အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) စားသုံးမှုက ချေးငွေရဲ့ရှေ့မှာ ဦးညွှတ်ရမယ်
ည ၈ နာရီတွင် ရုံးခန်းအဆောက်အအုံရှိ မီးရောင် အများစုမှာ ငြိမ်းသွားခဲ့ပြီဖြစ်ပြီး အချိန်ပိုလုပ်နေသူများထံမှ ကျဲတဲတဲနှင့် အထီးကျန်ဆန်သော မီးရောင်အနည်းငယ်သာ ကျန်ရှိတော့သည်။
ချန်အန်းနှင့် ဝမ်ဝမ်တို့သည် ဖိနှိပ်ချုပ်ချယ်မှုရှိသော ကုမ္ပဏီတံခါးပေါက်မှနေ၍ ကျဲတဲတဲလူအုပ်ကြီးနောက်သို့ လိုက်ကာ နီယွန်မီးရောင်များဖြင့် အရောင်ဆိုးထားသော ညဉ့်ယံထဲသို့ ခြေချလိုက်ကြ၏။
သူတို့နှစ်ဦးသည် တိတ်တဆိတ် နေခဲ့ကြပြီး နေ့လယ်က ရုံးခန်းထဲရှိ ပြင်းထန်သောကိစ္စက သူတို့၏ ခွန်အားများ အားလုံးကို စုပ်ယူသွားကာ စကားပြောဆိုလိုစိတ်များကို ဖယ်ရှားပစ်လိုက်သကဲ့သို့ ဖြစ်နေသည်။ သူတို့ထံတွင် ပင်ပန်းနွမ်းနယ်မှုများနောက်၌ လိုက်ပါလာသော နှေးကွေးလေးလံမှုများ ပို၍နက်ရှိုင်းပြီး ဖော်ပြ၍မရနိုင်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ဝမ်ဝမ်သည် ချန်အန်း၏အနီးသို့ မသိစိတ်မှ တိုးကပ်သွားပြီး သူမ၏လက်မောင်းသည် သူ၏ လက်မောင်းကို ပွတ်တိုက်မိလုမတတ် ဖြစ်နေကာ လုံခြုံမှု အရိပ်အယောင်လေးတစ်ခုကို ရှာဖွေနေသည့်အလားပင်။ ချန်အန်းသည် သူမထံမှ ထွက်ပေါ်နေသော ပင်ပန်းနွမ်းနယ်မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ခံစားရလေ၏။ သူသည် နှစ်သိမ့်စကားတချို့ ပြောချင်သော်လည်း ပါးစပ်ဟလိုက်ချိန်တွင် သူ၏ လည်ချောင်း ခြောက်သွေ့နေသည်ကို တွေ့လိုက်ရသည်။ "အလုပ်ဖြုတ်တာ" ဟူသော စကားလုံးရှေ့တွင် မည်သည့်စကားလုံးမဆို ဖြူရော်ပြီး စွမ်းအားမဲ့နေပုံရသည်။
သူသည် သူ၏လက်ဆွဲအိတ်ကို အခြား လက်တစ်ဖက်သို့ တိတ်တဆိတ် ပြောင်းကိုင်လိုက်ပြီးနောက် သူ၏ လွတ်နေသော လက်ဖြင့် ဝမ်ဝမ်၏အေးစက်နေသော လက်ချောင်းများကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။
ဝမ်ဝမ်၏လက်ချောင်းများ အနည်းငယ် တုန်ယင်သွားလေ၏။ သူမက လက်ကို ရုပ်မသွားဘဲ သူ၏လက်ကို ပြန်လည်၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ဤတိတ်ဆိတ်သော ဆက်သွယ်မှုသည် စကားလုံး ထောင်ပေါင်းများစွာထက် ပို၍ကျယ်လောင်စွာ ပြောဆိုနေသည်။ တခြားတစ်ယောက် ဘာကို စိုးရိမ်နေသည်အား သူတို့ နှစ်ဦးလုံး သိထားကြ၏။ ဤသည်မှာ သူတို့ အလုပ်ပြုတ်သွားမည်ကိုနှင့် ချေးငွေအား ပြန်မဆပ်နိုင်တော့မည်ကိုပင်။
သူတို့ ကားပါကင်သို့ လျှောက်သွားပြီး ကားပေါ်သို့ တက်လိုက်ကြသည်။
ကားတံခါး ပိတ်သွားသည့် အခိုက်အတန့်တွင် အပြင်ကမ္ဘာ၏ ဆူညံသံများနှင့် ဖိအားများကို ယာယီပိတ်ဆို့လိုက်သကဲ့သို့ ခံစားရသော်လည်း ကား၏ ကျဉ်းမြောင်းသော နေရာလွတ်အတွင်းရှိ လေးလံသော လေထုမှာမူ ပို၍ပင် ထူထပ်သိပ်သည်းလာသည်။
ချန်အန်းသည် ကားကို ချက်ချင်း စက်မနှိုးခဲ့ချေ။ သူသည် စတီယာရင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရုံသာဖြစ်ပြီး သူ၏အကြည့်များမှာ အနည်းငယ် ရီဝေနေကာ ရှေ့ရှိလုပ်ဖော်ကိုင်ဖက်တစ်ဦး၏ကားမှ တောက်ပနေသော နောက်မီးများကို စိုက်ကြည့်နေလေ၏။
ဝမ်ဝမ်က ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီး သူမလည်း ခေါင်းငုံ့ထားကာ သူမ၏မှောင်မည်းနေသော ဖုန်း မျက်နှာပြင်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
"ဗိုက်ဆာပြီလား..."
