← Chapters

အခန်း (၆၁၁-၆၁၂)

Vol. 52 Ch. 611-612

အခန်း (၆၁၁-၆၁၂)

Vol. 52 Ch. 611-612

အပိုင်း (၆၁၁)

ဧကရာဇ် မျက်လုံးများကို မှိတ်ကာ အလွန် ခက်ခဲသော ရွေးချယ်မှု တစ်ခုကို ပြုလုပ်နေတော့၏။ အောက်မင် ပြောသည်မှာ အလွန်မှန်ကန်ပြီး ပြီးပြည့်စုံသော အစီအစဉ် တစ်ခု ဖြစ်သည်။ သို့ပေမည့် ဧကရာဇ်က မကျေနပ်ချေ။

“အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေရဲ့ သုံးပုံနှစ်ပုံက ကိုယ်တော့်ကို သစ္စာခံကြတာပါ။ မြို့တော်ရဲ့ စစ်တပ်တွေရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းကျော်ကလည်း ကိုယ်တော့်ကို ထောက်ခံကြတာပါ။”

ဧကရာဇ်က ပြောလိုက်၏။ “မြို့တော်ကို အလွယ်တကူ ပေးအပ်လိုက်ရမှာကို ကိုယ်တော် မကျေနပ်ဘူး။ ကိုယ်တော့်မှာ ကြီးမားတဲ့ အားသာချက်တွေ ရှိနေလျက်နဲ့ ဒီလို လက်လွှတ်လိုက်ရမှာကို တကယ်ပဲ မကျေနပ်ဘူး။”

အောက်မင်က ပြောလိုက်သည်။ “အရှင်မင်းမြတ်... အရှင်က မြို့တော် ပတ်ဝန်းကျင်က စစ်တပ် ခုနစ်ဆယ် ရာခိုင်နှုန်းကျော်၊ လူအင်အား တစ်သိန်းကျော်ကို ချုပ်ကိုင်ထားတာမှန်တယ်။ ဧကရာဇ်ဟောင်းကို တကယ် သစ္စာခံတဲ့ စစ်တပ်တွေက နှစ်သောင်း ထက်တောင် မပိုဘူး။

ဒါပေမဲ့ အရှင်က ကိုယ်ကျင့်တရားအရ အားနည်းသွားပါပြီ။ အရှင်က စစ်တပ် ပုန်ကန်မှု လုပ်ပြီး ဧကရာဇ်ဟောင်းကို ဖျက်ဆီးပစ်နိုင်မှာ မို့လို့လား။ ကိုယ်ကျင့်တရားအရ အားနည်းသွားရင် စစ်တပ်တွေက အမိန့်ကို နာခံပါ့မလား။ ဒီကမ္ဘာကြီးမှာ အိမ်ရှေ့စံမင်းသား ပုန်ကန်တာ ရှိတယ်၊ အမတ်တွေ ပုန်ကန်တာ ရှိတယ်၊ ဧကရာဇ် ပုန်ကန်တယ် ဆိုတာ ဘယ်မှာ ရှိလို့လဲ။”

ဤစကားက ဧကရာဇ်၏ စိတ်နှလုံးကို တိုက်ရိုက် ထိမှန်သွားစေ၏။ ယခုအချိန်မှာ သူက ကြိုးတုပ်ခံ ထားရသလို ခံစားနေရပြီး စစ်အာဏာနှင့် လက်နက် အများကြီး ရှိနေလျက်နဲ့ အသုံးချလို့ မရဖြစ်နေခြင်းပင်။

ဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “အောက်မင်... ကိုယ်တော်က မြို့တော်ကနေ မထွက်ခွာချင်ဘူး။ ခင်ဗျား နောက်ထပ် နည်းလမ်း တစ်ခု စဉ်းစားစမ်း။ ကိုယ်တော့်ကို အခြေအနေ ပြောင်းပြန်လှန်နိုင်မယ့် နည်းလမ်းတစ်ခု၊ ပြဿနာကို အမြစ်ပြတ် ရှင်းလင်းနိုင်မယ့် နည်းလမ်း တစ်ခုပေါ့။”

ဧကရာဇ်၏ စကားကို ကြားလိုက်ရချိန်မှာတော့ အောက်မင်၏ မျက်နှာ အနည်းငယ် တုန်ယင်သွားသလို နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်၊ ဝန်ကြီးချုပ် လင်ကုန်းနှင့် နိုင်ကော်၏ အမတ်ကြီး နှစ်ဦးတို့၏ စိတ်နှလုံးများလည်း ပြင်းထန်စွာ တုန်ယင်သွားကြတော့သည်။

‘ပြဿနာကို အမြစ်ပြတ် ရှင်းလင်းမယ်။ အခြေခံအားဖြင့် ဧကရာဇ်က ဧကရာဇ်ဟောင်းကို လုပ်ကြံပြီး အဖေကို သတ်ဖြတ်ချင်နေတာပဲ။ ဒါတင်မကသေးဘူး... ကျိုးလီကိုပါ သတ်ချင်နေတာ။ အဲဒါမှ တကယ့်ကို အမြစ်ပြတ် ရှင်းလင်းတာ ဖြစ်မှာပေါ့။’

သို့သော်လည်း ဧကရာဇ် ဝမ်ယွင်သည် ထိုအကြောင်းကို မိမိ၏ နှုတ်ထွက်စကားဖြင့် တိုက်ရိုက် အမိန့်မပေးလိုဘဲ အခြားသူတစ်ဦးအား ကြားခံစေခိုင်းလိုသည့် ဆန္ဒရှိနေ၏။

ထို့ကြောင့်ပင် သူသည် အောက်မင်အား ဧကရာဇ်ဟောင်းနှင့် ကျိုးလီတို့ကို ရှင်းလင်းသုတ်သင်နိုင်မည့် လျှို့ဝှက်အကြံအစည်တစ်ခု တောင်းခံနေခြင်းဖြစ်သည်။

ထိုအကြံအစည်တွင် အဓိကကျသည်မှာ ဧကရာဇ်ကိုယ်တိုင် ဖခင်ကိုသတ်သည့် ပြစ်မှု၊ သားကိုသတ်သည့် ရာဇဝတ်မှုဘေးတို့မှ အပြစ်ကင်းစင်လွတ်မြောက်နေစေရန် ဖန်တီးပေးရမှာဖြစ်၏။

