အခန်း ၂၉၂၁
Vol. 233 Ch. 2921
အခန်း(၂၉၂၁)
“ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်ဆိုပါလား”
အနက်ရောင် စာအုပ်လေးကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
သူက အရှင်ပိရို အစောပိုင်းက ထုတ်ဖော်ပြသခဲ့သည့် ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ်ကို ချက်ချင်းပင် ပြေးမြင်မိလိုက်သည်။
ဤကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်သည် အရှင်ပိရို ထုတ်ဖော်ခဲ့သည့် ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ်နှင့် တစ်စုံတစ်ရာပတ်သက်မှု ရှိနေနိုင်ပါသလော။
အရှင်ပိရို အသုံးပြုခဲ့သည့် ကောင်းကင်စစ်နတ်ဘုရားခန္ဓာကိုယ်သည် သံသယဖြစ်စရာ မလိုလောက်အောင်ပင် အလွန်အမင်း အစွမ်းထက်ပြီး ယင်းသည် ဟန်ယွင်အဆင့် အင်မော်တယ် နည်းစနစ်ကိုပင် ကျော်လွန်နေရန် အလားအလာ အလွန်များသည်။
ထို့ကြောင့် ကျန်းချန်က ထိုကဲ့သို့ ဆန်းကြယ်သော အင်မော်တယ်နည်းစနစ် အပေါ်တွင် စိတ်ဝင်စားသွားခဲ့သည်။
“ကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ်တဲ့လား.. ဒဏ္ဍာရီလာပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင် ကျိုလီရဲ့ ကျိူလီစစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်က ပိယွင်အင်မော်တယ် နန်းတော်ထဲမှာ ရှိနေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး”
ထိုအချိန်တွင် အရှင်နှင်းမှုန်၏ မယုံကြည်နိုင်အောင် အံ့အားသင့်စွာ ရေရွတ်လိုက်သော စကားသံသည် ကျန်းချန်၏ နားထဲသို့ ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး အရှင်နှင်းမှုန်ကို ကြည့်ကာ မေးလိုက်သည်။
“စီနီယာက ဒီကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ် အကြောင်း သိနေတာလား”
“ကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်က ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေရဲ့ နံပါတ်တစ် အစွမ်းထက်ဆုံးကျင့်ကြံသူ ဖြစ်တဲ့ အင်မော်တယ်ဘုရင် ကျိုလီရဲ့ အကျော်ကြားဆုံးနည်းစနစ် တစ်ခုပဲ.. ခရမ်းရောင်မီးလျှံနယ်မြေမှာ အဆင့်အတန်း အနည်းငယ်ရှိတဲ့ ကျင့်ကြံသူတွေ ဆိုရင် ဒီအကြောင်းကို မသိတဲ့သူ မရှိဘူး.. ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ ဒီနည်းစနစ်ကို ပိယွင်အင်မော်တယ်နန်းတော်က ရရှိထားလိမ့်မယ်လို့ ငါ တကယ် ထင်မထားခဲ့ဘူး”
အရှင်နှင်းမှုန်က အနက်ရောင်စာအုပ်ကို ကြည့်ကာ ခေါင်းကိုခါရမ်း၍ ပြောလိုက်သည်။
“ဒါပေမဲ့ နှမြောဖို့ကောင်းတာက ဒီကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ်နည်းစနစ်က မပြည့်စုံတဲ့ နည်းစနစ်ဖြစ်ဖို့များတယ်.. အရှင်ပိရိုက တော်တော်လေး အရည်အချင်းရှိတယ်လို့ ပြောရမယ်.. သူက ဒီမပြည့်စုံတဲ့ ကျိူလီစစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ကို အခြေခံပြီး ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ်နည်းစနစ်ကို တီထွင် ကျင့်ကြံခဲ့တာပဲ”
“ကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်က အင်မော်တယ်ဘုရင်အဆင့် ကျင့်စဥ် ဖြစ်နေတယ်လား”
သူ့ရှေ့မှ အနက်ရောင်စာအုပ်ကို စိုက်ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ပိုမိုထင်ဟပ်လာခဲ့သည်။
အရှင်ပိရို၏ ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်သည် မပြည့်စုံသော ကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကနေ တစ်ဆင့် မှီငြမ်းကာ တီထွင်ကျင့်ကြံခဲ့ရသော နည်းစနစ် တစ်ခုမျှသာ ဖြစ်၏။
သို့ဖြစ်ရာ စစ်မှန်သော ကျိူလီစစ်နတ်ဘုရား ခန္ဓာကိုယ်နည်းစနစ်သည် အရှင်ပိရို၏ ကောင်းကင်စစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ထက် ပိုမို အစွမ်းထက်နေလိမ့်မည်မဟုတ်ပါလော။
အကယ်၍ သူသာ ထိုကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့မည် ဆိုလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုမိုမြင့်မားသော အဆင့်တစ်ဆင့်ဆီသို့ သေချာပေါက် တွန်းပို့ပေးနိုင်လိမ့်မည် ဖြစ်သည်။
ကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်၏ မပြည့်စုံမှုနှင့်ပတ်သက်၍မူ ကျန်းချန် ဂရုမစိုက်ခဲ့ပေ။
သူ့ကို အချိန်အလုံအလောက် ပေးသရွေ့ သူက အဆ ၁၀၀ စနစ်ကို အသုံးပြု၍ ထိုကျင့်စဥ်ကို ပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ပြီး ထိုမှတစ်ဆင့် ပြီးပြည့်စုံသော ကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို ရရှိနိုင်ပေသည်။
“စီနီယာနှင်းမှုန်.. ကျွန်တော် ဒီနေရာမှာ တစ်ခဏလောက်ကျင့်ကြံဖို့ စဥ်းစားထားတယ်.. စီနီယာလည်း စီနီယာနဲ့သင့်တော်တဲ့ အရင်းအမြစ်တွေရှိ မရှိ ပိယွင်အင်မော်တယ် နန်းတော်ထဲမှာ လေ့လာကြည့်ပါဦး”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် ကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို သိမ်းဆည်းထားသည့်နေရာ ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။
ကျန်းချန်က ကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ် အပေါ် စိတ်ဝင်စားနေသည်ကိုမြင်လျှင် အရှင်နှင်းမှုန် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။
ကျိူလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ် ဆိုသည်မှာ အင်မော်တယ်ဘုရင်ကျိုလီ ကိုယ်တိုင် တီထွင်ခဲ့သည့် အထွတ်အထိပ် အင်မော်တယ်ကျင့်စဥ် တစ်ခု ဖြစ်သည်။
ထိုကျင့်စဥ်သည် အလွန်အမင်း အစွမ်းထက်သလို ကျင့်ကြံရန်လည်း အလွန်တရာ ခက်ခဲ၏။
ကောလာဟလများအရ အင်မော်တယ်ဘုရင် ကျိုလီတွင် တစ်ချိန်က ပါရမီထူးချွန်သော တပည့်များစွာ ရှိခဲ့ဖူးသော်လည်း မည်သူကမျှ အင်မော်တယ်ဘုရင် ကျိုလီ၏ ပညာရပ်ကို အမွေဆက်ခံနိုင်ခြင်း မရှိခဲ့ဘဲ ကျိူလီစစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ကို အောင်မြင်စွာ မကျင့်ကြံနိုင်ခဲ့ကြပေ။
