← Chapters

အခန်း (၆၀၇-၆၀၈)

Vol. 52 Ch. 607-608

အခန်း (၆၀၇-၆၀၈)

Vol. 52 Ch. 607-608

အပိုင်း (၆၀၇)

အောက်မင်၏ စကားမှာ အလွန် ရှင်းလင်းလှသည်။ မိုးမလင်းမီတွင် ဧကရာဇ်ဟောင်းကို သွားရောက် လုပ်ကြံရန် ဖြစ်၏။

မည်သို့ပင်ဆိုစေ သူ အပြင်မထွက်လာသည်မှာ နှစ်လနီးပါး ရှိနေပြီဖြစ်ပြီး ချန်အန်း နန်းဆောင်၏ တံခါးများကိုလည်း ပိတ်ထားခဲ့သည်။

ထိုစဉ်က သတင်းများ အားလုံးသည် ကျိုးလီ ရှုံးနိမ့်သွားပြီ၊ အောက်ယွီလည်း သေသွားပြီဟု ထွက်ပေါ် နေခဲ့သောကြောင့် ဧကရာဇ်ဟောင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည်မှာ ပုံမှန် ဖြစ်ပေလိမ့်မည်။

အကယ်၍ ဧကရာဇ်ဟောင်းသာ သေဆုံးသွားပါက ကျိုးလီနှင့် အောက်ယွီတို့ အောင်ပွဲခံ ပြန်လည် ရောက်ရှိလာလျှင်တောင်မှ အသုံးဝင်တော့မည် မဟုတ်ပေ။

ဧကရာဇ်ဟောင်းမှလွဲ၍ တာ့ကျိုးအင်ပါယာတွင် ဧကရာဇ်ကို နန်းစွန့်ရန် မည်သူက ဖိအားပေးနိုင်မည်နည်း။ မယ်တော်မိဖုရားခေါင်ကြီးလား။ သူမက ဧကရာဇ်၏ဘက်တွင် လုံးဝ ရပ်တည်နေသူ ဖြစ်သည်။

ဧကရာဇ်ဟောင်း သေဆုံးသွားသည်နှင့် တပြိုင်နက် နန်းတွင်းရှိ အမတ်များသည်လည်း အားလုံး လူစုကွဲသွားကြမှာဖြစ်၏။

သေချာပေါက် ဧကရာဇ်၏ နာမည်ဂုဏ်သတင်းမှာမူ ပိုမို ဆိုးရွားသွားမည်ဖြစ်ပြီး လောက တစ်ခုလုံးတွင် ပူးပေါင်းကြံစည်မှု သီအိုရီများ အများအပြား ထွက်ပေါ်လာမည် ဖြစ်သော်လည်း ဘာဖြစ်သနည်း။ ဤကဲ့သို့ အချိန်မျိုး ရောက်နေပြီဖြစ်ရာ ဧကရာဇ် အနေဖြင့် နာမည်ကောင်း ရရန် မမျှော်လင့်တော့ချေ။

“ဒုတိယ အကြံပြုချက်ကတော့ အရှင်မင်းမြတ် မြို့တော်ကနေ ချက်ချင်း ထွက်ခွာပြီး တောင်ပိုင်းမှာ မြို့တော်သစ် တည်ထောင်ဖို့ပါ။” အောက်မင်က ပြောလိုက်၏။

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း ပို၍ပင် အံ့ဩတုန်လှုပ်သွားကြတော့သည်။

အောက်မင်က ဆက်ပြောလိုက်၏။ “ဖူယန်ထူရဲ့ တပ်တော် သိန်းချီက သေချာပေါက် အရှင်မင်းမြတ်ကို ထောက်ခံမှာပါ။ ဘာလို့လဲဆိုတော့ သူနဲ့ အောက်ယွီက သေရေးရှင်ရေး ရန်သူတွေ ဖြစ်နေလို့ပါ။ ကျုပ်အဖေရဲ့ အနောက်ဘက် နယ်စပ်က စစ်တပ်ကလည်း အရှင်မင်းမြတ်ကို သေချာပေါက် ထောက်ခံမှာပါ။ ကျင်းကျုံး ကာကွယ်ရေးမျဉ်းက စစ်တပ်ကတော့ ဘယ်ဘက်ကိုမှ ပါမှာ မဟုတ်ဘူး။

ဒါကြောင့် လောကရဲ့ စစ်တပ် အများစုက အရှင်မင်းမြတ်ရဲ့ လက်ထဲမှာ ရှိနေတုန်းပါပဲ။ အရှင်က မြို့တော်မှာ ကိုယ်ကျင့်တရားအရ အားနည်းသွားပြီ ဖြစ်လို့ မြို့တော်ကနေ ထွက်ခွာပြီး တောင်ပိုင်းမှာ မြို့တော်သစ် တည်ထောင်တာ အကောင်းဆုံးပါပဲ။”

ဧကရာဇ်က ပြောလိုက်သည်။ “ဒီလိုလုပ်ရင် တာ့ကျိုးအင်ပါယာဟာ လုံးဝ နှစ်ခြမ်း ကွဲသွားမှာပေါ့။

အောက်မင်က ပြန်ပြောလိုက်၏။ “ဟုတ်တယ်။”

ထိုသို့ဆိုပါက မူလ တောင်ပိုင်းကျိုးသည် နှစ်ပိုင်း ကွဲသွားမည်ဖြစ်ပြီး သုံးပုံတစ်ပုံသည် ဧကရာဇ်ဟောင်း၏ လက်အောက်တွင် မြောက်ပိုင်းကျိုး ဖြစ်သွားကာ၊ သုံးပုံနှစ်ပုံသည် ဧကရာဇ်၏ လက်အောက်တွင် တောင်ပိုင်းကျိုး အဖြစ် ဆက်လက် တည်ရှိမှာဖြစ်သည်။

အောက်မင်က ဆက်ပြောလိုက်၏။ “အဲဒီအချိန်ကျရင် မြောက်ပိုင်းကျိုးဟာ တာယင်အင်ပါယာနဲ့ နယ်နိမိတ် ထိစပ်နေမှာ ဖြစ်လို့ ဖိအားတွေ အားလုံးက ဧကရာဇ်ဟောင်း အပေါ်မှာ ကျရောက်သွားမှာပါ။ ကျုပ်တို့ တောင်ပိုင်းကျိုးကတော့ လောလောဆယ် တာယင်အင်ပါယာရဲ့ စစ်ရေး ဖိအားကို စိုးရိမ်စရာ မလိုတော့ဘူး။

