အခန်း ၂၉၂၄
Vol. 233 Ch. 2924
အခန်း(၂၉၂၄)
ကျန်းချန်က ခရီးနှင်ရင်း တစ်ဖက်တွင်လည်း အချိန်မျှော်စင်၏ တတိယထပ်တွင် ဧကရာဇ်အဆင့် အင်မော်တယ်နည်းစနစ်ကို ဆင်ခြင်နေခဲ့သည်။
ဤသို့ဖြင့် မသိလိုက် မသိဘာသာဖြင့်ပင် သုံးလဟူသောအချိန်ကာလသည် မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားခဲ့၏။
လွန်ခဲ့သည့် သုံးလအတွင်း ကျန်းချန်သည် လမ်းခရီးတစ်လျှောက်လုံးတွင် အလွန်တရာ အဆင်ပြေချောမွေ့ခဲ့ပြီး ခက်ခဲသော မည်သည့် အတားအဆီးမျိုးကိုမှ မကြုံတွေ့ခဲ့ရပေ။
ကျန်းချန်၏ စွမ်းရည် တိုးတက်လာသည်နှင့် အမျှ အင်မော်တယ်ဘုရင် ရုပ်အလောင်းသည်လည်း ပြောင်းလဲမှုတချို့ သိသိသာသာပင် ဖြစ်ပေါ်လာခဲ့သည်။
အင်မော်တယ်ဘုရင် ရုပ်အလောင်းက မလှုပ်မယှက် ထိုင်နေရုံမျှဖြင့်ပင် ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါသည် သာမန် တလော့အင်မော်တယ်ကိုပင် ကြီးမားသော ဖိအားမျိုး ခံစားရစေနိုင်၏။
ရထားလုံးကို တလော့ အင်မော်တယ်တစ်ပါး ကိုယ်တိုင် မောင်းနှင်ပေးနေသည် ဖြစ်ရာ ရထားလုံးထဲတွင် ရှိနေသောလူ၏ နောက်ခံက မည်မျှ မြင့်မားကြောင်း သက်သေပြဖို့ လုံလောက်နေပြီ ဖြစ်၍ မည်သူက ကျန်းချန်ကို အလွယ်တကူ ရန်စ တိုက်ခိုက်ရဲပါမည်နည်း။
မည်သူ တစ်ဦးမှ သူ့ကို လာရောက် မနှောင့်ယှက်ကြသောကြောင့် ကျန်းချန်သည် ဤသုံးလအတွင်း အချိန်မျှော်စင်၏ တတိယထပ်တွင် ဧကရာဇ်အဆင့် အင်မော်တယ်နည်းစနစ်ကို ဆက်တိုက်ဆိုသလို ဆင်ခြင်နေခဲ့သည်။
အချိန်မျှော်စင်၏ တတိယထပ်တွင် အချိန်စီးဆင်းမှုကို မြှင့်တင်ပေးနိုင်မှု မရှိသောကြောင့် ဤသုံးလတာ အတွင်း ကျန်းချန်၏ ဧကရာဇ်အဆင့် နည်းစနစ် အပေါ် နားလည်သဘောပေါက်မှုသည် ဒုတိယထပ်နှင့် နှိုင်းယှဥ်လျှင် နှေးကွေးနေခဲ့သည်။
“ဒုတိယထပ်လို အဆ ၁၀၀ အချိန်စီးဆင်းမှုနှုန်း မရှိတာက ငါ့အတွက် သိပ်အသားမကျသေးသလိုပဲ”
ဧကရာဇ်အဆင့် နည်းစနစ် အပေါ် နားလည်သဘောပေါက်မှု၏ တိုးတက်မှုကို ခံစားရင်း ကျန်းချန်က မချိပြုံး ပြုံးလိုက်မိသည်။
မကြာသေးခင်က ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို ဆင်ခြင်နားလည်ခဲ့စဥ်တွင် အချိန်မျှော်စင်၏ ဒုတိယထပ်မှ အဆ ၁၀၀ အချိန်စီးဆင်းမှုနှုန်း၏ အထောက်အပံ့ဖြင့် ရက်အနည်းငယ် အတွင်းမှာပင် သူက ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
ယခု တတိယထပ်တွင်မူ သုံးလပင် ရှိသွားခဲ့ပြီ ဖြစ်သော်လည်း ဧကရာဇ်အဆင့် အင်မော်တယ်ဓားနည်းစနစ် အပေါ် သူ၏ နားလည်သဘောပေါက်မှုသည် ဆယ်ပုံ တစ်ပုံခန့်သာ ရှိနေသေး၏။
အကယ်၍ ဧကရာဇ်အဆင့် အင်မော်တယ်နည်းစနစ်ကို အပြည့်အဝ နားလည်သဘောပေါက်ချင်သည် ဆိုလျှင် အနည်းဆုံး ၂နှစ်ခန့် အချိန်ယူရလိမ့်မည် ဖြစ်သည်။
“ပိယွင်အင်မော်တယ်နန်းတော်ကနေ ငါရခဲ့တဲ့ မြေပုံအရဆိုရင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေက ငှက်ပြာတောာင်တန်းရဲ့ တောင်ဘက်မှာ တည်ရှိတယ်.. အခုလေးတင် ငါဖြတ်ကျော်လာခဲ့တဲ့တောင်တန်းက ငှက်ပြာတောင်တန်း ဆိုတော့ ကြည့်ရတာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရဲ့ နယ်နိမိတ်ထဲကို ဝင်ရောက်လာခဲ့ပြီ ထင်တယ်”