အင်မော်တယ်ဘုရင်ကျိုလီ ကိုယ်တိုင် သင်ကြားပြသပေးခဲ့လျှင်ပင် ဤအထွတ်အထိပ် အင်မော်တယ် နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန် မည်သူ့အတွက်မျှ လွယ်ကူမည် မဟုတ်ချေ။
လက်ရှိတွင် ကျန်းချန် ရရှိထားသည့် နည်းစနစ်သည် မပြည့်စုံသော ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်မျှသာ ဖြစ်နေသည်ကို အသာထား၊ ပြီးပြည့်စုံသော ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ် ဖြစ်နေခဲ့လျှင်ပင် ကျန်းချန်အနေဖြင့် အောင်မြင်စွာ ကျင့်ကြံနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။
သို့သော်လည်း ဤကဲ့သို့ အထွတ်အထိပ် အင်မော်တယ် နည်းစနစ်မျိုးကို တွေ့လိုက်ရသည့် မည်သူမဆို အလွယ်တကူ စွန့်လွှတ်နိုင်ကြမည်မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်က ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို နားလည်သဘောပေါက်အောင် ကျင့်ကြံလိုသည်ကို သူကောင်းစွာ နားလည်ပေးနိုင်ခဲ့သည်။
အရှင်နှင်းမှုန်က စကားများစွာ ပြောမနေတော့ဘဲ ချာခနဲလှည့်ထွက်ကာ နန်းဆောင် အပြင်ဘက်သို့ လှမ်းထွက်သွားခဲ့သည်။
ပိယွင်အင်မော်တယ် နန်းတော်သည် ယခင်က ဟန်ယွင်အဆင့်အင်အားစုတစ်စု ဖြစ်ခဲ့ဖူး၍ နန်းတော်အတွင်း အရင်းအမြစ်များစွာ ရှိနေမည်မှာ သေချာသလောက်ပင်။
အရှင်နှင်းမှုန်က ပိယွင်အင်မော်တယ် နန်းတော်၏ ရတနာတိုက် ထဲသို့ သွားရောက်ကာ သူ၏ အင်မော်တယ် ဝိညာဥ်ကို ပြန်လည် ကုစားပေးနိုင်မည့် ရတနာများ ရှိ၊မရှိ သွားရောက် ရှာဖွေလိုခဲ့သည်။
အရှင်နှင်းမှုန် ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည်လည်း အချိန်ဖြုန်းမနေတော့ပေ။
သူက သူ၏ ဘေးပတ်ပတ်လည်တွင် အကာအကွယ် အစီအရင်တချို့ကို ခင်းကျင်းလိုက်ပြီးနောက် အချိန်မျှော်စင်ကို တိုက်ရိုက်ပင် ဆင့်ခေါ်လိုက်ကာ အချိန်မျှော်စင်၏ ဒုတိယထပ်သို့ ဝင်ရောက်၍ ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို အပြည့်အဝ စတင် ဆင်ခြင်ခဲ့သည်။
ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ကို နားလည်သဘောပေါက်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလွန်းပြီး ကျန်းချန်အတွက် လူသားဧကရာဇ် စည်းတံဆိပ်ကို ဆင်ခြင်ကျင့်ကြံရသည်ထက်ပင် ပိုမို နှေးကွေးနေခဲ့သည်။
စနစ်၏ အဆ ၁၀၀ နားလည်နိုင်စွမ်း အထောက်အပံ့ဖြင့်ပင် ကျန်းချန်သည် အချိန်မျှော်စင်၏ ဒုတိယထပ်တွင် ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ကို ဆင်ခြင်နားလည်နိုင်ရန်အတွက် တစ်နှစ်မျှ အချိန်ယူခဲ့ရသည်။
သို့သော်လည်း အချိန်မျှော်စင်၏ ဒုတိယထပ်ထဲမှ တစ်နှစ်သည် ပြင်ပကမ္ဘာတွင် ရက်အနည်းငယ်မျှသာ ရှိသေး၏။
ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို နားလည်သဘောပေါက်သွားပြီးနောက်တွင် ကျန်းချန်သည် ကျင့်ကြံရာကနေ ချက်ချင်းဆိုသလို ထွက်မလာသေးဘဲ အချိန်မျှော်စင်ထဲမှာပင် ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ကို ဆက်လက်၍ ကျင့်ကြံနေခဲ့သည်။