ကျုပ်တို့က ပိုင်ယွင်မြို့နဲ့ လက်ထပ် ပူးပေါင်းမှုရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပြီး အနာဂတ်မှာ ဧကရာဇ်ဟောင်းရဲ့ မြောက်ပိုင်းကျိုးနဲ့ တာယင်အင်ပါယာတို့ နှစ်ဖက်စလုံး အင်အား နည်းသွားတဲ့ အချိန်ကျမှ ကျုပ်တို့ တောင်ပိုင်းကျိုးနဲ့ ပိုင်ယွင်မြို့ ပူးပေါင်း စစ်တပ်က မြောက်ဘက်ကို ပြန်လည် တိုက်ခိုက်ပြီး နယ်မြေတွေကို ပြန်လည် သိမ်းယူကာ တာ့ကျိုးကို နောက်တစ်ကြိမ် ပေါင်းစည်းနိုင်ရင် အရှင်မင်းမြတ်ဟာ တာ့ကျိုးရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ် ဖြစ်လာမှာပါ။”

အောက်မင်၏ စကားကို ကြားပြီးနောက် ဧကရာဇ် နှင့် ထိုနေရာတွင် ရှိနေသော အမတ်ကြီးများ အားလုံး တိတ်ဆိတ်သွားကြတော့သည်။

ဤအစီအစဉ် နှစ်ခုစလုံးသည် အလွန် ပြတ်သားပြီး လုံးဝ မတွေဝေဘဲ လုပ်ဆောင်ရမည် ဖြစ်သော်လည်း လူတိုင်းကို ကြောက်လန့်တုန်လှုပ်သွားစေနိုင်၏။

ပထမ အစီအစဉ်သည် ဧကရာဇ်ကို လုပ်ကြံကာ အဖေကို သတ်ဖြတ်ခြင်း ဖြစ်ပြီး ဒုတိယ အစီအစဉ်သည် အင်ပါယာကို နှစ်ခြမ်း ခွဲပစ်လိုက်ခြင်း ဖြစ်သည်။

လူတိုင်းသည် ဧကရာဇ်ကိုသာ ကြည့်ရှုနေကြပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြ၏။

အမှန်တကယ် ဧကရာဇ် ဝမ်ယွင်၏ စိတ်ထဲတွင် အစောကြီးတည်းက အဖြေရှိနေပြီဖြစ်၏။ အမတ်ကြီးများကို ခေါ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ သူတို့ အားလုံးကို အကျိုးဆက်များ အတူတကွ တာဝန်ယူစေရန် သက်သက်သာ ဖြစ်သည်။

အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်၏။ “ဒီနှစ်လအတွင်းမှာ ဧကရာဇ်ဟောင်းဟာ ချန်အန်း နန်းဆောင်ရဲ့ တံခါးကို တင်းကျပ်စွာ ပိတ်ထားခဲ့တာ တကယ်ပဲ စိုးရိမ်စရာ ကောင်းတယ်။ လူလွှတ်ပြီး သွားကြည့်ခိုင်းလိုက်ပါ။”

အမတ်များ အားလုံး ဒူးထောက်ကာ ပြောလိုက်ကြသည်။ “ကျုပ်တို့ အမိန့်တော်ကို ခံယူတယ်။”

ခဏအကြာတွင် လူအချို့သည် ဧကရာဇ်၏ အရှေ့တွင် ထွက်ပေါ်လာပြီး ခေါင်းဆောင်မှာ ပိန်လှီသော အမျိုးသား တစ်ဦး ဖြစ်၏။

ဤလူမှာ ဝူမင် (အမည်မရှိသူ) ဖြစ်ပြီး ပိုင်ယွင်မြို့၏ ထိပ်တန်း သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။

ထိုစဉ်က ဒုတိယမင်းသား ကျိုးကျီသည် တာယင်အင်ပါယာ၏ စတုတ္ထမင်းသား ယင်ချွီကို လုပ်ကြံ သတ်ဖြတ်ရန် လူငှားရမ်းခဲ့ပြီး အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်ခဲ့ရာ ထိုလုပ်ကြံသူမှာ ဝူမင် ဖြစ်၏။

သူသည် စစ်သည်သောင်းချီ ကြားထဲတွင် ရန်သူ့ စစ်သေနာပတိချုပ်ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သူ ဖြစ်ရာ သူ၏ သိုင်းပညာမှာ မည်မျှလောက် အံ့ဩစရာ ကောင်းမည်နည်း။ ထို့အပြင် သူသည် နုဧကရာဇ်၏မျိုးဆက် တစ်ဦးလည်း ဖြစ်သည်။

ထိုသို့ဆိုလျှင် သူနှင့် ကျင်းဝူရွှမ်း မင်းသမီး တို့၏ သိုင်းပညာ နှိုင်းယှဉ်ပါက မည်သူက ပို၍ မြင့်မားသနည်း။

သူသည် ယခင်က မင်းသမီး ဝူရွှမ်း၏ ဓားပညာဆရာ ဖြစ်ခဲ့ဖူးသောကြောင့် ယေဘုယျအားဖြင့် ခန့်မှန်းနိုင်သည်။

ထို့အပြင် ယင်ချွီ၏ အရေးပါမှုသည် ယခင်က အောက်ယွီ ထက် အများကြီး ပိုမို ကြီးမားသောကြောင့် ဒုတိယမင်းသား ကျိုးကျီက ယင်ချွီကို လုပ်ကြံရန် ဝူမင်ကို ငှားရမ်းခဲ့ပြီး၊ အောက်ယွီကို လုပ်ကြံရန် မင်းသမီး ဝူရွှမ်းကို ငှားရမ်းခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် လူနှစ်ဦး၏ သိုင်းပညာ ကွာဟချက်ကို သိရှိနိုင်၏။

အချုပ်အားဖြင့် ဝူမင်သည် ပိုင်ယွင်မြို့၏ ထိပ်တန်း လုပ်ကြံသူ တစ်ဦးဖြစ်ပြီး သူ၏ နောက်တွင် တပည့် လေးဦး ရှိကာ အားလုံးမှာ မင်းသမီး ဝူရွှမ်း၏ စီနီယာ အစ်ကိုများ ဖြစ်ကြသည်။

“ဆရာကြီး ဝူမင်ကို အပ်တယ်နော်။”