ကျန်းချန်သည် အချိန်မျှော်စင်၏ တတိယထပ်တွင် ဧကရာဇ်အဆင့် ဓားနည်းစနစ်ကို ဆင်ခြင်နားလည်နေခဲ့သော်လည်း တစ်ခါတစ်ရံတွင် ပြင်ပလောကကို အာရုံစိုက်ခဲ့သည်။
ဤသုံးလအတွင်း သူက မိုင်ပေါင်းသန်းချီသော ဧရိယာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
“ကြည့်ရတာ အပြင်ကိုထွက်ရမဲ့ အချိန်တန်ပြီထင်တယ်.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရဲ့ အခြေအနေကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို ရှာပြီး မေးကြည့်ရမယ်”
ထိုသို့တွေးမိပြီးနောက်တွင် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် အချိန်မျှော်စင်ထဲကနေ ထွက်ခွာလိုက်သည်။
ထို့နောက် သူက ရထားလုံးနှင့် အင်မော်တယ်ဘုရင်ရုပ်အလောင်းကို သိမ်းဆည်းကာ ဟင်းလင်းပြင်ထဲတွင် တစ်ယောက်တည်း ခရီးဆက်ခဲ့သည်။
တစ်ခဏမျှ ကြာပြီးနောက်တွင် ကျန်းချန်သည် မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာဆီကနေ အားနည်းသော စွမ်းအင်လှိုင်း ရိုက်ခတ်မှုကို ရုတ်တရက် ခံစားမိလိုက်ပြီး ထိုနေရာ ဆီသို့ လျင်မြန်စွာ ဦးတည်လာခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် စွမ်းအင်လှိုင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည့် ဟင်းလင်းပြင်တွင် ပေါ်လာခဲ့သည်။
ထိုအခါ အပြင်းအထန် တိုက်ပွဲဝင်နေကြသည့် အဖွဲ့နှစ်ဖွဲ့ကို သူ မြင်တွေ့လိုက်ရသည်။
ထိုနှစ်ဖွဲ့ထဲမှ တစ်ဖွဲ့သည် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်များနှင့် ပြည့်နှက်နေသည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်စု ဖြစ်သည်။
သူတို့က လူအင်အား များပြားရုံတင်မက စွမ်းရည်ကလည်း အားမနည်းပေ။
ခေါင်းဆောင် ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်သည်ပင် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။
အခြားတစ်ဖက်တွင်မူ ရွှေအင်မော်တယ် စတုတ္ထအဆင့်ကို ရောက်ရှိနေသည့် လူငယ် တစ်ယောက် ရှိနေခဲ့သည်။
ဤအခိုက်အတန့်တွင် ထိုလူငယ်လေးသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်စု၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရ၏။
လူငယ်၏ အသွင်အပြင်က ရိုးသားပုံရသည့် အပြင် ပါရမီက အလွန်တရာ ထူးခြားသည်။
သူက ရွှေအင်မော်တယ် စတုတ္ထအဆင့်သာ ဖြစ်သော်လည်း တလော့ အင်မော်တယ်လက်နက်ကို ကိုင်စွဲကာ ဆန့်ကျင်ဘက်မှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်စွမ်း ရှိနေခဲ့သည်။
သို့သော်လည်း ယင်းမှာ ခုခံနိုင်ရုံမျှသာ ဖြစ်၏။
ရိုးသားဖြောင့်မတ်သော အသွင်အပြင် ရှိသည့် လူငယ်လေးသည် ယခုအခါတွင် ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ကာ အားအင် ကုန်ခမ်းနေသော အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်၍ ဆက်လက် တောင့်ခံနိုင်မည် မဟုတ်သည်မှာ ထင်ရှားနေခဲ့သည်။
“ရှန်းဖန်.. အပင်ပန်းခံပြီး ရုန်းကန်မနေနဲ့တော့.. အသာတကြည်ပဲ အဖမ်းခံလိုက်စမ်းပါ”