အမှန်စင်စစ်လည်း လူသိရှင်ကြား စစ်တပ်အင်အားသုံးကာ ပုန်ကန်၍ ဧကရာဇ်ဟောင်းနှင့် ကျိုးလီတို့ကို သွားရောက်လုပ်ကြံရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

အောက်မင် ဒူးထောက်ကာ ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျုပ်ကတော့ အရှင် တောင်ပိုင်းကို သွားရောက်ဖို့ပဲ တောင်းဆိုချင်တယ်။ ဒါကမှ အကောင်းဆုံး အစီအစဉ်ပါ။ ပြီးတော့ အရှင့်ကို သစ္စာခံတဲ့ အမတ်တွေနဲ့ စစ်တပ်တွေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။”

ဧကရာဇ်က ပြောလိုက်သည်။ “အောက်မင်... ကိုယ်တော် ပြောပြီးပြီလေ။ ဒီလမ်းကို ကိုယ်တော် မသွားဘူး။ ကိုယ်တော်က အလွယ်တကူ လက်မလွှတ်နိုင်ဘူး။”

တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။ လင်ကုန်းနှင့် အခြားအဆင့်မြင့် အမတ်ကြီးများသည် ဧကရာဇ်ကို တောင်ပိုင်းသို့ သွားရောက်စေချင်ကြသည်။ ထိုမှသာ သူတို့သည် ဆက်လက်၍ ဝန်ကြီးချုပ်များ၊ နိုင်ကော် အမတ်ကြီးများ အဖြစ် ဆက်လက် တည်ရှိနိုင်မှာဖြစ်၏။

သို့ပေမည့် ဧကရာဇ်က တောင်ပိုင်းသို့ သွားရောက်ရန် ငြင်းဆန်နေပြီး ကိုယ်တိုင် စစ်ချီရန်လည်း ငြင်းဆန်နေသောကြောင့် သူ့ကို ကြိုးတုပ်ပြီး ခေါ်သွား၍ မရနိုင်ချေ။

ထို့အပြင် ဧကရာဇ်၏ စိတ်ထဲတွင် အစောကြီးတည်းက အကြံအစည် ရှိနေပြီးဖြစ်ကာ ဤအဆင့်မြင့် အမတ်ကြီးများကိုပါ အတူတကွ ရေထဲ ဆွဲချရန် ကြိုးစားနေခြင်းဖြစ်သည်။

ဧကရာဇ်က ထပ်ပြောလိုက်၏။ “အောက်မင်... ခင်ဗျားနဲ့ အောက်ယွီက သေရေးရှင်ရေး ရန်သူတွေလေ။ အကယ်၍ ကိုယ်တော်သာ ရှုံးသွားရင် တခြားလူတွေက လက်နက်ချလို့ ရနိုင်ပေမယ့် ခင်ဗျားကတော့ လုံးဝ မရနိုင်ဘူး။”

အောက်မင်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် တစ်ချက်လေးမှ မလှုပ်ရှားဘဲ အချိန်အတော်ကြာပြီးမှသာ အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ “ဒါ... ဒါဆိုရင် ဧကရာဇ်ဟောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ပဲ ရှိတော့တယ်။”

ဧကရာဇ်သည် စကားနှစ်ခွန်း မပြောဘဲ စာကြည့်ဆောင်အတွင်းမှ ထွက်ခွာသွားပြီး ဘေးခန်းအတွင်းသို့ ဝင်ရောက်သွားတော့၏။

‘ဒါ ဘာအဓိပ္ပာယ်လဲ။ ဘောင်းဘီ ချွတ်ပြီး လေလည်တာလား။’

ဧကရာဇ်၏ လုပ်ရပ်မှာ သူ ထိုနေရာတွင် မရှိကြောင်း ပြသလိုခြင်း ဖြစ်သည်။ အောက်မင် ပြောချင်ရာ ပြောစေ၊ ဧကရာဇ်က ဘာမှ ပြန်မပြောသလို၊ ထိုနေရာတွင်လည်း မရှိသောကြောင့် ဧကရာဇ်ဟောင်းကို သတ်ဖြတ်သည့် ပြစ်မှုမှာ သူနှင့် မသက်ဆိုင်တော့ကြောင်း ပြသလိုခြင်း ဖြစ်၏။ ဧကရာဇ်သည် တစ်ကိုယ်ကောင်း ဆန်လွန်းလှသည်။

အောက်မင်က ဆက်ပြောလိုက်၏။ “အရင်က အောက်ယွီဟာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ပြဇာတ် တစ်ခုကို ကပြခဲ့ဖူးတယ် မဟုတ်လား။ ဥက္ကာပျံတွေက ကွမ်မင် နန်းဆောင်မှာ ဧရာမ အပေါက်ကြီး တစ်ခု ဖြစ်သွားစေခဲ့ပြီး အခုမှပဲ ပြင်ဆင်လို့ ပြီးခါစ ရှိသေးတာလေ။ ဒါဆိုရင် ကျုပ်တို့လည်း ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ပြဇာတ် တစ်ခု ထပ်ကပြလိုက်ကြတာပေါ့။”

‘ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဟုတ်လား။ ဒါက စိတ်ဝင်စားစရာ ကောင်းပြီး နားထောင်လို့လည်း အရမ်း ကောင်းတယ်။’

ပြောဆိုပြီးနောက် အောက်မင်သည် အသံတိတ်သွားတော့သည်။

ဘေးခန်း အတွင်းရှိ ဧကရာဇ်မှာမူ အရမ်းကို စိတ်ဝင်စားနေပြီး ဘာလို့ ဆက်မပြောတော့တာလဲဟု တွေးကာ ညင်သာစွာ ချောင်းဟန့်လိုက်၏။

အောက်မင်က ဆက်ပြောလိုက်သည်။ “လမင်းမီးလို့ ခေါ်တဲ့ ပစ္စည်းတစ်ခုကို အရှင်မင်းမြတ် သိလောက်တယ်။ အဲဒီတုန်းက တာယင်အင်ပါယာက ထန်ထိုင်မြို့ကို တိုက်ခိုက် သိမ်းပိုက်တုန်းက ဒီပစ္စည်းကို အသုံးပြုခဲ့တာပါ။ ရိုလန်မြို့ထဲမှာ ကျင်းကျုံးယွဲ့ ဆိုတဲ့ အရူးမက နန်းဆောင်ကြီး တစ်ခုလုံးအောက်မှာ ပေါင်သောင်းချီ မြှုပ်နှံထားခဲ့တယ်။