နောက်ဆုံးတွင် ချန်အန်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ရာ သူ၏အသံတွင် အက်ရှရှအရိပ်အယောင်လေးတစ်ခု ပါဝင်နေသည်။
"နည်းနည်း...."
ဝမ်ဝမ်က တိုးညှင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။
"အိမ်ရောက်မှ ခေါက်ဆွဲနည်းနည်း ပြုတ်စားကြတာပေါ့..."
ဤစကားကို ကြားသောအခါ ချန်အန်း၏ နှုတ်ခမ်းထောင့်သည် ခါးသီးသောအပြုံးတစ်ခုအဖြစ် ကွေးတက်သွားသော်လည်း သူ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
ဖော်ပြ၍မရနိုင်သော ဝမ်းနည်းမှုသည် သူတို့နှစ်ဦးကြားတွင် တိတ်တဆိတ် ပျံ့နှံ့သွားလေ၏။
တစ်ချိန်က သူတို့ ဤတောင်တစ်တောင်ကဲ့သို့ ချေးငွေကြီးကို မထမ်းရသေးမီနှင့် သူတို့ လစာကောင်းကောင်း ရနေစဉ်က အကယ်၍ သူတို့ အချိန်ပို ဆင်းရလျှင် ပုံမှန်အားဖြင့် အခြေအနေကောင်းမွန်သော စားသောက်ဆိုင်ကောင်းတစ်ဆိုင်ကို ရှာပြီး ပင်ပန်းနေသော သူတို့ကိုယ်သူတို့ ဆုချလေ့ရှိသည်။
ကောင်းမွန်သော အစားအသောက် တစ်နပ်စားပြီးနောက် အလုပ်မှစိတ်ပျက်စရာများသည် အများစု ပျောက်ကွယ်သွားပုံရပြီး သူတို့၏စိတ်ခံစားချက်များမှာ တဖန်ပြန်၍ ပေါ့ပါးလာလေ့ရှိသည်။
ထိုအချိန်တုန်းက ဝမ်ဝမ်သည် အသစ်ဖွင့်ထားသော 'အင်တာနက်နာမည်ကြီး' စားသောက်ဆိုင်များ သို့မဟုတ် အဆင့်သတ်မှတ်ချက် မြင့်မားသော အဆင့်မြင့်ဟင်းလျာများကို ရှာဖွေစူးစမ်းရသည်အား နှစ်သက်ခဲ့လေ၏။
သူမအတွက် ဤသည်က အစားအစာ စားရုံသက်သက် မဟုတ်ချေ။ ဤသည်က ဘဝအရည်အသွေးကို ဖော်ပြခြင်း၊ အလုပ်များသော ဘဝကို အမှတ်အသားပြုရန် ဓလေ့တစ်ခုနှင့် သူမ၏ ဆိုရှယ်မီဒီယာ ပို့စ်များအတွက် လှပသော ဓာတ်ပုံတစ်ပုံတွင် ဖမ်းယူနိုင်သည့် သေးငယ်သော ပျော်ရွှင်မှုလေး တစ်ခု ဖြစ်နေသည်။
