← Chapters

အခန်း (၅၇၁-၅၇၂)

Vol. 31 Ch. 571-572

အခန်း (၅၇၁-၅၇၂)

Vol. 31 Ch. 571-572

အပိုင်း (၅၇၁) ရှောင်ဖန်မှာ အလားအလာတွေ ရှိနေသေးတယ်။

လူအားလုံး အရိုအသေပေးကာ ထွက်သွားကြသည်။

ကျင်းဘုရင်မင်းမြတ်၏ ယခုလုပ်ရပ်ကြောင့် ဖန်ကျန်းရီမှာ အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။

ပုံမှန်ဆိုလျှင် ယနေ့ လီယွမ်ကျောက်၏ မျှော်လင့်မထားသော စွမ်းဆောင်ရည်ကြောင့် ကိစ္စရပ်များ ပြီးပြတ်သွားပြီဟု ထင်ရသော်လည်း ကျင်းဘုရင်မင်းမြတ် ၏ သဘောထားမှာ အဆုံးအဖြတ် မချရသေးသည့်ပုံ ပေါ်နေသဖြင့် ဘာတွေ ဆက်ဖြစ်မည်ကို မသိနိုင်သေးချေ။

ကျင်းဘုရင်မင်းမြတ် စကားမစခင်မှာပင် ဖန်ကျန်းရီက စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။ "အရှင်မင်းကြီး... ကျန်းရှီကို ဘယ်လို စီရင်ဖို့ ဆုံးဖြတ်လိုက်ပါသလဲ။"

ကျင်းဘုရင်မင်းမြတ်က ဖန်ကျန်းရီကို နက်နဲသောအကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ "မင်းက ကျန်းရှီကို သက်ညှာစွာ စီရင်စေချင်တာ ပြဿနာ မရှိပါဘူး။ သူ့ကိစ္စက ပြီးသွားပြီမို့ ကိုယ်တော် သိပ်ဂရုမစိုက်တော့ဘူး။ ကိုယ်တော် မင်းကို ချန်ထားခဲ့တာက သီးသန့် စကားပြောချင်လို့ပါ။ ကျင်းယီဝေမှာ အခု အောက်ခြေအဆင့် လူအင်အား မလုံလောက်ဘူးဆိုတော့ မင်းဘက်က အစီအစဉ်တွေ စလုပ်နေပြီလား။"

ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "မှန်လှပါ အရှင်မင်းကြီး … ကျွန်တော်မျိုး ပြည်သူတွေထဲကနေ နောက်ကြောင်းရှင်းတဲ့သူ တချို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။"

ကျင်းဘုရင်မင်းမြတ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အင်း... အခြေခံ စည်းမျဉ်းစည်းကမ်းတွေကို မင်း ကြည့်ပြီးသွားပြီဆိုတော့ နောက်ပိုင်း လိုအပ်တာတွေ အများကြီး ရှိသေးတယ်။ မင်းမှာ အကြံဉာဏ်ရှိရင် ကိုယ်တော့်ဆီ စာတင်လိုက်ပါ။"

ထို့နောက် သူက ဖန်ကျန်းရီ၏ ပခုံးကို ပုတ်ကာ သက်ပြင်းချရင်း ပြောလိုက်၏။ "ကိုယ်တော် အရင်က မင်းကို ပြတ်သားတဲ့သူ တစ်ယောက်လို့ ထင်ခဲ့ပေမဲ့ ယူတိန့်မြို့က ပြန်လာတည်းက ပြောင်းလဲသွားတာကို သတိထားမိတယ်။

ဖန်အမတ်... မင်း စိတ်သိပ်ပျော့တာပဲ။ မင်းနဲ့ ကျန်းရှီ အဆင်မပြေတာကို ကိုယ်တော် သိတယ်။ ဒါပေမဲ့ မင်းက သူ့အတွက် ဝင်ပြီး တောင်းပန်ပေးလိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး။

သနားကြင်နာတတ်တဲ့စိတ်က ကျင်းယီဝေကို အုပ်ချုပ်ဖို့ သိပ်မသင့်တော်ဘူး။ မင်း ကောင်းကောင်း လုပ်နိုင်ပါ့မလား ကိုယ်တော် မသိတော့ဘူး။"

ဖန်ကျန်းရီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးက ဒီလို လူမျိုးပါပဲ။ အင်းလေ... ကျွန်တော်မျိုးလည်း တစ်ခါတလေ စိတ်ပျော့တတ်မှန်း သိပါတယ်။ ဒါပေမဲ့ နည်းနည်းလေး စိတ်ပျော့တာ ဘာဖြစ်သေးလဲလို့ တွေးမိပါတယ်။

ကျွန်တော်မျိုးက သာမန်အားဖြင့် ဗုဒ္ဓစာပေတွေကို ဖတ်ရတာ ဝါသနာပါပါတယ်။ ဒီလောကကြီးမှာ အမြဲတမ်း သတ်ဖြတ်နေဖို့မှ မလိုတာ။ အကြောင်းပြချက်ပေးပြီး ဖြေရှင်းလို့ရတဲ့ ကိစ္စတွေလည်း ရှိတာပဲလေ။

ဒါပေမဲ့ အရှင်မင်းကြီး စိတ်ချပါ။ ကျင်းယီဝေက ဘယ်လို တာဝန်မျိုးကိုမဆို အကောင်းဆုံး ထမ်းဆောင်နိုင်မယ်လို့ ကျွန်တော်မျိုး အာမခံပါတယ်။"

ကျင်းဘုရင်မင်းမြတ် က ရယ်မောလိုက်ပြီး သူ၏ ပခုံးကို ထပ်ပုတ်ကာ မေးလိုက်၏။ "မင်းက ဗုဒ္ဓစာပေတွေကို သဘောကျတယ်ဆိုတာ ကိုယ်တော် မသိခဲ့ဘူး။ ဒါဆို ယန်မိသားစုကိုရော ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ။"

