← Chapters

အခန်း (၆၁၅-၆၁၆)

Vol. 52 Ch. 615-616

အခန်း (၆၁၅-၆၁၆)

Vol. 52 Ch. 615-616

အပိုင်း (၆၁၅)

အရှင်သခင် သုံးပါးဟူသော စကားလုံးကြောင့် လူတိုင်း၏ နှလုံးသားများ တုန်ယင်သွားကြ၏။ ဤစကားသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး တာ့ကျိုးအင်ပါယာ တည်ထောင်ပြီး နှစ်ရာပေါင်းများစွာအတွင်း မကြုံစဖူးသော အခြေအနေ ဖြစ်သည်။

ယခင်က အရှင်သခင် နှစ်ပါး ရှိခဲ့စဉ်ကပင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်ခဲ့ပြီဖြစ်ရာ ယခု ဧကရာဇ်က အိမ်ရှေ့စံ ကျိုးလီထံ နန်းလွှဲပေးလိုက်ပါက အရှင်သခင် သုံးပါး ဖြစ်လာမှာဖြစ်ပြီး တာ့ကျိုး အင်ပါယာ ပြိုကွဲသွားတော့မည် မဟုတ်ပါလား။ ကောင်းကင်ပေါ်တွင် နေမင်း သုံးစင်း ထွက်ပေါ်လာခြင်းက ကမ္ဘာပျက်မည့် လက္ခဏာ မဟုတ်ပါလား။

“ဧကရာဇ်မင်းမြတ်… အမိန့်ကို ရုပ်သိမ်းပေးပါ။ အရှင်သခင် သုံးပါး ရှိနေခြင်းက ဘေးအန္တရာယ်ရဲ့ အရင်းအမြစ်ပါပဲ။”

ဦးဆောင်သူ တစ်ဦး၏ အော်ဟစ်မှုနှင့်အတူ ဧကရာဇ်၏ အဖွဲ့မှ အမတ် ရာပေါင်းများစွာတို့ကလည်း လိုက်လံ အော်လိုက်ကြသည်။

ဧကရာဇ်သည် မျက်ရည်များ ရစ်သိုင်းနေပြီး ပြောလိုက်၏။ “ငါကိုယ်တော်က ဧကရာဇ်ဖြစ်သလို သားတစ်ယောက်လည်း ဖြစ်တယ်။ အရှင်သခင်က အမတ်ကို သေခိုင်းရင် အမတ်က သေပေးရမှာပဲ။ ဖခင်က သားကို သေခိုင်းရင် သားက သေပေးရမှာပဲ။ ခမည်းတော်… အမတ်မင်းတို့ …”

ဧကရာဇ်သည် ခြေလှမ်း ဒါဇင်ပေါင်းများစွာ နောက်ဆုတ်သွားပြီး ညီလာခံ၏ အလယ်တည့်တည့်သို့ ရောက်ရှိသွား၏။ သူသည် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကို လည်ပတ်စေလိုက်ပြီး မုန်တိုင်းထန်မည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

လူထောင်ပေါင်းများစွာ၏ အကြည့်အောက်တွင် ဧကရာဇ် ဝမ်ယွမ်သည် သူ၏ ဦးခေါင်းထက်ရှိ သရဖူကို ဖြည်းညင်းစွာ ချွတ်လိုက်၏။

ထိုအရာအားလုံးသည် လွန်စွာ နှေးကွေးသော မြင်ကွင်းတစ်ခုအလား အလွန် လေးနက်ပြီး တည်ငြိမ်နေ၏။ ထို့နောက် ဧကရာဇ် ဝမ်ယွမ်သည် သူ၏ နဂါးဝတ်ရုံကိုပါ ထပ်မံ ချွတ်လိုက်ပြန်သည်။

နောက်ဆုံးတွင် ဧကရာဇ် ဝမ်ယွမ်သည် ဖြည်းညင်းစွာ ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “ဧကရာဇ်ဟောင်း… သားတော် နန်းစွန့်ပြီး အိမ်ရှေ့စံကို နန်းလွှဲပေးလိုပါတယ်။ ပြီးတော့ တရားအားထုတ်ပါတော့မယ်။”

ထိုစကား ထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေကြီး ပြိုကျသွားသကဲ့သို့ ဖြစ်သွား၏။ ဧကရာဇ်သည် တကယ်ပင် တရားဝင် နန်းစွန့်လိုက်ပြီ ဖြစ်သည်။

သို့ပေမည့် ထိုအချိန်တွင်…

ဧကရာဇ်၏ ရင်ထဲတွင်မူ ရက်စက်ကြမ်းကြုတ်သော ရေတွက်မှုများကို ပြုလုပ်နေခဲ့သည်။ သူ၏ မျက်လုံးများသည် ရွှေပလ္လင်ပေါ်ရှိ ဧကရာဇ်ဟောင်းနှင့် အိမ်ရှေ့စံ ကျိုးလီတို့ထံသို့ စိုက်ကြည့် နေခဲ့၏။

တစ်ယောက်က သူ၏ ဖခင်ဖြစ်ပြီး တစ်ယောက်က သူ၏ သားဖြစ်၏။ မကြာမီ သူတို့သည် ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားတော့မှာဖြစ်သည်။

ဧကရာဇ်တစ်ပါးအနေဖြင့် အထီးကျန်သူ ဖြစ်ရမှာဖြစ်ပြီး ဖခင်မရှိ၊ သားမရှိ ဖြစ်ရပေမည်။ ခမည်းတော်သည် သူ့အား အပြစ်မတင်လောက်ဟု သူ တွေးနေခဲ့၏။

‘ငါး၊ လေး၊ သုံး၊ နှစ်၊ တစ် …’

ထိုအချိန်တွင် နက္ခတ်ဗေဒင်ရုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန်လန်ကုန်ပြီ။ ကောင်းကင်ဘုံက အပြစ်ပေးတော့မယ်။ ကောင်းကင်ဘုံက အပြစ်ပေးတော့မယ်။”

တစ်ချိန်တည်းမှာပဲ အပြင်ဘက်မှ လေတိုးသံများ ထွက်ပေါ်လာပြီး မီးလောင်နေသော ဥက္ကာပျံ ဒါဇင်ပေါင်း များစွာသည် ကောင်းကင်ယံတွင် မျဉ်းကွေးပုံစံ ဖြတ်သန်းသွားကာ ကွမ်မင်နန်းဆောင်၏ အမိုးကို ပြင်းထန်စွာ ရိုက်ခတ်လာ၏။

