အခန်း (၅၇၃-၅၇၄)
Vol. 31 Ch. 573-574
အပိုင်း (၅၇၃) ကိုယ်ကာယလေ့ကျင့်ရေး ရူးသွပ်သူများ၏ အိမ်အသစ်။
တပ်မှူးရုံးတော်အတွင်း၌ အခန်းလွတ်များစွာ ကျန်ရှိနေသေးသည်။
ဖန်ကျန်းရီသည် နေရာအကျယ်ဆုံး၊ အလင်းရောင် ကောင်းစွာရရှိပြီး သိုင်းကျင့်ကွင်းနှင့် အနီးဆုံး အခန်းတစ်ခန်း ကို အထူးရွေးချယ်လိုက်၏။
၎င်းမှာ သူ၏လူများအတွက် သီးသန့်ချန်ထားသော ကိုယ်ကာယလေ့ကျင့်ရေးခန်းမပင် ဖြစ်သည်။
ကျောက်လျဲ့တို့ ယူဆောင်လာသော ကိုယ်ကာယလေ့ကျင့်ရေး ပစ္စည်းများမှာလည်း သာမန်အားဖြင့် တောက်ယွမ်ခရိုင်တွင် လေ့ကျင့်ရာ၌ အသုံးပြုသည့် အရာများသာ ဖြစ်ချေသည်။ တီထွင်သူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အထူးတလည် ပြောနေစရာပင် မလိုတော့ပေ။
ကိုယ်ကာယလေ့ကျင့်ရေး ဖခင်ကြီးဖြစ်သော ဖန်ကျန်းရီ ကိုယ်တိုင် လမ်းညွှန်တီထွင်ထားခြင်းပင် ဖြစ်သည်။
ရန်ဟွာတို့အဖွဲ့မှာ ကျောက်လျဲ့တို့ ပစ္စည်းများ သယ်ယူနေသည်ကို စပ်စုချင်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။ ပစ္စည်းအစိတ်အပိုင်းများအားလုံးကို အခန်းတွင်းသို့ သယ်ယူပြီးနောက် တစ်ခုချင်းစီ စတင် တပ်ဆင်ကြတော့၏။
ထိုလူများ၏ လှုပ်ရှားမှုများမှာ အလွန်တရာ သွက်လက်မြန်ဆန်လှသည်။
ရန်ဟွာတို့ အံ့ဩနေစဉ်မှာပင် ထူးဆန်းသော သတ္တုအစိတ်အပိုင်းများက ပို၍ ထူးဆန်းသော သတ္တုပစ္စည်းများ အဖြစ် ပြောင်းလဲသွားသည်။
ရိုးရှင်းသော အရာအချို့ကိုတော့ သူတို့ နားလည်နိုင်သေး၏။
ကြမ်းပြင်ပေါ်ရှိ အဝိုင်းပြားများကို အလယ်တွင် သံချောင်းငယ်တစ်ခုဖြင့် ဆက်ထားသည်မှာ အလေးချိန်ကို လွတ်လပ်စွာ ချိန်ညှိနိုင်သည့် အလွန်အဆင်ပြေသော ကျောက်တုံးအလေး တစ်မျိုး ဖြစ်ကြောင်း သိသာလှသည်။
သို့သော်လည်း ထိုင်ခုံများ တပ်ဆင်ထားသော အခြားအရာများကိုမူ သူတို့ လုံးဝ နားမလည်နိုင်တော့ချေ။
ပို၍ကြည့်လေ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများနှင့် ပိုတူလေ ဖြစ်နေတော့၏။
ဘားတန်း၊ အလေးတုံးငယ်၊ ဝမ်းဗိုက်လေ့ကျင့်ရေးဘီး၊ ရောမထိုင်ခုံ စသည်တို့ပင် ဖြစ်သည်။
အားလုံး တပ်ဆင်ပြီးသွားသောအခါ ကျောက်လျဲ့တို့အဖွဲ့က စတင်၍ ချိန်ညှိစမ်းသပ်မှုများ ပြုလုပ်ကြသည်။
ထိုအခါမှသာ ရန်ဟွာတို့အဖွဲ့မှာ သဘောပေါက်သွားပြီး ထိုအရာများ ဘာအတွက် အသုံးပြုသည်ကို နားလည်သွားကြ၏။
သို့သော်လည်း သူတို့၏ စိတ်ထဲတွင်တော့ အရောင်အသွေးစုံလင်လှသော အရာများဖြစ်သော်လည်း အသုံးမဝင်လှဟု ထင်မြင်မိကာ မျက်နှာပေါ်တွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
ဖန်ကျန်းရီက မျက်စောင်းထိုးကြည့်ရင်း မေးလိုက်၏။ "ဒီလူတွေက တောက်ယွမ်ခရိုင်က လာတာ။ တစ်နည်းပြောရရင် ကျုပ် ကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ တပ်သားတွေလို့ ဆိုနိုင်တယ်။ ခင်ဗျား အမြင်မှာ သူတို့ ဘယ်လိုနေလဲ ….. ဒီပစ္စည်းတွေရော ဘယ်လိုထင်လဲ။"
ဖန်ကျန်းရီ လေ့ကျင့်ပေးထားသော တပ်သားများဟု ကြားလိုက်ရသဖြင့် ရန်ဟွာ၏ စိတ်ထဲတွင် အထင်သေးမှုက ပိုမိုတိုးပွားလာခဲ့သည်။
စာပေအမတ်က တပ်ကို လေ့ကျင့်တယ် ဟုတ်လား။ ဘယ်လို တပ်သားမျိုး ထွက်လာမှာလဲ။ ပျော့ညံ့တဲ့ တပ်သားတွေပဲ ဖြစ်မှာပေါ့။
