အခန်း ၁၁၅
Vol. 12 Ch. 115
အခန်း (၁၁၅) အစားအသောက် ပို့ဆောင်ရေး သမားတစ်ဦး၏ သာမန် ပုံမှန်နေ့တစ်နေ့
နံနက်ခင်း နေရောင်ခြည် အနည်းငယ် စူးရှလာသည်။ လီကျဲ့သည် တဖြည်းဖြည်း များပြားလာသော ယာဉ်ကြောအသွားအလာများကြားတွင် သူ၏ လျှပ်စစ်စကူတာကို မောင်းနှင်နေလေ၏။
သူသည် အော်ဒါနှစ်ခုကို ပြီးစီးခဲ့ပြီဖြစ်ပြီး လုပ်ငန်းစဉ်မှာ အတော်လေး ချောမွေ့ခဲ့သဖြင့် သူ၏ တင်းမာနေသော အာရုံကြောများကို အနည်းငယ် ပြေလျော့သွားစေသည်။
ထိုအချိန်မှာပင် သူ၏ဖုန်း ထပ်မံ၍ မြည်ဟီးလာသည်။ သူ ပို့ဆောင်ရမည့်နေရာမှာ အနီးနားရှိ အဆင့်မြင့် ရုံးခန်း အဆောက်အအုံတစ်ခုပင်။
သူသည် အော်ဒါကို ချက်ချင်းလက်ခံလိုက်သော်လည်း အသေးစိတ်ကို ကြည့်ပြီးနောက် သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
【ပူပူနွေးနွေး လာတေး တစ်ခွက်...အရမ်းပူနေဖို့ လိုပါတယ်... မှတ်ချက် ...အပူချိန် မလုံလောက်ရင် တိုက်ရိုက် တိုင်ကြားပါမယ်】
မကောင်းသော ကြိုတင်နိမိတ်တစ်ခု ပေါ်လာသော်လည်း အချိန်ကပ်နေသဖြင့် သူ တွေဝေနေရန် အချိန်မရှိချေ။
သူသည် ကော်ဖီဆိုင်သို့ အပြေးအလွှားသွားကာ ဤသည်က အပူဆုံးခွက် ဖြစ်ကြောင်း အရောင်းစာရေးမနှင့် အကြိမ်ကြိမ် အတည်ပြုပြီးနောက် ကော်ဖီကို အပူထိန်းအိတ်ထဲသို့ ဂရုတစိုက်ထည့်ကာ သူ၏ လျှပ်စစ်စကူတာကို ခရီးဆုံးသို့ အမြင့်ဆုံးအမြန်နှုန်းဖြင့် မောင်းနှင်သွားသည်။
ခမ်းနားသော ရုံးခန်း အဆောက်အအုံသို့ ရောက်ချိန်၌ လုံခြုံရေးဝန်ထမ်းတစ်ဦးက သူ့ကို တားဆီးလိုက်၏။
"ပို့ဆောင်ရေးသမားတွေ အပေါ်တက်ခွင့် မရှိဘူး... ဖောက်သည်ကို ဖုန်းဆက်ပြီး သူ့ဘာသာသူ ဆင်းယူခိုင်းလိုက်...."
လုံခြုံရေးဝန်ထမ်းက အမူအရာကင်းမဲ့စွာ ပြောဆိုသည်။
လီကျဲ့ က အော်ဒါပေါ်ရှိနံပါတ်ကို အလျှင်အမြန် ခေါ်လိုက်သည်။ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် မြည်ပြီးမှ ဖုန်းကိုင်လိုက်ပြီး စိတ်မရှည်သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာလေ၏။
"ဟယ်လို...."
"မင်္ဂလာပါ... အစ်မရဲ့ အစားအသောက် ရောက်ပါပြီ... ပထမထပ် ဧည့်ခန်းကို ဆင်းယူပေးလို့ ရမလားခင်ဗျာ... သူတို့က ကျွန်တော့်ကို အပေါ်တက်ခွင့် မပေးလို့ပါ..."