မိဖုရားကြီးဖူက ပြောလိုက်၏။ “အောင်မြင်နိုင်ပါ့မလား။

ဝူမင်သည် ပြန်မဖြေဘဲ သူ၏ မျက်လုံးများတွင်မူ အထင်သေးမှုများ ထွက်ပေါ်နေသည်။

ထိုစဉ်က ယင်ချွီ၏ ဘေးတွင် စစ်သည်ပေါင်း သောင်းနှင့်ချီ ရှိနေသည့်အပြင် ထိပ်တန်းသိုင်းပညာရှင် များစွာကလည်း ဝန်းရံစောင့်ကြပ်နေခဲ့သည်။ ထိုသို့သော အခြေအနေမျိုးမှာ ထျန်းယန်ဧကရာဇ်ဟောင်းကို လုပ်ကြံခြင်းထက် ဆယ်ဆမျှ ပိုမိုခက်ခဲပေလိမ့်မည်။

သို့သော်လည်း သူသည် တစ်ချက်တည်းဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ ယင်ချွီ မသေဆုံး ရခြင်းမှာ တာ့ကျိုးအနေဖြင့် သူ့ကို မသတ်နိုင်၍ မဟုတ်ဘဲ၊ မသတ်ဖြတ်လိုသည့်အတွက်သာ ဖြစ်သည်။

မိဖုရားကြီးဖူက ပြောလိုက်၏။ “ဒါဆို ဆရာကြီးဆီကနေ သတင်းကောင်းကို စောင့်နေပါ့မယ်။”

ဝူမင်နှင့် သူ၏တပည့် လေးဦးသည် ခြေဖျားထောက်ကာ သရဲတစ္ဆေများကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ် သွားကြတော့သည်။

သူတို့၏ ကိုယ်ဖော့ပညာသည် အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလွန်းလှပြီး လုံးဝ အသံမထွက်ဘဲ အမည်းရောင် အရိပ်များကဲ့သို့ ဧကရာဇ်ဟောင်း၏ ချန်အန်းနန်းဆောင် အတွင်းသို့ ဝင်ရောက် သွားကြတော့၏။

ချန်အန်း နန်းဆောင် အတွင်း၌ အနည်းဆုံး အစောင့် တစ်ထောင်ခန့် ရှိပြီး အားလုံးမှာ ဧကရာဇ်ဟောင်းကို သစ္စာခံသော စစ်တပ်များ ဖြစ်ကြသည်။

နန်းဆောင်၏ နေရာတိုင်းတွင် လုံခြုံရေးကို အလွန် တင်းကျပ်စွာ ချထားပြီး အချို့သော စကားများအရ ဆိုလျှင် ငှက်တစ်ကောင်တောင် ပျံဝင်လာဖို့ မဖြစ်နိုင်ဘူးဟု ပြောကြ၏။

အမှောင်ထုထဲတွင် လေးသည်တော် အရေအတွက် မည်မျှတို့က ကောင်းကင်ယံကို ချိန်ရွယ်ထားသည်ကို မည်သူမှ မသိနိုင်ပေ။ သို့သော်လည်း ၎င်းမှာ ပါးစပ်ဖျားမှ ပြောဆိုလိုက်သည့် စကားမျှသာ ဖြစ်သည်။

အမှောင်ထု အတွင်းတွင် ပိုင်ယွင်မြို့၏ ထိပ်တန်း လုပ်ကြံသူ ဝူမင်သည် တပည့် လေးဦးနှင့်အတူ မည်သူမှ မသိရှိအောင် ဝင်ရောက်လာတော့၏။

ဧကရာဇ်ဟောင်း၏ အိပ်ခန်းသည် အလယ်ဗဟိုရှိ နန်းဆောင်ကြီး အတွင်း၌ ရှိသည်။

ဝူမင်သည် ကောင်းကင်ယံမှ မည်းမှောင်နေသော တိမ်တိုက်များကို ကြည့်ရှုနေပြီး တိမ်တိုက်များက လမင်းကို ဖုံးကွယ်သွားမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်မျှော်နေသည်။ ယခုအခါ လဆုတ်ရက် ဖြစ်သော်လည်း အလင်းရောင် အနည်းငယ် ရှိနေခြင်းကို ခွင့်မပြုနိုင်ချေ။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် လမင်းသည် ဖုံးကွယ်ခံလိုက်ရတော့၏။ ဝူမင်၏ အရိပ်သည် ချက်ချင်း ရွေ့လျားသွားပြီး ဧကရာဇ်ဟောင်း၏ အိပ်ခန်း အပြင်ဘက်သို့ ချက်ချင်း ရောက်ရှိသွားတော့၏။

အတွင်းမှ အသက်ရှူသံများ ထွက်ပေါ်နေပြီး အသက်ရှူသံများကို နားထောင်ရုံဖြင့် ဤသည်မှာ အသက်အရွယ် ကြီးရင့်နေသော အဘိုးအို တစ်ဦး ဖြစ်ကြောင်း သိရှိနိုင်သည်။

အိပ်ခန်း၏ အပြင်ဘက်တွင် ထိပ်တန်း သိုင်းပညာရှင် အစောင့်အရှောက်များ ဆယ်ယောက်ကျော်ခန့် ရှိနေပြီး ခြေလှမ်း ဆယ်လှမ်းကျော်ခန့် အကွာအဝေးတိုင်းတွင် ကင်းလှည့် စစ်သည်များ ရှိနေ၏။

ဝူမင်သည် လက်ကို ပြတင်းပေါက်ပေါ်တွင် တင်ကာ အတွင်းအားများကို ညင်သာစွာ ထုတ်လွှတ်လိုက်ရာ အတွင်းရှိ ပြတင်းပေါက် မင်းတုန်းများသည် အသံမထွက်ဘဲ ရွေ့လျားသွားတော့သည်။ ပြတင်းပေါက်သည် အသံမထွက်ဘဲ ပွင့်သွားပြီး မည်သည့် အသံမှ မထွက်ပေါ်ခဲ့ချေ။

ဝူမင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး အိပ်ခန်း အတွင်းသို့ ဝင်ရောက်သွားတော့၏။

ကုတင်ပေါ်တွင် ပိန်လှီသော လူရိပ်တစ်ခု လဲလျောင်းနေပြီး တစ်ချက်လေးမှ မလှုပ်ရှားချေ။ အသက်ရှူသံများကို နားထောင်ကြည့်ရာ ကျန်းမာရေး သိပ်မကောင်းသော အဘိုးအိုတစ်ဦး ဖြစ်ကြောင်း သိရှိနိုင်သည်။