ရန်ဟွာက ခေါင်းယမ်းလိုက်၏။ "သခင်လေး... ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဒီလူတွေက ကြည့်ရတာသာ တောင့်တင်းနေတာ၊ တကယ်တမ်း လက်တွေ့ ယှဉ်ချကြည့်မှ သိရမှာပါ။ ပြီးတော့ ဒီကိုယ်ကာယလေ့ကျင့်ရေး ပစ္စည်းဆိုတာတွေကလည်း ဘာမှ အသုံးဝင်မယ် မထင်ဘူး။ ကျုပ် အဖေက အမြဲ သင်ပေးဖူးတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ဆိုရင် အခြေခံကျင့်စဉ်တွေနဲ့ အစားအသောက်က အဓိကပဲတဲ့။ ဒီပစ္စည်းတွေ က အပေါ်ယံ ဟန်ပြတွေများပါတယ်။ ကျောက်တုံးအလေး တစ်စုံနဲ့ လက်စွဲတော် လက်နက်ကောင်း တစ်လက်ရှိရင် လုံလောက်နေပါပြီ။"
ဖန်ကျန်းရီက မျက်ခုံးပင့်လိုက်၏။ ရန်ဟွာ၏ အပြောကို သူ အံ့ဩမိခြင်း မရှိပေ။
ရှေးခေတ် လေ့ကျင့်ရေးနည်းစနစ်များက အလွန်ကြမ်းတမ်းလွန်းလှသည်။ သာမန် စစ်သည်များမှာ အစားအသောက် ညံ့ဖျင်းသည်သာမက လေ့ကျင့်ရေးများကိုလည်း သုံးရက်တစ်ခါ သို့မဟုတ် ငါးရက်တစ်ခါသာ ပြုလုပ်လေ့ရှိကြသည်။
ခေတ်သစ် လေ့ကျင့်ရေး အင်အားနှင့် နှိုင်းယှဉ်၍ လုံးဝ မရနိုင်ချေ။ တစ်နေ့လျှင် တစ်နာရီခန့် လေ့ကျင့်နိုင်ခြင်းကပင် အတော်လေး ကောင်းမွန်နေပြီဟု ဆိုရမည်။
ယင်းမှာ ရှေးခေတ်လူများ မိုက်မဲ၍ လေ့ကျင့်ရေးကို နားမလည်ခြင်း မဟုတ်ပေ။ အဓိကမှာ ရေရှည် အရင်းအမြစ် ရှားပါးမှုကြောင့် ဖြစ်ပေါ်လာသော အလေ့အထသာ ဖြစ်သည်။ အကယ်၍ ခေတ်သစ် စစ်သားများကဲ့သို့ စားသောက်မည် ဆိုပါက ရုံးတော်အနေဖြင့် စစ်ပွဲမစတင်မီကပင် စစ်တပ်၏ စားစရိတ်ဖြင့် ဒေဝါလီခံသွားရမည်မှာ သေချာ၏
အချိန်ကြာလာသည်နှင့်အမျှ တွေးခေါ်ပုံများလည်း ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း ဖန်ကျန်းရီတွင် ငွေရှိသည်။ ထိုသူများက သူ၏ အမာခံ တပ်ဖွဲ့ဝင်များ ဖြစ်သောကြောင့် အကောင်းဆုံး အရာများကိုသာ သူ ပေးစွမ်းခဲ့၏။
ခေတ်သစ် လေ့ကျင့်ရေးနည်းစနစ်များကို မှီငြမ်း၍ အစားအသောက်များအတွက် ကြီးမားသော ထောက်ပံ့ကြေးများ ပေးထားသည်။ ဤအမာခံ အဖွဲ့ဝင် နှစ်ရာကျော်သည် အစပိုင်းတွင် သာမန်လူများထက် ထမင်းနှစ်နပ်ခန့် ပိုစားရုံသာ ဖြစ်သည်။
နောက်ပိုင်း အခြေအနေ ကောင်းမွန်လာသောအခါ အစားအသောက် စံနှုန်းများကို ရုတ်တရက် မြှင့်တင်လိုက်သည်။ တစ်နေ့ သုံးနပ်၊ ထမင်းကို အဝစားစေကာ တစ်နေ့လျှင် အနည်းဆုံး ကြက်ဥ အလုံးရှစ်ရာ၊ ဝက်တစ်ကောင်၊ လူတစ်ဦးလျှင် ဆိတ်နို့ တစ်ပိဿာနှုန်းဖြင့် နေ့စဉ် သောက်သုံးစေ၏။
သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကိုလည်း အကန့်အသတ်မရှိ ထောက်ပံ့ပေးထားသည်။ အကယ်၍ ပရိုတင်းအားဖြည့်အမှုန့်များသာ ရှိခဲ့ပါက ဖန်ကျန်းရီက သူတို့ကို တစ်နေ့ နှစ်ဇွန်းခန့် သောက်ခိုင်းမည်မှာ သေချာသည်။
ထို့အပြင် ကျန်းပြောင်၏ ဦးဆောင်မှုအောက်တွင် ထိုသူများမှာ ကြွက်သားများကို ကိုးကွယ်သည့် ယဉ်ကျေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လူတိုင်းက ကြီးမားတုတ်ခိုင်ခြင်းကို ဂုဏ်ယူကြပြီး နေ့စဉ်နေ့တိုင်း အော်ဟစ်ကာ အရူးအမူး လေ့ကျင့်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ အလိပ်လိုက် ဖြစ်ပေါ်နေပြီး ဦးနှောက်ထဲတွင်ပင် ကြွက်သားများ ပြည့်နှက်နေသကဲ့သို့ ဖြစ်နေ၏။
ဤမျှ ပြင်းထန်သော လေ့ကျင့်မှုနှင့် ဇိမ်ကျကျ နေထိုင်ခွင့်မျိုးကို တစ်ကမ္ဘာလုံးတွင် ရှာဖွေကြည့်ပါက မည်သည့်နေရာတွင်မှ တွေ့နိုင်မည် မဟုတ်ပေ။
နန်းတော်စောင့်တပ်များပင်လျှင် တစ်နေ့ သုံးနပ် သာမန်ထမင်းဟင်းများကိုသာ စားရပြီး တောက်ယွမ်ခရိုင်ကဲ့သို့ အရည်အသွေးမြင့် ပရိုတင်းများကို အမြောက်အမြား ဖြည့်တင်းနိုင်စွမ်း မရှိကြချေ။
