အခန်း ၂၉၂၇
Vol. 233 Ch. 2927
အခန်း(၂၉၂၇)
ဝမ်ရီဟု ခေါ်သောလူငယ်သည် တလော့ အင်အားစုမှ ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူက ကျင့်ကြံခြင်း အဆင့်တွင် ရွှေအင်မော်တယ် စတုတ္ထအဆင့်တွင် ရောက်ရှိနေရုံသာမက တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း သာမန် ရွှေအင်မော်တယ် သတ္တမအဆင့်ထက် များစွာ မနိမ့်ကျပေ။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဝမ်ရီကို ဒေါသထွက်အောင် လုပ်ရဲသည် ဖြစ်ရာ ယင်းသည် ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် ဘာမှ မခြားပေ။
“မင်းရဲ့ ဝင်ခွင့်အကဲဖြတ် စစ်ဆေးမှုကိုပဲ အာရုံစိုက်စမ်းပါ.. သူတစ်ပါးရဲ့ ကိစ္စကို လာမစပ်စုနဲ့လို့ ငါပြောနေတယ်လေ.. မင်း လူစကား နားမလည်ဘူးလား”
ကျန်းချန်၏ မျက်နှာက တည်သွားခဲ့ပြီး နောက်သို့ လှည့်၍ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဝမ်ရီ ထိုးနှက်လိုက်သော လက်သီးချက်၏ စွမ်းအားသည် လေထဲမှာပင် ကြေမွပျောက်ကွယ်သွားခဲ့သည်။
သူ၏ မျက်ဝန်းများက အတော်လေး အေးစက်နေခဲ့သည်။
“မင်းက ယွင်ရှောင်ဂိုဏ်းရဲ့ ဝင်ခွင့်အကဲဖြတ် စစ်ဆေးမှုကို ဖြေဆိုချင်နေတာ မဟုတ်လား.. ဒီနေ့ မင်းယွင်ရှောင်ဂိုဏ်းရဲ့ ဝင်ခွင့်စစ်ဆေးမှုကို အောင်မြင်ခဲ့ရင်တောင်မှ ယွင်ရှောင်ဂိုဏ်းရဲ့တပည့် ဖြစ်မလာစေရဘူးလို့ ငါ အာမခံတယ်”
ကျန်းချန်က သူး၏ လက်သီးချက်ကို အလွယ်တကူပင် ချေမှုန်းနိုင်ခဲ့သည်အား မြင်လျှင် ဝမ်ရီ၏ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်သော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ မောက်မာသော စကားများကို ကြားလိုက်ရလျှင် သူက နှာခေါင်းရှုံ့ကာ မထီမဲ့မြင် ပြောဆိုလိုက်၏။
“မင်းမို့လို့ အရှက်မရှိ ပြောရဲတယ်.. ကောင်းပြီလေ.. မင်းက ငါ့ကို ယွင်ရှောင်ဂိုဏ်းထဲ မဝင်နိုင်အောင် ဘယ်လို တားဆီးမလဲဆိုတာ ငါကြည့်ချင်သေးတယ်”
ယွင်ရှောင်ဂိုဏ်းသည် မိုင်ပေါင်းသန်းရာချီ ရှိသော ဧရိယာတစ်ခုလုံးကို စိုးမိုးထားသည့် ထိုက်ယီအဆင့် အင်အားစုတစ်စု ဖြစ်ရာ အဆင့်အတန်း အလွန်တရာပင် မြင့်မားသည်။
သူ့အနေဖြင့် ယွင်ရှောင်ဂိုဏ်း၏ ဝင်ခွင့်အကဲဖြတ် စစ်ဆေးမှုကို အောင်မြင်သရွေ့ ယွင်ရှောင်ဂိုဏ်းမှ အကြီးအကဲများကိုယ်တိုင် ထွက်မပြောလျှင် မည်သူကမှ သူ့ကို ယွင်ရှောင်ဂိုဏ်းထဲ ဝင်ရောက်ခြင်းမှ တားဆီးနိုင်မည် မဟုတ်ပေ။
သူ့ရှေ့မှ အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် ခွန်အားမနည်းသော်လည်း ယွင်ရှောင်ဂိုဏ်း၏ ဆုံးဖြတ်ချက်ကို မည်ကဲ့သို့ လွှမ်းမိုးနိုင်ပါမည်နည်း။