“ဘုန်း… ဘုန်း… ဘုန်း…”

ကျယ်လောင်သော အသံကြီးများနှင့်အတူ ဥက္ကာပျံ ဒါဇင်ပေါင်းများစွာသည် အမိုးကို ဖောက်ထွင်းကာ နန်းတော်အတွင်းသို့ ကျရောက်လာတော့သည်။

“အရှင်မင်းမြတ်ကို ကာကွယ်ကြ။ ဧကရာဇ်ဟောင်းကို ကာကွယ်ကြ။”

ထိုအချိန်တွင် ဧကရာဇ် ဝမ်ယွမ်သည် ရုတ်တရက် မတ်တပ်ရပ်လာကာ ရွှေပလ္လင်ဆီသို့ ပြေးသွားရင်း အော်ဟစ်လိုက်၏။ “ခမည်းတော်ကို ကာကွယ်ကြ။”

“ဘုန်း… ဘုန်း… ဘုန်း…”

ပြင်းထန်လှသော ပေါက်ကွဲသံများ ဖြစ်ပေါ်လာ၏။ ရွှေပလ္လင်အောက်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အံ့မခန်း ပေါက်ကွဲမှုကြီး ဖြစ်သွား၏။ မီးတောက်ကြီးများ မြင့်တက်လာပြီး မီးခိုးငွေ့များ အလိပ်လိုက် ထွက်ပေါ်လာသည်။

လူတိုင်း အသည်းအေးသွားကြပြီး သူတို့ မြင်တွေ့နေရသော မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေကြသည်။ အမတ်များအားလုံး မြေပြင်ပေါ်တွင် ဝပ်ချလိုက်ကြ၏။

“အရှင်မင်းမြတ်ကို ကာကွယ်ကြ။ အရှင်မင်းမြတ်ကို ကာကွယ်ကြ။”

အပြင်ဘက်ရှိ စစ်သည်များ အလျင်အမြန် ပြေးဝင်လာကြသည်။ ပိုမိုများပြားသော တပ်ဖွဲ့များသည် ကွမ်မင်ဆောင်ဆီသို့ ပြေးဝင်လာကြပြီး ခဏအတွင်းမှာပင် နန်းတော်၏ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။

…

စက္ကန့်အတော်ကြာပြီးနောက်တွင်။

“ကောင်းကင်ဘုံက အပြစ်ပေးတာ… ကောင်းကင်ဘုံက တကယ် အပြစ်ပေးတာပဲ။” နက္ခတ်ဗေဒင်ရုံးက ပြောလိုက်၏။

ယခင်က အောက်ယွီ ပြုလုပ်ခဲ့သော ကောင်းကင်ဘုံ၏ အပြစ်ပေးမှုသည် နေမင်းကြီး ပျောက်ကွယ်သွားပြီး ကမ္ဘာမြေတစ်ခုလုံး မှောင်မိုက်သွားခဲ့သည့် နေကြတ်ခြင်း ဖြစ်၏။ ထို့အပြင် ဥက္ကာပျံများသည်လည်း ကောင်းကင်ယံမှ အမှန်တကယ် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

ယခု ကောင်းကင်ဘုံ၏ အပြစ်ပေးမှုဆိုသည်မှာ ဥက္ကာပျံများက မနီးမဝေးမှ ပစ်လွှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း သိသာလွန်းလှသည်။ ထို့အပြင် ရွှေပလ္လင် ပေါက်ကွဲမှုသည် လမင်းမီးကို အသုံးပြုထားခြင်း ဖြစ်ကြောင်း သိသာလှ၏။

သို့ပေမည့် ဤကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုအောက်တွင် ဧကရာဇ်ဟောင်းနှင့် အိမ်ရှေ့စံ ကျိုးလီတို့သည် သေဆုံးသွားပြီဖြစ်ရာ ဧကရာဇ် တစ်ပါးတည်းသာ အာဏာကို အကြွင်းမဲ့ ချုပ်ကိုင်နိုင်တော့မှာ ဖြစ်ပြီး သူက ကောင်းကင်ဘုံ၏ အပြစ်ပေးမှုဟု ပြောလျှင် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုသာ ဖြစ်ပေလိမ့်မည်။

ထို့နောက် အမတ် ရာပေါင်းများစွာက ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

“ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာပါပဲ။ ဧကရာဇ်မင်းမြတ်… အမိန့်ကို ချက်ချင်း ရုပ်သိမ်းပေးပါ။ ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန်မလှန်ပါနဲ့။ မဟုတ်ရင် ဒီထက် ပိုကြောက်စရာကောင်းတဲ့ အပြစ်ပေးမှုတွေ ကျရောက်လာပါလိမ့်မယ်။ ဧကရာဇ်မင်းမြတ်… သရဖူကို ပြန်ဆောင်းပြီး နဂါးဝတ်ရုံကို ပြန်ဝတ်ဆင်ပါ။”

အမတ် ရာပေါင်းများစွာတို့သည် ဧကရာဇ်ထံသို့ ဦးညွှတ်ကာ အော်ဟစ်နေကြ၏။

သို့ပေမည့် ထိုအချိန်တွင် ဧကရာဇ်သည် လောကတွင် မိဘအပေါ် အသိတတ်ဆုံး သားတစ်ယောက်အသွင် ဖန်တီးကာ ရွှေပလ္လင်ဆီသို့ ပြေးသွားလိုက်သည်။

“ခမည်းတော်… ခမည်းတော်… ကျိုးလီ… ကျိုးလီ …” ဧကရာဇ်သည် အော်ဟစ်ငိုယိုကာ ခြေကော လက်ပါ သုံး၍ အပျက်အစီးများကြားသို့ တိုးဝင်သွားခဲ့သည်။

အချိန်အတန်ကြာပြီးနောက် မီးခိုးငွေ့များ ကင်းစင်သွားခဲ့၏။

ရွှေပလ္လင်ရှိရာ နံရံတစ်ဖက်လုံး ပြိုကျနေပြီး အမိုးများလည်း ပြိုကျနေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

ဧကရာဇ်ဟောင်းနှင့် အိမ်ရှေ့စံ ကျိုးလီတို့သည် ရွှေပလ္လင်နှင့်အတူ ပိမိနေပြီး အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။ လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ ထိုအပျက်အစီးများပေါ်တွင် မီးရဲရဲတောက်နေသော ဥက္ကာပျံတစ်လုံး ရှိနေသေး၏။