ဝူမင် ရှေ့သို့တက်သွားရာ အသံတစ်ချက်မျှ မထွက်သလို၊ လုံးဝ အမှောင်ထု အတွင်းတွင် ပုန်းကွယ်နေကာ ခန္ဓာကိုယ် ပုံစံကိုပင် မပြသခဲ့ပေ။

ဧကရာဇ်ဟောင်း၏ အိပ်ခန်း အပြင်ဘက်တွင် မိန်းမစိုးကြီး ဟောက်ချန်သည် စောင့်ကြပ်နေပြီး နားရွက်များကို ထောင်ထားသော်လည်း မည်သည့် အသံမှ မကြားရချေ။

ဝူမင် နောက်တစ်လှမ်း ရှေ့တိုးသွားပြီး အမှောင်ထဲတွင် ကုတင်ပေါ်ရှိ အဘိုးအိုကို သေချာစွာ ကြည့်ရှုလိုက်ရာ ထျန်းယန် ဧကရာဇ်ဟောင်း၏ မျက်နှာဖြစ်ကြောင်း သေချာသွားတော့၏။

ဝူမင်သည် လက်ချောင်းများကို ဧကရာဇ်ဟောင်း၏ လည်ပင်းပေါ်သို့ ညင်သာစွာ တင်ထားလိုက်ပြီး အတွင်းအားများကို ညင်သာစွာ ထုတ်လွှတ်လိုက်တော့သည်။

တစ်ခဏအတွင်းမှာပဲ ကုတင်ပေါ်ရှိ ပိန်လှီသော ခန္ဓာကိုယ်သည် ညင်သာစွာ တုန်ခါသွားပြီး ဦးနှောက် တစ်ခုလုံး ပျက်စီးသွားကာ ချက်ချင်းဆိုသလို ဦးနှောက် သေဆုံးသွားတော့၏။ မည်သည့် အသံမှ မထွက်ပေါ်ခဲ့ပေ။

ထို့နောက် ဝူမင်သည် တစ်ချက်လေးပင် ပြန်မကြည့်တော့ဘဲ ပြတင်းပေါက်မှနေ၍ တိုက်ရိုက် ထွက်ခွာ သွားကာ ညအမှောင်အတွင်းသို့ ပျောက်ကွယ်သွားတော့၏။

နာရီဝက်ကြာပြီးနောက် ဝူမင်နှင့် တပည့် လေးဦးသည် မိဖုရားကြီးဖူ၏ အရှေ့တွင် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အောင်မြင်သွားပြီ။”

မိဖုရားကြီးဖူ ခါးကို ကိုင်း၍ အရိုအသေပေးကာ ပြောလိုက်၏။ “ဆရာကြီး ဝူမင်ကို ကျေးဇူးတင်ပါတယ်။”

“သွားခွင့်ပြုပါအုံး။” ဝူမင်သည် တပည့် လေးဦးကို ဦးဆောင်ကာ ညအမှောင် အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

“အရှင်မင်းမြတ်... အောင်မြင်သွားပြီ။ အဲဒီ အဘိုးကြီး သေသွားပြီ။”

မိဖုရားကြီးဖူက ပြောလိုက်၏။ “ဝူမင် ကိုယ်တိုင် လုပ်ဆောင်တာဆိုတော့ ဘာအစအနမှ ကျန်ခဲ့မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တစ်ပုံစံတည်း တူနေမှာပါ။”

ထိုစကားကို ကြားချိန်မှာတော့ ဧကရာဇ် ထွက်လာပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်နိုင်တော့သည်။

နောက်တစ်နေ့ မနက်စောစော ချန်အန်းနန်းဆောင်ဘက်မှ အသုဘသတင်း လာပို့မည့်အချိန်ကိုသာ စောင့်ဆိုင်းရတော့မှာ ဖြစ်၏။

ဧကရာဇ်ဟောင်း သေဆုံးသွားပါက အခြေအနေမှာ ပရမ်းပတာ ဖြစ်သွားမည်မှာ အသေအချာပင်။ ဧကရာဇ်ဟောင်း၏ နောက်လိုက် အဖွဲ့အစည်းများကလည်း သူသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်း မဟုတ်ဘဲ လုပ်ကြံခံရခြင်းသာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုကြလိမ့်မည်။

သို့ပေမည့် ဧကရာဇ်ဟောင်း အသက်ဆုံးပါးသွားခဲ့လျှင် မည်သူမှ ဤရှုပ်ထွေးနေသော ပြဿနာများကို ပြန်လည် လှည့်ပြောင်းနိုင်တော့မည် မဟုတ်ပေ။

အကယ်၍သာ ဧကရာဇ်ကို လုပ်ကြံခြင်း၊ ခမည်းတော်ကို သတ်ဖြတ်ခြင်းဟူသော နာမည်ဆိုးများဖြင့် သမိုင်းတွင် အမည်းစက် ထင်ကျန်ရစ်မည်ဆိုပါကလည်း အရေးမကြီးချေ။

သေလွန်ပြီးနောက်တွင် ဂုဏ်သတင်းကောင်း ရသည်ထက် အသက်ရှင်နေစဉ်ကာလ၌ ပျော်ရွှင်စွာ နေထိုင်နိုင်ခြင်းကသာ ပို၍ အရေးကြီးသည် မဟုတ်ပါလား။

ကျုပ် ဧကရာဇ် ဝမ်ယွင်ဟာ အဲဒီလောက်အထိ အယောင်ဆောင်ပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားနေသည့် လူတစ်ယောက် မဟုတ်ဘူး ဟူသော စိတ်သဘောထားမျိုးဖြင့် ဆုံးဖြတ်လိုက်ခြင်းက အရာအားလုံးကို အဆုံးသတ်ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

နောက်တစ်နေ့ မနက်စောစောတွင် ဧကရာဇ် ဝမ်ယွင်သည် တစ်ညလုံး မအိပ်ဘဲ ချန်အန်းနန်းဆောင်ဘက်မှ အော်ဟစ် ငိုကြွေးသံများကို စောင့်မျှော်နေပြီး အသုဘသတင်း လာပို့မည့်အချိန်ကို စောင့်ဆိုင်းနေတော့၏။

သို့ပေမည့် လုံးဝ မရှိခဲ့ချေ။ တိတ်ဆိတ် ငြိမ်သက်နေဆဲ ဖြစ်သည်။

‘ဒါ ဘာအဓိပ္ပာယ်လဲ။ လျှို့ဝှက်ထားပြီး အသုဘ မချသေးဘူးလား။ ကျိုးလီ မြို့တော်ကို ပြန်ရောက်လာမယ့် အချိန်အထိ စောင့်ပြီး ဧကရာဇ်ဟောင်းရဲ့ သေတမ်းစာနဲ့ ဧကရာဇ် ဝမ်ယွင်ကို နန်းချဖို့ လုပ်မလို့လား။ ကျိုးလီကို တိုက်ရိုက် နန်းတင်ဖို့ လုပ်မလို့လား။ ဒါက အရမ်းကို ရိုးရှင်းလွန်းတယ်။’

