← Chapters

အခန်း ၂၉၂၉

Vol. 233 Ch. 2929

အခန်း ၂၉၂၉

Vol. 233 Ch. 2929

အခန်း(၂၉၂၉)

ကျန်းချန်၏ စကားသံအဆုံးတွင် ဟင်းလင်းပြင်၌ ယခင် ကိုယ်ပွားပုံရိပ်နှင့် တစ်ထပ်တည်း တူညီသော ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ဘဲ အရှင်ယွင်ကန်း၏ မူလခန္ဓာကိုယ်ပင် ဖြစ်သည်။

သူက ကြည်လင်ပြတ်သားသော အကြည့်ဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်ပြီး မျက်ခုံးအနည်းငယ် တွန့်ကွေးသွားခဲ့သည်။

“မင်းဘယ်သူလဲ.. ငါတို့ ယွင်ရှောင်ဂိုဏ်းကို ဘာရည်ရွယ်ချက်နဲ့လာခဲ့တာလဲ”

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“ငါက ဒီအတိုင်း လမ်းသွားလမ်းလာ တစ်ယောက်ပါ.. တစ်စုံတစ်ယောက်က ခင်ဗျားရဲ့ တံဆိပ်ပြားကို ပေးခဲ့လို့သာ ယွင်ရှောင်ဂိုဏ်းမှာ ယာယီတည်းခိုဖို့ ရောက်လာခဲ့တာပဲ.. ဒါ့အပြင် ခင်ဗျားတို့ ဂိုဏ်းဆီကနေ သတင်းအချို့ကို မေးမြန်းချင်တာလည်း ပါတာပေါ့”

အရှင်ယွင်ကန်းက ခဏမျှ စဥ်းစားလိုက်ပြီးမှ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒါဆိုရင် မင်း ငါနဲ့အတူ လိုက်ခဲ့ပါ”

ထိုလူငယ်သည် တလော့အင်မော်တယ် အစောပိုင်း အဆင့်ကိုပင် လက်‌ချောင်း တစ်ချောင်းတည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိသည်။

သူကဲ့သို့ ခွန်အားမျိုးသည် တလော့ အင်မော်တယ်များ ထဲတွင် အလွန်တရာ ရှားပါးသည်။

ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် တလော့အဆင့်ကို ရောက်ရှိနေသည့် ပါရမီရှင်မျိုးသည် သေချာပေါက် ဟန်ယွင်အဆင့် အင်အားစုမှ ဆင်းသက်လာခြင်းသာ ဖြစ်ရပေမည်။

ယင်းကဲ့သို့ လူငယ် ပါရမီရှင်မျိုးကို သူတို့ ယွင်ရှောင်ဂိုဏ်းအနေဖြင့် အလွယ်တကူ မပြစ်မှားလိုခဲ့ပေ။

ထို့အပြင် အရှင်ယွင်ကန်းသည် အနက်ရောင်ဝတ်စုံဝတ်လူငယ်က သူတို့ ယွင်ရှောင်ဂိုဏ်း အပေါ်တွင် မကောင်းသောစိတ် ရှိမနေသည်ကို အမှန်တကယ်ပင် ခံစားမိခဲ့သည်။

ဆိုရလျှင် ကျန်းချန်ကို ယွင်ရှောင်ဂိုဏ်းတွင် တည်းခိုနေထိုင်ခွင့်ပြုခြင်းမှာ ကြီးကျယ်သော ကိစ္စရပ် တစ်ခု မဟုတ်ပေ။

ဤကဲ့သို့ မွန်းစတားဆန်သည့် ပါရမီရှင်တစ်ဦးနှင့် ဘာမဟုတ်သည့် အသေးအဖွား ကိစ္စရပ်လေး တစ်ခုအတွက်ဖြင့် ယွင်ရှောင်ဂိုဏ်းသည် ဆက်ဆံရေး မပျက်ပြားချင်ခဲ့ပေ။

အကယ်၍ သူတို့အနေဖြင့် လူငယ်‌လေးနှင့် မိတ်ဆွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့လျှင် ယင်းသည် ယွင်ရှောင်ဂိုဏ်းအတွက် ကောင်းမွန်သောအရာ တစ်ခုပင် ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

“အကြီးအကဲယွင်ကန်း.. ကျွန်တော့်အမြင်တော့ အဲဒီကောင်ရဲ့စိတ်ဓာတ်က သိပ်မကောင်းဘူး.. သူ့ကို ယွင်ရှောင်ဂိုဏ်းထဲ ဝင်ဖို့ လက်မခံရင် ကောင်းမယ် ထင်တယ်”

ကျန်းချန်က ဝမ်ရီကို လက်ညှိုးထိုးပြကာ ရုတ်တရက်ပြောလိုက်သည်။

အရှင်ယွင်ကန်းက တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် ချက်ချင်းဆိုသလို ဝမ်ရီကို လှမ်းကြည့်လိုက်ကာ အေးစက်စက် ပြောဆိုလိုက်သည်။