ဆက်လက် တောင့်ခံနိုင်စွမ်း သိပ်မရှိတော့သည့် ရိုးသားဖြောင့်မတ်သည့် လူငယ်လေးကို ကြည့်ကာ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“မင်းတို့က ငါ့ကို ဖမ်းချင်တယ်ဟုတ်လား.. အိပ်မက်သာ မက်နေလိုက်”
ရှန်းဖန်က သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီးနောက်တွင် ခြေလှမ်းတစ်ဝက် တလော့ အင်မော်တယ်အဆင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“ဝူတင်း.. မင်းတို့ ဝူမိသားစုက ငါတို့ ရှန်းမိသားစုအပေါ် အကောက်ကြံခဲ့တယ်.. ငါ့ရဲ့အစ်ကိုကြီး ယွင်ရှောင်ဂိုဏ်းကနေ ပြန်လာတဲ့နေ့ကျရင် မင်းတို့ ဝူမိသားစုကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
[ယွင်ရှောင်ဂိုဏ်း ဆိုပါလား]
ကျန်းချန်အနေဖြင့် သူတစ်ပါး၏ ကိစ္စထဲတွင် ဝင်ပါသင့်၊မသင့် တွေးတောနေဆဲအချိန်မှာပင် ရိုးသားဖြောင့်မတ်သော အသွင်အပြင်ရှိသည့် လူငယ်လေး၏ စကားကို ကြားလိုက်ရလျှင် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
သူ မှတ်မိသလောက်ဆိုရင် လင်းရှီယောင် သူ့ကို ပေးခဲ့သည့် တံဆိပ်ပြားသည် ယွင်ရှောင်ဂိုဏ်းဟု ခေါ်သည့် အင်အားစုတစ်စုနှင့် ဆက်စပ်နေပုံရ၏။
ယခု သူက ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေ၏ အခြေအနေကို စုံစမ်းလိုနေခြင်း ဖြစ်သည်။
အကယ်၍ သူ့အနေဖြင့် လုရှောင်ချင်း၏ သတင်းကို တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်မည် ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ကျန်းချန်က နောက်ထပ် နည်းလမ်းတစ်ခုကို စဥ်းစားမိလိုက်သည်။
ယင်းမှာ ယွင်ရှောင်ဂိုဏ်းတွင် အခြေချ၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ သတင်းကို စုံစမ်းပြီးမှ အစီအစဥ်ဆွဲရန် ဖြစ်သည်။
သူ့ရှေ့မှ ရှန်းဖန်ဟု ခေါ်သည့် ရိုးသားဖြောင့်မတ်သော အသွင်အပြင် ရှိသည့် လူငယ်လေးသည် ယွင်ရှောင်ဂိုဏ်းအကြောင်းကို နှုတ်ကနေ ပြောဆိုလာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ရှန်းဖန်ဟူသော လူငယ်လေးသည် ယွင်ရှောင်းဂိုဏ်း အကြောင်းကို သိရှိထားပြီး ယွင်ရှောင်ဂိုဏ်းနှင့်လည်း တစ်စုံတစ်ရာ ပတ်သက်နေပုံရသောကြောင့် ကျန်းချန်အနေဖြင့် ဤအတိုင်း ထိုင်ကြည့်ပြီး လျစ်လျူရှုထား၍ မရတော့ပေ။
သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ ချက်ချင်းဆိုသလို ရှန်းဖန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
ရုတ်တရက်ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ဝူမိသားစုမှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် ဖြစ်သူ ဝူတင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ ဝူမိသားစုရဲ့ကိစ္စကို ဝင်ရောက်စွက်ဖက်ချင်ရတာလဲ”
ထိုကောင်လေးက ငယ်ရွယ်ပုံရသော်လည်း ကျင့်ကြံခြင်းအဆင့်ကိုမူ သူကိုယ်တိုင်ပင်လျှင် ထိုးဖောက်မြင်နိုင်ခြင်း မရှိခဲ့ပေ။
ယင်းအပြင် ထိုကောင်လေးသည် သူ့လို ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်အဆင့် ကျင့်ကြံသူပင် မရိပ်မိဘဲ ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာနိုင်သည် ဖြစ်ရာ သေချာပေါက် သာမန်ကျင့်ကြံသူ မဟုတ်လောက်ပေ။