အပိုင်း (၆၀၈)

ဧကရာဇ် ဝမ်ယွင်သည် ညီလာခံ မတက်မီ ပုံမှန်အတိုင်း ချန်အန်း နန်းဆောင်သို့ သွားရောက်၍ ဧကရာဇ်ဟောင်းကို အရင်ဆုံး ဂါရဝပြုပြီးမှ ကွမ်မင် နန်းဆောင်သို့ ညီလာခံ တက်ရန် သွားရောက်ခဲ့၏။

ယနေ့ ညီလာခံသည် အမှန်တကယ်ပင် ကွဲပြားနေပြီး သတင်းများက အလွန် မြန်ဆန်စွာ ပျံ့နှံ့နေကြောင်း တွေ့လိုက်ရ၏။ ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းမှ အမတ်များ အားလုံး ရောက်ရှိလာကြပြီ ဖြစ်သည်။

ထို့အပြင် မြို့တော်၏ အပြင်ဘက်တွင်လည်း ဗြောက်အိုးသံများ ထွက်ပေါ်နေပြီဖြစ်ပြီး ပြည်သူ အများအပြားသည် အောင်ပွဲအတွက် ဝမ်းသာအားရ အော်ဟစ်နေကြပြီ ဖြစ်၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မြို့တော်မှ ပြည်သူများ၏ စိတ်သဘောထားကို သိရှိနိုင်၏။ သူတို့၏ အတွင်းစိတ်သည် ဧကရာဇ်ဟောင်း၏ဘက်တွင် ရပ်တည်နေကြပြီး ဤအောင်ပွဲကို အလွန် လိုလားနေကြခြင်း ဖြစ်သည်။

သို့ပေမည့် ဧကရာဇ်၏ အဖွဲ့အစည်းမှ အမတ်များ၏ မျက်နှာများမှာ ဖြူရော်နေပြီး ကြောက်လန့်တကြား ဖြစ်နေကာ ကြီးမားသော ဘေးအန္တရာယ်ကြီး ကျရောက်လာတော့မည့်အတိုင်း ဖြစ်နေ၏။

‘ဒီလောကမှာ လျှို့ဝှက်ချက် ဆိုတာ မရှိတော့ဘူးလား။ မိုင်ရှစ်ရာ အရေးပေါ် သတင်းတွေကို မြို့တော်က ပြည်သူတွေက ဧကရာဇ်ထက် နာရီအနည်းငယ်လောက် နောက်ကျပြီး သိသွားကြတာပဲ။ မနေ့က ရောက်လာတဲ့ လျှို့ဝှက် သတင်းတွေကို အခု မြို့တော် တစ်ခုလုံး သိသွားကြပြီလေ။ ဒီ သတင်းတွေက အတောင်ပံ ပါပြီး ပျံသန်းနိုင်တာလား။’

“ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်... လျှောက်တင်စရာ ရှိရင် လျှောက်တင်ပါ။”

ချက်ချင်းပဲ နိုင်ကော်၏ ဝန်ကြီးချုပ် ဝူကျစ် ထွက်လာပြီး ပြောလိုက်သည်။ “အရှင်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ ပင်လယ်ပြင်မှာ ကြီးမားတဲ့ အောင်ပွဲ ရရှိခဲ့ပါပြီ။ ယင်းချင်ဝမ်နဲ့ အမတ်ကြီး အောက်ယွီ တို့ဟာ ကျိန့်ဟိုင်မြို့စားရဲ့ သူပုန်တွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီး ပင်လယ်ဓားပြတွေကိုလည်း အကုန်အစင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်။

ဒီနေ့ကစပြီး ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ မိုင်သောင်းချီ ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ဟာ အေးချမ်းသွားပါပြီ။ ပင်လယ်ဓားပြတွေရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ အပြစ်ကင်းစင်တဲ့ ပြည်သူတွေလည်း ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ။

ဒါတင်မကသေးဘူး။ ပုန်ကန်သူ ကျိန့်ဟိုင်မြို့စား စီးပြန်းဟာ ဖမ်းဆီးခံရပြီး လက်နက်ချသွားပါပြီ။ ကျိန့်ဟိုင်မြို့စားအိမ်တော်ရဲ့ ပုန်ကန်မှုဟာ နှစ်လတောင် မပြည့်ခင်မှာပဲ အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပါပြီ။ မင်းသား ကျိုးလီနဲ့ နုလန်ဟောက် အောက်ယွီ တို့ဟာ တကယ်ကို ကြီးမားတဲ့ အောင်ပွဲကို ရရှိခဲ့တာပါ။”

ချက်ချင်းဆိုသလို ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းမှ အမတ်များ အားလုံး သပ်သပ်ရပ်ရပ် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြ၏။ “အရှင်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ အရှင်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ မင်းသား ကျိုးလီနဲ့ နုလန်ဟောက် အောက်ယွီ တို့ဟာ တကယ်ကို ကြီးမားတဲ့ အောင်ပွဲကို ရရှိခဲ့တာပါ။”

လူရာချီ၏ တပြိုင်နက်တည်း အော်သံများကြောင့် ဧကရာဇ်၏ မျက်နှာ အနည်းငယ် တုန်ယင်သွားပြီးနောက် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ “ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်။ ကိုယ်တော် စိုးရိမ်နေခဲ့ရတဲ့ အချိန်တွေ နောက်ဆုံးတော့ ပြီးဆုံးသွားပြီပဲ။ အနာဂတ်မှာ ကိုယ်တော်လည်း ဘိုးဘေးတွေကို သွားတွေ့ဖို့ မျက်နှာ ရှိသွားပြီပေါ့။

ကျုပ်တို့ တာ့ကျိုးရဲ့ ပင်လယ်ကမ်းခြေက အပြစ်ကင်းစင်တဲ့ သေဆုံးသူတွေလည်း ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ။ ကျိုးလီက အရမ်း တော်တယ်။ အောက်ယွီက အရမ်း တော်တယ်။ ဒီလောက် ကြီးမားတဲ့ အောင်ပွဲကို ရရှိခဲ့တာ အမတ်တွေ အားလုံးအတွက် စံပြပါပဲ။

