← Chapters

အခန်း ၂၉၂၅

Vol. 233 Ch. 2925

အခန်း ၂၉၂၅

Vol. 233 Ch. 2925

အခန်း(၂၉၂၅)

ဝူတင်း၏ လက်ဝါးရိုက်ချက်ကို ဖြိုခွင်းပြီးသည်နှင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်၏ လက်ဝါးရိုက်ချက်သည် ဝူတင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

“ဝုန်း..”

ဝူတင်းက မည်သို့မျှ ပြန်လည် မတုံ့ပြန်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးက ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန်လွင့်စင်သွားခဲ့သည်။

ဝူတင်းက လေထဲတွင် မီတာရာပေါင်းများစွာ အထိ နောက်ပြန်လွင့်စင်သွားပြီးမှသာ သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော်လည်း သူ၏ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

သူက ဖြူဖျော့နေသောမျက်နှာဖြင့် ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အလွန်အမင်း အံ့ဩထိတ်လန့်နေသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

“မင်း.. မင်းဘယ်သူလဲ”

သူ့‌‌‌ရှေ့မှ လူငယ်သည် သာမန် တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် သူကဲ့သို့ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်ကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်လုနီးပါး လုပ်ဆောင်နိုင်ခဲ့သည်။

ယင်းမှာသူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းဆုံး တလော့ အင်မော်တယ်အဆင့် ခွန်အားမျိုး ရှိနေသည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် တလော့အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်ခြင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် အလွန်တရာ ရှားပါး၏။

“သန်မာလှချည်လား”

ကျန်းချန်ကို သတိပေးခဲ့သော ရှန်းဖန်သည်ပင် ဤအခိုက်အတန့်တွင် မှင်တက်သွားခဲ့ပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

သူသည်လည်း ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် ဝူတင်းသည် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ချက်ဖြင့် ချက်ချင်းဆိုသလို အရေးနိမ့်သွားခဲ့ရသည်မဟုတ်ပါလော။

ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဝူတင်းကို အေးစက်စက် ကြည့်၍ ပြောလိုက်သည်။

“ငါ့‌ရှေ့ကနေ မြန်မြန်ထွက်သွားစမ်း”

ဝူတင်း၏ မျက်နှာက အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

ထိုလူငယ်၏ ခွန်အားသည် အတိုင်းအဆမရှိ နက်ရှိုင်းပြီး သူ၏ ခွန်အားဖြင့်ပင် လုံးဝ ပြိုင်ဘက်မဟုတ်ပေ။

အကယ်၍ သူသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် တစ်ခုတည်းသောရလဒ်မှာ ဤနေရာတွင် အသက်ပျောက်သွားရန်သာ ရှိသည်။

“သွားကြစို့”

ဝူတင်းက ကျန်းချန်၏ အသွင်အပြင်ကို သူ၏ ဦးနှောက်ထဲတွင် စွဲထင်နေအောင် မှတ်သားထားနေသည့် အလား ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် ဘာစကားတစ်ခွန်းမျှ ပြောမနေတော့ဘဲ ကျန်းချန် ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဝူတင်းတို့ လူစု ထွက်ခွာသွားသည်ကို မြင်မှသာ ရှန်းဖန် အဆုံးသတ်တွင် သက်ပြင်းချနိုင်ခဲ့သည်။

သူက အလျင်အမြန်ပင် ရှေ့တိုးလာခဲ့ပြီး ကျန်းချန်ကို ဂါဝရပြုလိုက်သည်။

“ကျွန်တော်က ရှန်းဖန်ပါ.. ကူညီပေးတဲ့အတွက် ညီနောင်ကို ကျေးဇူးတင်ပါတယ်.. ညီနောင်က ဘယ်သူလဲဆိုတာ သိပါရစေ”

“ငါ့နာမည်က ကျန်းချန်ပါ.. ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေရဲ့ အပြင်ဘက်ကနေ ရောက်လာတာပဲ”

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“ငါ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကို လာရတဲ့ ရည်ရွယ်ချက်က ယွင်ရှောင်ဂိုဏ်းကြောင့်ပဲ.. အစောတုန်းက မင်း ယွင်ရှောင်ဂိုဏ်းအကြောင်း ပြောနေတာကို ငါကြားလိုက်ရသလိုပဲ”

