← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃) တွက်ချက်ထားသော မနက်စာ

နောက်တစ်နေ့ အရုဏ်မတက်မီ...မနက် ၃ နာရီ၌....

ကစားသမားအများစုသည် ဤရှားပါးသော အနားယူချိန်ကို အိပ်စက်ရန် အသုံးပြုနေကြဆဲဖြစ်သော်လည်း ပိုင်လန်တိုက်ခန်းအိမ်ယာ၏လမ်းဘေးရှိ ဆိုင်တစ်ဆိုင်တွင်မူ မီးများလင်းနေလေပြီ။

【ပျော်ရွှင်မှု မနက်စာဆိုင် 】

ဤဆိုင်သည် ကစားသမားတချို့အတွက် နယ်မြေက စီစဉ်ပေးထားသော လုပ်ငန်းတစ်ခုပင်။

ဤအချိန်အခိုက်အတန့်တွင် ဆိုင်အတွင်းရှိ ကစားသမားများသည် အလုပ်ရှုပ်နေကြလေပြီ။

အငွေ့ထောင်းထောင်း ထွက်နေသော ပေါင်းအိုးများမှ အဖြူရောင်အငွေ့များ ထွက်ပေါ်နေပြီး အချိုပွဲများ၏ အနံ့သင်းသင်းလေးကို သယ်ဆောင်လာလေ၏။ ပဲနို့များသည် အိုးကြီးတစ်လုံးထဲတွင် ဆူပွက်နေပြီး ​တဗွမ်းဗွမ်းအသံများ ထွက်ပေါ်ကာ ရိုးရှင်းသောပဲနံ့ကို ထုတ်လွှတ်ထားသည်။ အကြော်များသည် ဆူပွက်နေသော ဆီများထဲတွင် လူးလိမ့်နေပြီး ဖြည်းညှင်းစွာ ရွှေအိုရောင်သန်းကာ ကြွပ်ရွလာသည်။

"မြန်မြန်လုပ်... မုန့်ညက်ကို ညီအောင်နယ်ပြီး ပေါက်စီအရေးအကြောင်းတွေကို ပိုလှအောင် ဆွဲစမ်းပါ....ငါတို့ရဲ့ ဒီဆိုင်က လက်ရှိမှာ တိုက်ခန်းအိမ်ယာထဲမှာ တစ်ဆိုင်တည်း ရှိတာနော်"

အကြော်များကို ကျွမ်းကျင်စွာ ကြော်နေသော ဝမ်တန်ဟုအမည်ရသည့် ကစားသမားတစ်ဦးက သူ၏တခြားအသင်းဖော်နှစ်ဦးကို တိုက်တွန်းလိုက်သည်။

သူသည် မူလက လက်တွေ့ကမ္ဘာတွင် စားသောက်ဆိုင်ငယ်လေးတစ်ဆိုင်၏ပိုင်ရှင် ဖြစ်ခဲ့လေ၏။ ဤနေရာသို့ ရောက်လာခြင်းသည် သူ၏ အလုပ်ဟောင်းသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ဖြစ်သော်လည်း သူ၏ စိတ်ထားမှာမူ လုံးလုံးလျားလျား ကွာခြားနေသည်။

"နားလည်ပါပြီ အစ်ကိုဝမ်..."

ရှောင်လျှိုဟုအမည်ရသော နောက်ထပ်လူငယ် ကစားသမားတစ်ဦးက မုန့်ညက်ကို အားပါးတရ နယ်နေသည်။ သူ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေသော်လည်း သူ၏မျက်လုံးများမှာ အလွန် တောက်ပနေလေ၏။

"ငါတို့ ဒီဆိုင်ကို သေချာစီမံခန့်ခွဲပြီး အသေအလဲ အလုပ်လုပ်သရွေ့... တစ်လကို ငါတို့ တစ်ယောက်ကို ရှစ်ထောင် ကိုးထောင်လောက် ရနိုင်တယ်... အားလုံးပဲ အစွမ်းကုန် ကြိုးစားကြ...."