ဒီပစ္စည်းရဲ့ ဖော်စပ်နည်းက ယွင်ကျုံးဟဲ့ရဲ့ နတ်ဆေးလို မရှုပ်ထွေးဘူး။ ဆေးဖော်စပ်တဲ့ ဆရာတွေက လေ့လာ တွေ့ရှိထားပြီးပါပြီ။ အဲဒီအထဲမှာ သစ်သားမီးသွေး၊ ကန့်နဲ့ ယမ်းစိမ်းတွေ ပါတယ်။ ကျုပ်တို့ တာ့ကျိုးမှာ မရှိရင်တောင် ပိုင်ယွင်မြို့မှာတော့ သေချာပေါက် ရှိမှာပါ။”

ဧကရာဇ် နောက်တစ်ကြိမ် ချောင်းဟန့်လိုက်ပြန်၏။ ‘အောက်မင် ရပ်မနေနဲ့... ဆက်ပြော။’

အောက်မင်က ပြောလိုက်သည်။ “အခု ဧကရာဇ်ဟောင်းက ညီလာခံ မတက်တော့ပေမယ့် ကျိုးလီနဲ့ အောက်ယွီတို့ မြို့တော်ကို ပြန်ရောက်လာတဲ့ အချိန်ကျရင် သူ သေချာပေါက် ညီလာခံ တက်မှာပါ။ အဲဒီအချိန်ကျရင် ကျုပ်တို့က သူ့ရဲ့ ရွှေရောင်ပလ္လင်အောက်မှာ လမင်းမီးတွေကို ကြိုတင်ပြီး အပြည့်အနှက် ထည့်ထားလိုက်မယ်။”

ဧကရာဇ် မျက်မှောင်ကြုတ်သွားတော့၏။ အကြောင်းမူ ညီလာခံ တက်သည့် အချိန်တွင် သူသည်လည်း ဧကရာဇ်ဟောင်း၏ ဘေးတွင် ထိုင်ရမည် ဖြစ်သောကြောင့်ပင်။

အကယ်၍ ယမ်းမှုန့်များကို ဖောက်ခွဲလိုက်မည်ဆိုပါက ဧကရာဇ်ဟောင်းကို သေအောင် လုပ်နိုင်ရုံသာမက သူ ဆိုသည့် ဧကရာဇ်ပါ ပေါက်ကွဲမှုထဲ ပါသွားနိုင်သည် မဟုတ်ပါလား။

အောက်မင်က ဆက်ပြောလိုက်၏။ “ဧကရာဇ်ဟောင်းက အရှင့်ကို ကိုယ်တိုင် နန်းစွန့်ခိုင်းထားတယ် မဟုတ်လား။ ဒါကြောင့် ကျိုးလီကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ပြီးတာနဲ့ အရှင်က ချက်ချင်းပဲ ဧကရာဇ်ဟောင်းရဲ့ ဘေးကနေ ထွက်လာပြီး နန်းဆောင် အလယ်မှာ ဒူးထောက်ကာ ဧကရာဇ်ဟောင်းကို အပြစ်ဝန်ခံပြီး နန်းစွန့်မယ့် အကြောင်း ပြောရပါမယ်။ ဒါက ယုတ္တိရှိတဲ့ လုပ်ရပ်ပါပဲ။ ဘာလို့လဲဆိုတော့ အရှင်က နန်းစွန့်ရမှာကိုး။ နန်းစွန့်ပြီးသွားရင် အရှင်က ဧကရာဇ် မဟုတ်တော့ဘဲ အမတ် ဖြစ်သွားပြီလေ။”

ထိုစကားကို ကြားချိန်မှာတော့ ဧကရာဇ်သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။ “ကျုပ် တကယ်ပဲ ဒီနန်းစွန့်တဲ့ ကိစ္စကို လုပ်ရမှာလား။ တကယ်ပဲ ကိုယ်တိုင် နန်းစွန့်ရမှာလား။ ဧကရာဇ်ဟောင်းရဲ့ ဘေးကနေ ထွက်လာပြီး ပေါက်ကွဲမှုကို ရှောင်ရှားဖို့အတွက်နဲ့ ဒီလောက်တောင် ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရမှာလား။

အောက်မင်က ပြန်ဖြေလိုက်၏။ “ဟုတ်တယ်။ အရှင်မင်းမြတ် အနေနဲ့ ကိုယ်တိုင် နန်းစွန့်ပြီး ထီးနန်းလွှဲပြောင်းပေးရပါမယ်။ ဒါက ဧကရာဇ်ဟောင်းရဲ့ ဘေးကနေ ထွက်လာပြီး ပေါက်ကွဲမှုကို ရှောင်ရှားဖို့ အတွက်တင်မကဘဲ နောက်ဆက်တွဲ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုအတွက် ကြိုတင် ပြင်ဆင်ဖို့ အတွက်လည်း ဖြစ်ပါတယ်။”

ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ဆက်ပြောပါ။”

အောက်မင်က ပြောလိုက်၏။ “အရှင်က ဧကရာဇ် ပလ္လင်ပေါ်ကနေ ဆင်းလာပြီး ကျိုးလီကို ဧကရာဇ်ဟောင်းရဲ့ ဘေးကို တွန်းပို့ပေးလိုက်ပါမယ်။ အဲဒီနောက်မှာ အရှင်က ညီလာခံရဲ့ အလယ်ကို ရောက်လာပြီး ဒူးထောက်ကာ ကိုယ်တိုင် နန်းစွန့်ဖို့ တောင်းဆိုပြီး ထီးနန်းလွှဲပြောင်းပေးပါမယ်။ ဒီလိုလုပ်လိုက်ရင် အရှင်က ကိုယ်ကျင့်တရားအရ အားသာချက်တွေကို နည်းနည်း ပြန်ရသွားပါလိမ့်မယ်။”

ဤစကားကို ဧကရာဇ် နားလည်၏။ ဧကရာဇ် တစ်ပါး အနေဖြင့် ကိုယ်တိုင် နန်းစွန့်လိုက်ခြင်းသည် အလွန် ဂုဏ်သိက္ခာ ကြီးမားပြီး ကိုယ်ကျင့်တရား အဆင့်အတန်း အလွန် မြင့်မားကြောင်း ကိုယ်စားပြုသည်။