ရှန်းဖန် အနည်းငယ် မှင်တက်သွားခဲ့သည်။

သူက ရိုးသားဖြောင့်မတ်သော လူငယ်တစ်ဦး ဖြစ်သော်လည်း ငတုံးတစ်ဦးတော့ မဟုတ်ပေ။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ် သူ့ကို လာရောက် ကယ်တင်ရသည့် အကြောင်းရင်းမှာ ယွင်ရှောင်ဂိုဏ်းအကြောင်းကို ပြောဆိုခဲ့သောကြောင့် ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

ယခု တစ်ကြိမ် သူ၏ အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည့် အဓိက အကြောင်းအရင်းမှာ ယွင်ရှောင်ဂိုဏ်း အကြောင်းကို ပြောမိခဲ့၍ ဖြစ်လိမ့်မည်ဟု ရှန်းဖန် မမျှော်လင့်ထားခဲ့ချေ။

“ယွင်ရှောင်ဂိုဏ်းက ဒီနေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိတဲ့ ထိုက်ယီအဆင့် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းပါ.. ယွင်ရှောင်ဂိုဏ်းက အရမ်းအင်အားကြီးတယ်.. ကျွန်တော့်ရဲ့အစ်ကိုကလည်း ယွင်ရှောင်ဂိုဏ်းမှာ ကျင့်ကြံနေတာပါ.. အခု ကျွန်တော်တို့ ရှန်းမိသားစု ဒုက္ခရောက်နေတဲ့ အတွက် ယွင်ရှောင်ဂိုဏ်းဆီသွားပြီး သူ့ဆီ အကူအညီ တောင်းမလို့ပါ”

ထိုစကားကိုပြောရင်း ရှန်းဖန်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ညီနောင်ကျန်းချန်.. တကယ်လို့ ယွင်ရှောင်ဂိုဏ်းကို သွားချင်တယ်ဆိုရင် ကျွန်တော်တို့ အတူတူ သွားလို့ရပါတယ်”

ကျန်းချန်က ယွင်ရှောင်ဂိုဏ်းကို အဘယ်ကြောင့် သွားချင်နေမှန်း ရှန်းဖန် မသိသော်လည်း သူ့ကို ကယ်တင်ခဲ့သည်မှာ လမ်းပြခိုင်းချင်၍ ဖြစ်မှန်းကိုမူ ကောင်းစွာ သိရှိနေခဲ့သည်။

“ကောင်းပြီလေ.. အတူတူသွားကြတာပေါ့”

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

ယွင်ရှောင်ဂိုဏ်းက ဤနေရာနှင့် မဝေးသဖြင့် ယွင်ရှောင်ဂိုဏ်းကို အရင်ဆုံး သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။

ဆိုရလျှင် ယွင်ရှောင်ဂိုဏ်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အတွင်းရှိ ထိုက်ယီအဆင့် အင်အားစု တစ်စု ဖြစ်သည်။

သို့ဖြစ်ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အခြေအနေနှင့် ပတ်သက်၍ အတော်လေး သိရှိထားမည်မှာ သေချာသလောက်ပင်။

သူ့အနေဖြင့် ယွင်ရှောင်ဂိုဏ်းဆီမှ တစ်ဆင့် လုရှောင်ချင်း၏ သတင်းကိုပင် စုံစမ်း၍ ရရှိကောင်း ရရှိနိုင်ပေလိမ့်မည် မဟုတ်ပါလော။

လမ်းခရီးတစ်လျှောက်တွင် ကျန်းချန်သည် ရှန်းဖန်ဆီမှ တစ်ဆင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာ အများအပြားကို သိရှိလာခဲ့ရသည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားပြီးကတည်းကပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးက ပရမ်းပတာ ဖြစ်သွားခဲ့သည်။

ဆိုရလျှင် သူ ယခင်က နေထိုင်ခဲ့သည့် ဝိရောဓိ နယ်မြေသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ အစွန်အဖျားဒေသ ဖြစ်ပြီး အစွမ်းအထက်ဆုံး အင်အားစု ဟူ၍ ထိုက်ယီအဆင့် အင်အားစု လေးစုသာ ရှိသည်။

သို့သော် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကမူ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ အတွင်းရှိ ထိပ်တန်းအင်မော်တယ်နယ်မြေကြီး တစ်ခု ဖြစ်သည့် အလျောက် ဟန်ယွင်အဆင့် အင်အားစုများပင် မနည်းပေ။

အထူးသဖြင့် တစ်ချိန်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အုပ်ချုပ်ခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားပြီးနောက်တွင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ပြီး ဟန်ယွင်အဆင့် အင်အားစု များစွာ အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအင်အားစုများသည် တစ်စုနှင့်တစ်စု အဆက်မပြတ် တိုက်ခိုက်နေကြသဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေ၏ အခြေအနေက ပို၍ပင် ဆိုးရွားလာခဲ့သည်။