ဤဆိုင်သည် အလွန်အထူးတလည်ဖြစ်ပြီး ပိုင်လန် တိုက်ခန်းအိမ်ရာရှိ တစ်ခုတည်းသော မနက်စာဆိုင်ပင်။ သူတို့၏မှတ်ဉာဏ်များအရ လစဉ်အသားတင် အမြတ်ငွေမှာ လေးသောင်းကျော်အထိ ရရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တိုက်ခန်းအိမ်ရာမှ လူများသည် နေ့စဉ် မနက်စာ လာဝယ်ကြရုံသာမက ပတ်ဝန်းကျင် နေရာများမှ လူများလည်း လာရောက်ကြသဖြင့် အလွန်တွက်ခြေကိုက်သောကြောင့်ပင်။

ပြိုင်ဘက်များ မရှိသရွေ့ သူတို့ ပိုက်ဆံဆက်ရှာနိုင်ပေမည်။

ဆိုင်ထဲတွင် စုစုပေါင်း လူလေးယောက်ရှိပြီး သူတို့အားလုံး ကစားသမားများ ဖြစ်ကြ၏။ သူတို့သာ ကြိုးစားပမ်းစား စီမံခန့်ခွဲပြီး ပြဿနာများ မပေါ်ပေါက်ပါက အနှေးနှင့်အမြန် သူတို့၏ချေးငွေများကို ပြန်ဆပ်နိုင်ပေလိမ့်မည်။

"အရမ်းကြီး စောစောစီးစီး ပျော်မနေကြနဲ့အုံး..."

တတိယမြောက် ကစားသမားဖြစ်သည့် မေဖန်ဟုအမည်ရသော စွမ်းဆောင်ရည်ရှိပုံပေါ်သည့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက ပေါက်စီများကို လျှင်မြန်စွာ ထုပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီဆိုင်က နယ်မြေက ပေးထားတာ... ထောင်ချောက်တစ်ခုခု ရှိနေမလားဆိုတာ ဘယ်သူ သိမှာလဲ... ဒါ့ပြင် ငါတို့ရဲ့ ဖောက်သည်တွေအားလုံးက ပုံမှန်လူတွေ ဖြစ်ချင်မှ ဖြစ်မှာ..."

သူမ၏စကားများက ပတ်ဝန်းကျင်အခြေအနေကို အနည်းငယ် အေးခဲတောင့်တင်းသွားစေခဲ့လေ၏။ ဤတိုက်ခန်းအိမ်ရာတွင် မည်သည့် ပုံမှန်အခြေအနေမဆို ပုံမှန်မဟုတ်မှုများကို ဖုံးကွယ်ထားနိုင်ကြောင်း သူတို့အားလုံး သိထားကြသည်။

မနက် ၆ နာရီတွင် ကောင်းကင်ယံကြီး အနည်းငယ် လင်းလာသည်နှင့်အမျှ မနက်စာဆိုင်ကို တရားဝင် စတင်ဖွင့်လှစ်လိုက်သည်။

မကြာမီ ပထမဆုံးဖောက်သည်အသုတ်သည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။

အလောတကြီး ဖြစ်နေသော အမူအရာကင်းမဲ့သည့် NPC ရုံးဝန်ထမ်းများ၊ လေ့ကျင့်ခန်းလုပ်ရန် စောစောထလာသော်လည်း ခံစားချက်မဲ့ပြီး ထုံကျင်နေသော အကြည့်များရှိသည့် သက်ကြီးရွယ်အိုများအပြင် ညအိပ်ဝတ်စုံများ ဝတ်ဆင်ထားသော လူငယ်တချို့ပင် ပါဝင်သည်။

"သူဌေး... အသားပေါက်စီ နှစ်လုံးနဲ့ ပဲနို့တစ်ခွက်ပေး..."

"အကြော်တစ်ချောင်းနဲ့ တို့ဟူးပူတင်း တစ်ပွဲပေး... ဒီမှာပဲ စားမယ်..."

"ဟင်းရည်နဲ့ ပေါက်စီဆယ်လုံး ပါဆယ် ထုပ်ပေးပါ..."

မနက်စာ အများအပြား ရောင်းချရသည်နှင့်အမျှ WeChat သို့မဟုတ် Alipay သို့ ငွေဝင်လာသည့် အသိပေးသံများကို နားထောင်ရင်း သူတို့သည် ပြုံးဖြီးနေကြ၏။

ထိုအချိန်၌ ဆိုင်ပေါက်ဝတွင် ရပ်နေသော အမျိုးသားတစ်ဦးကို သူတို့ သတိပြုမိလိုက်သည်။ သူသည် စျေးနှုန်းစာရင်းကို ကြည့်နေပြီး သူ၏ပါးစပ်မှာ တစ်စုံတစ်ခုကို ရေရွတ်နေသကဲ့သို့ လှုပ်ရှားနေသော်လည်း ဘာပြောနေသည်ကိုတော့ ရှင်းလင်းစွာ မကြားရချေ။

'အသားပေါက်စီက နှစ်ကျပ်ခွဲ...ပဲနို့က နှစ်ကျပ်... အသားပေါက်စီက အရမ်းမကြီးဘူး၊ ဗိုက်ပြည့်မှာ မဟုတ်ဘူး... ဗိုက်ပြည့်ဖို့ဆိုရင် နှစ်လုံးတော့ လိုမယ်... သက်သတ်လွတ် ပေါက်စီကို သိပ်မကြိုက်ပေမဲ့ အဲ့ဒါက တစ်ကျပ်တည်းနဲ့ အသက်သာဆုံးပဲ... လေးကျပ်ဆို ဗိုက်ပြည့်နိုင်ပြီးတော့ ပိုက်ဆံလည်း တော်တော်လေး ချွေတာနိုင်မှာပဲ...'

