← Chapters

အခန်း (၆၁၃-၆၁၄)

Vol. 52 Ch. 613-614

အခန်း (၆၁၃-၆၁၄)

Vol. 52 Ch. 613-614

အပိုင်း (၆၁၃)

“တာ့ကျိုး အောင်ပွဲ ရပြီ။”

“တာ့ကျိုး အောင်ပွဲ ရပြီ။”

တာ့ကျိုး မြို့တော်၏ အဓိက လမ်းမကြီးများပေါ်တွင် လူများ အပြည့်အနှက် ရှိနေပြီး သောင်းနှင့်ချီသော လူများက အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြ၏။

လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ၊ ဂုဏ်ယူမှုများ၊ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ ဤ ပြည်သူများ၏ စိတ်ခံစားချက်များမှာ အမှန်တကယ်ပင် အစစ်အမှန် ဖြစ်သည်။

ရှေးဟောင်း အင်ပါယာကြီး တစ်ခုအတွက် ပြည်သူများ၏ ဂုဏ်ယူမှုဆိုသည်မှာ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်သော်လည်း မရှိမဖြစ် လိုအပ်သော အရာတစ်ခုလည်း ဖြစ်၏။

ထျန်းယန် ဧကရာဇ်၏ အောင်မြင်မှုများနှင့်အတူ တာ့ကျိုး၏ ပြည်သူ သန်းပေါင်းများစွာ၏ ဂုဏ်ယူမှုများသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

သို့ပေမည့် ဧကရာဇ် ဝမ်ယွင် နန်းတက်လာပြီးနောက်ပိုင်း၊ အထူးသဖြင့် ပိုင်ရှင်မဲ့နယ်မြေတွင် စစ်ရှုံးပြီး နောက်ပိုင်းတွင် အင်ပါယာသည် အဆက်မပြတ် ထိုးနှက်ချက်များကို ခံခဲ့ရသောကြောင့် ဂုဏ်ယူမှုများ သည်လည်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့၏။

သူတို့သည် အောင်ပွဲ တစ်ခုကို အလွန် လိုအပ်နေခဲ့ကြ၏။ ယခုတစ်ကြိမ် ကျိုးလီ နှင့် အောက်ယွီ တို့၏ အောင်ပွဲသည် အချိန်ကိုက် မိုးရွာချလိုက်သကဲ့သို့ ပြည်သူ သောင်းချီ၏ ဂုဏ်ယူမှုများကို နှိုးဆွပေးနိုင်ခဲ့သည်။

“မြင်ပြီလား။ ကျုပ်တို့ တာ့ကျိုးမှာ လောကရဲ့ အကောင်းဆုံး ပြည်သူတွေ ရှိနေတယ်။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “သူတို့ရဲ့ စိတ်နှလုံးက ကျုပ်တို့နဲ့ အတူတူ ရှိနေတုန်းပါပဲ။ ဟုတ်သားပဲ အောက်ယွီ... စစ်သေနာပတိချုပ် လီဟွာမေ ရော ဘယ်မှာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သူ ပြန်သွားပါပြီ။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “အရမ်း နှမြောစရာ ကောင်းတာပဲ။ သူက တကယ့်ကို ထူးခြားတဲ့ အမျိုးသမီး တစ်ယောက်ပါ။ ကျုပ်တို့ တွေ့ခွင့် မရလိုက်ဘူး။”

ထို့နောက် လူသုံးဦးသည် လမ်းတစ်လျှောက်လုံး စကားပြောဆိုရင်း တစ်နာရီကျော်ခန့် ကြာပြီးနောက် နောက်ဆုံးတွင် နန်းတော် အတွင်းသို့ ဝင်ရောက်လာကြတော့၏။

ကျိုးလီ ကိုယ်တိုင် ဧကရာဇ်ကို ဧကရာဇ်၏ ရထားလုံးပေါ်မှ တွဲချပေးလိုက်သည်။

“သွားကြစို့... ကျုပ်တို့ သုံးယောက် အတူတူ ဧကရာဇ်ဟောင်းကို သွားတွေ့ကြရအောင်။”

ဧကရာဇ်က ပြောလိုက်၏။ “အမတ်တွေက ကွမ်မင် နန်းဆောင်ကို အရင် သွားနှင့်ကြ။”

“အမိန့်တော်အတိုင်းပါ။” အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး သပ်သပ်ရပ်ရပ်ဖြင့် ကွမ်မင် နန်းဆောင်သို့ အရင် ထွက်သွားကြတော့သည်။

ဧကရာဇ်သည် ကျိုးလီနှင့် ယွင်ကျုံးဟဲ့တို့ကို ခေါ်ဆောင်ကာ ချန်အန်းနန်းဆောင်သို့ အတူတကွ ထွက်သွားကြတော့၏။

ယနေ့ ချန်အန်းနန်းဆောင်သည် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး နန်းဆောင်တံခါးများလည်း ဖွင့်ထားသည်။

ကျိုးလီ နှင့် ယွင်ကျုံးဟဲ့ တို့ကို မြင်တွေ့ရချိန်မှာတော့ မိန်းမစိုးကြီး ဟောက်ချန်သည် ချက်ချင်း ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ်... ဧကရာဇ်မင်းမြတ်ကို အရိုအသေပေးပါတယ်။ ယင်းချင်ဝမ်ကို အရိုအသေပေးပါတယ်။ နုလန်ဟောက်ကို အရိုအသေပေးပါတယ်။ မြန်မြန်... မြန်မြန်... မြန်မြန် ဝင်သွားကြပါအုံး။ ဧကရာဇ်ဟောင်းက စောင့်မျှော်နေပါပြီ။ မနေ့ည သန်းခေါင်ယံတည်းက အိပ်မပျော်တော့တာပါ။”

ချန်အန်းနန်းဆောင် အတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ အဝေးကနေပင် ဧကရာဇ်ဟောင်း၏ ကျယ်လောင်သော ရယ်မောသံကို ကြားလိုက်ရသည်။

“သားတော်... ခမည်းတော်ကို အရိုအသေပေးပါတယ်။”

“မြေးတော်... ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”

“ကျုပ်... ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”

ဧကရာဇ်ဟောင်းသည် အလွန်အမင်း ပျော်ရွှင်နေပြီး ကျိုးလီ နှင့် ယွင်ကျုံးဟဲ့တို့၏ လက်များကို အသီးသီး ကိုင်ကာ အဆက်မပြတ် ပြောဆိုနေတော့၏။ “ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်။”