ရှန်းဖန်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အတွင်းရှိ တလော့အင်အားစုဝင် တစ်ဦးမျှသာ ဖြစ်သည်။

ဤကဲ့သို့ တလော့ အင်အားစုမျိုးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကဲ့သို့ နေရာမျိုးတွင် ထိပ်တန်းအင်အားစုအဖြစ် သတ်မှတ်ခံရနိုင်သော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင်မူ ဒုတိယတန်းစား အင်အားစုမျှသာ ဖြစ်သည်။

ထို့ကြောင့် ရှန်းဖန်အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရှိ ထိပ်တန်း အင်အားစုများ အကြောင်းနှင့်ပတ်သက်၍ သိရှိမှု အလွန်တရာ နည်းပါး၏။

ကျန်းချန်က ရှန်းဖန်၏ နှုတ်မှတစ်ဆင့် လုရှောင်ချင်း၏ သတင်းကို စုံစမ်းရန် ခက်ခဲမှန်း သိရှိထားသဖြင့် ထပ်မံ၍ မမေးမြန်းတော့ဘဲ ယွင်ရှောင်ဂိုဏ်းသို့ ရောက်ရှိသည့် အခါမှသာ သူ၏ အစီအစဥ်များကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ယွင်ရှောင်ဂိုဏ်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အနောက်ဘက်ရှိ ယွင်ရှောင်တောင် ပေါ်တွင် တည်ရှိသည်။

ထိုက်ယီအဆင့် အင်အားစုအနေဖြင့် ယွင်ရှောင်ဂိုဏ်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် အတော်အသင့် နာမည်ကျော်ကြားသော အင်အားစု ဖြစ်သည်။

ယွင်ရှောင်ဂိုဏ်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အနောက်မြောက်ဘက် အရပ် မိုင်ပေါင်း သန်းချီဧရိယာ၏ အရှင်သခင် ဖြစ်ပြီး ထိုဒေသအတွင်း အထွတ်အထိပ် အင်အားစု တစ်စုလည်း ဖြစ်၏။

ယွင်ရှောင်ဂိုဏ်း အုပ်စိုးရာ မိုင်ပေါင်းသန်းချီ ဧရိယာအတွင်း၌ အင်အားစု အမြောက်အများ ရှိကြသည်။

ငယ်ရွယ်သော ပါရမီရှင်များသည် နေ့စဥ်ရက်ဆက်ပင် ယွင်ရှောင်ဂိုဏ်း၏ အပြင်ဘက်တွင် စုဝေးခဲ့ကြပြီး ဂိုဏ်းသို့ ဝင်ရောက်ကာ ဂိုဏ်း၏ တပည့်တစ်ဦး အဖြစ် သတ်မှတ်ခံရရန် အလိုရှိကြသည်။

သို့သော်လည်း ယွင်ရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။

ဂိုဏ်းကို ဝင်ရောက်ရန် အတွက် အကဲဖြတ် စစ်ဆေးမှုသည် အလွန်တရာပင် တင်းကျပ်ပြီး ယွင်ရှောင်ဂိုဏ်းကို ဝင်ရောက်လိုသူတိုင်းသည် အဆင့်တစ်ဆင့်ထက်မကသော အကဲဖြတ် စစ်ဆေးမှုများကို အောင်မြင်ရန် လိုအပ်သည်။

အကဲဖြတ်မှု၏ ပထမဆုံး အဆင့်မှာ ယွင်ရှောင်ဂိုဏ်းမှ သတ်မှတ်ပေးထားသော နယ်မြေသို့ သွားရောက်ကာ မိမိထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် ပိုမြင့်သော သားရဲတစ်ကောင်ကို သတ်ဖြတ်ရန် ဖြစ်သည်ဟု ဆိုကြ၏။

ဤအဆင့် တစ်ခုတည်းဖြင့်ပင် လူအများစုကို ရပ်တန့်သွားစေရန် လုံလောက်သည်။

ကျင့်ကြံခြင်းတွင် အဆင့်တစ်ဆင့်နှင့် တစ်ဆင့် ကွာခြားမှုသည် ကောင်းကင်နှင့်မြေပြင် ကဲ့သို့ ကွာခြား၏။