"ငါ အစည်းအဝေး လုပ်နေတယ်..အပေါ်ကို ယူလာခဲ့.. အိတ်ဆဲလန့်နည်းပညာကုမ္ပဏီ ဧည့်ကြိုကောင်တာ အတွက်လို့ ပြောလိုက်... သူတို့ သိတယ်..."
အမျိုးသမီးက ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
"အစ်မ... တကယ် မရလို့ပါ... စည်းကမ်းချက်တွေအရ..."
လီကျဲ့က ရှင်းပြရန် ကြိုးစားလိုက်သည်။
"စည်းကမ်းတွေက ပုံသေပဲလေ... လူတွေက လိုက်လျောညီထွေ လုပ်လို့ ရတာပဲ... နင်က ပို့ဆောင်ရေးသမား တစ်ယောက်ဖြစ်ပြီး ဒီလောက် ကိစ္စလေးတစ်ခုကိုတောင် မလုပ်နိုင်ဘူးလား... ငါ ဂရုမစိုက်ဘူး... နင် ငါ့ဆီကို အပေါ်ယူလာခဲ့ရမယ်... မဟုတ်ရင် နင့်ကို ငါ တိုင်မယ်"
ထိုသို့ပြောပြီးနောက် တစ်ဖက်လူသည် ဖုန်းချသွားလေ၏။
လီကျဲ့ သည် ဖုန်းကို ကိုင်ထားရင်း ထိုပူလောင်နေသော ကော်ဖီခွက်သည် သူ၏ လက်ဝါးကို လောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး အဆောက်အအုံ လုံခြုံရေးဝန်ထမ်းနှင့် တစ်ဖန်ပြန်၍ ဆက်သွယ်ရန် ကြိုးစားလိုက်ရာ သူ၏လေသံမှာ တောင်းပန်နေသကဲ့သို့ ဖြစ်နေသည်။
"အစ်ကို... ချွင်းချက်အနေနဲ့ ခွင့်ပြုပေးလို့ မရဘူးလား... ကျွန်တော် အမြန်သွားပို့ပြီး ချက်ချင်းပြန်ဆင်းလာခဲ့ပါ့မယ်..."
"မရဘူးလို့ ပြောရင် မရဘူးပဲ...."
လုံခြုံရေးဝန်ထမ်းက ပြတ်သားစွာ စကားဖြတ်ပြောလိုက်ပြီး သူ၏ အကြည့်မှာ တင်းမာခက်ထန်နေလေ၏။
"ထပ်ပြီးစကားများနေရင် မင်းရဲ့ ဝန်ထမ်းကတ်ကို မှတ်ထားပြီး မင်းရဲ့ ကုမ္ပဏီကနေ အရေးယူခိုင်းလိုက်မယ်.."