သို့သော် ဤအရာအားလုံးသည် ထိုအိမ်ဝယ်ယူရေး စာချုပ်ကို သူတို့ လက်မှတ်ရေးထိုးလိုက်သည့် အခိုက်အတန့်မှ စတင်၍ တိတ်တဆိတ် ပြောင်းလဲသွားခဲ့သည်။
တစ်ကြိမ်အပြင်ထွက်စားခြင်းသည် လူနှစ်ယောက် ဗိုက်ပြည့်ရန်အတွက် အနည်းဆုံး ယွမ်တစ်ရာကျော် ကုန်ကျပေမည်။
တစ်ချိန်က သူတို့ သိပ်ဂရုမစိုက်ခဲ့သော ဤကိန်းဂဏန်းသည် ယခုအချိန်၌ သူတို့၏ သုံးစွဲလိုစိတ်ကို တားဆီးနေသော အေးစက်သည့် အတားအဆီးတစ်ခု ဖြစ်လာခဲ့လေပြီ။
ယခုအချိန်၌ ထိုအလွန်ကောင်းမွန်သော အင်တာနက်နာမည်ကြီး စားသောက်ဆိုင်များနှင့် အဆင့်မြင့် ဟင်းလျာများကို မဆိုထားနှင့် လမ်းဘေးရှိ သာမန်အဆန်ဆုံး အမြန်စာဆိုင်လေးတစ်ဆိုင်တွင်ပင် ကောင်းမွန်သော ထမင်းတစ်နပ်အတွက် တစ်ယောက်လျှင် ယွမ်နှစ်ဆယ် သို့မဟုတ် သုံးဆယ် ကုန်ကျပေမည်။
ဤစျေးနှုန်းက သူတို့ကို မသိစိတ်မှ သူတို့၏ နှလုံးသားထဲတွင် ချိန်ဆလာစေပြီး ထိုအရာနှင့် အိမ်တွင် ခေါက်ဆွဲတစ်ပန်းကန် ပြုတ်စားရသည့် ကုန်ကျစရိတ်မရှိသလောက် နည်းပါးမှုကြားရှိ ကြီးမားသောကွာဟချက်ကို တွက်ချက်လာစေသည်။
'တတ်နိုင်သမျှ ချွေတာပါ'
ဤစကားလုံးများသည် အမှတ်အသားတစ်ခုအလား သူတို့၏ဘဝမူဝါဒများတွင် ထွင်းထုခံလိုက်ရလေ၏။
အထူးသဖြင့် ယနေ့ "အလုပ်ဖြုတ်ခြင်း" ဟူသော အကျပ်အတည်း၏ဓားကြီး ကျဆင်းလာသည်ကို မြင်တွေ့ပြီးနောက် ဤတင်းကြပ်မှုခံစားချက်သည် ပို၍ စူးရှပြီး အရေးပေါ် ဖြစ်လာခဲ့သည်။
မလိုအပ်သော အသုံးစရိတ်တိုင်း၏ ပြားစေ့တိုင်းသည် မရေရာသော အနာဂတ်ကို ကြိုတင်သုံးစွဲနေသကဲ့သို့ ခံစားရစေသည်။
ချန်အန်းသည် ကားစက်နှိုးလိုက်ပြီး အိမ်ပြန်မည့် ယာဉ်ကြောထဲသို့ ဝင်ရောက်သွားလေ၏။
သူက ရှေ့ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"စောင့်ပါဦး... ဒီကာလလေး လွန်သွားလို့ အခြေအနေ နည်းနည်း ပြန်ကောင်းလာရင်... ငါတို့ စားသောက်ဆိုင်ကောင်းကောင်းတစ်ဆိုင် ထပ်ရှာကြတာပေါ့..."