ထို့နောက် ဧကရာဇ်ဟောင်းသည် သူ၏ အတွင်းစိတ်ထဲမှ ဝမ်းသာပျော်ရွှင်မှုများကို ဖော်ပြရန် စကားလုံးများပင် ရှာမတွေ့တော့ဘဲ ကိုယ့်ကိုယ်ကိုယ် နောက်ပြောင်ကာ ပြောလိုက်သည်။ “ငါက ဝက် တစ်ကောင်လိုပဲနော်။ နည်းနည်းလေး စားလိုက်တာနဲ့ ဝလာတော့တာပဲ။ မင်းတို့ ကြည့်စမ်း... တစ်လတောင် မပြည့်သေးဘူး၊ ငါ ဆယ်ပေါင်ကျော်လောက် ဝလာပြီ။”

ဧကရာဇ်က ဘေးနားမှ ဝင်ပြောလိုက်၏။ “အရင်တုန်းက ဧကရာဇ်ဟောင်းက ခင်ဗျားတို့ နှစ်ယောက် အတွက် စိုးရိမ်ပြီး ဆုတောင်းပေးနေခဲ့လို့ အရိုးပေါ် အရေတင် ဖြစ်တဲ့အထိ ပိန်သွားခဲ့တာပါ။ ခင်ဗျားတို့ နိုင်ပြီ ဆိုတဲ့ သတင်း ကြားတော့မှ အစားပြန်စားပြီး မျက်နှာလေး နည်းနည်း ပြန်ကောင်းလာတာပါ။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒါကလည်း ဧကရာဇ်ရဲ့ မိဘကျေးဇူး သိတတ်မှုကြောင့်ပါ။ နေ့တိုင်း ငါ့ကို လာပြီး ထမင်းကျွေးလို့ ငါလည်း ပိုစားဖြစ်သွားတာပါ။”

မိန်းမစိုးကြီး ဟောက်ချန်က သတိပေးလိုက်၏။ “ဧကရာဇ်ဟောင်း၊ အရှင်မင်းမြတ်... အချိန် တော်တော် လင့်နေပါပြီ။ သွားသင့်ပါပြီ။”

“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေလည်း ကွမ်မင် နန်းဆောင်မှာ စောင့်နေကြပြီ။ သွားကြစို့... သွားကြစို့... သွားကြစို့။”

ထို့နောက် ဧကရာဇ်နှင့် ကျိုးလီတို့ နှစ်ဦးစလုံး ခါးကို ကိုင်းလိုက်ကြသည်။

“ခမည်းတော်... သားတော် ကွမ်မင် နန်းဆောင်ကို ကျောပိုး သွားပါ့မယ်။”

“ဧကရာဇ်ဟောင်း... မြေးတော် အဘိုးတော်ကို ကွမ်မင် နန်းဆောင်ကို ကျောပိုးသွားပါ့မယ်။”

လူနှစ်ဦး တပြိုင်နက်တည်း ခါးကိုင်းလိုက်သည်ကို မြင်တွေ့ရချိန်မှာတော့ ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဧကရာဇ်ပဲ လုပ်ပါစေ... ဟား.... ဟား...”

ဧကရာဇ်သည် ရှေ့သို့တက်ကာ ဧကရာဇ်ဟောင်းကို ကျောပိုးပြီး နန်းဆောင်ဆီသို့ လျှောက်သွားတော့သည်။

ယနေ့ မြို့ထဲသို့ ဝင်ရောက်လာတည်းက ယွင်ကျုံးဟဲ့သည် ကျိုးလီနှင့် အမြဲတမ်း အတူတကွ သွားလာနေပြီး ဧကရာဇ်၏ ရထားလုံးကို အတူတကွ စီးနင်းကာ ဧကရာဇ်ဟောင်းကို အတူတကွ သွားရောက် တွေ့ဆုံခဲ့၏။

ယခုအချိန်တွင် အမတ် တစ်ဦးဖြစ်သူ သူသည်လည်း အတူတကွ နန်းဆောင် အနောက်ဘက်မှ ဝင်ရောက် လာခြင်းမှာ အမှန်တကယ်ပင် စည်းကမ်း ဖောက်ဖျက်ရာ ကျလွန်းလှသည်။

ကျိုးလီသည် မကြာမီ အိမ်ရှေ့စံမင်းသား ဖြစ်လာတော့မည်ဖြစ်ရာ အောက်ယွီက ဤသို့ ပြုမူခြင်းသည် အောင်မြင်မှုကို အခွင့်ကောင်း ယူပြီး မောက်မာနေခြင်း မဟုတ်ပါလား အရမ်းကို ရိုင်းစိုင်းလွန်းနေပြီ ဖြစ်၏။

သို့ပေမည့် မည်သူကမှ မထောက်ပြကြချေ။ အထူးသဖြင့် ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းမှ လူများမှာ ပို၍ပင် မထောက်ပြကြချေ။

အကြောင်းမူကား ယခုအချိန်သည် ဓားနှင့် လှံများ ပြည့်နှက်နေပြီး ဧကရာဇ်ဟောင်းနှင့် ဧကရာဇ်တို့၏ အဆုံးအဖြတ် တိုက်ပွဲကြီး၏ အရေးအကြီးဆုံး အချိန်အခါသို့ ရောက်ရှိနေပြီဖြစ်ရာ ဉာဏ်ပညာ အရာ၌ ပြိုင်ဘက်ကင်းသော အောက်ယွီသည် အချိန်တိုင်း ဘေးနားတွင် ရှိနေရန် လိုအပ်ပြီး ဤကဲ့သို့သော စည်းကမ်းများကို ဂရုမစိုက်နိုင်တော့ကြောင်း လူတိုင်း သိရှိထားကြသောကြောင့် ဖြစ်သည်။

နန်းဆောင် အတွင်းသို့ ဝင်ရောက်ပြီးနောက် ဧကရာဇ်ဟောင်းသည် ရွှေရောင်ပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီး ဧကရာဇ်သည် ညာဘက် အောက်ခြေတွင် ထိုင်လိုက်သည်။ ကျိုးလီနှင့် ယွင်ကျုံးဟဲ့တို့သည် ညီလာခံ အတွင်း၌ မိမိတို့၏ နေရာများကို ရှာဖွေပြီး ရပ်နေကြတော့၏။