အောက်မင်က ပြောလိုက်၏။ “အရှင်က နန်းစွန့်ချင်ပေမယ့် ကောင်းကင်ဘုံက ခွင့်မပြုဘူး။ ဒါကြောင့် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဖြစ်ပေါ်လာပြီး ကောင်းကင်ကနေ ဥက္ကာပျံတွေ ကျလာကာ ကွမ်မင် နန်းဆောင်ကို ဖောက်ထွင်းသွားစေခဲ့တယ်။ အဲဒီအချိန်မှာ ဧကရာဇ်ဟောင်းရဲ့ ပလ္လင်အောက်က လမင်းမီးတွေ ပေါက်ကွဲသွားပါမယ်။

ဧကရာဇ်ဟောင်းက မူလတည်းက အသက်ကြီးပြီး အားနည်းနေတာဆိုတော့ ချက်ချင်းဆိုသလို အပိုင်းပိုင်းအစစ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဒါက အရှင့်အနေနဲ့ ဧကရာဇ်ကို လုပ်ကြံပြီး ဖခင်ကို သတ်ဖြတ်တာ မဟုတ်ဘူး။ ဒါက ကောင်းကင်ဘုံ၏ အပြစ်ပေးမှုပါ။

ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု လက်နက်ကို အောက်ယွီ သုံးလို့ရရင် ကျုပ်တို့လည်း သုံးလို့ ရတာပေါ့။ ဒီလိုဆိုရင် အနည်းဆုံးတော့ အပေါ်ယံမှာ အရှင်က ဖခင်ကို သတ်ဖြတ်တဲ့ ပြစ်မှုကနေ လုံးဝ ကင်းလွတ်သွားပါပြီ။ ပြီးတော့ ကျိုးလီ ကလည်း ဧကရာဇ်ဟောင်းရဲ့ ဘေးကို ရောက်နေပြီဖြစ်လို့ ပေါက်ကွဲမှု ကြီးမှာ သူလည်း သေသွားမှာပါ။ မသေရင်တောင် ကိုယ်တစ်ပိုင်းသေပြီး မသန်မစွမ်း ဖြစ်သွားမှာပါ။

ဧကရာဇ်ဟောင်း ပေါက်ကွဲမှုကြောင့် သေဆုံးသွားပြီးတဲ့နောက်မှာ ဒီအချိန်မှာ နန်းစွန့်တဲ့ ကိစ္စက လုံးဝ မပြီးဆုံးသေးဘူး။ အရှင်က ဧကရာဇ် ဖြစ်နေတုန်းပါပဲ။ အဲဒီနောက် နက္ခတ်ဗေဒင်ရုံး၊ ဆူမီယွမ်၊ နိုင်ကော်က အမတ်တွေ အားလုံး ဒူးထောက် တောင်းပန်ကြပြီး အရှင် နန်းစွန့်ဖို့ လုပ်တာကြောင့် ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန် ဖြစ်သွားပြီး ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ပေါ်လာတာပါလို့ ပြောကြပါမယ်။

ကျုပ်တို့က ကောင်းကင်ဘုံရဲ့ အလိုတော်ကို မဆန့်ကျင်နိုင်ဘူးလို့ ပြောပြီး နန်းစွန့်တဲ့ ကိစ္စကို ရပ်တန့်လိုက် ပါမယ်။ အရှင်က ဧကရာဇ်မင်းမြတ် အဖြစ် ဆက်လက် တည်ရှိနေပြီး ကျိုးလီလည်း ပေါက်ကွဲမှုကြောင့် ကိုယ်တစ်ပိုင်း သေသွားပြီဆိုတော့ လုံးဝ အမြစ်ပြတ် ရှင်းလင်းသွားပါပြီ။ အရှင်မင်းမြတ်.... ဒီနည်းလမ်းကို သေတွင်းထဲ ရောက်မှ ရှင်သန်ခွင့်ရခြင်းလို့ ခေါ်ပါတယ်။ ကျုပ်ရဲ့ အကြံအစည်ကတော့ ဒီလောက်ပါပဲ။”

အောက်မင်သည် ပြောဆိုပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မှောက်လျက် နေလိုက်ပြီး တစ်ချက်လေးမှ မလှုပ်ရှားတော့ချေ။

“အောက်ယွီနဲ့ ကျိုးလီတို့ ပြန်ရောက်လာဖို့ အချိန် နည်းနည်း လိုပါသေးတယ်။ ကျုပ်တို့က တပ်တော် တစ်သိန်းကျော်ကို စုစည်းပြီး နန်းတော်နဲ့ မြို့တော်ရဲ့ နေရာတိုင်းကို စောင့်ကြပ်ထားလို့ ရတယ်။ အရေးကြီးတဲ့ အချိန်ကျရင် ကျိုးလီရဲ့ စစ်တပ်တွေကို လုံးဝ အကုန်အစင် ဖျက်ဆီးပစ်နိုင်တယ်။”

အောက်မင်က နောက်ထပ် စကားအနည်းငယ် ဖြည့်စွက် ပြောလိုက်၏။ “စစ်တပ်တွေ လက်ထဲမှာ ရှိနေသရွေ့ မြို့တော်က ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။”

တစ်ခန်းလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်သွားပြီး အောက်မင်ကို ကြည့်နေသော အကြည့်များမှာ အံ့ဩတုန်လှုပ်မှုများ ပြည့်နေကြတော့သည်။

‘တကယ်ကို ပြိုင်ဘက်ကင်း အဆိပ်ပြင်းတဲ့ ဉာဏ်ကြီးရှင်ပါပဲ။ ဒီလို အရေးကြီးတဲ့ အချိန်ရောက်နေတာတောင် ဒီလောက် ကြောက်စရာကောင်းတဲ့ အဆိပ်ပြင်း အကြံအစည်ကို တွေးနိုင်သေးတယ်။ အရေးအကြီးဆုံးက ဒီအဆိပ်ပြင်း အကြံအစည်ဟာ ဖြစ်နိုင်ခြေ အရမ်းများပြီး အောင်မြင်နိုင်ခြေလည်း အရမ်းများတယ်။’

