← Chapters

အခန်း ၂၉၂၆

Vol. 233 Ch. 2926

အခန်း ၂၉၂၆

Vol. 233 Ch. 2926

အခန်း(၂၉၂၆)

လူစုလူဝေးကြီးက ထိုအကြောင်းကို ပြောဆိုနေကြသည့်အချိန်မှာပင် ယွင်ရှောင်တောင်တန်း အပြင်ဘက်ရှိ အဆင့်သုံးဆင့်ရှိ အလင်းတံခါး၏ ပထမဆုံး အလင်းတံခါးသည် ဟင်းလင်းပြင် လှိုင်းဂယက်တစ်ခုနှင့် အတူ ရုတ်တရက် တုန်ခါသွားခဲ့သည်။

ဆန်းကြယ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး သိမ်းငှက်ကဲ့သို့ မျက်လုံးများကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်သည် အဆုံးသတ်တွင် ပထမဆုံး အလင်းတံခါးကို ဖြတ်ကျော်နိုင်ခဲ့ပြီး တောင်အလယ်ရှိ ဒုတိယမြောက် အလင်းတံခါး ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

“ကျိုးချန်းက ပထမဆုံးအဆင့် အကဲဖြတ်တာကို အောင်မြင်သွားပြီ”

ဤမြင်ကွင်းကို မြင်လျှင် လူတိုင်းသည် သက်ပြင်းချကာ ရေရွတ်လိုက်ကြသည်။

ကျိုးချန်းသည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်မျှသာ ရှိပြီး သူတို့ထဲတွင် အသန်မာဆုံးဟု မဆိုနိုင်သော်လည်း ပါရမီကမူ မနိမ့်ပေ။

သူ၏ ခွန်အားများကို အစွမ်းကုန် ထုတ်သုံးမည် ဆိုလျှင် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်စွမ်း ရှိသည်။

အကယ်၍ ကျိုးချန်းသည်ပင် ပထမဆုံးအဆင့် အကဲဖြတ်မှုကို မအောင်မြင်နိုင်လျှင် သူတို့ထဲမှ အများစုသည်လည်း မျှော်လင့်ချက် လုံးဝ ရှိတော့မည် မဟုတ်ပေ။

လူတိုင်း၏ စောင့်ကြည့်မှုအောက်မှာပင် ကျိုးချန်းသည် ဒုတိယမြောက် အလင်းတံခါး ထဲသို့လည်း လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

ကျိုးချန်းအနေဖြင့် ဒုတိယမြောက် အလင်းတံခါးကို ဖြတ်ကျော်ရန် မိနစ်သုံးဆယ်ကျော် အချိန်ယူခဲ့ရပြီး အဆုံးသတ်တွင် တောင်ထိပ်ပေါ်ရှိ နောက်ဆုံး အလင်းတံခါး ဆီသို့ ဦးတည်သွားခဲ့သည်။

ခဏအကြာတွင် ကျိုးချန်းသည် ဖြူဖျော့နေသော မျက်နှာဖြင့် အဆုံးသတ်တွင် တတိယမြောက် အလင်းတံခါးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး တောင်ထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

သူ၏ မျက်နှာက ဖြူဖျော့နေသော်လည်း စိတ်ပျက်အားလျော့သည့် အရိပ်အယောင်မျိုး လုံးဝရှိမနေဘဲ အလွန်အမင်း စိတ်လှုပ်ရှားနေပုံရ၏။

သူက ယွင်ရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန် အကဲဖြတ်စစ်ဆေးမှုသုံးခုစလုံးကို အောင်မြင်ခဲ့ပြီ ဖြစ်ရာ ယွင်ရှောင်ဂိုဏ်း၏ တရားဝင် တပည့်တစ်ဦး ဖြစ်လာပြီဟု ဆို၍ ရနေခဲ့ချေပြီ။