ဧကရာဇ်သည် ဧကရာဇ်ဟောင်း နှင့် ရယ်ရယ်မောမော စကားပြောဆိုနေဆဲ ဖြစ်သော်လည်း အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး၏ မျက်နှာပေါ်တွင် အပြုံး တစ်ချက်မှ မရှိကြချေ။

ယခင်က မြို့အပြင်ဘက်တွင် ရှိခဲ့သော ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားပြီး ဖိနှိပ်ခံရသော တင်းမာမှုမျိုးသာ ကျန်ရှိတော့၏။

အကြောင်းမူ နောက်ဆက်တွဲ အခြေအနေသည် ကောင်းကင်ကြီး ပြိုကျလောက်အောင် ကြီးမားမည်ဖြစ်ပြီး တာ့ကျိုးအင်ပါယာ၏ သမိုင်းကြောင်းကို လုံးဝ ပြောင်းလဲပစ်ရုံသာမက လောက၏ သမိုင်းကြောင်းကိုပါ ပြောင်းလဲပစ်မည် ဖြစ်ကြောင်း လူတိုင်း သိရှိထားသောကြောင့်ပင်။

“ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်... လျှောက်တင်စရာ ရှိရင် လျှောက်တင်ပါ။”

“ကျုပ်မှာ လျှောက်တင်စရာ ရှိတယ်။”

နိုင်ကော်၏ ပထမ ဝန်ကြီးချုပ် ဝူကျစ် ထွက်လာပြီး ပြောလိုက်၏။ “ယင်းချင်ဝမ်ဟာ မေတ္တာတရားနဲ့ တရားမျှတမှုကို သိရှိပြီး သစ္စာတရားနဲ့ မိဘကျေးဇူးကိုလည်း သိတတ်သူပါ။ အရင်က လန်ကျိုးရဲ့ ပြည်သူ သောင်းချီကို ကယ်တင်ခဲ့လို့ လောက က ပြည်သူတွေ အားလုံး ချီးကျူးခဲ့ကြတယ်။

အခုတစ်ခါ လူနည်းနည်းနဲ့ လူအများကြီးကို အနိုင်ယူပြီး ကျိန့်ဟိုင်မြို့စားရဲ့ ပုန်ကန်မှုကို နှိမ်နင်းခဲ့သလို၊ ပင်လယ်ဓားပြ တစ်သိန်းကိုလည်း အကုန်အစင် ဖျက်ဆီးပစ်နိုင်ခဲ့လို့ လောကက ပြည်သူတွေကို ကယ်တင်နိုင်ခဲ့ပြီး တာ့ကျိုးရဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကိုလည်း ကယ်တင်နိုင်ခဲ့တယ်။ ကောင်းကင်ကြီးကို ဖုံးလွှမ်းနိုင်လောက်တဲ့ အကျိုးဆောင်မှုကြီးပါပဲ။

ကျုပ်က ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ်မင်းမြတ်တို့ကို ယင်းချင်ဝမ် ကျိုးလီကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ဖို့ လျှောက်တင်ပါတယ်။”

ဝူကျစ်၏ စကားအဆုံးတွင် နိုင်ကော် ဒု-အမတ်ကြီး မြို့စား ကျိုးလျန်လည်း ထွက်လာပြီး ပြောလိုက်သည်။ “ကျုပ် ထောက်ခံပါတယ်။”

အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော လျန်ချင်ဝမ် ကလည်း တုန်ယင်စွာဖြင့် မတ်တတ်ရပ်ကာ ပြောလိုက်၏။ “ကျုပ် ထောက်ခံပါတယ်။”

အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီး၊ စစ်ရေး ဝန်ကြီး၊ မှုခင်းစုံစမ်းရေး ဝန်ကြီး အစရှိသော အမတ် နှစ်ရာကျော်ခန့် ဦးညွတ် အရိုအသေပေးလျက် ပြောလိုက်ကြသည်။ “ကျုပ်တို့ ထောက်ခံပါတယ်။ ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ်မင်းမြတ်တို့က ယင်းချင်ဝမ်ကို တာ့ကျိုးအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား အဖြစ် ခန့်အပ်ပေးဖို့ တောင်းဆိုပါတယ်။”

ဤသည်မှာ အမတ် ခုနစ်ရာ၊ ရှစ်ရာခန့် တက်ရောက်သော ကြီးမားသော ညီလာခံကြီး ဖြစ်၏။

အမတ် နှစ်ရာကျော်က ကျိုးလီကို အိမ်ရှေ့စံမင်းသား အဖြစ် ခန့်အပ်ရန် တောင်းဆိုပြီးနောက် နောက်ဆက်တွဲ အနေဖြင့်လည်း အခြားသူများ အဆက်မပြတ် ထွက်လာပြီး ဦးညွတ် အရိုအသေပေးကာ ပြောလိုက်ကြသည်။ “ကျုပ် ထောက်ခံပါတယ်။”

ထွက်လာသူများ ပို၍ပို၍ များပြားလာပြီး နောက်ဆုံးတွင် အမတ် တစ်ဝက်ကျော်ခန့် ထွက်လာကြတော့၏။

ဧကရာဇ်၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေသော်လည်း စိတ်ထဲတွင်မူ လုံးဝ အေးစက်နေပြီ ဖြစ်သည်။

ယခင်က ညီလာခံတွင် အမတ် သုံးပုံနှစ်ပုံခန့်က ဧကရာဇ်ကို ထောက်ခံခဲ့ကြသော်လည်း ဤစစ်ပွဲအပြီးတွင် နောက်ထပ် လူအချို့ ရပ်တည်ချက် ပြောင်းလဲသွားကြပြီး ဧကရာဇ်ဟောင်းနှင့် ကျိုးလီ တို့ကို သစ္စာခံသွားကြပြီ ဖြစ်၏။

ဧကရာဇ်ဟောင်းသည် အသံတစ်ချက်မှ မထွက်ဘဲ စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေပြီး အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များကို အခွင့်အရေး ပေးနေသကဲ့သို့ ဖြစ်နေသည်။

‘ဒီအချိန် ရောက်နေပြီ။ ခင်ဗျားတို့ ရပ်တည်ချက် ရွေးချယ်ချင်ရင် မြန်မြန် လုပ်ကြ။ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။’