ဘယ်သူကများ ကျုပ်တို့ တာ့ကျိုးကို မစွမ်းဆောင်နိုင်တော့ဘူးလို့ ပြောခဲ့တာလဲ။ ပုန်ကန်သူ ကျိန့်ဟိုင်မြို့စား စီးပြန်း ပုန်ကန်တုန်းက ဘယ်လောက်တောင် ဩဇာတိက္ကမ ကြီးမားခဲ့လဲ။ ရေတပ် အင်အား တစ်သိန်း ရှစ်သောင်းတောင် ရှိတယ် ဆိုတော့ ကြောက်စရာ ကောင်းတာပေါ့။

ဒါပေမဲ့ ရလဒ်ကရော။ ကျုပ်တို့ တာ့ကျိုး ရေတပ်က တစ်ယောက်နဲ့ ဆယ်ယောက်ကို အနိုင်ယူပြီး နာမည်ကျော်သွားခဲ့တယ်။ ဒီနေ့ကစပြီး ကျုပ်တို့ တာ့ကျိုး ရေတပ်ကို အထင်သေးရဲတဲ့သူ ဘယ်သူ ရှိအုံးမလဲ။ ကျိုးလီနဲ့ အောက်ယွီ တို့က ဒီလောက် ကြီးမားတဲ့ အောင်ပွဲကို ရရှိခဲ့တာဆိုတော့ ဆုချီးမြှင့်ရမယ်။ သေချာပေါက် ဆုချီးမြှင့်ရမယ်။

သေချာ မေးပြီးပြီလား။ သူတို့ ဘယ်အချိန် မြို့တော်ကို ပြန်ရောက်မလဲ။ ကိုယ်တော် ကိုယ်တိုင် အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေကို ခေါ်ဆောင်ပြီး မြို့အပြင်ဘက်အထိ သွားကြိုမယ်။ သူတို့က တာ့ကျိုးရဲ့ သူရဲကောင်းတွေပဲ။”

ဧကရာဇ်၏ ဤကဲ့သို့ တစ်ဆက်တည်းသော သရုပ်ဆောင်မှုများသည် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံးကို အံ့ဩမှင်သက်သွားစေခဲ့၏။

ဧကရာဇ်ကို သစ္စာခံသော အဖွဲ့အစည်းမှ အမတ်များသည် ယနေ့တွင် မျက်နှာ လုံးဝ ဖြတ်ရိုက်ခံလိုက်ရ သကဲ့သို့ပင် ဖြစ်နေသည်။

‘အရင်က ပါးစပ်ကနေ အောက်ယွီ သေသွားပြီ၊ ကျိုးလီ သေသွားပြီ၊ ရေတပ် တစ်ခုလုံး အကုန်အစင် ဖျက်ဆီးခံလိုက်ရပြီလို့ အမြဲတမ်း ပြောနေခဲ့တာလေ။ ရလဒ်ကတော့ အခု သူတို့က နိုင်သွားရုံသာမက စီးပြန်း ကိုပါ ဖမ်းဆီးပစ်နိုင်ခဲ့တယ် ဟုတ်လား။

ဒါကို အောက်ယွီ ဘယ်လို လုပ်လိုက်တာလဲ။ တစ်ယောက်နဲ့ ဆယ်ယောက်ကိုတောင် အနိုင်ယူနိုင်တယ် ဆိုတာ အရမ်းကို အံ့ဩစရာ ကောင်းလွန်းတယ်။ အောက်ယွီ... ခင်ဗျားက လူလား၊ သရဲလား။ နေမင်းကြီး တကယ်ပဲ အနောက်ဘက်ကနေ ထွက်လာတော့မှာလား။’

သူတို့၏ အံ့အားသင့်မှုနှင့် တုန်လှုပ်ချောက်ချားမှုများမှာ အဆုံးမသတ်သေးသည့်အပြင်၊ ဧကရာဇ်က ထိုသို့သော မြင်ကွင်းမျိုးကိုပါ ပိုင်နိုင်စွာ သရုပ်ဆောင်ပြလိုက်ပြန်သည်။

ဧကရာဇ်၏ အပြုအမူနှင့် ဟန်ပန်မှာ မည်မျှပင် သရုပ်ဆောင်ကောင်းလွန်းသနည်းဆိုသော် အနီးရှိသူများပင် မည်သည့်အရာက အမှန်၊ မည်သည့်အရာက အယောင်ဆောင်မှန်း ခွဲခြားနိုင်စွမ်း မရှိကြတော့ပေ။

ထိုသို့သော စိတ်ကူးမယဉ်နိုင်သည့် သရုပ်ဆောင်မှုမျိုးကြောင့် ဧကရာဇ်၏ အစီအစဉ်မှာ ပို၍ပင် လျှို့ဝှက်နက်နဲသွားပြီး၊ သူ၏ ရည်ရွယ်ချက်ကို မည်သူမျှ ရိပ်မိနိုင်မည် မဟုတ်တော့ချေ။

‘အရှင်မင်းမြတ်... ဘာမှ မဖြစ်ဘူး မဟုတ်လား။ ဒီအောင်ပွဲသတင်းဟာ အရှင့်အတွက် အံ့ဩတုန်လှုပ်စရာ သတင်းဆိုးကြီးပါပဲ။ ဧကရာဇ်ဟောင်းက အဲဒီနေ့တုန်းက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ။ အကယ်၍ ဒီစစ်ပွဲသာ နိုင်သွားရင် ဧကရာဇ်မင်းမြတ် နန်းစွန့်ရမယ်လို့လေ။ အရှင်မင်းမြတ်... မေ့သွားပြီလား။’

ဝန်ကြီးချုပ် ဝူကျစ်က ပြောလိုက်၏။ “ကျုပ်တို့ အမြန်ဆုံး သွားပြီး ဒီသတင်းကောင်းကို ဧကရာဇ်ဟောင်းကို သွားပြောပြရအောင်။ ဧကရာဇ်ဟောင်းကို ညီလာခံ တက်ဖို့ ဖိတ်ခေါ်ရအောင်။”

‘ဧကရာဇ်ဟောင်းကို ညီလာခံ တက်ဖို့ ဖိတ်ခေါ်တယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားတို့က ကျုပ်ကို ဖယ်ရှားဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေကြပြီလား။’

ဒါပေမဲ့ ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်၏။ “ဟုတ်တယ်။ သွားပြီး ဒီ ကောင်းကင်ကြီး ပြိုကျလောက်တဲ့ သတင်းကောင်းကို ဧကရာဇ်ဟောင်းကို သွားပြောပြကြရအောင်။ ကိုယ်တော် ကိုယ်တိုင် ခင်ဗျားတို့ကို ခေါ်သွားမယ်။”

ထို့နောက် ဧကရာဇ်သည် အမှန်တကယ်ပင် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များကို ခေါ်ဆောင်ကာ ချန်အန်း နန်းဆောင်သို့ ထွက်ခွာသွားကြတော့သည်။

ချန်အန်း နန်းဆောင်၏ အပြင်ဘက်တွင်...