ကုန်ကျစရိတ် ကြီးမားလွန်းပြီး တိုက်ခိုက်စရာ စစ်ပွဲလည်း မရှိသောကြောင့် ဖန်ကျန်းရီ တစ်ချိန်က ဤအစီအစဉ်ကို စွန့်လွှတ်ရန် တွေးခဲ့ဖူးသည်။ သို့သော်ငြား ဝူမင်းသားနှင့် တိုက်ပွဲက အရာအားလုံးကို သက်သေပြခဲ့သည်။
သေနတ်များ၏ အကူအညီ ပါဝင်သည်ဆိုသော်လည်း လူတစ်ဦးတစ်ယောက်မှ ဒဏ်ရာမရဘဲ အောင်ပွဲခံနိုင်ခဲ့ခြင်းက သူတို့၏ စွမ်းဆောင်ရည် ကြီးမားမှုကို ဖော်ပြနေ၏။
ဖန်ကျန်းရီက လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ဟက်... ကောင်းပြီလေ။ ခင်ဗျားတို့က အသုံးမဝင်ဘူး ထင်နေမှတော့ သူတို့နဲ့ သွားပြီး ယှဉ်ကြည့်လိုက်လို့ ရပါတယ်။ အိပ်လျက် အလေးမတာကိုပဲ ယှဉ်ကြည့်ကြတာပေါ့။ ဒါပေမဲ့ ကျုပ် ကြိုပြောထားမယ်နော်၊ အဲဒီအရာက သေချာ မလုပ်တတ်ရင် ဒဏ်ရာရလွယ်တယ်။ ခင်ဗျားတို့ရဲ့ လက်အင်အားက ဘယ်လောက်ရှိလဲတော့ မသိဘူးလေ။"
အရာရှိငယ်တစ်ဦးက လက်သီးဆုပ်ကာ ရှေ့ထွက်လာပြီး ဘားတန်းဆီသို့ လျှောက်သွားသည်။ "အိပ်ရင်း အလေးမတာ ဟုတ်လား။ ကျုပ် စမ်းကြည့်ပါ့မယ်။"
ဖန်ကျန်းရီက ထိုအရာရှိငယ်မှာ ကျောက်လျဲ့ထက် လူကောင် အတော်လေး သေးနေသည်ကို မြင်သောအခါ သံသယဝင်စွာဖြင့် မေးလိုက်၏။ "ခင်ဗျား တကယ် လုပ်နိုင်လို့လား။"
အရာရှိငယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။ "သခင်လေး... ကျုပ်က ငယ်ငယ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့တာပါ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ပေါင်ရှစ်ဆယ် အလေးချိန်ရှိတဲ့ ဓားကြီးကိုတောင် ကျုပ် ကိုင်တွယ် ကစားနိုင်ပါတယ်။"
ဖန်ကျန်းရီက ပြောလိုက်၏။ "ကျွတ် .. ကျွတ် ... ဒီလောက်တောင် စွမ်းနေတာလား။ ဒါဆိုလည်း သွားစမ်းကြည့်လိုက်လေ။"
ယခုအချိန်တွင် ကျောက်လျဲ့မှာ ဘားတန်းအောက်ရှိ ခုံပေါ်တွင် လှဲလျောင်းကာ အလေးချိန်ကို ချိန်ညှိနေသည်။
လူတစ်ယောက် ရောက်လာသည်ကို မြင်သောအခါ သူက မေးလိုက်၏။ "ခင်ဗျား စမ်းကြည့်မလို့လား။"
အရာရှိငယ်က မေးလိုက်သည်။ "အင်း... ဒါကို ဘယ်လို သုံးရတာလဲ။"
ကျောက်လျဲ့က သူ၏ အနောက်ဘက်သို့ ပြောင်းရပ်လိုက်ပြီး ရှင်းပြ၏။ "ခင်ဗျား လှဲနေလိုက်။ ကျုပ်က ခင်ဗျား ခေါင်းရင်းကနေ အကာအကွယ် ပေးထားမယ်။ ဘယ်လောက် အလေးချိန်ကို မချင်လဲ၊ ကျုပ် အရင် ချိန်ညှိပေးမယ်။ အများဆုံး မနိုင်မဲ့ အလေးချိန်ကို ချိန်ပြီး တစ်ကြိမ် နှစ်ကြိမ်လောက် စမ်းကြည့်ရင် ရပါပြီ။"
ထိုအရာရှိငယ်က ဘားတန်းဘေးရှိ အလေးပြားများကို ကြည့်ကာ အထင်သေးစွာ ပြုံးလိုက်သည်။ "ခင်ဗျား သုံးနေတဲ့ ဟာကိုပဲ သုံးမယ်။ အလေးချိန် ညှိစရာ မလိုဘူး။ ပစ္စည်းတစ်ခု မတာများ လူက အကာအကွယ် ပေးနေစရာ လိုသေးလို့လား။ ခဏနေရင် ကျုပ်ကို ချပေးပြီးတာနဲ့ ဘေးကို ဖယ်နေလိုက်ပါ။ ကျုပ် လှုပ်ရှားမှု ပြင်းထန်သွားရင် ခင်ဗျားကိုပါ ထိခိုက်မိမှာ စိုးလို့ပါ။"
ကျောက်လျဲ့က ဖန်ကျန်းရီကို လှမ်းကြည့်လိုက်ပြီး ဘာလုပ်ရမည်ကို မသိတော့ချေ။
ဤဘားတန်းရှိ အလေးပြားများမှာ ကြီးမားလှသည်တော့ မဟုတ်ပေ။ ကြည့်ရသည်မှာ သိပ်မလေးဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ထိုသို့မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အတွင်းတွင် ခဲများ ထည့်သွင်းထားသောကြောင့် ဖြစ်၏။
