဝေဌာနရဲ့ အကျဉ်းထောင်ကို သွားပြီး ကျန်းရှီကို စစ်ကြော မေးမြန်းခဲ့ပါတယ်။ ဒီကနေ့ အရှင်မင်းကြီးရဲ့ သဘောထားကို အထူးတလည် လာရောက် မေးမြန်း လျှောက်ထားတာပါ။"

ကျင်းဘုရင်မင်းမြတ် သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး နားကို ကလော်ကာ မတတ်နိုင်သည့်ဟန်ဖြင့် ပြောလိုက်၏။ "မင်း ဘာလို့ အဲဒီလောက် အကျယ်ကြီး အော်နေရတာလဲ။ ကိုယ်တော် ကြားပါတယ်။"

အပိုင်း (၅၇၀) ကြင်နာတတ်သော မင်းလောင်း၏ လက္ခဏာ။

ကျန်းရှီနှင့် ပတ်သက်သည့် ကိစ္စဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် မေးခွန်းထုတ်ခံရမည့် အမတ်များအားလုံး ချက်ချင်းပင် နားစွင့်လိုက်ကြသည်။

ဖန်ကျန်းရီဆိုသည့် ကောင်လေးက အမြဲတမ်း အလျှော့ပေးလေ့မရှိသူဖြစ်ရာ ကျန်းရှီအတွက်တော့ သက်သာမည့်ပုံ မပေါ်ပေ။

ထို့အပြင် အိမ်ရှေ့စံကလည်း သာမန်အချိန်များတွင် ကျန်းရှီနှင့် သိပ်အဆင်ပြေလှသည် မဟုတ်ချေ။ ယခု နှစ်ယောက်သား အတူတူ ရောက်လာခြင်းကို ကြည့်လျှင် ဖန်ကျန်းရီက အိမ်ရှေ့စံကိုပါ ဆွဲခေါ်လာခြင်း ဖြစ်ရမည်။

ဒီကောင်လေးက ကျန်းရှီ သေရတာ မလုံလောက်သေးလို့ အိမ်ရှေ့စံကိုပါ ခေါ်ပြီး ထပ်နင်းချေဖို့ ကြံနေတာ သေချာတယ်။

သေချာပေါက် ဒီလိုပဲ ဖြစ်ရမယ်။

သူသာ ဒီလိုမျိုး မထီမဲ့မြင် လုပ်နေမယ်ဆိုရင် နောက်ဆို ညီလာခံမှာ တစ်ရက်လေးတောင် အေးချမ်းမှာ မဟုတ်တော့ဘူး။

လူအများအပြားက တွေးလေ စိုးရိမ်လေဖြစ်ကာ ရင်တမမ ဖြစ်လာကြသည်။

ကျင်းဘုရင်မင်းမြတ် သည် မှတ်တမ်းလွှာကို ချထားပြီး ပြုံး၍ မေးလိုက်၏။ "အို... တစ်ရက်တည်းနဲ့ စစ်ကြောလို့ ပြီးသွားပြီလား။"

ဖန်ကျန်းရီက ရိုသေစွာဖြင့် လျှောက်တင်လိုက်သည်။ "မှန်လှပါ အရှင်မင်းကြီး … ကျွန်တော်မျိုး စစ်ကြောရေး လုပ်ပြီးပါပြီ။ သူက တော်တော်လေး ပူးပေါင်းပါဝင်တဲ့အတွက် ကျွန်တော်မျိုး သိပ်အားစိုက်ထုတ်စရာ မလိုခဲ့ပါဘူး။"

ကျင်းဘုရင်မင်းမြတ် က မေးလိုက်၏။ "ကိုယ်တော်က မင်းကို ကျင်းယီဝေကို အုပ်ချုပ်ခိုင်းထားတော့ ကျန်းရှီကို ဘယ်လို ပြစ်ဒဏ်ပေးသင့်တယ်လို့ ထင်သလဲ။"

ထိုစကားထွက်ပေါ်လာသည်နှင့် တချို့သူများမှာ မနေနိုင်ဘဲ ဘေးသို့ ခိုးကြည့်လိုက်ကြသည်။

လာပြီ... အရေးကြီးတဲ့ မေးခွန်း ရောက်လာပြီ။ ဖန်ကျန်းရီရဲ့ စည်းကမ်းချက်တွေက ဘယ်အထိလဲဆိုတာ ဒီနေ့တော့ အကဲခတ်လို့ ရလောက်ပြီ။