ဧကရာဇ်သည် ရှေ့သို့ ပြေးသွားပြီး ပြိုကျနေသော အပျက်အစီးများကို လက်ဖြင့် အတင်းတူးဆွနေခဲ့သည်။

“ခမည်းတော်… သားတော်ကို ခြောက်လန့်မနေပါနဲ့။ ကောင်းကင်ဘုံက ခမည်းတော်ကို ကာကွယ်ပေးပါစေ။ ဘာမှမဖြစ်ပါစေနဲ့။ ကျိုးလီ… ကျိုးလီ… ကျုပ်ကို သားသမီးသေလို့ ကြေကွဲရတဲ့ ဖခင်တစ်ယောက် မဖြစ်စေပါနဲ့။”

ညီလာခံတစ်ခုလုံးတွင် ဧကရာဇ်တစ်ယောက်တည်း၏ ငိုကြွေးသံကိုသာ ကြားနေရပြီး လူတိုင်း၏ နှလုံးသားများ တုန်ယင်နေကြ၏။

ဧကရာဇ်သည် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုဟူသော ခေါင်းစဉ်ဖြင့် ဖခင်နှင့် သားကို သတ်ဖြတ်ခဲ့သည်။ တာ့ကျိုးအင်ပါယာ တည်ထောင်ပြီး နှစ်ရာပေါင်းများစွာအတွင်း ဤမျှ ရက်စက်သော ဧကရာဇ်မျိုး မရှိခဲ့ဖူးချေ။

ဧကရာဇ်က လူပုံအလယ်တွင် နန်းစွန့်ပါမည်ဟု ပြောဆိုခဲ့ခြင်းမှာ ထိုကဲ့သို့သော ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ဖန်တီးရန်အတွက် ဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်။

ဤသို့ဖြင့် သူသည် ကောင်းကင်ဘုံ၏ အလိုတော်ဟုဆိုကာ နန်းပလ္လင်ပေါ်သို့ ပြန်လည် တက်ရောက်နိုင်မှာ ဖြစ်၏။

ယခု တာ့ကျိုးတွင် ဧကရာဇ် ဝမ်ယွမ်ကို မည်သူက ယှဉ်ပြိုင်နိုင်မည်နည်း။ ဧကရာဇ်ဟောင်းကို ဆုံးရှုံးသွားပြီး အိမ်ရှေ့စံ ကျိုးလီကို ဆုံးရှုံးသွားပြီဖြစ်ရာ အောက်ယွီလည်း အသေဆိုးဖြင့် သေရတော့မည် ဖြစ်သည်။ ဤမြင်ကွင်းကို ကြည့်ကာ ဧကရာဇ်၏ အဖွဲ့မှ အမတ်များပင်လျှင် ကြက်သီးမွေးညင်း ထသွားကြ၏။

“ခမည်းတော်… ခမည်းတော်… လာကြစမ်း… မြန်မြန်လာပြီး ခမည်းတော်ကို ကယ်ကြပါအုံး။ အိမ်ရှေ့စံကို ကယ်ကြပါအုံး…” ဧကရာဇ်သည် အော်ဟစ်ငိုယိုကာ ပြိုကျနေသော အပျက်အစီးများကို လက်ဖြင့် အတင်း တူးဆွနေသောကြောင့် မကြာမီ သူ၏ လက်များမှ သွေးများ ယိုစီးလာခဲ့သည်။

မကြာမီ လူအများအပြား၏ အကြည့်အောက်တွင် ဧကရာဇ်သည် ပိမိနေသော ဧကရာဇ်ဟောင်းကို တူးဖော် တွေ့ရှိသွားခဲ့၏။

“ခမည်းတော်… ခမည်းတော် ဘာမှ မဖြစ်ပါစေနဲ့။” ဧကရာဇ်သည် ငိုကြွေးရင်း ရူးသွပ်နေသူ တစ်ယောက်အလား ဧကရာဇ်ဟောင်းအပေါ်သို့ ပြုတ်ကျနေသော သစ်သားနှင့် အုတ်ခဲများကို ဖယ်ရှား လိုက်သည်။

လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ ဧကရာဇ်ဟောင်း၏ တစ်ကိုယ်လုံးတွင် သွေးများ စွန်းပေနေပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ အိမ်ရှေ့စံ ကျိုးလီကို အောက်တွင် ဖုံးအုပ်ကာကွယ်ပေးထား၏။

ဤမေတ္တာသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေနိုင်၏။ သို့ပေမည့် သူတို့နှစ်ယောက်စလုံး မလှုပ်မယှက် ရှိနေကြပြီ ဖြစ်သည်။

“ခမည်းတော်… ခမည်းတော်… သတိထားပါအုံး။ သတိထားပါအုံး… သမားတော်… သမားတော်… မြန်မြန်လာပြီး ခမည်းတော်ကို ကယ်ပါအုံး။ အိမ်ရှေ့စံကို ကယ်ကြပါအုံး…” ဧကရာဇ်သည် ငိုကြွေးရင်း ဧကရာဇ်ဟောင်းကို ဖက်ကာ အတင်း လှုပ်ရမ်းနေခဲ့၏။

အိမ်ရှေ့စံက ဧကရာဇ်ဟောင်း၏ အကာအကွယ်ကို ရရှိထားသောကြောင့် သွေးများ သိပ်မရှိသော်လည်း ဧကရာဇ်ဟောင်းမှာမူ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲရွှဲစိုနေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဤအခြေအနေအရဆိုလျှင် သေဆုံးသွားသည်မှာ သေချာနေပြီ ဖြစ်သည်။

“ခမည်းတော်… ခမည်းတော်…” ဧကရာဇ်သည် ညီလာခံရှိ အမတ်များရှေ့တွင် သွေးအန်သည့် ပြဇာတ်ကို ထပ်မံ ကပြလိုက်ပြန်၏။

သို့ပေမည့် ထိုအချိန်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သေဆုံးသွားပြီဟု ထင်မှတ်ထားသော ဧကရာဇ်ဟောင်းသည် ရုတ်တရက် ဖြည်းညင်းစွာ ထိုင်လျက်သား ဖြစ်လာခဲ့၏။

ဤသည်မှာ သရဲခြောက်နေခြင်းလား။ လူတိုင်း ထိတ်လန့်သွားကြ၏။ ဤမျှ ပြင်းထန်သော ပေါက်ကွဲမှုကြီးအောက်တွင် ဧကရာဇ်ဟောင်းက မသေဘူးလား။ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲရွှဲစိုနေသော်လည်း အသက်ရှင်နေဆဲ ဖြစ်သည်လား။