နေရာကျယ်ကျယ် မယူစေရန်အတွက် အတွင်းပိုင်းကို ခဲများဖြင့် အပြည့်ဖြည့်ထားပြီး အပြင်ဘက်ကို သံဖြင့် အုပ်ကာ မကျိုးပဲ့စေရန် ကာကွယ်ထားသည်။ ထိုသံအပေါ်တွင် ငွေရောင်သုတ်ကာ သံချေးမတက်စေရန် ထပ်မံကာကွယ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် သာမန် သံအလေးပြားများထက် အရွယ်အစား ပိုမိုသေးငယ်နေပြီး ကြည့်ရသည်မှာ ပေါ့ပါးသည်ဟု ထင်ရ၏။
ဖန်ကျန်းရီကလည်း ဤအချက်ကို ကောင်းစွာ သိရှိထားသည်။ ခုနက ကျောက်လျဲ့ ချိန်ညှိထားသော ဘားတန်းမှာ ပေါင်လေးရာခန့် ရှိမည်ကို သူ ခန့်မှန်းမိသည်။
သို့သော်ငြား ဤမျှလောက်က အလေးဆုံး မဟုတ်သေးချေ။ အရင်က ကျန်းပြောင်သည် ပေါင်ငါးရာကျော်ရှိသော ဘားတန်းကို မကာ လေ့ကျင့်သည်ကို သူ မကြာခဏ မြင်တွေ့ခဲ့ရသည်။ ယခုဆိုလျှင် ပို၍ပင် တိုးတက်နေလောက်ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် ကျန်းပြောင်၏ ရင်အုပ်မှာ ကိုယ်ဝန်ဆောင်နေသော အစ်မချွန်းထက်ပင် ပိုမို ကြီးမားနေပြီ မဟုတ်ပါလော။
ယခုအချိန်က ဤလူများကို နှိမ်နှင်းရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ သူတို့က ပါးစပ်ကသာ လက်ခံသလို ပြောနေသော်လည်း စိတ်ထဲတွင်မူ မကျေမနပ် ဖြစ်နေကြမည်မှာ သေချာ၏။
မိမိက စာပေအမတ် တစ်ယောက်ဖြစ်ပြီး သိုင်းသမားများက ခွန်အားကိုသာ အလေးထားကြသည်ဖြစ်ရာ ယနေ့ သူတို့ကို သင်ခန်းစာ မပေးနိုင်ပါက နောက်ပိုင်းတွင် မည်သို့ အုပ်ချုပ်နိုင်မည်နည်း။
ဖန်ကျန်းရီက ကြင်နာစွာ သတိပေးလိုက်သည်။ "သတိထားတာ အကောင်းဆုံးပဲ။ ဒဏ်ရာရသွားရင် မကောင်းဘူးလေ။"
အရာရှိငယ်က ထိုင်ခုံပေါ်တွင် လှဲလျောင်းနေရင်း ခေါင်းစောင်းကာ ပြုံးပြလိုက်၏။ "သခင်လေးဖန်... ကိစ္စမရှိပါဘူး။ ကျုပ်က သူ့ထက် ပိန်တယ်ဆိုပေမဲ့ ခွန်အားကတော့ သူ့ထက် နည်းချင်မှ နည်းမှာပါ။"
ဖန်ကျန်းရီက ငြိမ်သက်သွားသည်။
ဤအချက်က မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ယခင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်စဉ် ပိန်ပိန်ပါးပါး အလုပ်သမားများမှာ အစားအသောက် အလွန်အကျွံ စားကြသည်ကို သူ တွေ့ခဲ့ဖူး၏။
အလုပ်လုပ်သည့်အခါ ထိုသူများ၏ ခွန်အားမှာ ပို၍ပင် ကြောက်စရာကောင်းလှသည်။
သူ၏ အကဲခတ်မှုအရ ရှေးခေတ်တွင် ဤကဲ့သို့သော လူမျိုး ပို၍ များပြားလောက်သည်။ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်က လူသားများကို ပိုမို ကြံ့ခိုင်လာစေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ "ကောင်းပြီလေ... ခင်ဗျား အံ့ဖွယ်တစ်ခု ဖန်တီးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။"
အရာရှိငယ်က လက်ကို ဆန့်ထုတ်လိုက်သောအခါ ကျောက်လျဲ့က ဘားတန်းကို သင့်တော်သော နေရာသို့ အားယူ၍ မတင်ပေးရင်း နောက်ဆုံးအနေဖြင့် သတိပေးလိုက်သေး၏။ "ညီအစ်ကို... ဒီဟာက တော်တော်လေး လေးတယ်နော်။ အလေးပြား နှစ်ပြားလောက် တကယ် မဖြုတ်တော့ဘူးလား။ ကျုပ် နည်းနည်းလောက် ထိန်းပေးထားလို့လည်း ရပါတယ်။"
အရာရှိငယ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "ကျွတ်... ခင်ဗျားက လူကောင်ကြီးသလောက် စကားကလည်း များလိုက်တာ။ ကျုပ်ဆီ ပေးစမ်းပါ။ ခင်ဗျား ဘေးကို ဖယ်နေတော့။"
ကျောက်လျဲ့က သေချာ ချိန်ရွယ်ပေးပြီးနောက် လက်လွှတ်လိုက်၏။ "ဒါဆို ကျုပ် လွှတ်လိုက်ပြီနော်..."
