← Chapters

အခန်း ၂၉၂၂

Vol. 233 Ch. 2922

အခန်း ၂၉၂၂

Vol. 233 Ch. 2922

အခန်း(၂၉၂၂)

ကျန်းချန်က ဤမပြည့်စုံသော ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ် အပေါ် စိတ်ဝင်စားသွားခဲ့စဥ်က အရှင်နှင်းမှုန်သည် ကျန်းချန်အနေဖြင့် ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို နားလည်နိုင်မည့် အလားအလာက အလွန်တရာနည်းပါးပြီး အောင်မြင်အောင် ကျင့်ကြံနိုင်ရန်ဆိုသည်မှာ ပို၍ပင် ခက်ပဲလိမ့်မည်ဟု ခံစားခဲ့ရသည်။

ယင်းကလည်း အရှင်ပိရို ကဲ့သို့ ဟန်ယွင်အဆင့် အင်မော်တယ်တစ်ယောက် ပင်လျှင် ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို မှီငြမ်းကာ အဆင့်နိမ့် ဗားရှင်း ဖြစ်သည့် ကောင်းကင်စစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကိုသာ ဆင်ခြင် ကျင့်ကြံနိုင်ခဲ့၍ ဖြစ်သည်။

သို့သော်လည်း ကျန်းချန်ကမူ ရက်အနည်းငယ် အတွင်း ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့သည်။

သူက ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီကို အစောကြီးကတည်းကပင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးပြီ ဖြစ်သော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းနေလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မထားခဲ့ပေ။

“ဟားဟား အသေးစား အောင်မြင်မှုအဆင့်ကိုတော့ ရောက်သွားပြီ”

လူတိုင်း၏ အံ့ဩမှင်တက်နေကြသည့် အကြည့်များအောက်မှာပင် ရွှေရောင်မွန်းစတားကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် တောက်ပသော အင်မော်တယ်အလင်းတန်းများ လင်းလက်သွားခဲ့ပြီး ဧရာမခန္ဓာကိုယ်ကြီးသည် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။

မီတာတစ်ထောင်ခန့် အရွယ်အစားရှိသည့် ရွှေရောင်မွန်းစတားကြီးသည် ကျန်းချန် အဖြစ်သို့ ချက်ချင်းဆိုသလိုပင် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်တွင် အဆင့်သုံးဆင့်ရှိသည်။

၎င်းတို့မှာ အသေးစားအောင်မြင်မှုအဆင့်၊ အလယ်အလတ်အောင်မြင်မှုအဆင့်နှင့် ပြီးပြည့်စုံသော အဆင့်တို့ ဖြစ်ကြသည်။

အသေးစား အောင်မြင်မှုအဆင့်တွင် မီတာတစ်ထောင်ခန့်ရှိသည့် စစ်နတ်ဘုရားခန္ဓာကိုယ်ကို ထုတ်ဖော်နိုင်ပြီး အလယ်အလတ် အောင်မြင်မှုအဆင့်တွင်မူ မီတာတစ်သောင်းအထိ မြင့်မားသော ခန္ဓာကိုယ်ကို ထုတ်ဖော်နိုင်မည်ဖြစ်ကာ ပြီးပြည့်စုံသောအဆင့်ကမူ မီတာတစ်သိန်းအထိ မြင့်မားသော ခန္ဓာကိုယ်ကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

ကျန်းချန်က အချိန်မျှော်စင်ထဲတွင် နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံခဲ့သည့်တိုင် အသေးစားအောင်မြင်မှု အဆင့်အထိသာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် အရှင်နှင်းမှုန် သက်ပြင်းရှည်ချလိုက်သည်။

ထိုကဲ့သို့ မွန်းစတားဆန်သော ပါရမီရှင်နှင့် အတူတူ အချိန်အကြာကြီး နေရခြင်းသည် အမှန်တကယ်ပင် သာမန်လူတစ်ယောက် ခံနိုင်ရည်ရှိသော ခံစားချက်မျိုး မဟုတ်ပေ။

ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင် နာမည်ကျော်ကြားသည့် အထွတ်အထိပ် အင်မော်တယ် နည်းစနစ်တစ်ခု ဖြစ်သည်။

သိထားရမည့်အချက်မှာ အင်မော်တယ်ဘုရင် ကျိုလီ ထံတွင် တစ်ချိန်က တိုက်ရိုက် တပည့်ဆယ်ယောက်ထက်မက အနည်းဆုံး ရှိခဲ့ဖူးပြီး သူ၏ အသိအမှတ်ပြုခြင်းကို ခံရသော တပည့်တိုင်းသည် အင်မော်တယ်လောကတွင် အလွန်တရာရှားပါးသည့် ပါရမီရှင်များ ဖြစ်ကြသည်။

သို့သော်လည်း ထိုကဲ့သို့ ပါရမီရှင်များ ထဲတွင်ပင် မည်သူကမျှ ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ် နည်းစနစ်ကို အောင်မြင်အောင် မကျင့်ကြံနိုင်ခဲ့ကြပေ။

ထိုကောင်လေးကမူ မပြည့်စုံသော ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို အမှီပြုကာ ရက်အနည်းငယ် အတွင်းမှာပင် ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို အသေးစားအောင်မြင်မှု အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။

ဤကဲ့သို့ ပါရမီရှင်နှင့် နှိုင်းယှဥ်မိလျှင် အင်မော်တယ်လောကမှ ပါရမီရှင်အားလုံးသည် ရူးသွပ်မတတ် ခံစားသွားရမည်မှာ သေချာသလောက်ပင်။

အရှင်နှင်းမှုန်က ကျန်းချန်ကို အာရုံမစိုက်တော့ဘဲ တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။

“စီနီယာ ခဏလေးနေပါဦး”

ထိုအချိန်မှာပင် ကျန်းချန်က အရှင်နှင်းမှုန်ကို လှမ်းခေါ်လိုက်သည်။

အရှင်နှင်းမှုန်က ကျန်းချန်ကို ဇဝေဇဝါ အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဘာကိစ္စရှိသေးလို့လဲ”

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ အရှင်နှင်းမှုန်ကို ပြောလိုက်သည်။

“စီနီယာက ဗဟုသုတကြွယ်ဝတဲ့သူ ဆိုတော့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေနဲ့ ပတ်သက်ပြီး ကြားဖူးထားတာ ရှိလား”

ယခုအခါ ပိယွင်အင်မော်တယ် နန်းတော်၏ ကိစ္စရပ်များက ပြေလည်သွားခဲ့ပြီ ဖြစ်သလို သူ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း တလော့အင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ အင်မော်တယ်လောကတွင် သူ့အနေဖြင့် အားနည်းသော ကျင့်ကြံသူ တစ်ယောက် မဟုတ်တော့ပေ။

ထိုက်ယီအင်မော်တယ်အဆင့် အထက်မှ ကျင့်ကြံသူများနှင့် မတွေ့ဆုံရသရွေ့ သူ့ကို ခြိမ်းခြောက်နိုင်သူမှာ အလွန်တရာ နည်းပါး၏။

ထို့ကြောင့် သူက ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေဆီသို့ သွားရန် ထည့်သွင်းစဥ်းစားရမည့် အချိန်ကို ရောက်လာခဲ့ပြီ ဖြစ်သည်။

အရှင်နှင်းမှုန်သည် ဝိရောဓိနယ်မြေမှ ဖြစ်သော်လည်း ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသည့် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည်။

“ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေလား.. အဲဒီနယ်မြေက တစ်ချိန်တုန်းကတော့ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေရဲ့ အထွတ်အထိပ် အင်မော်တယ်နယ်မြေတွေထဲက တစ်ခုပဲ ဒါပေမဲ့ အဲဒီ အင်မော်တယ်နယ်မြေမှာ ကြီးမားတဲ့အပြောင်းအလဲကြီး ဖြစ်သွားခဲ့တယ်.. အဲဒီအင်မော်တယ်နယ်မြေရဲ့ အုပ်စိုးသူဖြစ်တဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က အင်မော်တယ်လောကကနေ လုံးဝပျောက်ကွယ်သွားခဲ့တယ်.. အခုအချိန်မှာ ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေက တကယ်ကို အခြေအနေ ရှုပ်ထွေးတဲ့ နေရာတစ်ခုပဲ.. မင်းက ဘာလို့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အကြောင်းကို မေးရတာလဲ”

အရှင်နှင်းမှုန်က အနည်းငယ် မှင်တက်သွားသော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အခြေအနေကို ဆက်လက် ပြောပြပေးခဲ့သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကျွန်တော် ကိစ္စတချို့ အတွက် ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေ ဆီကို သွားဖို့ လိုအပ်နေလို့ပါ”

“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ပျောက်ကွယ်သွားကတည်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရဲ့အခြေအနေက အတော်လေး ရှုပ်ထွေးနေခဲ့တယ်.. ဒါက ငါသိထားတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အခြေအနေပဲ.. အခုလက်ရှိ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကိုတော့ ငါမသိဘူး”

အရှင်နှင်းမှုန်က လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီနေရာက ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေရဲ့ အစည်ကားဆုံး နေရာတွေထဲက တစ်နေရာ ဖြစ်တဲ့အတွက် ဟန်ယွင်အဆင့် အင်မော်တယ်တွေတောင်မှ သိပ်မရှားဘူး... တကယ်လို့ မင်းအဲဒီကို သွားချင်တယ် ဆိုရင် အတော်လေး သတိထားရလိမ့်မယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

“စီနီယာရော ကျွန်တော်နဲ့ အတူတူ မလိုက်တော့ဘူးလား”

အရှင်နှင်းမှုန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“ငါ ဒီတစ်ကြိမ်တော့ မင်းနဲ့အတူ မလိုက်တော့ဘူး.. ပိယွင်အင်မော်တယ်နန်းတော်ရဲ့ အရင်းအမြစ်တွေ ထဲမှာ ငါ့ရဲ့အင်မော်တယ်ဝိညာဥ်ကို အလျင်အမြန် ပြန်လည် ကုစားပေးနိုင်တဲ့အရင်းအမြစ်တွေ ရှိနေတယ်.. ဒါကြောင့် ငါ ဒီနေရာမှာပဲ တံခါးပိတ်ကျင့်ကြံဖို့ စီစဥ်ထားတယ်”

ဤခန္ဓာကိုယ်က အလွန်အမင်း အစွမ်းထက်သော်လည်း ယင်းမှာ ပြိုင်ဘက်ကင်း အစွမ်းထက် ကျင့်ကြံသူတစ်ဦးက ကျန်းချန် အတွက် သန့်စင်ပေးထားသော ရုပ်သေးရုပ် တစ်ရုပ်မျှသာဖြစ်၍ သူ့အနေဖြင့် ဤခန္ဓာကိုယ်နှင့် လုံးဝ ပေါင်းစည်းနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အရှင်နှင်းမှုန်က ဤနေရာတွင် တံခါးပိတ် ကျင့်ကြံပြီး အင်မော်တယ် ဝိညာဥ်ကို အပြည့်အဝ ပြန်လည် ကုစားကာ ထိုမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်၍ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ဘာစကားမျှ ထပ်မပြောတော့ပေ။

အရှင်နှင်းမှုန်က သူနှင့်အတူ ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေ ဆီသို့ လိုက်ပါဖို့ အစီအစဥ် မရှိသည့် အတွက် ကျန်းချန်သည်လည်း သဘာဝကျစွာပင် အတင်းအကျပ် တိုက်တွန်းနေမည် မဟုတ်ချေ။