“ယွင်ရှောင်ဂိုဏ်းက မင်းကို တပည့်အဖြစ် လက်ခံမှာမဟုတ်ဘူး.. တောင်အောက်ကို မြန်မြန် ဆင်းသွားလိုက်တော့”

ထိုကောင်လေး၏ ပါရမီက မဆိုးလှသော်လည်း ယွင်ရှောင်ဂိုဏ်း ထဲတွင်မူ အလယ်အလတ် အဆင့်မျှသာ သတ်မှတ်နိုင်၏။

ယွင်ရှောင်ဂိုဏ်း အတွက်မူ ဤကဲ့သို့ တပည့်မျိုးသည် ရှိရှိ မရှိရှိ အရေးမပါသော တည်ရှိမှုသာ ဖြစ်၏။

ကျန်းချန်နှင့် နှိုင်းယှဥ်လိုက်လျှင် ယင်းမှာ လုံးဝကို ထည့်ပြောနေစရာပင် မလိုတော့ချေ။

ကျန်းချန်၏ မျက်နှာကို ထောက်ထားပြီး ဝမ်ရီကို ယွင်ရှောင်ဂိုဏ်းထဲသို့ ဝင်ခွင့်မပြုရန် ဆုံးဖြတ်လိုက်ခြင်းသည် သူတို့အတွက် ကြီးမားသောကိစ္စ တစ်ခု မဟုတ်ပေ။

“မဟုတ်သေးဘူးလေ အကြီးအကဲ.. ကျွန်တော်က ယွင်ရှောင်ဂိုဏ်းရဲ့ဝင်ခွင့် အကဲဖြတ်မှုကို အောင်မြင်ခဲ့ပြီးပါပြီ.. ပြောရရင် ကျွန်တော်က ယွင်ရှောင်ဂိုဏ်းရဲ့ တရားဝင်တပည့် တစ်ယောက်လည်း ဖြစ်နေခဲ့ပြီပဲ.. ဘာလို့ အကြီးအကဲက စည်းမျဥ်းကို ချိုး‌ဖောက်ပြီး ကျွန်တော့်ကို ယွင်ရှောင်ဂိုဏ်းထဲ ဝင်ခွင့်မပြုရတာလဲ”

အရှင်ယွင်ကန်း၏ နှင်ထုတ်သော စကားကိုကြားလျှင် ဝမ်ရီ၏ မျက်နှာသည် တစ်ခဏအတွင်း အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။

“ဘာလဲ.. မင်းက ငါ့ရဲ့ဆုံးဖြတ်ချက်ကို အထွန့်တက်နေတာလား”

အရှင်ယွင်ကန်းက နှာခေါင်းရှုံ့က အေးစက်စက် ရေရွတ်လိုက်သည်။

“ယွင်ရှောင်ဂိုဏ်းရဲ့ ဝင်ခွင့်အကဲဖြတ်မှုကို ငါကိုယ်တိုင် ကြီးကြပ်မှု ပြုလုပ်တာ ဖြစ်သလို အရာအားလုံးကို ငါကိုယ်တိုင်ပဲ ဆုံးဖြတ်တယ်. သူ့ကို ယွင်ရှောင်တောင်ပေါ်ကနေ အမြန်ဆုံး နှင်ထုတ်လိုက်တော့”

ယွင်ရှောင်ဂိုဏ်း၏ ထိုက်ယီအဆင့် ဘိုးဘေးကြီးသည် တစ်နှစ်ပတ်လုံး အမြဲတစေ တံခါးပိတ် ကျင့်ကြံနေသည် ဖြစ်ရာ ထိုက်ယီ အင်မော်တယ် အဆင့်အောက်တွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်သည့် အကြီးအကဲ ယွင်ကန်းသည် ယွင်ရှောင်ဂိုဏ်း တစ်ခုလုံး၏ အာဏာကို ချုပ်ကိုင်ထားသူ ဖြစ်သည်။

ရှင်းလင်းစွာ ဆိုရလျှင် ယွင်ရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ပင်လျှင် အကြီးအကဲ ယွင်ကန်း၏ ဆုံးဖြတ်ချက်အပေါ်တွင် အထွန့်မတက်ရဲချေ။

ယခုအခါ ရွှေအင်မော်တယ် အဆင့်မျှသာ ရှိသော ကောင်လေး တစ်ယောက်သည် သူ၏ ဆုံးဖြတ်ချက်ကို အထွန့်တက်နေခဲ့ရာ ယွင်ကန်းသည် ဒေါသ အကြီးအကျယ် ထွက်နေခဲ့သည်။