ဖန်ကျန်းရီက ရင်ကော့ခေါင်းမော့ကာ ပြတ်ပြတ်သားသား လျှောက်တင်လိုက်သည်။ "ပါဝင်ပတ်သက်သူတွေကို ဥပဒေအရ ခေါင်းဖြတ်သတ်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းသင့်ပါတယ်။ ပြီးတော့ ဆွေမျိုးတွေကို သာမန်ပြည်သူအဖြစ် လျှော့ချပြီး ရုံးတော်မှာ ဘယ်တော့မှ ပြန်အသုံးမပြုသင့်ဘူးလို့ ကျွန်တော်မျိုး ထင်မြင်ပါတယ်။"

ကျင်းဘုရင်မင်းမြတ် က ခေါင်းညိတ်ပြီး မိန့်ကြားလိုက်၏။ "ထားလိုက်တော့။ ဆရာယန်က ရုံးတော်အတွက် အကျိုးဆောင်ခဲ့ဖူးတော့ သူ့ကိုလည်း အဆိပ်ရည် တစ်ခွက်ပဲ ပေးလိုက်ပါ။ ကျန်တာတွေကိုတော့ မင်းပြောတဲ့ အတိုင်းပဲ လုပ်ဆောင်လိုက်ပါ။

ဒီနေ့ အိမ်ရှေ့စံလည်း လာပြီး တောင်းပန်နေတော့ ကိုယ်တော် ထပ်ပြီး အပြစ်မတင်တော့ပါဘူး။ ကော်ပန်ပန်... အမိန့်စာ ရေးလိုက်တော့။"

ကျင်းဘုရင်မင်းမြတ်က ဆက်လက်၍ မေးလိုက်သည်။ "ကျန်းရှီအိမ်မှာ ငွေဝှက်ထားတဲ့ နေရာ ရှိရမယ်။ မင်းပြောတော့ စတုတ္ထညီတော်က သူ့ကို တစ်နှစ် ငွေ နှစ်သန်း ပေးတယ်ဆို။ ငွေတွေကို ဘယ်မှာ ဝှက်ထားလဲ ဆိုတာ စစ်ဆေးပြီးပြီလား။"

ဖန်ကျန်းရီ အကြောင်းမပြန်ခင်မှာပင် လီယွမ်ကျောက်က အလျင်အမြန် ဝင်ပြောလိုက်၏။ "ခမည်းတော်... စစ်ဆေးပြီးပါပြီ။ သားတော် မနေ့က ငွေတိုက်ကို ဝင်စီးခဲ့တာ ငွေတုံး သုံးသန်းကျော် သိမ်းဆည်းရမိခဲ့ပါတယ်။ အခု ငွေတိုက်ကို စောင့်ကြပ်ဖို့ လူချထားပါတယ်။"

ငွေတုံး သုံးသန်းကျော် ရှိသည်ဟု ကြားသောအခါ ကျင်းဘုရင်မင်းမြတ် ၏ ရင်ထဲတွင် ဝမ်းသာသွားသော်လည်း ချက်ချင်း မျက်မှောင်ကုတ်သွားကာ ပြောလိုက်သည်။ "ဘာလို့ သုံးသန်းကျော်လေးပဲ ရှိရတာလဲ။"

ဖန်ကျန်းရီက အလျင်အမြန် လျှောက်တင်လိုက်၏။ "အာ... မနေ့က ကျွန်တော်မျိုး ကမန်းကတန်း ထွက်လာခဲ့ရလို့ ဆက်ပြီး စစ်ကြောဖို့ လူချန်ထားခဲ့ပါတယ်။ ကြားရတာတော့ သူ့မှာ ငွေတိုက် သုံးခု ရှိတယ်တဲ့။ ဒါက အဲဒီထဲက တစ်ခုတည်းပါ။ အခုဆို အကုန် ဝန်ခံလောက်ပါပြီ။ ညနေပိုင်း အချုပ်ထောင်ကို သွားပြီးရင် အရှင်မင်းကြီးဆီ လာပြီး သတင်းပို့ပါ့မယ်။"

ထိုအခါမှ ကျင်းဘုရင်မင်းမြတ် မှာ စိတ်သက်သာရာရသွားပြီး အလွန်ဝမ်းမြောက်စွာဖြင့် မိန့်ကြားလိုက်သည်။ "အဲဒါဆိုလည်း ကောင်းတာပေါ့။ ဒီတစ်ခေါက် ဘဏ္ဍာတိုက် ပြည့်သွားရင် ကိုယ်တော်လည်း လက်စွမ်းပြလို့ ရပြီ။

နေရာတိုင်းက ငွေတောင်းနေကြတာ။ မင်း ဒီတစ်ခေါက် သွားလိုက်တာနဲ့ ပြဿနာတွေ အကုန် ပြေလည်သွားမယ်လို့ မထင်ထားဘူး။ ယူတိန့်မြို့ကနေ မင်း သိမ်းလာတဲ့ ငွေတွေလည်း မကြာခင် မြို့တော်ကို ရောက်လာတော့မှာပဲ။"

ဖန်ကျန်းရီသည် အရှင်မင်းကြီး စိတ်ကြည်နူးနေသည်ကို မြင်သောအခါ ချက်ချင်း ဖားလိုက်၏။ "အရှင်မင်းကြီးက ဘုန်းတန်ခိုးကြီးမားတော့ နတ်တွေတောင် ကူညီနေတာပါ။ ကျွန်တော်မျိုးမှာ ဘာကျေးဇူးမှ မရှိပါဘူး။"

ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေစဉ် ဖန်ကျန်းရီက အချိန်ကိုက် ရှေ့သို့တိုးကာ တီးတိုးလျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားပါတယ်။ ကျွန်တော်မျိုးနဲ့ မင်းသမီးလေးက တစ်ယောက်ကိုတစ်ယောက် ချစ်ခင် နှစ်သက်နေကြတာမို့ အရှင်မင်းကြီးကများ..."