ပိယွင်အင်မော်တယ် နန်းတော်ကို ဖြိုခွင်းခဲ့စဥ်က သူ၏ စွမ်းရည်သည် မိုးကြိုးအင်မော်တယ်နယ်မြေမှ အင်အားစု အများအပြားကို ခြိမ်းခြောက်ရန် လုံလောက်သော်လည်း ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အင်အားမှာ အလွန်အမင်း အားနည်းလွန်းနေသေးသည်။

ယခုအခါ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ပိရှား အင်မော်တယ်တောင်တန်းကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သော်လည်း အကယ်၍ တာဝန်ခံ အုပ်ချုပ်ပေးမည့် သန်မာသော ကျင့်ကြံသူ တစ်ယောက်သာ ရှိမနေခဲ့လျှင် အချိန်ကြာလာသည်နှင့်အမျှ ပြဿနာများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ရ၏။

အကယ်၍ အရှင်နှင်းမှုန်သာ တာဝန်ခံ အုပ်ချုပ်ပေးမည် ဆိုလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် သံသယဖြစ်ဖွယ်ရာမရှိ ဘေးကင်းလုံခြုံသွားလိမ့်မည် မဟုတ်ပါလော။

“ကောင်လေး.. ငါ ဒီခန္ဓာကိုယ်ကို မင်းဆီ ပြန်အပ်နှံလိုက်ပြီ.. ငါတို့နောက်မှပဲ အေးအေးဆေးဆေး ပြန်ဆုံကြတာပေါ့”

အရှင်နှင်းမှုန်က ထိုစကားကို ပြောပြီးနောက်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းထဲကနေ ဝိညာဥ်အရိပ် တစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာခဲ့ပြီး အောက်ဘက်တွင် ရှိသည့် နန်းဆောင် တစ်ခု ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

“ကျန်းချန် ရှင်ထွက်သွားတော့မှာလား”

ထိုအချိန်မှာပင် လင်းရှီယောင်သည် ကျန်းချန် ဆီသို့ ပျံသန်းကာ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“င့ါမှာ လုပ်စရာ ကိစ္စတချို့ ရှိသေးလို့ပါ.. အရှင်နှင်းမှုန်က မင်းတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းထဲမှာ တံခါးပိတ် ကျင့်ကြံနေလိမ့်မယ်.. ဒါ့အပြင် သူက မင်းတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းကို ဘေးကင်းလုံခြုံဖို့ အတွက် တာဝန်ခံ စောင့်ရှောက်ပေးထားလိမ့်မယ်”

“ရှင် နောက်ထပ် ဘယ်နေရာကို သွားမှာလဲ”

ကျန်းချန်က ကောင်းကင်ယံထက်မှ စစ်မှန်သော နဂါးတစ်ကောင်ဖြစ်ပြီး သူမတို့ ပိုထျန်းအင်မော်တယ် ဂိုဏ်းငယ်လေးအနေဖြင့် ထိန်းသိမ်းထားနိုင်သောအရာ မဟုတ်မှန်း ကောင်းစွာ သိနေသည့်အတွက် လင်းရှီယောင် စကားများစွာ ပြောမနေတော့ပေ။

ကျန်းချန်က ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“ကိစ္စတချို့ကြောင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ ဆီကို သွားဖို့ လိုအပ်လို့ပါ”

“ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေလား’

လင်းရှီယောင်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူမ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် တံဆိပ်ပြား တစ်ခုသည် သူမ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