သူ ပြောလိုက်သော စကားတွင် ယုံကြည်မှု ကင်းမဲ့နေသည်။
ဤ "ပိုကောင်းတဲ့ အချိန်" ဆိုသည်မှာ အမှန်အားဖြင့် မည်သည့်အချိန်တွင် ရောက်လာမည်ကို သူကိုယ်တိုင်ပင် မသိချေ။
ဝမ်ဝမ်သည် သူမ၏အကြည့်ကို ဖုန်းမျက်နှာပြင်မှ ပြတင်းပေါက်အပြင်ဘက်ရှိ ဖြတ်ပြေးသွားသော တောက်ပသည့် မီးရောင်များဆီသို့ နောက်ဆုံးတွင် ရွှေ့လိုက်ပြီး တိုးညှင်းသောအသံဖြင့် "အင်း" ဟု ပြန်ဖြေလိုက်သည်။
သူမခင်ပွန်း၏ စကားများထဲရှိ ဗလာဟင်းလင်းဖြစ်နေသော နှစ်သိမ့်မှုကို သူမ မဖော်ထုတ်ခဲ့ချေ။ လေးလံသောချေးငွေနှင့် အစစ်အမှန် အကျပ်အတည်းတစ်ခုရှေ့တွင် အရသာရှိသော အစားအစာ၊ ဓလေ့ထုံးတမ်းများနှင့် ဆိုရှယ်မီဒီယာပေါ်ရှိ ဆွဲဆောင်မှုရှိသော ဘဝတို့နှင့် ပတ်သက်သည့် ထိုအတွေးများသည် ဝေးကွာပြီး ဇိမ်ကျလွန်းသော အရာများ ဖြစ်လာခဲ့ပြီဖြစ်ကြောင်း သူမ သိထားလေ၏။
ဤအချိန်အခိုက်အတန့်တွင် ယွမ်အနည်းငယ်သာ ကျသင့်သည့် အငွေ့ထောင်းထောင်း ထွက်နေသော အိမ်ချက် ခေါက်ဆွဲတစ်ပန်းကန်သည် သူတို့ ရရှိနိုင်သော အခိုင်မာဆုံးနှင့် အကူအညီမဲ့ဆုံး နှစ်သိမ့်မှုပင်။
ကားထဲတွင် တိတ်ဆိတ်မှုက တဖန်ပြန်၍ ကြီးစိုးသွားပြီး အင်ဂျင်၏ တိုးညှင်းသောမြည်သံနှင့် ပြင်ပကမ္ဘာ၏ ဆူညံသံများသာ ကျန်ရှိတော့သည်။ ရှင်သန်ရေးအတွက် ဤလိုက်လျောညီထွေဖြစ်မှုသည် အလွန်တိတ်ဆိတ်ပြီး အထူးတလည် လက်တွေ့ဆန်နေသကဲ့သို့ ခံစားရစေလေ၏။
ချန်အန်းက ရှေ့ကို ကြည့်ရင်း 'ဒီလုံခြုံရေး အလုပ်ကို ငါ သေချာပေါက် ယူရမယ်... တခြားဘယ်သူ့ကိုမှ ပေးလို့မဖြစ်ဘူး...' ဟု တွေးတောလိုက်သည်။
ယနေ့နံနက်က သူတို့ လုံခြုံရေး ဆက်လုပ်လိုပါက ယနေ့ည ကိုးနာရီတွင် လုံခြုံရေးဂိတ်တဲသို့ လာရှာရန်နှင့် အရင်လာသူ အရင်ရမည်ဖြစ်ကြောင်း အိမ်ရာမန်နေဂျာက သူတို့ကို ပြောခဲ့သည်။
တခြားလူသုံးယောက်သည် ဤမျှထိ ပင်ပန်းသော အလုပ်မျိုးကို လုပ်မလုပ် သူ သေချာမသိချေ။ သို့ရာတွင် သူကမူ သေချာပေါက် ရအောင်ယူရမည်ဟု သူ တွေးတောလိုက်မိသည်။
...
တခြားတစ်ဖက်တွင်...
အစားအသောက်တစ်ခု ပို့ပြီးခါစဖြစ်ပြီး အနားယူရန် ပြင်ဆင်နေသော လီကျဲ့၏ဦးထုပ်အတွင်းရှိ ဆံပင်များမှာ ရွှဲနစ်နေလေ၏။ ချွေးများသည် သူ၏ နားသယ်စပ်များမှတဆင့် စီးကျလာပြီး သူ၏လျှပ်စစ်စကူတာမှ အနည်းငယ် ကွာကျနေသော ဆေးသုတ်ထားသည့် နေရာများပေါ်သို့ တစက်စက်ကျနေသည်။
သူသည် ရေသန့်ဘူးအဖုံးကို ဖွင့်လိုက်ပြီး အဆက်မပြတ် သွားလာနေသော ကားများကို ကြည့်ရင်း သူ၏အကြည့်များမှာ အနည်းငယ် ရီဝေနေလေ၏။
ဤတိုတောင်းသော အနားယူချိန်လေးသည်ပင် သူ့အတွက် ရှားပါးသော ဇိမ်ခံမှုတစ်ခု ဖြစ်နေလေပြီ။
ထိုအချိန်၌ ဖုန်းသည် ရုတ်တရက် မြည်လာပြီး ဤတိုတောင်းလှသော ငြိမ်းချမ်းမှုကို ဖြိုခွဲလိုက်သည်။