ကျင်းဘုရင်မင်းမြတ်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "ထွက်သွားစမ်း... အခွင့်အရေးပေးတိုင်း အတင့်ရဲနေတဲ့ ကောင်။"

ဖန်ကျန်းရီ ကုပ်ချောင်းချောင်း ထွက်သွားပြီးနောက် နားမလည်နိုင်ဖြစ်နေသော လီယွမ်ကျောက်က မေးလိုက်သည်။ "ခမည်းတော်... ဖန်ကြီးက ဘာဖြစ်သွားတာလဲ။"

ကျင်းဘုရင်မင်းမြတ် က ပြောလိုက်၏။ "အဲဒီခွေးကောင်ကို ဂရုစိုက်နေစရာ မလိုဘူး။ ကိုယ်တော်နဲ့ အရင် စကားလာပြောစမ်း။"

အပြင်ဘက်တွင်မူ ဖန်ကျန်းရီမှာ တံခါးဘောင်ကို မှီကာ ဝမ်းသာအားရ ဖြစ်နေသည်။

ကျင်းဘုရင်မင်းမြတ် ရဲ့ သဘောထားကို ကြည့်ရတာတော့ ငါတော့ သေချာသွားပြီပဲ။ မဟုတ်ရင် သူက ငါ့ကို လူလွှတ်ပြီး သတ်ခိုင်းနေလောက်ပြီ။ အချိန်နည်းနည်း ထပ်ဆွဲလိုက်ရင် အဆင်ပြေသွားမှာပါ။ ယောက္ခထီးကို ဖားရတာ ဘာခက်လို့လဲ။

ခဏအကြာ ကော်ထျန်းယန် ထွက်လာသည်အထိ စောင့်နေပြီးနောက် ဖန်ကျန်းရီက သူ့ကို အလျင်အမြန် ဆွဲထားကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "အစ်ကိုကြီးကော်... ခင်ဗျားနဲ့ တိုင်ပင်စရာလေး ရှိလို့။ အမိန့်စာ ကျလာရင် အရှင်မင်းကြီးဆီမှာ ကျုပ်ကိုယ်စား ပြောပေးပါအုံး။ အချုပ်ထောင်ထဲမှာ အမိန့်စာ သွားဖတ်ပေးမလို့ပါ။"

ကော်ထျန်းယန်က ပြန်ပြောလိုက်သည်။ "အာ... ရပါတယ်။"

ဖန်ကျန်းရီက အနေခက်စွာဖြင့် မေးလိုက်သည်။ "အဲဒါလေ... အစ်ကိုကြီးကော်၊ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ကျုပ်က အရှင်မင်းကြီးဆီမှာ မင်းသမီးလေးကို တောင်းရမ်းထားတာ... အဲဒီကိစ္စကို ခင်ဗျား သိလား။"

ကော်ထျန်းယန်က နက်နဲသောအပြုံးတစ်ခုဖြင့် ဖြေလိုက်၏။ "ညီငယ်... ဒါကတော့ ကျုပ်လည်း မကူညီနိုင်ဘူး။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "အဲဒါဆိုရင် ခင်ဗျား သိနေတာပေါ့။ အရှင်မင်းကြီးက သဘောတူလား၊ မတူဘူးလား။ ကျုပ်ကို အခုလိုကြီး လေထဲမှာ ဆိုင်းထားတာ ဘာသဘောလဲ။ ငွေလိုချင်လို့လား ဒါမှမဟုတ် ဘာလိုချင်လို့လဲဆိုတာ တိုက်ရိုက်သာ ပြောလိုက်ပါဗျာ။"

ကော်ထျန်းယန်က ဖန်ကျန်းရီ၏ ပါးစပ်ကို လှမ်းပိတ်ရန် ကြိုးစားရင်း အလန့်တကြား ပြောလိုက်၏။ "စကားကို ဆင်ခြင်ပြောပါ …. ဆင်ခြင်ပြောစမ်းပါ ညီငယ်ရာ။ အရှင်မင်းကြီးက မင်းရဲ့ ငွေလေး နည်းနည်းကို လိုချင်နေမှာတဲ့လား။"

ဖန်ကျန်းရီက သူ့လက်ကို ပုတ်ချလိုက်သည်။ "အစ်ကိုကြီးကော် … အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကျုပ်ကို ပြောပြ။ ခင်ဗျားကို ပစ္စည်းကောင်း တစ်ခု ပေးပါ့မယ်။"

ကော်ထျန်းယန်က နှုတ်ခမ်းသပ်ရင်း မေးလိုက်၏။ "ဘာပစ္စည်းကောင်းလဲ။"

ဖန်ကျန်းရီက အကျယ်တဝင့် ကြွားလုံးထုတ်လိုက်သည်။ "အရမ်းကောင်းတဲ့ ပစ္စည်းပေါ့။ နောင်တစ်ချိန်ကျရင် ရုံးတော်က အမတ်ကြီးတိုင်း တစ်ယောက်တစ်ခု ကိုင်ထားရမယ့် ပစ္စည်းမျိုးပဲ။ အဲဒါမရှိရင် အမတ်လောကမှာ ရပ်တည်လို့ မရနိုင်တော့ဘူး။"

ကော်ထျန်းယန်မှာ သွားရည်ကျမတတ် ဖြစ်သွားသည်။ စိတ်ထဲတွင် ကြောင်ကုတ်ခံရသကဲ့သို့ ခံစားလိုက်ရကာ မည်သို့မှ မနေနိုင်ဘဲ မေးလိုက်၏။ "အဲဒီလောက်တောင် ကောင်းတာလား။ အဲဒါ ဘာကြီးလဲ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "ခင်ဗျား မမေးပါနဲ့အုံး … မပြီးသေးလို့ပါ။ ပြီးတာနဲ့ ခင်ဗျားဆီ ယူလာခဲ့ပါ့မယ်။ ကျုပ်ကို အရင် ပြောပြပါ။"