“ကျန်းချန်.. ဒီတံဆိပ်ပြားက အင်မော်တယ်လောကထဲကို ကျွန်မတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေး လှည့်လည်သွားလာစဥ်က ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် သူ့ကို ပေးအပ်ခဲ့တဲ့ တံဆိပ်ပြားပဲ.. ဒီတံဆိပ်ပြားနဲ့ဆိုရင် ရှင့်အနေနဲ့ ယွင်ရှောင်ဂိုဏ်းထဲကို ဝင်ရောက်နိုင်လိမ့်မယ်.. အဲဒီတုန်းက ဘိုးဘေးက ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေမှာ ရှိတဲ့ ယွင်ရှောင်ဂိုဏ်းကို သွားဖို့ ရည်ရွယ်ထားခဲ့တယ်.. နောက်ပိုင်းမှာ သူက တိုက်တိုက်ဆိုင်ဆိုင် လျှို့ဝှက်နယ်မြေ တစ်ခုမှာ အချိန်မျှော်စင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် သူ့ရဲ့ခွန်အားက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်.. ဒါကြောင့် အဲဒီမတိုင်ခင်က သူသွားဖို့ ရည်ရွယ်ထားတဲ့ ယွင်ရှောင်ဂိုဏ်းကို မသွားတော့ဘဲ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တည်ထောင်ခဲ့တာပဲ.. အခု ကျွန်မ ဒီတံဆိပ်ပြားကို ရှင့်ဆီပေးအပ်လိုက်ပြီ.. ဒီတံဆိပ်ပြားက ရှင့်ကို အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

လင်းရှီယောင်က တံဆိပ်ပြားကို ကျန်းချန် ဆီသို့ ကမ်းပေးရင်း လေးနက်စွာ ပြောလိုက်သည်။

ဤတံဆိပ်ပြားသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် အချိန်မျှော်စင်မှလွဲ၍ အဖိုးတန်ဆုံးသော ပစ္စည်းတစ်ခု ဖြစ်သည်။

လင်းရှီယောင်၏ မူလအစီအစဥ်အရ အကယ်၍ သူမအနေဖြင့် ပိယွင်အင်မော်တယ်နန်းတော်ကို ကလဲ့စားချေဖို့အခွင့်အရေး ရှာမတွေ့ခဲ့လျှင် သူမသည် ရွှေအင်မော်တယ်အဆင့်အထိ ကျင့်ကြံပြီးနောက် ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေထဲမှ ယွင်ရှောင်ဂိုဏ်း ဆီသို့ သွားရန် စီစဥ်ထားခဲ့သည်။

ယခုအခါတွင်မူ ပိယွင်အင်မော်တယ် နန်းတော်က ပျက်စီးသွားခဲ့ပြီ ဖြစ်သလို ပိုထျန်းအင်မော်တယ်ဂိုဏ်းကိုလည်း ပြန်လည်တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ရာ သူမအနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေ ဆီသို့ သွားရန် မလိုအပ်တော့ပေ။

“ကျေးဇူးတင်ပါတယ်”

ကျန်းချန်က အားနာမနေတော့ဘဲ တံဆိပ်ပြားကို လှမ်းယူလိုက်သည်။

သူက လက်ရှိအချိန်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေနှင့် ပတ်သက်၍ ဘာမှ မသိရှိသေးပေ။

ဤတံဆိပ်ပြားကြောင့် သူ့အနေဖြင့် သွားရောက်တည်းခိုရန် နေရာတစ်ခု ရရှိခဲ့ပြီ ဖြစ်သလို ယွင်ရှောင်ဂိုဏ်းကို အမှီပြု၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အခြေအနေကိုလည်း စုံစမ်းမေးမြန်းနိုင်လိမ့်မည် ဖြစ်သည်။

ထို့နောက်တွင်မူ ကျန်းချန်သည် အချိန်ဖြုန်းမနေတော့ဘဲ လင်းရှီယောင်ကို နှုတ်ဆက်ကာ အလင်းတန်းတစ်ခု အသွင်သို့ပြောင်းလဲ၍ ကောင်းကင်ယံထက်သို့ တိုးဝင်ကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အခန်း (၂၉၂၂)ပြီး၏။

All Chapters