← Chapters

အခန်း ၂၉၃၀

Vol. 233 Ch. 2930

အခန်း ၂၉၃၀

Vol. 233 Ch. 2930

အခန်း(၂၉၃၀)

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

“မိတ်ဆွေယွင်ကန်း. ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ အဓိကအင်အားစုကြီး သုံးစုရဲ့ လတ်တလော အခြေအနေကိုရော မိတ်ဆွေသိထားလား”

“အသေးစိတ်ကိုတော့ ငါလည်းမသိဘူး”

အရှင်ယွင်ကန်းက ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။

“ဒါပေမဲ့ အခုအချိန်အထိ ဘယ်ဘက်ကမှ ရှုံးနိမ့်သွားတယ်ဆိုတဲ့ သတင်းမျိုး မကြားရသေးပုံထောက်ရင် တိုက်ပွဲအခြေအနေက တင်းမာနေတုန်းပဲ ဖြစ်ရမယ်.. ဒါပေမဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် အနေနဲ့ အင်အားစု နှစ်စုကို တစ်စုတည်း ရင်ဆိုင်ဖို့က မလွယ်လောက်ဘူး ထင်တယ်”

ယွင်ရှောင်ဂိုဏ်းသည် ထိုက်ယီအဆင့် အင်မော်တယ်ဂိုဏ်းမျှသာ ဖြစ်ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အခြေအနေကို အလွန်အမင်း အာရုံမစိုက်နိုင်ခဲ့ပေ။

ဆိုရလျှင် သူတို့ဂိုဏ်း၏ အင်အားမျိုးဖြင့် ထာဝရရှင်သန်ခြင်းအင်မော်တယ် နန်းတော် ကဲ့သို့ အထွတ်အထိပ် အင်အားစုများ၏ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ရန် အရည်အချင်း မရှိပေ။

သို့သော်လည်း သူ၏အမြင်အရမူ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့သော အမွေအနှစ်များဖြင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့် ထာဝရစိမ်းလန်းခြင်း အင်မော်တယ် နန်းတော်ကို ယှဥ်ပြိုင်နိုင်စွမ်း ရှိသော်လည်း ရှုံးနိမ့်သွားဖို့ကမူ အချိန်တစ်ခုသာ လိုအပ်သည်။

အရှင်ယွင်ကန်း၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ အကြည့်သည် တစ်ခဏအတွင်း ပိုမို၍ လေးနက်သွားခဲ့သည်။

လုရှောင်ချင်းသည် အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ်လောကသို့ ပြန်လာရာတွင် တစ်ယောက်တည်းမဟုတ်ဘဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် သွေးသားတော်စပ်သူ တချို့၏ ထောက်ပံ့မှုကို ရရှိထားခဲ့သည်။

သို့သော်လည်း လက်ရှိ အခြေအနေကမူ အတော်လေး ဆိုးရွားနေပုံရ၏။

သူက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီးနောက်တွင် အရှင်ယွင်ကန်းကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။

“မိတ်ဆွေယွင်ကန်း.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ သတင်းကို ကျွန်တော့် အတွက် စုံစမ်းပေးပါဦး.. ဒီကိစ္စအတွက် ကျွန်တော် မိတ်ဆွေအပေါ် အကြွေးတစ်ခု တင်ရှိသွားတယ်လို့ မှတ်ထားပေးပါ”

ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အခြေအနေကို သိရှိပြီးနောက်တွင် ကျန်းချန်သည် ဇွတ်တရွတ် မလှုပ်ရှားခဲ့ပေ။

ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏ နံဘေးတွင်လည်း ထိုက်ယီအင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိသည့် အင်မော်တယ်ဘုရင် ရုပ်အလောင်း ရှိနေသဖြင့် သူ၏ အင်အားသည် အားမနည်းပေ။

သို့ရာတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ တိုက်ပွဲ အတွင်းသို့ ဝင်ရောက် ပတ်သက်မည် ဆိုလျှင် ဤမျှဖြင့် မလုံလောက်သေးချေ။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကျဆုံးသွားပြီးကတည်းကပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်တွင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိတော့ပေ။

သို့သော်လည်း ဟန်ယွင်အဆင့် ကျင့်ကြံသူများနှင့် မ‌ရေမတွက်နိုင်သော တလော့အင်မော်တယ် များစွာ ရှိနေဆဲ ဖြစ်ပြီး ဟန်ယွင်အဆင့် အင်အားစုကြီးသုံးစု အဖြစ် ကွဲပြားသွားခဲ့၏။