ကော်ထျန်းယန်က ခေါင်းမော့ကာ မျက်စိမှိတ်၍ အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် စကားတစ်ခွန်းသာ ထွက်လာခဲ့သည်။ "မသိဘူး။"

ထို့နောက် ဖန်ကျန်းရီ လှည့်ထွက်သွား၏။

ကော်ထျန်းယန်က နောက်မှ လှမ်းအော်လိုက်သည်။ "ဟေး... ညီငယ်၊ ညီငယ် မသွားနဲ့အုံးလေ။ ဘာပစ္စည်းကောင်းလဲဆိုတာ..."

...

အတွင်းဝန်ရုံးခန်းတွင်းတွင် .. .

ယခုအချိန်တွင် လေထုမှာ သဟဇာတဖြစ်နေသည်။ ကျင်းဘုရင်မင်းမြတ် ထံမှ ပြန်လာပြီးကတည်းက အားလုံးက အလုပ်မလုပ်နိုင်ဘဲ ဆူညံစွာ စကားပြောနေကြ၏။

ကျိန့်ချောင်က ပြောလိုက်သည်။ "ဟေး... ခင်ဗျားတို့ တွေးကြည့်စမ်း။ ဖန်ကျန်းရီ ဒီတစ်ခေါက် ပြန်လာတာ အကျင့်စရိုက်တွေ ပြောင်းသွားသလိုပဲနော်။ အရင်ကဆို လူတွေ့တိုင်း ကိုက်တတ်တာ မဟုတ်ဘူးလား။"

တစ်ယောက်က ဝင်ထောက်ခံလိုက်၏။ "ဟုတ်ပါရဲ့။ အဲဒီပါးစပ်က ချေးစားထားသလိုပဲ ဆိုးရွားတာ။ သူက ကျန်းရှီအတွက် ဝင်တောင်းပန်ပေးမယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။"

ကျန်းတုန်ရှန်းက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဒီလောက် မရိုးရှင်းဘူးဗျို့။ အကြံအစည် ရှိရမယ်။ သေချာပေါက် အကြံအစည် ရှိရမယ်။ ဒီကောင်လေးကို ယုံလို့ မရဘူး။"

သူက ဖန်ကျန်းရီ၏ လှည့်စားခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရဖူးရာ ဖန်ကျန်းရီအပေါ် ယုံကြည်မှု လုံးဝ ကုန်ဆုံးနေပြီဖြစ်၏။

"ဟုတ်တယ်။ အဲဒီကောင်က ဘာတဲ့... ကျောက်သလင်း မျက်မှန်က ကျောက်ကပ်အားနည်းတာကို ကုနိုင်တယ်ဆိုလို့ ကျုပ် မြို့တော်က နာမည်ကြီး သမားတော်တွေဆီ သွားမေးကြည့်တာ။ အဲဒီလို လုံးဝ မရှိဘူးတဲ့။

ပြီးတော့ သူနဲ့ အိမ်ရှေ့စံ ရောင်းတဲ့ ဖရဲသီးလေ။ ကျုပ် ဝယ်သွားပြီး ကျုပ် မြေးလေးကို ကျွေးလိုက်တာ၊ ကျုပ်ရဲ့ သနားစရာ မြေးလေးခမျာ အိမ်မှာ ဝမ်းလျှောပြီး သေမလိုဖြစ်သွားတယ်။"

ရင်တွင်းမှ နာကြည်းချက်များကိုပြောရင်း လူအများက ဖန်ကျန်းရီ၏ မကောင်းမှုများကို ပြိုင်တူ စတင် ဝေဖန်ကြတော့သည်။

လီယန်စုန့်၏ မျက်နှာပေါ်တွင် နက်နဲသော အပြုံးတစ်ခု ခိုတွဲနေပြီး လက်ကို ညင်သာစွာ မြှောက်ကာ ပြောလိုက်၏။ "အားလုံးပဲ... အားလုံးပဲ... ကျုပ်ကတော့ အဲဒီလို မမြင်ဘူး။ ကျုပ်က အတွင်းရေးတချို့ကို သိထားတယ်။ ဖန်ကျန်းရီ ဒီတစ်ခေါက် ပျောက်သွားတာ ဘယ်ရောက်သွားလဲဆိုတာ ခင်ဗျားတို့ သိကြလား။"

အခြားသူများက သိချင်စိတ်ဖြင့် ပြိုင်တူ မေးလိုက်ကြသည်။ "ဘယ်ရောက်သွားတာလဲ။"

လီယန်စုန့်က ဖြေလိုက်၏။ "ကျုပ် ကြားတာတော့ သူက ကုန်သည်တစ်ယောက်ဆီမှာ အစေခံ သွားလုပ်တာတဲ့။ အတော်လေး ဒုက္ခရောက်ခဲ့မှာ သေချာတယ်။"

အတွင်းဝန်ရုံးတွင်းရှိ လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ ဤကိစ္စကို သိသူ အလွန်နည်းပါးပြီး သူ ပျောက်သွားပြီးမှ ပြန်လာသည်ကိုသာ အားလုံးက သိကြခြင်းဖြစ်သည်။

လီယန်စုန့်က ပြုံး၍ ဆက်ပြောလိုက်၏။ "လမ်းမှားရောက်နေတဲ့သူ လမ်းမှန်ပြန်ရောက်လာတာကို ရွှေနဲ့တောင် လဲလို့ မရဘူး ဆိုတဲ့ စကားရှိတယ်မဟုတ်လား။ ဒီလူငယ်လေးက အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရပြီး လောကဓံရဲ့ ကြမ်းတမ်းမှုကို သိသွားတော့ သေချာပေါက် ရင့်ကျက်လာမှာပါ။