သူသည် အက်ကွဲရာ အနည်းငယ် ရှိနေသော သူ၏ ဖုန်းကို ထုတ်ယူပြီး ကြည့်လိုက်ရာ ခေါ်ဆိုသူ အမည်တွင် သူ၏ငယ်သူငယ်ချင်း "ကျိုးယုံး" ဟု ပြသနေသည်။
အချိန်တခဏအတွင်း မှတ်ဉာဏ်လှိုင်းလုံးကြီးတစ်ခုသည် သူ၏စိတ်ထဲသို့ ဝင်ရောက်လာပေ၏။
ထိုအရာများသည် သူ ရံဖန်ရံခါ တွေးမိလေ့ရှိသော အဝါရောင်သန်းနေသည့် မှတ်ဥာဏ်အပိုင်းအစများ မဟုတ်ဘဲ အသံနှင့်အရောင်များ ပါဝင်သော မယုံနိုင်လောက်အောင် အသက်ဝင်နေသည့် ရုပ်ပုံများပင်။
သူတို့ ကလေးဘဝတုန်းက သူနှင့်ကျိုးယုံးတို့သည် ရွာထိပ်က ချောင်းလေးထဲ၌ အင်္ကျီမပါဘဲ ငါးဖမ်းခဲ့ကြပြီး နေဝင်ဆည်းဆာက ရေပြင်ကို ရွှေရောင်ဆိုးပေးနေခဲ့လေ၏။ အလယ်တန်းကျောင်းတုန်းက သူတို့နှစ်ယောက်သည် ကုတင်တစ်လုံးတည်းတွင် တိုးဝှေ့အိပ်ပြီး ဘီယွန်း၏ကက်ဆက်ခွေများကို ထပ်ခါတလဲလဲ ကက်ဆက်လေးနှင့်ဖွင့်၍ ခိုးနားထောင်ခဲ့ကြသည်။
မြို့ကြီးကို အတူတူသွားပြီး အောင်မြင်အောင် လုပ်မယ်...ပိုက်ဆံတွေ အများကြီး ရှာပြီး ကားကောင်းကောင်းတွေ စီးမယ်လို့ သူတို့ အိပ်မက်မက်ခဲ့ကြ၏။
သူတို့သည် တစ်ချိန်က သူနှင့် အရင်းနှီးဆုံး ဖြစ်ခဲ့ဖူးသော်လည်း ယခုအချိန်၌ အနည်းငယ် ဝေးကွာနေပြီဟု ခံစားရသော လူများနှင့်အရာများ ဖြစ်ကြသည်။
သို့သော် လွန်ခဲ့သောသုံးနှစ်က ကျိုးယုံးသည် စီးပွားရေး လုပ်ရန် ထွက်သွားပြီးကတည်းက သူ့ကို ပြန်လာမရှာခဲ့တော့ချေ။
သူ ဖုန်းကိုင်လိုက်ရာ ကျိုးယုံး၏ ကျယ်လောင်သော အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။
"သောက်ကျိုးနည်း လောင်လီ... မင်း မကြာသေးခင်က ဘာတွေ အလုပ်ရှုပ်နေတာလဲ... ဂရုချက်ထဲမှာ မင်း စကားတစ်ခွန်း ပြောတာတောင် ငါ မတွေ့ရဘူး..."
"အာ... မကြာသေးခင်က ငါ စီးပွားရေး ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ပါ..."
လီကျဲ့က လိမ်ပြောလိုက်သည်။
"အိုး... အိုး... ငါ ရှင်းလန်မြို့ကို ပြန်ရောက်နေပြီ... မင်း ဘယ်မှာလဲ... ငါတို့ ဆုံကြရအောင်..."
"အခုလား..."
လီကျဲ့ ၏နှလုံးသားတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါက်ဖွားလာပေ၏။
"အင်းလေ... သောက်ဖို့ ထွက်လာခဲ့... ငါတို့ မသောက်ရတာ ကြာပြီပဲ...."
လီကျဲ့ က သူ၏ WeChat လက်ကျန်ငွေကို စစ်ဆေးကြည့်လိုက်ရာ သူ ရှင်းမပေးနိုင်မည်ကို စိုးရိမ်သွားသည်။
"ဟေး... မဖြစ်နိုင်တာ... ငါက မင်းကို တိုက်မယ်ဆိုတာတောင် မရဘူးလား... ဒါမှမဟုတ် အိမ်က 'ကျားမကြီး' က ဒေါသထွက်မှာကို မင်း ကြောက်နေတာလား...."
"အဲ့ဒီလို မဟုတ်ပါဘူး... ငါ အရင်ရေချိုးလိုက်အုံးမယ်... လိပ်စာ ပို့ထားလိုက်... ပြီးရင် ငါ လာခဲ့မယ်..."
"အိုကေ... ဒါဆို ငါ နေရာဟောင်းကိုပဲ သွားလိုက်မယ်... အဲ့ဒီမှာ မသောက်ရတာ ကြာပြီ... ငါ မင်းကို စောင့်နေမယ်...."