ထင်သည့်အတိုင်းပင် နောက်ထပ် အမတ် ဆယ်ယောက်ကျော်ခန့် ထွက်လာပြီး ဒူးထောက်ကာ ကျိုးလီကို အိမ်ရှေ့စံမင်းသား အဖြစ် ခန့်အပ်ရန် လျှောက်တင်ကြပြန်၏။

ယခုအခါ အတော်လေး လုံလောက်နေပြီ ဖြစ်ပြီး စောင့်ဆိုင်းရန် မလိုအပ်တော့ချေ။ သဘောထား ပြသရမည့် သူများ အားလုံး ပြသပြီးသွားပြီ ဖြစ်သည်။

ဧကရာဇ်ဟောင်းက ပြုံးလျက် မေးလိုက်၏။ “ဧကရာဇ်... မင်း ဘယ်လို ထင်လဲ။”

ဧကရာဇ်က ပြန်ပြောလိုက်သည်။ “သားတော်က ဧကရာဇ်ဟောင်းရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာပါ့မယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အရင်က ကိစ္စတွေမှာတော့ ကိုယ်တော်က ကိုယ်ပိုင် ဆုံးဖြတ်ချက် ချလို့ ရတယ်။ ဥပမာ... ကျိန့်ဟိုင်မြို့စားကို နှိမ်နင်းတာမျိုးပေါ့။ ဒါပေမဲ့ အခုက အိမ်ရှေ့စံမင်းသားကို ခန့်အပ်တာလေ... သေချာပေါက် ဧကရာဇ်က ပါးစပ် ဟမှ ရမှာပေါ့။”

ဧကရာဇ်က ပြောလိုက်သည်။ “ကျိုးလီဟာ မိဘကျေးဇူး သိတတ်တယ်၊ မေတ္တာတရား ရှိတယ်၊ ပြတ်သားတယ်။ သားတော်က အရင်တည်းက သူ့ကို အရမ်း အထင်ကြီးခဲ့တာပါ။ ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲ ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ သူ့ကို ထပ်ပြီး လေ့ကျင့်ပေးချင်လို့ပါ။ အခုတော့ လေ့ကျင့်မှုတွေလည်း လုံလောက်သွားပါပြီ။ သူက တာဝန်ကြီးတွေကို ထမ်းဆောင်နိုင်ပြီ ဖြစ်လို့ တကယ်ပဲ အိမ်ရှေ့စံမင်းသား အဖြစ် ခန့်အပ်လို့ ရပါပြီ။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒါဆို ဒီ အမိန့်တော်ကို မင်းပဲ ထုတ်ပြန်လိုက်ပါ။”

ဧကရာဇ်က ပြန်ပြောလိုက်သည်။ “ခမည်းတော်... အိမ်ရှေ့စံမင်းသား ခန့်အပ်တယ်ဆိုတာ နိုင်ငံတော်ရဲ့ ကြီးမားတဲ့ ကိစ္စကြီးပါ။ ဘိုးဘေးတွေရဲ့ ကျောင်းဆောင်ကို သွားပြီး ပူဇော်ပသရမယ်၊ ကြီးမားတဲ့ အခမ်းအနားတွေ လုပ်ရပါမယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒီလို ကိစ္စမျိုးက ခမ်းနားကြီးကျယ်ရမှာ မှန်ပေမယ့် အခုချိန်မှာတော့ ရိုးရိုးရှင်းရှင်း လုပ်လိုက်တာ ပိုကောင်းတယ်။ အရင်ဆုံး အမိန့်တော် ထုတ်ပြန်လိုက်ပြီး နောက်ပိုင်းမှ ကောင်းကင်ဘုံကို ပူဇော်တာတွေ၊ ဘိုးဘေးတွေကို ပူဇော်တာတွေ လုပ်ကြတာပေါ့။”

ဧကရာဇ်က ပြန်ပြောလိုက်သည်။ “သားတော်... အမိန့်တော်ကို ခံယူပါတယ်။”

ထို့နောက် ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အမိန့်တော် ရေးလိုက်... ယင်းချင်ဝမ် ကျိုးလီကို ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား အဖြစ် ခန့်အပ်လိုက်တယ်။”

ခဏအကြာတွင် မိန်းမစိုးကြီး ဟောက်ကျန့်သည် နဂါးဝတ်ရုံ အသစ်နှင့် သရဖူ အသစ်ကို ယူဆောင်လာပြီး ကျိုးလီကို လဲလှယ် ဝတ်ဆင်ပေးလိုက်သည်။

အိမ်ရှေ့စံမင်းသား၏ အဝတ်အစားများသည်လည်း နဂါးပုံစံ ဖြစ်သော်လည်း ခြေသည်း လေးချောင်း ပါဝင်သော နဂါးပုံစံ ဖြစ်သည်။ သို့ပေမည့် ရွှေဝါရောင် ဖြစ်နေပြီဖြစ်ရာ အခြား အမတ်များ နှင့် လုံးဝ ကွဲပြားသွားပြီး အဝတ်အစားအရ ဆိုလျှင် ဧကရာဇ်နှင့် ဆင်တူနေပြီ ဖြစ်၏။

ဧကရာဇ်က အရှင်သခင် ဖြစ်ပြီး၊ အိမ်ရှေ့စံမင်းသားက အရှင်သခင်ငယ် ဖြစ်သည်။

ရွှေရောင် ဝတ်ရုံသစ်နှင့် ရွှေရောင် သရဖူသစ်ကို လဲလှယ် ဝတ်ဆင်ပြီးနောက် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြ၏။ “အိမ်ရှေ့စံမင်းသားကို အရိုအသေပေးပါတယ်။ အိမ်ရှေ့စံမင်းသား သက်တော်ထောင်ကျော် ရှည်ပါစေ... သက်တော်ထောင်ကျော် ရှည်ပါစေ... သက်တော်သောင်းကျော် ရှည်ပါစေ။”

အပိုင်း (၆၁၄)

ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်သည်။ “လာကြစမ်း... ထိုင်ခုံ တစ်လုံး ယူလာခဲ့။ ကျုပ်ရဲ့ ညာဘက်မှာ ထားလိုက်။”