ရှောင်ဖန်မှာ အလားအလာတွေ ရှိနေသေးတယ်။ အလုပ်လုပ်တာလည်း သွက်လက်တယ်။ ကျုပ်အမြင်ကတော့ သူက သူ့ရာထူးကို အသုံးချပြီး ထင်ရာဆိုင်းမှာကို ခင်ဗျားတို့ စိုးရိမ်စရာ မလိုပါဘူး။"

အဆင်မပြေသော အသံတစ်သံ ထွက်ပေါ်လာသည်။ "ဆရာလီ... ခင်ဗျားတို့က ဆွေမျိုးတွေဆိုတော့ ဒီလိုပဲ ပြောမှာပေါ့။"

မိမိ၏ ခွဲခြမ်းစိတ်ဖြာမှု မှန်ကန်သည်ဟု ယူဆကာ ကျေနပ်စွာ ပြုံးနေသော လီယန်စုန့်မှာ ထိုအရှုပ်တော်ပုံကို ထပ်မံ ဆွဲထုတ်လာသံအား ကြားလိုက်ရသောအခါ ချက်ချင်းပင် စားပွဲကို ရိုက်ကာ မတ်တတ်ရပ်လိုက်၏။

မျက်နှာတစ်ပြင်လုံး နီရဲစွာဖြင့် အော်ဟစ်လိုက်သည်။ "ဘယ်သူပြောတာလဲ။ ဘယ်သူလဲ … ကျုပ်ရှေ့ ထွက်ခဲ့စမ်း။"

အပိုင်း (၅၇၂) ခင်ဗျားကို လမ်းပြပို့ဆောင်ပေးမယ်။

ဖန်ကျန်းရီသည် ရုံးတော်အကျဉ်းထောင်သို့ ထပ်မံရောက်ရှိလာခဲ့ပြီး သူ၏ လက်ထဲတွင် ပစ္စည်းအချို့ ပါလာသည်။

အမိန့်စာ၊ အဆိပ်ရည်၊ စက္ကူနှင့် စုတ်တံ…. ထို့အပြင် အရက်နှင့် ကောင်းမွန်စွာ ချက်ပြုတ်ထားသော ဟင်းလျာများပင် ဖြစ်၏။

ကျန်းရှီသည် ယခင်အကြိမ်ကကဲ့သို့ပင် မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်ထားဆဲဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ခြောက်သွေ့နေသော သစ်ကိုင်းတစ်ကိုင်းပမာ ဖြစ်နေသည်။

ကျန်းရှီသည် မျက်စိမဖွင့်သေးဘဲ ပြောလိုက်၏။ "သခင်လေးဖန် ရောက်လာတာလား။ ကျုပ်က ခင်ဗျား ထပ်မလာတော့ဘူး ထင်နေတာ။"

ဖန်ကျန်းရီက မေးလိုက်သည်။ "ကျုပ်မှန်း ခင်ဗျား ဘယ်လိုသိလဲ။"

ကျန်းရှီက ဖြေလိုက်၏။ "ယန်အဘိုးကြီး ခုနက ခင်ဗျားကို ကျိန်ဆဲနေလို့လေ။"

ဖန်ကျန်းရီက တုတ်ယူပြီး လာရိုက်မည်ကို စိုးရိမ်သဖြင့် ယန်အဘိုးကြီးက အချုပ်ခန်းတံခါးကို မှီကာ အလျင်အမြန် အော်ဟစ်လိုက်သည်။ "ကျုပ် မဆဲပါဘူး။ မဆဲပါဘူး။ကျန်းရှီ... ခင်ဗျား လျှောက်မပြောနဲ့နော်။"

ဖန်ကျန်းရီ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များက ယန်အဘိုးကြီးထံ ကျရောက်သွားသည်။ သို့နှင့် ပြောလိုက်၏။ "ခင်ဗျားလို အဘိုးကြီးကများ... ခဏနေရင် ကျုပ်ကို ဒူးထောက်ပြီး တောင်းပန်ခိုင်းရမယ်။"

ကျန်းရှီက မျက်စိမှိတ်ထားဆဲဖြစ်သည်ကို မြင်သောအခါ ဖန်ကျန်းရီက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "ဟန်လုပ်မနေစမ်းပါနဲ့။ ခင်ဗျား လိုချင်တဲ့ ပစ္စည်းတွေကို ကျုပ် ယူလာခဲ့ပြီ။"

ကျန်းရှီ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်လုံးကို ရုတ်တရက် ဖွင့်ကာ မေးလိုက်၏။ "ခင်ဗျား... ခင်ဗျား တကယ်ပဲ လုပ်နိုင်ခဲ့တာလား။"

ဖန်ကျန်းရီက အေးစက်စွာ ပြုံးရင်း အမိန့်စာကို ကျန်းရှီထံ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျား ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး အရှင်မင်းကြီးကို အထင်သေးလွန်းနေတာပဲ။ ခင်ဗျား မိသားစုရဲ့ အသက်ကိုတော့ ကယ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ နယ်စွန်နယ်ဖျားကို ပို့ပြီး တပ်ထဲထည့်လိမ့်မယ်။

ဒါပေမဲ့ ကျုပ် သေချာစဉ်းစားကြည့်တော့ သူတို့ရဲ့ ကံကြမ္မာက မဆိုးလှပါဘူး။ တာ့ကျင်းတိုင်းပြည်က တဖြည်းဖြည်း အင်အားကြီးလာတာဆိုတော့ ကံကောင်းရင် တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားရမှာပါ။ မျိုးဆက် နှစ်ဆက် သုံးဆက်လောက် ကြာရင် မြို့တော်ကို ပြန်လာခွင့် ရကောင်းရနိုင်သေးတယ်လေ။