ဟုန်ချုံးသည် စျေးနှုန်းစာရင်းကို ကြည့်ကာ ငွေအများဆုံးချွေတာပြီး ဗိုက်အပြည့်ဆုံး ဖြစ်အောင် မည်သို့ လုပ်ရမည်ကို တွက်ချက်နေသည်။

နေ့စဉ် အနည်းငယ်စီ ချွေတာနိုင်ပါက သူ၏ချေးငွေများကို အမြန်ဆုံး ပြန်ဆပ်နိုင်မည်ဟု သူ တွေးတောနေမိသည်။

နောက်ဆုံးတွင် အကြွေးအတွက် ကြောက်ရွံ့မှုက သူ၏ခံတွင်းကို လွှမ်းမိုးသွားလေ၏။

သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ရှေ့သို့တိုးလာကာ သူဌေးဝမ်ကိုကြည့်၍ တတ်နိုင်သမျှ တည်ငြိမ်သော လေသံဖြင့် ပြောဆိုလိုက်သည်။

"သူဌေး... သက်သတ်လွတ် ပေါက်စီ နှစ်လုံးပေးပါ..."

ပဲနို့နှင့် ပတ်သက်၍မူ သူ သောက်စရာ မလိုချေ။ ကုမ္ပဏီတွင် ကော်ဖီ အလကားသောက်နိုင်လေ၏။ အရည်အသွေး ညံ့သော်လည်း ဘာမှမရှိခြင်းထက် ပိုကောင်းပြီး သူ့ကို လန်းဆန်းစေနိုင်သည်။

ဝမ်တန် အချိန်တခဏကြာမျှ ကြက်သေသေသွားသည်။ ဟုန်ချုံး၏ အနည်းငယ် ဖြူရော်သော်လည်း ခေါင်းမာသော မျက်နှာကို ကြည့်ရင်း သူ တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ပေါက်စီများကို လျင်မြန်စွာ ထုပ်ပေးလိုက်၏။ ကစားသမား အချင်းချင်း ဖြစ်သောကြောင့် တစ်ဖက်လူ၏ လက်ရှိ စိတ်အခြေအနေကို သူ ခန့်မှန်းနိုင်သည်။

ဟုန်ချုံးသည် မနက်စာကို ယူကာ အေးစက်သော အကြွေစေ့ နှစ်စေ့ဖြင့် ငွေရှင်းလိုက်ပြီး ဆိုင်ထဲတွင် အချိန်မဖြုန်းတော့ဘဲ လျင်မြန်စွာ ထွက်ခွာရန် နောက်လှည့်သွားသည်။

သူသည် လူသူကင်းမဲ့သော ထောင့်တစ်နေရာကို ရှာတွေ့ခဲ့ပြီး အငမ်းမရ စတင်စားသောက်တော့သည်။

သက်သတ်လွတ်ပေါက်စီသည် အရသာပေါ့ပျက်ပျက်ဖြစ်ပြီး အသားပေါက်စီလောက် မမွှေးသော်လည်း သူ အတင်းအကြပ် မျိုချလိုက်သည်။ ပေါက်စီတစ်ကိုက်တိုင်းသည် ဘဝ၏ခါးသီးမှုနှင့် အကူအညီမဲ့မှုကို ဝါးစားနေရသကဲ့သို့ သူ ခံစားရလေ၏။

မလှမ်းမကမ်းတွင် NPCတချို့သည် ခမ်းနားသော မနက်စာကို အေးအေးဆေးဆေး စားသုံးနေသည်။ အသားပေါက်စီများ၊ လက်ဖက်ရည်များ၊ ကြက်ဥများနှင့်အကြော်များသည် သူတို့၏ စားပွဲငယ်များတွင် ပြည့်နှက်နေပြီး သူတို့သည် စကားပြောရင်း ရယ်မောနေကြသည်။

ဤသိသာထင်ရှားသော မြင်ကွင်းသည် ဟုန်ချုံး၏ ခက်ခဲသော အခြေအနေနှင့် ပြတ်သားစွာ ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