အကူအညီမဲ့စွာဖြင့် လီကျဲ့ သည် ဖောက်သည်၏ နံပါတ်ကို နောက်တစ်ကြိမ် ခေါ်လိုက်ရသော်လည်း ဤတစ်ကြိမ်တွင် ချက်ချင်းဖုန်းချခံလိုက်ရသည်။
ပို့ဆောင်ရမည့်အချိန်သည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်နေသည်ကို သူ ကြည့်နေရင်း နောက်ကျသည့်အတွက် ကုမ္ပဏီက ငွေဖြတ်မည်ဖြစ်ကြောင်း သူ သိလိုက်သည်။ ထို့ထက် ပို၍ကြောက်စရာကောင်းသည်မှာ ကော်ဖီ၏အပူချိန် ကျဆင်းနေခြင်းပင်။
သူသည် ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ စိုးရိမ်ပူပန်နေပြီး အပူကြောင့်လား ဖိအားကြောင့်လား မသိနိုင်သော်လည်း သူ၏နဖူးမှ ချွေးစေးများ စိမ့်ထွက်လာလေ၏။
နောက်ဆုံးတွင် အချိန်မပြည့်မီ နောက်ဆုံးတစ်မိနစ်အလို၌ မျက်မှန်တပ်ထားပြီး ကျွမ်းကျင်ပညာရှင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဓာတ်လှေကားထဲမှ ထွက်လာရာ သူမ၏မျက်နှာတွင် ဒေါသများ ပြည့်နှက်နေပြီး သူမ၏ဒေါက်မြင့်ဖိနပ်သံများ ကျယ်လောင်စွာမြည်ဟီးနေသည်။
သူမသည် လီကျဲ့ ၏ လက်ထဲမှ ပို့ဆောင်ရေး အိတ်ကို လုယူလိုက်ပြီး ကြမ်းတမ်းစွာ ဆွဲဖြဲကာ ကော်ဖီကို ထုတ်ယူလိုက်သည်။ သူမသည် လီကျဲ့ ကို တစ်ချက်လေးမျှပင် လှည့်မကြည့်ဘဲ ခွက်၏ဘေးဘက်ကိုသာ လက်ချောင်းဖြင့် စမ်းကြည့်လေသည်။
"ဟွန့်... နွေးရုံပဲ ရှိတော့တယ်... ငါ အရမ်းပူနေရမယ်လို့ ပြောထားတယ်လေ... အသုံးမကျလိုက်တာ... ဒီလောက် ကိစ္စသေးသေးလေးတစ်ခုကိုတောင် သေချာ မလုပ်နိုင်ဘူးလား..."
သူမက ပြင်းထန်စွာ ဝေဖန်ပြီး ပို့ဆောင်ရေး အက်ပလီကေးရှင်းကို ကျွမ်းကျင်စွာ ဖွင့်လိုက်၏။
"နင့်ကို ငါ တိုင်မယ်...ဝန်ဆောင်မှု ညံ့ဖျင်းတယ်... နောက်ကျတယ်...ပစ္စည်းက သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး..."
ဖိနှိပ်ထားသော ဒေါသလှိုင်းလုံးတစ်ခုက လီကျဲ့ ၏ ရင်ဘတ်ကို တစ်ဆို့သွားစေခဲ့သည်။ သူမ အောက်ဆင်းမလာခြင်းကြောင့် အချိန်ကြန့်ကြာပြီး ကော်ဖီ အေးသွားရခြင်းဖြစ်ကြောင်း သူ ရှင်းပြချင်သော်လည်း သူမ၏မောက်မာပြီး အကြောင်းပြချက် မရှိသော အသွင်အပြင်ကို မြင်သောအခါ သူ ဘာပြောပြော အချည်းနှီးသာ ဖြစ်မည်ကို သူ သိလိုက်၏။
"တောင်းပန်ပါတယ်..."