ထိုင်လျက်သား ဖြစ်လာသော ဧကရာဇ်ဟောင်းက ဧကရာဇ်ကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။ “ဧကရာဇ်… မင်း လုပ်ရပ်တွေက တော်တော်ကောင်းတာပဲ။ မင်း တစ်သက်လုံး အရှင်သခင်ကို လုပ်ကြံတာ၊ ဖခင်ကို သတ်တာဆိုတဲ့ စွပ်စွဲချက်ကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။”

ထိုင်လျက်သား ဖြစ်လာသော ဧကရာဇ်ဟောင်းကို မြင်လိုက်ရချိန်တွင် ဧကရာဇ်၏ တစ်ကိုယ်လုံး တုန်ယင် သွားတော့သည်။ သူ၏ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားမတတ် ဖြစ်သွားကာ ဝိညာဉ်သည် ချက်ချင်း လွင့်စင်သွားလုနီးပါး ဖြစ်သွား၏။

ယခင်က ထက်မြက်လှသော ဧကရာဇ်၏ ဦးနှောက်ထဲတွင် ရူးသွပ်ပြီး ပြင်းထန်လှသော ဆန္ဒတစ်ခုသာ ကြီးစိုးသွားခဲ့သည်။

သူသည် ဉာဏ်ပညာနှင့် အကြောင်းပြချက်များကို ဂရုမစိုက်တော့ဘဲ လူသတ်လိုစိတ်သာ ပြင်းပြနေခဲ့သည်။ မည်သို့ဆိုစေကာမူ သူ ဧကရာဇ် ဝမ်ယွမ်၏ သိုင်းပညာသည် အောက်ရှင်းနီးပါး အလွန် အစွမ်းထက်သည် မဟုတ်ပါလား။

သူသည် အံကို တင်းတင်းကြိတ်ကာ ဧကရာဇ်ဟောင်းထံသို့ ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ခုဖြင့် တိုက်ခိုက်လိုက်သည်။

အရှင်သခင်အား လုပ်ကြံခြင်းနှင့် ဖခင်အား သတ်ဖြတ်ခြင်းကို သူကိုယ်တိုင် ပြုလုပ်မှသာ ရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်၊ သုံးဆယ်တည်းက ဤသို့ ပြုလုပ်လိုသော ဆန္ဒများမှာ ယခုမှ ပြည့်ဝတော့မည်ဖြစ်၍ ကိုယ်တိုင် သတ်ဖြတ်ရန်သာ ရူးသွပ်စွာ တွေးတောနေခဲ့၏။

“ဘုန်း…”

ဧကရာဇ်၏ ရူးသွပ်သော လက်ဝါးရိုက်ချက်နှင့်အတူ ဧကရာဇ်ဟောင်း၏ ပိန်လှီနေသော ခန္ဓာကိုယ်သည် လွင့်ထွက်သွားပြီး နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။

ညီလာခံတစ်ခုလုံး အလွန်အမင်း ထိတ်လန့်သွားကြပြီး အမတ်များသည် ထိုမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြ၏။

ဤကဲ့သို့ လူပုံအလယ်တွင် ဖခင်နှင့် အရှင်သခင်ကို သတ်ဖြတ်ခြင်းက တိရစ္ဆာန်တစ်ကောင်၊ နတ်ဆိုး တစ်ကောင်အဖြစ် ပြောင်းလဲသွားစေတော့မှာဖြစ်သည်။

ဧကရာဇ်၏ သိုင်းပညာသည် အလွန် မြင့်မားပြီး ဧကရာဇ်ဟောင်းသည် လေဖြတ်နေသည်မှာ ကြာပြီဖြစ်ကာ အသက်အရွယ်ကြီးရင့်ပြီး ခန္ဓာကိုယ် အားနည်းနေပြီ ဖြစ်၏။ ဤလက်ဝါးရိုက်ချက်အောက်တွင် အတွင်းကလီစာများ အားလုံး ကြေမွသွားပြီး သေချာပေါက် သေဆုံးသွားမည် မဟုတ်ပါလား။

သို့ပေမည့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက ထပ်မံ ပေါ်ထွက်လာပြန်သည်။ လွင့်ထွက်သွားသော ဧကရာဇ်ဟောင်းသည် ဖြည်းညင်းစွာ ပြန်လည် ထိုင်လျက်သား ဖြစ်လာခဲ့၏။

ကောက်ရိုးတစ်မျှင်ကဲ့သို့ ပိန်လှီနေသော ခန္ဓာကိုယ်သည် ဤမျှ ခံနိုင်ရည် ရှိနေသည်လား။ သူသည် ထိုင်လျက်သား ဖြစ်လာရုံသာမက ဖြည်းညင်းစွာ မတ်တပ်ရပ်လာခဲ့သည်။

ဧကရာဇ်ဟောင်းမှာ လေဖြတ်နေပြီး အသုံးမကျသူ တစ်ယောက် ဖြစ်နေပြီဟု လူတိုင်း သိထားခဲ့ကြရာ ယခု အခြေအနေသည် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်းဟု တွေးတောနေကြ၏။

ထို့နောက် ဧကရာဇ်ဟောင်းသည် ဧကရာဇ်ထံသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

ဤအချိန်တွင် လူတိုင်း ကျောချမ်းသွားကြပြီး ဝိညာဉ်လွင့်စင်သွားလုနီးပါး ဖြစ်သွားကြသည်။ ဧကရာဇ်ပင်လျှင် လုံးဝ အံ့အားသင့်သွားပြီး တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့၏။

ထျန်းယန်ဧကရာဇ်ဟောင်းသည် တစ်ကိုယ်လုံး သွေးများ ရွှဲရွှဲစိုနေလျက် ဧကရာဇ်၏ အရှေ့သို့ ရောက်လာပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “အမိုက်အမဲကောင်… မင်းက တကယ်ကို ယုတ်မာလွန်းတယ်။ ကိုယ်တော်က မင်းကို အမြဲတမ်း အခွင့်အရေး ပေးခဲ့တယ်။ သွေးသားချင်း မသတ်ဖြတ်ချင်ခဲ့ဘူး။ မင်းကို ဂုဏ်သိက္ခာရှိရှိ ထွက်သွားဖို့ အခွင့်အရေး ပေးချင်ခဲ့တာ။