ဖန်ကျန်းရီသည် ဘေးဘက်သို့ တိတ်တဆိတ် အကဲခတ်ကြည့်လိုက်ပြီးနောက် တည်ငြိမ်သော မျက်နှာထားဖြင့် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး ထင်မြင်တာကတော့ ဝူမင်းသား ပုန်ကန်တဲ့ကိစ္စကို ကျန်းရှီက မသိထားတဲ့ အတွက် ပုန်ကန်သူအဖြစ် သတ်မှတ်ပြီး ပြစ်ဒဏ်ပေးတာက ပြစ်မှုထက် ပြစ်ဒဏ်က ကြီးလေးလွန်းနေမယ်လို့ ထင်ပါတယ်။

သူက ဝူမင်းသားနဲ့ ပူးပေါင်းပြီး ဆားမှောင်ခိုကူးတယ်၊ အမြတ်ခွဲဝေယူခဲ့တာ မှန်ပေမဲ့ အဲဒီအပြင် တခြားပြစ်မှု မရှိပါဘူး။ သူ့ရာထူးတာဝန်ကိုလည်း မျှမျှတတနဲ့ ကျေပွန်အောင် ထမ်းဆောင်ခဲ့သူပါ။

ဒါပေမဲ့ ဆားလုပ်ငန်းကနေ အမြတ်ထုတ်တာက ပြည်သူတွေရဲ့ ချွေးနှဲစာကို ခေါင်းပုံဖြတ်တာနဲ့ အတူတူပဲမို့ သေဒဏ်ကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

ဒါကြောင့်... အရှင်မင်းကြီးအနေနဲ့ ကျန်းရှီကို အဆိပ်ရည်တစ်ခွက် ချပေးသနားပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းသင့်ပါတယ်။ မိသားစုဝင်တွေကိုတော့ နယ်စွန်နယ်ဖျားကို ပို့ဆောင်ပြီး တပ်ထဲဝင်ခိုင်းဖို့ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။"

စကားဆုံးသွားသည်နှင့် ကျင်းဘုရင်မင်းမြတ် ၏ ဘေးတွင်ရှိနေသော မှူးမတ်များ၏ မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွားသည်။

အလွန်အမင်း အံ့ဩသွားကြခြင်းပင်။

အားလုံးက ဖန်ကျန်းရီကို မယုံနိုင်သည့် အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြ၏။

ဒီနေ့တော့ တကယ် သရဲတစ္ဆေ တွေ့တာပဲ။ ဒီဖန်ကျန်းရီက ကျန်းရှီအတွက် ဝင်တောင်းပန်ပေးနေတယ်ပေါ့။

အထူးသဖြင့် အမတ်ကြီးများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်လုံးများဖြင့် အချင်းချင်း သတင်းဖလှယ်နေကြသည်။

လီယန်စုန့်၏ အသက်အရွယ်ရနေပြီဖြစ်သော မျက်လုံးများထဲတွင်တော့ နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။ ဖန်ကျန်းရီကို သူ နားလည်ထားသည်ဟု ထင်ခဲ့သော်လည်း ယခုမြင်ကွင်းကတော့ တွေးထားသည်ထက် များစွာ လွန်ကဲနေ၏။

ဒီကောင်လေးက ရန်ငြိုးကို အသေးစိတ်ကအစ မှတ်ထားပြီး လက်စားချေတတ်တဲ့သူ မဟုတ်ဘူးလား။ ဘယ်တုန်းကများ ဒီလောက် သဘောထားကြီးသွားရတာလဲ။

ကျင်းဘုရင်မင်းမြတ် မှာ အချိန်အတော်ကြာအောင် စကားမပြောဘဲ ဖန်ကျန်းရီကို အကဲခတ်နေမိသည်။ ယခုအခြေအနေ က သူထင်မှတ်ထားသည်ထက် များစွာ လွန်ကဲနေခြင်းကြောင့်ပင်။

ခဏအကြာတွင် ကျင်းဘုရင်မင်းမြတ် က စကားစလိုက်သည်။ "မင်း ဘာပြောနေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား။ ဝူမင်းသား ပုန်ကန်တဲ့ကိစ္စမှာ သူက ပူးပေါင်းပါဝင်ခဲ့ရင် ပုန်ကန်သူပဲ။