အရာရှိငယ် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ချိန်တွင် ကျောက်လျဲ့က လက်ကို လွှတ်လိုက်သည်။
ဘုန်း...
ပလွတ် ...
အပိုင်း (၅၇၄) ခင်ဗျားတို့ကို အပြည့်အဝ လက်ခံယုံကြည်သွားအောင် လုပ်ပြရမယ်။
ဒိုင်းခနဲ အသံနှင့်အတူ ဘားတန်း၏ တစ်ဖက်စွန်းမှာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ထိုင်ခုံပေါ်တွင် လှဲလျောင်းနေသော အရာရှိငယ်မှာမူ သတိလစ်သွားပြီ ဖြစ်သည်။ သူသည် တစ်ချက်သာ ညည်းတွားနိုင်ခဲ့ပြီး ချက်ချင်း မေ့မြောသွားကာ နှုတ်ခမ်းထောင့်မှ သွားရည်များပင် စီးကျနေချေ၏။
လူတိုင်းမှာ ထိုအရာရှိငယ်ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိကြသည်။
ကျောက်လျဲ့ တစ်ယောက်သာ အရင်ဆုံး သတိဝင်လာပြီး အရာရှိငယ်၏ ကိုယ်ပေါ်တွင် တင်နေသေးသော ဘားတန်း တစ်ဖက်ကို အမြန်ဖယ်ရှားပေးလိုက်၏။
ရန်ဟွာက လည်ပင်းကို တောင့်တင်းစွာ လှည့်ကာ ဖန်ကျန်းရီကို ကြည့်ရင်း မေးလိုက်သည်။ "သခင်လေးဖန်... သူ သုံးသွားတာ ဘယ်လောက် အလေးချိန်လဲ။"
ကျောက်လျဲ့က အမြန်ဝင်ပြောလိုက်သည်။ "ပေါင်သုံးရာရှစ်ဆယ်ပါ။ ကျုပ်တို့ဆီမှာ သမားတော် ရှိလား။ သူ့ရဲ့ ရင်အုံရိုး ကျိုးသွားပြီ ထင်တယ်။"
ပေါင်သုံးရာရှစ်ဆယ် ဟုတ်လား။
လူအများအပြားမှာ နေရာတွင်ပင် မှင်တက်သွားကြသည်။
ဤမျှလောက် ခွန်အားမျိုးကို စစ်တပ်ထဲတွင်ဆိုလျှင် တကယ့် စစ်သူကြီးတစ်ဦးဟု သတ်မှတ်ရမည်။
ဖန်ကျန်းရီက အလျင်အမြန် အော်ဟစ်လိုက်၏။ "မြန်မြန်... သမားတော် သွားခေါ်ကြ။ ဒီမှာ မသေစေနဲ့အုံး။ ကျင်းယီဝေက တံခါးတောင် မဖွင့်ရသေးဘူး။ လူ အရင်သေနေရင် အမင်္ဂလာ ဖြစ်မယ်။"
သူ့အော်သံကြောင့် အခြားသော အရာရှိငယ်များနှင့် တပ်ဖွဲ့ဝင်များမှာ အပြင်သို့ ပြေးထွက်သွားကြသည်။
လက်ရှိ တပ်မှူးရုံးတော်၏ အခြေအနေအရ သမားတော် ရှိမည်မဟုတ်ရာ အခြားသော ရုံးတော်များမှ သွားရောက် အကူအညီတောင်းရမည်။
ဖန်ကျန်းရီက ရန်ဟွာကို ဝင့်ကြွားစွာ ကြည့်၍ မေးလိုက်၏။ "ဘယ်လိုလဲ... ခင်ဗျားရော လုပ်နိုင်လား။"
ယခုအခါ မြို့တော်တွင် တပ်ခွဲမှူးရုံးတော် တစ်ဆယ့်လေးခု ဖွင့်လှစ်ရန် စီစဉ်ထားပြီး မနေ့က ခြောက်ယောက် ရောက်လာကာ ယနေ့ လူသစ် နှစ်ယောက် ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။
သူတို့အားလုံးမှာ ရန်ဟွာနှင့် ရင်းနှီးကြမည်မှာ သေချာသည်။ စစ်တပ်အသိုင်းအဝိုင်းမှာလည်း သိပ်မကျယ်ပြန့်လှရာ ရန်ဟွာက ဩဇာလွှမ်းမိုးမှု အနည်းငယ် ရှိနေပုံရသည်။ သူ့ကို ကိုင်တွယ်နိုင်ပါက ပြဿနာ ကြီးကြီးမားမား ရှိတော့မည် မဟုတ်ချေ။
အာဏာဖြင့် ဖိနှိပ်၍ ရသော်လည်း ဖန်ကျန်းရီက လူအများ၏ နှလုံးသားမှ လှိုက်လှိုက်လှဲလှဲ လက်ခံ ယုံကြည်လာခြင်းကိုသာ ပိုမို နှစ်သက်သည်။
ရန်ဟွာ၏ နဖူးမှ ချွေးစေးများ စီးကျလာ၏။
ပေါင်သုံးရာရှစ်ဆယ်ဆိုသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ ပေါင်သုံးရာဆိုလျှင်မူ သူ လုပ်နိုင်ကောင်း လုပ်နိုင်မည် ဖြစ်သည်။
သို့သော်ငြား စောနက ကြွားလုံးထုတ်ထားခဲ့ပြီးဖြစ်ရာ ယခုမှ မလုပ်နိုင်ဟု ဆိုပါက အထက်အရာရှိရှေ့တွင် မျက်နှာပျက်ရမည် မဟုတ်ပါလား။
ထိုအတူ တကယ် မလုပ်နိုင်သည်ကိုလည်း တိုက်ရိုက် ဝန်ခံ၍ မရချေ။ တစ်ခုတည်းသော နည်းလမ်းမှာ စကားလမ်းကြောင်း လွှဲရန်သာ ရှိတော့၏။