သူ၏ လက်ရှိခွန်အားဖြင့်သာ ထိုတိုက်ပွဲကို ဝင်ရောက်ခဲ့လျှင်လည်း တိုက်ပွဲအခြေအနေ အပေါ်တွင် ကြီးမားသော သက်ရောက်မှုမျိုး ရှိလာလိမ့်မည် မဟုတ်ချေ။

ထိုအကြောင်းကြောင့်ပင် ကျန်းချန်က အရှင်ယွင်ကန်းကို သူ့အတွက် သတင်း အချက်အလက်များ စုံစမ်းခိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သူက ထိုသတင်းအချက်အလက်များထဲကနေ အခွင့်အလမ်းတချို့ကို ရှာဖွေပြီး လုရှောင်ချင်းကို ကူညီရန် ဆုံးဖြတ်ထားခဲ့သည်။

“ကောင်းပါပြီ”

အရှင်ယွင်ကန်းက တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ယွင်ရှောင်ဂိုဏ်း၏ ခွန်အားသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေတွင် ထိပ်တန်းအဆင့်၌ မရှိသော်လည်း ထိုက်ယီအဆင့် အင်မော်တယ် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေဆဲပင်။

သူတို့အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ဟန်ယွင်အဆင့် အင်အားစုများကြားမှ အငြင်းပွားမှုများကြားတွင် ပါဝင်ရန် အရည်အချင်း မရှိသော်လည်း သတင်းစုံစမ်းရန်အတွက်မူ မည်သည့် ပြဿနာမှ မရှိချေ။

အရှင်ယွင်ကန်းသည် ထိုလူငယ်နှင့် ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်တို့ကြားတွင် မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ရှိနေသည်ကို မသိသော်လည်း ထိုလူငယ် ထုတ်ဖော်ခဲ့သော မွန်းစတားဆန်သည့် ပါရမီမျိုးဖြင့် ဆိုလျှင် သတင်းအချက်အလက် တချို့ကို စုံစမ်းပေးရုံမျှဖြင့် တစ်ဖက်လူ၏ ကျေးဇူးကြွေးကို ရရှိမည်ဖြစ်ရာ ယင်းမှာ အမှန်တကယ်ပင် တန်ဖိုး ရှိနေခဲ့သည်။

အရှင်ယွင်ကန်းနှင့် စကားပြောဆိုပြီးနောက်တွင် ကျန်းချန်သည် အရှင်ယွင်ကန်း စီစဥ်ပေးသည့် နေရာတွင် တည်းခိုနေထိုင်ခဲ့သည်။

ကျန်းချန်က ယွင်ရှောင်ဂိုဏ်းတွင် နေထိုင်နေစဥ် အချိန်ကို အလဟဿ မဖြုန်းတီးဘဲ ကျင့်ကြံရန် အတွက် အချိန်မျှော်စင်အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်၏။

သို့သော်လည်း သူက အချိန်မျှော်စင်၏ ပထမအလွှာရှိ ကျိယောင်၏ အခြေအနေကို အာရုံခံမိလိုက်လျှင် ကျိယောင်၏ ရှေ့သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

သူက စိတ်လှုပ်ရှားနေသော ကျိယောင်ကို ကြည့်ကာ ပြောလိုက်သည်။

“မဆိုးဘူးပဲ.. မင်း ရွှေအင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ”

ကျိယောင်က သူ့ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် သူ၏ စိတ်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး တရိုတသေ ပြောလိုက်သည်။

“ကျိယောင်.. ဒီနေ့လို အခြေအနေမျိုး ရောက်ရှိလာနိုင်တာက သခင်လေးကျန်းချန်ရဲ့ ပျိုးထောင်ပေးမှုကြောင့်ပါ”

သူ့တွင် ကျိလင် သားရဲမျိုးနွယ်စု၏ သွေးမျိုးဆက်ရှိပြီး ပါရမီ အားမနည်းသော်လည်း အကယ်၍ ကျန်းချန်သာ သူ့ကို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကနေ ခေါ်ထုတ်ပြီး အရင်းအမြစ်များပေးကာ အချိန်ဆယ်ဆ မြန်ဆန်သော နေရာတွင် ကျင့်ကြံခွင့် မပြုခဲ့လျှင် ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း ရွှေအင်မော်တယ် အဆင့်ကို ရောက်ရှိနိုင်လိမ့်မည် မဟုတ်မှန်း ကျိယောင် စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။