အသက်ကြီးကြီး မိန်းမစိုး ဟောက်ချန်သည် ထိုင်ခုံ တစ်လုံးကို ယူဆောင်လာပြီး ဧကရာဇ်ဟောင်း၏ ညာဘက် အောက်ခြေတွင် ချထားလိုက်ရာ ဧကရာဇ်ထက် အနည်းငယ် နိမ့်ကျသည့် နေရာတွင် ဖြစ်၏။

အိမ်ရှေ့စံမင်းသား ကျိုးလီသည် ဒူးထောက်ကာ ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... မြေးတော်က ဘယ်လိုလုပ် ရဲပါ့မလဲ။ မတ်တတ်ရပ်နေတာ ပိုကောင်းပါတယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “သာမန် အချိန်တွေမှာဆိုရင်တော့ မင်းသဘောအတိုင်း ခွင့်ပြုပေး နိုင်ပေမယ့် ဒီနေ့တော့ မဖြစ်ဘူး။ မင်း တက်ထိုင်လိုက်ပါ။”

အိမ်ရှေ့စံမင်းသား ကျိုးလီသည် ဧကရာဇ်ဟောင်း၏ အမိန့်ကို မလွန်ဆန်ရဲသောကြောင့် သုံးကြိမ် ဒူးထောက်ပြီး ကိုးကြိမ် ဦးညွတ်သည့် အရိုအသေပေးမှုကို ပြုလုပ်ပြီးနောက်မှ ဧကရာဇ်ဟောင်း၏ ညာဘက်တွင် သွားရောက် ထိုင်လိုက်တော့သည်။

လူတိုင်း ဤမြင်ကွင်းကို မြင်တွေ့ရချိန်မှာတော့ အသက်ရှူပင် ကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တာ့ကျိုးအင်ပါယာ တည်ထောင်ပြီးတည်းက ဤကဲ့သို့သော သာဓကမျိုး ရှိခဲ့ဖူးပါရဲ့လား။ အပေါ်တွင် ဧကရာဇ် သုံးပါး ထိုင်နေသည် မဟုတ်ပါလား။

ယခင်က မယ်တော်မိဖုရားခေါင်ကြီး နှစ်ကြိမ်တိုင်တိုင် နိုင်ငံတော်ကို ကိုယ်စား အုပ်ချုပ်ခဲ့ဖူးသော်လည်း ဧကရာဇ်က ငယ်ရွယ်လွန်းသောကြောင့် မယ်တော်မိဖုရားခေါင်ကြီးက ဧကရာဇ်ကို ပွေ့ချီကာ ရွှေရောင် ပလ္လင်ပေါ်တွင် ထိုင်ခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် ယခုအခါ တပြိုင်နက်တည်း ဧကရာဇ် သုံးပါး ထိုင်နေခြင်းမှာ အမှန်တကယ်ပင် အရင်က မရှိခဲ့ဖူးသော ကိစ္စဖြစ်၏။

အိမ်ရှေ့စံမင်းသား ခန့်အပ်ခြင်းသည် မူလက ပျော်ရွှင်စရာ ကိစ္စ ဖြစ်သင့်သော်လည်း ညီလာခံ၏ လေထုမှာမူ မည်သည့် ပျော်ရွှင်မှု အရိပ်အယောင်မှ မရှိဘဲ ပို၍ပို၍ လေးလံလာတော့သည်။

အကြောင်းမူ အိမ်ရှေ့စံမင်းသား ခန့်အပ်ခြင်းသည် ပထမ အဆင့်သာ ဖြစ်ကြောင်း လူတိုင်း သိရှိ ထားသောကြောင့်ပင်။

နောက်ဆက်တွဲ အနေဖြင့် ဧကရာဇ်ကို နန်းစွန့်ရန် ဖိအားပေးခြင်းသည်သာ တကယ့်ကို ကောင်းကင်ကြီး ပြိုကျလောက်သော ကိစ္စကြီး ဖြစ်သည်။

လူတိုင်း မျက်လုံး ရှိကြသောကြောင့် တွေ့မြင်နိုင်သည်။ မြို့တော်အတွင်း၌ တပ်တော် တစ်သိန်းကျော် ရှိနေပြီး ရန်သူနှင့် ရင်ဆိုင်ရတော့မည့်အတိုင်း မြို့တံခါးတိုင်းကို စောင့်ကြပ်နေကြ၏။

ဤတစ်လတာ ကာလအတွင်း မြို့တော်သည် နေ့စဉ် ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့၏။ ထို့အပြင် နန်းတော်အတွင်းရှိ အစောင့်များမှာလည်း တစ်သောင်းကျော်မှ သုံးသောင်းအထိ နှစ်ဆ တိုးလာခဲ့သည်။

ဧကရာဇ်ဟောင်း၏ ဘက်တွင်မူ စစ်သူကြီး ယင်းယန်၊ စစ်သူကြီး ထန်ထိုင်ကျင့်နှင့် စစ်သူကြီး လီထျဲ့ရှင်း တို့ အားလုံးသည် သံချပ်ကာများ အပြည့်အဝ ဝတ်ဆင်ထားပြီး တပ်တော် နှစ်သောင်းနီးပါးကို ဦးဆောင်ကာ နန်းတော် အပြင်ဘက် မလှမ်းမကမ်းတွင် ရှိနေကြ၏။

ထို့အပြင် စစ်သေနာပတိချုပ် အောက်ရှင်းသည်လည်း သံချပ်ကာများ အပြည့်အဝ ဝတ်ဆင်ထားပြီး ငွေရောင် လှံတံကို ကိုင်ဆောင်ကာ နန်းတော် အပြင်ဘက်တွင် မတ်မတ် ရပ်နေသည်။

လုံးဝ ပြည်တွင်းစစ် စတင်တော့မည့် အခြေအနေမျိုး ဖြစ်နေသည်။ ယနေ့ ဧကရာဇ်ဟောင်းက ဧကရာဇ်ကို နန်းစွန့်ရန် ဖိအားပေးသည့် အခါတွင် မည်သည့်အရာများ ဖြစ်လာမည်နည်း။

ဧကရာဇ်သည် တပ်တော် တစ်သိန်းကျော်ကို ချုပ်ကိုင်ထားပြီး စိတ်လိုလက်ရ နန်းစွန့်ပေးပါမည်လား။ အကယ်၍ နန်းမစွန့်လိုပါက ချက်ချင်း ပြည်တွင်းစစ် ဖြစ်ပွားသွားမည်လား။ မြို့တော် တစ်ခုလုံး သွေးချောင်းစီး သွားမည်လား။ ကောင်းကင်ကြီး ပြိုကျလောက်သော ကိစ္စကြီးသည် အချိန်မရွေး ကျရောက်လာနိုင်သည်။