“အမိန့်အတိုင်းပါ အကြီးအကဲ”

ယွင်ရှောင်ဂိုဏ်းမှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်က အမိန့်ကို နာခံလိုက်ပြီး ချက်ချင်းပင် သိမ်းငှက်က ကြက်ပေါက်စလေးကို ဖမ်းဆုပ်လိုက်သကဲ့သို့ ဝမ်ရီကို ဆွဲမကာ တောင်ခြေ ဆီသို့ လွှင့်ပစ်လိုက်သည်။

ယွင်ကန်းက ဝမ်ရီကို လှည့်၍ပင် ကြည့်ရန် စိတ်မဝင်စားဘဲ ကျန်းချန်ကို တိုက်ရိုက်ပင် ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်၏။

“မိတ်ဆွေလေး ကြွပါ”

ကျန်းချန်က စကားများစွာ ပြောမနေတော့ဘဲ တောင်ထိပ်ပေါ်ရှိ ရှန်းဖန်ကို ခေါင်းညိတ်ပြလိုက်ကာ ထို့နောက်တွင် အရှင်ယွင်ကန်းနှင့် အတူ ယွင်ရှောင်ဂိုဏ်း ထဲသို့ အတူတူ ဝင်ရောက်သွားခဲ့သည်။

“ညီနောင်ကျန်းချန်ရဲ့ ခွန်အားက ဒီလောက်အထိ မြင့်မားတဲ့အဆင့်ကို ရောက်နေလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး.. ညီနောင်ကျန်းချန်က တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ”

ယွင်ရှောင်ဂိုဏ်းထဲသို့ အရှင်ယွင်ကန်းနှင့် အတူ ဘေးချင်းယှဥ်ကာ ဝင်ရောက်သွားသည့် ကျန်းချန်ကို ကြည့်ရင်း ရှန်းဖန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ကျန်းချန်သည် တလော့ အင်မော်တယ် အဆင့်ကို ရောက်ရှိနေခဲ့ပြီး ယွင်ရှောင်ဂိုဏ်း၏ ယွင်ကန်းနှင့်ပင် ရင်ဘောင်တန်းနိုင်သည် အထိ အစွမ်းထက်နေခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးသည် အင်မော်တယ်လောက တစ်ခုလုံးတွင်ပင် အလွန်တရာ ရှားပါးသော တည်ရှိမှုမျိုး ဖြစ်၏။

ယွင်ရှောင် တောင်ခြေတွင်မူ ယွင်ရှောင်တောင်ပေါ်ကနေ လွှင့်ပစ်ခြင်း ခံလိုက်ရသော ဝမ်ရီသည် မြေပြင်ကနေ အရှက်တကွဲဖြင့် ပြန်လည် ထရပ်လိုက်ရသည်။

သူက ခေါင်းကိုမော့၍ ယွင်ရှောင်ဂိုဏ်း ရှိရာ အရပ် ဆီသို့ လှမ်းကြည့်လိုက်၏။

သူ၏ မျက်နှာထက်တွင် ကောက်ကျစ်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

“ယွင်ရှောင်ဂိုဏ်း.. မင်းတို့ ငါ့ကို စောင့်နေလိုက်.. ဒီနေ့ ငါခံစားရတဲ့အရှက်ကွဲမှု အတွက် တစ်နေ့ကျရင် မင်းတို့တွေ ဆယ်ဆ ပြန်လည် ပေးဆပ်စေရမယ်”

ဝမ်ရီက လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး ယွင်ရှောင်ဂိုဏ်းဆီသို့ နာကြည်းစွာ ကြည့်လိုက်ပြီးနောက်တွင် မရေမတွက်နိုင်သော အကြည့်များ၏ စိုက်ကြည့်မှုအောက်မှာပင် ဘာစကားမျှ မပြောဆိုတော့ဘဲ တိတ်တဆိတ် လှည့်ထွက်သွားခဲ့သည်။

ယွင်ရှောင်ဂိုဏ်းထဲမှ အရှင်ယွင်ကန်း နေထိုင်သည့် နန်းတော်တွင် အရှင်ယွင်ကန်းနှင့် ကျန်းချန်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။

အရှင်ယွင်ကန်းက ကျန်းချန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် မင်းဘယ်နေရာကနေ လာသလဲဆိုတာ ငါ သိလို့ရမလား.. မင်း ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကို လာခဲ့ရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ယွင်ရှောင်ဂိုဏ်းဆီကို အဓိကလာရတဲ့ ရည်ရွယ်ချက်က ထာဝရရှင်သန်ခြင်းနန်းတော်ရဲ့ အခြေအနေကို မေးမြန်းချင်လို့ပါ”

ကျန်းချန်၏ စကားကိုကြားလျှင် အရှင်ယွင်ကန်း၏ မျက်ဝန်းများက အနည်းငယ် လေးနက်သွားခဲ့သည်။