ကျိုးချန်းက တောင်ထိပ်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ တစ်ခဏမျှ ကျင့်ကြံကာ သူ၏ ခွန်အားများကို ပြန်လည် ထိန်းညှိလိုက်သည်။

ယင်းနောက်တွင် သူက အောင်နိုင်သူ တစ်ယောက်၏ အမူအရာဖြင့် အောက်ဘက်ရှိ လူရှိလူစုဝေးကို ငုံ့ကြည့်နေခဲ့သည်။

ယွင်ရှောင်ဂိုဏ်း၏ ဝင်ခွင့် အကဲဖြတ်မှုကို အချိန်ကန့်သတ်ခြင်းမရှိ ဖွင့်လှစ်ထားသည် ဖြစ်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ ဖြစ်သရွေ့ မည်သည့် အချိန်တွင်မဆို ဝင်ရောက် အကဲဖြတ်ခွင့်ရှိသည်။

သို့သော်လည်း နေ့စဥ်သတ်မှတ်ထားသော အချိန်တစ်ခု၌သာ ယွင်ရှောင်ဂိုဏ်းသည် အကဲဖြတ် စစ်ဆေးမှု အောင်မြင်သော တပည့်များကို လာရောက် ခေါ်ယူရန် လူလွှတ်ပေးမည် ဖြစ်၏။

ထို့ကြောင့် ကျိုးချန်းသည် အကဲဖြတ် စစ်ဆေးမှုကို အောင်မြင်ခဲ့သော်လည်း ယွင်ရှောင်ဂိုဏ်း ထဲသို့ ချက်ချင်း မဝင်ရောက်နိုင်သေးဘဲ တောင်ထိပ်ပေါ်တွင်သာ စောင့်ဆိုင်းနေခဲ့ရသည်။

ယွင်ရှောင်ဂိုဏ်း၏ တောင်ခြေအောက်မှ ကျင့်ကြံသူများသည် ကျိုးချန်းက အကဲဖြတ်စစ်ဆေးမှု အောင်မြင်သွားခဲ့ပြီး ယွင်ရှောင်ဂိုဏ်းမှ လာရောက် ခေါ်ယူသည်ကို စောင့်ဆိုင်းနေသည်အား မြင်တွေ့လိုက်ရလျှင် ယုံကြည်မှုများ သိသိသာသာပင် တိုးပွားလာခဲ့သည်။

သူတို့အားလုံးက ယွင်ရှောင်ဂိုဏ်း၏ အကဲဖြတ် စစ်ဆေးမှုတွင် ပါဝင်ဖြေဆိုရန် ပြင်ဆင်ခဲ့ကြသည်။

သို့သော်လည်း စိတ်ကူးက အလွန်တရာ လှပသော်လည်း လက်တွေ့ကမူ အတော်လေး ခါးသီးနေခဲ့၏။

ကျင့်ကြံသူဆယ်ယောက် ဆက်တိုက် ယွင်ရှောင်ဂိုဏ်း၏ အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင် ဖြေဆိုခဲ့ကြသော်လည်း ရွှေအင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနေသည့် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသာ အလင်းတံခါး သုံးခုကို အောင်မြင်စွာ ဖြတ်ကျော်၍ ကျိုးချန်း ရှိနေသော နေရာ ဆီသို့ ရောက်ရှိသွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်းသည် ရုတ်တရက် စိတ်ကူးယဥ် အိပ်မက်များကနေ နိုးထလာခဲ့ကြ၏။

ယွင်ရှောင်ဂိုဏ်းသည် မည်သူမဆို ဝင်ချင်တိုင်း ဝင်ရောက်နိုင်သော နေရာမျိုး မဟုတ်သည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလော။

“ညီနောင်ကျန်းချန်.. ကျွန်တော်လည်း အကဲဖြတ်စစ်ဆေးမှုကို ခံယူလိုက်ဦးမယ်”