နန်းတော် အပြင်ဘက်တွင်ရော နန်းတော် အတွင်း၌ပါ လေထုမှာ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီး မီးပွားလေး တစ်ချက် ပွင့်လိုက်ရုံဖြင့် ဧရာမ မီးတောက်ကြီး ထွက်ပေါ်လာတော့မည့်အတိုင်း ဖြစ်နေ၏။

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ကဲ... အခု အိမ်ရှေ့စံမင်းသားလည်း ခန့်အပ်ပြီးပြီဆိုတော့ နောက်ထပ် ကိစ္စတစ်ခု အကြောင်း ပြောကြတာပေါ့။”

‘လာပြီ... လာပြီ။’

လူတိုင်း နားများကို စွင့်ထားလိုက်ပြီး တစ်ကိုယ်လုံးရှိ အရေပြားများ တင်းမာလာကာ ဦးရေပြားများပင် တင်းကျပ်လာတော့၏။

“လွန်ခဲ့တဲ့ လေးလလောက်က ဖြစ်မယ်... အဲဒီတုန်းကလည်း ဒီ ညီလာခံပေါ်မှာပဲ၊ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ ရှေ့မှာပဲ။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ကိုယ်တော်နဲ့ ဧကရာဇ်ကြားမှာ သဘောထား ကွဲလွဲမှု တချို့ ရှိခဲ့တယ်။ အမတ်မင်းတို့ မှတ်မိကြသေးရဲ့လား။

“ကျုပ် မှတ်မိပါတယ်။ ကွက်ကွက်ကွင်းကွင်းကို မှတ်မိနေပါတယ်။” နိုင်ကော်၏ ပထမ ဝန်ကြီးချုပ် ဝူကျစ်က ပြန်ပြောလိုက်၏။

ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းမှ လူများ ချက်ချင်း ထွက်လာပြီး ပြောလိုက်ကြသည်။ “ကျုပ်တို့ မှတ်မိပါတယ်။”

“ဟုတ်တယ်... ကွက်ကွက်ကွင်းကွင်းကို မှတ်မိနေတယ်။ မနေ့ကလိုမျိုးပဲ။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အဲဒီတုန်းက ကိုယ်တော်က ကျိန့်ဟိုင်မြို့စားကို နှိမ်နင်းသင့်တယ်၊ အလျှော့မပေးသင့်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဧကရာဇ် ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးသင့်တယ်၊ သွားမနှိမ်နင်းသင့်ဘူးလို့ ထင်ခဲ့တယ်။ တာ့ကျိုး နန်းတွင်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမှာ စိုးလို့ နောက်ဆက်တွဲ စကားတွေကိုတော့ ကိုယ်တော် မပြောတော့ဘူး။

အရင်တုန်းက အရမ်း အရေးကြီးတဲ့ အချိန်မှာ ကိုယ်တော် ပြောခဲ့ဖူးတယ်။ ဒီစစ်ပွဲသာ ရှုံးသွားရင် ကိုယ်တော်ဟာ လောကကို အပြစ်ပေးဆပ်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့လေ။ အကယ်၍ နိုင်သွားရင် ဧကရာဇ် လည်း နေရာမှာ ဆက်မနေနဲ့တော့လို့။ ဒါပေမဲ့ အခု ကြီးမားတဲ့ အောင်ပွဲ ရရှိသွားပြီဆိုတော့ ဒီလောက်တောင် ပြင်းထန်တဲ့ စကားတွေကို မပြောသင့်တော့ဘူး။”

ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်သည်။ “ဧကရာဇ်... ကိုယ်တော် အရင်က မင်းကို ဝေဖန်ခဲ့ဖူးတယ်။ မင်းက ကိုယ့်လူတွေအပေါ်မှာ ရက်စက်ပြီး အပြင်လူတွေအပေါ်မှာကျတော့ သဘောကောင်းတယ်လို့။ မင်းက လူတွေကို လက်မခံနိုင်ဘူး စသဖြင့်ပေါ့။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဧကရာဇ်သည် နေရာမှ ချက်ချင်း ထကာ လှေကားပေါ်မှ ဆင်းလာပြီး ဒူးထောက်လိုက်တော့၏။

“ဒီစကားတွေကို ထပ်မပြောတော့ဘူး။ ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒီနေ့ မင်း အလုပ် လုပ်တာ အရမ်း ကောင်းတယ်။ မင်းက အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေကို ခေါ်ဆောင်ပြီး အကျိုးဆောင်ခဲ့တဲ့ စစ်သည်တွေကို သွားကြိုခဲ့တယ်၊ ပြီးတော့ မြို့တော်က ပြည်သူ သောင်းချီကို စုစည်းပြီး ကိုယ်တော်တို့ တာ့ကျိုးရဲ့ စိတ်ဓာတ်ခွန်အားတွေကို မြှင့်တင်ပေးခဲ့တယ်။ ဒါက အရမ်း ကောင်းတယ်။”

ဧကရာဇ်က ဦးညွတ် အရိုအသေပေးလိုက်၏။

ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်သည်။ “ဂုဏ်သိက္ခာ ဆိုတာ အရမ်း အရေးကြီးတယ်။ ကိုယ်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ် နှစ်ရာချီ တည်ရှိခဲ့တဲ့ မင်းဆက် တစ်ခုပါ။ ပိုပြီး အရှေ့ကို ပြန်သွားရင် ကိုယ်တော်တို့က တာ့ယန် အင်ပါယာရဲ့ တော်ဝင်မိသားစု ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် အဖေနဲ့ သား ကြားမှာ အရမ်းကို ကြောက်စရာ ကောင်းတဲ့ အခြေအနေမျိုး မဖြစ်စေချင်ဘူး။ ပြီးတော့ နောင်လာနောက်သားတွေက သမိုင်း မှတ်တမ်းတွေမှာ ရေးတဲ့အခါ အရမ်း အရုပ်ဆိုးတဲ့ ပုံစံမျိုးလည်း မဖြစ်စေချင်ဘူး။”