ဒါပေမဲ့ မင်းက တိရစ္ဆာန်ထက်တောင် ဆိုးရွားနေမယ်လို့ မထင်ထားခဲ့ဘူး။ ဒီနေ့ကစပြီး ကိုယ်တော်တို့ တာ့ကျိုးအင်ပါယာမှာ မင်းလို ဧကရာဇ် မရှိတော့ဘူး။ ကိုယ်တော်တို့ တာ့ကျိုးရဲ့ ဆွေစဉ်မျိုးဆက် မှတ်တမ်းမှာလည်း မင်းနာမည် မရှိတော့ဘူး။ တာ့ကျိုးရဲ့ တော်ဝင်သင်္ချိုင်းမှာလည်း မင်းအတွက် နေရာ မရှိတော့ဘူး။”

ထို့နောက် ထျန်းယန်ဧကရာဇ်ဟောင်းသည် ဧကရာဇ်၏ လည်ပင်းနောက်ဘက်ကို လက်ဝါးဖြင့် ဖွဖွလေး ရိုက်လိုက်၏။

“ခမည်းတော်... ခမည်းတော်...”

ဧကရာဇ် ဝမ်ယွင်သည် အနည်းငယ်မျှပင် ပြန်မခုခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ခွေယိုင်ကျသွားပြီး သေနေသော ခွေးတစ်ကောင်ကဲ့သို့ အဆက်မပြတ် တုန်ခါနေတော့သည်။

…………………….

အပိုင်း (၆၁၆)

ညီလာခံ တစ်ခုလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်နေဆဲ ဖြစ်၏။

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး၏ စိတ်နှလုံးများသည် တောင်ကြီး ပြိုကျလာသကဲ့သို့၊ ပင်လယ်ရေလှိုင်းကြီး လိမ့်ဝင်လာသကဲ့သို့ ကြီးမားသော ထိုးနှက်ချက်များကို ခံစားနေကြရသည်။

ပထမဆုံးအနေဖြင့် ဧကရာဇ်က ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ပြဇာတ်ကြီးကို အသုံးပြုပြီး ဧကရာဇ်ဟောင်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ဤအခြေအနေမှာ လူတိုင်းကို အလွန် အံ့ဩတုန်လှုပ်သွားစေခဲ့ပြီ ဖြစ်၏။

ထို့နောက် ဧကရာဇ်ဟောင်းက အပျက်အစီးများကြားမှ မတ်တတ်ရပ်လာခဲ့ပြီး ဧကရာဇ်ကလည်း ဧကရာဇ်ဟောင်းကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချကာ ဧကရာဇ်ကို လုပ်ကြံပြီး အဖေကို သတ်သည့် ပြစ်မှုကို လူသိရှင်ကြား ကျူးလွန်ခဲ့သည်။

သို့ပေမည့် ဤအံ့ဩတုန်လှုပ်ဖွယ် ကိစ္စများ အားလုံး ပေါင်းစပ်လိုက်လျှင်တောင်မှ ယခုအချိန်တွင် ဖြစ်ပျက်နေသော ကိစ္စကို မမီနိုင်ချေ။

ဧကရာဇ်ဟောင်းသည် ကျန်းမာသန်စွမ်းသော ခြေလှမ်းများဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး လက်ဝါး တစ်ချက် ညင်သာစွာ ရိုက်ချလိုက်ရုံဖြင့် ဧကရာဇ်ကို မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။

ဆယ်နှစ်တိုင်တိုင် လေဖြတ်နေခဲ့သော၊ ဆယ်နှစ်တိုင်တိုင် အသုံးမကျသော လူတစ်ယောက် ဖြစ်နေခဲ့သော ဧကရာဇ်ဟောင်းသည် ဤမျှလောက်တောင် အစွမ်းထက်နေသည်လား။ အေးအေးဆေးဆေး လမ်းလျှောက် လာနိုင်သည်လား။

‘ဒါက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်။’

ယွင်ကျုံးဟဲ့သည် မြေပြင်ပေါ်ရှိ မင်းသား ကျိုးလီကို သွားရောက် ပွေ့ချီလိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးကွက် အများအပြား မရှိသလို သိသာထင်ရှားသော အပြင်ဒဏ်ရာများလည်း မရှိသော်လည်း သတိလစ် မေ့မြောလို့နေသည်။

ဧကရာဇ်ဟောင်းသည် မင်းသား ကျိုးလီ၏ ဘေးသို့ ညင်သာစွာ ရောက်ရှိလာပြီး ဖြည်းညင်းစွာ ထိုင်ချကာ ခေါင်းကို ချစ်ခင်ယုယစွာဖြင့် ပွတ်သပ်ပေးနေ၏။ “သမားတော်... မြန်မြန် လာကယ်ပါအုံး။”

“ကောင်းပါပြီ။” အပြင်ဘက်မှ နန်းတွင်း သမားတော်အချို့ ပြေးဝင်လာကြပြီး မင်းသား ကျိုးလီကို သယ်ဆောင်သွားကြတော့သည်။

ထိုအချိန်တွင် မိန်းမစိုး ဟောက်ချန်သည် ရေနွေး တစ်ဇလုံ ယူဆောင်လာပြီး ဧကရာဇ်ဟောင်း၏ ခေါင်းပေါ်ရှိ ဒဏ်ရာများနှင့် မျက်နှာပေါ်ရှိ ဒဏ်ရာများကို ညင်သာစွာ သုတ်သင်ပေးလိုက်၏။

လူတိုင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်မှာ ဧကရာဇ်ဟောင်း၏ မျက်နှာပေါ်ရှိ သွေးများကို သုတ်သင် ပေးလိုက်ပြီးနောက် ဧကရာဇ်ဟောင်း၏ မျက်နှာသည် အသက် နှစ်ဆယ်ခန့် ပိုမို နုပျိုသွားကြောင်းပင်။

ယခု ကြည့်ရသည်မှာ ဤသည်မှာ အသက် ရှစ်ဆယ်အရွယ် လူတစ်ယောက်နှင့် လုံးဝ မတူတော့ဘဲ အလွန်ဆုံး အသက်ငါးဆယ်ကျော်ခန့်သာ ရှိသေးပုံရသည်။

ဧကရာဇ်ဟောင်းသည် တစ်ကိုယ်လုံး သွေးများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သော်လည်း နန်းဆောင်ကြီး အတွင်း၌ ဖြည်းညင်းစွာ လျှောက်လှမ်းနေ၏။