“မင်းရဲ့ ခွန်အားကို မြှင့်တင်ပေးနေရတဲ့ ငါ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မင်းကောင်းကောင်း နားလည်မှာပါ”

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“အခု ငါတို့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကို ရောက်နေပြီး.. မင်း သခင်မလေးရဲ့ လက်ရှိ အခြေအနေက သိပ်မကောင်းဘူး.. မင်းရဲ့ လက်ရှိ ရွှေအင်မော်တယ် အဆင့်နဲ့တော့ ဝင်ပါဖို့ မလုံလောက်သေးဘူး”

ကျိယောင်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်ကာ ပြောလိုက်သည်။

“သခင်လေးကျန်းချန် စိတ်ချပါ.. ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး တလော့အဆင့်ကို ထိုးဖောက်ပါ့မယ်”

ကျိလင် သားရဲမျိုးနွယ်စု၏ မျိုးဆက်တစ်ဦး အနေဖြင့် ကျိယောင်သည် ယခင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အထွတ်အထိပ် အင်အားစု ဖြစ်ခဲ့ဖူးသော ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အခြေအနေကို အနည်းငယ် သိရှိထားခဲ့သည်။

သခင်မလေး လုရှောင်ချင်း အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေသို့ ပြန်လည် ရောက်ရှိလာချိန်တွင် ရင်ဆိုင်ရမည့် ပြိုင်ဘက်များသည် အလွန်တရာ အစွမ်းထက်မည်မှာ သေချာသလောက်ပင်။

သူ၏ ရွှေအင်မော်တယ် အဆင့်မျှသာ ရှိသော ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် ဝင်ရောက် ကူညီရန်မှာ အမှန်တကယ်ပင် ခဲယဥ်းနေခဲ့သည်။

“အခု မင်းရဲ့ကျင့်ကြံခြင်း အဆင့်က ရွှေအင်မော်တယ်အဆင့်ကို ထိုးဖောက်သွားပြီ ဆိုတော့ နေရာပြောင်းလို့ ရသွားပြီ”

“ငါနဲ့အတူ တစ်ခါတည်းလိုက်ခဲ့တော့”

စကားဆုံးသည်နှင့် ကျန်းချန်က ကျိယောင်၏ ပခုံးကို ဆွဲကိုင်ကာ အချိန်မျှော်စင်၏ ဒုတိယထပ် ဆီသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့သည်။

ပတ်ဝန်းကျင်မှ ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော ဟင်းလင်းပြင်ကို ကြည့်ရင်း ကျိယောင်၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

“သခင်လေးကျန်းချန် ဒါက..”

ကျန်းချန်က ပေ့ါပေါ့ပါးပါးပင် ပြောလိုက်သည်။

“ဒါက မင်းအရင်နေခဲ့တဲ့ ဟင်းလင်းပြင်လိုပဲ အချိန်စီးဆင်းမှုနှုန်းကို မြန်ဆန်စေနိုင်တဲ့အစွမ်းရှိတယ်.. ဒါပေမဲ့ ဒီနေရာရဲ့အချိန်စီးဆင်းမှုနှုန်းက ပြင်ပကမ္ဘာထက် အဆပေါင်း ၁၀၀ မိုမြန်တယ်”

ကျန်းချန်၏ စကားကိုကြားလိုက်ရလျှင် ကျိယောင်သည် သက်ပြင်းတစ်ချက်ကို မရှိုက်ဘဲ မနေနိုင်ခဲ့ပေ။

သူ၏ မျက်ဝန်းထဲတွင်လည်း အံ့ဩထိတ်လန့်သော အမူအရာများ ပြည့်နှက်သွားခဲ့သည်။

ယခင် သူကျင့်ကြံခဲ့သည့် အချိန်စီးဆင်းမှုနှုန်း ဆယ်ဆမြန်ဆန်သော ဟင်းလင်းပြင်သည်ပင် သူ့ကို အလွန်အမင်း ထိတ်လန့်စေခဲ့ပြီ ဖြစ်သည်။

ယခုအခါတွင် ကျန်းချန်သည် သူ့ကို အချိန်စီးဆင်းမှုနှုန်း အဆ ၁၀၀ ပိုမို မြန်ဆန်သော ဟင်းလင်းပြင် ဆီသို့ ခေါ်ဆောင်လာလိမ့်မည်ဟု သူ မထင်ထာခဲ့ချေ။