‘အောက်မိသားစုက ဒီလောက်တောင် အစွမ်းထက်တာလား။ တစ်ချိန်တည်းမှာပဲ ဉာဏ်အလွန် ကောင်းတဲ့သူ နှစ်ယောက်တောင် ထွက်ပေါ်လာခဲ့တယ်။ ဒီနှစ်ယောက်က ရန်သူတွေ ဖြစ်နေလို့ ကံကောင်းတယ်။ တကယ်လို့ အောက်မင်နဲ့ အောက်ယွီ ညီအစ်ကို နှစ်ယောက်သာ ပူးပေါင်းလိုက်ရင် သူတို့ရဲ့ အကြံအစည်တွေက လုံးဝ ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်။’

အပိုင်း (၆၁၂)

ဧကရာဇ် ဘာမှ မပြောသေးသော်လည်း ဘေးခန်းအတွင်းရှိ မိဖုရားကြီးဖူ မှာမူ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြီး စကားပြောရန် ပြင်လိုက်သော်လည်း ဧကရာဇ်က သူမ၏ ပါးစပ်ကို ပိတ်ထားလိုက်၏။

ဧကရာဇ်က မေးလိုက်သည်။ “ခင်ဗျားတို့ အောက်မင်ရဲ့ ဒီအကြံအစည်ကို ဘယ်လိုထင်လဲ။ ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန်ဖြစ်သွားတဲ့ အချိန်မှာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ပေါ်လာတာ အရမ်း ပုံမှန်ပဲလို့ ကိုယ်တော် ထင်တယ်။”

နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်က မေးလိုက်၏။ “ဒါဆို ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ဘယ်လို ဖန်တီးမလဲ။ ကောင်းကင်ကနေ ဥက္ကာပျံတွေ ဘယ်လို ကျလာအောင် လုပ်မလဲ။”

အောက်မင်က ပြန်ဖြေလိုက်သည်။ “အရမ်း တူအောင် လုပ်ဖို့ မလိုဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ လူတိုင်းက နန်းဆောင်ထဲမှာ ရှိနေကြမှာမို့လို့ သေချာ မမြင်ရဘူး။ ကျောက်ခဲပစ်စက်ကို သုံးလိုက်ရုံပါပဲ။ ဥက္ကာပျံတွေ ကတော့ အခု ကျုပ်တို့ဆီမှာ အများကြီး ရှိတယ်။ အရင်တစ်ခေါက် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု တုန်းက ကျလာတဲ့ ဥက္ကာပျံတွေကိုပဲ သုံးလိုက်ရုံပါပဲ။”

ထိုအဖြေကို ကြားချိန်မှာတော့ နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်က ပြောလိုက်၏။ “အရှင်မင်းမြတ်... ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန် ဖြစ်သွားတဲ့ အချိန်မှာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ပေါ်လာမယ်လို့ ကျုပ်လည်း ထင်တယ်။”

ဝန်ကြီးချုပ် လင်ကုန်းက ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကျုပ် ထောက်ခံပါတယ်။”

နိုင်ကော် အမတ်ကြီးက ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျုပ် ထောက်ခံပါတယ်။”

နောက်ထပ် နိုင်ကော် ဒု-အမတ်ကြီး တစ်ဦးကလည်း ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကျုပ်လည်း ထောက်ခံပါတယ်။”

ထိုနေရာတွင် ရှိနေသော အဆင့်မြင့် အမတ်ကြီးများ အားလုံး သဘောတူလိုက်ကြပြီး အချိန် အတော်ကြာပြီးမှသာ ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်၏။ “အင်း... ကိုယ်တော်ကလည်း တာ့ကျိုးရဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက်ပါ။ ကောင်းကင်နဲ့မြေကြီး ပြောင်းပြန် ဖြစ်သွားရင် သေချာပေါက် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ပေါ်လာမှာပါ။”

ဧကရာဇ် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီး ဤအတိုင်းပင် လုပ်ဆောင်တော့မှာဖြစ်၏၊ မြို့တော်မှ ထွက်ခွာပြီး တောင်ပိုင်းသို့ သွားရောက် လှည့်လည်ခြင်းက အကောင်းဆုံး အစီအစဉ် ဖြစ်သော်လည်း ဧကရာဇ်က မလိုလားချေ။

သူ၏ ထီးနန်း နှင့် ဧကရာဇ် အာဏာကို ခြိမ်းခြောက်ခံရချိန်တွင် ဧကရာဇ်သည် မည်သူထက်မဆို ပို၍ သတ်ဖြတ်ရန် ဝန်မလေးသူ ဖြစ်သည်။

နောက်ရက်အနည်းငယ် အတွင်းတွင် မြို့တော်၏ စစ်တပ်များ စတင် လှုပ်ရှားလာပြီး ပတ်ဝန်းကျင်ရှိ တပ်စခန်းကြီး အချို့မှ စစ်တပ်များ အားလုံး မြို့တော် အတွင်းသို့ ဝင်ရောက်လာကြ၏၊

တစ်ခဏအတွင်းမှာပင် မြို့တော် အတွင်း၌ တပ်တော် တစ်သိန်းကျော် ရှိနေပြီး ရန်သူနှင့် ရင်ဆိုင်ရတော့မည့် အတိုင်း မြို့တံခါးတိုင်းကို စောင့်ကြပ်နေကြသည်။

တစ်ချိန်တည်းမှာပဲ မြို့တော်တွင် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီး မြို့တော်၏ ပြည်သူသောင်းချီကို ကျိုးလီ နှင့် အောက်ယွီ တို့ကို ကြိုဆိုရန် ပြင်ဆင်စေကာ အရင်က မရှိခဲ့ဖူးသော အောင်ပွဲ အခမ်းအနားကြီး တစ်ခုကို ပြင်ဆင်နေကြ၏။

ထို့နောက် နန်းတော် လုံခြုံရေးကိုလည်း အပြောင်းအလဲများ ပြုလုပ်လိုက်ပြီး အစောင့် နှစ်သောင်း ထပ်မံ တိုးလိုက်သည်။

ဖူမိသားစု၏ ကိုယ်ပိုင် စစ်သည်များသည် နန်းတော် အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာပြီး အစောင့်များ အဖြစ် ဝင်ရောက် တာဝန်ထမ်းဆောင်ကြ၏။

ဧကရာဇ်သည် ပိုင်ယွင်မြို့မှ ယမ်းမှုန့်များကို လုံလောက်အောင် ရယူထားပြီး ဧကရာဇ်ဟောင်း နှင့် ကျိုးလီ တို နှစ်ဦးစလုံးကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ဖောက်ခွဲပစ်ရန်အထိ လုံလောက်သည်။