ဧကရာဇ်သည် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များကို ခေါ်ဆောင်ကာ ဒူးထောက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ဧကရာဇ်ဟောင်းကို ဂုဏ်ပြုပါတယ်။ ဧကရာဇ်ဟောင်းကို ဂုဏ်ပြုပါတယ်။ ကျိုးလီ နိုင်သွားပါပြီ၊ အောက်ယွီ နိုင်သွားပါပြီ။ အရှေ့ပင်လယ်ပြင်မှာ ကြီးမားတဲ့ အောင်ပွဲ ရရှိခဲ့ပါပြီ။”

ဝန်ကြီးချုပ် ဝူကျစ်၊ နိုင်ကော် ဒု-အမတ်ကြီး၊ စစ်ရေး ဝန်ကြီး၊ မှုခင်းစုံစမ်းရေး ဝန်ကြီး၊ အရာရှိ ရွေးချယ်ခန့်ထားရေး ဝန်ကြီး အစရှိသော အဆင့်မြင့် အမတ်ကြီးများ အားလုံး မျက်ရည်များ ကျဆင်း လာကြတော့၏။

နှစ်လတာကာလအတွင်း သူတို့ဖြတ်သန်းခဲ့ရသည့် အချိန်များသည် နေ့တစ်နေ့ကို တစ်နှစ်ကဲ့သို့ပင် ရှည်လျားလွန်းလှပြီး ငရဲပြည်တွင် ကျရောက်နေသကဲ့သို့ ခံစားခဲ့ကြရသည်။

ကျိုးလီနှင့် အောက်ယွီသာ စစ်ရှုံး၍ ဧကရာဇ်ဟောင်းသာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါက၊ ၎င်းတို့ အားလုံးမှာလည်း အသက်ရှင်ခွင့်ရကြမည် မဟုတ်ဘဲ ဧကရာဇ်၏ လက်ချက်ဖြင့် မျိုးဆက်ပြုတ်သည့်အထိ အသတ်ခံရမည်မှာ သေချာနေသောကြောင့်ပင်။

ထို့ကြောင့်ပင် ဤအဆင့်မြင့်အမတ်ကြီးများမှာ သေတမ်းစာများကို ကြိုတင်ရေးသားထားခဲ့ကြပြီး ဖြစ်သည်။

အထူးသဖြင့် တော်ဝင်တရားရုံး အကြီးအကဲ ယွီကျန်းမှာ သေတမ်းစာတင်မကဘဲ စိန်ဖြူအဆိပ်ကိုပါ အဆင်သင့် ပြင်ဆင်ထားခဲ့သည်။ စစ်ရှုံးသည့်သတင်း သေချာသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်၏ လက်ကို စောင့်မနေဘဲ တစ်မိသားစုလုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် စိတ်ပိုင်းဖြတ်ထားခဲ့ကြ၏။

ယခုမူကား အောင်ပွဲသတင်းကို ကြားသိလိုက်ရပြီဖြစ်ပြီး ထိုအောင်ပွဲမှာလည်း ကြီးမားလှသောကြောင့် သူတို့ မည်သို့ ဝမ်းသာအားရ မဖြစ်ဘဲ နေနိုင်ပါမည်နည်း။ သေဘေးမှ လွတ်မြောက်လာရသည့် သက်ပြင်းချသံများ နှင့်အတူ ဝမ်းသာလွန်း၍ မျက်ရည်များ မကျဆင်းဘဲ မည်သို့နေနိုင်ပါမည်နည်း။

“ဧကရာဇ်ဟောင်း... အရှင် ထွက်လာလို့ ရပါပြီ။ မိုးလင်းသွားပါပြီ၊ အရှင် ထွက်လာလို့ ရပါပြီ။”

ဝန်ကြီးချုပ် ဝူကျစ်က ငိုကြွေးလျက် အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “ကျိုးလီနဲ့ အောက်ယွီ တို့က အရှင့်ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။ မိုးလင်းသွားပါပြီ။”

အမတ် ရာချီခန့်နှင့် စစ်သည် ထောင်ချီခန့်သည် သပ်သပ်ရပ်ရပ် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြသည်။ “ဧကရာဇ်ဟောင်းကို ဂုဏ်ပြုပါတယ်။ ဧကရာဇ်ဟောင်းကို ဂုဏ်ပြုပါတယ်။”

ထို့နောက် ချန်အန်း နန်းဆောင် အတွင်း၌ တိတ်ဆိတ် ငြိမ်သက်နေဆဲ ဖြစ်ပြီး နန်းဆောင် တံခါးမှာလည်း တင်းကျပ်စွာ ပိတ်ထားဆဲ ဖြစ်၏။

ချက်ချင်းပဲ ဝန်ကြီးချုပ် ဝူကျစ်နှင့် အခြားသူများ၏ မျက်နှာများ ပြောင်းလဲသွားကြတော့၏။ အကြောင်းမူ သူတို့သည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားသောကြောင့်ပင်။

‘ဧကရာဇ်ဟောင်း နတ်ပြည် တက်သွားပြီလား။ လုံးဝ မဖြစ်ပါစေနဲ့။ အဲဒီလိုဆိုရင် အရာအားလုံး အလဟဿ ဖြစ်သွားတော့မှာပေါ့။’

ဧကရာဇ် ကလည်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... သားတော်တို့ နိုင်သွားပါပြီ။ ထွက်လာပြီး ခမည်းတော်ရဲ့ အမတ်တွေကို တွေ့ဆုံပါအုံး။”

သို့ပေမည့် အတွင်းမှ မည်သည့် တုံ့ပြန်မှုမှ မရှိသေးချေ။

ဝန်ကြီးချုပ် ဝူကျစ်၏ မျက်နှာ လုံးဝ ပြောင်းလဲသွားပြီး မြို့စား ကျိုးလျန်ကို ဆွဲ၍ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော လျန်ချင်ဝမ် ကိုလည်း ဆွဲကာ ပြောလိုက်၏။ “လာ... ကျုပ်တို့ ချန်အန်းနန်းဆောင်ထဲ ဝင်ကြမယ်။”