ထိုစကားကို ပြောပြီးသည်နှင့် ဝမ်ရီသည် ကျန်းချန်ကို ဂရုစိုက်မနေတော့ဘဲ ကျန်းချန်၏ နံဘေးမှ ဖြတ်ကျော်ကာ ပထမဆုံး အလင်းတံခါး ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
ကျန်းချန်က ဝမ်ရီကို တားဆီးခြင်း မပြုဘဲ ဝမ်ရီ အဆင့် ကျော်ဖြတ်နေသည်ကို တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။
ဝမ်ရီ၏ ပါရမီသည် ရှန်းဖန်းထက် များစွာ မနိမ့်ကျသည်မှာ အမှန်ပင်။
ထို့ကြောင့် ဝမ်ရီသည် အဆင့် သုံးဆင့်လုံးကို ကျော်ဖြတ်ပြီး တောင်ထိပ်သို့ရောက်ရှိရန် အချိန်များစွာ မယူလိုက်ရချေ။
သူက တောင်ထိပ်သို့ ရောက်ရှိသွားပြီးနောက်တွင် အောက်ဘက်တွင် ရှိသော ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် တစ်ချက် ငုံ့ကြည့်လိုက်သည်။
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး အချိန်ထပ်၍ အပုပ်မခံချင်တော့ပေ။
သူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ခြေတစ်လှမ်းတည်းဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ ဝမ်ရီတို့ ရှိရာဆီသို့ ရောက်ရှိလာခဲ့သည်။
“ဒီကောင်က ယွင်ရှောင်ဂိုဏ်းထဲကို အတင်းအကျပ် ကျူးကျော် ဝင်ရောက်ဖို့ ကြိုးစားနေတာလား”
သူတို့၏ ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် တောင်ရှေ့ရှိ လူငယ်များနှင့် တောင်ပေါ်ရှိ ဝမ်ရီတို့ အားလုံး မှင်တက်သွားခဲ့ကြပြီး တစ်ခဏမျှ သတိပြန်မဝင်လာနိုင် ဖြစ်နေခဲ့ကြသည်။
ယွင်ရှောင်ဂိုဏ်းသည် မိုင်ပေါင်သန်းရာချီ ဧရိယာကို စိုးမိုးထားသော ထိုက်ယီအဆင့် အင်အားစု ဖြစ်၍ ခွန်အား အတိုင်းအဆမရှိ နက်ရှိုင်းသည်။
ယွင်ရှောင်ဂိုဏ်း၏ အပြင်ဘက်ကနေ ယွင်ရှောင်ဂိုဏ်း၏ တောင်ထိပ်အထိ အပြင်လူများ မလာနိုင်ရန် အထူးတလည် ပိတ်ဆို့ ကာကွယ်မထားသော်လည်း မည်သူကမျှ အတင်းအကျပ် ဖြတ်ကျော်ဝင်ရောက်ရန် မဝံ့ရဲကြပေ။
“ကောင်လေး ယွင်ရှောင်ဂိုဏ်းက ထိုက်ယီအဆင့် မြင့်မြတ်တဲ့နယ်မြေကွ.. မင်းက ယွင်ရှောင်ဂိုဏ်းထဲကို အတင်းအကျပ်ဝင်ရဲတယ် ဆိုတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်”
ဝမ်ရီက သူ့ရှေ့ရှိ ကျန်းချန်ကို ကြည့်ကာ အေးစက်စက် ပြုံး၍ အော်ငေါက်လိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဝင်ခွင့်စစ်ဆေးမှုကို မဖြေဆိုဘဲ ယွင်ရှောင်ဂိုဏ်း ထဲသို့ တိုက်ရိုက် ဝင်ရောက်ခဲ့ခြင်းဖြစ်ရာ ယင်းသည် ယွင်ရှောင်ဂိုဏ်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် တူပြီး ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် ဘာမှ မထူးခြားပေ။
ဝမ်ရီ၏ နံဘေးမှ ရှန်းဖန်၏ မျက်နှာထက်တွင်မူ စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်၏ ယွင်ရှောင်ဂိုဏ်း ဆီသို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို သူမသိသော်လည်း ဤနယ်မြေ တစ်ခုလုံးတွင် ယွင်ရှောင်ဂိုဏ်း၏ ဂုဏ်သိက္ခာကို စိန်ခေါ်ရဲသူ လုံးဝမရှိပေ။