သူ ခေါင်းငုံ့ကာ မျိုချသည့်အရှိန်ကို မြှင့်တင်လိုက်သည်။

ဧရာမချေးငွေကြီးတစ်ခုရှေ့တွင် သူ အရာအားလုံးကို ချွေတာရပေမည်။

မနက်စာ စားပြီးနောက် ဟုန်ချုံးက ဘတ်စ်ကားကို စောင့်လိုက်သည်။ ကုမ္ပဏီသို့ ရောက်ရန် ဆယ့်ငါးမိနစ် ကြာပြီး နှစ်ကျပ်သာ ကျသင့်သောကြောင့် ဤသည်မှာ အသက်သာဆုံး သယ်ယူပို့ဆောင်ရေး နည်းလမ်းပင်။ သူ့ထံ၌ ကားမရှိသဖြင့် ဤသည်မှာ သူ၏တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပေ၏။

ပြတင်းပေါက် အပြင်ဘက်ရှိ ရှုပ်ယှက်ခတ်နေသော ကားများကို ကြည့်ရင်း ပြင်းထန်သော ခါးသီးမှုနှင့် ကွာဟချက် ခံစားချက်တစ်ခုက သူ၏ နှလုံးသားတွင် ဖြစ်ပေါ်လာသည်။

ဤငရဲကဲ့သို့ နေရာသို့ ရောက်လာပြီးနောက် သူသည် တစ်ချိန်က သူပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးကို ဆုံးရှုံးခဲ့ရရုံသာမက သူ၏ကျောရိုးကို ခြေမွှရန် လုံလောက်သော ဤဧရာမအကြွေးကြီးကိုလည်း ထမ်းဆောင်ခဲ့ရသည်။ နေ့တိုင်း သူ နိုးလာသည့်အချိန်၌ ပထမဆုံး လုပ်ရသည့်အရာမှာ ယနေ့အသုံးစရိတ်များကို တွက်ချက်ခြင်းနှင့် သူ၏ နည်းပါးလှသောဝင်ငွေထဲမှ နောက်ထပ် ယွမ်အနည်းငယ်ကို မည်သို့ညှစ်ထုတ်ရမည်အား တွေးတောခြင်းပင်။

သွားတိုက်သည့်အချိန်တွင်ပင် ပိုက်ဆံအနည်းငယ် ချွေတာနိုင်ရန် သွားတိုက်ဆေးကို အများကြီး မညှစ်ရန် သူ၏ဇနီးက သူ့ကို ပြောခဲ့လေ၏။ ရေချိုးသည့်အချိန်တွင်လည်း အလားတူဖြစ်ပြီး ပိုက်ဆံချွေတာနိုင်ရန်အတွက် ခေါင်းလျှော်ရည်နှင့်ကိုယ်တိုက်ဆပ်ပြာ အများကြီး မသုံးရန်ပင်။

မနေ့က ကျန်ခဲ့သော ဟင်းကျန်များကိုပင် ညနေ အိမ်ပြန်ရောက်သည့်အချိန်၌ သူ ဆက်စားနိုင်ရန် သူ၏ ဇနီးက ရေခဲသေတ္တာထဲတွင် သိမ်းထားပေးလေ၏။

ဘဝသည် ရက်စက်သော သင်္ချာပုစ္ဆာများ အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး အဖြေမှာ အမြဲတစေ တူညီသော ဦးတည်ချက်သို့သာ ညွှန်ပြနေသည်။

ဤသည်မှာ 'မင်း စိတ်ကူးလို့တောင် မရနိုင်တဲ့ ပိုက်ဆံ ပမာဏတစ်ခုကို အကြွေးတင်နေတုန်းပဲ'ဟူ၍ပင်။

"ဒီနေ့ရက်တွေက ဘယ်တော့များမှ ပြီးဆုံးမှာလဲ..."

ဤအတွေးသည် အထိန်းအကွပ်မဲ့စွာ တဖန်ပြန်၍ ထွက်ပေါ်လာပြီး နက်ရှိုင်းသော စွမ်းအားမဲ့မှု ခံစားချက်တစ်ခု ပါဝင်နေသည်။

ထိုအချိန်မှာပင် သူ မှတ်တိုင်သို့ ရောက်ရှိလာသည်။ သူသည် ဘတ်စ်ကားပေါ်မှ ဆင်းကာ သူ့ရှေ့ရှိ အဆောက်အအုံကို ကြည့်လိုက်ပြီးနောက် သူနှင့် ဆင်တူဝတ်ဆင်ထားသော တခြားသူများကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် တွေးမိလေ၏။

သူ့ကဲ့သို့ပင် ဧရာမချေးငွေကြီးကို ထမ်းပိုးထားရကာ နေ့စဉ်နှင့်အမျှ တွက်ချက်နေရသော ဘဝမျိုးဖြင့် နေထိုင်နေရသူများ ထိုအထဲတွင် ရှိနေမည်လောဟု သူ တွေးတောနေမိသည်။

...