“ဧကရာဇ်... မင်း ထီးနန်းစိုးစံတာ ဆယ်နှစ်လောက် ရှိပြီနော်။” ဧကရာဇ်ဟောင်းက ရုတ်တရက် မေးလိုက်၏။

ဧကရာဇ် ဝမ်ယွင် က ပြန်ဖြေလိုက်သည်။ “ခမည်းတော်... သားတော် ထီးနန်းစိုးစံတာ ဆယ်နှစ် ရှိပါပြီ။”

“ဆယ်နှစ် ရှိပြီလား။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဆယ်နှစ်ဆိုတဲ့ အချိန်က မတိုတောင်းတော့ဘူး။ ကျုပ်တို့ တာ့ကျိုး အင်ပါယာ တည်ထောင်ပြီးတည်းက ဆယ်နှစ်အထိ ထီးနန်းစိုးစံခဲ့တဲ့ ဧကရာဇ်တွေ သိပ်မများဘူး။ ဒီ ဆယ်နှစ်တာ ကာလအတွင်းမှာ ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ရှိတယ်။

ဒါတွေကို ကိုယ်တော်လည်း ဆုံးဖြတ်လို့ မရဘူး၊ မင်းလည်း ဆုံးဖြတ်လို့ မရဘူး။ နောင်လာနောက်သား တွေကမှ ဆုံးဖြတ်ရမှာပါ။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီတစ်ကြိမ် အောင်ပွဲက ဧကရာဇ်ရဲ့ အောင်ပွဲပါပဲ။ နောင်လာနောက်သားတွေက မှတ်တမ်းတင်တဲ့အခါ ဧကရာဇ် ဝမ်ယွင်ဟာ လန်ကျိုးက ပြည်သူ သန်းချီကို ကယ်တင်ခဲ့ပြီး ကျိန့်ဟိုင်မြို့စားရဲ့ ပုန်ကန်မှုကို နှိမ်နင်းခဲ့တယ်လို့ ရေးကြမှာပါ။”

ဧကရာဇ် ဝမ်ယွင် မျက်ရည်များ ကျဆင်းလာပြီး ပြောလိုက်သည်။ “သားတော် ရှက်ရွံ့မိပါတယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ကိုယ်တော် မင်းကို အတင်း ဖိအားမပေးပါဘူး ဧကရာဇ်။ ဒါပေမဲ့ ဧကရာဇ်တွေရဲ့ စကားဟာ ရွှေစကားတွေ ချည်းပါပဲ။ ပြောလိုက်တဲ့ စကားလုံးတိုင်းက မြေပြင်ပေါ်မှာ အမြစ်တွယ်သွားတာ မဟုတ်ဘူးလား။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း၏ အကြည့်များမှာ ဧကရာဇ်ထံသို့ ရောက်ရှိသွားကြတော့သည်။

‘အရေးအကြီးဆုံး အချိန် နောက်ဆုံးတော့ ရောက်လာပြီ။ ကောင်းကင်ကြီး ပြိုကျလောက်တဲ့ အချိန်အခါ နောက်ဆုံးတော့ ရောက်လာပြီ။’

‘ဧကရာဇ်ဟောင်းက ဧကရာဇ်ကို နန်းစွန့်ဖို့ ဖိအားပေးနေပြီ။ ဧကရာဇ်မင်းမြတ်က တကယ်ပဲ သဘောတူလိုက်မှာလား။’

‘အခုချိန်မှာ မြို့တော်က စစ်သည် တစ်သိန်းကျော်က ဧကရာဇ်ရဲ့ လက်ထဲမှာ ရှိနေတယ်လေ။ အင်ပါယာရဲ့ တပ်တော် အများစုကလည်း ဧကရာဇ်ရဲ့ အဖွဲ့အစည်း လက်ထဲမှာ ရှိနေတာလေ။’

“ဧကရာဇ်ဟောင်းကို လျှောက်တင်ပါတယ်။ ကျုပ်မှာ လျှောက်တင်စရာ ရှိပါတယ်။” ရုတ်တရက် လူတစ်ယောက် ထွက်လာ၏။

လူတိုင်း၏ နှလုံးသားများ ပြင်းထန်စွာ ခုန်ပေါက်သွားတော့၏။ အကြောင်းမူ ထွက်လာသူမှာ နက္ခတ်ဗေဒင်ရုံး အကြီးအကဲ ဖြစ်သောကြောင့်ပင်။

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “နက္ခတ်ဗေဒင်ရုံး အကြီးအကဲ… ခင်ဗျား ပြောပါ။”

နက္ခတ်ဗေဒင်ရုံး အကြီးအကဲက ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းကို လျှောက်တင်ပါတယ်။ မနေ့ညက ကျုပ် ကောင်းကင်ရဲ့ လက္ခဏာတွေကို ကြည့်ရှုတော့ ထျန်းလျန်ကြယ်က အစိမ်းရောင် အလင်းတွေ ထုတ်လွှတ်နေပြီး မြောက်ပိုင်း ခုနှစ်စင်ကြယ်ကလည်း တောင်ဘက်ကို ရွေ့လျားသွားတာကို တွေ့လိုက် ရပါတယ်။ ဒါက ကောင်းကင်ဘုံက ကျုပ်တို့ တာ့ကျိုးအင်ပါယာကို သတိပေးနေတာပါပဲ။”

လူတိုင်း စိတ်ထဲတွင် ပြစ်တင်ဝေဖန်နေမိကြတော့၏။ ‘အရင်တုန်းက အောက်ယွီက ဒီနည်းလမ်းကို သုံးခဲ့တယ်။ အခု နက္ခတ်ဗေဒင်ရုံး အကြီးအကဲကလည်း ဒီနည်းလမ်းကို သုံးပြန်ပြီလား။’

နက္ခတ်ဗေဒင်ရုံး အကြီးအကဲက ဆက်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းကို မေးခွင့်ပြုပါ။ ဒါက ဧကရာဇ်မင်းမြတ်ကို နန်းစွန့်ဖို့ အတင်းအကျပ် ဖိအားပေးနေတာလား။ ဧကရာဇ်မင်းမြတ်မှာ ဘာအမှားအယွင်း ကြီးကြီးမားမားမှ မရှိဘဲနဲ့ အကြောင်းပြချက် မရှိဘဲ နန်းစွန့်ခိုင်းတာဟာ ကြီးမားတဲ့ ဘေးဒုက္ခကြီးကို ဖြစ်ပေါ်စေနိုင်ပြီး ကောင်းကင်ဘုံ၏ အပြစ်ပေးမှုတွေ ဖြစ်လာနိုင်ပါတယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ နက္ခတ်ဗေဒင်ရုံးမှ အမတ်များ အားလုံး သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြ၏။