ဥက္ကာပျံများ အားလုံးကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကာ ကျောက်ခဲပစ်စက်များကိုလည်း ပြင်ဆင်ထားပြီး ဖြစ်သည်။ ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ပြဇာတ်ကြီးကိုလည်း ပြင်ဆင်ထားပြီး ဖြစ်၏။

စင်စစ်တွင် ကြီးမားထင်ရှားသော နေကြတ်မှုဖြစ်စဉ်မျိုး ဖြစ်ပေါ်လာရန်မှာ မဖြစ်နိုင်ချေ။ သို့သော်လည်း ထိုမျှအထိ အစိုးရိမ်လွန်ကာ ဂရုစိုက်နေရန် မလိုအပ်ပေ။ ကောင်းကင်ယံမှ ဥက္ကာခဲများ အဆက်မပြတ် ဆင်းသက်လာမည့် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဟူသော ပြဇာတ်တစ်ခုနှင့်တင် အရာရာကို တုံ့ပြန်ရန် လုံလောက်နေပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ အရင်တစ်ခေါက်က ဖြစ်ပွားခဲ့သည့် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုအပြီးတွင်မူ လူအပေါင်းက ထိုအခြင်းအရာကို အလိုအလျောက် အသိအမှတ်ပြု လက်ခံထားကြပြီးသား ဖြစ်၏။

‘ဧကရာဇ်ဟောင်း၊ အောက်ယွီ... အရင်တစ်ခေါက်တုန်းက ခင်ဗျားတို့က ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို အသုံးပြုပြီး အာဏာ ပြန်လုခဲ့တာ။ ဒီတစ်ကြိမ်မှာတော့ ကိုယ်တော်က ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို အသုံးပြုပြီး ခင်ဗျားတို့ကို သတ်ပစ်မယ်။ ဧကရာဇ်ဟောင်း... ခင်ဗျားဟာ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကြောင့် အောင်မြင်ခဲ့သလို၊ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကြောင့်ပဲ ကျရှုံးရတော့မှာပါ။’

ယခုအချိန်တွင် အရာအားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး အရှေ့လေ (အခွင့်အရေး) ကိုသာ စောင့်ဆိုင်းနေရုံ ဖြစ်ပြီး ကျိုးလီနှင့် အောက်ယွီတို့ မြို့တော်သို့ ပြန်ရောက်လာမည့် အချိန်ကိုသာ စောင့်မျှော်နေရတော့မှာ ဖြစ်သည်။

အချိန်များသည် ရေကဲ့သို့ စီးဆင်းသွားပြီး ရက်သတ္တပတ် အနည်းငယ် ကုန်ဆုံးသွားခဲ့၏။

ယွင်ကျုံးဟဲ့သည် လမ်းတစ်လျှောက်လုံးတွင် အလွန် ခမ်းနားကြီးကျယ်စွာ ဖြတ်သန်းလာခဲ့ပြီး ခရိုင်မြို့တိုင်းကို ဖြတ်သန်းတိုင်း အမတ်များ အားလုံးကို လာရောက် ဒူးထောက်စေချင်ပြီး ပြည်သူများ အားလုံးကိုလည်း လာရောက် နှုတ်ဆက်စေချင်နေခဲ့သည်။

ဤကာလအတွင်း ကြီးမားသော အောင်ပွဲ သတင်းသည် တာ့ကျိုး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်ပြီး အောက်ယွီသည် နောက်တစ်ကြိမ် အံ့ဩစရာများကို ဖန်တီးနိုင်ခဲ့ကြောင်း၊ ကျိန့်ဟိုင်မြို့စား၏ ပင်လယ် ဓားပြများ အားလုံး အကုန်အစင် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကြောင်း၊ ကျိန့်ဟိုင်မြို့စား ကိုယ်တိုင်လည်း ဖမ်းဆီးခံရပြီး လက်နက်ချသွားပြီ ဖြစ်ကြောင်း လောကရှိ မရေမတွက်နိုင်သော လူများက သိရှိသွားကြပြီ ဖြစ်၏။

နောက်ဆုံးတွင် နှစ်လပိုင်း နှစ်ရက်နေ့သို့ ရောက်ရှိလာချိန်မှာတော့ အောက်ယွီနှင့် ကျိုးလီ တို့သည် ပုန်ကန်သူ စီးပြန်းနှင့် မိသားစု နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာကာ မြို့တော်သို့ ပြန်လည် ရောက်ရှိ လာတော့မှာဖြစ်သည်။

မနက်စောစော အချိန်တွင်...

ဧကရာဇ်သည် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၊ မြို့တော်၏ မှူးမတ်များကို ခေါ်ဆောင်ကာ ခမ်းနားကြီးကျယ်စွာဖြင့် မြို့တော်မှ ထွက်ခွာလာပြီး တောင်ဘက် တံခါး၏ အပြင်ဘက်တွင် အောင်ပွဲခံ စင်မြင့် တစ်ခုကို တည်ဆောက်ကာ အောက်ယွီ နှင့် ကျိုးလီ တို့၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြ၏။

တကယ့်ကို ကြီးမားတဲ့ မြင်ကွင်းကြီး ဖြစ်သည်။ အမတ်နှင့် မှူးမတ် ထောင်ချီက သပ်သပ်ရပ်ရပ် ရပ်နေပြီး တစ်ချက်လေးမှ မလှုပ်ရှားကြချေ။

ဧကရာဇ်ပင်လျှင် မြင့်မားသော အောင်ပွဲခံ စင်မြင့်ပေါ်တွင် ရပ်လျက် စောင့်ဆိုင်းနေသည်။ မှူးမတ်များနှင့် အမတ်များ သာမက ပြည်သူ့ ကိုယ်စားလှယ်များလည်း ပါဝင်ပြီး လူအင်အား သောင်းချီ ရှိ၏။

ဤမြင်ကွင်းသည် ယွင်ကျုံးဟဲ့ကို အမှန်တကယ်ပင် ကောင်းကင်ပေါ်သို့ မြှောက်တင်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားပြီး နေမင်းကြီးလည်း ပို၍ပို၍ မြင့်တက်လာတော့၏။

ရုတ်တရက် မြင်းစီး စစ်သည် တစ်ဦး အပြေးအလွှား ရောက်ရှိလာပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ် လိုက်သည်။ “ယင်းချင်ဝမ် ရောက်လာပါပြီ... နုလန်ဟောက် ရောက်လာပါပြီ...”