တခြားတစ်ဖက်တွင် ပိုင်လန်တိုက်ခန်းအိမ်ရာ၌...

ချန်အန်းသည် ခဲများဖြည့်ထားသကဲ့သို့ ခံစားရသော သူ၏ခြေထောက်များကို တရွတ်တိုက်ဆွဲကာ မနက်ခုနစ်နာရီတိတိတွင် သူ၏တာဝန်ကို လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် မသိစိတ်နီးပါးဖြင့် "အိမ်" ဟုခေါ်သော တိုက်ခန်းဆီသို့ သူ ယိမ်းယိုင်စွာ ပြန်လာခဲ့သည်။

အလုပ်သွားရန် ထလာသော သူ၏ "ဇနီး" ကို စကားအနည်းငယ်ထက် ပိုပြောရန်ပင် သူ အချိန်မရလိုက်ဘဲ ရေချိုးခန်းထဲသို့ တိုက်ရိုက်ဝင်သွားလေ၏။

နွေးထွေးသော ရေများသည် စီးကျလာသော်လည်း သူ၏ တစ်ညလုံး ပင်ပန်းနွမ်းနယ်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ တင်းမာမှုများကို မဆေးကြောနိုင်ခဲ့ချေ။

ကြွေပြားကပ်ထားသော နံရံကို မှီပြီး မျက်လုံးများကို မှိတ်ထားလိုက်ရာ သူ၏စိတ်ထဲတွင် ညပိုင်းက အဖြစ်အပျက် အပိုင်းအစများသည် အထိန်းအကွပ်မဲ့စွာ ပြန်လည်၍ ထွက်ပေါ်လာသည်။

တိုက်ခန်းပိုင်ရှင်များ၏ နှောင့်ယှက်မှုများ၊ ပို့ဆောင်ရမည့် အမျိုးမျိုးသော ပစ္စည်းများနှင့် ကင်းလှည့်ရမည့် အကြိမ်များ....

"ငါ တောင့်မခံနိုင်တော့ဘူး... ဒီအတိုင်းဆို ငါ သေချာပေါက် တောင့်မခံနိုင်တော့ဘူး..."

သူ၏နှလုံးသားထဲတွင် ရှင်းလင်းသော အသံတစ်သံ ထွက်ပေါ်လာလေ၏။

နယ်မြေတွင် "ရုတ်တရက် သေဆုံးခြင်း" သတ်မှတ်ချက် မရှိသော်လည်း ဤကဲ့သို့ ပြင်းထန်သော အလုပ်ကြမ်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများအောက်တွင် အဆက်မပြတ် စွမ်းအင်ကုန်ခမ်းနေခြင်းသည် နှေးကွေးပြီး ပို၍ပြည့်စုံသော ပျက်စီးခြင်းတစ်ခု ဖြစ်နေသည်။

ဤသည်က တစ်စုံတစ်ယောက်၏စွမ်းအင်များကို တိုက်စားသွားမည်ဖြစ်ပြီး သူ၏ဆန္ဒများကို တိုက်စားသွားကာ တခြားမည်သည့်အရာမျှ လုပ်ရန် ခွန်အား မကျန်တော့သည်အထိ ဖြစ်သွားစေပေမည်။

သူက အလုပ်နှစ်ခုကို တည်ငြိမ်စွာ စတင်၍ နှိုင်းယှဉ်လိုက်သည်။

လုံခြုံရေး ဝန်ထမ်း လုပ်ရခြင်းသည် အနာဂတ် မရှိချေ။ ထို့အစား ကုမ္ပဏီကြီးတစ်ခုမှ ဝန်ထမ်းတစ်ဦးအနေဖြင့် ရာထူးတိုးရန် အခွင့်အရေးများ ရှိလေ၏။ ရာထူးတိုးသွားသည်နှင့် သူ၏လစာ တိုးလာမည်ဖြစ်ပြီး ချေးငွေ ပြန်ဆပ်ရန် များစွာပို၍ လွယ်ကူသွားပေမည်။

"ဒီလုံခြုံရေး အလုပ်ကို ငါ မလုပ်လည်း ရတယ်... ငါ့ရဲ့အလုပ်ကို အလေးအနက်ထားပြီး လုပ်ဖို့ အာရုံစိုက်သင့်တယ်..."

All Chapters