ရှန်းဖန်ကမူ သူ့ရှေ့တွင် ရုတ်တရက် ရောက်ရှိလာသည့် ကျန်းချန်ကြောင့် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့ ရှန်းမိသားစုသည် ဝူမိသားစု၏ အကောက်ကြံမှုကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီး သူ့ကို ကယ်တင်နိုင်မည့်သူ ရှန်းမိသားစုထဲတွင် မရှိတော့ပေ။
ထို့ကြောင့် ရှန်းဖန်က ဤနေရာမှာပင် သေပွဲဝင်ရန် အဆင်သင့်ပြင်ထားခဲ့သော်လည်း သူ့ရှေ့တွင် အနက်ရောင် ဝတ်စုံဝတ်လူငယ် တစ်ယောက် ရုတ်တရက် ပေါ်ထွက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဘယ်က ဝူမိသားစုလဲ.. ငါတစ်ခါမှ မကြားဖူးဘူး”
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဒီလူက ငါ့အတွက် အသုံးဝင်တယ်.. ဒါကြောင့် သူ့အသက်ကို ငါတာဝန်ယူလိုက်ပြီ မင်းတို့ မသေချင်ဘူးဆိုရင် ငါ့ရှေ့ကနေ အမြန်ဆုံး ထွက်သွားကြစမ်း”
“ကောင်လေး မင်းသေချင်နေပြီ ထင်တယ်”
ဝူတင်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
အေးစက်စက် အရှိန်အဝါများသည် သူ၏ ခန္ဓာကိုယ် ဆီကနေ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့သည်။
သူတို့ ဝူမိသားစုသည် ဤအရပ်ဒေသတွင် နာမည်ကျော်ကြားသည့် တလော့အင်အားစု တစ်စု ဖြစ်ပြီး တလော့အင်အားစုဖြစ်သည့် ရှန်းမိသားစု ပင်လျှင် ယခုအခါ သူတို့လက်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
သို့ဖြစ်ရာ နာမည်မရှိသည့် ကောင်လေးတစ်ယောက်က သူရှေ့တွင် လာရောက် ရိုင်းစိုင်းနေသည်ကို ဝူတင်းသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။
“ငါတို့ ဝူမိသားစုရဲ့ကိစ္စကို ဘယ်ခွေးလေခွေးလွင့်ကမှ လာပြီး ဝင်ရောက် စွက်ဖက်လို့မရဘူး.. မင်းက အတင်းအကျပ်ဝင်ပါချင်နေရင်တော့ ငရဲကို သွားဖို့သာ ပြင်ထားလိုက်တော့”
ဝူတင်းက အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် အနက်ရောင်စွမ်းအင်များနှင့် တလော့အင်မော်တယ်စွမ်းအားများသည် ပေါင်းစပ်သွားခဲ့ပြီး ကောင်းကင်ယံထက်သို့ အရှိန်အဟုန်ပြင်းစွာ ထိုးတက်လာခဲ့ကာ အေးစက်စက် လက်ဖဝါးတစ်ဖက် အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။
ထိုအချင်းအရာကို မြင်လိုက်ရလျှင် ရှန်းဖန်သည် အလျင်အမြန်ပင် သတိပေးလိုက်သည်။
“ညီနောင်သတိထား”
သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် ကျန်းချန်သည် လက်ဝါးရိုက်ချက် တစ်ချက်ကို အသာအယာ ထုတ်ဖော်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်က အတော်လေး ရိုးရှင်းပြီး မည်သည့် စွမ်းအင်လှိုင်း ရိုက်ခတ်မှုမျိုးမှ ရှိမနေခဲ့ပေ။
သို့သော်လည်း ဝူတင်း ထုတ်ဖော်ထားသည့် အလွန်တရာ အေးစက်သော အနက်ရောင် လက်ဝါးသည် ထိုလက်ဝါးနှင့် ထိတွေ့မိသည့် အခိုက်အတန့်တွင် မီးထဲသို့ ရေစက်များ ကျသွားသည့်နှယ် ချက်ချင်းဆိုသလို ဟင်းလင်းပြင်ထဲတွင် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့သည်။
အခန်း (၂၉၂၄)ပြီး၏။