သူ၏ ခြောက်ကပ်နေသော ကိုယ်ပိုင်အသံကို သူ ကြားလိုက်ရသည်။ ပိုက်ဆံပို၍အဖြတ်မခံရစေရန်အတွက် သူ ခေါင်းငုံ့ရုံသာ တတ်နိုင်တော့သည်။
အမျိုးသမီးက အေးစက်စက် နှာမှုတ်လိုက်ပြီး စံချိန်မမီဟု သူမ ပြောဆိုထားသော ကော်ဖီခွက်ကို ကိုင်ကာ တိုင်ကြားချက်ကို ရုပ်သိမ်းမည့် အရိပ်အယောင် မပြဘဲ ဓာတ်လှေကားဆီသို့ လှည့်ထွက်သွားသည်။
သူ၏ဖုန်းမှ အသိပေးသံ တစ်ဖန်ပြန်၍ မြည်ဟီးလာလေ၏။ ဤသည်က အော်ဒါအသစ် တစ်ခုမဟုတ်ဘဲ ပလက်ဖောင်းမှ စည်းကမ်းဖောက်ဖျက်မှု အသိပေးချက်ဖြစ်ပြီး ယခုအချိန်၌ အချိန်ဖြုန်းရုံသက်သက် ဖြစ်သွားသော ဤအော်ဒါအတွက် နည်းပါးသည့် ဝင်ငွေနှင့်အတူ ရောက်ရှိလာခြင်းဖြစ်သည်။
လီကျဲ့ သည် နေရာမှာပင် မတ်တတ်ရပ်နေပြီး ဦးထုပ်အောက်ရှိ သူ၏မျက်နှာ အနည်းငယ် ဖြူရော်နေပုံရသည်။
ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ပိုင်းဆိုင်ရာ အရှက်ရမှုနှင့် အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့မှုတို့သည် ဤအခိုက်အတန့်တွင် အေးစက်သော လှိုင်းလုံးတစ်ခုကဲ့သို့ ရေကာတာကို ရိုက်ခတ်လာပြီး သူ့ကို လုံးလုံးလျားလျား နစ်မြုပ်သွားစေခဲ့သည်။
အမျိုးသမီး၏ စူးရှသော စွပ်စွဲသံများနှင့် လုံခြုံရေး ဝန်ထမ်း၏ မောင်းထုတ်သံများသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
"ပို့ပြီးရင် ထွက်သွားတော့လေ... ဒီမှာ မျက်စိနောက်ခံ မနေနဲ့...."
လုံခြုံရေး ဝန်ထမ်း၏ အေးစက်သော ဆူပူကြိမ်းမောင်းသံ ထပ်မံ၍ ထွက်ပေါ်လာလေ၏။
လီကျဲ့ ၏လည်ဇလုတ်များ လှုပ်ရှားသွားသော်လည်း အဆုံးသတ်တွင် သူ ဘာမှ မပြောခဲ့ချေ။ သူသည် အလေ့အကျင့်အရ ခေါင်းငုံ့ကာ ထုံကျင်စွာ ခေါင်းညိတ်လိုက်ပြီး ဤလင်းထိန်ပြီး လှပသော အဆောက်အအုံထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။
စည်ကားနေသော လမ်းထောင့်တွင် မတ်တတ်ရပ်နေရင်း တိမ်တိုက်များအထိ ထိုးထွက်နေသော ဧရာမ အဆောက်အအုံကြီးကို သူ နောက်ဆုံးအနေဖြင့် လှည့်ကြည့်လိုက်၏။
မှန်နံရံများသည် လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုကဲ့သို့ တောက်ပသော နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေသည်။
ဖုန်ပေနေသော သူ၏ ပို့ဆောင်ရေးဝတ်စုံနှင့် ပတ်ဝန်းကျင်နှင့် အလွန်ကွာခြားနေသော သူ၏နံဘေးရှိ ဟောင်းနွမ်းနေသည့် လျှပ်စစ်စကူတာကို သူ ငုံ့ကြည့်လိုက်သည်။
အထိန်းအကွပ်မဲ့ပြီး ပြင်းထန်သော သွေးဆောင်မှုများ ပြည့်နှက်နေသည့် အတွေးတစ်ခုက သူ၏ စိတ်ထဲသို့ တိုးဝင်လာသည်။
'တကယ်လို့... တကယ်လို့ ငါသာ အဲ့ဒီအထဲမှာ အလုပ်လုပ်နိုင်ရင်... ငါ့ရဲ့လစာက အများကြီး ပိုများမှာလား... ချေးငွေပြန်ဆပ်ရတာ အများကြီး ပိုလွယ်သွားမှာလား...'