ကိုယ်တော်က သူ့ကို လူပုံလယ်မှာ ခေါင်းမဖြတ်တာကပဲ ကြင်နာရာ ကျနေပြီ။ အခု မင်းက ကိုယ်တော့်ကို အဆိပ်ရည်ချပေးပြီး သူ့အတွက် မျက်နှာပန်းလှအောင် လုပ်ပေးခိုင်းနေတာလား။"

ဖန်ကျန်းရီက ရိုသေကျိုးနွံစွာဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး …. ဝူမင်းသား ပုန်ကန်တဲ့ကိစ္စက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတာမို့ ဒီကိစ္စကို သိုသိုသိပ်သိပ်ပဲ ဖြေရှင်းသင့်ပါတယ်။ ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် တွေးပြီး လျှောက်တင်ရခြင်းပါ။"

ကျင်းဘုရင်မင်းမြတ်သည် သူ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး ဘေးတွင်ရပ်နေသော လီယွမ်ကျောက်ကို ကြည့်ကာ မေးလိုက်သည်။ "မင်းကရော ဘာလာလုပ်တာလဲ။"

လီယွမ်ကျောက်က ပြုံးဖြီးဖြီးဖြင့် ပြန်လျှောက်တင်လိုက်၏။ "သားတော်လည်း ဒီကိစ္စကို ကြားလို့ လိုက်လာ ကြည့်တာပါ။"

ကျင်းဘုရင်မင်းမြတ် က မေးလိုက်သည်။ "ဒါဆိုရင် မင်း ဒီကိစ္စကို ဘယ်လိုမြင်လဲ။"

လီယွမ်ကျောက်က လျှောက်တင်လိုက်၏။ "သားတော် ထင်တာတော့ ဖန်ကြီး ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ကျန်းရှီက အရှင်နှစ်ပါး လက်ထက်တိုင်အောင် အမှုထမ်းခဲ့တဲ့ အမတ်ဟောင်းပါ။ အမှားတစ်ခါ လုပ်မိတာနဲ့ အရာအားလုံးကို အဆုံးအဖြတ်ပေးလိုက်လို့ မရပါဘူး။ ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပေးလိုက်မယ်ဆိုရင် တခြားသူတွေပါ စိတ်ပျက်သွားမှာ သားတော် စိုးရိမ်မိပါတယ်။"

လီယွမ်ကျောက်၏ စကားကို ကြားသောအခါ ကျင်းဘုရင်မင်းမြတ် ၏ စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ ပေါ့ပါးသွားသည်။ "ဆက်ပြောကြည့်စမ်း။"

လီယွမ်ကျောက်က ခေါင်းညိတ်၍ ဆက်လျှောက်တင်လိုက်၏။ "လူတိုင်းမှာ တစ်ကိုယ်ကောင်းဆန်စိတ် ရှိကြပြီး အမှားလုပ်မိတာကလည်း သဘာဝကျပါတယ်။ သားတော် မကြာသေးခင်က အရှေ့ဆင်ခြေဖုံးကို ခဏခဏ ရောက်ပါတယ်။ အဲဒီမှာ ပြည်သူ ရာဂဏန်းလောက် ရှိပြီး ခိုးဝှက်တဲ့သူတွေလည်း မနည်းပါဘူး။

ပြစ်ဒဏ် ကြီးကြီးမားမား ပေးတာက ခဏတဖြုတ်တော့ ခြောက်လှန့်နိုင်ပေမဲ့ ပြဿနာကို အမြစ်ပြတ် မဖြေရှင်းနိုင်ဘူးဆိုတာ သားတော် တွေ့ရှိခဲ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခိုးဝှက်တဲ့သူတွေ ထပ်ပေါ် လာတာပါပဲ။