သူ ဖြတ်သန်းသွားသော နေရာတိုင်းရှိ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။

နန်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိသွားချိန်မှာတော့ အပြင်ဘက်တွင် စစ်သည်များ ပြည့်နှက်လို့နေပြီး အားလုံးမှာ ဧကရာဇ် စီစဉ်ထားသော စစ်တပ်များ ဖြစ်ကြကာ ဟေးပင်းထိုင်၏ စစ်တပ်များလည်း ပါဝင်၏။

ဧကရာဇ်ဟောင်း၏ အကြည့်များမှာ ဤစစ်သည်များထံသို့ ရောက်ရှိသွားပြီး အလွန် အစွမ်းထက်ပြီး ဩဇာတိက္ကမ ကြီးမားသော အရှိန်အဝါ တစ်ခုသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာတော့သည်။

ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့သည် ဖြည်းညင်းစွာ ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “ကျုပ် ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”

ဆက်လက်၍ သူက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ “ဧကရာဇ်ဟောင်းကို အရိုအသေ မပေးကြသေးဘူးလား။”

ခေါင်းဆောင် စစ်သူကြီးအချို့သည် ခေတ္တ တွေဝေသွားပြီးနောက် ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”

စစ်သည် သောင်းချီသည် သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြသည်။ “ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”

ဧကရာဇ်ဟောင်းသည် တစ်လှမ်းချင်းစီ အပြင်ဘက်သို့ ဆက်လက် လျှောက်လှမ်းသွားပြီး နန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိသွားတော့၏။

အပြင်ဘက်ရှိ စစ်သည် သောင်းချီသည်လည်း သပ်သပ်ရပ်ရပ် ဒူးထောက်ကာ ပြောလိုက်ကြသည်။ “ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”

စစ်သေနာပတိချုပ် အောက်ရှင်းသည် ဧကရာဇ်ဟောင်းကို မြင်တွေ့ရချိန်မှာတော့ အနည်းငယ် အံ့ဩသွားပြီးနောက် ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”

ဧကရာဇ်ဟောင်း ရှေ့သို့တက်ကာ အောက်ရှင်းကို ညင်သာစွာ ဆွဲထူလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “မိတ်ဆွေဟောင်း... ပြန်လည် ထွက်ပေါ်လာပါတော့။ တောင်ပိုင်း စစ်သေနာပတိချုပ်၊ ဖျောက်ချီ စစ်သူကြီးချုပ်၊ စစ်ရေး အကြီးအကဲ၊ နိုင်ကော် အမတ်ကြီး... ခင်ဗျား ကြိုက်တာ ရွေးလို့ ရတယ်။”

စစ်သေနာပတိချုပ် အောက်ရှင်းက ဦးညွတ်လျက် ပြန်ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ်က တိုက်ခိုက်လိုစိတ်တွေ လုံးဝ မရှိတော့ဘူး။ ဧကရာဇ်ဟောင်းရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”

“အင်း...”

ဧကရာဇ်ဟောင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “ခင်ဗျားကို အပြစ်မတင်ဘူး။ ခင်ဗျားကို အပြစ်မတင်ပါဘူး။”

ထို့နောက် ဧကရာဇ်ဟောင်းသည် ထိုနေရာတွင် ရှိနေသော စစ်သည်သောင်းချီကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “အားလုံးပဲ ပင်ပန်းသွားကြပြီ။ ထကြပါ။”

ချက်ချင်းပဲ စစ်သည် သောင်းချီသည် သပ်သပ်ရပ်ရပ် မတ်တတ်ရပ်လိုက်ကြသည်။

ဧကရာဇ်ဟောင်းသည် တစ်ယောက်တည်း နန်းဆောင်ကြီး အတွင်းသို့ ဖြည်းညင်းစွာ ပြန်လည် ဝင်ရောက် လာပြီး နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်၏ အရှေ့သို့ ရောက်ရှိသွားတော့၏။

နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်သည် တစ်ကိုယ်လုံး မြေပြင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့် တစ်ချက်လေးမျှ မလှုပ်ရှားရဲဘဲ တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းကို အရိုအသေ ပေးပါတယ်။ ကျုပ်မှာ အပြစ် ရှိပါတယ်။”

ဆက်လက်၍ ဝန်ကြီးချုပ် လင်ကုန်းသည်လည်း တစ်ကိုယ်လုံး တုန်ယင်နေလျက် ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။ ကျုပ်မှာ အပြစ် ရှိပါတယ်။”

နိုင်ကော်မှ အမတ်ကြီး နှစ်ဦး၊ ဝန်ကြီး သုံးဦးနှင့် ယခင်က ဧကရာဇ်၏ဘက်တွင် ရပ်တည်ခဲ့ကြသော အမတ်များ အားလုံး ဒူးထောက်ကာ တုန်ယင်စွာဖြင့် ပြောလိုက်ကြသည်။ “ကျုပ်တို့မှာ အပြစ် ရှိပါတယ်။”

ဧကရာဇ်ဟောင်းသည် နောက်တစ်ကြိမ် အပေါက်များ ပြည့်နှက်နေသော ကွမ်မင်နန်းဆောင်ကို မော့ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီ ကွမ်မင်နန်းဆောင်ကို ပြင်ဆင်သင့်ပြီ။ ဒီနေ့တော့ ဒီလောက်ပဲ ထားလိုက်ကြတာပေါ့။ အမြန်ဆုံး ပြင်ဆင်ကြပါ။ ညီလာခံ သိမ်းပြီ။”

“သူ့ကို ဖမ်းပြီး ချုပ်ထားလိုက်။” ဧကရာဇ်ဟောင်းက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဧကရာဇ်ကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။

“အမိန့်တော်အတိုင်းပါ။”

………………

ဧကရာဇ်ဟောင်းသည် ချန်အန်း နန်းဆောင် အတွင်းသို့ ပြန်လည် ရောက်ရှိသွားချိန်မှာတော့ အိမ်ရှေ့စံမင်းသား ကျိုးလီသည် ကုတင်ပေါ်တွင် လဲလျောင်းလို့နေ၏။

ပတ်ဝန်းကျင်တွင် နန်းတွင်း သမားတော်များ အပြည့်ရှိနေပြီး ဧကရာဇ်ဟောင်း ကိုယ်တိုင် အိမ်ရှေ့စံ မင်းသား၏ ခန္ဓာကိုယ်ကို သုတ်သင် ဆေးကြောပေးနေသည်။