ဤအတွေးသည် သူ့အတွက် အချိန်တခဏကြာမျှ စိတ်သက်သာရာရမှုနှင့် လိုလားတောင့်တမှုကို ယူဆောင်လာခဲ့သည်။
သပ်ရပ်သောဝတ်စုံကို ဝတ်ဆင်ထားပြီး အဝင်အထွက် လုပ်နေသော ထိုရုံးဝန်ထမ်းများကဲ့သို့ပင် ကျယ်ဝန်းပြီး လင်းထိန်သော ရုံးခန်းတစ်ခုထဲတွင် ထိုင်ကာ သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခုကို လုပ်ကိုင်ပြီး လစာကောင်းကောင်း ရနေသည့် သူ့ကိုယ်သူ သူ စိတ်ကူးယဉ်ကြည့်လိုက်သည်။ လေနှင့် နေရောင်ခြည်ဒဏ် သို့မဟုတ် ဖောက်သည်များ၏ နှောင့်ယှက်မှုများကို သည်းခံစရာ မလိုတော့ဘဲ နောက်ကျသည့်အတွက် တိုင်ကြားခံရမည်ကို စိုးရိမ်စရာ မလိုတော့သလို ထိုလုံခြုံရေး ဝန်ထမ်းများနှင့်လည်း သေချာပေါက် ဆက်ဆံစရာ လိုတော့မည် မဟုတ်ချေ။
သို့သော် ဤစိတ်ကူးယဉ်မှုသည် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့လေ၏။
လက်တွေ့ဘဝ၏အအေးဓာတ်သည် သူ့ကို အသိစိတ် လျှင်မြန်စွာ ပြန်ဝင်လာစေခဲ့သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
သူ ခါးသီးစွာ ရယ်မောပြီး တီးတိုးရေရွတ်လိုက်သည်။
သူ၏ ကိုယ်ပိုင်အဆင့်အတန်းကို သူ သိပေ၏။
ဤတုန်လှုပ်ချောက်ချားဖွယ်နယ်မြေထဲသို့ ပစ်ချခံရသော ကစားသမားတစ်ဦးအနေဖြင့် သူ၏ ကဏဦးပုံစံမှာ ပို့ဆောင်ရေးသမားတစ်ဦး ဖြစ်နေသည်။ သူနှင့် ဤကဲ့သို့ ထိပ်တန်း ရုံးခန်းအဆောက်အအုံရှိ အထက်တန်းလွှာများကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသည်။
ဤကဲ့သို့ အလုပ်မျိုးအတွက် အင်တာဗျူးဝင်ရန် မည်ကဲ့သို့ လုပ်ရမည်ကိုပင် သူ မသိချေ။
"ဒင်ဒေါင်..."
သူ၏ဖုန်း ထပ်မြည်လာပြီး အော်ဒါအသစ်တစ်ခုက သူ၏အတွေးများကို လက်တွေ့ဘဝသို့ အတင်းအကြပ် ပြန်လည်၍ ဆွဲခေါ်သွားသည်။
ကားအိတ်ဇောငွေ့များကြောင့် ညစ်ညမ်းနေသော လေကို သူ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်သပ်ကာ ဦးထုပ်၏ အကာကို ချပ်ခနဲအသံနှင့်အတူ ချလိုက်၏။
သူ၏အကြည့်များ တဖန်ပြန်၍ခိုင်မာလာခဲ့သည်။
'ဘယ်လောက်ပဲ ခက်ခဲပါစေ... လမ်းကတော့ ရှေ့ကိုပဲ ဆက်သွားရမှာပဲလေ...'