ဒီကိစ္စကို အထက်က သိုသိုသိပ်သိပ်ပဲ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်လို့ ခင်ဗျားအတွက် မျက်နှာပန်းလှအောင် လုပ်ပေးနိုင်ခဲ့တာ။

ကျုပ်တို့ကြားမှာလည်း ကြီးကြီးမားမား ရန်ငြိုးရန်စမှ မရှိတာ။ ကျုပ် ခင်ဗျားအတွက် အရက်နဲ့ ဟင်းတွေ၊ ပြီးတော့ စက္ကူနဲ့ စုတ်တံ ယူလာခဲ့တယ်။ နောက်ဆုံးအကြိမ် စားသောက်ပြီးရင် သေတမ်းစာ ရေးခဲ့ပြီး သွားဖို့ ပြင်ပေတော့။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီသည် အရက်၊ ဟင်းများနှင့် စက္ကူ၊ စုတ်တံတို့ကို အချုပ်ခန်းတံခါးဝတွင် ချထားခဲ့ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

သေရမည့်သူကိုတော့ သတိထားရမည်။ တကယ်လို့များ ဒီအဘိုးကြီးက သစ္စာမရှိဘဲ သူ့ကို ပြန်ကိုက်ရင် ဒုက္ခရောက်မည် မဟုတ်ပါလား။

အချိန်အတော်ကြာပြီးနောက် ကျန်းရှီက အမိန့်စာကို ချထားလိုက်ချိန်တွင် သူ၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်နှက်နေပြီဖြစ်သည်။

သူသည် အရင်ဆုံး မတ်တတ်ရပ်ကာ အင်္ကျီကို သပ်ရပ်အောင် ပြင်ဆင်ပြီး ဖုန်မှုန့်နှင့် မြက်ပင်များကို ခါချလိုက်သည်။ ထို့နောက် နန်းတော်ရှိရာအရပ်သို့ ဖြည်းညင်းစွာ ဒူးထောက်ကာ အသံမြည်သည်အထိ ဦးညွတ်ကာ ခေါင်းနှင့် တိုက်လိုက်၏။

ခေါင်းပြန်မော့လာချိန်တွင်မူ သက်ကြီးရွယ်အို၏ မျက်ရည်များက ပါးပြင်ထက်တွင် စီးကျနေပြီး အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး ကျန်းရှီ... အရှင်မင်းကြီးရဲ့ ခွင့်လွှတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော်မျိုး သေရရင်တောင် နောင်တမရှိတော့ပါဘူး။"

သူ့ကို ကျေးဇူးမတင်သော်လည်း ဖန်ကျန်းရီ၏ ရင်ထဲတွင်မူ လေးစားမှု အနည်းငယ် တိုးပွားလာသည်။

ဤလူက သူနှင့် အဆင်မပြေသော်လည်း ပညာတတ်တစ်ယောက်၏ နက်ရှိုင်းသော ယုံကြည်ချက်အချို့ကမူ လေးစားထိုက်၏။

ကျန်းရှီက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ဖန်ကျန်းရီကို ကြည့်ကာ အရိုအသေပေး၍ တည်ကြည်စွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် သခင်လေးဖန်။"

ဖန်ကျန်းရီက လက်ကာပြကာ ပြောလိုက်၏။ "ကျေးဇူးတင်စရာ မလိုပါဘူး။ကျုပ်က စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တာပါ။ ခင်ဗျားက ပုန်ကန်တာမှ မဟုတ်တာ၊ ကျုပ်လည်း ပုန်ကန်မှုအနေနဲ့ ကိုင်တွယ်လို့ မရဘူးလေ။

အမတ်ကြီးကျန်း... ခင်ဗျားမှာ အချိန် တစ်ရက် ရပါသေးတယ်။ အရက်၊ ဟင်းတွေနဲ့ စက္ကူ၊ စုတ်တံကို ကျုပ် ထားခဲ့မယ်။ ခင်ဗျားရဲ့ ကျန်တဲ့ ငွေတိုက် နှစ်ခု ဘယ်မှာရှိလဲဆိုတာ ဝန်ခံလိုက်ပါ။ ဒါဆို ကျုပ်တို့ကြားက ကိစ္စအားလုံး ပြီးပြီ။"

ကျန်းရှီက ငုံ့ကာ စက္ကူနှင့် စုတ်တံကို ကောက်ယူရင်း တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "သခင်လေးဖန် စိတ်ချပါ။ ကျုပ် ကတိပေးထားတဲ့ကိစ္စကို ဘယ်တော့မှ ဖောက်ဖျက်မှာ မဟုတ်ပါဘူး။"

ထိုသို့ပြောပြီးနောက် သူသည် လှည့်၍ မြေကြီးပေါ်တွင် ပြန်ထိုင်ကာ စုတ်တံကိုကိုင်ရင်း တွေဝေနေ၏။

ဘေးတွင်ရှိနေသော ယန်အဘိုးကြီးမှာမူ အူကြောင်ကြောင် ဖြစ်နေသည်။

ခဏအကြာတွင် သူသည် အရူးတစ်ယောက်ပမာ သစ်သားတိုင်များကို လာဖက်ကာ အော်ဟစ်လိုက်၏။ "သခင်လေးဖန်... ကျုပ်ဆီမှာလည်း ငွေရှိတယ်။ ကျုပ်ဆီမှာလည်း ငွေရှိပါတယ်။ အရှင်မင်းကြီးက ကျုပ်ကို ဘယ်လို ပြစ်ဒဏ်ပေးမှာလဲ။"

ဖန်ကျန်းရီက မေးလိုက်သည်။ "ခင်ဗျားတို့ အိမ်မှာလည်း ငွေတွေ ဝှက်ထားတာလား။"