ဒီကိစ္စကို ကြုံပြီးတဲ့နောက် သားတော်က အောက်ခြေအတွက် စည်းမျဉ်းတွေ သတ်မှတ်ပေးခဲ့ပါတယ်။ အစပထမတော့ အကုန်လုံးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး စည်းကမ်းဖောက်ဖျက်သူနဲ့ ပတ်သက်သူတွေ ကိုပါ ဖမ်းဆီးပြီး ရုံးတော်ကို ပို့ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းကျတော့ သိပ်အလုပ်မဖြစ်တာကို တွေ့ရတယ်။ ကျန်တဲ့သူတွေက ပြစ်ဒဏ် ကြီးလေးလွန်းလို့ သူတို့ပါ ပါသွားမှာကို စိုးရိမ်ပြီး အလုပ်လုပ်တဲ့အခါမှာလည်း စိတ်မပါတော့ဘူး။ သားတော် အောက်ကိုဆင်းပြီး မေးကြည့်တော့လည်း ဘယ်သူမှ ပါးစပ်ဟပြီး မပြောရဲကြတော့ဘူး။

အဲဒီ ခိုးဝှက်တဲ့သူတွေကလည်း အလကားနေ အလကားစားချင်တဲ့သူချည်းပဲ မဟုတ်ပါဘူး။ တချို့ဆို တော်တော်လေး ကြိုးစားပမ်းစား လုပ်ကိုင်ကြသူတွေပါ။ နည်းနည်းလေးမှားတာနဲ့ ပြစ်ဒဏ် ကြီးကြီးပေးနေရင် အောက်ခြေကလူတွေက သားတော်ကို သံယောဇဉ်မရှိဘူးလို့ သတ်မှတ်ကြပါတယ်။ သူတို့ရဲ့ တက်ကြွမှုတွေလည်း ပျောက်ဆုံးသွားတတ်ပါတယ်။

ဒါကြောင့် စီမံအုပ်ချုပ်တဲ့နေရာမှာ ဆုပေး ဒဏ်ပေး မျှတဖို့က အရေးကြီးတယ်လို့ သားတော် ထင်ပါတယ်။

ပြစ်ဒဏ်ပေးရတဲ့ အဓိကရည်ရွယ်ချက်က တခြားသူတွေကို ကာကွယ်ဖို့ ဒါမှမဟုတ် ခွန်အားပေးဖို့ပါ။ သေဒဏ်ပေးတာက အကြီးဆုံး ပြစ်ဒဏ်ပါပဲ။ ဘယ်လောက်ပဲ နှိပ်စက်နှိပ်စက် နောက်ဆုံးတော့လည်း သေရတာပါပဲ။ ဒါပေမဲ့ ပြစ်ဒဏ်က လွန်ကဲသွားလို့ မှူးမတ်တွေ စိတ်ပျက်သွားမယ်ဆိုရင် ရတဲ့အကျိုးထက် ဆုံးရှုံးမှုက ပိုများသွားပါလိမ့်မယ်။"

အခန်းထဲရှိ မှူးမတ်များမှာ ပါးစပ်အဟောင်းသားဖြင့် လီယွမ်ကျောက်ကို တွေဝေစွာ ကြည့်နေကြသည်။

မဟုတ်သေးပါဘူး... အိမ်ရှေ့စံက ဖန်ကျန်းရီဆီကနေ လူတွေ့တိုင်း ရန်တွေ့တတ်တဲ့ အကျင့်စရိုက်ကို သင်ယူထားတာ မဟုတ်ဘူးလား။ အခု ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။

ကျယ်ပြန့်တဲ့ သဘောထား၊ ကြင်နာသနားတတ်တဲ့ စိတ်ထား... တကယ့်ကို မင်းကောင်းမင်းမြတ်တစ်ပါးရဲ့ လက္ခဏာပါလား။

အရင်တုန်းက တက်ကြွလွန်းပြီး လှုပ်ရှားနေတတ်တဲ့ အိမ်ရှေ့စံက ဘယ်ရောက်သွားပြီလဲ။ ဖန်ကျန်းရီက တကယ်ပဲ သူ့ကို ပြုပြင်ပေးလိုက်တာလား။

ထိုသို့တွေးမိသည်နှင့် အမတ်ဟောင်းများစွာမှာ ရင်ထဲတွင် ဝမ်းသာကျေနပ်မှုများ ပြည့်နှက်သွားပြီး နိုင်ငံတော်၏ အနာဂတ်အတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီဟု ခံစားရကာ အင်္ကျီလက်စဖြင့် မျက်ရည်များကို ခိုးသုတ်လိုက်ကြ၏။