ထိုလူငယ်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေပါသလော။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်က အင်မော်တယ်လောကရဲ့ အထွတ်အထိပ် အင်အားစုကြီးတစ်ခုပဲ.. ငါတို့ ယွင်ရှောင်ဂိုဏ်းနဲ့ ယှဥ်ရင် ကောင်းကင်နဲ့မြေကြီးလို ကွာခြားတယ်လို့ ပြောလို့ရတယ်.. ငါအနေနဲ့ကတော့ ထာဝရရှင်သန်ခြင်းအင်မော်တယ် နန်းတော်အကြောင်းကို သိပ်အများကြီးတော့ မသိဘူး”

အရှင်ယွင်ကန်းက တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ကျန်းချန်ကို ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း ပြောပြခဲ့သည်။

အရှင်ယွင်ကန်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အမြဲတစေ အာရုံမစိုက်ခဲ့သော်လည်း ခြေလှမ်းတစ်ဝက် ထိုက်ယီအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် အပေါ် သူ၏ နားလည်မှုသည် ရှန်းဖန်ထက် စာလျှင် သာလွန်နေခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ဆုံးသွားပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ် နန်းတော်သည် ဟန်ယွင်အဆင့် အင်အားစုကြီး သုံးစု အဖြစ် ကွဲပြားသွားခဲ့သည်။

ထိုအင်အားစုများထဲမှ တစ်စုသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် သွေးသား တော်စပ်သူများ ဖြစ်ကြပြီး ၎င်းတို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ် နန်းတော်ကို အစဥ်အမြဲ စောင့်ရှောက်လာခဲ့ကြသည်။

ကျန်ရှိသော အင်အားစု နှစ်စုကမူ ထာဝရရှင်သန်ခြင်းအင်မော်တယ် နန်းတော်ကနေ ကွဲထွက်သွားပြီးနောက်တွင် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့် ထာဝရစိမ်းလန်းခြင်းအင်မော်တယ်နန်းတော် တို့ကို အသီးသီး တည်ထောင်ခဲ့ကြသည်။

ထိုဟန်ယွင်အဆင့် အင်အားစုကြီး သုံးစုသည် အချင်းချင်း အမြဲတစေ ပြိုင်ဆိုင်နေခဲ့ကြပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေတစ်ခုလုံးကို ပရမ်းပတာ ဖြစ်စေခဲ့သည်။

မူလက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကြီးကနေ ကွဲသွားခဲ့ကြသော အင်အားစုကြီး သုံးစုသည် အင်အားချင်း သိပ်မကွာသဖြင့် မည်သည့်ဘက်ကမှ အသာမရခဲ့ကြပေ။

သို့သော်လည်း သိပ်မကြာမီကစ၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော် ဆီသို့ ပြန်လည်ရောက်ရှိလာသည် ဟူသော ကောလာဟလများ ထွက်ပေါ်လာခဲ့ပြီး ထိုကောလာဟလသည် အင်အားစုကြီး သုံးစုကြားရှိ ဆက်ဆံရေးကို ပိုမို၍ တင်းမားသွားစေခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကနေ ခွဲထွက်သွားခဲ့သည့် ဟန်ယွင်အဆင့် အင်အားစုကြီး နှစ်စု ဖြစ်သော ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့် ထာဝရစိမ်းလန်းခြင်း အင်မော်တယ်နန်းတော် တို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူကို ကြီးထွားခွင့်မပေးလိုခဲ့ကြပေ။

စင်စင် သူတို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူ လက်ထဲမှ ထာဝရရှင်သန်ခြင်းအင်မော်တယ် နန်းတော်ကို လိုချင်တပ်မက်နေခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် အင်အားစုကြီး နှစ်ခုက အချင်းချင်း ပူးပေါင်းလိုက်ကြပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ပူးပေါင်းတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုအခါတွင် ဟန်ယွင်အဆင့် အင်အားစုကြီးသုံးစုအကြားရှိ တိုက်ပွဲသည် အလွန်တရာပင် ပြင်းထန်နေခဲ့ပြီး တလော့အင်မော်တယ်များနှင့် ထိုက်ယီအဆင့် အင်မော်တယ်များစွာပင်လျှင် သေကြေပျက်စီးနေခဲ့ကြပြီ ဖြစ်သည်။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ဆက်ခံသူလား”

အရှင်ယွင်ကန်းထံမှ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူ အကြောင်းကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

အကယ်၍ သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ရုတ်တရက် ပြန်လည် ရောက်ရှိလာခဲ့သော ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူသည် လုရှောင်ချင်း ဖြစ်သည်မှာ သေချာသလောက်ပင်။

အခန်း (၂၉၂၉)ပြီး၏။

All Chapters