ကျန်းချန်တွင် တလော့ အင်မော်တယ်နှင့် ယှဥ်နိုင်သော ခွန်အား ရှိနေလျှင်ပင် ယွင်ရှောင်ဂိုဏ်းကို ယှဥ်ပြိုင်ရန်မှာ အလွန်တရာ ခက်ခဲလိမ့်မည် ဖြစ်၏။
ကျန်းချန်က ဝမ်ရီကို အေးစက်စက် ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ မင်းယွင်ရှောင်ဂိုဏ်းထဲ မဝင်နိုင်ဘူးလို့ ငါပြောပြီးကတည်းက မင်းသေချာပေါက် ယွင်ရှောင်ဂိုဏ်း ထဲကို ဝင်ခွင့်ရမှာ မဟုတ်ဘူး”
ကျန်းချန် စကားဆုံးသွားသည့် အခိုက်အတန့်မှာပင် တစ်နှစ်ပတ်လုံး တိမ်တိုက်များနှင့် မြူခိုးများ ဖုံးလွှမ်းနေသော ယွင်ရှောင်ဂိုဏ်းထဲကနေ လူရိပ် တစ်ရိပ်သည် တိမ်တိုက်များကို ဖြတ်ကျော်ကာ ကျန်းချန်တို့ ရှိရာ တောင်ထိပ်ပေါ်သို့ တိုက်ရိုက်ပင် ဆင်းသက်လာခဲ့သည်။
ရောက်ရှိလာသောလူမှာ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိနေသည့် အဖြူရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက မောက်မာသော အမူအရာဖြင့် တောင်ထိပ်ပေါ်မှ ကျန်းချန် အပါအဝင် လူလေးဦးကို ကြည့်ကာ အေးစက်စက် ကြိမ်းမောင်းလိုက်သည်။
“ငါတို့ ယွင်ရှောင်ဂိုဏ်းရဲ့စည်းမျဥ်းတွေကို ချိုးဖောက်ပြီး ဂိုဏ်းထဲကို အတင်းအကျပ် ဝင်ရောက်လာတာ ဘယ်သူလဲ”
ဝမ်ရီက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ကျန်းချန်ကို လက်ညှိုးထိုးပြလိုက်သည်။
“စီနီယာ သူပဲ”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ စူးရှသော အကြည့်က ကျန်းချန်၏ ကိုယ်ပေါ်သို့ ချက်ချင်းပင် ကျရောက်သွားခဲ့သည်။
“ကောင်လေး မင်းဘယ်သူလဲ.. မင်းက ဘာလို့ ဝင်ခွင့်စစ်ဆေးမှုကို မဖြေဆိုဘဲ ယွင်ရှောင်ဂိုဏ်းထဲကို အတင်းအကျပ် ဝင်ရောက်ဖို့ ကြိုးစားနေရတာလဲ”
“ငါက အတင်းအဓမ္မ ကျူးကျော်လာတာ မဟုတ်ဘူး...ငါ့အတွက် ဝင်ခွင့်စစ်ဆေးမှုကို ဖြေဆိုဖို့ မလိုအပ်လို့ပဲ”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်က သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ တံဆိပ်ပြား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
သူက ထိုတံဆိပ်ပြားကို လူလတ်ပိုင်းအရွယ် အမျိုးသား ဆီသို့ ပစ်ပေးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုသ်သည်။
“င့ါမှာ တံဆိပ်ပြား ရှိနေတာတောင် ယွင်ရှောင်ဂိုဏ်းရဲ့ ဝင်ခွင့်စစ်ဆေးမှုကို ပါဝင်ဖြေဆိုဖို့ လိုအပ်သေးလို့လား”
လူလတ်ပိုင်းအရွယ် အမျိုးသားက တံဆိပ်ပြားကို ဖမ်းယူလိုက်ပြီးနောက်တွင် တံဆိပ်ပြားအတွင်း ထွင်းထုထားသော နာမည်ကို ကြည့်လိုက်မိသည်။
ထိုအခါ သူ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“အကြီးအကဲယွင်ကန်းရဲ့ တံဆိပ်ပြားပါလား”