ယန်အဘိုးကြီးက ရူးသွပ်နေသူပမာ ပြောလိုက်၏။ "ဝှက်ထားပါတယ်။ ဝှက်ထားပါတယ်။"

ဒီလို ရှင်သန်နိုင်မယ့် အခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး။ သူက အသက်ကြီးနေပြီမို့ သေရလည်း ကိစ္စမရှိပေမဲ့ မိသားစုတော့ အပြုတ်ခံလို့ မဖြစ်ဘူး။

ဖန်ကျန်းရီက ရယ်ကျဲကျဲ မျက်နှာဖြင့် ပြောလိုက်သည်။ "အင်း... ကောင်းပြီ။အမတ်ကြီးကျန်း... ခင်ဗျား ရေးပြီးရင် သူ့ကိုပါ တစ်စောင်လောက် ရေးခိုင်းလိုက်ပါအုံး။

ကျုပ်က ခင်ဗျား မိသားစုရဲ့ အသက်ကို ကယ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ခုနက ခင်ဗျား ကျုပ်ကို ဆဲနေတယ် မဟုတ်လား။"

ယန်အဘိုးကြီးမှာ ချက်ချင်းပင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးညွတ်လျက် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် …သခင်လေးဖန်။ ကျုပ်က အသက်ကြီးပြီး သတိလွတ်သွားလို့ပါ။ သတိလွတ်သွားလို့ပါ..."

ယန်အဘိုးကြီး၏ အဆက်မပြတ် ဦးညွတ်နေသံများကြားတွင် ဖန်ကျန်းရီသည် ဟားဟားရယ်မောကာ ထွက်သွားသည်။

သူ၏ ကျောပြင် အကျဉ်းထောင်ထဲမှ ပျောက်ကွယ်သွားသည်အထိ ယန်အဘိုးကြီးမှာ အကြိမ်ကြိမ် ဦးညွတ်၍ တောင်းပန်နေဆဲဖြစ်၏။

ကျန်းရှီက သက်ပြင်းချကာ ပြောလိုက်သည်။ "ယန်အဘိုးကြီး... ထပ်မရှိခိုးပါနဲ့တော့။ဒီအမိန့်စာထဲမှာ ခင်ဗျား နာမည်လည်း ပါတယ်။ အရှင်မင်းကြီးက ခင်ဗျားကို ခွင့်လွှတ်ပေးလိုက်ပြီ။ ယန်မိသားစု တစ်ခုလုံးကို သာမန်ပြည်သူအဖြစ် လျှော့ချလိုက်ပြီး အဆိပ်ရည်ကလည်း ခင်ဗျားအတွက် တစ်ခွက် ပါ,ပါတယ်။ ဖန်ကျန်းရီက ခင်ဗျားကို လိမ်သွားတာ။"

ယန်အဘိုးကြီးက အံ့အားတကြီး ထအော်လိုက်၏။ "ဘာ..."

မမျှော်လင့်ထားသော ဝမ်းသာမှုကြီးတစ်ခုက ယန်အဘိုးကြီးကို ရိုက်ခတ်သွားသည်။

နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခါစရှိသေးချိန်၊ မိမိရှေ့တွင် ဟန်လုပ်သွားသော ဖန်ကျန်းရီကို သတိရသွားကာ အပြုံးမှာ ချက်ချင်း ပြန်ပျောက်သွားသည်။ မြေကြီးပေါ်မှ ခုန်ထကာ အဝေးသို့ လက်ညှိုးထိုး၍ ဒေါသတကြီး အော်ဆဲလိုက်တော့၏။ "ဖန်ကျန်းရီ... သောက်ခွေးကောင်... သေချင်နေတာလား..."

...

မြောက်ပိုင်း ကျင်းယီဝေဌာန အပြင်ဘက်တွင်မူ လူတစ်စုက ဆူညံပွက်လောရိုက်နေကြ၏။

လမ်းတစ်လျှောက်တွင် ရထားလုံး အစီးနှစ်ဆယ်ကျော် ရပ်နားထားပြီး ရန်ဟွာ ဦးဆောင်သော တပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်က ခါးမှ ဓားရှည်များကို ကိုင်ထားကာ ရုတ်တရက် ရောက်လာသော ခန္ဓာကိုယ်ထွားကြိုင်းသည့် လူနှစ်ရာကျော်ကို ရန်သူကြီးပမာ စောင့်ကြည့်နေကြသည်။

ထိုသူများမှာ အရပ်မြင့်မြင့် ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း ရှိကြပြီး အသားမာများ ပြည့်နှက်နေသော လက်များကို ကြည့်ခြင်းအားဖြင့် သိုင်းသမားများဖြစ်ကြောင်း သိသာနေသည်။ အထူးသဖြင့် ကြီးမား တုတ်ခိုင်သော ပေါင်တံများမှာ သာမန်မဟုတ်ပေ။

ရန်ဟွာက ပြောလိုက်၏။ "ဒီနေရာက ကျင်းယီဝေ ရုံးတော်ပဲ။ မင်းတို့က ဘယ်သူတွေလဲ။ ဒီမှာ ကြာကြာ မနေနဲ့၊ မြန်မြန် ထွက်သွားကြစမ်း။"

ကျောက်လျဲ့က ခေါင်းကုတ်လိုက်ပြီး ခပ်ပိန်ပိန်ပါးပါး ရန်ဟွာကို ကြည့်ကာ ဖြေလိုက်သည်။ "ကျုပ်တို့က သခင်လေးဖန် ခေါ်လို့ လာတာပါ။ ကျေးဇူးပြုပြီး သွားပြောပေးပါအုံး။"

ရန်ဟွာက မေးလိုက်၏။ "သခင်လေးဖန် ဟုတ်လား။ မင်းတို့ ဘယ်ကလာတာလဲ။"