သူ လီဗာကို တစ်ဖန်ဆွဲလိုက်ရာ လျှပ်စစ်စကူတာသည် သူနှင့် သူ၏ လေးလံသော အိပ်မက်များကို သယ်ဆောင်၍ ကျယ်ပြန့်သော ယာဉ်ကြောအသွားအလာထဲသို့ ပြန်လည်၍ ဝင်ရောက်သွားတော့သည်။
ဤတစ်ကြိမ်တွင် ထိုအထပ်မြင့်အဆောက်အအုံများဆီသို့ သူ ကြည့်လိုက်သော အကြည့်များတွင် မနာလိုမှု အရိပ်အယောင်တစ်ခု လျော့နည်းသွားပြီး လက်တွေ့ဘဝကို အေးစက်စွာ သဘောပေါက်မှု အလွှာတစ်လွှာ ထပ်တိုးလာခဲ့သည်။
သူ မသိခဲ့သောအရာမှာ သူ အားကျခဲ့သော အဆောက်အအုံထဲတွင်ပင် ချန်အန်း အလုပ်လုပ်နေခြင်းပင်။
ဤနေရာသည် လင်းထိန်ပြီး သန့်ရှင်းနေကာ လေအေးပေးစက်ကို သက်တောင့်သက်သာရှိသော အပူချိန်တွင် ထားရှိထားပြီး လေထုထဲတွင် ကော်ဖီရနံ့နှင့် ကီးဘုတ်ရိုက်ခတ်သံများဖြင့် ပြည့်နှက်နေသည်။
ချန်အန်းသည် သပ်ရပ်စွာ မီးပူတိုက်ထားသော ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကောင်းစွာဖွဲ့စည်းထားသော ကွန်ပျူတာတစ်လုံးရှေ့တွင် ထိုင်နေကာ မြို့ပြ ရုံးဝန်ထမ်းတစ်ဦး၏ပုံစံ အပြည့်အဝ ပေါက်နေလေ၏။
သို့သော် စွဲမက်ဖွယ်ကောင်းသော အပေါ်ယံ၏ နောက်ကွယ်တွင် တခြားရုန်းကန်မှုတစ်မျိုး ရှိနေသည်။
"ချန်အန်း... မနေ့က အစီရင်ခံစာထဲက အချက်အလက်တွေ မှားနေတယ်...အဲ့ဒါကို ပြန်စစ်ပြီး ဒီနေ့ မင်းမပြန်ခင် ငါ့ကို ပေးစမ်း"
မန်နေဂျာဝမ်၏ အေးစက်သောအသံသည် သူ၏ခေါင်းပေါ်မှ ထွက်ပေါ်လာပြီး ဖိုင်တစ်ခုကို သူ၏ စားပွဲပေါ်သို့ ကြမ်းတမ်းစွာ ချထားလိုက်ရာ ထိုလေသံတွင် ငြင်းဆိုရန် အခွင့်အရေးမရှိချေ။
"ဟုတ်ကဲ့ပါ မန်နေဂျာဝမ်..."
ချန်အန်း သည် ချက်ချင်း ပြန်ဖြေလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားမှုမျှ မပြသခဲ့ချေ။
သူသည် ဖိုင်ကို ကောက်ယူလိုက်ပြီး သူ၏စိတ်နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဤအစီရင်ခံစာတွင် ငြီးငွေ့ဖွယ်ကောင်းသော အချက်အလက် ခြေရာခံခြင်းနှင့် ဌာနအချင်းချင်း ဆက်သွယ်မှု အများအပြား ပါဝင်လေ၏။ နေ့လယ်ပိုင်း တစ်ပိုင်းသာ အချိန်ရသဖြင့် အချိန်ဇယားမှာ အလွန်အမင်း ကျပ်တည်းနေသည်။ ဆိုလိုသည်မှာ သူ၏ နေ့လယ်စာ အနားယူချိန်နှင့် အချိန်မှန် အလုပ်ဆင်းရန် အစီအစဉ်များ ပျက်စီးသွားခြင်းပင်။
သူ လုပ်နိုင်သမျှမှာ အစွမ်းကုန်ကြိုးစားပြီး အလုပ်ချိန်မကုန်မီ ပြီးစီးအောင် လုပ်ဆောင်ရန်သာ ဖြစ်ပေ၏။
"ဝမ်ဝမ်... ဒါက ဘယ်လို သောက်သုံးမကျတဲ့ အစီရင်ခံစာမျိုးလဲ... ပြန်လုပ်စမ်း..."