ယွင်ရှောင်ဂိုဏ်းတွင် ဝင်ခွင့်အကဲဖြတ် စစ်ဆေးမှုကို ဖြတ်ကျော်၍ ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်းဖြင့် ဂိုဏ်းထဲသို့ ဝင်ခွင့်ရရန် နောက်ထပ် နည်းလမ်းတစ်ခု ရှိသည်။
ယင်းမှာ ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူများ၏ တပည့်အဖြစ် လက်ခံခြင်းခံရလျှင် ယွင်ရှောင်ဂိုဏ်း ထဲသို့ တိုက်ရိုက်ဝင်ရောက်၍ ကျင့်ကြံနိုင်ခြင်း ဖြစ်၏။
ဂိုဏ်းမှ အကြီးအကဲ တချို့သည် ပြင်ပသို့ လှည့်လည်ခရီးသွားလာစဥ်တွင် ၎င်းတို့ သဘောကျသော သူများကို တံဆိပ်ပြားများ ပေးအပ်ပြီး ယွင်ရှောင်ဂိုဏ်းသို့ လာရောက်ကျင့်ကြံရန် စေလွှတ်လေ့ ရှိကြသည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် အကြီးအကဲယွင်ကန်း၏ တံဆိပ်ပြား ရှိနေသည် ဖြစ်ရာ ထိုလူငယ်သည် အကြီးအကဲ ယွင်ကန်း၏ မျက်စိကျခြင်းကို ခံလိုက်ရသည်မှာ ထင်ရှားနေခဲ့သည်။
“မိတ်ဆွေလေးဆီမှာ အကြီးအကဲယွင်ကန်းရဲ့ တံဆိပ်ပြား ရှိနေတာကိုး.. မိတ်ဆွေလေး ငါ တစ်ခဏလောက်တော့ စောင့်ပေးပါ.. ငါ အကြီးအကဲယွင်ကန်းဆီကို အကြောင်းကြားပေးပါ့မယ်”
လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာထက်တွင် နွေးထွေးသော အပြုံးတစ်ခု ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ယဥ်ကျေးစွာ ပြောလိုက်သည်။
သိထားရမည့်အချက်မှာ အကြီးအကဲ ယွင်ကန်းသည် ယွင်ရှောင်ဂိုဏ်းတွင် အလွန်မြင့်မားသော အဆင့်အတန်း ရှိပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ်အထွတ်အထိပ် အဆင့်ကိုပင် ကျော်လွန်ကာ ခြေလှမ်းတစ်ဝက် ထိုက်ယီ အင်မော်တယ် အဆင့်ကိုပင် ရောက်ရှိနေပြီဖြစ်ပြီး ထိုက်ယီ အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် သိပ်မလိုတော့ပေ။
အကယ်၍ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သာ အကြီးအကဲ ယွင်ကန်း၏ တပည့် ဖြစ်လာခဲ့လျှင် ယင်းသည် ကောင်းကင်ကိုပင် တစ်ဟုန်ထိုး တက်လှမ်းနိုင်ခြင်းနှင့် အတူတူ ဖြစ်နေပေလိမ့်မည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဝမ်ရီက မှင်တက်သွားခဲ့ပြီး မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ယွင်ရှောင်ဂိုဏ်းထဲသို့ အတင်းအကျပ် ကျူးကျော်ဝင်ရောက်နေသည်ဟု သူ မူလက ထင်မှတ်ထားခဲ့သော်လည်း ထိုလူငယ်တွင် ယွင်ရှောင်ဂိုဏ်းမှ အကြီးအကဲ၏ တံဆိပ်ပြား ရှိနေပြီး ယွင်ရှောင်ဂိုဏ်း ထဲသို့ တိုက်ရိုက် ဝင်ရောက်ခွင့် ရှိနေလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။
ကျန်းချန်က တံဆိပ်ပြားအား ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသောအခါမှသာ ရှန်းဖန်၏ စိုးရိမ်ပူပန်နေသော စိတ်သည် အတန်ငယ် သက်သာရာ ရသွားခဲ့သည်။