တစ်နည်းအားဖြင့် ပြောရလျှင် ဤနေရာတွင် တစ်နှစ် ကျင့်ကြံခြင်းသည် ပြင်ပကမ္ဘာတွင် အနှစ်တစ်ရာ ကျင့်ကြံခြင်းနှင့် ညီမျှနေခဲ့၏။

ဤနေရာတွင် ကျင့်ကြံရမည် ဆိုလျှင် ကျိယောင်အနေဖြင့် အချိန်တိုအတွင်း တလော့ အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် လုံးဝ ယုံကြည်ချက် ရှိနေခဲ့သည်။

“ဒါက ဟန်ယွင်အင်မော်တယ် စမ်းရေပဲ.. ဒီစမ်းရေက မင်းကို တလော့အဆင့်ကို ချိုးဖျက်ရာမှာ ထိရောက်မှု ရှိစေလိမ့်မယ်”

ကျိယောင်တစ်ယောက် အံ့ဩထိတ်လန့်မှုကနေ မသက်သာခင်မှာပင် ကျန်းချန်သည် ဟန်ယွင်အင်မော်တယ် စမ်းရေ အစက် အနည်းငယ်ကို ကျိယောင် ထံသို့ လှမ်းပေးလိုက်သည်။

ကျိယောင်အနေဖြင့် တတ်နိုင်သမျှ အမြန်ဆုံး တလော့အဆင့်ကို ထိုးဖောက်နိုင်ရန် သူမျှော်လင့်နေခဲ့၏။

“မင်းဒီနေရာမှာပဲ ဆက်လက် ကျင့်ကြံနေလိုက်ပါ”

ကျိယောင်ကို ဒုတိယထပ်တွင် နေရာချပေးပြီးနောက် ကျန်းချန်သည် အချိန်မျှော်စင်၏ ဒုတိယထပ်တွင် ဆက်လက် မနေတော့ဘဲ ဧကရာဇ်အဆင့် အင်မော်တယ်နည်းစနစ်ကို ဆက်လက် သဘောပေါက်နားလည်ရန် အတွက် တတိယထပ်ဆီသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။

မသိလိုက် မသိဘာသာဖြင့်ပင် ခြောက်လဟူသော အချိန်ကာလသည် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဤ ခြောက်လအတွင်း ကျန်းချန် ဧကရာဇ်အဆင့် နည်းစနစ်အပေါ် နားလည်သဘောပေါက်မှုသည် သုံးပုံ တစ်ပုံခန့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ယနေ့တွင် ကျန်းချန်သည် အချိန်မျှော်စင်ကနေ ထွက်ခွာပြီး အရှင်ယွင်ကန်းဆီသို့သွားကာ ထာဝရရှင်သန်ခြင်း အင်မော်တယ် နန်းတော်နှင့် ပတ်သက်သည့် သတင်းများအား မေးမြန်းရန် ပြင်ဆင်နေစဥ်မှာပင် အချိန်မျှော်စင်၏ ဒုတိယထပ်ကနေ ထိတ်လန့်ဖွယ်ရာကောင်းသော အင်အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်မိသည်။

ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး အချိန်မျှော်စင်၏ ဒုတိယထပ်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုအခါ ဆန်းကြယ်သော စွမ်းအင်များကိန်းအောင်းနေသည့် ခရမ်းရောင် အင်မော်တယ် အလင်းတုံးကြီး တစ်ခုအတွင်း ပိုးတုံးလုံးကဲ့သို့ ထုပ်ပိုးခံထားရသော ကျိယောင်ကို မြင်လိုက်ရသည်။

ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ကျိယောင်၏ ခန္ဓာကိုယ်ကနေ တလော့အရှိန်အဝါများ အမှန်တကယ်ပင် ထွက်ပေါ်နေခဲ့သည်။

“ဒီကောင်က တလော့အဆင့်ကို တကယ်ပဲ ချိုးဖျက်သွားခဲ့ပြီလား”

ထိုအချိန်မှာပင် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် အံ့ဩချီးကျူးသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

“အားပါးပါး ဒီကောင်က ဘယ်ဆိုးလို့လဲ.. ကျိလင်သားရဲမျိုးနွယ်စုက ဒီကောင်လေးကတော့ တကယ်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ.. သူ့ရဲ့သွေးမျိုးဆက် အဆင့်အတန်းက သူ့ ဘိုးဘေးတွေရဲ့ အဆင့်အတန်းကို ပြန်ရောက်သွားခဲ့ပြီ”

အခန်း (၂၉၃၀)ပြီး၏။

All Chapters