ရန်ဟွာက နဖူးမှ ချွေးများကို သုတ်ရင်း မေးလိုက်သည်။ "သခင်လေး... ကျုပ် ရဲရဲတင်းတင်းပဲ မေးပါရစေ။ သခင်လေး ခေါ်လာတဲ့ လူတွေတိုင်းက ဒီလို ထူးကဲတဲ့ ခွန်အားတွေ ရှိနေကြတာလား။"
ဖန်ကျန်းရီက ရယ်မောလိုက်၏။ "မယုံဘူးလား။ ဒါဆို နောက်တစ်ယောက်လောက် ထပ်စမ်းကြည့်ကြမလား။ ခင်ဗျားတို့ထဲက ဘယ်သူများ အောက်ကျနေတဲ့ အလေးတန်းကို မကြည့်ချင်သေးလဲ။"
လူအုပ်ထဲမှ ရုတ်တရက် အသံထွက်လာသည်။ "ကျုပ် လုပ်မယ်။"
ထိုလူမှာ ခေါင်းတုံးနှင့်ဖြစ်ပြီး ကြွက်သားများ အပြည့်ဖြင့် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ရည်ရှိသူ တစ်ဦး ဖြစ်၏။
သူက ထိုင်ခုံဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ဘားတန်းကို ကောက်ကိုင်လိုက်ပြီး သုံးကြိမ်တိုင်တိုင် အလွယ်တကူ မတင်ပြလိုက်ပြီးနောက် ဘားတန်းကို မူလနေရာတွင် ပြန်တင်ထားလိုက်သည်။
ထို့နောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ တန်းစီရာသို့ ပြန်သွားပြီး နောက်ထပ် လူတစ်ဦး ထပ်မံထွက်လာပြန်သည်။
ဤသို့ဖြင့် လေးငါးယောက်ခန့် ဆက်တိုက်ထွက်လာကာ အလေးတန်းကို အလွယ်တကူ မပြသွားကြ၏။
ရန်ဟွာ၏ ပါးစပ်မှာ ဖြည်းညင်းစွာ ဟသွားပြီး မျက်စိရှေ့မှ မြင်ကွင်းက သူ၏ တွေးခေါ်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
သူ၏ နောက်မှ လူအများစုမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်သည်။ "ဟက်ဟက်... ဘယ်လိုလဲ။ ရန်ဟွာ... ခင်ဗျား ပြောစရာ ရှိရင် အားမနာတမ်း ပြောလို့ ရပါတယ်။ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာ အထက်ကနေ စာပေအမတ် တစ်ယောက်ကို ခင်ဗျားတို့ရဲ့ အကြီးအကဲအဖြစ် ခန့်အပ်လိုက်တာကို လုံးဝ မကျေနပ်ကြဘူးဆိုတာ ကျုပ် သိပါတယ်။
ဒီနေ့တော့ ကျုပ်လို စာပေအမတ် လေ့ကျင့်ပေးထားတဲ့ တပ်သားတွေ ဘယ်လိုနေလဲဆိုတာ ခင်ဗျားတို့ကို မြင်တွေ့ခွင့် ပေးလိုက်တာပါ။"
ရန်ဟွာက အလျင်အမြန် လက်သီးဆုပ်ကာ ပြောလိုက်၏။ "သခင်လေး... ကျုပ် ဘယ်တုန်းကမှ မကျေမနပ် မဖြစ်ခဲ့ပါဘူး။ သခင်လေးဖန်က ဒီလို ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နိုင်တာ တကယ့်ကို ထိုက်တန်လွန်းလှပါတယ်။"
ဖန်ကျန်းရီက လက်ကာပြလိုက်သည်။ "အင်း အင်း... အားနာစကားတွေ ပြောမနေပါနဲ့တော့။ ခင်ဗျားတို့က လက်အောက်ငယ်သားတွေ ဆိုပေမဲ့ စစ်တပ်ကနေ ဆင်းသက်လာကြသူတွေပါ။ တချို့ဆို ဘိုးဘွားစဉ်ဆက် စစ်ပွဲတွေမှာ ဂုဏ်ပြုခံရလောက်အောင် အမှုထမ်းခဲ့ကြသူတွေလေ။
ခင်ဗျားတို့က ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတွေပါ။ ကျုပ်က ကျွမ်းကျင်သူတွေရဲ့ အမြင်ကို အလေးစားဆုံးပဲ။ ဒီနေ့ ကျုပ်ရဲ့ လူတွေ ရောက်လာပြီ။ သူတို့က အောက်ခြေအဆင့် တာဝန်တွေပဲ ယူရမယ် ဆိုပေမဲ့ ကျင်းယီဝေမှာ တာဝန်ထမ်းဆောင်ဖို့ သင့်တော် မသင့်တော်ဆိုတာကို ကျွမ်းကျင်တဲ့ ခင်ဗျားတို့ရဲ့ အမြင်နဲ့ပဲ ဆုံးဖြတ်ရမှာပါ။
အမှားရှိရင် ထောက်ပြပါ။ စကားကို ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်း ပြောပါ။ မဟုတ်ရင် ခင်ဗျားတို့ စိတ်ထဲမှာလည်း တနုံ့နုံ့ဖြစ်နေသလို ကျုပ် စိတ်ထဲမှာလည်း အောင့်သက်သက် ဖြစ်နေလိမ့်မယ်။"
သူ ဤသို့ ပြောလိုက်သောအခါ အများစု၏ ရင်ထဲတွင် ရုတ်တရက် ပေါ့ပါးသွားပြီး ဖန်ကျန်းရီ၏ ပုံရိပ်မှာလည်း သိသိသာသာ ကောင်းမွန်လာခဲ့သည်။