“တေးဂီတ တီးခတ်ကြ...” အမိန့်ပေးသံ နှင့်အတူ လူရာချီ ရှိသော တေးဂီတအဖွဲ့သည် အောင်ပွဲခံ သီချင်းများကို စတင် တီးခတ်ကြတော့၏။

ဤအောင်ပွဲခံ တေးဂီတသံများကြားတွင် ကျိုးလီနှင့် အောက်ယွီတို့သည် လမ်းမပေါ်သို့ ရောက်ရှိ လာကြတော့သည်။

“တွေ့ပြီ... တွေ့ပြီ။”

လူအင်အား ခြောက်ထောင် ရှိသော စစ်တပ်က ကျိုးလီ နှင့် အောက်ယွီ တို့ကို ကာကွယ် စောင့်ရှောက်ပေးရင်း သပ်သပ်ရပ်ရပ် လျှောက်လှမ်းလာကြသည်။ ဤအချိန်တွင် လီဟွာမေ၏ စစ်တပ်များ ပြန်သွားကြပြီ ဖြစ်၏။

အကျဉ်းသားလှည်း သုံးစီး အတွင်း၌ စီးပြန်း၊ စီးချန်နှင့် စီးပြန်း၏ ကိုယ်လုပ်တော်တို့ ပါဝင်သည်။

“အောင်ပွဲ... အောင်ပွဲ...”

“တာ့ကျိုး... သက်တော်ရာကျော် ရှည်ပါစေ…”

ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ပြည်သူ သောင်းချီက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။

မီတာ တစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိလာချိန်မှာတော့ ဧကရာဇ်သည် အောင်ပွဲခံ စင်မြင့်ပေါ်မှ ဆင်းလာပြီး ကိုယ်တိုင် လာရောက် ကြိုဆိုလိုက်သည်။

အိမ်ရှေ့စံမင်းသား ကျိုးလီ နှင့် အောက်ယွီ တို့သည် အလျင်အမြန် မြင်းပေါ်မှ ဆင်းကာ ဧကရာဇ် ရှိရာသို့ ပြေးသွားကြတော့၏။

အိမ်ရှေ့စံမင်းသား ကျိုးလီသည် ဧကရာဇ်၏ အရှေ့သို့ ရောက်ရှိလာပြီး ဒူးထောက်ကာ ပြောလိုက်သည်။ “သားတော်... ခမည်းတော်ကို အရိုအသေပေးပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်သောင်းကျော် ရှည်ပါစေ။”

ဧကရာဇ်သည် ကျိုးလီကို ဆွဲထူလိုက်ပြီး မေတ္တာတရားများ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်၏။ “သားတော် ပိန်သွားတယ်၊ မည်းလည်း မည်းသွားတယ်။ ဒါပေမဲ့ ပိုပြီး တက်ကြွလာတယ်။”

ယွင်ကျုံးဟဲ့ ရှေ့သို့တက်ကာ အရိုအသေပေးလျက် ပြောလိုက်သည်။ “ကျုပ်... အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်သောင်းကျော် ရှည်ပါစေ။”

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်...”

ဧကရာဇ်သည် ယွင်ကျုံးဟဲ့ ကိုလည်း ဆွဲထူလိုက်ပြီး ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျားက တကယ်ကို ကျုပ်တို့ တာ့ကျိုးရဲ့ အကျိုးဆောင် အမတ်ကြီးပါပဲ။ ကောင်းကင်ကြီးကို ဖုံးလွှမ်းနိုင်လောက်တဲ့ အကျိုးဆောင်မှုကြီးပဲ။ ခင်ဗျားလို အမတ်မျိုး ရှိနေမှတော့ ကျုပ်တို့တာ့ကျိုး ကြီးပွားတိုးတက်ဖို့ ဘာပူစရာ ရှိတော့မှာလဲ။”

ယွင်ကျုံးဟဲ့ အလျင်အမြန် နှိမ့်ချကာ ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်ရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲက အိမ်ရှေ့စံမင်းသား ကျိုးလီရဲ့ အကျိုးဆောင်မှုတွေချည်းပါပဲ။ ကျုပ်နဲ့ လုံးဝ မသက်ဆိုင်ပါဘူး။”

ဧကရာဇ်က ပြောလိုက်၏။ “ခင်ဗျား အရမ်း နှိမ့်ချလွန်းနေပါပြီ။ ကျိုးလီက စစ်သေနာပတိချုပ်ဖြစ်ပြီး ခင်ဗျားက စစ်သူကြီးပါ။ ခင်ဗျားတို့ နှစ်ယောက်လုံးဟာ ကြီးမားတဲ့ အကျိုးဆောင်မှုကြီးကို ရရှိခဲ့တာပါ။ ကိုယ်တော်က ခင်ဗျားတို့ကို ကျေးဇူးတင်ရမှာပါ။ ခင်ဗျားတို့က တာ့ကျိုးရဲ့ ပြည်သူ သန်းပေါင်းများစွာကို ကယ်တင်ပေးခဲ့တာပါ။”

ကျိုးလီ နှင့် အောက်ယွီ တို့ နောက်တစ်ကြိမ် ဦးညွတ်လျက် နှိမ့်ချကြောင်း ပြသလိုက်ပြီး ဤအရာများ အားလုံးသည် ဧကရာဇ်ဟောင်းနှင့် ဧကရာဇ်တို့၏ ကျေးဇူးတော်ကြောင့်သာဖြစ်ကြောင်း ပြောဆိုလိုက် ကြသည်။

ထို့နောက် ဧကရာဇ်သည် ကျိန့်ဟိုင်မြို့စား စီးပြန်း၏ အရှေ့သို့ သွားကာ ပြောလိုက်၏။ “ကျိန့်ဟိုင်မြို့စား... နေကောင်းလား။”

ကျိန့်ဟိုင်မြို့စား စီးပြန်းသည် အကျဉ်းသားလှည်း အတွင်း၌ ဒူးထောက်ကာ ပြန်ပြောလိုက်သည်။ “အပြစ်သား... အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။”

ဧကရာဇ်သည် စီးပြန်းကို ဂရုမစိုက်တော့ဘဲ စိတ်ထဲတွင် ပြစ်တင်ဝေဖန်နေမိတော့၏။ ‘တကယ် အသုံးမကျတဲ့ကောင်... တပ်တော် တစ်သိန်းကျော်နဲ့တောင် လူသုံးလေးသောင်းကို ရှုံးရတယ်လို့။’