ဖန်ကျန်းရီ၏ ရင်ထဲတွင်လည်း ဝမ်းသာပီတိများ ပြည့်နှက်သွားသည်။

အိမ်ရှေ့စံက တကယ်ပဲ အလျင်အမြန် တိုးတက်လာခဲ့တာကိုး။ ငါ မရှိတဲ့အချိန်အတွင်းမှာ အလုပ်တွေ အများကြီး လုပ်ခဲ့ပုံရတယ်။ အခုဆို စီမံခန့်ခွဲမှု ပညာရပ်တွေကိုတောင် လေ့လာနေပြီလား။

ကျင်းဘုရင်မင်းမြတ် မှာ လုံးဝ အံ့အားသင့်သွားပြီး လီယွမ်ကျောက်ကို နက်နက်နဲနဲ ကြည့်လိုက်၏။

ထို့နောက် ဖန်ကျန်းရီကိုလည်း တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "ဒါပေမဲ့ သူက ပုန်ကန်သူနဲ့ ပူးပေါင်းခဲ့တာ အမှန်ပဲလေ။ ကိုယ်တော်က သူ့ဆွေစဉ်မျိုးဆက် သုံးဆက်ကို သုတ်သင်ချင်တာ အမှားလား။"

လီယွမ်ကျောက်က ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်၏။ "ခမည်းတော် လုပ်တာလည်း မမှားပါဘူး။ ဒါပေမဲ့ သားတော် စောစောက ပြောခဲ့သလိုပါပဲ။ ပြစ်ဒဏ်ပေးတာ ကိုယ်တိုင်က အရေးမကြီးပါဘူး။ ပြစ်ဒဏ်ပေးခြင်းကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်ကသာ အရေးကြီးတာပါ။

ကျန်းရှီက အရှင်နှစ်ပါးလက်ထက် အမှုထမ်းခဲ့တဲ့ အမတ်ဟောင်းမို့ သူ့ရဲ့ အရင်က ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလို့ မရပါဘူး။ အခုတစ်ကြိမ် အမှားလုပ်မိတာနဲ့ သူ့မိသားစု တစ်ခုလုံးကို သုတ်သင်ပစ်ဖို့ ဆိုတာက …။ ဒီလောက် ကြီးလေးတဲ့ ပြစ်ဒဏ်ကြောင့် မှူးမတ်တွေ စိတ်ပျက်သွားမယ်ဆိုရင် အကြံပြုချက်တွေ ပေးရဲတော့မှာ မဟုတ်ဘူးလို့ သားတော် စိုးရိမ်မိပါတယ်။

ဒီလိုနဲ့ အချိန်ကြာလာရင် အထက်နဲ့ အောက် သဘောထား ကွဲလွဲလာပြီး လူတိုင်းက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ တွေးကြတော့မှာပါ။ အလုပ်လုပ်ရမှာကို ပျင်းရိလာကြပြီး အဲဒီရဲ့ဆိုးကျိုးကို ပြည်သူတွေပဲ ခံစားရပါလိမ့်မယ်။"

ဖန်ကျန်းရီကလည်း အလျင်အမြန် ဝင်ရောက်လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... အခုလို တိုင်းပြည် အေးချမ်းသာယာနေချိန်မှာ သတ်ဖြတ်ချင်စိတ်ကို အလွယ်တကူ မမွေးသင့်ပါဘူး။

ရှေးလူကြီးတွေက ပြောဖူးပါတယ်။ 'သူတော်စင်တို့သည် ခွင့်လွှတ်ခြင်းကို တန်ဖိုးထား၍၊ သာမန်လူတို့သည် တပါးသူကို နှိမ့်ချတတ်သည်' တဲ့။ ကျွန်တော်မျိုးရဲ့ ရင်ထဲမှာတော့ အရှင်မင်းကြီးက စာပေရော၊ သိုင်းပညာမှာပါ ပြည့်စုံတဲ့ .. ထူးကဲတဲ့ … မင်းကောင်းမင်းမြတ်ပါပဲ။ အရှင်မင်းကြီးရဲ့ ကြင်နာသနားတတ်တဲ့ စိတ်ထားနဲ့ အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အရှင်မင်းကြီး ဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူပါ။"

ကျင်းဘုရင်မင်းမြတ် မှာ ယခုအချိန်တွင် အလွန်အမင်း ဝမ်းသာကြည်နူးနေပြီဖြစ်၏။

အသိဉာဏ်ရှိသော အုပ်ချုပ်သူတစ်ဦးအနေဖြင့် အာဏာကို ချုပ်ကိုင်ထားရချိန်တွင် အကြောက်ရဆုံးအရာမှာ တစ်ဦးတည်း ဆုံးဖြတ်ချက်ချရခြင်းဖြစ်သည်။