ယွင်ရှောင်တောင်တန်း၏ အပြင်ဘက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသော အချိန်တွင် ရှန်းဖန်သည် ကျန်းချန်ဘက်သို့ လှည့်ကာ ဂါဝရပြု၍ ပြောလိုက်သည်။

ကျန်းချန်၏ ခွန်အားသည် တလော့ အင်မော်တယ်နှင့်ပင် ယှဥ်နိုင်သည်ဖြစ်ရာ ယွင်ရှောင်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာရန်အတွက် ဝင်ခွင့်အကဲဖြတ်မှုကို ပါဝင် ဖြေဆိုမည်မှာ သေချာပေါက် မဖြစ်နိုင်ချေ။

ရှန်းဖန်သည် ကျန်းချန်၏ ရည်ရွယ်ချက်ကို မသိသော်လည်း စပ်စုရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ယခုအခါ သူသည် ယွင်ရှောင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ယွင်ရှောင်ဂိုဏ်း၏ ဝင်ခွင့် အကဲဖြတ်မှုတွင် ပါဝင်ဖြေဆိုပြီး ယွင်ရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန် ကြိုးစားရုံသာ ရှိတော့သည်။

သူတို့ ရှန်းမိသားစုသည် ဝူမိသားစု၏ လက်ချက်ဖြင့် ကြေကွဲဖွယ် ပျက်စီးဆုံးရှုံးခဲ့ရပြီး တစ်မိသားစုလုံးတွင် သူနှင့် ယွင်ရှောင်ဂိုဏ်းတွင် ကျင့်ကြံနေသော အစ်ကို နှစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

သူ၏ အစ်ကိုသည် သူ့ထက်ပင် ပါရမီ ပိုမိုထူးချွန်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပင် ယွင်ရှောင်ဂိုဏ်းမှ အကြီးအကဲ တစ်ဦး၏ တပည့်အဖြစ် သတ်မှတ်ခြင်းခံရကာ ယွင်ရှောင်ဂိုဏ်းသို့ ခေါ်သွားခြင်း ခံခဲ့ရသည်။

သို့သော်လည်း သူ့အစ်ကိုသည် ယခုအချိန်အထိ တလော့ အင်မော်တယ် အဆင့်နှင့် အလွန် အလှမ်းဝေးနေဆဲ ဖြစ်၏။

သူနှင့် သူ့အစ်ကို၏ ခွန်အားဖြင့်သာ ဆိုလျှင် တလော့အဆင့်အင်အားစုဖြစ်သော ဝူမိသားစုကို ယှဥ်ပြိုင်နိုင်ရန်မှာ အတော်လေး လိုအပ်နေသေးသည်ဟု ဆိုရမည်။

ထို့ကြောင့် ရှန်းဖန်သည် သူ၏ ခွန်အားကို မြှင့်တင်ရန်အတွက် ယွင်ရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန် အရင်ဆုံး ဆုံးဖြတ်ခဲ့ပြီး သူနှင့် သူ့အစ်ကိုက တလော့ အင်မော်တယ် အဆင့်သို့ ရောက်ရှိသည့် အခါမှသာ ဝူမိသားစုကို သွားပြီး သွေးကြွေးများ ပြန်လည် ပေးဆပ်ရန် ဆုံးဖြတ်ထားခဲ့သည်။

ကျန်းချန်က ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်။

“သွားလေ ခဏနေရင် ယွင်ရှောင်ဂိုဏ်းမှာ ပြန်တွေ့ကြတာပေါ့”

ထိုစကားကို ကြားလျှင် ရှန်းဖန်က အနည်းငယ် မှင်တက်သွားခဲ့သည်။

သို့ရာတွင် ဘာစကားမျှ ထပ်မပြောတော့ဘဲ တောင်ထိပ် ဆီသို့ ဦးတည်နေသည့် ပထမဆုံး အလင်းတံခါး ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။

အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်ရန် ပြင်ဆင်နေသော သိမ်းငှက်မျက်လုံးနှင့် လူငယ် တစ်ဦးသည် ရှန်းဖန်က သူ့ထက် အရင် အလင်းတံခါး ဆီသို့ လျှောက်လှမ်းသွားသည်ကို မြင်လျှင် သူ၏ ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

ထိုသိမ်းငှက်မျက်လုံးနှင့်လူငယ်သည် အားနည်းသော ကျင့်ကြံသူ တစ်ဦး မဟုတ်ပေ။

ရှန်းဖန်ကဲ့သို့ပင် သူသည်လည်း ရွှေအင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီး ဤနေရာရှိ လူငယ်အားလုံး ထဲတွင် အသန်မာဆုံး ကျင့်ကြံသူများ ထဲမှ တစ်ဦး ဖြစ်သည်။

“ဝမ်ရီ.. မင်းထက်အရင် ဦးအောင်ဝင်သွားတဲ့ကောင်က ဘယ်သူလဲ”

သိမ်းငှက်မျက်လုံးနှင့် လူငယ်၏ အပေါင်းအဖော် တစ်ဦးက ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။

သိမ်းငှက်မျက်လုံးနှင့် လူငယ်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။

“ဒီကောင့်ကို လျှော့မတွက်နဲ့.. သူကလည်း ရွှေအင်မော်တယ်စတုတ္ထအဆင့် ပါရမီရှင် တစ်ယောက်ပဲ”

“ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူလား”

သိမ်းငှက်မျက်လုံးနှင့် လူငယ်၏ စကားကိုကြားလျှင် လူတိုင်းသည် မအံ့ဩဘဲ မနေနိုင်တော့ပေ။

အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်ရန် သွားရောက်ခဲ့သော လူငယ်သည် သိမ်းငှက်မျက်လုံးနှင့် လူငယ်ထက် မနိမ့်ကျသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

ရှန်းဖန်သည် သူတို့ကို စိတ်မပျက်သွားစေခဲ့ပေ။

တစ်ခဏအတွင်းမှာပင် ရှန်းဖန်သည် ပထမဆုံးအကဲဖြတ်စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခဲ့သည်။

နောက်ထပ် ဒုတိယအဆင့်ကို ဖြတ်ကျော်ရန် ရှန်းဖန်သည် ခြေလှမ်း သုံးဆယ်စာ အချိန်ခန့်သာ ယူခဲ့ရပြီး တတိယအဆင့်တွင်မူ ခြေလှမ်းငါးဆယ် လှမ်းစာခန့် အချိန်ပင် မပြည့်ခဲ့ပေ။

ရှန်းဖန်ကဲ့သို့ တလော့ အင်အားစုမှ ပါရမီရှင်များ အတွက်မူ ယွင်ရှောင်ဂိုဏ်း၏ ဝင်ခွင့်အကဲဖြတ် စစ်ဆေးမှုသည် မည်သည့် အခက်အခဲမှ မရှိသလောက်ပင်။

အကဲဖြတ်စစ်ဆေးမှု လုပ်ငန်းစဥ် တစ်ခုလုံး အတွက် ရှန်းဖန်သည် ခြေလှမ်း အလှမ်း တစ်ရာစာခန့် အချိန်ပင် မယူခဲ့ရပေ။

“ရွှေအင်မော်တယ် စတုတ္ထအဆင့် ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းရည်က တကယ်ကို ကြောက်စရာပဲ”

ယွင်ရှောင်ဂိုဏ်း၏ တောင်ခြေမှ လူငယ် အများအပြားသည် ထိုမြင်ကွင်းကို မြင်လျှင် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်ကြသည်။

ယွင်ရှောင်ဂိုဏ်း၏ အကဲဖြတ်စစ်ဆေးမှု သုံးဆင့်ကို သူတို့ ရှေ့မှ လူသည် ခြေလှမ်း အလှမ်းတစ်ရာစာခန့် အချိန်ပင် မပြည့်ဘဲ ဖြတ်ကျော်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