“ဧကရာဇ်မင်းမြတ်မှာ ကြီးမားတဲ့ အမှားအယွင်း မရှိဘဲ နန်းစွန့်ဖို့ အတင်းအကျပ် ဖိအားပေးတာဟာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုတွေ ဖြစ်လာနိုင်ပါတယ်။”

“ဧကရာဇ်ဟောင်း သေချာ စဉ်းစားပေးပါ။”

ထို့နောက် နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်၊ ဝန်ကြီးချုပ် လင်ကုန်း၊ နိုင်ကော်မှ အမတ်ကြီး နှစ်ဦး၊ ဝန်ကြီး သုံးဦးနှင့် အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ အမတ် ရာချီခန့် အားလုံး သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြသည်။

“ဧကရာဇ်ဟောင်း သေချာ စဉ်းစားပေးပါ။ ဧကရာဇ်မင်းမြတ်ကို နန်းစွန့်ဖို့ အတင်းအကျပ် ဖိအားမပေးပါနဲ့။ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုတွေ ဖြစ်လာမှာ စိုးရိမ်ရပါတယ်။”

အခြေအနေမှာ တိတိကျကျပင် တစ်ဝက်စီ ကွဲနေတော့သည်။ အင်အားတစ်ဝက်ခန့်မှာ မတ်တတ်ရပ်လျက် အမူအရာတစ်ချက်မျှပင် မလှုပ်ရှားဘဲ တိတ်ဆိတ်နေကြပြီး ကျန်တစ်ဝက်မှာမူ ဧကရာဇ်မင်းမြတ် နန်းစွန့်ရမည့်အရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်နေကြ၏။

တစ်ချိန်တည်းမှာပဲ အပြင်ဘက်ရှိ အစောင့်များသည် လက်ထဲရှိ လက်နက်များကို တင်းကျပ်စွာ ကိုင်ဆောင် ထားကြပြီး အလိုအလျောက် တင်းမာလာကြကာ တိုက်ပွဲ ဝင်ရန် ပြင်ဆင်နေကြတော့သည်။

အချို့သော အမတ်များအတွက်မူ ဧကရာဇ်ကို ကာကွယ်ခြင်းသည် သူတို့၏ ဩဇာအာဏာနှင့် အသက် အန္တရာယ်ကို ကာကွယ်ခြင်း ဖြစ်၏။

အခြေအနေများသည် တစ်ဆို့နေပြီး ပြည်တွင်းစစ် ဖြစ်ပွားတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဧကရာဇ်ဟောင်းက မေးလိုက်၏။ “ဧကရာဇ်... မင်း ဘယ်လို ထင်လဲ။”

အကြည့်များ အားလုံး ဧကရာဇ်၏ ကိုယ်ပေါ်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားကြပြန်သည်။

ဧကရာဇ် ဝမ်ယွင် ဒူးထောက် ဦးညွတ်လျက် ပြောလိုက်၏။ “ခမည်းတော်... သားတော်က ဂုဏ်သိက္ခာ ရှိချင်တယ်။ သားတော် နန်းစွန့်ဖို့ ဆန္ဒရှိပါတယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း အံ့ဩသွားကြ၏။ အထူးသဖြင့် ဧကရာဇ်၏ အဖွဲ့အစည်းမှ အမတ်များမှာ လုံးဝ အံ့ဩမှင်သက်သွားကြတော့သည်။

‘ဒါ... ဒါက ဘာအဓိပ္ပာယ်လဲ။ ဧကရာဇ်မင်းမြတ်က ဒီလိုပဲ အလွယ်တကူ လက်နက်ချလိုက်တာလား။ ဒါက သူ့ရဲ့ အကျင့်စရိုက်နဲ့ လုံးဝ မကိုက်ညီဘူးလေ။’

“အရှင်မင်းမြတ်... လုံးဝ မဖြစ်နိုင်ပါဘူး။”

“အရှင်မင်းမြတ်... အရှင်က အပြစ်မရှိဘဲ နန်းစွန့်လိုက်ရင် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုတွေ ဖြစ်လာမှာ စိုးရိမ်ရပါတယ်။”

“အရှင်မင်းမြတ်... အရှင်က ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကိုပဲ ဂရုစိုက်လို့ မရဘူး။ လောက တစ်ခုလုံးနဲ့ တာ့ကျိုး နန်းတွင်းကိုလည်း ဂရုစိုက်ရပါအုံးမယ်။”

ချက်ချင်းပဲ နက္ခတ်ဗေဒင်ရုံး အကြီးအကဲနှင့် အမတ် ရာချီသည် ဒူးထောက်ကာ တောင်းပန်လိုက်ကြ၏။

“အရှင်မင်းမြတ်... အမိန့်တော်ကို ပြန်ရုပ်သိမ်းပေးပါ။ ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန် မဖြစ်စေပါနဲ့။ မဟုတ်ရင် ပိုပြီး ကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုတွေ မျက်စိရှေ့မှာ ရောက်လာပါလိမ့်မယ်။

“အရှင်မင်းမြတ်... အမိန့်တော်ကို ပြန်ရုပ်သိမ်းပေးပါ။”

“အရှင်မင်းမြတ်... သရဖူကို ပြန်ဆောင်းပြီး နဂါးဝတ်ရုံကို ပြန်ဝတ်ပေးပါ။”

အမတ် ရာချီသည် ဧကရာဇ်ကို အဆက်မပြတ် ဦးညွတ်ကာ တောင်းပန်နေကြတော့သည်။

ထိုအချိန်တွင် နက္ခတ်ဗေဒင်ရုံးနှင့် အမတ် ရာပေါင်းများစွာတို့က ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်… အမိန့်ကို ရုပ်သိမ်းပေးပါ။ ဤသို့ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်ပြီး အရှင်သခင် သုံးပါး တစ်ပြိုင်နက်တည်း ရှိနေခြင်းက ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာကို ခံရပါလိမ့်မယ်။”

All Chapters