သူက ကျန်းချန် အတွက် အလွန်အကျွံ တွေးပူမိသွားပုံ ရ၏။
ယွင်ရှောင်ဂိုဏ်းသည် ဂုဏ်သိက္ခာကြီးမားသော ထိုက်ယီအဆင့် အင်မော်တယ်ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သည်။
ငတုံးတစ်ယောက်မဟုတ်သရွေ့ မည်သူကမှ ယွင်ရှောင်ဂိုဏ်းထဲသို့ အတင်းအဓ္ဓ မကျူးကျော်ဝင်ရောက်ရန် ရွေးချယ်ကြမည် မဟုတ်ပေ။
ကျန်းချန်က ယင်းကဲ့သို့ လုပ်ဆောင်ဝံ့သည် ဖြစ်ရာ ကျန်းချန်ထံတွင် ကြိုတင် ပြင်ဆင်မှုများ မည်ကဲ့သို့ မရှိဘဲ နေနိုင်ပါမည်နည်း။
ကျန်းချန် ထုတ်ယူလိုက်သော တံဆိပ်ပြားကြောင့် လူတိုင်းအံ့ဩတုန်လှုပ်နေကြစဥ်မှာပင် လူတိုင်းကို ရင်တုန်ပမ်းတုန်ဖြစ်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသည့် အင်မော်တယ် စွမ်းအားသည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပုံရိပ်ယောင်တစ်ခုသည် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်ကျော်ကာ ကျန်းချန်တို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။
“အကြီးအကဲ ယွင်ကန်းကို တပည့် ဂါဝရပြုပါတယ်”
ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့် ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ ရောက်ရှိလာသော ပုံရိပ်ယောင်ကို မြင်လျှင် ဦးညွှတ်ကာ တရိုတသေ ဂါဝရပြုလိုက်သည်။
ထိုလူရိပ်က လူလတ်ပိုင်းအရွယ် အမျိုးသားကို ဂရုစိုက်မနေခဲ့ပေ။
သူ၏ အကြည့်က ကျန်းချန်တို့ လေးဦး ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
“င့ါရဲ့တံဆိပ်ပြားကို ယူဆောင်လာခဲ့တာ မင်းတို့ထဲက ဘယ်သူလဲ”
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“ကျွန်တော်ပါ”
ထိုပုံရိပ်ယောင်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါ တံဆိပ်ပြား မပေးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. မင်း ဒီတံဆိပ်ပြားကို ဘယ်ကနေ ရလာတာလဲ”
ကျန်းချန်၏ အမူအရာက အေးစက်နေခဲ့ပြီး ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။
“ပြဿနာတစ်ခုခုရှိလို့လား”
ထိုလူက ကျန်းချန်ကို အံ့ဩသော အမူအရာဖြင့် ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။
“ဘာပြဿနာမှ မရှိပါဘူး.. မင်းက ငါ့ရဲ့တံဆိပ်ပြားနဲ့အတူ ရောက်လာမှတော့ ငါ့ရဲ့ တပည့်အဖြစ် ခံယူပြီး ယွင်ရှောင်ဂိုဏ်းထဲ ဝင်ရောက်နိုင်ပါတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ကျုပ် ဒီကို ရောက်လာတာ ခင်ဗျားကို ဆရာတင်ဖို့ မဟုတ်ဘူး.. ခင်ဗျားက ကျုပ်ကို တပည့်အဖြစ် လက်ခံရအောင်လည်း ခင်ဗျားမှာ အဲလောက်အထိ အရည်အချင်း မရှိသေးဘူး”
အခန်း (၂၉၂၇)ပြီး၏။