“ဒီကောင့်ရဲ့ပါရမီက ငါ့ထက် မနိမ့်လောက်ဘူး”

သိမ်းငှက်မျက်လုံးနှင့် လူငယ် ဝမ်ရီ၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

ဝမ်ရီက အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီး ထိုအခိုက်အတန့်တွင် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်ရန် အတွက် ‌ရှေ့သို့ ခြေလှမ်းလိုက်သည်။

သို့သော်လည်း ယင်းအချိန်မှာပင် ဝမ်ရီသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက သူ့ထက် အရင်ဦးကာ အလင်းတံခါး ဆီသို့ လျှောက်လှမ်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

“ဒီက မိတ်ဆွေ.. ငါ့ကို အရင်ဦးစားပေးလို့ ရမလား”

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ဝမ်ရီက မျက်မှောင်ကြုတ်သွားပြီး မျက်နှာထက်တွင် မကျေမနပ် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ရှန်းဖန်က သူ့ထက်အရင် အကဲဖြတ် စစ်ဆေးမှုကို ဝင်ရောက်သွားခဲ့စဥ်တွင် သိမ်းငှက်မျက်လုံးနှင့် လူငယ်သည် ရှန်းဖန်က သူကဲ့သို့ ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူမှန်း သိနေသောကြောင့် ဘာမှမပြောခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် မည်သူမှန်း မသိရသော သူတစ်ယောက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ့ထက် အရင်ဦးကာ အလင်းတံခါးထဲသို့ ဝင်ရောက်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ရီ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

ကျန်းချန်က ဝမ်ရီကို အေးအေးလူလူ ကြည့်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. ငါက ဝင်ခွင့်အကဲဖြတ်မှုကို ခံယူဖို့လာတာ မဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ဝမ်ရီ၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ပြီး ခက်ထန်စွာ ပြောလိုက်သည်။

“မင်းက ဝင်ခွင့်အကဲဖြတ် စစ်ဆေးမှုမှာ ပါဝင်ဖို့ လာတာ မဟုတ်ရင် ယွင်ရှောင်တောင်တန်းကို ဘာလာလုပ်တာလဲ.. အမြန်နောက်ဆုတ်လိုက်စမ်း.. မဟုတ်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

“မင်းက ငါ့ရဲ့ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ အရည်အချင်းမရှိဘူး.. မင်းရဲ့ ဝင်ခွင့်စစ်ဆေးမှုကိုပဲ ဖြေဖို့ ကြိုးစားပါ.. သူများ ကိစ္စကို လာမခြယ်လှယ်ပါနဲ့”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဝမ်ရီကို အာရုံစိုက်ရန် ရည်ရွယ်ချက် မရှိတော့သည့်အလား ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

သူ၏ လက်ရှိခွန်အားဖြင့် ဝမ်ရီကဲ့သို့ အမွေးအတောင် မစုံသေးသည့် ကျင့်ကြံသူများနှင့် အချိန်ပုပ်ခံရန် စိတ်မဝင်စားပေ။

“ကောင်လေး.. မင်းသေချင်နေတာပဲ”

ဝမ်ရီ၏ မျက်ဝန်းထဲတွင် ဒေါသ အခိုးအငွေ့များ ဖြစ်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ရွှေအင်မော်တယ် စတုတ္ထအဆင့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူက ကျန်းချန်၏ ကျောပြင် ဆီသို့ လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

“ဒီကောင်က ဝမ်ရီကိုတောင် ဒေါသထွက်အောင် လုပ်ရဲတယ်.. အသက်ရှင်ရတာ ငြီးငွေ့နေတဲ့ပုံပဲ”

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်းသည် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်ကြပြီး ကျန်းချန်ကို သနားကရုဏာသက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

အခန်း (၂၉၂၆)ပြီး၏။

All Chapters