သို့ပေမည့် သူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ လုံးဝ လျော့နည်းမသွားဘဲ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၊ မှူးမတ်များကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ဘာစောင့်နေကြတာလဲ။ ယင်းချင်ဝမ်နဲ့ နုလန်ဟောက်တို့က ပုန်ကန်မှုကို နှိမ်နင်းပေးခဲ့ပြီး တာ့ကျိုးရဲ့ ပြည်သူ သန်းပေါင်းများစွာကို ကယ်တင် ပေးခဲ့တယ်၊ ကျုပ်တို့ တာ့ကျိုးရဲ့ မိုင်သောင်းချီ ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ကို ငြိမ်းချမ်းသွားအောင် လုပ်ပေးခဲ့တယ်။ ခင်ဗျားတို့က ဒူးထောက်ပြီး ကျေးဇူး မတင်သင့်ဘူးလား။”

ဧကရာဇ်၏ အမိန့်ပေးသံနှင့်အတူ အမတ်များ၊ မှူးမတ်များ ထောင်ချီခန့်နှင့် ပြည်သူ သောင်းချီခန့်သည် သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြ၏။ “ယင်းချင်ဝမ်နဲ့ နုလန်ဟောက် တို့ရဲ့ ကြီးမားတဲ့ ကျေးဇူးတွေကို ကျေးဇူးတင်ပါတယ်။”

ဤသည်မှာ အမှန်တကယ်ပင် အရင်က မရှိခဲ့ဖူးသော ဂုဏ်ပြုမှုကြီး ဖြစ်သည်။ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များနှင့် ပြည်သူများ အားလုံးက ကျိုးလီနှင့် ယွင်ကျုံးဟဲ့ တို့ကို ဒူးထောက် အရိုအသေပေးခဲ့ကြပြီး ငယ်ရွယ်သော မင်းသား အချို့ပင် ခြွင်းချက် မရှိခဲ့ချေ။

ထို့နောက် ဧကရာဇ်သည် ကျိုးလီ နှင့် အောက်ယွီ တို့၏ လက်များကို အသီးသီး ကိုင်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ ထွက်သွားတာ လအတော်ကြာပြီ ဆိုတော့ ဧကရာဇ်ဟောင်းက အရမ်းကို လွမ်းနေရှာတယ်။ သူ ပိန်တောင် ပိန်သွားပြီ။ ဧကရာဇ်ဟောင်းက ဒီနေ့ မိုးမလင်းခင်တည်းက နိုးနေပြီး ခင်ဗျားတို့ကို တွေ့ဖို့ စောင့်နေတာ။”

ကျိုးလီ မျက်လုံးများ နီရဲလာပြီး ပြောလိုက်သည်။ “သားတော်လည်း ဧကရာဇ်ဟောင်းကို အရမ်း လွမ်းနေပါပြီ။”

ဧကရာဇ်က ပြောလိုက်၏။ “သားသမီးတွေ ခရီးဝေးသွားရင် အမေတွေက စိုးရိမ်ပူပန်ရသလိုပဲ။ အဖေနဲ့ အဘိုးတွေကလည်း အတူတူပါပဲ။ အခု ပြန်ရောက်လာပြီ ဆိုတော့ ကောင်းတာပေါ့။ ပြန်ရောက်လာတာ ကောင်းတယ်။”

ထို့နောက် ဧကရာဇ်သည် ကျိုးလီ နှင့် ယွင်ကျုံးဟဲ့ တို့၏ လက်များကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “လာ... ခင်ဗျားတို့ နှစ်ယောက် ကျုပ်နဲ့အတူ ကျုပ်ရဲ့ ရထားလုံးပေါ်ကို တက်ပြီး ဧကရာဇ်ဟောင်းကို သွားတွေ့ကြရအောင်။”

ကျိုးလီက အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော်လည်း ဧကရာဇ်က ကျိုးလီနှင့် အောက်ယွီတို့ နှစ်ဦးစလုံးကို ဧကရာဇ်၏ ရထားလုံးပေါ်သို့ အတင်းအကျပ် ဆွဲတင်သွားခဲ့၏။

“ထွက်ခွာမယ်... နန်းတော်ကို ပြန်မယ်။”

ခမ်းနားကြီးကျယ်သော တေးဂီတသံများကြားတွင် မင်းသား ကျိုးလီ၊ ယွင်ကျုံးဟဲ့နှင့် ဧကရာဇ်တို့ သုံးဦးသည် ဧကရာဇ်၏ ရထားလုံးကို အတူတကွ စီးနင်းကာ မြို့တံခါးကို ဖြတ်သန်းပြီး နန်းတော်သို့ ဦးတည် သွားကြတော့သည်။

တစ်ချိန်တည်းမှာပဲ နန်းတော် အတွင်း၌ အစောင့် သုံးသောင်းသည် နေရာအသီးသီးတွင် အသင့် အနေအထားဖြင့် စောင့်ဆိုင်းနေကြပြီ ဖြစ်၏။

ကွမ်မင် နန်းဆောင်ပေါ်ရှိ ရွှေရောင် ပလ္လင်သည် အပေါ်ယံတွင် မည်သည့် ထူးခြားမှုမှ မရှိသော်လည်း ပလ္လင်၏ အောက်တွင် ယမ်းမှုန့် ပေါင်ထောင်ချီ ရှိနေကြောင်း မည်သူကမှ မသိရှိနိုင်ချေ။

ကျောက်ခဲပစ်စက်အချို့ကိုလည်း ပြင်ဆင်ထားပြီး ဖြစ်ကာ ဥက္ကာပျံ ဆယ်ခုကျော်ကိုလည်း ပြင်ဆင်ထားပြီး ဖြစ်သည်။

ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ပြဇာတ်ကြီးကို ကပြရန် အချိန်မရွေး အသင့်ရှိနေပြီး ဧကရာဇ်ဟောင်းနှင့် ကျိုးလီတို့ကို သတ်ဖြတ်ရန် ပြင်ဆင်ထားပြီ ဖြစ်၏။

တာ့ကျိုး နန်းတွင်း၏ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကြီး မကြာမီ စတင်တော့မှာဖြစ်သည်။

…………….

All Chapters