ဤသခင်လေးဖန်မှာ အခြားသော စာပေအမတ်များနှင့် မတူဘဲ စကားကို လှည့်ပတ်မပြောဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ ဖြစ်နေသည် မဟုတ်ပါလား။
ရန်ဟွာက သတ္တိမွေးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "သခင်လေးက ဒီလောက်တောင် ပွင့်ပွင့်လင်းလင်း ပြောနေမှတော့ ကျုပ်တို့လည်း ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံပါ့မယ်။
အမှန်တိုင်း ပြောရရင် ကျုပ်ရဲ့ ခွန်အားက သူတို့ကို မမီပါဘူး။ အင်အားကြီးတာက အရေးကြီးပေမဲ့ တပ်ကို အုပ်ချုပ်ရာမှာ အရေးအကြီးဆုံးက စည်းကမ်းသေဝပ်မှုနဲ့ အမိန့်နာခံမှုပါ။
ဒါ့အပြင် တကယ့်တိုက်ပွဲမှာ ရန်သူက လက်နက်ကိုင်ဆောင်ထားရင် ခန္ဓာကိုယ်ကို ဘယ်လောက်ပဲ ကြံ့ခိုင်အောင် လေ့ကျင့်ထားပါစေ၊ သိုင်းကွက် နည်းစနစ် မရှိရင် ခုခံနိုင်မှာ မဟုတ်ပါဘူး။
ဒီကိုယ်ကာယလေ့ကျင့်ရေး ပစ္စည်းတွေက နည်းနည်းပါးပါးတော့ အသုံးဝင်ပါတယ်။ ဒါပေမဲ့ ကျုပ် အမြင်အရဆိုရင် လေ့ကျင့်ထားတာတွေ အကုန်လုံးက အသေကြွက်သားတွေချည်းပါပဲ။ တကယ့် တိုက်ပွဲမှာ အသုံးဝင်မှာ မဟုတ်ဘူး။"
အသေကြွက်သားများ ဟုတ်လား။ ဖန်ကျန်းရီ တစ်ယောက် အလိုလို တွေးမိသွားသည်။
တာ့ကျင်းခေတ်က လူများပင် ဤသို့ တွေးကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကိုယ်ကာယလေ့ကျင့်ရေးခန်းမများက အသေကြွက်သားများကိုသာ ဖန်တီးပေးသည် ဆိုသည့် စကားမှာ အတော်လေး သမိုင်းကြောင်း ရှည်လျားပုံရသည်။
ဖန်ကျန်းရီက လက်ခုပ်တီး၍ ရယ်မောလိုက်၏။ "ကောင်းတယ်။ ခင်ဗျားတို့ အကုန်လုံးရော သူ ပြောတာကို အဓိပ္ပာယ်ရှိတယ်လို့ ထင်ကြလား။"
နောက်မှလူများက ထောက်ခံလိုက်ကြသည်။ "သခင်လေးဖန်... ရန်ဟွာက ကျုပ်တို့ထဲမှာ သိုင်းပညာ အမြင့်မားဆုံးပါ။ သူ ပြောတာ မှန်တယ်လို့ ကျုပ် ထင်ပါတယ်။"
"ဟုတ်ပါတယ်... ကျုပ်လည်း ဒီလိုပဲ မြင်ပါတယ်။ ခွန်အားကြီးရုံနဲ့ အသုံးမဝင်ပါဘူး၊ လျင်မြန်ဖြတ်လတ်မှုနဲ့ ဉာဏ်ရည်သုံးနိုင်မှုက ပိုအရေးကြီးပါတယ်။"
"ကျုပ်တို့ ကျင်းယီဝေက စစ်မြေပြင်ကို တက်စရာ မလိုပေမယ့် တိုက်ခိုက်ရေးကတော့ ရှောင်လွှဲလို့ မရပါဘူး။ ကျုပ် အမြင်မှာတော့ သိုင်းကွက် နည်းစနစ်ကသာ အစစ်အမှန်ပါ။"
အများစုမှာ ထိုစကားများကို ထောက်ခံကြ၏။
ဖန်ကျန်းရီက အားရပါးရ လက်ယမ်းပြလိုက်သည်။ "ကောင်းပြီ။ ဒါဆို ဒီနေ့ ခင်ဗျားတို့ကို သူတို့ရဲ့ အရည်အချင်း အစစ်အမှန်ကို သေချာ စစ်ဆေးခွင့် ပေးလိုက်မယ်။ ကျုပ်တို့ သိုင်းကျင့်ကွင်းကို သွားကြစို့။"
ရန်ဟွာက နောက်သို့ လှည့်ကြည့်ကာ အခြားသူများနှင့် မျက်လုံးချင်း ဆုံလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်လာ၏။
သခင်လေးဖန်တော့ အရှက်ကွဲတော့မည်သာ။ စာပေသမားက တပ်လေ့ကျင့်ရာတွင် ခွန်အားကိုသာ အလေးထားခြင်းမှာ လုံးဝ အမှားကြီးပင် ဖြစ်သည်။
ယနေ့တော့ အရှက်ကွဲဖို့သာ ရှိတော့၏။
ဖန်ကျန်းရီက လက်ယမ်းပြလိုက်ပြီး လူအများအပြားမှာ သိုင်းကျင့်ကွင်းဆီသို့ နောက်မှ တန်းစီ၍ လိုက်ပါသွားကြသည်။
သိုင်းကျင့်ကွင်းမှာ အတော်လေး ပြည့်စုံမှု ရှိသည်။ လက်နက်စင်များကို နေရာချထားပြီး လေ့ကျင့်ရေးအတွက် သစ်သားဓားများ၊ သစ်သားလှံများလည်း အစုံအလင် ရှိနေ၏။
တောက်ယွမ်ခရိုင်မှ လူများမှာ ကွင်းထဲတွင် ရှုပ်ယှက်ခတ်စွာ ရပ်နေကြရာ ဖန်ကျန်းရီက ကျောက်လျဲ့ကို မျက်ရိပ်ပြလိုက်သည်။
ကျောက်လျဲ့က ရင်ဘတ်ထဲမှ ခရာလေးတစ်ခုကို ထုတ်ယူလိုက်၏။
ဖြူး... ဖြူး... ဖြူး...