ဝူကျစ်၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှသည်။ အကယ်၍ ဧကရာဇ်ဟောင်းသာ နတ်ပြည် တက်သွားခဲ့မည် ဆိုပါက သေချာပေါက် သေတမ်းစာ ချန်ထားခဲ့မှာဖြစ်သည်။

ထိုသေတမ်းစာသည် ဧကရာဇ်ကို နန်းချပြီး မင်းသား ကျိုးလီကို ထီးနန်း ဆက်ခံစေမည့် သေတမ်းစာ ဖြစ်မည်မှာ သေချာလှသောကြောင့် ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းက ဤသေတမ်းစာကို မဖြစ်မနေ ရယူရမှာဖြစ်၏။

ဝူကျစ်သည် ရှေ့သို့တက်ကာ ချန်အန်း နန်းဆောင်၏ တံခါးကို ပုတ်လျက် အော်လိုက်သည်။ “မိန်းမစိုးကြီး ဟောက်ချန်... တံခါးဖွင့်... တံခါးဖွင့်။ ကျုပ်က ဝူကျစ် ပါ၊ ပြီးတော့ လျန်ချင်ဝမ် လည်း ပါတယ်။”

‘ကျုပ်တို့ အားလုံးက ကိုယ့်လူတွေချည်းပဲ။ ခင်ဗျား မြန်မြန် တံခါးဖွင့်စမ်း။’ ဤစကားက ဝူကျစ်၏ လျှို့ဝှက် အဓိပ္ပာယ် ဖြစ်၏။

ခဏအကြာတွင် ချန်အန်းနန်းဆောင်၏ တံခါး ပွင့်သွားပြီး ဟောက်ချန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

ဝန်ကြီးချုပ် ဝူကျစ်သည် အသည်းနှလုံးများ ကွဲအက်မတတ် ဖြစ်သွားပြီး တုန်ယင်စွာဖြင့် မေးလိုက်၏။ “ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ ဧကရာဇ်ဟောင်း ဘာဖြစ်သွားတာလဲ။”

ဘေးနားရှိ ဧကရာဇ် ဝမ်ယွင်သည် ပြေးဝင်လာပြီး မေးလိုက်သည်။ “ဧကရာဇ်ဟောင်း ဘာဖြစ်သွားတာလဲ။ သူ ကျန်းမာရေး ကောင်းရဲ့လား။”

ဆက်လက်၍ ဧကရာဇ်၏ အဖွဲ့အစည်းမှ အဆင့်မြင့် အမတ်ကြီးများလည်း အပြေးအလွှား ရောက်ရှိ လာကြတော့၏။

ဟောက်ချန်က ပြောလိုက်သည်။ “အရှင်မင်းမြတ်... ဝန်ကြီးချုပ်ဝူ... ဧကရာဇ်ဟောင်း အခြေအနေ မကောင်းတော့ဘူး။ မြန်မြန် ဝင်သွားကြည့်ကြပါအုံး။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဝန်ကြီးချုပ် ဝူကျစ်၏ ဦးနှောက် ပေါက်ကွဲထွက်သွားမတတ် ဖြစ်သွားတော့၏။

ဧကရာဇ်၏ စိတ်နှလုံးသည်လည်း ဝမ်းသာလွန်း၍ ပေါက်ကွဲထွက်မတတ် ဖြစ်သွားသော်လည်း လေထုက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

နောက်ဆက်တွဲ အနေဖြင့် ဝန်ကြီးချုပ် ဝူကျစ်၊ ဧကရာဇ် ဝမ်ယွင် နှင့် အဆင့်မြင့် အမတ်ကြီး ဆယ်ယောက်ကျော် တို့သည် ချန်အန်း နန်းဆောင် အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားကြတော့၏။

နန်းဆောင် အပြင်ဘက်တွင် တာအို ဘုန်းကြီးတစ်ပါး ဖြစ်သော ဘုန်းကြီး ချုံထျန်း ကလည်း ဝမ်းနည်း နေသော မျက်နှာထားဖြင့် ရပ်နေသည်။

“ခမည်းတော်... ခမည်းတော်...” ဧကရာဇ် ဝမ်ယွင်သည် နန်းဆောင်အတွင်းသို့ ပြေးဝင်သွားတော့၏။

ကုတင်ပေါ်တွင် ပိန်လှီသော လူရိပ်တစ်ခု လဲလျောင်းနေပြီး တစ်ချက်လေးမှ မလှုပ်ရှားချေ။

ဝန်ကြီးချုပ် ဝူကျစ်သည် ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်ဘုံကို ကျိန်ဆဲ နေမိတော့၏။ ‘ကောင်းကင်ဘုံ... ဘာလို့ ကျုပ်တို့ကို ဒီလို လုပ်ရက်ရတာလဲ။ ကျုပ်တို့ အောင်ပွဲ ရနေပြီလေ။ ဧကရာဇ်ဟောင်းက ဘာလို့ ဒီအချိန်မှ နတ်ပြည် တက်သွားရတာလဲ။ ကောင်းကင်ဘုံ မျက်စိကန်း နေတာလား။ ဒါဆိုရင် အရာအားလုံး အလဟဿ ဖြစ်သွားပြီပေါ့။’

ချက်ချင်းပဲ ဝူကျစ်က အသံကျယ်ကျယ်ဖြင့် အော်ကာ မေးလိုက်သည်။ “ဟောက်ချန်... ဧကရာဇ်ဟောင်းရဲ့ သေတမ်းစာကော... သေတမ်းစာကော ဘယ်မှာလဲ။”

ဤအချိန်တွင် ဧကရာဇ်ဟောင်း၏ သေတမ်းစာကို ရယူဖို့က အရေးအကြီးဆုံး ဖြစ်၏။

ဧကရာဇ် ဝမ်ယွင်သည် ဒူးထောက်ကာ ရှေ့သို့ လျှောက်သွားပြီး အသံကျယ်ကျယ်ဖြင့် ငိုကြွေးလျက် ပြောလိုက်သည်။ “ခမည်းတော်... ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ သားတော်ကို မလန့်ပါနဲ့။ သမားတော်... မြန်မြန် သွားခေါ်ခဲ့စမ်း။

ဟောက်ချန်... ကျုပ်ခမည်းတော် ဘာဖြစ်သွားတာလဲ။ လွန်ခဲ့တဲ့ နှစ်လတုန်းက အကောင်းကြီး ရှိနေတာကို၊ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။”

All Chapters