“အိမ်ရှေ့စံမင်းသားရဲ့ အခြေအနေ ဘယ်လိုနေလဲ။”

ဧကရာဇ်ဟောင်းက မေးလိုက်၏။ “ဘာလို့ အခုချိန်ထိ သတိမရလာသေးတာလဲ။”

နန်းတွင်းသမားတော်က ဦးညွတ်လျက် ပြန်ဖြေလိုက်သည်။ “ဧကရာဇ်ဟောင်းကို လျှောက်တင်ပါတယ်။ အိမ်ရှေ့စံမင်းသားဟာ လောလောဆယ် သတိရလာဖို့ ခက်ခဲပါလိမ့်မယ်။”

“ဘာဖြစ်လို့လဲ။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ပေါက်ကွဲမှု ဖြစ်တုန်းက ကျုပ် ကိုယ်တိုင် သူ့ကို ကိုယ်လုံးနဲ့ ကာကွယ်ပေး ထားခဲ့တာလေ။ သူက ကြီးမားတဲ့ ဒဏ်ရာတွေ မရခဲ့ဘူး။ သွေးလည်း သိပ်မထွက်သလို၊ အပြင်ဒဏ်ရာလည်း မရှိဘူးလေ။”

နန်းတွင်း သမားတော်က ရှင်းပြလိုက်သည်။ “ဧကရာဇ်ဟောင်းရဲ့ မေတ္တာတရားကို ကျုပ်တို့ အရမ်းကို လေးစားပါတယ်။ ဒါပေမဲ့ အဲဒီ ပေါက်ကွဲမှုကြီးရဲ့ အရှိန်အဟုန်ဟာ အရမ်းကို ပြင်းထန်လွန်းတဲ့ မုန်တိုင်းကြီးတစ်ခုလိုပါပဲ။ အိမ်ရှေ့စံမင်းသားရဲ့ ဦးနှောက်ကို ရိုက်ခတ်သွားပြီး ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေခဲ့တယ်။ ဒါကြောင့် လောလောဆယ် သတိမရနိုင်သေးတာပါ။”

“အိမ်ရှေ့စံမင်းသားကို အမြန်ဆုံး သတိရလာအောင် လုပ်ပေးရမယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “နိုင်ငံတော်မှာ ဧကရာဇ် တစ်ပါး မရှိဘဲ နေလို့ မဖြစ်ဘူး။”

နန်းတွင်းသမားတော်က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... ကျုပ်တို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။”

ထို့နောက် ဧကရာဇ်ဟောင်း၏ အကြည့်များမှာ ယွင်ကျုံးဟဲ့ထံသို့ ရောက်ရှိသွားပြီး ပြောလိုက်၏။ “ကလေး... မင်းကို နောက်တစ်ခါ အကူအညီ တောင်းရပြန်ပြီ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျုပ်ဆီမှာ မီတျဲ ချိုင့်ဝှမ်းရဲ့ ကုသိုလ်ဒင်္ဂါးတွေ ရှိတယ်။ အိမ်ရှေ့စံမင်းသားကို ကုသပေးဖို့ မီတျဲ ချိုင့်ဝှမ်းက ဆရာကြီးတွေကို ဘယ်လောက်ပဲ ပေးဆပ်ရပါစေ အကူအညီ တောင်းပါ့မယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ကောင်းပြီ... ကောင်းပြီ။ ကောင်းကင်ဘုံက မေတ္တာတရား ရှိပြီး ကျုပ်တို့ အဘိုးနဲ့ မြေးရဲ့ ဆုတောင်းသံတွေကို ကြားနိုင်ပါစေလို့ မျှော်လင့်တယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကောင်းပါပြီ။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “မင်း အိမ်ကနေ ထွက်သွားတာ လအတော်ကြာပြီ ဆိုတော့ မိသားစုဝင်တွေလည်း အရမ်း လွမ်းနေလောက်ပြီ။ အိမ်ပြန်လိုက်ပါတော့။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျုပ်ကို သွားခွင့်ပြုပါအုံး။”

ယွင်ကျုံးဟဲ့ အိမ်သို့ ပြန်ရောက်ချိန်မှာတော့ မင်းသမီး ရှန်းရှန်းနှင့် ညီမလေးတို့ ချက်ချင်းပဲ ဝမ်းသာအားရ ဖြစ်သွားကြတော့၏။

တစ်မိသားစုလုံး အတူတကွ ပျော်ရွှင်စွာ ထမင်းစားကြပြီးနောက် လက်ဖက်ရည် သောက်ကာ စကားပြောဆို နေကြသည်။

“သခင်လေး... အပြင်ဘက်မှာ အောက်မင် ရောက်နေပြီး တွေ့ခွင့်တောင်းနေပါတယ်။” အောက်ဟေးက သတင်းပို့လိုက်၏။

ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားပြီးနောက် ပြောလိုက်၏။ “ဧည့်ခန်းကို ခေါ်သွားလိုက်ပါ။”

ဧည့်ခန်းအတွင်း၌ အောက်မင်သည် အောက်ယွီကို မြင်တွေ့သည်နှင့် တပြိုင်နက် ဒူးထောက်ကာ ပြောလိုက်၏။ “ညီလေး... အစ်ကို့ကို ကယ်ပါအုံး၊ အစ်ကို့ကို ကယ်တင်ပေးပါအုံး။ ဒီနေ့ကစပြီး အစ်ကိုက ညီလေးရဲ့ အမိန့်ကိုပဲ နာခံပါတော့မယ်။ ညီလေး တစ်ခွန်း ပြောလိုက်တာနဲ့ အစ်ကိုက ညီလေးအတွက် ရှေ့တန်းကနေ တိုက်ခိုက်ပေးပါ့မယ်။”

ယွင်ကျုံးဟဲ့ အလျင်အမြန် ရှေ့သို့တက်ကာ ဆွဲထူလိုက်ပြီး ပြောလိုက်သည်။ “အစ်ကို... ထပါ၊ ထပါအုံး။ ခင်ဗျား ဒီလောက် အရိုအသေပေးတာ ကျုပ် ဘယ်လိုလုပ် ခံနိုင်မှာလဲ။