ကျောက်လျဲ့က အသံပြဲကြီးဖြင့် အော်ဟစ်လိုက်သည်။ "တန်းစီ။"
ခရာမှုတ်သံ ထွက်ပေါ်လာသည်နှင့် ရှုပ်ယှက်ခတ်နေသော လူအုပ်ကြီးမှာ ခြေလှမ်းကျဲကြီးများဖြင့် ရွှေ့လျားကာ အလိုအလျောက် သပ်ရပ်စွာ တန်းစီသွားကြ၏။
ရန်ဟွာတို့အဖွဲ့မှာ အစပိုင်းတွင် အထင်သေးနေခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်း ရှုပ်ယှက်ခတ်နေသော လူအုပ်ကြီးက ညီညာသပ်ရပ်သော တန်းစီမှုအဖြစ် ပြောင်းလဲသွားသည်ကို မြင်သောအခါ အလွန်အမင်း အံ့ဩသွားကြသည်။
စကားပြောရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ဆူညံသော အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။
"ဖန်ကြီး... ကျုပ် လာပြီ။ ခင်ဗျား ရှိရဲ့လား။"
ထိုအသံမှာ လီယွမ်ကျောက်၏ အသံမှန်း သိလိုက်သဖြင့် ဖန်ကျန်းရီက လှည့်ကြည့်လိုက်သည်။ ချက်ချင်းပင် မှင်တက်သွားချေသည်။
ရောက်လာသူမှာ အိမ်ရှေ့စံ တစ်ယောက်တည်း မဟုတ်ဘဲ သာမန်အဝတ်အစား ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပါဝင်ပြီး သူတို့၏ အနောက်တွင် ရင်းနှီးနေသော အမတ်ဟောင်းအချို့နှင့် ပို၍ ရင်းနှီးနေသော... ကျန်းပြောင်ပင် ပါဝင်နေသည်။
ဒီလူတွေ ဘယ်လိုလုပ်ပြီး အတူတူ ရောက်လာကြတာလဲ။
ရန်ဟွာတို့ကလည်း လှည့်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ကြသည်။ ထို့နောက် ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"
ဖန်ကျန်းရီက အလျင်အမြန် ရှေ့သို့တိုးသွားပြီး လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး ကြွလာတာကို မသိလိုက်လို့ ကြိုဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်။ အရှင်မင်းကြီး ဘယ်လိုကိစ္စများ ရှိလို့ ကြွလာတာပါလဲ။"
ကျင်းဘုရင်မင်းမြတ် က ပြုံး၍ မေးလိုက်၏။ "ဘာလဲ... ကိုယ်တော် လာလို့ မရဘူးလား။ ခုနက ထူးဆန်းတဲ့ အသံတွေ ကြားလိုက်ရလို့။ မင်းတို့ ဘာတွေ လုပ်နေကြတာလဲ။"
ဖန်ကျန်းရီက ကျန်းပြောင်ကို တစ်ချက် ခိုးကြည့်လိုက်ရာ သူက ကျင်းဘုရင်မင်းမြတ်၏ အနောက်တွင် တည့်မတ်စွာ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် အံ့ဩသွားသည်။
ဒီကောင်က ဘယ်လိုလုပ်ပြီး အရှင်မင်းကြီးနဲ့ အတူတူ ရောက်နေတာလဲ။ အရှင်မင်းကြီးရဲ့ ကိုယ်ရံတော်အသစ်များ ဖြစ်နေပြီလား။
ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "ကျွန်တော်မျိုး တောက်ယွမ်ခရိုင်ကနေ လူအင်အား တချို့ကို ခေါ်လာပြီး ကျင်းယီဝေရဲ့ အင်အားသုံးတပ်ဖွဲ့ဝင်တွေအဖြစ် ခန့်အပ်မလို့ပါ။ အခု တပ်မှူးတွေကို အရည်အချင်း စစ်ဆေးခိုင်းနေတာပါ။ ဒီလူတွေကို ကျွန်တော်မျိုး ကိုယ်တိုင် လေ့ကျင့်ပေးထားတာဆိုတော့ စာပေအမတ် တစ်ယောက်အနေနဲ့ လိုအပ်ချက်တွေ အများကြီး ရှိနေအုံးမှာပါ။"
ကျင်းဘုရင်မင်းမြတ် မှာ စိတ်ဝင်တစား ဖြစ်သွားသည်။ "အို... မင်းက တပ်တောင် လေ့ကျင့်တတ်သေးတာလား။ ကိုယ်တော် ဒီနေ့ ရုပ်ဖျက်ပြီး ထွက်လာတာက ကျန်းရှီကို တွေ့ချင်လို့ပါ။ ဒီလို ကောင်းမွန်တဲ့ ပြကွက်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါဆို ကိုယ်တော်လည်း ဝင်ကြည့်ရတာပေါ့။ လိုအပ်ချက်တွေ ရှိရင် ကိုယ်တော် ကိုယ်တိုင် လမ်းညွှန်ပြသပေးမယ်။"