ကျန်းချန် တံခါးပိတ်၍ ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ကို ကျင့်ကြံနေသည့်အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် လင်းရှီယောင်သည်လည်း လျှို့ဝှက်စွာ ပုန်းအောင်းနေကြသည့် ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ လက်ကျန်အင်အားစုများကို ပိရှား အင်မော်တယ်တောင်တန်း ဆီသို့ လာရောက်ရန် တိုက်ရိုက်ပင် ဆင့်ခေါ်လိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ လူပေါင်း ရာဂဏန်းခန့်သည် ပိရှား အင်မော်တယ်တောင် ဆီသို့ ရောက်ရှိလာခဲ့ကြ၏။
လင်းရှီယောင်၏ ဦးဆောင်မှုဖြင့် သူတို့သည် ပျက်စီးရှုပ်ပွနေသော အင်မော်တယ် တောင်တန်းကို ရှင်းလင်းခဲ့ကြပြီး ထိုနေရာတွင် ပိုထျန်း အင်မော်တယ်ဂိုဏ်းကို ပြန်လည် တည်ထောင်ရန် ပြင်ဆင်ခဲ့ကြသည်။
ပိရှား အင်မော်တယ်တောင်တန်းပေါ်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ တပည့်တချို့သည် တောင်တန်းပေါ်ရှိ အပျက်အစီးများကို ရှင်းလင်းနေကြရင်း သူတို့၏ စိတ်ထဲတွင် ခံစားချက် မျိုးစုံဖြင့် ပြည့်နှက်နေခဲ့ကြသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဆိုရင် ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းဝင်တွေ ပုန်းအောင်းနေခဲ့ရတယ်.. ဒီကနေ့ ဒီပိရှား အင်မော်တယ်တောင်တန်း ပေါ်မှာ ပေါ်ပေါ်ထင်ထင်နဲ့ တရားဝင် နေထိုင်နိုင်လိမ့်မယ်လို့ ငါတကယ် ထင်မထားခဲ့ဘူး”
“အမှန်ပဲ.. ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့အင်အားစုကြီးက ဒီလိုမျိုး ပျက်စီးသွားလိမ့်မယ်လို့ ငါလည်း ထင်မထားဘူး.. စီနီယာအစ်မလင်း ပြောစကားအရဆိုရင် ငါတို့က ဒီပိရှား အင်မော်တယ်တောင်တန်းမှာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ပြန်လည် တည်ထောင်ကြမှာတဲ့.. ဒါက တကယ်ကို မယုံကြည်နိုင်စရာပဲ”
“.............”
သူတို့က ပိယွင်အင်မော်တယ်နန်းတော် မည်မျှအထိ အင်အားကြီးမားသည်ကို ကောင်းစွာ သိရှိထားကြသည်။
ထိုစဥ်က ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ်ကာလတွင်ပင် ပိယွင်အင်မော်တယ် နန်းတော်၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံခဲ့ရ၏။
ပိုထျန်းအင်မော်တယ်ဂိုဏ်း အနေဖြင့် ပိယွင်အင်မော်တယ်နန်းတော်ကို ကလဲ့စားချေပြီး ဂိုဏ်းကို ပြန်လည်တည်ထောင်ရန်ဆိုသည်မှာ မဖြစ်နိုင်လောက်သော ကိစ္စတစ်ခုဟု သူတို့ထင်မှတ်ထားခဲ့ကြသော်လည်း လင်းရှီယောင်က ထိုကိစ္စကို အမှန်တကယ် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ တပည့်များစွာက ယခုအချိန်အထိ အနည်းငယ် မယုံကြည်နိုင်သေးဘဲ အိပ်မက်တစ်ခုကို မက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်၏။
“ဝုန်း..”
ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ တပည့်များက အချင်းချင်း စကားပြောဆိုနေကြစဥ်မှာပင် ကျယ်လောင်သော အသံတစ်သံသည် ပိရှအင်မော်တယ်တောင်တန်း၏ ကောင်းကင်ယံဆီကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက တုန်လှုပ်သွားကြပြီး အသံထွက်ပေါ်လာရာ အရပ်ဆီသို့ အလျင်အမြန် မော့ကြည့်လိုက်ကြသည်။
ထိုအခါ ပိယွင်အင်မော်တယ်နန်းတော်၏ နန်းဆောင်တစ်ခုဆီမှ ရွှေရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး ယင်းသည် ကောင်းကင်နှင့်မြေပြင်ကို ထောက်ကန်ထားသည့် ကောင်းကင်ထောက်တိုင်ကြီး ကဲ့သို့ ကောင်းကင်ယံထက်ကို ထိုးတက်သွားသည်အား မြင်လိုက်ရသည်။
နောက်ထပ် အခိုက်အတန့်တွင်မူ ကောင်းကင်နှင့်မြေပြင်ကို ထောက်ကန်ထားသည့် ရွှေရောင်အလင်းတန်းကြီး အတွင်း၌ အရပ်အမြင့် မီတာတစ်ထောင်ခန့် ရှိသည့် ရွှေရောင်မွန်းစတားကြီး တစ်ကောင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။
ထိုမွန်းစတားကြီးက ခေါင်းကိုမော့၍ ကောင်းကင်ယံ ဆီသို့ အော်ဟစ်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော အသံလှိုင်းများသည် အဖျက်စွမ်းအင် မုန်တိုင်းတစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ပတ်ဝန်းကျင်ကို လွင့်စင်သွားခဲ့သည်။
ကြောက်မက်ဖွယ် အသံလှိုင်းများ၏ ရိုက်ခတ်မှုက ဟင်းလင်းပြင် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး မိုင်ပေါင်းသောင်းချီ ဧရိယာ အတွင်းရှိ သက်ရှိအားလုံးကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။
“ဒါ ဒါက ဘာကြီးလဲ”
ရွှေရောင်မွန်းစတားကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားလိုက်ရလျှင် ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်များ၏ မျက်နှာများက ချက်ချင်း ဖြူဖျော့သွားခဲ့ကြသည်။
သူတို့ ထိတ်လန့်နေကြစဥ်မှာ ပိယွင် အင်မော်တယ်နန်းတော်၏ အတွင်းဘက်ကနေ လူရိပ်တစ်ခုသည် ကောင်းကင်ယံထက်သို့ ရုတ်တရက် ပျံတက်လာခဲ့သည်။
ထိုသူမှာ အရှင်နှင်းမှုန်ပင် ဖြစ်သည်။
သူက သူရှေ့မှ ရွှေရောင်မွန်းစတားကြီးကို မြင်လျှင် သူ၏ အေးစက်သော မျက်ဝန်းထဲ၌ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
“ကောင်လေး.. မင်း.. မင်း ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို တကယ်ပဲ အောင်မြင်အောင် ကျင့်ကြံနိုင်လိုက်တယ်လား”
ထိုကောင်လေးက မပြည့်စုံသော ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို အမှီပြုပြီး အချိန်တိုအတွင်းမှာပင် ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
“ဒီကောင်က တကယ့် လက်ဖျားခါလောက်တဲ့ ပါရမီရှင်ပဲ”
သူ့ရှေ့မှ ရွှေရောင်မွန်းစတားကြီး အဖြစ် အသွင်ပြောင်းထားသော လူငယ်လေးသည် စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ထူးဆန်းအံ့ဩဖို့ကောင်းသည့် ပါရမီရှင်တစ်ဦးဟုသာ ဆိုရပေတော့မည်။
အခန်း (၂၉၂၁)ပြီး၏။