အောက်မင်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မထဘဲ ငိုကြွေးလျက် ပြောလိုက်၏။ “ညီလေး အောက်ယွီ.. အစ်ကို အရင်တုန်းက စိတ်တွေ ရှုပ်ထွေးပြီး ညီလေးကို အကြိမ်ကြိမ်အခါခါ ဆန့်ကျင်ခဲ့မိတယ်။ အစ်ကို မှားသွားပါပြီ။ မှားသွားပါပြီ။ ညီလေးသာ အစ်ကို့ကို ခွင့်လွှတ်ပေးနိုင်မယ်ဆိုရင် ဘာမဆို လုပ်ပေးပါ့မယ်။ အစ်ကို့ကို အသက်ရှင်ခွင့်လေး တစ်ခုလောက် ပေးပါအုံး။”

“ထပြီးမှ ပြောပါ... ထပြီးမှ ပြောပါ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

အောက်မင်သည် သတိထား၍ ထလာပြီးနောက် ထိုင်ခုံပေါ်တွင် ထိုင်ကာ တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ညီလေး... ဧကရာဇ်က ဒီလောက်တောင် ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ အလုပ်မျိုးကို လုပ်ရက်လိမ့်မယ်လို့ အစ်ကိုလည်း မသိခဲ့ဘူး။ ဘယ်လို လုပ်ရမလဲ ဆိုတာကို အစ်ကို့ကို သင်ပြပေးပါအုံး...”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကို အရမ်း စိုးရိမ်နေပြီ ထင်တယ်။ ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ် ဝမ်ယွင် တို့က လုံးဝ မတူဘူး။ ဧကရာဇ်ဟောင်းက အရမ်းကို သဘောထားကြီးပြီး သနားကြင်နာတတ်တယ်။ အရင်တုန်းက ခင်ဗျားတို့ ဧကရာဇ်ကို သစ္စာခံခဲ့တာလည်း ဘာမှ မမှားဘူး။

အခု တာ့ကျိုးအင်ပါယာဟာ အန္တရာယ်များတဲ့ အခြေအနေကို ရောက်နေလို့ ဧကရာဇ်ဟောင်းက အပြစ်မရှိတဲ့ သူတွေကို လုံးဝ အပြစ်ပေးမှာ မဟုတ်ဘူး။ အစ်ကိုက အရည်အချင်း အပြည့်ရှိတဲ့ သူတစ်ယောက် ဖြစ်လို့ ဧကရာဇ်ဟောင်းက သတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့အပြင် ခင်ဗျားကို အရေးကြီးတဲ့ နေရာတွေမှာ ခန့်အပ်မယ်ဆိုရင်တောင် မလုံလောက်သေးဘူး။”

အောက်မင်က ပြောလိုက်၏။ “အစ်ကို့ရဲ့ အရည်အချင်းက ညီလေးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး။ ကျေးဇူးပြုပြီး အကြံဉာဏ်လေး ပေးပါအုံး။ အစ်ကို့ တစ်မိသားစုလုံးရဲ့ အသက်က ညီလေးရဲ့ လက်ထဲမှာပဲ ရှိနေတာပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို အစ်ကို့အတွက် ကျုပ် အကြံဉာဏ်လေး ပေးရမလား။”

အောက်မင် ချက်ချင်း ဒူးထောက်ကာ ပြောလိုက်၏။ “ညီလေးရဲ့ အသက်ကယ်ကျေးဇူးကို ကျေးဇူးတင် ပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အခုအချိန်မှာ ဧကရာဇ်ဟောင်း အစိုးရိမ်ဆုံးက ဘာဖြစ်မလဲ။ သေချာပေါက် အနောက်ဘက် နယ်စပ်နဲ့ တောင်ပိုင်းက စစ်သည်သိန်းချီကိုပဲ ဖြစ်မှာပေါ့။”

အောက်မင်က ပြောလိုက်၏။ “အနောက်ဘက် နယ်စပ်အတွက်ကတော့ ဧကရာဇ်ဟောင်း စိတ်ချလို့ရတယ်။ ကျုပ်ရဲ့ အဖေဟာ သစ္စာရှိတဲ့အမတ် တစ်ယောက် ဖြစ်သွားပြီဖြစ်လို့ ဧကရာဇ်ဟောင်းရဲ့ အမိန့်တိုင်းကို လုံးဝ နာခံမှာပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဦးလေး အောက်တုန်းရဲ့ အကျင့်စရိုက်ကို ကျုပ် သေချာပေါက် ယုံကြည် ပါတယ်။ ဒါပေမဲ့ တောင်ပိုင်းဘက်ကတော့ မသေချာဘူးလေ။ အဲဒီဘက်မှာ ဒုတိယမင်းသား ကျိုးကျီနဲ့ ဖူယန်ထူ တို့ရဲ့ နယ်မြေ ဖြစ်နေပြီး သူတို့ လက်ထဲမှာ စစ်သည်သိန်းချီ ရှိနေတယ်။

တောင်ပိုင်းက ပြည်နယ် ငါးခုကို ပိုင်ဆိုင်ထားသလို၊ စီးမိသားစုရဲ့ ပြည်နယ် တစ်ခုပါ ပေါင်းလိုက်ရင် တာ့ကျိုး အင်ပါယာရဲ့ သုံးပုံတစ်ပုံလောက်ကို ပိုင်ဆိုင်ထားတာပဲ။ နှစ်ဖက် ပူးပေါင်းလိုက်ရင် စစ်သည် အင်အား လေးသိန်းကျော် ရှိတယ်။

အခု ဒီဘက်မှာ ဧကရာဇ် ဝမ်ယွင် ပြီးဆုံးသွားပြီဆိုတော့ ဧကရာဇ်ဟောင်းက ကျိုးကျီနဲ့ ဖူယန်ထူ တို့ဘက်က တာ့ကျိုးနိုင်ငံသစ် တစ်ခုကို တည်ထောင်ပြီး နိုင်ငံတော်ကို ခွဲခြမ်းပစ်လိုက်မှာကို အရမ်း စိုးရိမ်နေရတယ်။”

အောက်မင်က ပြောလိုက်၏။ “ဟုတ်တယ်။ ဖူယန်ထူ ဆိုတဲ့ လူက အရမ်း မောက်မာပြီး အာဏာကို မက်မောတဲ့သူပါ။ ယုတ်မာတဲ့ လူတစ်ယောက်ဖြစ်ပြီး အရင်က ကျုပ်တို့ မိသားစုကို အကြိမ်ကြိမ် စော်ကားခဲ့ဖူးတဲ့ ကျုပ်တို့ မိသားစုရဲ့ သေရေးရှင်ရေး ရန်သူကြီးပါပဲ။”

All Chapters