တိုင်းပြည်အရေးကိစ္စများမှာ အလွန်ရှုပ်ထွေးလှသဖြင့် လူတစ်ယောက်တည်း စီမံခန့်ခွဲရန် လုံးဝ မဖြစ်နိုင်ပေ။

ယခင်ကဆိုလျှင် အိမ်ရှေ့စံ၏ အကျင့်စရိုက်မှာ ဆိုးသွမ်းပြီး တစ်ခြားသူများက အနည်းငယ် ဆုံးမသည်ကိုပင် မနှစ်မြို့တတ်ချေ။ ယခုတော့ သူတစ်ပါး၏ အကြံပြုချက်များကို အလိုအလျောက် ထည့်သွင်းစဉ်းစားပြီး အခြေအနေ အရပ်ရပ်ကို ခြုံငုံသုံးသပ်တတ်နေပြီဖြစ်၏။

ကျင်းဘုရင်မင်းမြတ်က ရယ်မောပြီး ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်က တစ်ယောက်တစ်ပေါက်နဲ့ ကိုယ်တော့်ကို လာပြီး တရားချနေကြတာကိုး။ ဒီနေ့ လူစုံနေမှတော့ မင်းတို့အားလုံး အမြင်မှာ ဘယ်လို ပြစ်ဒဏ်ပေးသင့်လဲ ဆိုတာကို ပြောပြကြစမ်းပါ။ ဆရာလီ... မင်း အရင်ပြောကြည့်။"

လီယန်စုန့်က ရှေ့တစ်လှမ်း တိုးလာပြီး ခါးညွတ်အရိုအသေပေးကာ လျှောက်တင်လိုက်သည်။ "ကျန်းရှီရဲ့ အမှုနဲ့ ပတ်သက်ပြီး ကျွန်တော်မျိုး ဘာမှ မပြောဝံ့ပါဘူး။ အရာအားလုံးကို အရှင်မင်းကြီးရဲ့ အဆုံးအဖြတ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ ဒါပေမဲ့ ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂုဏ်ပြုချင်ပါတယ်။ အိမ်ရှေ့စံက အခုလို ဉာဏ်ပညာကြီးမားပြီး ကြင်နာသနားတတ်တဲ့ စိတ်ထားရှိတာက ပြည်သူတွေရဲ့ ကံကောင်းမှု၊ တိုင်းပြည်ရဲ့ ကံကောင်းမှုပါပဲ။"

ကျန်အမတ်များကလည်း အတုခိုး၍ ညီညာစွာ အော်ဟစ်ကာ ဒူးထောက်အရိုအသေပေးလိုက်ကြ၏။ "ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ အိမ်ရှေ့စံက ဉာဏ်ပညာကြီးမားလှပါတယ်။"

လီယွမ်ကျောက်သည် မနေနိုင်တော့ဘဲ ခေါင်းမော့လိုက်သည်။ ကျေနပ်ဂုဏ်ယူစွာဖြင့် ခါးပင် ထောက်လိုက်သေးသည်။

ကျင်းဘုရင်မင်းမြတ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ခိုတွဲနေဆဲဖြစ်ကာ တစ်ကိုယ်လုံး ပေါ့ပါး လန်းဆန်းနေသည်ဟု ခံစားရသည်။ သို့သော်ငြား သားဖြစ်သူ၏ ကျေနပ်ဂုဏ်ယူနေသော မျက်နှာကို မြင်သောအခါ ရုတ်တရက် မျက်နှာကို တည်ကြည်သွားသည်။ ပြီးနောက် ပြောလိုက်သည်။ "ဒီခွေးကောင်က တစ်ခါတလေမှ လူအံ့သြအောင် ပြောတတ်တာပါ။ သူ လိုအပ်နေတာတွေ အများကြီး ရှိပါသေးတယ်။

ကဲ... ဘာမှ ပြောစရာမရှိရင် အားလုံး ပြန်ကြတော့။ ကိုယ်တော် သူတို့နှစ်ယောက်နဲ့ သီးသန့် စကားပြောစရာ ရှိသေးတယ်။"

All Chapters