ကျောက်လျဲ့က ရိုးရိုးသားသားပင် ဖြေလိုက်သည်။ "တောက်ယွမ်ခရိုင်ကပါ။ သခင်လေးဖန်က ကျုပ်တို့ကို နောက်ဆို ကျင်းယီဝေရဲ့ အင်အားသုံးတပ်ဖွဲ့ဝင်တွေ ဖြစ်လာမယ်တဲ့။အရင်ဆုံး မြောက်ပိုင်းကျင်းယီဝေဌာနကို ဝင်ပြီး တွေ့ဆုံကြဖို့၊ ပြီးမှ တာဝန်ခွဲဝေပေးမယ်လို့ ပြောပါတယ်။"

ရန်ဟွာမှာ ထိုစကားကို ကြားသောအခါ ရင်ထဲတွင် အံ့ဩဝမ်းသာ ဖြစ်သွားသည်။

အောက်ခြေအဆင့် လူအင်အား မပြည့်စုံသေးသဖြင့် တပ်မှူးရုံးသို့ တာဝန်သွားမထမ်းရသေးချိန်တွင် ယခုလို စွမ်းဆောင်ရည်မြင့်မားသည့် လူတစ်စု ရောက်လာခြင်းဖြစ်၏။

မိမိလက်အောက်သို့သာ ရောက်လာမည်ဆိုလျှင် ကြီးမားသော အင်အားတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

ဒါပေမဲ့... သူတို့က ဖန်ကျန်းရီရဲ့ လူတွေ …. ငါက သူ့ကို စော်ကားမိထားတော့... နည်းနည်း ပြဿနာတော့ ရှိတယ်။

ရန်ဟွာက ဘေးမှလူကို တီးတိုး အမိန့်ပေးလိုက်၏။ "မင်း သွားပြီး သခင်လေးဖန်ကို အကြောင်းကြားလိုက်။"

ပြောပြီးနောက် ခေါင်းမော့ကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ "မင်းတို့ ရထားလုံးပေါ်မှာ ဘာပစ္စည်းတွေ ပါလာတာလဲ။"

ကျောက်လျဲ့က ဖြေလိုက်၏။ "အဲဒါတွေက ကိုယ်ကာယလေ့ကျင့်ရေး ပစ္စည်းတွေပါ။"

ရန်ဟွာက ရထားလုံးကို လက်ညှိုးထိုးကာ မေးလိုက်သည်။ "ကိုယ်ကာယလေ့ကျင့်ရေး ပစ္စည်း ဟုတ်လား။ အဲဒါ ဘာပစ္စည်းတွေလဲ၊ ထုတ်ပြစမ်း။"

ကျောက်လျဲ့က အခက်တွေ့နေသော မျက်နှာဖြင့် ဖြေလိုက်၏။ "ဒါက ကျုပ်တို့ အတွင်းပိုင်း သုံးဖို့အတွက်ပါ။ ကြည့်ခွင့်မပေးပါဘူး။"

ရန်ဟွာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "ရိုင်းစိုင်းလိုက်တာ။ မင်းတို့ကို သခင်လေးဖန်က ခန့်ထားတယ်ဆိုပေမဲ့ သာမန် အင်အားသုံးတပ်ဖွဲ့ဝင်တွေပဲ ရှိသေးတာ။ ဒီနေ့ ငါက မင်းတို့ရဲ့ ကိုယ်ကာယလေ့ကျင့်ရေး ပစ္စည်းဆိုတာ ဘာလဲဆိုတာ ကြည့်ကို ကြည့်ရမယ်။"

"ကျောက်လျဲ့... သူ ကြည့်ချင်တယ်ဆိုလည်း ပေးကြည့်လိုက်ပါ။ ဒါပေမဲ့ လမ်းမပေါ်မှာ ရုတ်ရုတ်သဲသဲ မလုပ်ကြနဲ့။ တခြားလုပ်ဖော်ကိုင်ဖက်တွေ မြင်သွားရင် ရယ်စရာ ဖြစ်နေလိမ့်မယ်။ ပစ္စည်းတွေကို အထဲ သယ်သွားကြ။" ဖန်ကျန်းရီက လက်နှစ်ဖက် နောက်ပစ်ကာ ရန်ဟွာ၏ အနောက်မှ ထွက်လာရင်း ပြောလိုက်၏။

ရန်ဟွာကို ကြည့်ကာ ပြုံးယောင်ယောင် မျက်နှာဖြင့် မေးလိုက်၏။ "ကျုပ်ကိုယ်တိုင် ခေါ်လာတဲ့ အင်အားသုံးတပ်ဖွဲ့ဝင်တွေကို ခင်ဗျား ဘာပြဿနာ ရှိလို့လဲ။"

ရန်ဟွာက အလျင်အမြန် ခေါင်းငုံ့ကာ ဖြေလိုက်သည်။ "ကျုပ် မဝံ့ရဲပါဘူး။"

ရင်ထဲတွင်လည်း မသိမသာ တုန်လှုပ်သွား၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ "ရပါတယ်။ ခင်ဗျား ကိုယ်ကာယလေ့ကျင့်ရေး ပစ္စည်းတွေကို စိတ်ဝင်စားနေတာ မဟုတ်လား။ နောက်ဆိုရင် ခင်ဗျား နေ့တိုင်း ကစားရမှာ။ ကျုပ် ခင်ဗျားကို အဝကစားခိုင်းမယ်။"

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် လက်နှစ်ဖက် နောက်ပစ်ကာ လျှောက်လှမ်း၍ ပြန်ဝင်သွား၏။

ကျောက်လျဲ့နှင့် အဖွဲ့မှာ ရထားလုံးဘေးတွင် အလုပ်များနေကြပြီဖြစ်သည်။

ပုံပန်းသဏ္ဌာန် ထူးဆန်းသော သတ္တုအစိတ်အပိုင်း အကြီးကြီးများကို ရထားလုံးပေါ်မှ စတင် ချနေကြ၏။

All Chapters