အင်မော်တယ်လောကတွင် အဆင့်ကျော် တိုက်ခိုက်နိုင်သည့် ပါရမီရှင်များ ရှိသော်လည်း ယင်းမှာ လူနည်းစုမျှသာ ဖြစ်ပြီး အများစုကမူ အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်း မရှိကြပေ။

သို့သော်လည်း တလော့မိသားစုမှ ဖြစ်သည့် ရှန်းဖန်ကဲ့သို့ ပါရမီရှင်တစ်ဦး အတွက်မူ ယွင်ရှောင်ဂိုဏ်း၏ အကဲဖြတ်စစ်ဆေးမှုကို ဖြတ်ကျော်ရန်မှာ မခက်ခဲပေ။

ရှန်းဖန်၏ လမ်းပြမှုအောက်တွင် သုံးရက်ခန့်အကြာ၌ ကျန်းချန်သည် ယွင်ရှောင်ဂိုဏ်း တည်ရှိရာ ယွင်ရှောင်တောင်တန်း တည်ရှိရာ အရပ် ဆီသို့ ရောက်ရှိလာခဲ့သည်။

ယွင်ရှောင်ဂိုဏ်း၏ တောင်ခြေမှ နေ၍ တောင်ထိပ်ပေါ်ရှိ ယွင်ရှောင်ဂိုဏ်း ဆီသို့ ဦးတည်သော ဝင်ပေါက်တွင် မည်သည့် အကာအကွယ် အတားအဆီးမှ မရှိဘဲ နိမ့်ရာကနေ မြင့်ရာဆီသို့ တန်းစီနေသော အလင်းတံခါးချပ် သုံးခုသာ ရှိသည်။

ထိုအလင်းတံခါး သုံးခုသည် ယွင်ရှောင်ဂိုဏ်း၏ ဝင်ခွင့်အတွက် တပည့်များ ကျော်ဖြတ်ရမည့် အကဲဖြတ်စစ်ဆေးမှု သုံးခုကို ကိုယ်စားပြုနေခြင်းလည်း ဖြစ်၏။

အလင်းတံခါး သုံးခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သ‌ရွေ့ ယွင်ရှောင်ဂိုဏ်းသို့ ဝင်ရောက်ခွင့် ရရှိကာ ယွင်ရှောင်ဂိုဏ်း၏ တရားဝင် တပည့် ဖြစ်လာပေလိမ့်မည်။

ကျန်းချန်တို့ နှစ်ယောက် ယွင်ရှောင်တောင်တန်း၏ အပြင်ဘက်သို့ ရောက်ရှိလာချိန်တွင် ထိုနေရာ၌ လူငယ်ပါရမီရှင် ရာပေါင်း များစွာ စုဝေး ရောက်ရှိနေခဲ့ကြသည်။

၎င်းတို့အားလုံးသည် ယွင်ရှောင်ဂိုဏ်း၏ အကဲဖြတ် စစ်ဆေးမှုကို ခံယူကာ ယွင်ရှောင်ဂိုဏ်းထဲ ဝင်ရောက်ခွင့်ရရန် လာရောက်ကြခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

ထိုလူငယ်များထဲတွင် အသန်မာဆုံး တစ်ဦးမှာ ရှန်းဖန်နှင့် အဆင့်တူ ဖြစ်ပြီး ရွှေအင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အားအနည်းဆုံး ကျင့်ကြံသူမှာ ကောင်းကင်အင်မော်တယ် အဆင့်ကို ယခုမှ ထိုးဖောက်လာသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

လူစုလူဝေးကြီးသည် ဤအခိုက်အတန့်တွင် စကားစမြည် ပြောဆိုနေခဲ့ကြသည်။

“ပထမအဆင့်ထဲကို ကျိုးချန်း ဝင်သွားတာ အတော်ကြာနေပြီ.. ဘာလို့ အခုအထိ ဘာလှုပ်ရှားမှုမှ မရှိသေးတာလဲ”

“ကျိုးချန်းရဲ့ ပါရမီနဲ့ဆိုရင် ပထမအဆင့် အကဲဖြတ်မှုကို ကျော်ဖြတ်ဖို့က သိပ်ပြဿနာ မရှိလောက်ဘူးထင်တယ်”

“အဲဒါတော့ အမှန်ပဲ.. ကျိုးချန်းတောင်မှ ပထမအဆင့်အကဲဖြတ်မှုကို မအောင်မြင်ဘူး ဆိုရင် ငါတို့လည်း မျှော်လင့်ချက် မရှိတော့ဘူး”

အခန်း (၂၉၂၅)ပြီး၏။

All Chapters